Chapter 173
Viewers 49k

💘Chapter 173 

ရုပ်ပြစာအုပ်များ အတွဲလိုက်ပို့ခြင်း



မစ္စတာမော်ရေးက ဆိုဖာပေါ်တွင် ခဏလောက်ထိုင်နေပြီး လက်ထဲတွင်တော့ စီးပွားရေးမဂ္ဂဇင်းကို ကိုင်ထား၏။ ဝေ့ချန်၏ အင်တာဗျူးက သူ့ကို အထင်အမြင်ကောင်းများ ကျန်ရစ်နေစေခဲ့သည်။ သို့သော်လည်း ဒီနေ့တွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက ဝေ့ချန် စီစဥ်ထားသည်များသာ ဖြစ်နေခဲ့လျှင် သူ ဤလူငယ်လေးကို မြင့်မြင့်တွေးတော့မည်မဟုတ်ချေ။ 


စွမ်းဆောင်ရည်ရှိခြင်းက ကိစ္စတစ်ခုဖြစ်၏။ သို့သော်လည်း မစ္စတာမော်ရေးက အစမှကြံစည်ဆောင်ရွက်တတ်သည့်သူများထက် ပွင့်ပွင့်လင်းလင်းရှိသည့် သူများကိုသာ နှစ်သက်သည်။ လှည့်ကွက်များဖြင့် ပြည့်နှက်နေသည့် စီးပွားရေးလောကတွင် အကွက်ချခံရသည်ကို မည်သူကိုမှ မနှစ်သက်ကြချေ။ 


ပန်းချီဆရာလူငယ်လေးကို လုပ်ငန်းကတ်ပေးခဲ့သောကြောင့် ဝေ့ချန်ဟုခေါ်သည့် လူငယ်လေးသာ အစကတည်းက တွက်ချက်၍အကွက်ချခဲ့ခြင်းဆိုလျှင် သိပ်မကြာခင်၌ သူ့ဆီမှ ဆက်သွယ်လာလိမ့်မည်ဟု သူယုံကြည်သည်။ 


“ဒယ်ဒီ” ထိုအချိန်တွင် သာယာသည့်အသံတစ်ခုက မစ္စတာမော်ရေး၏အတွေးများကို ဖြတ်တောက်လိုက်၏။ သူ့သမီး လီနာက အနက်ရောင်စကပ်တစ်ထည်ဝတ်၍ သူ့အရှေ့သို့ ရောက်လာလေသည် ။ “ဒယ်ဒီ...သမီး ဒါနဲ့ကြည့်ကောင်းလား” လီနာက မျက်တောင်တဖျတ်ဖျတ်ခတ်၍ ဆွဲဆောင်မှုများ ထုတ်လွှင့်နေ၏။ 


မစ္စတာမော်ရေးက မြှောက်ပင့်လိုက်သည်။ “အရမ်းလှတယ်...သမီးလေး” 


အဖေတစ်ယောက်အနေနှင့် သူက ခံစားနိုင်စွမ်းမြင့်၏။ လီနာ၏ ပျော်ရွှင်နေသည့် စိတ်အခြေအနေကို ခံစားမိသည့်အခါ သူက လျင်မြန်စွာပဲ မေးလိုက်သည်။ “ငါ့သမီးလေး...မင်းသားလေးကို ရှာတွေ့သွားပြီလား” 


၎င်းက သာမန်ကာလျှံကာမေးလိုက်သည့် မေးခွန်းဖြစ်သော်လည်း လီနာက ခေါင်းညိတ်လာ၏။ “ဟုတ်တယ်...ဒယ်ဒီ...သမီးကို မနှစ်က ထားသွားခဲ့တဲ့ မင်းသားလေးကို ရှာတွေ့ပြီ” လှပသည့် မိတ်ကပ်များသည့် တောက်ပနေသည့် အညိုရောင်မျက်လုံးများဖြင့် သူမက ရောင်ဝါများထွန်းလင်းနေသကဲ့သိုပင်။


“အဲ့လိုလား” မစ္စတာမော်ရေး အံ့ဩသွား၏။ “ထရီးလို့ခေါ်တဲ့ တရုတ်ကောင်းလေးကို ပြောတာလား”


