Chapter 42
Viewers 4k

Ch 42 မူလအပြစ်




သူသည် မိုးရေများနှင့် ရောထွေးနေပြီး သူ့မျက်လုံးများတွင် သွေးများပြည့်နေခဲ့သည်။ တစ်စုံတစ်ယောက် စကားပြောနေသည်ကိုကြားလိုက်ရသည်။ သူ့နားထဲသို့ မပီဝိုးတဝါး ပြောလာသံက တိုးဝင်လာခဲ့သည်။



--"မင်းငါ့ကို စွန့်ပစ်ချင်နေတာလား...." 



သူ့မျက်လုံးထဲက အနီရောင်တောက်တောက်သွေးများက တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။ မြင်ကွင်းက အခန်းတစ်ခု ဖြစ်သွားခဲ့ပြီး ခေါင်းငုံ့ထားကာ ကုလားထိုင်ပေါ် ထိုင်နေသည့် သူ့ကိုယ်သူကို တွေ့လိုက်ရသည်။



"ငါ...ငါတောင်းပန်ပါတယ်"



သူ့ကိုယ်သူပြန်ပြောသည်ကို ကြားလိုက်ရပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရသည်။



နျဲ့ရှီက "မဟုတ်ဘူး" လို့ပြောသည်ကို သူကြားလိုက်ရသည်။



သူ ထိုနွေဦးသို့ ပြန်ရောက်သွားခဲ့သည်။ ပြတင်းပေါက်များပေါ်တွင် နှင်းခဲအလွှာတစ်ခုကရှိနေပြီး နံနက်ခင်းအလင်းရောင်သည် လင်းထိန်မနေကာ မှုန်ဝါးဝါးဖြစ်နေခဲ့သည်။



မြင်ကွင်းများထဲတွင် ဖန်ချန်းသည် မျက်လုံးများကို ညင်သာစွာမှိတ်ထားလိုက်ရင်း နျဲ့ရှီကို ပြန်ပွေ့ဖက်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။



"မေ့လိုက်ပါတော့... ငါက ဒီတိုင်းနောက်လိုက်တာ" 



သူက ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ နျဲ့ရှီကို တစ်ယောက်ထဲဘယ်လိုထားခဲ့နိုင်မှာလဲ... ဒီတိုင်း သူက အခုသူ့ကိုယ်သူ မကယ်တင်ချင်ရုံပင်...



ဒီလိုနဲ့ ဘဝက ဆက်သွားနေခဲ့သည်...



နျဲ့ရှီသည် အလုပ်ပြောင်းခဲ့ပြီး လစာက သူဆရာလုပ်တုန်းကထက်တောင် ပိုကောင်းသွားခဲ့သည်။ နောက်ဆုံးတွင် သူတို့နှစ်ဦး၏ဘဝသည် အနည်းငယ်တိုးတက်လာခဲ့ပြီး နျဲ့ရှီသည် အားလပ်ချိန်များပိုရခဲ့သည်။ သို့သော် သူတို့နှစ်ယောက်သည် ခရီးထွက်ဖို့ကိုတော့ ထပ်မပြောကြတော့‌ေပ။ အချိန်ကြာလာသည်နှင့်အမျှ မေ့ပျောက်ခဲ့ကြပြီး သူတို့ကြားတွင် မမြင်နိုင်သော အတားအဆီးတစ်ခု ဖြစ်လာပုံရသည်။



ဖန်ချန်းက တဖြည်းဖြည်း ပြုံးတာကို ရပ်လာခဲ့ပြီး သူ့မျက်လုံးများတွင် အရိပ်တစ်ခုက ဖုံးလွှမ်းလာခဲ့သည်။



သူတို့အားလုံးသည် လက်တွေ့ဘဝကြောင့် ပြောင်းလဲလာခဲ့ကြရသည်။



ထိုကာလအတွင်း ဖန်ချန်းသည် ကုန်တိုက်တစ်ခု၌ နျဲ့ရှီ၏မွေးစားမိဘများကို တွေ့ခဲ့ရသေးသည်။ သူတို့သားငယ်နှင့်အတူ ဈေးဝယ်ထွက် နေကြပြီး မိသားစုအချင်းချင်း ရယ်ရယ်မောမော ပြောဆိုနေကြသည်။



