အပိုင်း ၁၅
Viewers 14k

Chapter 15

ချုံဟွားအမိန့်တော်



ဤတစ်ကြိမ်တွင် သူ့ဓားကို ပိတ်ဆို့လိုက်သည်က လင်းရုဖေး၏လက်ဖြစ်သည်။ သူသာ ဤစွဲလမ်းမှုကိုဆုပ်ကိုင်၍ မရမကတားဆီးပိတ်ပင်နေဦးမည်ဆိုလျှင် နောက်တစ်ကြိမ် ဓားလွှဲယမ်းလိုက်သည့်အခါ ထိုဓားသွားက လင်းရုဖေးရဲ့လည်ပင်းကိုဖြတ်ပိုင်းသွားနိုင်ပေ၏။


ဤသည်က လင်းရုဖေးရဲ့ ကံကြမ္မာဖြစ်ပြီး ယင်းကိုပြောင်းလဲဖို့ရာအတွက် သူ့တွင်ခွန်အားအလုံအလောက်မရှိချေ။


လင်းရုဖေး၏လက်မှ ဒဏ်ရာက သွေးနည်းနည်းထွက်နေသည်။ သူ့မျက်ခုံးတွေက ပင်ပန်းမှုကြောင့် တွန့်ချိုးနေခဲ့ပြီး သူ့ရဲ့ ဒုတိယအစ်ကိုဖြစ်သူကို စကားလုံးနည်းနည်းလောက်ထပ်ပြော၍ နှစ်သိမ့်နိုင်ရန် ကြိုးစားချင်မိသည်။ သို့ပေမယ့် သူသည် ပြုံးရုံသာပြုံးလိုက်နိုင်ပြီး မည်သည့်စကားမှမဆိုမိတော့ချေ။ ဘာကြောင့်ဆို တချို့စကားလုံးတွေက ရေပုံးထဲမှ ရေစက်လေးများသာဖြစ်ကြောင်း နားလည်သိရှိသွားသဖြင့် သူက ကျိုးနွံမှုအပြည့်ဖြင့် ပါးစပ်သာပိတ်နေလိုက်ရသည်။


[ T/N - ပြောချင်တာက ရေပုံးထဲကရေကိုပိုအကျိုးသက်ရောက်စေဖို့ဆိုရင် ရေခွက်နဲ့တစ်ခွက်၊နှစ်ခွက်အဲ့လိုထည့်မှပိုထိရောက်တာမလား တစ်စက်၊နှစ်စက်လောက်နဲ့ကဘာအကျိုးသက်ရောက်မှုမှမရှိဘူးလေ အဲ့ဒီလိုပဲ အခုလောလောဆယ် ညီအပူမိနေတဲ့ Broconကြီး အတွက် လောလောဆယ်ဘယ်နှစ်သိမ့်စကားကမှအရာမ၀င်ဘူးလို့ပြောချင်တာပါ ]


“မင်းအရင်ဆုံးအနားယူလိုက်ဦး” လင်းပျန့်ယွီက ထရပ်လိုက်ပြီး “ငါမနက်ဖြန်ကျရင် အစ်ကိုကြီးနဲ့အတူတူ မင်းကို လာကြည့်မယ်”


လင်းရုဖေးက ခေါင်းညိတ်ပြလိုက်ပြီး လင်းပျန့်ယွီထွက်သွားသည်အထိ ကြည့်နေမိသည်။


လင်းပျန့်ယွီက တံခါးပေါက်ကိုဖြတ်ကျော်ပြီးနောက် ချက်ချင်း မထွက်ခွာသေးပေ။ ထို့အစား ခြံဝင်းထဲမှာရပ်ပြီး လင်းရုဖေး၏အခန်းထဲက မီးမှိတ်သွားသည်အထိ ချယ်ရီပင်ကြီးကို အကြာကြီးစိုက်ကြည့်နေလိုက်သည်။ 


သူက အေးတိအေးစက်ဖြင့် သရော်လိုက်သည်။ 


“မင်းဘယ်လောက်တောင်အားကောင်းလဲဆိုတာ ငါမြင်ချင်စမ်းတယ်” 