“ဟုတ်တယ်...သမီး သူ့ကို မနေ့က တွေ့ခဲ့တယ်...ဘုရားသခင်က သမီးရဲ့ ဆုတောင်းတွေကို ကြားတယ်ထင်တယ်...သမီးရဲ့မင်းသားလေးကို သမီးဆီပြန်ပို့ပေးလိုက်တယ်” လီနာက လက်များကို စိတ်အားထက်သန်နေသည့် အမူအရာဖြင့်ဆုပ်ကိုင်ထား၏။


“သမီးရဲ့ မင်းသားလေးကို ရှာတွေ့ပြီဆိုမှတော့ နောက်ထပ်လွတ်မသွားစေနဲ့တော့” မစ္စတာမော်ရေးက ပြုံးလိုက်ကာ သူ့မျက်လုံးများက ချစ်မြတ်နိုးခြင်းများနှင့် ပြည့်နှက်နေသည်။ လီနာ၏ စကားများအရ သူမနှင့် သူမ၏ မင်းသားလေးက နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်းဝင်ခဲ့ကြသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်တွင် အခြေအနေများကြောင့် သူမ၏ မင်းသားလေးက တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ရသည်။ 


လီနာနှင့် ထရီးကြားတွင် အဆက်အသွယ်ပြတ်တောက်သွားပါက သူတို့၏ ဆက်ဆံ‌‌ရေးက ရှေ့ဆက်သွားလိမ့်မည်မဟုတ်ဟု မစ္စတာမော်ရေးတွေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ ကံကြမ္မာက လီနာကို သူမ၏ မင်းသားလေးနှင့် နောက်တစ်ကြိမ်တွေ့ဆုံစေပြီး သူတို့ကို အတူတကွဖြစ်စေပြန်သည်။ “ဒယ်ဒီ...တွေ့လား...ဘုရားသခင်က သမီးကို ဂရုစိုက်တယ်...တရုတ်မှာ ရက်နည်းနည်းလောက် ဆက်နေလို့ရမလား...သမီးရဲ့ မင်းသားလေးကို ယူအက်စ်ဆီ ပြန်ခေါ်လာနိုင်တဲ့အထိလေ” လီနာက မျက်တောင်များ ခတ်လိုက်ရာ နီနီရဲရဲ နှုတ်ခမ်းများကို စုဝိုင်းလိုက်၏။


“ကောင်းပြီ” သမီးချစ်သည့် အဖေတစ်ယောက်အနေနှင့် မစ္စတာမော်ရေးက သဘောတူလိုက်သည်။ “ဒါပေမယ့် သတိထားပြီး လုံလုံခြုံခြုံနေရမယ်နော်...ဒယ်ဒီ ယူအက်စ်ကနေ သတင်းကောင်းကို စောင့်နေမယ်”


လီနာက မစ္စတာမော်ရေးကို လည်ပင်းကိုဖက်လိုက်ကာ နီရဲနေသည့်နှုတ်ခမ်းများဖြင့် သူ့ပါးကို နမ်းလိုက်သည်။ “ဒယ်ဒီ...ဒါဆို သမီးအရင်သွားနှင့်မယ်”


“သွား...သွား” မစ္စတာမော်ရေးက လက်ခါပြ၍ လီနာကို သွားခွင့်ပြုလိုက်သည်။ 


မစ္စတာမော်ရေး၏ မှုန်မှိုင်းနေသည့် စိတ်အခြေအနေက သူ့သမီးလေးကြောင့် ပျော်ရွှင်လာရသည်။ သို့သော် ကော်ဖီစားပွဲပေါ်ရှိ စီးပွားရေးမဂ္ဂဇင်းကို မြင်သောအခါ မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်၏။ 


....


တိုက်ဆိုင်မှု အမျိုးမျိုးကြောင့် သူ၏ လုပ်ဆောင်ချက်များက မစ္စတာမော်ရေးအပေါ်တွင် ကောင်းမွန်သည့် အထင်အမြင်များ မကျန်စေခဲ့သည်ကို သတိမထားမိဘဲ ဝေ့ချန်က ချန်လီနှင့်အတူ ရှေးဟောင်းမြို့တွင် အပန်းပြေ လျှောက်သွားနေလေသည်။ တံတားငယ်လေးများဖြင့် ရေစီးဆင်းနေသည့် လှပသောရှုခင်းက တကယ်ကို စိတ်ကြည်နူးစရာကောင်းသည်။ 