သူသည် သူတို့နှင့် မနီးမဝေးတွင် ရပ်နေခဲ့ပြီး သူ့နှလုံးက တဆတ်ဆတ် ခုန်နေခဲ့ကာ သူ့တစ်ကိုယ်လုံး သွေးများ အေးစက်လာသည်ကို ခံစားလိုက်ရသည်။ လက်ချောင်းများ တောင့်တင်းလာကာ လက်သီးတောင် မဆုပ်နိုင်တော့ပေ။



အဲဒါက တခြားသူများ၏ ပျော်ရွှင်မှုဖြစ်နေပြီး သူ ဒါမှမဟုတ် နျဲ့ရှီနှင့် ဘာမှမဆိုင်ခဲ့ချေ။



ဖန်ချန်းသည် အဝေးကိုကြည့်လိုက်ပြီး ရှားရှားပါးပါး လျစ်လျူရှုမှုကို တမင်တကာ ပြသခဲ့လိုက်သည်။ သို့တိုင်အောင် သူ့လက်များကို တင်းတင်း မဆုပ်ကိုင်နိုင်သေးကာ သူ့လည်ချောင်းတဝိုက်ကို မမြင်နိုင်သည့် လက်တစ်ခုကတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသလိုခံစားနေခဲ့ရသည်။ သူသည် နျဲ့ရှီကို မပြောခဲ့ပေ။ 



သူဘယ်လိုပြောရမှာလဲ....တချို့လူတွေက မင်းကို နာကျင်အောင် လုပ်ပြီးတာတောင်မှ ကောင်းကောင်းနေနိုင်ကြသေးတယ် ဆိုပြီးတော့လား....



ဒါရိုက်တာအဖွားကို ဆေးရုံတင်ထားရပြန်ခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူသည် ဆေးရုံက ချက်ချင်းပြန်မလာခဲ့ပေ။ သူအဲဒီမှာ လအတော်ကြာနေခဲ့သည်။



ရာသီဥတုက သာယာနေခဲ့ပြီး ဖန်ချန်းသည် အဖွားဆီ အလည်လာဖို့ ကားအကြာကြီးစီးခဲ့ရသည်။ သူမသည် ကိုယ်အလေးချိန်များစွာ လျော့ကျသွားပုံရပြီး အရိုးများပေါ်တွင် အရေပြားပါးပါးလျလျ ရစ်ပတ်ထားလျက်ရှိနေခဲ့သည်။ သူမ၏ သွေးကြောများနှင့် သွေးပြန်ကြောများ ဖောင်းပွနေခဲ့ပြီး အနက်ရောင် ဆံပင်များအစား ငွေရောင်ချည်မျှင်ဆံပင်များကပိုမိုရှိနေခဲ့သည်။



ဒါရိုက်တာအဖွားက နိုးလာခဲ့ပြီးနောက်တွင် ပြတင်းပေါက်နားမှာ ရပ်နေသည့် ဖန်ချန်းကို တွေ့လိုက်ရသည်။



"အရင်တစ်ခေါက်ကတော့ သားနဲ့ နျဲ့ရှီ အတူတူလာခဲ့ကြတာ"



ဖန်ချန်းသည် ပြတင်းပေါက်ကိုဖွင့်တာရပ်လိုက်ပြီး ဆေးရုံကုတင်ကိုပြန်ကြည့်လိုက်သည်။



"...နောက်တစ်ခါ သူနဲ့အတူ အဖွားကိုတွေ့ဖို့လာခဲ့ပါမယ်"



ကံမကောင်းစွာပဲ..နောက်တစ်ကြိမ်မှာလည်း သူတစ်ယောက်တည်းပဲ အသီးအနှံတွေသယ်ကာရောက်လာခဲ့ပြန်သည်။ ကုတင်အစွန်းမှာ ထိုင်‌ကာ ပန်းသီးကို အခွံခွာနေရင်း နွမ်းလျလျ လက်တစ်စုံက ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့လက်ဖမိုးကို အုပ်လာခဲ့သည်။ ဖန်ချန်းသည်ခေါင်းကိုမြှောက်လိုက်ပြီး ဒါရိုက်တာအဖွားက စကားပြောလာခဲ့သည်။



