💘Chapter 176
သူ၏ဆုံးဖြတ်ချက်
“ဖေဖေနဲ့ ဦးဦးဝေ့တို့ ရန်ဖြစ်ထားကြလို့လား...မနေ့ကည ရေချိုးခန်းထဲမှာ ဖေဖေတို့နှစ်ယောက် ရန်ဖြစ်နေတဲ့အသံကြားလိုက်တယ်”
ဘီစကစ်လေး ထိုသို့ ပြောလာလိမ့်မည်ဟု ကွက်ကီးထင်မှတ်မထားခဲ့ချေ။ သူက လန့်သွားပြီး ဘီစကစ်လေး၏ ပါးစပ်ကို ပိတ်လိုက်၏။ မနေ့ညက ဘီစကစ်လေး ဘာသံကြားခဲ့လဲ သူမသိချေ။
“ဖေဖေ...သား ဦးဦးဝေ့ကို တကယ် သဘောကျတယ်”
ဘီစကစ်လေး ပြောလိုက်၏။ သူသေချာမကြားလိုက်ရချေ။ မနေ့ညက ကွက်ကီး ဝေ့ဟွားကို သွားခေါ်ချိန်တွင် ဘီစကစ်လေးက အိပ်ပျော်နေပြီဖြစ်သည်။ သူ အိပ်ချင်မူးတူးဖြင့်သာ အသံများကိုကြားလိုက်ခြင်းဖြစ်သည်။
ကွက်ကီးက ဘီစကစ်လေး၏ အမူအရာကို စစ်ဆေးလိုက်သည်။ သူ့မျက်နှာတွင် ပုံမှန်မဟုတ်သည့် တုံ့ပြန်မှုမျိုး မရှိကြောင်း ကြည့်ပြီးမှသာ စိတ်သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်သည်။ နောက်မှ သူ့ကိုယ်သူ အဓိပ္ပာယ်မရှိကြောင်း သဘောပေါက်သွားရသည်။ ဘီစကစ်လေးက အခုမှ ငယ်ငယ်လေးရှိသည်။ သူမည်သို့ နားလည်နိုင်မည်နည်း။
တကယ်လည်း ဘီစကစ်လေးက သူ့အဖေနှင့် ဦးဦးဝေ့တို့ မနေ့ညက ရေချိုးခန်းထဲတွင် ဘာလုပ်နေကြသည်ကို နားမလည်ချေ။ အသံများကိုကြားလိုက်ချိန်တွင် ရန်ဖြစ်နေသည်ဟုသာ ထင်ခဲ့၏။ ယခုတွင်တော့ သူ့အဖေက သူ့ကို မတုံ့ပြန်လာသည်ကို တွေ့သောအခါ ဘီစကစ်လေးက ကွက်ကီး၏ အကျီကိုဆွဲ၍ နူးညံ့ပြီး အသနားခံနေသည့် အသံဖြင့် ပြောလိုက်သည်။
“ဖေဖေ...သား ဦးဦးဝေ့ကို သဘောကျတယ်”
ထိုမှသာ ကွက်ကီးတုံ့ပြန်လာသည်။ သူက ဘီစကစ်လေး၏ ဆံပင်များကိုပွတ်၍ ပြောလာ၏။ “အင်း...ဖေဖေသိတယ်”
“သားသိတယ်...ဖေဖေလည်း ဦးဦးဝေ့ကို သဘောကျတယ်”
ဘီစကစ်လေးက သူ့အဖေ၏ လက်ကိုကိုင်၍ ကွက်ကီးကို မျှော်လင့်ချက်များဖြင့်ပြည့်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“အဲ့ဒါကြောင့် ဖေဖေ...ကျေးဇူးပြုပြီး ဦးဦးဝေ့ကို စိတ်မဆိုးပါနဲ့တော့နော်...ဦးဦးဝေ့ကလည်း ဖေဖေ့ကို သဘောကျပါတယ်”
ဒီတစ်ခေါက်တွင် ကွက်ကီး ကြောင်အမ်းသွားမိ၏။ သူက ဘီစကစ်လေး၏ ခေါင်းကို ပွတ်၍ မေးလိုက်သည်။ “ဘီစကစ်လေး...ဦးဦးဝေ့ကို တကယ်သဘောကျတာလား”
ဘီစကစ်လေးက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။ “သားသူ့ကို သဘောကျတယ်”