ထို့နောက် သူ့လက်ကိုမြောက်၍ ချယ်ရီပန်းပင်ရဲ့ အကိုင်းတစ်ခုကို ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ချိုးဖဲ့ပစ်လိုက်တော့၏။


သစ်ပင်က သနားစရာကောင်းသည့် အပြစ်ကင်းစင်သောအပင်လေးကဲ့သို့ မည်သည့်တုံ့ပြန်မှုမှမပေးချေ။


လင်းပျန့်ယွီက အသာလှောင်ရယ်လိုက်ပြီး သစ်ကိုင်းခက်ကို မြေပြင်ပေါ်သို့ လွှင့်ပစ် ပစ်လိုက်သည်။ 


“ဘာမှအထင်ကြီးလောက်စရာမရှိဘူး” 


ခြံဝင်းရဲ့ဝင်ပေါက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်ပြီး ခြံဝင်းကိုဖြတ်မည်အလုပ် သူ့ခြေထောက်က တစ်ခုခုဖြင့်တိုက်မိ၍ခြေချော်လဲလေတော့သည်။ ခြေလှမ်းအနည်းငယ်မျှ ထပ်ခလုပ်တိုက်ပြီးနောက် လမ်းဘေးက ရွှံနွံချိုင့်ကြီးထဲသို့ ဗိုင်းခနဲလဲကျသွားတော့သည်။


“မင်း–” 


လင်းပျန့်ယွီတစ်ယောက် သူလဲကျသွားချိန်တွင် သူ့ရဲ့ တန်ထျန်းက လစ်လပ်သွားသလို ခံစားလိုက်ရပြီး ဓားချီ၏ အရိပ်အယောင်တစ်စကိုပင် မခံစားနိုင်တော့ချေ။ ဤသို့သော လှည့်ကွက်မျိုးကိုလုပ်သည့်သူက ချယ်ရီပန်းပင်ကြီးဆိုတာ သိသာလွန်းလှသည်။


“မင်းစောင့်နေလိုက်” လင်းပျန့်ယွီရဲ့မျက်နှာက ဒေါသကြောင့်မဲမှောင်နေပြီး မာန်ပါပါဖြင့်စကားဆိုလိုက်သည်။ 


“တစ်နေ့ကျရင် ငါမင်းကို အပိုင်းပိုင်းဖြစ်အောင် နုပ်နုပ်စဥ်းပြီး ထင်းလုပ် မီးရှို့ပစ်မယ်ကွ” 


ချယ်ရီပင်၏ အကိုင်းအခက်များက အနည်းငယ် ယိမ်းထိုး၍တစ်ဖက်သို့စောင်းလိုက်ပြီး အမူအရာအနေဖြင့်ဆိုလျှင် ဒေါသကိုဆွပေးနေသည့်ပုံစံဖြစ်နေမည်မှာသေချာပေါက်ပင်။


 

လက်၌ ဒဏ်ရာရထားသော်လည်း လင်းရုဖေးသည် အိပ်မက်မဲ့သောညဖြစ်၍ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။ နောက်နေ့မနက်တွင် လန်းဆန်းမှုအပြည့်ဖြင့်အိပ်ယာမှနိုးလာပြီး ချောင်းဆိုးခြင်းကလည်း အများကြီးသက်သာလာ၏။ 


ဖူဟွားက သူ့ကို အဆင်သင့်ဖြစ်အောင်သန့်ရှင်းဆေးကြောပေးနေချိန်တွင် ယွီရွေ့က မနက်စာကို သယ်ဆောင်လာသည်။ လင်းရုဖေးက စားချင်စိတ်မရှိသော်လည်း သူ့အစေခံရဲ့ စေ့စေ့စပ်စပ်ကြည့်ရှုနေမှုအောက်မှာ ဆန်ပြုတ်တစ်ဝက်လောက်ကို အင်တင်တင်ဖြင့် သောက်လိုက်ရသည်။ ကျန်တာတွေကို ဆက်သောက်ဖို့အတွက် ဖူဟွားဆီက အတိုက်တွန်းခံနေရသည့်အချိန်တွင် လင်းရုဖေးက သူ့အစ်ကိုကြီးရဲ့ ညင်ညင်သာသာ တံခါးခေါက်သံကိုကြားလိုက်ရသည်။ 