"နောက်တစ်ခါကြ ပန်းစည်းလေး ယူလာပေးပါအုံးကွယ်...အပြင်မထွက်တာ ကြာပြီဆိုတော့ ပန်းတွေ အခုဆိုဘယ်လိုပွင့်နေပြီလဲလို့ တွေးမိတယ်"



"ကောင်းပါပြီ" ဖန်ချန်းက ပြန်ဖြေလိုက်သည်။



သူ့လက်ထဲမှာပင် ပန်းသီးအခွံ ကတစ်ဝက်ပြတ်သွားခဲ့သည်။ သူသည် ပန်းသီးကိုကောင်းကောင်းမခွာနိုင်ပေ။ နျဲ့ရှီသာဆိုပန်းသီးအခွံကိုမပြတ်စေဘဲ ပန်းသီးတစ်လုံးလုံးအမြဲခွာနိုင်ခဲ့သည်။ ။



ထို့နောက် တစ်နေ့ဖန်ချန်းအိမ်ပြန်ရောက်ချိန်တွင် ဧည့်ခန်းက မီးများဖွင့်လိုက်သည်နှင့် နျဲ့ရှီသည် ဆိုဖာပေါ်မှာ ခွေခွေလေးလှဲနေတာ တွေ့လိုက်ရသည်။ ဖန်ချန်းက သူ့နဖူးကို လှမ်းကိုင်လိုက်ပြီးမေးလိုက်သည်။



"မင်း ဖျားနေတာလား...ဘာလို့ အိပ်ယာမှာသွားမအိပ်တာလဲ"



နျဲ့ရှီက သူ့လက်ကို ဆုပ်ကိုင်လာခဲ့ပြီး သူ့နဖူးပေါ် ပိုဖိလိုက်သည်။ ထို့နောက် ရှုပ်ထွေးနေပြီး လေးလံကာ နှာသံပါနေသည့်အသံဖြင့်ပြောလာခဲ့သည်- 



"မင်းကို စောင့်နေတာ..."



ဖန်ချန်းက ခဏလောက် ကြောင်အသွားပြီး မရယ်မောဘဲမနေနိုင်ခဲ့ပေ။



"ဘာလို့ ငါ့ကို စောင့်နေတာလဲ.. ငါက ရုတ်တရက် ပျောက်သွားမှာလည်း မဟုတ်..." 



သူ့စာကြောင်း ဒုတိယတစ်ဝက်သည် နျဲ့ရှီ၏ အနမ်းများကြား ပျောက်ကွယ်သွားခဲ့သည်။ နျဲ့ရှီက သူ့ကော်လာကိုဆွဲကိုင်လာပြီး ... ကျပန်းအတွေးများအပါအဝင် အရာအားလုံးကို အရည်ပျော်သွားစေလောက်အောင် ပူလောင်သောအပူချိန်ဖြင့် သူ့ကိုနမ်းလာခဲ့သည်။



ဖန်ချန်းသည် ဆိုဖာပေါ်တွင် ဖိထားခံခဲ့ရသည်။ထို့နောက် သူတို့ပွေ့ဖက်ခဲ့ကြသည်။ နျဲ့ရှီက သူ့အား တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ဖန်ချန်း၏ လည်ပင်း၌ သူ့နဖူးကို ဖိကပ်ထားခဲ့သည်။



"မဟုတ်သေးပါဘူး..." 



ဖန်ချန်းသည် အနည်းငယ် အားကိုးရာမဲ့သလိုခံစားလိုက်ရပြီး ရယ်မြူးရိပ်များစွန်းနေသောအသံဖြင့်ပြောလိုက်သည်။



"မင်းဘာလုပ်နေတာလဲ"



"မင်းကိုဖက်နေတာလေ" 



နျဲ့ရှီ၏အသံသည် ဖန်ချန်း၏လည်ပင်းဘေးမှ နူးညံ့စွာထွက်လာကာ သူ့ကိုအကြိမ်အနည်းငယ် ရယ်မောစေခဲ့သည်။



"မင်း ဆေးသောက်ပြီးသွားပြီလား" 



