Chapter 41
Viewers 4k

Ch 41 တွင်းနက်ကြီး




အေးစက်မှု



လက်ချောင်းထိပ်တွေဆီမှ စိမ့်ဝင်လာခဲ့သည့် အေးစက်မှုတစ်ခု...



ခန္ဓာကိုယ်က နွေးနေသော်လည်း ခြေလက်များက အေးစက်နေခဲ့သည်....



ဖန်ချန်းသည် ကားမှန်ကို မှီထားရင်း ကားရှေ့က လမ်းညွှန်ချက်ကို စိုက်ကြည့်လိုက်သည်။ ဖုန်းစခရင်ပေါ်ရှိ အနီရောင်အစက်လေးသည် ဦးတည်ရာဆီသို့ ပို၍နီးကပ်လာခဲ့သည်။



ဝမ်ဟွေ့ဝမ်သည် နောက်ကိုအကြိမ်ကြိမ် လှည့်ကြည့်ရန် ကြိုးစားချင်မိသော်လည်း မဝံ့မရဲဖြစ်နေမိသည်။ သူမ၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်နေသည်။ သူမ၏ လက်များသည် မသိစိတ်အရ ကားလက်ကိုင်တန်းကို ခပ်ဖွဖွ ဆုပ်ကိုင်ထားမိပြီး..သူမ၏ နောက်ကျောသည် ချွေးများဖြင့် ဖုံးလွှမ်းနေ၍ တောင့်တင်းနေကာ နောက်ကိုမှီမချဝံ့ပေ။



ဖန်ချန်းသည် ခေါင်းငုံ့လိုက်ပြီး သူ့လက်ချောင်းအဆစ်တွေကို လှည့်ကြည့်သည့် အချိန်မှာပဲ သူမ တစ်ချက်ခိုးလှည့်ကြည့်လိုက်ပြီး နှလုံးခုန်သံတွေက ပိုမြန်လာခဲ့သည်။ ကျန်းရွေ့၏လက်များသည် အနည်းငယ်တုန်ယင်နေပြီး သူသည် စတီယာရင်ဘီးကိုကိုင်ထားကာ ဝမ်ဟွေ့ဝမ် ၏လှုပ်ရှားမှုများကို ဖော်မပြနိုင်သော စိတ်ရှုပ်ထွေးမှုများဖြင့် ကြည့်နေသည်။



လမ်းက ပိုကြမ်းလာခဲ့သည်... လမ်းပေါ်တွင် အဆောက်အဦများ တဖြေးဖြေး ပါးလာခဲ့ပြီး လမ်းနှစ်ဖက်လုံးနီးပါး သစ်ပင်များဖြင့် တဖြည်းဖြည်း ပြည့်နှက်လာတော့သည်။



မိုးရွာ‌နေခြင်း ... ရွှံ့တောင်စောင်းပေါ်... မြက်အနံ့မြေနံ့များ...



သူတို့ တောင်ပေါ်သို့ ဆက်မောင်းသွားခဲ့ကြသည်။



ဘယ်သူမှ အပြင်ဘက်ကိုအာရုံစိုက်မနေကြပေ။ ဖန်ချန်းသည် ခေါင်းငုံ့လိုက်ပြန်သည်။ ဝမ်ဟွေ့ဝမ်က သူ့လုပ်ရပ်များကို အမြဲတမ်း အာရုံစိုက်နေခဲ့သည်။ ကျန်းရွေ့၏စိတ်သည်ပင် ကားမောင်းနှင်နေခြင်းအပေါ်တွင်ရှိမနေပေ။ သူက ဘေးဘယ်ညာလှည့်ပတ်ကြည့်နေပြီး သူဘာတွေတွေးနေလဲမသိနိုင်ပေ။



ကားက ရုတ်တရက် ထိုးရပ်သွားခဲ့သည်။ဖန်ချန်းသည် ခေါင်းမော့ကာကြည့်လိုက်သည်။ ကျန်းရွေ့က သူ့ခေါင်းကို လှည့်ပြီးခြောက်ကပ်စွာ ပြောလာခဲ့သည်။ 



"အင်ဂျင်ရပ်သွားတာ..." 