ချန်လီအနားတွင် ရှိနေသည်နှင့် ဝေ့ချန်၏ စိတ်ကူးယဥ်ခရီးသွားပုံစံက သဘောဝကျစွာနှင့်ပင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရသည်။ ချန်လီက အစားအစာများကို ပို၍ နှစ်သက်လာသည်။ အစားအစာအကြောင်း ပြောလိုက်သည်နှင့် သူ၏မျက်လုံးများမှာ‌ ‌တောက်ပလာဆဲဖြစ်သည်။ 


ချန်လီသာ အလွန်အကျွံမစားဘဲ အစာအိမ်ကို ပြဿနာမတက်စေသရွေ့ ဝေ့ချန် သူ့ကို ခွင့်ပြုထားမည်။ သူ ချန်လီကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ခြင်းနှင့် ကြီးကြပ်ခြင်းများ မလုပ်ချေ။ ချန်လီက သူ့ကန့်သတ်ချက်များကို သူကိုယ်တိုင်သိသည်။ ဗိုက်ဝသည်နှင့် ထပ်မစားတတ်ပေ။


ချန်လီ့တွင် ဝိတ်တက်လာခြင်းမှ ကာကွယ်ထားသည့် တစ်စုံတစ်ခု ရှိနေသလိုပင်။ သူ၏ အစာစားနှုန်းက တိုးလာသော်လည်း သူ၏ ကျစ်လျစ်သည့်အသွင်အပြင်တွင် ရှိနေဆဲဖြစ်၏။ မျက်ဝန်းဝိုင်းဝိုင်းများနှင့် ‌ပေါင်းစပ်လိုက်သည့်အခါ သူ့ကိုမသိသည့်လူများက ဆယ်ကျော်သက် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်ဟု အထင်မှားကြလိမ့်မည်။ 


ဝေ့ချန်က အစားအသောက်ကို တမ်းတမ်းစွဲမဖြစ်ပေ။ သို့သော်လည်း ခရီးတစ်လျှောက်တွင် ချန်လီက သူစားရုံသာမက ဝေ့ချန်ကိုပါ စားစေလေသည်။ ဝေ့ချန်က ချန်လီ၏ တောင်းဆိုချက်များကို ငြင်းဆိုလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ရှေးဟောင်းမြို့တွင် လျှောက်လည်ပြီးနောက် သူတို့နှစ်ယောက်က ဟိုတယ်သို့ ပြန်လာချိန်တွင် အပြင်၌ စားလာခဲ့သောကြောင့် ညစာစားရန် မလိုတော့ပေ။ 


ပြန်လာရာတွင် ကားမစီးဘဲ လမ်းလျှောက်၍ ပြန်လာကြခြင်းဖြစ်သည်။ အစာအိမ်များကို သေချာ ဖြည့်စွက်ပြီးနောက် သူတို့က လော်ဘီထဲတွင် မနေတော့ဘဲ အခန်းသို့ပြန်၍ ဓာတ်လှေကားဆီသို့ ဦးတည်လိုက်ကြသည်။ 


သို့သော်လည်း ချန်လီနှင့် ဝေ့ချန်တို့ အခန်းအရှေ့သို့ ရောက်သောအခါ မိန်းကလေးတစ်ယောက်က သူတို့ကို စောင့်နေသည်။ သူမက တစ်ခုခုကို စိုးရိမ်နေသည့်ပုံပေါ်နေကာ လက်ထဲတွင် အိတ်တစ်အိတ်လည်း ကိုင်ထားသည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် အရှေ့အနောက်လျှောက်နေပြီး ဓာတ်လှေကားတံခါးပွင့်လာသည်နှင့် အနောက်သို့ ဆုတ်သွားသည်။ ဝေ့ချန်နှင့် ချန်လီတို့ ဓာတ်လှေကားထဲမှ ထွက်လာသည်ကို မြင်သောအခါ သူမက ခေါင်းငုံ့သွားကာ သတ္တိမွေးနေပုံရသည်။ 


“အမ်...အတန်းဖော်ချန်လီ...” မိန်းကလေးက သတ္တိအလုံအလောက် မွေးပြီးသွားသည့်အခါ စကားပြောလာ၏။


ဝေ့ချန်နှင့် ချန်လီတို့က ခြေလှမ်းများ ပြိုင်တူရပ်သွားကြကာ ထိုမိန်းကလေးကို ကြည့်လာကြသည်။ 