ကွက်ကီး တိတ်ဆိတ်သွားရပြန်သည်။ နောက်ဆုံးတော့ သူမနေနိုင်တော့ဘဲ ဘီစကစ်လေးကို မေးလိုက်၏။ “ဖေဖေနဲ့ ဦးလေးဝေ့တို့ အတူရှိကြရင်ရော? ဦးဦးဝေ့ချန်နဲ့ ဦးဦးချန်လီတို့လိုလေ...သားဆန္ဒရှိလား”
ဘီစကစ်လေးက တွန့်ဆုတ်ခြင်းမရှိဘဲ ပျော်ရွှင်စွာနှင့် ဖြေလာခဲ့သည်။
“ဆန္ဒရှိတယ်....ဆန္ဒရှိတယ်” သူက ထပ်တလဲလဲ ခေါင်းညိတ်ပြလာကာ မျက်နှာလေးက တောက်ပနေ၏။ “ဖေဖေသာ အဆင်ပြေမယ်ဆိုရင် သား ဦးဦးဝေ့ကို သားရဲ့အဖေဖြစ်လာစေချင်တယ်”
ထိုအခါမှသာ ကွက်ကီးကဘီစကစ်လေးကို ဘာကြောင့် မေးမိမှန်း သဘောပေါက်သွားရတော့သည်။ ပါးစပ်ဖွင့်လိုက်သော်လည်း ဘာပြောရမှန်း မသိတော့ချေ။
“ဖေဖေ...ဖေဖေရော ဆန္ဒရှိလား” ဘီစကစ်လေးက မျက်တောင်များ တဖျတ်ဖျတ်ခတ်ရင်း မေးလာသည်။ သူ၏ မျက်နှာသေးသေးလေးက မျှော်လင့်ချက်များဖြင့် ပြည့်နေ၏။ ထိုနေ့က ဦးဦးဝေ့အား “ဖေဖေကြီး” ဟု ခေါ်လိုက်သည်မှာ ရုတ်တရက်ချခဲ့သည့် ဆုံးဖြတ်ချက်မဟုတ်ပေ။ သူတကယ်ကို ဦးဦးဝေ့အား သူ၏အဖေ ဖြစ်လာစေချင်သည်။
“ဖေဖေ ဆန္ဒရှိရုံနဲ့တင် မဖြစ်သေးဘူးလေ...ဦးဦးဝေ့ ဆန္ဒရှိဖို့လည်း လိုသေးတယ်”
ကွက်ကီးက ဘီစကစ်လေးကို မည်သို့ တုံ့ပြန်ရမလဲ မသိဘဲ အခြေအနေကိုမသိသည့် ဝေ့ဟွားဆီသို့ ဘောလုံးပုတ်ထုတ်လိုက်သည်။
သို့သော်လည်း ဘီစကစ်လေးက လျှို့ဝှက်သည့် အပြုံးတစ်ခုပြုံး၍ ပြောလာသည်။ “ဖေဖေ...သဘောတူမတူဘဲ အရင်ပြောသင့်တာလေ...ဦးဦးဝေ့ကို နောက်မှမေးလို့ရတာပဲ”
ဒီနေ့တွင် ဘီစကစ်လေး၏ ဇွဲကောင်းနေမှုကို ကွက်ကီး အံ့ဩသွားရ၏။ သူက သူ့ကို သေချာကြည့်နေကာ သူ့အမူအရာများထဲမှ လျှို့ဝှက်ချက်များကို ရှာတွေ့လိုက်သည်။ ဘီစကစ်လေး၏ အဖေတစ်ယောက်အနေနှင့် ကွက်ကီး သူ့ကို ဘာကြောင့် နားမလည်နိုင်လိမ့်မည်လဲ...။ ဘီစကစ်လေးနှင့် ဝေ့ဟွားတို့က တစ်ခုခုကို စီစဥ်ထားကြတာဖြစ်ရမည်ဟု သူချက်ချင်း ခန့်မှန်းမိလိုက်သည်။
သူက ဘီစကစ်လေးကို ကလိထိုးလိုက်ကာ စိတ်ညစ်ညူးစွာဖြင့် ပြောလိုက်၏။ “ဘီစကစ်လေး...ဦးဦးဝေ့က မုန့်တွေကျွေးလိုက်တာလား...အဲ့ဒါကြောင့် သူ့ဘက်က ကူပြီးပြောပေးနေတာလား”