သူက...ရည်ရွယ်ချက်ရှိရှိ ရပ်လိုက်သည်မှာထင်ရှားလှသည်။



ဖန်ချန်းသည် ကားလက်ကိုင်ကို လက်ညိုးဖြင့် နှစ်ကြိမ်ဖိကြည့်ရင်း ကျန်းရွေ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။



ကျန်းရွေ့ : "အာ...မင်း ဘာလို့ ငါတို့အတွက်အောက်ဆင်းပြီး မကြည့်ပေးတာလဲ"



ဝမ်ဟွေ့ဝမ်က အခုထိနောက်ပြန်လှည့်မကြည့်လာသေးပေ။ သူမက နောက်ကျောကို တည့်တည့်မတ်မတ် ထားထားရင်း မိုးရေများကျနေသည့် ကားမှန်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ကားမှန်ပေါ်တွင် မိုးရေစက်များက လိမ်ကောက်ကာချောင်းငယ်လေးဟန်ရှိနေလေသည်။



ကားထဲရှိ လေထုသည် ထူးဆန်းလာတော့သည်။ ဖန်ချန်းက မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းကိုငုံ့လိုက်ကာ ထို့နောက်တစ်ဖန်ပြန်မြှောက်လိုက်သည်။



လေထုသည် အနံ့အသက်ဆိုးများနှင့်အတူအေးစက်နေပြီး အဆုတ်ထဲသို့ပင် အေးစိမ့်မှုကဖြတ်ဝင်သွားသည်။



"မသွားဘူး" ဖန်ချန်းက တိုးတိုးလေးပြောလိုက်သည်။



ကျန်းရွေ့က သူ့ညာလက်မောင်းကို မမြင်အောင် လှုပ်ယမ်းလိုက်ကာပြောလိုက်သည်။



"ဒါဆို အခု ငါတို့ ဘယ်လိုလုပ်သင့်လဲ"



"ကလစ်"ခနဲအသံတစ်ခုနှင့်အတူ ကျန်းရွေ့သည် အနောက်တံခါးကို တွန်းဖွင့်လာခဲ့သည်။ ဖန်ချန်းသည် ကားတံခါးကို မှီထားတာကြောင့် မထင်မှတ်ပဲ ခန္ဓာကိုယ်တစ်ဝက်က အပြင်ဘက်ယိုင်ကျသွားခဲ့သည်။ တံခါးက တစ်ဝက်လောက် ဟနေပြီး မိုးသံများက ကားထဲတိုးဝင်လာ၍ အေးစက်နေသည့်လေများကလည်းစိမ့်ဝင်လာကာ ဝမ်ဟွေ့ဝမ်သည် တုန်ယင်လာတော့သည်။



ဖန်ချန်းသည် ငြိမ်သက်သွားပြီး ကားလက်ကိုင်ပေါ်မှ သူ့လက်ကို ဖိလိုက်သည်။ သူ့နောက်ကျောသည် မိုးရေစက်များဖြင့် ဖုံးလွှမ်းနေပြီး သူ့ပခုံးတစ်ဝက်လောက်က စိုစွတ်လာတော့သည်။



"မင်း ဘာလုပ်မလို့လဲ!"