သူမတွင် လုံးဝိုင်းသည့် မျက်နှာရှိကာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။ သူတို့ကို ခေါ်နိုင်ခဲ့‌သော်လည်း ခေါင်းကို ငုံ့ထားကာ ချန်လီနှင့်ရော၊ ဝေ့ချန်ကိုပါ အကြည့်ချင်းမဆုံဘဲ နေလေသည်။ 


ချန်လီက သူမကိုကြည့်လိုက်သည့်အခါ မှတ်မိသွားသည်။ သူမက အတန်းထဲတွင် သူနှင့် ထိုင်ခုံနေရာ သိပ်မဝေးပေ။ ယခင်တစ်ခေါက်က သူမြင်ခဲ့သည့် သေးငယ်သည့်အရုပ်လေးမှာလည်း သူမရေးဆွဲခဲ့ကြောင်း မှတ်မိသည်။ သို့သော်လည်း ချန်လီ သူမနာမည်ကို မသိပေ။ 


ဝေ့ချန် မျက်ခုံးပင့်လိုက်၏။ ဤအခြေအနေက တစ်ယောက်ယောက်က ရည်းစားစာပေးသည့် ပုံမျိုးဖြစ်နေသည်။ သူ၏လီလီက တကယ်ကို မိမိုက်သည်ပင်။ ရည်းစားစာများပင် ရနေပြီလေ။


ထိုမိန်းကလေးက ဟွမ်ကျန်းကျန်းဖြစ်၏။ သူမက ဝေ့ချန်၏ မဖော်‌ရွေသည့် အကြည့်ကို ခံစားမိသောကြောင့် လူကြီးမင်းဝေ့မှာ သဝန်တိုနေတာဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ သူမ လျင်မြန်စွာ ရှင်းပြလိုက်၏။ 


“လူကြီးမင်းဝေ့...ရှင်...နားလည်မှုလွဲနေပြီ...ကျွန်မက အတန်းဖော်ချန်လီကို လေးစားရုံပါပဲ...လေးစားတာ...တခြားဘာမှမရှိဘူး...ကျေးဇူးပြုပြီး...စိတ်အေးအေးထားပါ” သို့သော်လည်း ဝေ့ချန်၏ အလွန်ကြီးမားသည့် တည်ရှိမှုနှင့် အငွေ့အသက်က သူမကို စကားထစ်နေစေ၏။


အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဟွမ်ကျန်းကျန်းက သူ၏လှုပ်ရှားနေသည့် ခံစားချက်များကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ 


“ဒီနေ့ အတန်းဖော်ချန်လီကို ပေးစရာရှိလို့ ကျွန်မ ဒီကို ရောက်လာတာ...သူ့ရဲ့ပန်းချီကား ‘အလင်းရောင်’ က ကျွန်မရဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့ သတ္တိတွေ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ...ကျွန်မ ဒီရုပ်ပြစာအုပ်အတွဲလိုက်ကို အတန်းဖော်ချန်လီကို ပေးချင်ပါတယ်...ဒီလက်ဆောင်က တန်ဖိုးမရှိပေမယ့် ကျွန်မအတွက်ကတော့ တကယ်ကို တန်ဖိုးရှိပါတယ်...အတန်းဖော်ချန်လီ မငြင်းဖို့ မျှော်လင့်ပါတယ်” ဟွမ်ကျန်းကျန်း၏ အသံက တုန်ယင်နေ၏။


သူမ မငိုချင်ပေ။ မည်သူကမှ သူတို့၏ အိုင်ဒေါလ် အရှေ့တွင် အရူးတစ်ယောက်လို မဖြစ်ချင်ကြပေ။ သို့သော်လည်း သူမ မတတ်နိုင်တော့ပေ။ သူမ၏ အိပ်မက်နောက်သို့ လိုက်ခြင်းက ခက်သော်လည်း ‘အလင်းရောင်’ ကြောင့်သာမဟုတ်လျှင် သူမ မနေချင်သည့် ဘဝ၌ နေနေရလိမ့်မည်ပင်။ 


စိတ်ထဲတွင် ထိုအတွေးများပြည့်နှက်လာပြီး ဟွမ်ကျန်းကျန်းက ခံစားချက်များ လျှံကျကာ ချန်လီအရှေ့တွင် ငိုချမိတော့သည်။ 