ဖန်ချန်းက သူ့ဆံပင်များကို ညင်သာစွာ ဆွဲဖွလိုက်သည်။



နျဲ့ရှီက ပိုလို့တောင်တိုးဖက်လိုက်ပြီး သူ့၏ နွေးထွေးသည့် အသက်ရှုသံများက သူ့အရေပြားကို ရိုက်ခတ်နေကာ နှလုံးသားကို နူးညံ့ကာအ‌ရေပျော်လာစေခဲ့သည်။



"ငါ ကားတစ်စီးဝယ်ခဲ့တယ်" 



နျဲ့ရှီက ခေါင်းကို မော့လာခဲ့သော်လည်း ဖန်ချန်းကို မကြည့်ဘဲ ပြောလာခဲ့သည်။



ဖန်ချန်းသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး ဘာပြောစရာမရှိတော့သည်ကို သိလိုက်သည်။ နျဲ့ရှီ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရရန် ခေါင်းကိုစောင်းလိုက်သည်။



"အဲ့တာ ဘာဖြစ်လို့လဲ.. မင်းအရင်က ဝယ်ချင်တယ်လို့ အမြဲပြောခဲ့ဖူးတာပဲဟာ... ဘာမှားလို့လဲ"



"...ငါတို့ လမ်းလျှောက်ထွက်ကြမလား" 



နျဲ့ရှီက သူ့လက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး "ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်"



ဖန်ချန်းက ရုတ်တရက် ပြန်မဖြေနိုင်ခဲ့ပေ... နျဲ့ရှီဆိုလိုသော “လမ်းလျှောက်ထွက်” သည်မရိုးရှင်းလှပေ။ သူက....ဖန်ချန်းကို ခရီးအတူသွားကြရန် ဖိတ်ခေါ်လိုက်တာဖြစ်သည်။



ဖန်ချန်း၏ မျက်လုံးများသည် ဖြူဖွေးနေသည့် မျက်နှာကျက်ပေါ်ကို တခဏတာမျှ စိုက်ကြည့်နေခဲ့သည်။ သူသည် တခါတလေ လေထဲမှာပဲ ပေါ့ပေါ့ပါးပါး လွင့်မျောနေသလို မျိုးခံစားရသည် ခြေဖဝါးများက မြေပြင်ကို မထိနိုင်ဘဲ ကြောင်စီစီနဲ့ ရှေ့ကို လျှောက်သွားနေရသည်။ သို့သော်အခုတွင် သူသည်ဆိုဖာပေါ်တွင် ဖိခံထားရပြီး နျဲ့ရှီက သူ့ကိုလွှတ်ဖို့ ငြင်းဆန်နေခဲ့သည်။ သူအမှန်တကယ်ဒီမှာရှိမှန်းသိအောင် အလေးချိန်ကိုခံစားနေရသည်။ 



"ကောင်းပြီ" 



ဖန်ချန်းကပြုံးလိုက်ပြီး နောက်ကျနေသော်လည်း ခရီးစဉ်ကို သဘောတူလိုက်သည်။



"ဒါပေမယ့် နောက်လကြရင်တော့ အဖွားဆီ အရင်သွားလည်ဖို့ အချိန်ပေးကြရအောင်"



အားလုံးကအဆင်ပြေလာခဲ့သည်... တဖြည်းဖြည်းနဲ့ ပိုကောင်းလာခဲ့ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးဖို့ ကြိုးစားခဲ့ကြသည်...



သို့သော်လည်း... သူက သေသွားခဲ့တုန်းပင်...



အဆက်မပြတ် မိုးဖွဲဖွဲလေးများနှင့်အတူ မြေကြီးထဲ နစ်မြုပ်နေသည့် အနက်ရောင်သေတ္တာကြီးထဲသူရှိနေခဲ့သည်။



သူ..ဘာပြစ်မှုကျူးလွန်ခဲ့လို့လဲ...