“ရှောင်ကျို့” လင်းမင်ကျစ်ရဲ့အသံက ထွက်ပေါ်လာသည်။


“အစ်ကိုကြီး” လင်းရုဖေးက ပြန်ဖြေလိုက်သည်။


လင်းမင်ကျစ်က တံခါးကိုဖွင့်ပြီး အထဲကိုဝင်လာလိုက်သည်။ 


လင်းရုဖေးသည် စားပွဲပေါ်က အစားအသောက်တွေကြောင့် မျက်မှောင်ကြီးကျုတ်ပြီးထိုင်နေတာကိုတွေ့လိုက်ရသည့်အခါ အသာအယာ ပြုံးလိုက်ပြီး “မင်းမစားချင်ဘူးဆိုရင် ဒါဖြင့် မစားနဲ့တော့” 


“ဒါပေမယ့် တာ့ကုန်းဇီ* သခင်လေးက လွန်ခဲ့တဲ့ရက်တွေတုန်းက နေမကောင်းဖြစ်နေခဲ့တာဆိုတော့ အစားသိပ်မစားခဲ့ဘူး...ထပ်ပြီး ဒီလိုပဲမစားဘဲနေနေဦးမယ်ဆိုရင် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းပိုဆိုးလာမှာကို စိုးရိမ်မိလို့ပါ” 


ဖူဟွားကအသံတိုးတိုးလေးဖြင့်ဆိုလာ၏။


[ T/N - Da Gongzi = တာ့ကုန်းဇီ = အကြီးဆုံးသခင်လေး ]


ယွီရွေ့ကလည်း အနောက်မှသံယောင်လိုက်ကာပြောလာသည်။ 


"သခင်လေးက စားဖို့ဆို ငြင်းပဲငြင်းနေတာ ဒီကိစ္စမှာတော့ သက်ညှာပေးလို့မရဘူး"


လင်းမင်ကျစ် : “စိတ်မပူပါနဲ့ ဝမ်ယောင်ကို လန်းလန်းဆန်းဆန်းဖြစ်စေမယ့် ဆေးဘက်ဝင်အစားစာတွေကို လုပ်ပေးဖို့ မှာထားခဲ့တယ် အခု ရှောင်ကျို့ကို အဲဒီကို ခေါ်သွားမလို့”


ဖူဟွားနှင့် ယွီရွေ့က ထိုစကားကိုကြားသည်နှင့် ထပ်ပြီး အထွန့်တက်ဖို့မကြိုးစားတော့ပေ။ ဖူဟွားက ဦးညွတ်၍ ယွီရွေ့နှင့်အတူ အပြင်သို့ထွက်သွားလိုက်သည်။ 


“ရှောင်ကျို့ သွားရအောင်” လင်းမင်းကျစ်က နွေးထွေးသောလေသံဖြင့်ပြောလာ၏။


လင်းရုဖေးက ခေတ္တမျှ တွေဝေသွားရသည်။ “အစ်ကိုကြီး ဖူဟွားကို ဘီးတပ်ကုလားထိုင်ယူလာခိုင်းလိုက်ပါ ကျွန်တော် အဲဒါနဲ့ပဲသွားတော့မယ်”


ဝမ်ယောင်က တောင်ထိပ်မှာနေခြင်းဖြစ်တာကြောင့် တစ်ယောက်ယောက်က ထိုနေရာသို့သွားချင်ပါလျှင် ဓားပျံကိုအသုံးပြု၍ ပျံသန်းသွားရမည်ဖြစ်သည်။ လင်းရုဖေးက ဘီးတပ်ကုလားထိုင်နှင့်သာမသွားလျှင် လင်းမင်ကျစ်၏ ချီပိုးသယ်ဆောင်ခြင်းကို ခံရပေလိမ့်မည်။ နောက်ဆုံးတော့လည်း သူက ယောကျ်ားလေးဖြစ်နေသဖြင့် အမြဲလိုလို ချီပိုးပြီးသယ်ဆောင်သွားခြင်းခံနေရမည်ဆိုပါက ရှက်စရာဖြစ်နေပေလိမ့်မည်။