ထိုအချိန်တွင် တစ်ရှူးစလေးတစ်ခုက သူမအရှေ့တွင် ပေါ်လာခဲ့သည်။ သူမက မျက်ရည်ဝိုင်းနေသည့် မျက်လုံးများဖြင့်မော့ကြည့်လိုက်ရာ ချန်လီ၏ ဝေဝါးဝါးမျက်နှာကို မြင်လိုက်ရသည်။ ငိုရှိုက်လိုက်ရင်း သူမပြောလိုက်သည်။ 


“တောင်းပန်ပါတယ်....တောင်းပန်ပါတယ်...ကျွန်မ မငိုချင်ခဲ့ပါဘူး” 


ချန်လီ စကားမပြောလာချေ။ သူ ဟွမ်ကျန်းကျန်း၏ ခံစားချက်များကို နားမလည်သော်လည်း ချုပ်တည်းထားခြင်း၏ နာကျင်မှုကိုတော့ သိသည်။ 


ဟွမ်ကျန်းကျန်းက မျက်ရည်များဖြင့် ချန်လီထံမှ တစ်ရှူးကို လက်ခံလိုက်ပြီး သူမ၏ ခံစားချက်များကို တတ်နိုင်သမျှ ဖုံးဖိလိုက်သည်။ 


ချန်လီက ဟွမ်ကျန်းကျန်းလက်ထဲမှ လက်ဆောင်အိတ်ကို ယူလိုက်ကာ ခဏလောက်‌ တွန့်ဆုတ်နေပြီးမှ ကျေးဇူးတင်စကားပြောရန် သတိရလိုက်သည်။ ထိုအခါမှ သူက ဟွမ်ကျန်းကျန်းကို ကျေးဇူးတင်စကားပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်”


ထို ‘ကျေးဇူးတင်ပါတယ်’ ဆိုသည့် စကားက ဟွမ်ကျန်းကျန်း၏ ဖိနှိပ်ထားသည့် ခံစားချက်များကို ဖြိုခွဲပစ်လိုက်၏။ သူမ၏ အိုင်ဒေါလ်ကို သူမ၏ ဆိုးရွားသည့်အခြေအနေအား မမြင်စေချင်‌‌ပေ။ သူက အနောက်သို့ လှည့်၍ ဓာတ်လှေကားခလုတ်ကိုနှိပ်ကာ ငိုရှိုက်နေရင်း ဓာတ်လှေကားကို စောင့်နေလိုက်သည်။ 


ဓာတ်လှေကားက သူမ၏ ခံစားချက်များကို နားလည်သည့်ပုံပင်။ မြန်မြန်ဆန်ဆန်နှင့် ရောက်လာခဲ့သည်။ တံခါးများက တစ်ဝက်သာပွင့်လာသေးသော်လည်း ဟွမ်ကျန်းကျန်းက လျင်လျင်မြန်မြန်နှင့် အထဲသို့ ဝင်လိုက်သည်။ 


ဓာတ်လှေကား တံခါးများ ပိတ်သွားချိန်တွင် ဟွမ်ကျန်းကျန်း ထိန်းမထားနိုင်‌တော့ပေ။  သူမက ထိုင်ချလိုက်ပြီး မျက်နှာကို လက်နှင့်အုပ်၍ ငိုတော့သည်။ ချန်လီပေးခဲ့သည့် တစ်ရှူးကိုပင် အသုံးပြုရန် သူမတွန့်ဆုတ်နေသည်။ 


ထိုအချိန်အတွင်းတွင် တစ်‌ယောက်ယောက်က ဓာတ်လှေကားထဲသို့ ဝင်လာခဲ့သည်။ ဟွမ်ကျန်းကျန်း အကြီးအကျယ်ငိုနေသည်ကို မြင်သောအခါ ဘာဖြစ်နေလဲမေးချင်သော်လည်း သူတို့က ယောက်ျားလေးများ ဖြစ်နေ‌သောကြောင့် ချဥ်းကပ်ရန် တွန့်ဆုတ်နေကြ၏။


ဓာတ်လှေကားက ဟွမ်ကျန်းကျန်း၏ အထပ်သို့ ရောက်သောအခါ သူမအခန်းသို့ ငိုရင်းနှင့်ပင် ပြန်လိုက်သည်။ သူမက အလျင်စလိုနှင့် ထွက်လာခဲ့သောကြောင့် အခန်းသော့ကို မေ့လာခဲ့သည်။ သူမ တံခါးခေါက်ရုံသာ တတ်နိုင်တော့၏။