သူ့ပတ်ဝန်းကျင်က တဖြည်းဖြည်း မှိန်ဖျော့လာကာ ကွက်လပ်ဖြစ်သွားခဲ့သည်။ ဖန်ချန်းသည် ဘယ်လိုပဲ လှည့်ကြည့်နေပါစေ သူ့နောက်တွင် အဆုံးမရှိသော အဖြူရောင်များသာ ရှိနေခဲ့သည်။



သူ့ရှေ့ရှိ ရုတ်တရက်ပေါ်လာသော မှန်တစ်ချပ် ကိုကြည့်လိုက်သည်။



သူ့ကြည့်လိုက်ရာ မှန်ထဲတွင် သူ့ကိုယ်သူကို မြင်လိုက်ရသည်။



ဖန်ချန်းသည် မှန်ပေါ်ကို သူ့လက်ဖြင့် ညင်သာစွာထိလိုက်သည်နှင့် မှန်ပေါ်တွင်လှိုင်းလေးများကထလာခဲ့သည်။ မှန်ထဲက လူငယ်လေးသည် သူနဲ့ အတိအကျ မျက်နှာတူနေသော်လည်း အမူအရာက မတူနေပေ။ မှန်ထဲရှိ ပယင်းရောင်မျက်လုံးများတွင် အရာများစွာ ပါ၀င်နေခဲ့ပြီး သူ့အပြုံးသည် တောက်ပနေခဲ့သည်။



"နိုးထချိန်ရောက်ပြီ" 



မှန်ထဲကလူကပြောလာခဲ့သည်။ ထိုသူ့လက်သည် သူ့လက်အရွယ်အစားနှင့် အတူတူပင်ဖြစ်နေကာ ထိုသူကဆက်ပြောလာခဲ့သည်။



"သူ မင်းကို စောင့်နေတယ်"



"ဘယ်သူလဲ နျဲ့ရှီလား..."



 ဖန်ချန်းသည် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ အဖြူရောင်အရာများသည် တဖြည်းဖြည်း အရည်ပျော်သွားခဲ့ပြီး မီးခိုးရောင်ကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မိုးရေစက်များက သူ့ပါးပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။



"မင်းက.. ဘယ်သူလဲ!!"



မှန်ထဲကလူမပျောက်သွားခင် သူအလျင်စလို မေးလိုက်သည်။



မှန်ထဲကလူက သူ့လက်ကို ချလိုက်ပြီး သူ့မျက်လုံးများက ဆယ်ကျော်သက်အရွယ်လေးလိုမျိုး နူးညံ့သိမ်မွေ့နေကာ ပျော်မြူးရိပ်များအနည်းငယ်သန်းနေလေသည်။ ကလေးဆန်သော နောက်ပြောင်မှုအချို့ကို ကစားဖို့ကြိုးစားရင်း "ငါက မင်းပဲလေ" ဟု ရေရွတ်လာခဲ့သည်။ သူ့လက်က မှန်ထဲမှ ဆန့်ထွက်လာခဲ့ပြီး ဖန်ချန်း၏ပါးပြင်ကို ထိတော့မလိုပင်...။



ဖန်ချန်းသည် အိပ်မက်ထဲ၌ သူ့မျက်လုံးများကို ဖွင့်ရန် ရုန်းကန်နေခဲ့ရပြီး ဘီးများဖြင့် သူ့အရိုးများကို ဖိချေခံထားရသည့် နာကျင်မှုက ပြန်ရောက်လာခဲ့သည်။သူသည် ကျဉ်းကျပ်နေသော ကားဆီသို့ ပြန်ရောက်သွားခဲ့ပြီး မှန်ကွဲနေသောကားမှန်များဆီသို့ ခေါင်းကို မော့လိုက်သည်။



သေခြင်းတရားသည် သူ့အား တစ်ဖြည်းဖြည်းချင်း တိုက်စားသွားပြီး နာကျင်မှုကို ခံနိုင်ရည်ရှိလာခဲ့သည်။



မိုးတိမ်ထူထပ်သောနေ့တွင် သူသည် မိုးရေစက်များ တပေါက်ပေါက်ကျသံကို နားထောင်ရင်း ပြင်းပြင်းထန်ထန် မောပန်းလာခဲ့သည်။ သူ့နှလုံးခုန်သံများက ရပ်တန့်သွားမလိုအထိ တဖြည်းဖြည်း အားနည်းလာခဲ့သည်။



သူ လှုပ်ရှားနိုင်နေသည်...