လင်းမင်ကျစ်က ပြုံး၍ သက်ပြင်းချလိုက်ပြီး “ရှောင်ကျို့တောင် ရင့်ကျက်လာပြီပဲ ငယ်ငယ်တုန်းက အတူတူကစားကြဖို့ ထျန်းကြွယ်နဲ့အစ်ကိုနဲ့က မင်းကို ချီကြတာလေးကိုတောင် ပြန်သတိရမိတယ်” 


[ T/N - ထျန်းကြွယ်ဆိုတာက လင်းပျန့်ယွီရဲ့နာမည်နောက်တစ်မျိုးလည်းဖြစ်တဲ့ 'လောကသိနာမည်'ပါ၊ ]


လင်းရုဖေးက သူ့အစ်ကိုကြီးက သူ့ကို နောက်နေမှန်းသိတာတောင် ဆွံအသွားရပြီး အခုထိ ရှက်နေမိဆဲဖြစ်သည်။ သူငယ်ငယ်တုန်းက လူကောင်သေးပြီး ပိန်ပါးလွန်းခဲ့သည်။ သူနှင့် သူ့အစ်ကိုတွေကြားက အသက်ကွာခြားမှုက နည်းနည်းလေးသာဆိုပေမယ့် သူ့ခန္ဓာကိုယ်အရွယ်အစားက ပို၍သေးကွေးနေခဲ့သည်။ ခွန်းလွန်တောင်ပေါ်က နေရာတစ်ချို့သည် ဓားပျံဖြင့်မှသွားလို့ရသည့်အတွက် သူ့အစ်ကိုနှစ်ယောက်က သူ့ကိုအမြဲ အတူပျံသန်းဖို့ရာ ချီသွားလေ့ရှိသည်။ ထိုအချိန်တုန်းက ထွေထွေထူးထူးမည်သည်ကိုမျှမခံစားခဲ့ရပေမယ့်လည်း ယခုတွင်မူ လင်းရုဖေးဟာ ဒီလိုအရာမျိုးက မသင့်တော်တော့ကြောင်း စတင်၍နားလည်လာပြီဖြစ်၏။ 


လင်းမင်ကျစ်က လင်းရုဖေးကို ထပ်ပြီးမစတော့ဘဲ ဖူဟွားကို ဆောင်းတွင်းအတွက်ဝတ်စုံအထူများ ယူဆောင်လာရန်ပြောလိုက်ပြီး တစ်ဆက်တည်းဆိုသလို လင်းရုဖေးအတွက် ဘီးတပ်ကုလားထိုင်ကိုပါယူလာရန်မှာလိုက်သည်။


တောင်ထိပ်က တောင်ခြေနှင့်ကွဲပြားသည်။ အောက်ခြေမှာက နွေဦးရာသီဖြစ်ပြီး တောင်ထိပ်မှာတော့ အဖြူရောင်မြူများဖြင့် ဖုံးကွယ်ထားကာ မိုင်ပေါင်းတစ်သောင်းလောက်ကနေ ကြည့်မည်ဆိုလျင် မည်သည်ကိုမှမမြင်ရနိုင်သည့်အပြင် အလွန်လည်းအေးလှသည်။


လင်းမင်ကျစ်၏ ဓားချီဖြင့်ကာကွယ်ပေးခြင်းခံထားရတာကြောင့် လင်းရုဖေးက ဆောင်းလေအေးကို မခံစားရပေ။ သူတို့နှစ်ယောက် ခြံဝင်းထဲမှနေ ဓားပျံဖြင့်ထွက်ခွာသွားပြီး မကြာမီတွင် ဝမ်ယောက်နေထိုင်သည့်နေရာသို့ရောက်ရှိပြီဖြစ်တာကြောင့် ဓားပျံပေါ်မှ ဆင်းလိုက်ကြသည်။