သူမ၏ အခန်းဖော်က ချက်ချင်း တံခါးလာဖွင့်ပေး၏။ သူမ၏ ဖရိုဖရဲဖြစ်နေသည့် ပုံစံကို မြင်သောအခါ လန့်သွားပြီး ဟွမ်ကျန်းကျန်းကို အထဲသို့ အမြန်သွင်းလိုက်သည်။ သူမ ချက်ချင်း မေးလာ၏။ “ကျန်းကျန်း...နင့်ကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ...ငါအခုပဲ အတန်းကြီးကြပ်ရေးမှူးကို သွားရှာလိုက်မယ်...ပိုဆိုးတယ်ဆိုရင် ရဲကိုခေါ်လိုက်မယ်”


ဟွမ်ကျန်းကျန်းက ချက်ချင်း ခေါင်းခါလာကာ ပြောလိုက်သည်။ “မဟုတ်ဘူး...အဲ့ဒါက...ငါ ...ဒီအတိုင်း....ဝူးဝူးဝူး....အရမ်းပျော်လို့ပါ”


“ပျော်တယ်?” သူမ၏အခန်းဖော် ရှုပ်ထွေးသွား၏။ သူမ၏ သူငယ်ချင်းကို ဒီလိုအခြေအနေ ရောက်သည်အထိ ဘာကများ ပျော်ရွှင်စေလိုက်တာပါလိမ့်...။


နောက်ဆုံးတွင် ဟွမ်ကျန်းကျန်း စိတ်တည်ငြိမ်သွားတော့သည်။ ရေချိုးခန်းထဲတွင် မျက်နှာသစ်ပြီး‌‌နောက် နီရဲနေသည့် မျက်လုံးများဖြင့် ပြုံး၍ပြန်ထွက်လာ၏။


“အာ...နင်သိလား...အတန်းဖော်ချန်လီက ငါ့ကို ကျေးဇူးတင်လိုက်တယ်” ဟွမ်ကျန်းကျန်းက ပျော်ရွှင်မှုဖြင့် အော်ဟစ်လိုက်ကာ အိပ်ရာပေါ်သို့ ပစ်ဝင်လိုက်ပြီး မျက်နှာကို ခေါင်းအုံးထဲသို့ နှစ်ထားလိုက်တော့သည်။ ထိုအကြောင်းကို ပြန်တွေးခြင်းက သူမကို စိတ်လှုပ်ရှားစေသည်။ 


“အဲ့လိုလား...အခုလို ပျော်ရတဲ့အထိ တန်တယ်ပေါ့” သူမ၏အခန်းဖော်က ဟွမ်ကျန်းကျန်းမှာ ချန်လီ၏ဖန်ဖြစ်ကြောင်း သိသော်လည်း ချန်လီဆီမှ ကျေးဇူးတင်ခံရသည်နှင့် ဤမျှလောက်ဖြစ်ရသည်ကိုတော့ နားလည်ရန် ခက်ခဲလှသည်။ 


“ဟုတ်တယ်...ပြီးတော့ သူက ငါပေးတဲ့လက်ဆောင်ကို‌တောင် လက်ခံလိုက်သေးတယ်” ဟွမ်ကျန်းကျန်းက အိပ်ရာပေါ်တွင် လှိမ့်လိုက်ကာ တပလ္လင်ခွေ ထိုင်လာသည်။ 


“ဘာလက်ဆောင်လဲ...နင်ပြင်ထားတာလည်း ငါမတွေ့မိပါဘူး” သူမ၏ အခန်းဖော် ရှုပ်ထွေးသွား၏။


“အဲ့ဒါက ငါ့ရဲ့ထုတ်ထားတဲ့ ရုပ်ပြစာအုပ်အတွဲလိုက်လေ” ဟွမ်ကျန်းကျန်းက လက်သီးဆုပ်လိုက်၏။ ယခု တွေးနေရင်းနှင့်တင်တောင်မှ သူမကို မျက်ရည်ဝိုင်းစေသည်အထိ စိတ်လှုပ်ရှားစေသည်။ သူမ၏ လက်များက တုန်ယင်နေကာ ချွေးများပင်စို့နေ‌သေးသည်။ 


“ဟွမ်ကျန်းကျန်း” ဟွမ်ကျန်းကျန်းက ချန်လီအား သူမ၏စာအုပ်များ ပေးခဲ့သည်ကိုကြားလိုက်ရသည့်အခါ သူမ အံ့ဩသွား၏။ “နင်...နင်ရဲ့...စာအုပ်တွေကို အတန်းဖော်ချန်လီကို ပေးခဲ့တယ်?”