ဖန်းချန်းက ကွဲကြေနေသည့် မှန်များထဲကနေ တွယ်တက်လာခဲ့ပြီး နောက်ထပ် "ကလစ်" နဲ့ "ကလစ်" အသံများက ထွက်ပေါ်လာခဲ့သည်။ ကားအောက်ခြေ၌ ဖိခံထားရသည့် သူ့ခြေထောက်များကို ဆွဲထုတ်လိုက်သည်။



ခြေထောက်များက ကောက်ကွေးနေပြီး သူ့ဂျင်းဘောင်းဘီက စုတ်ပြတ်သတ်နေကာ အသားနှင့်အရေပြားများက သူ့ခြေထောက်မှာ တွဲလောင်းကျနေခဲ့သည်။ သွေးနှင့် မြေဆီလွှာတို့သည် ရောနှောနေကာ ခြေထောက်ပေါ်ရှိနေခဲ့သည်။



မိုးများက ဘယ်လောက်ပဲ ကျယ်လောင်စွာရွာနေပါစေ သူ့ ဦးနှောက်ထဲသို့ ရှည်လျားသော လက်သည်းခွံမျာ ထိုးဖောက်လာသလို အနှောက်အယှက် ဖြစ်စေသည့် အရိုးများကြီးထွားသည့် အသံက သူ့နားထဲ စိမ့်ဝင်လာခဲ့သည်။ သူ့အရိုးတွေကြား ယားယံနေပြီး ဦးနှောက်ရှိ သွေးကြောများက တဒုန်းဒုန်းခုန်နေကာ ခန္ဓာကိုယ်က သူ့အလိုလို ပြန်လည်ပြုပြင်နေခဲ့သည်။ ဖန်ချန်းသည် ရိုးရိုးလေး ဒူးထောက်ထိုင်လိုက်ရာ ချွန်ထက်သော ဖန်သားပြင်ပေါ်သို့ ဒူးထောက်မိသလိုဖြစ်သွားပြီး ဒူးခေါင်းကိုမှန်စများထိုစိုက်သွားကာ သွေးထွက်လာခဲ့သည်။ သူ့လက်များက အားနည်းပြီး အောက်ကျသွားခဲ့သည်။သူ့မျက်တောင်များအပေါ်တင်နေသည့် မိုးရေစက်များကိုဖယ်ဖို့လက်မြှောက်လိုက်ကာ... ရုတ်တရက် တစ်စုံတစ်ခုကို ထိလိုက်မိလိုက်ပြီး အေးစက်နူးညံ့သည့် အထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။



ဖန်ချန်းသည် အေးခဲသွားပြီး သူ အသက်ရှင်နေသေးသည်ကိုသိလိုက်ရသည်။ ထို့နောက် သူ့နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့ပြီ - သူ့ဘေးတွင် တစ်ယောက်ယောက်ကရှိနေခဲ့သည်။



သူ တစ်ခုခုကို မေ့နေခဲ့သည်...



ဘာလဲဆိုသည်ကို အခုချိန်ထိ တွေးမရသေးပေ...



လီလီပန်းရနံ့က သင်းပျံ့နေပြီး မိုးသံများက သူ့နားကို ရိုက်ခတ်လာခဲ့သည်။



သူ သတိရမိသွားခဲ့သည်... ထိုနေ့မနက်သည် မိုးရွာသောနေ့ဖြစ်သည်ကို သတိရသွားခဲ့သည်။ သူနှင့် နျဲ့ရှီသည် ဒါရိုက်တာအဖွားထံ အလည်သွားရန် စောစောစီးစီး ပြင်ဆင်ခဲ့ကြပြီး လီလီပန်းစည်းကြီးကိုပါ ယူလာခဲ့ကြသည်။



ဖန်ချန်းသည် အနံ့ကို အသားမကျသေးသောကြောင့် ပန်းစည်းကို သူ့ပေါင်ပေါ်တွင်သာတင်ထားခဲ့သည်။ သူသည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး နျဲ့ရှီက ကားမောင်းနေခဲ့သည်။



မနက်အစောကြီးဖြစ်သည်ကြောင့် မီးခိုးရောင်ကောင်းကင်ကြီးနှင့်အတူ မိုးဖွဲဖွဲလေးများကျနေခဲ့သည်။



တောင်တက်လမ်းသည် ရွှံ့များထူထပ်နေပြီး ပတ်ဝန်းကျင်၌ ဘယ်သူမှမရှိကာ တိတ်ဆိတ်နေခဲ့သည်။