ထိုခြံဝင်းက အစိမ်းရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားပြီး နေရာကျယ်ကြီးတစ်ခုလုံးတွင် အဆောက်အဆုံတစ်ခုသာရှိပေသည်။ ထို့အပြင် နှင်းထူထူများကြားတွင် မီးခိုးငွေ့ပျံတက်နေသည်ကို လေထဲမှာမြင်တွေ့နိုင်ပြီး အနည်းဆုံးတော့ ထိုအခိုးအငွေ့တွေက အေးစက်စက်နှင့်လူသူကင်းမဲ့နေသောနေရာကို နွေးထွေးမှုတစ်ချို့ယူဆောင်ပေးနေသလိုမျိုးခံစားမိစေ၏။


လင်းမင်ကျစ်က လင်းရုဖေးကို ခြံဝင်းထဲသို့ တွန်းပို့လိုက်သည်။


ဝမ်ယောင်က အခန်းထဲမှာ ကြိုတင်စောင့်နေတာဖြစ်ပြီး လင်းရုဖေးနှင့် လင်းမင်ကျစ်တို့လာတာကိုတွေ့သည်နှင့် ပြုံး၍ပြောလာသည်။ 


“ရှောင်ကျို့ မတွေ့ရတာကြာပြီနော်”


လင်းရုဖေးက ခေါ်လိုက်သည်။ “ဆရာဝမ်”


ဝမ်ယောင်နှင့် သူ့အဖေက အသက်ရွယ်တူလောက်ဆိုပေမယ့် အပြင်ပိုင်းပုံသဏ္ဍာန်ကိုသာကြည့်မည်ဆိုလျှင် ဝမ်ယောင်က လင်းရုဖေးထက်ငယ်တဲ့ပုံပေါ်နေပေသည်။ သူ့ပုံစံက သာမာန်လူတွေနှင့် အတော်လေးကြီးကွဲပြား၏။ မျက်ခုံးမွှေးနှင့် ဆံပင်အဖြူအပြင် မျက်တောင်မွှေးများကပါ ဆောင်းရာသီရဲ့အစောဆုံးကျသည့်နှင်းစက်များသဖွယ် ဖြူစွတ်နေကြသည်။


“အရင်ဆုံး တစ်ခုခုစားကြလေ” ဝမ်ယောင်က လက်ကိုယမ်း၍ ဖိတ်ခေါ်သမှုပြုသည့် အမူအရာကို လုပ်ပြသည်။


သူ့ရှေ့က သစ်သားစားပွဲထက်တွင် လက်ရာမြောက်သည့်အစားစာများနှင့် ပြည့်နှပ်နေပြီး အရောင်အနံ့အရသာ ပြီးပြည့်စုံကာ အလွန်အမင်းစားချင်စဖွယ်ဖြစ်သည်။ 


လင်းရုဖေးမှာ စားချင်စိတ်ရှိမနေသော်လည်း သူ့ရဲ့အထက်အကြီးအကဲဆီမှ ကြင်နာမှုများကို မငြင်းဆန်ချင်သည့်အတွက်ကြောင့် ဝါးတူကိုကိုင်လိုက်ကာ အနည်းငယ်ယူစားလိုက်သည်။ 


ဝမ်ယောင်နှင့် လင်းမင်ကျစ်က သူတို့ရဲ့ တူများကို စတင်လှုပ်ရှားနေကြပြီဖြစ်ပြီး နှစ်ယောက်သားက ဂိုဏ်းနှင့်ပက်သက်သည့် အရေးကိစ္စများကို စတင်ပြောဆိုကြလေသည်။ 