ဘီစကစ်လေးက ချက်ချင်း ခေါင်းခါလိုက်ကာ အပြစ်ကင်းသည့်ပုံပေါက်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း ကွက်ကီးက သူ့ကို အလွတ်မပေးလိုက်ချေ။ ကလိဆက်ထိုးလိုက်ရာ ဘီစကစ်လေးမှာ ကွက်ကီး၏ ရင်ခွင်ထဲတွင် လူးလိမ့်နေတော့သည်။ ဘီစကစ်လေး ရှင်းပြလိုက်၏။
“ဖေဖေ...မလုပ်ပါနဲ့...အဲ့လိုမဟုတ်ပါဘူး”
“အဲ့ဒါဆို ဘာလို့ ဦးဦးဝေ့ဘက်က ဘာကြောင့် ပြောနေရတာလဲ” ကွက်ကီး မေးလိုက်၏။
ဘီစကစ်လေးက လူးလိမ့်နေရင်း ရယ်မောနေ၏။ “ဘာလို့ဆို...ဘာလို့ဆို...သား...သားက ဖေဖေ့ကို နေ့တိုင်း ပျော်နေစေချင်လို့”
ကွက်ကီး၏လက်များရပ်သွားကာ ဘီစကစ်လေးကို ငူငူငိုင်ငိုင်ဖြင့် ကြည့်လိုက်သည်။
ဘီစကစ်လေးက ကွက်ကီး၏လည်ပင်းကိုဖက်၍ ထိုင်လိုက်ကာ တလေးတနက် ပြောလိုက်သည်။ သူ့မျက်နှာလေးက ရိုးသားမှုများနှင့် ပြည့်နေ၏။
“သားပြောနိုင်တယ်...ဖေဖေလည်း ဦးဦးဝေ့ကို သဘောကျနေတာပဲ...ဖေဖေ သူနဲ့အတူရှိနေရင် ပျော်နေတာပဲလေ...သား ဖေဖေ့ကို တစ်ချိန်လုံး ပျော်နေစေချင်တယ်”
“ဘီစကစ်လေး” ကွက်ကီးက သူ့ကိုပွေ့ချီလိုက်ကာ သူ့မျက်နှာလေးကို အနမ်းများဖြင့် ဖြည့်၍ ပြောလိုက်သည်။ “ဒီည ဦးဦးဝေ့ ဖေဖေ့ကို လာတွေ့ရင်...မဟုတ်ဘူး...မနက်ဖြန်အတွင်းလာတွေ့မယ်ဆိုရင် ဖေဖေ မင်းရဲ့ ဦးဦးဝေ့နဲ့ အတူတူရှိပေးမယ်”
“ဦးဦးဝေ့ သေချာပေါက် ပြန်လာလိမ့်မယ်” ဘီစကစ်လေး ပြောလိုက်၏။ ကွက်ကီး မမြင်သည့်တစ်နေရာတွင် သူက အောင်ပွဲခံသည့်အပြုံးတစ်ခု ပြုံးလိုက်သည်။
သူ ပထွေးတစ်ယောက်ရတော့မယ်...ဘယ်လောက်တောင် ကောင်းလိုက်လဲ...။
ကားက ရှန့်အိမ်သို့ ရောက်သည်နှင့် ရပ်သွားသည်။ ရှန့်ကျားချီက အလုပ်ပြီး၍ တံခါးဝမှ အသံများကို ကြားသောအခါ ရှုပ်ထွေးစွာနှင့် လာကြည့်လိုက်သည်။ “မနက်ဖြန်မှ ပြန်လာရမှာမဟုတ်ဘူးလား...ဘာလို့ အစောကြီး ပြန်လာတာလဲ”
ကွက်ကီးက ဘီစကစ်လေးကိုအသုံးချ၍ အကြောင်းပြချက်အချို့ ပေးလိုက်သည်။ “ကိစ္စပေါ်လာလို့...အရင်ပြန်လာခဲ့လိုက်တာ”
ဘီစကစ်လေးက ဖိနပ်ပါးများကို ပြောင်းစီးလိုက်ကာ ရှန့်ကျားချီ၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။ ရှန့်ကျားချီက သူ့ကို မချီလိုက်၏။ “ဖိုးဖိုး...ဒီနေ့တစ်နေ့လုံး ဖိုးဖိုးကို မတွေ့ရသေးဘူး...လွမ်းနေတာ” ဘီစကစ်လေးက စကားလုံးချိုချိုများကို ပစ်သွင်းလိုက်ကာ ရှန့်ကျားချီကို ကွက်ကီးအပေါ်ရှိနေသည့် သံသယများကို ပြေပျောက်ပြီး ရယ်မောစေလိုက်သည်။