“ဘာဖြစ်လို့လဲ...အဆင်မပြေဘူးလား...ငါ့ရဲ့ အိပ်မက်ကို ဆုပ်ကိုင်နိုင်ခဲ့လို့ ကျေးဇူးတင်တဲ့သဘောပါ...အဲ့ဒါကြောင့် ငါ့အိပ်မက်ဆီကို ခြေတစ်လှမ်းလှမ်းတိုင်း ငါ့အတွက် အရမ်းတန်ဖိုးရှိတဲ့ စာအုပ်တွေကိုပေးခဲ့တာ...အဲ့ဒါဘာဖြစ်လို့လဲ” ဟွမ်ကျန်းကျန်းက အလွန်အဓိပ္ပာယ်ရှိသည့် လက်ဆောင်ပေးခဲ့သည်ဟု ခံစားခဲ့ရသည်။ သူမ၏ အခန်းဖော်က ဘာကြောင့် မေးခွန်းထုတ်နေလဲ သူမနားမလည်နိုင်ချေ။ 


သူမ၏ အခန်းဖော်က မျက်လုံးလှိမ့်လိုက်၏။ “နင့်စာအုပ်တွေရဲ့ အကြောင်းအရာတွေက ဘာတွေလဲ...အဲ့ဒါက လိင်တူဆက်ဆံရေးတွေအကြောင်း မဟုတ်ဘူးလား...ငါကတော့ လိင်တူဆက်ဆံရေးတွေကို မခွဲခြားပေမယ့် အတန်းဖော်ချန်လီ၏ တန်ဖိုးက သေချာဖြစ်ထွန်းသေးတာမဟုတ်ဘူး...အဲ့လို စာအုပ်မျိုးပေးလိုက်တာ သူ့ရဲ့ လိက်စိတ်ခံယူမှုကို သက်ရောက်သွားရင် ဘယ်လိုလုပ်မလဲ” 


သူမ၏ အခန်းဖော်လည်း ချန်လီကို ဂရုစိုက်ကြောင်း ဟွမ်ကျန်းကျန်း သိသည်။ ထို့ကြောင့် သူမထိုသို့ ပြောခြင်းဖြစ်၏။ ဟွမ်ကျန်းကျန်းလည်း ထိုအကြောင်းကို စဥ်းစားမိသော်လည်း ချန်လီနှင့် လူကြီးမင်းဝေ့တို့က ဆက်ဆံရေးရှိကြောင်း သိသွားပြီးကတည်းက ၎င်းက ပြဿနာမဟုတ်တော့ပေ။ အကြောင်းမှာ ချန်လီ ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသောကြောင့်ဖြစ်သည်။ 


ဟွမ်ကျန်းကျန်း၏ အမူအရာက မပြောင်းမလဲဖြစ်နေသည်ကို တွေ့သောအခါ သူမ၏အခန်းဖော်မှာ တစ်ချက်လောက် ရိုက်ချင်လာသည်။


 “ပြီးတော့...နင့်ရဲ့ စာအုပ်တွေက ကားမောင်းတဲ့အခန်းတွေကို ကွက်ကွက်ကွင်းကွင်းရေးထားတာ...ငါတို့ရဲ့ ဖြူစင်တဲ့ချန်လီကို အဲ့ဒီ့အခန်းတွေနဲ့ ဖျက်ဆီးမလို့လား” ၎င်းက အဓိက အချက်ဖြစ်သည်။


ဖျက်ဆီးတယ်? အဲ့နေ့က ချန်လီနဲ့လူကြီးမင်းဝေ့တို့ ပြင်းပြင်းပြပြ....နေကြတာကို သူမတွေ့ခဲ့တယ်လေ... သူမရဲ့ စာအုပ်တွေထဲက ကားမောင်းတဲ့အခန်းတွေက ချန်လီအတွက်တော့ စက်ဘီးစီးသလောက်ပဲ ရှိလိမ့်မယ် ဟုတ်တယ်မလား...။ 


ဟွမ်ကျန်းကျန်း သိချင်မိ၏။




💘