သူနှင့် နျဲ့ရှီတို့သာ ရှိခဲ့သည်။



ဖန်ချန်းသည် ခေါင်းငုံ့ကာ သူ့လက်ဖဝါးများကိုသူ ကြည့်လိုက်သည်။ ရုတ်တရက်၎င်းတို့သည် ပျော့ပျောင်းပြီး ပုပ်ဆွေးသွားကာ သွေးများနှင့် အညစ်အကြေးများ ရောနှောနေသည့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် အပျက်အစီးများကြားတွင် ဒူးထောက်ထိုင်နေခဲ့ပြီး အချိန်အကြာကြီးခေါင်းကိုငုံ့ထားခဲ့သည်။ မိုးရွာနေသည်ကြောင့် သူ့အဝတ်အစားများက စိုစွတ်နေခဲ့ပြီး လက်ဖဝါးများက ပုပ်ပွနေခဲ့သည်။



"ဖန်ချန်း..."



"ဖန်ချန်း"



သူ့ကို ဘယ်သူခေါ်နေတာလဲ...



ထိုအရာက သူ့နားရောက်လာဖို့ ကြိုးစားနေခဲ့သည်။



ဖန်ချန်းသည် နောက်ဆုံးတွင် သူ့ခေါင်းကို ဘေးသို့စောင်းလိုက်ရင်း မျက်လုံးများကို ငဲ့ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ကို ဆန့်တန်းလိုက်ပြီး အရိုးများပေါ်နေသည့်လက်ဖဝါးပေါ်တွင် တင်ထားလိုက်ကာ တုန်တုန်ယင်ယင်နှင့် လက်ချောင်းများကို ယှက်ထားလိုက်သည်။



သူ့ပတ်ဝန်းကျင်မှာ လူရှိနေခဲ့သည်...



သွေးများက ကမ္ဘာမြေကြီးကို ဆေးကြောနေသည်။



--သူ့ဘေးနားကသူသည်... နျဲ့ရှီပင်...



မိုးများက သည်းထန်စွာ ရွာချလာခဲ့ပြီး အနက်ရှိုင်းဆုံး ချောက်ကမ်းပါး၏ အောက်ခြေရှိ အပြစ်ကို ဖုံးလာခဲ့သည်။



သူသည် နှလုံးမှစပြီး ခေါင်းမှ ခြေဖျားအထိ တရွေ့ရွေ့ ပုပ်ပွလာခဲ့သည်။



"ဖန်ချန်း"



ဖန်ချန်းသည် သူ့ခေါင်းကို မော့လိုက်ကာ သူ့ကိုယ်သူ လူငယ်တစ်ယောက်လို မြင်လိုက်ရသည် ။ သူ၏ ကြည်လင်သော မျက်လုံးများနှင့် ဂရုမစိုက်သော အပြုံးတို့သည် အပြစ်ကင်းစင်နေပြီး တဖြေးဖြေးနောက်ပိုင်းတွင် သူနှင့်မတူတော့ချေ...



သူက သူ့ကိုယ်သူ နိုးထလာစေရန် ကြိုးစားနေပြီး သတိပေးဖို့ ကြိုးစားနေခဲ့သည်...



သူက...နျဲ့ရှီကို မသတ်ခဲ့ပေ...



သူနှင့် နျဲ့ရှီတို့က အတူ သေဆုံးခဲ့ကြတာဖြစ်သည်..



"မင်းပြောချင်တာက ဒီကလူတိုင်းကအပြစ်ရှိတယ်လို့လား... မင်းကကော"



"ဟုတ်တယ် ငါတို့မှာလည်း အပြစ်ရှိတယ်.."



- သူတို့၏ မူလအပြစ်သည် လူမဝင်စားချင်ခြင်းသာဖြစ်သည်။



×××××××××××



စာရေးသူတွင်ပြောစရာတစ်ခုရှိပါတယ်- အချိုသိပ်မရှိဘူးမလား... ဒါပေမယ့် သူတို့ရဲ့ အပြန်အလှန် တုံ့ပြန်မှုတွေအကြောင်း ရေးလိုက်တိုင်း သကြားလုံးလိုပဲလို့ ခံစားမိနေတာ



!! နောက်ဆုံးတော့ ရေးလိုက်နိုင်ပါပြီ!!



အံ့အားသင့်သွားကြရဲ့လား...