“အဖေ...ဘီစကစ်လေးကို ခဏကြည့်ထားပေးပါဦး...အခန်းကို အရင်သွားလိုက်ဦးမယ်”
မနေ့ညက ဝေ့ဟွားနှင့် တစ်ညလုံး လုံးထွေးခဲ့ပြီးနောက် ကွက်ကီးက မနက်စောစော လေယာဥ်နှင့်ပြန်လာခဲ့တာဖြစ်သည်။ သို့သော်လည်း လေယာဥ်က နှောင့်နှေးနေသောကြောင့် ယခုမှ အိမ်ပြန်ရောက်လာခဲ့သည်။ ကြွက်သား တစ်ခုချင်းစီတိုင်းက သူ့ကိုယ်ပိုင် မဟုတ်တော့သည့်အလား တစ်ကိုယ်လုံး နာကျင်နေသည်။
“ရတယ်” ရှန့်ကျားချီက ဘီစကစ်လေးကို ချီ၍ ခေါင်းညိတ်လိုက်သည်။ “တစ်ခုခုလုပ်စရာရှိရင် သွားပြီးလုပ်နှင့်လေ...ညစာမစားရသေးခင် ပြီးမှ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ်”
ကွက်ကီးက လှေကားပေါ်သို့ တက်ရင်း ခေါင်းခါလိုက်သည်။ “မလိုတော့ပါဘူး...ပြန်လာတဲ့လမ်းမှာ ဘီစကစ်လေးနဲ့ ကျွန်တော် နည်းနည်းစားခဲ့တယ်”
“ကောင်းပြီ...ဒါဆိုလည်း တက်နှင့်တော့...အရမ်းပင်ပန်းနေရင် ဒီည ဘီစကစ်လေးကို ငါကြည့်ပေးမယ်” ရှန့်ကျားချီက ကွက်ကီး ပင်ပန်းနွမ်းနယ်နေသည်ကို ခံစားမိသောကြောင့် ပြောလိုက်သည်။
ကွက်ကီးက “ဟုတ်ကဲ့” ဟု တုံ့ပြန်လိုက်ပြီး အပေါ်ထပ်သို့ တက်ဿွားလိုက်သည်။ အခန်းထဲသို့ ရောက်သည့်အခါ အိပ်ရာပေါ်သို့ ပစ်လှဲလိုက်သည်။ ပင်ပန်းနေသော်လည်း အိပ်ရာပေါ်တွင် လှဲနေသည့်တိုင် အိပ်မပျော်နိုင်ဖြစ်နေသည်။သူ့စိတ်ထဲတွင် ဝေ့ဟွားနှင့်သာ ပြည့်နေပြီး ဘယ်လောက်ကြိုးစားပါစေ၊ အတွေးထဲမှ ထုတ်မရဖြစ်နေသည်။
“ငါမင်းကို တစ်ရက်အချိန်ပေးမယ်...ရောက်မလာခဲ့ရင် ငါတို့နှစ်ယောက်ရဲ့ အနာဂတ်ဆိုတာ မရှိတော့ဘူး”
ကွက်ကီးက ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်နေရင်း တီးတိုးရေရွတ်လိုက်သည်။ သူမည်သို့ အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ချေ။
ထိုအချိန်တွင် အောက်ထပ်၌ ရှန့်ကျားချီက ဘီစကစ်လေးကို မေးလိုက်၏။
“ဘီစကစ်...ဒီတစ်ခေါက် ဘယ်သူနဲ့ ခရီးသွားခဲ့တာလဲ”
“ဦးဦးဝေ့ ၊ ဦးဦးချန်လီ၊ ဦးဦးဝေ့ချန်နဲ့ ဦးဦးချန်လီရဲ့ အတန်းဖော်တွေ၊ ဆရာတွေနဲ့” ဘီစကစ်လေးက သူက လက်ချောင်း တုတ်တုတ်လေးများနှင့် ရေတွက်ရင်း ပြောလိုက်သည်။
ဦးဦးဝေ့?