"ဘာမှ မလုပ်ချင်ပါဘူး" 



ကျန်းရွေ့က ဆုံးဖြတ်ချက်တစ်ခုခုချလိုက်သလိုပဲ မျက်နှာတည်သွားကာ အေးစက်စက်ပြောလိုက်သည်။



"ဖန်ချန်း မင်းက ငါတို့ကို ကြောက်စေတယ်" 



"ဒါပေမယ့်... ငါဘာမှမလုပ်ဘူးလေ" 



ဖန်ချန်းက လက်ကိုင်ဘားကို လွှတ်လိုက်ကာ အက်ကွဲနေသည့်အသံဖြင့်မေးလိုက်သည်။



"ငါက...ဒီတိုင်းမေးခွန်းနည်းနည်းလောက်မေးခဲ့တာလေ... မင်းဘာကိုကြောက်တာလဲ"



"ငါပြောခဲ့တယ်!!" 



ကျန်းရွေ့၏ ခန္ဓာကိုယ်က နောက်ကိုလှည့်လာခဲ့ပြီး သူ့ ခေါင်းက ကားအမိုးနှင့်ထိကပ်နေကာ ဖန်ချန်း၏ခန္ဓာကိုယ်တစ်ခုလုံး အုပ်မိုးထားလုနီးပါးဖြစ်နေသည်။



"မင်းကို အပြင်ထွက်သွားပြီး သွားကြည့်လို့!"



သူ့နောက်ပေါ်ကျလာသည့် မိုးရေစက်များက သူ့နှလုံးသားထဲသို့ တပြိုင်နက်ထဲစီးဝင်လာသလိုခံစားလိုက်သည်။ မမြင်နိုင်သော အရာများက သူ့ကို ဆွဲခေါ်သွားကြသလိုမျိုး... ဖန်ချန်းသည် လက်ရှိအချိန် ဤနေရာ၌ ထိုင်နေသူသည် သူမဟုတ်ဟုပင် ခံစားလာမိသည်။ အချိန်အများစုတွင် သူဘာလုပ်နေသည်ဆိုတာကို တွေးနိုင်သော်လည်း လက်ရှိအချိန်အနည်းငယ်အတွင်းမှာတော့ သူ့အပြောအဆိုနဲ့ အမူအကျင့်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ ယခုလည်း သူခေါင်းကို မော့ပြီး ကျန်းရွေ့အားဘယ်ကရလာ‌လဲမသိသော သတ္တိများဖြင့် တိုက်ရိုက်ကြည့်လိုက်ကာ ရှုပ်ယှက်ခတ်နေသော အမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သူ ကျန်းရွေ့ကို မကြောက်နေပေ... မကြောက်ဘူးဆိုတာ သူသိသည်...



ကျန်းရွေ့သည် ဖန်ချန်းကြောက်နေသည်ဟုထင်ကာပို၍ ဂုဏ်ယူလာခဲ့ပြီး ဖန်ချန်းကိုလက်ဖြင့် တွန်းလိုက်သည်။



ဖန်ချန်းသည် ထိုင်ခုံကို လက်နှစ်ဖက်နဲ့ တင်းကြပ်စွာဆုပ်ကိုင်ထားပြီး သူ့မျက်နှာက အနည်းငယ် ဖြူဖျော့လာကာ ကျန်းရွေ့ကို မကျေမနပ်ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် နုနယ်သော ခံစားချက်များ ပြည့်နှက်နေပြီး လွတ်နေသည့် အခွံတစ်ခုထဲသို့ သူ့ကို နစ်မြှုပ်အောင်ဆွဲချသွားတော့မလိုပင်။ သို့သော် သူ့ဝိညာဉ်ကမူ အဝေးမှာသာနေခဲ့ပြီး ကြည့်နေခဲ့သည်။



ဝမ်ဟွေ့ဝမ်သည် နောက်ကြည့်မှန်မှတဆင့် အားလုံးကိုမြင်လိုက်ရသည်။သူမ၏ ဦးရေပြားကတဆတ်ဆတ်တုန်နေခဲ့ပြီး ကျန်းရွေ့အား ဒီလိုလုပ်တာ မှားနေသည်ဟုသတိပေးချင်ခဲ့သည်။ ဖန်ချန်းသည် တခါမှ ဒီလိုပုံစံ မဖြစ်ဖူးပေ... ဒါက သူ့စရိုက်နှင့် မညီနေချေ... တခုခုတော့ မှားနေပြီဖြစ်သည် ..