အများစုက နောက်ရက်အနည်းငယ်မှာ ကျင်းပမည့် ဓားသိုင်းပြိုင်ပွဲအကြောင်းကို ပြောဆိုနေကြခြင်းဖြစ်သည်။ လင်းရုဖေး၏ဖခင် လင်းချုံလုံက လွန်ခဲ့တဲ့ငါးနှစ်ကတည်းက တံခါးပိတ်ကျင့်ကြံသွားခြင်းဖြစ်ပြီး ယခုချိန်ထိ ပြန်မထွက်လာသေးပေ။ လင်းမင်ကျစ်က အကြီးဆုံးသားအနေဖြင့် ဂိုဏ်းရဲ့ကိစ္စအဖြာဖြာကို ထိန်းချုပ်ကိုင်တွယ်လာသည်မှာ နှစ်အနည်းငယ်ပင်ရှိချေပြီဖြစ်၏။


တံခါးပိတ်ကျင့်ကြံသည့်ကိစ္စက လအနည်းငယ်ဖြစ်ဖြစ် သို့မဟုတ် နှစ်ပေါင်းအတော်ကြာကြာဖြစ်ဖြစ် ကြာရှိနိုင်ပြီး ကျင့်ကြံမှုမအောင်မြင်မခြင်း ထွက်လာမည်မဟုတ်ချေ။


သူတို့က စကားပြောနေကြဆဲဖြစ်ပြီး လင်းရုဖေးကမူ ဖြည်းဖြည်းချင်းသာအစားစားနေလိုက်သည်။ ဝမ်ယောင်၏ ဟင်းချက်စွမ်းရည်က အမြဲလိုလိုကောင်းမွန်သည်။ အရသာရှိပြီး နူးညံ့သည့် တို့ဖူးစတူးကို ကြက်သားထဲထည့်ကာ အမှုန့်ကြိတ်ထားသော ချိုမြိန်သည့် ဆေးရွက်ပင်များနှင့် တွဲဖက်ပြုလုပ်ထားသည်။ အရသာက လတ်ဆတ်ပြီး အ၀င်နူးညံ့ကာ ထူးခြားကောင်းမွန်သည်။ 


သို့သော်လည်း လင်းရုဖေးက စားချင်စိတ်သိပ်မရှိတာကြောင့် ပန်းကန်တစ်ဝက်လောက်မျှသာ စားပြီးနောက် တူလှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။


ဝမ်ယောင်က လင်းမင်ကျစ်ကို လွန်ခဲ့သည့်ရက်အနည်းငယ်လောက်ကမှ လင်းပျန့်ယွီနှင့် ဓားသိုင်းယှဥ်ပြိုင်ထားသည့် ကုဖေးယွီအကြောင်းပြောနေသည်။


“ကုမိသားစုရဲ့ စတုတ္ထမြောက်သားက အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်” ဝမ်ယောင်က ပေါ့ပေါ့ပါးပါးဆက်ပြောလိုက်သည်။ “သူ့ရဲ့ လေးလံပြီးကြီးမားတဲ့ ဓားကိုလည်း တွေ့ခဲ့ရတယ် အဲဒါက ဓားကောင်းတစ်လက်ပဲ ဒါပေမယ့် ထျန်းကြွယ်သာ ပြိုင်ပွဲမှာ ပါမယ်ဆိုရင်တော့ ထိပ်တန်းနေရာက သူ့မိသားစုအတွက်ဖြစ်လာတော့မှာမဟုတ်ဘူး ဒါက နည်းနည်းတော့ပျင်းဖို့ကောင်းတယ်”


လင်းမင်ကျစ်က ခေါင်းညိတ်လိုက်သည်။ “ထျန်းကြွယ်သာ ပါဝင်ရင်ဒီဓားသိုင်းပြိုင်ပွဲက ဘာအလှည့်အပြောင်းမှရှိမှာမဟုတ်တော့ဘူး” 


ဝမ်ယောင်က ပြောသည်။ “နှစ်အနည်းငယ်အတွင်းမှာတော့ အဲ့လိုဖြစ်ဦးမှာ မဟုတ်ဘူးလို့ထင်တယ်” 


လင်းမင်ကျစ် : “အို~”