ရှ့န်ကျားချီက သူမသိသည့် လူတစ်ယောက်ပါသည်ကို သတိထားမိလိုက်သည်။ အစက ထို “ဦးဦးဝေ့”ကို ဝေ့ချန်ဟု တွေးလိုက်သော်လည်း ဘီစကစ်လေးက အနောက်တွင် “ဦးဦးဝေ့ချန်” ဟု ပြောလာခဲ့သည်။ ၎င်းမှာ ထို “ဦးဦးဝေ့” က တခြားလူတစ်ယောက်ဟု ဆိုလိုနေသည်။
“ဘီစကစ်လေး...ဖိုးဖိုးကို ပြောပြ...ဒီ ဦးဦးဝေ့က ဘယ်သူလဲ” ရှန့်ကျားချီ ထပ်မေးလိုက်၏။
“ဦးဦးဝေ့က ဦးဦးဝေ့ပဲပေါ့” ဘီစကစ်လေးက ရှန့်ကျားချီကို အပြစ်ကင်းစွာကြည့်၍ ဖြေလိုက်သည်။
“အိုး...ဖိုးဖိုး...ဖုန်းခဏလောက် ငှားလို့ရမလား” ဘီစကစ်လေးက ရှန့်ကျားချီကို ချိုမြိန်ပြီးနူးညံ့သည့်အသံလေးဖြင့်ပြောကာ တိုတုတ်နေသည့် လက်လေးများက ရှန့်ကျားချီ၏ မျက်နှာကို ကိုင်လိုက်သည်။
ဘီစကစ်လေးက ဂိမ်းကစားနေချင်နေသည်ဟု ထင်မှတ်၍ ရှန့်ကျားချီက သူ့ဖုန်းကိုထုတ်၍ ထိုတိုတုတ်သည့် လက်များထဲသို့ ထည့်ပေးလိုက်သည်။
ဘီစကစ်လေးက ဖုန်းကိုယူ၍ ပြေးသွားလေသည်။ သူက ပြေးရင်းနှင့် ရှန့်ကျားချီကို လှည့်ပြောလိုက်သည်။ “ဖိုးဖိုး...သားရဲ့ အတန်းဖော်တွေကို ခရီးအကြောင်းပြောပြချင်လို့...ပြီးသွားရင် ဖုန်းပြန်လာပေးမယ်နော်”
ရှန့်ကျားချီက ဘီစကစ်လေး၏ ပုံရိပ်သေးသေးလေးကိုကြည့်၍ သံသယများက သူ့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။
တစ်ခုခုတော့မှန်မနေဘူး...။ အကြီးတစ်ကောင်တင် တစ်ခုခုဖြစ်နေတာမဟုတ်ဘူး...ဒီသေးသေးလေးလည်း တစ်ခုခုပဲ...။
ကိစ္စတစ်ခုခုရှိပြီး ၎င်းကလည်း ထိုမရင်းနှီးသည့် ဦးဦးဝေ့နှင့် ဆက်စပ်နေလိမ့်မည်။
ရှန့်ကျားချီက နှလုံးသားထဲတွင် သေချာခံစားမိနေ၏။
ရှန့်ကျားချီဆီမှ ငှားလာသည့် ဖုန်းကိုယူ၍ ဘီစကစ်လေးက သူ့အခန်းဆီသို့ ပြေးသွားလိုက်သည်။ သူက ဦးဦးဝေ့၏ ဖုန်းနံပါတ်ကို မှတ်ထားပြီးပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင်တော့ တုံ့ဆိုင်းခြင်းမရှိဘဲ နံပါတ်ကို နှိပ်လိုက်သည်။
ဝေ့ဟွားဖုန်းမြည်လာသောအခါ သူက ဝေ့ချန်တို့နှင့် စားသောက်ဆိုင်တွင် ညစာစားနေဆဲဖြစ်သည်။ မရင်းနှီးသည့် နံပါတ်ကိုကြည့်ရင်း သူဖြေချင်စိတ်မရှိချေ။ သို့သော်လည်း ခေါ်ဆိုလာသည့်တည်နေရာမှာ မြို့တော်မှ ဖြစ်နေကြောင်း ပြနေသည့်အခါ ကွက်ကီးက မြို့တော်သို့ သေချာပြန်ရောက်ကြောင်း ဖုန်းအားကုန်သွား၍ တခြားဖုန်းနှင့် လှမ်းခေါ်ခြင်းဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် ဝေ့ဟွားက ဖုန်းကို ချက်ချင်း ကိုင်လိုက်ကာ တစ်ဖက်မှ ဘီစကစ်လေး၏ ချိုမြိန်သည့် အသံလေး ထွက်လာတော့သည်။