မိုးစက်များက မြေကြီးပေါ်ကျ‌နေဆဲဖြစ်ပြီး အပိုင်းပိုင်းကွဲသွားခဲ့သည်။



မိုးရေစက်များသည် နုနယ်ပျော်ဝင်လွယ်ကာ မြေအောက်ထဲ နစ်မြှုပ်သွားကြသည်။



"ဒါဆိုရင် ရိုးရိုးသားသားနေ... လမ်းတစ်လျှောက် ဘာမှမပြောပဲ ပါးစပ်ပိတ်ထား မဟုတ်ရင်တော့..." 



ကျန်းရွေ့က ခဏလောက် မဆုံးဖြတ်နိုင်ကာ မျက်လုံးကို မှိတ်ထားပြီးပြောလိုက်သည်။



"အားလုံးထဲမှာ မင်းကသာမန်အဖြစ်ဆုံးပဲ"



စိုစွတ်သော မိုးနှင့်အေးစက်သောလေများသည် တဆက်တည်း တိုက်ခတ်လာကြသည်။



ဖန်ချန်း၏အသိစိတ်ပြန်ဝင်လာပုံရပြီး ပါးစပ်ကိုအနည်းငယ်ဟလိုက်ကာ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။



ကျန်းရွေ့က အသက်ရှုကြပ်သလို ခံစားလိုက်ရပြီး တစ်ပြိုင်နက်ထဲအရမ်းပျော်သွားခဲ့သည်။သူ့ ဘေးနားက စီးကရက်ဘူးကို ကောက်ကိုင်လိုက်ပြီး ဆေးလိပ်သောက်ချင်လာခဲ့သည်။ ကံမကောင်းစွာဖြင့် စီးကရက်ဗူးသည် အလွတ်ဖြစ်နေပြီး ဆေးလိပ်နံ့သင်းသင်းလေးသာ ကျန်တော့သည်။ သူ့လက်ထဲရှိ စီးကရက်ဘူးအလွတ်ကို ကိုင်ထားရင်း သူ့စိတ်တွေ ပိုကြည်လင်လာသော်လည်း ချက်ချင်းပင် စိတ်ပြန်တိုလာခဲ့သည်။



ကားသည် ရှေ့သို့ ဆက်လက်ရွေ့လျားလာခဲ့သည်။



ကျန်းရွေ့သည် ဖန်ချန်းက မဝံ့မရဲမဖြစ်တော့ဘဲ သူ့ကိုပေါ်တင်ကြည့်နေတာကို ခံစားလိုက်ရသည်ည်။ သဘာဝအတိုင်း သူသည် အနောက်ကို သတ္တိရှိရှိ လှည့်ကြည့်ချင်လိုက်သည်။ သူ မကြောက်နေတော့ပေ...



မျှော်လင့်ထားသည့်အတိုင်း ဖန်ချန်း၏ မျက်လုံးများသည် အဝေးသို့ ရှောင်ထွက်နေခဲ့ပြီး မျက်လုံးများကို ငုံ့ချထားသော်လည်း ကြောက်စိတ်ကြောင့် ဟုတ်မနေပေ...သူ့မျက်လုံးများထဲတွင် သိသာထင်ရှားသော ရွံရှာမှုတစ်ခုက ရှိနေခဲ့သည်။ သူ့မျက်ခွံများကပင်ပန်းစွာဖြင့် တစ်ဝက်လောက်မှိတ်နေပြီး သူ့ကိုကြည့်ဖို့တောင် စိတ်၀င်မစားနေပေ။