ဝမ်ယောင်က ရယ်မောလိုက်ပြီး “ဟယ့်မိသားစုရဲ့ ရွှီယွီပင်ကနေ သံရွှေ၆ခုသစ်သားကိုမွေးဖွားပေးလိုက်တယ်လို့ကြားမိတယ်” 


လင်းမင်ကျစ်က မျက်ခုံးပင့်ကာဆိုလိုက်၏။ “တကယ်လား” 


ဝမ်ယောင်က ခေါင်းညိတ်ကာ “ဆိုရမှာပေါ့” 


သူက သူ့ဘေးမှာထိုင်နေတဲ့ လင်းရုဖေးကိုကြည့်ကာမေးလာသည်။ 


“ရှောင်ကျို့ ဒီရက်ပိုင်း အပြင်ထွက်သေးလား” 


လင်းရုဖေးက ပြန်ဖြေသည်။ “ဒီရက်ပိုင်း ကျွန်တော်အရမ်းနေမကောင်းဖြစ်နေတာဆိုတော့ သွားလို့မရခဲ့ပါဘူး”


ဝမ်ယောင်က လင်းမင်ကျစ်ကိုပြောလိုက်သည်။ 


“ရှောင်ကျို့ကို အစောကြီးကတည်းက ကြိုပြောထားခဲ့သင့်တာပေါ့”


လင်းမင်ကျစ်က အနည်းငယ် သက်ပြင်းချလိုက်ကာ “မပြောစေချင်ခဲ့တာက ထျန်းကြွယ်…..” 


ဝမ်ယောင် : “သူက.. အာ.. ရှောင်ကျို့ကို အရုပ်လေးတစ်ရုပ်လိုချစ်တာလေ လက်ထဲမှာသာကိုင်ထားမယ်ဆိုရင် ကျကွဲသွားမှာတောင် စိုးရိမ်နေတာ ပါးစပ်ထဲငုံထားမယ်ဆိုရင်လည်း အရည်ပျော်သွားမှာကြောက်နေတယ် သူ့အကြည့်အောက်မှာ ရှောင်ကျို့က အသားလေးတစ်ခြမ်းပဲ့ပါသွားမယ်ဆိုရင်တောင် နေ့တစ်ဝက်လောက်အထိ အဖြစ်သည်းပြနေဦးမှာ” 


ထို့နောက် သူက သက်ပြင်းအသာချလိုက်ပြီး ထိုစကားများကို ခါးသက်မှုအပြည့်နဲ့ပြောလိုက်သည်။ 


“နောက်ဆို သူလုပ်ချင်တိုင်း လုပ်ခွင့်ပြုပေးထားတာတွေကို ရပ်ဖို့လိုနေပြီ”


လင်းမင်ကျစ်က ကူကယ်ရာမဲ့စွာဖြင့်ဆိုလိုက်၏။


 “သူက နှုတ်ကြမ်းတယ် ကျွန်တော် သူ့ကိုဘာမှနိုင်အောင်မပြောနိုင်ဘူး” 


ဝမ်ယောင်က ပြောသည်။ “လုပ်စမ်းပါ ဒီခွန်းလွန်တောင်မှာ သူ့ကိုကြောက်တဲ့သူတွေက မင်းကိုကြောက်တဲ့သူတွေလောက်တောင်မရှိပါဘူးကွာ”


လင်းမင်ကျစ်က ဆွံ့အသွားရသည်။


လင်းပျန့်ယွီ၏ နူးညံ့ချိုသာသည့် ပြောဆိုပြုမူပုံတွေနှင့်မတူဘဲ ဂိုဏ်း၌အောင်မြင်ကျော်ကြားတဲ့ခေါင်းဆောင်ဖြစ်သည့် လင်းမင်ကျစ်ကမူ အခွင့်ရေးတွေ အများကြီးရှိပေသည်။ အပြင်လူတွေရှေ့မှာ သူ့ရဲ့ခံစားချက်ကို သိပ်ထုတ်ပြလေ့မရှိပေမယ့် သူ့ဆွေမျိုးများရှေ့တွင်သာ အနည်းငယ်ထုတ်ပြတတ်သည်။ သို့သော် လင်းရုဖေးကမူ သံမဏိစိတ်ဓာတ်ဖြင့် အစ်ကိုကြီးက သူ့ရဲ့ဒုတိယအစ်ကိုထက် ပို၍စိတ်နှလုံးနူးညံ့ပျော့ပျောင်းကြောင်း ထင်ထင်ရှားရှားသိပေသည်။ တစ်ချို့သောအရာတွေအတွက် လင်းပျန့်ယွီထက် သူ့ကိုတောင်းဆိုတာကမှ ပို၍လွယ်ကူသေး၏။