“ဦးဦးဝေ့...ဒီညပြန်လာမှာလား” ဘီစကစ်လေး မေးလိုက်သည်။
ဝေ့ဟွားက “ဘာလို့လဲ” ဟု ထွက်သွားလုနီးပါးဖြစ်သွားပြီး “ဟုတ်တယ်” ဟုဖြေလိုက်၏။
“ဒါဆို ဒီညပြန်လာခဲ့” ဘီစကစ်လေးက ရှည်ရှည်ဝေးဝေး ရှင်းမပြလိုက်ချေ။ တကယ်တမ်းတွင် သူက ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချလိုက်သည်။
ဝေ့ဟွား ရှုပ်ထွေးသွားသည်။ သူက ထိုင်ခုံတွင် ခဏလောက် ငူငူငိုင်ငိုင်နှင့် ထိုင်နေမိ၏။ ပြီးမှ တစ်ခုခုကို သတိရသွားပြီးနောက် ရုတ်ရက် ထိုင်ခုံမှ ထရပ်လိုက်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဝေ့ချန်နှင့် ချန်လီတို့ကို လန့်သွားစေတော့သည်။
သို့သော်လည်း ဝေ့ဟွားတွင် ရှင်းပြနေရန်အချိန်မရှိချေ။ သူက အလျင်စလိုနှင့် ပြောလိုက်၏။
“အားချန်...ငါအခု မြို့တော်ကို ပြန်ရမယ်...ဒီတစ်ခေါက်တော့ မင်းငါ့ကိုကျွေးလိုက်တော့ကွာ” ပြောပြီးသည်နှင့် ဝေ့ဟွားက ချက်ချင်း စားသောက်ဆိုင်ထဲမှ ထွက်သွားတော့သည်။
ချန်လီက ထွက်ခွာသွားသည့် ဝေ့ဟွား၏ ပုံရိပ်ကိုကြည့်ရင်း မျက်နှာတွင် ရှုပ်ထွေးမှုများ ပြသလာသည်။
ဝေ့ချန်ကတော့ ဘာတွေဖြစ်နေလဲ သိသည်။ သူက ချန်လီ၏ ဆံပင်ကိုသပ်ပေး၍ ပြောလိုက်သည်။ “သူ့ကို လျစ်လျူရှုထားလိုက်...စားရအောင်”
ချန်လီက ခေါင်းညိတ်လိုက်ကာ အပြုံးလေးနှင့်အတူ ဝေ့ချန် သူ့အတွက် ထည့်ပေးထားသည့် ဟင်းကို စားလိုက်သည်။
ဤစားသောက်ဆိုင်မှ အစားအစာများက အရသာရှိသည်။ အလုတ်အနည်းငယ် စားပြီးနောက် ချန်လီက ဝေ့ဟွား၏ ကိစ္စကို လုံးဝမေ့ပျောက်သွားပြီး အရသာရှိသည့် အစားအစာများကိုသာ အာရုံရောက်သွားတော့သည်။ ဝေ့ချန်က ချန်လီကို ကျွေးမွေးရန် တာဝန်ရှိသည်။ သူပျော်ပျော်ရွှင်ရွှင်နှင့် စားနေသည်ကို ကြည့်နေသည်က သူ့ကိုလည်း ဗိုက်ပြည့်စေသည်။
သူတို့၏ နောက်ကျနေသည့် ညစာအား စားပြီးချိန်တွင် ဝေ့ချန်ရော ချန်လီနှစ်ယောက်လုံးက နှလုံးသားထဲမှ အလိုဆန္ဒများပြည့်သည်အထိ စားသောက်လိုက်ကြခြင်းဖြစ်သည်။
💘