ပထမတော့ ဘာမှမဖြစ်နေပေ။ ကျန်းရွေ့ က မျက်လုံးတစ်ချက်သာပြူးလိုက်ပြီး ဆက်မောင်းသွားခဲ့သည် ။ သုံးလေးမိနစ်လောက် ကားမောင်းပြီးတဲ့ အခါမှာတော့ ဒေါသများက တဖြေးဖြေး ပိုထွက်လာခဲ့သည်။ ဖန်ချန်းက သူ့ကို ရွံမုန်းစရာအမှိုက်တစ်ခုလို ဘာလို့ကြည့်ခဲ့တာလဲ ဆိုပြီးတွေးနေခဲ့သည်။ သူ့ပုံစံသည် ရူးသွပ်နေပြီး စိတ်ရှုပ်နေဟန်ရှိနေသည်။ 



သူသည်းမခံနိုင်တော့ပေ...



သူသည် ရုတ်တရက်ကား မောင်းနေရာမှ စတီယာတိုင်ကို လွှတ်လိုက်ပြီး ခါးကို ကွေးလိုက်ကာ နောက်ကိုလှည့်လိုက်သည်။ ဝမ်ဟွေ့ဝမ်က ထိတ်လန့်စွာ အော်ဟစ်လာခဲ့ပြီး စူးရှရှ အမျိုးသမီး အသံက ဖန်ချန်းကို ခဏလောက် အာရုံပြောင်းသွားစေခဲ့သည် ။

 

ကျန်းရွေ့က ကားတံခါးကိုလွယ်ကူစွာဖွင့်လိုက်ပြီး ဖန်ချန်းကို နောက်ပြန်တွန်းလိုက်လိုက်တော့သည် ။ ဖန်ချန်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်တော့ဘဲ သူ့ကိုယ်ကို စောင်းကာ လှိမ့်ချလိုက်သည်။



-- ကားတံခါးသည် အရင်ထဲစ သေချာပြန်မပိတ်ထားခဲ့တာဖြစ်သည်။



မိုးရေစက်များက သူ့ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး သူ့မျက်လုံးများက ကောင်းကင်ယံပေါ် ကျသွားသည်။ စိုစွတ်ပြီး အေးမြသောလေများသည် စက္ကန့်အနည်းငယ်အတွင်း အေးခဲသွားသည်။ ရေစက်တစ်စက်က သူ့မျက်လုံးထောင့်မှ လျင်မြန်စွာ ကျဆင်းလာခဲ့ပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားကာ သူ့တစ်ကိုယ်လုံး အဆုံးမရှိသော ချောက်နက်ထဲသို့ ကျဆင်းသွားတော့သည်။



ကျန်းရွေ့က ဖန်ချန်းကိုတွန်းလိုက်ချိန်တွင် ဝမ်ဟွေ့ဝမ်သည် ထိတ်လန့်တကြားဖြင့် စတီယာရင်ဘီးကို အမှတ်တမဲ့ ကိုင်ကာလှည့်လိုက်မိသည်။ သူတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသော်လည်း ကားသည် ချောမွေ့စွာ မောင်းနှင်နေဆဲဖြစ်ကာ လမ်းကြောင်းမှ ရှောင်မထွက်သွားသည်ကို သတိမပြုမိခဲ့ကြပေ။



ကျန်းရွေ့သည် သူ့ခန္ဓာကိုယ်ကို အမြန်ပြန်ဆွဲယူလိုက်ပြီး စတီယာရင်ဘီးကိုကိုင်ကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်၍ ရှေ့ကိုမျှော်ကြည့်ရင်း ဘာခံစားချက်မှမရှိဟန်ဖြင့်ပြောလိုက်သည်။



"သူ ပြုတ်ကျသွားပြီ...."



"ရှင်ရူးနေတာလား!" 