သို့သော် ထိုအရာများက အပြင်လူများကို ထုတ်ပြဖို့မထိုက်တန်သည့်အတွက် အားလုံးက လင်းမင်ကျစ်ကို ခင်မင်ဖို့မလွယ်ကူသူဟုသာ ထင်နေကြသည်။ 


လင်းရုဖေးက လင်းမင်ကျစ်တစ်ယောက် ဝမ်ယောင်ကြောင့် ဆွံ့အသွားရသည်ကိုတွေ့လိုက်ရသဖြင့် ပြုံးလိုက်မိသည်။


ဝမ်ယောင်က ပြောသည်။ “ရှောင်ကျို့ ငါနဲ့လိုက်ခဲ့” 


လင်းရုဖေးကို လက်ယမ်းပြကာ သူ့အခန်းထဲကို လိုက်လာဖို့ ညွှန်ပြလိုက်သည်။


လင်းရုဖေးက ထရပ်၍ သူ့ခန္ဓာကိုယ်ပေါ်မှာ မြေခွေးသားမွေး၀တ်ရုံကို ပြန်လည်ပြင်ဆင် ညှိလိုက်ကာ ဝမ်ယောင်နှင့်အတူတူ အထဲသို့လိုက်သွားလိုက်သည်။


လင်းမင်ကျစ်က နေရာမှာသာဆက်၍ထိုင်နေသည်။ လက်ဖက်ရည်ပူပူတစ်ခွက်ကို ယူကိုင်လိုက်ပြီး ပြတင်းပေါက်ဆီသို့အကြည့်မပို့ခင်မှာ တစ်ငုံယူသောက်လိုက်သည်။ အပြင်ဘက်တွင်မူ အဖြူရောင်ခြုံစောင်ထူကြီးလွှားထားသကဲ့သို့ နှင်းများထူထဲစွာကျဆင်းနေသည်။ ခပ်လှမ်းလှမ်းက တောင်တန်းကို မမြင်ရသည့်အပြ နွေဦးရဲ့ အနှစ်သာရလည်း တစ်စက်လေးမှရှိမနေပေ။ ကြည့်ရတာ လင်းရုဖေး၏ အရောင်ဖျော့ဖျော့မျက်၀န်းတွေနှင့်တူညီနေပြီး ဘယ်အချိန်မှာ အရည်ပျော်သွားကျမလဲဆိုတာကို ကြိုမသိနိုင်ပေ။


ဝမ်ယောင်၏ အတွင်းခန်းဟာ ကျယ်၀န်းသည်အပြင် ကြီးမား သဲခုံစားပွဲကြီးတစ်ခုကိုလည်း တည်ဆောက်ထားသေးပြီး ထုံးစံအားဖြင့် ထိုအရာအား သူ့ဂမ္ဘီရပညာရပ်တွေတွက်ချက်သည့်အခါ အသုံးပြုခြင်းဖြစ်ပေသည်။ သူက သဲခုံစားပွဲနားမှာရပ်လိုက်

ပြီး လင်းရုဖေးကို အနားလာဖို့ လက်ဟန်ခြေဟန်ဖြင့် ခေါ်လိုက်သည်။


ဝမ်ယောင်ကပြောသည်။ 


“ရှောင်ကျို့ သဲသောင်ခုံစားပွဲကြီးကိုကြည့်ပြီး မင်းဘာမြင်လဲ ငါ့ကိုပြောစမ်းပါ” 




Xxxx