ဝမ်ဟွေ့ဝမ်က ကျန်းရွေ့လက်ကိုရိုက်လိုက်ပြီး ပြတင်းပေါက်မှလေနှင့် မိုးစက်များက လူနှစ်ယောက်ကြား ဝင်လာခဲ့၍ စိုစွတ်သွားစေ သည်။သူမ၏ လေသံထဲတွင် မယုံနိုင်မှုများပြည့်နှက်‌နေကာပြောလိုက်သည်။



"ရှင်ဘာလို့ သူ့ကို တွန်းချလိုက်တာလဲ!! ရှင် ရူးနေလား !"



ကျန်းရွေ့သည်လည်း စိတ်ရှုပ်ထွေးနေပြီး ဝမ်ဟွေ့ဝမ်၏ စူးရှရှ အသံကြောင့် ပိုလို့တောင် စိတ်ရှုပ်လာခဲ့သည်။ သူက တွေး တောင်မတွေးဘဲ‌အော် လိုက်သည်။



"မပြောနဲ့... ပါးစပ်ပိတ်ထားစမ်း! မင်းပြောတာလေ သူကဟိုတယ်မှာတုန်းက တစ်ခုခုမှားနေတယ်လို့ မင်းပဲဆက်တိုက်ပြောနေတာလေ!!"



"ဘာ" ဝမ်ဟွေ့ဝမ်သည် နှုတ်ခမ်းကိုတစ်ဝက်လောက်ဖွင့်ကာ ရယ်မောလိုက်သည် ။ ထိုယောက်ျားက သူမ ခေါင်းပေါ် အပြစ်တွေအားလုံးပုံချဖို့ကို မမျှော်လင့်ထားပေ။



မိုးခြိမ်းသံ စတင်လာခဲ့ပြီး လျှပ်စီးများတစ်ခုပြီးတစ်ခုလက်လာကာ အမျိုးသမီး၏ မျက်နှာဖြူဖျော့ဖျော့ကို လင်းထိန်စေသည့် အဖြူရောင်အလင်းတစ်ခု ဖန်တီးပေးလာခဲ့သည်။ ကောင်းကင်ကြီးသည် တဖြည်းဖြည်း မှောင်မဲလာခဲ့သည်။



တကယ်တော့ သူတို့သည် မနက်တုန်းက စောစောနိုးခဲ့ကြသည်။ ကျန်းရွေ့သည် မိုးလင်းခါနီး နိုးလာခဲ့သော်လည်း ဖန်ချန်း၏တံခါးကို ချက်ချင်းမခေါက်ခဲ့ပေ... အဲဒီအစား သူ တုံ့ဆိုင်းနေခဲ့သည်။



ကျန်းရွေ့ကဆက်ပြောလာသည်။



"မင်း သူ့အကြောင်းတွေ ဆက်ပြောနေတာ မထူးဆန်းလွန်းဘူးလားဟမ်...မင်း စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို ငါ နားမလည်ဘူး...ဘာလဲ မင်း သူ့ကို မထားခဲ့ချင်ဘူးလား..ဟမ် အခု သူ့ကို ချန်ထားခဲ့တာအတွက် ငါ့ကိုအပြစ်တင်ချင်နေတာလား ဒီလိုလား!" 



သူသည် လျင်မြန်စွာပြောလိုက်ပြီး စိတ်တွင်းက မကျေမနပ်ဖြစ်မှုများကို ဖုံးကွယ်ရန် စကားလုံးများကိုသုံး၍ပြောခဲ့ကာ စတီယာရင်ပေါ်ရှိ လက်များက တဆတ်ဆတ်တုန်နေသည်။



"မဟုတ်ဘူး...ဒါပေမယ့်..." 



ဝမ်ဟွေ့ဝမ်သည် သူမဘာပြောချင်မှန်းကို မဖော်ပြနိုင်တော့ပေ။ မိုးရေကြောင့် စိုစွတ်နေသော နောက်ထိုင်ခုံအလွတ်ကို သူမကြည့်လိုက်သည်။ သူမမျက်လုံးများ၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီးပြောလိုက်သည်။



"ဒါပေမယ့်...ကျွန်မ......သူ့ကိုသတ်ဖို့ကိုတော့ မတောင်းဆိုခဲ့ဘူးလေ..." 



ကားက ရှေ့ကို ဆက်မောင်းနေပြီး မရပ်‌တန့်နေပေ...



မိုးရွာနေသည်မို့ တောင်တက်လမ်းက ကြမ်းတမ်းနေသည်။



ဖန်ချန်းသည် မျက်လုံးများကိုမှိတ်ထားပြီးဆက်လက်ပြုတ်ကျနေခဲ့သည်။ ထာဝရပျက်သုဉ်းသွားမည့် တွင်းနက်ကြီးတစ်ခုကဲ့သို့အေးစက်နေသော ချောက်ကမ်းပါးအောက်ခြေသို့ ပြုတ်ကျလုနီးပါးဖြစ်လာတော့သည်။



သွေးနံ့... မိုးရနံ့... ပန်းရနံ့...နက်မှောင်အေးစက်နေသော အမည်းရောင်သေတ္တာ..



မျက်လုံးများဖွင့်ရန် မစွမ်းသာနေသော်လည်း သူ့ကိုယ်သူ မြင်နေရသည်။



ကွဲကြေနေသော မှန်ပြတင်းပေါက်မှ မှန် အပိုင်းအစများသည် သူ့အပေါ်ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်အောက်မှ သွေးများစွာ ပြန့်ကျဲနေခဲ့သည်။ သူသည် မလှုပ်ရှားနိုင်နေချေ။



သူသေခဲ့သည့်နေ့ကို ပြန်ရောက်လာခဲ့သည်။



သူ့နှာခေါင်းဖျား၌ မြေကြီးနံ့များနှင့် ပြည့်နေပြီး စိုစွတ်ပြီး နူးညံ့သောမြေကြီးများက သူ့ပါးစပ်နဲ့ နှာခေါင်းကို ပိတ်ဆို့နေခဲ့သည်။ သူ၏ ညာဘက်မျက်လုံးသည် သွေးများဖြင့် နီရဲနေပြီး အမြင်အာရုံ မှုန်ဝါးနေကာ ကြည်လင်ပြတ်သားစွာ မမြင်နိုင်ဘဲ အဆက်မပြတ် လည်ချောင်းနာနေ၍ လည်ချောင်းအတွင်း အသက်မရှုနိုင်အောင်ဖိအားများသာ ရှိနေသည်။



ကားမှန်များသည် အိမ်ဟောင်းရှိ ပင့်ကူမျှင်များကဲ့သို့ ကွဲအက်နေခဲ့သည်။



ယခင်က ခံစားခဲ့ရသည့်သူ့ကျောရိုးမှ နာကျင်မှုတိုင်းသည် အမှန်တကယ် ကြုံတွေ့ခဲ့ရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။



ဖန်ချန်း သည် ကားပြတင်းပေါက်တွင် ခေါင်းငိုက်စိုက်ကျ‌နေပြီး လွန်ခဲ့သည့်နေ့ကပေါ်လာသည့် မှတ်ဉာဏ်ထဲရှိ သူ့အသားကို ထိုးဖောက်နေသည့် မှန်အပိုင်းအစများက ဘယ်ကလာသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။



သူသည်အပျက်အစီးများကြားနစ်မြုပ်နေရင်း ကွဲနေသော ဖန်ခွစများ အချင်းချင်း ပွတ်တိုက်နေသည့် “ကလပ်” “ကလစ်” အသံများကို နားထောင်ခဲ့ရသည်။ တစ်စုံတစ်ခုက သူ့ဦးခေါင်းခွံပေါ်ကျလာခဲ့သည်။လေးလံသောကျောက်တုံးတစ်တုံး သည် သူ့ပေါ်တည့်တည့်ပြုတ်ကျလာပြီး သူ၏အတွင်းပိုင်းအင်္ဂါများသည် တညီတညွတ်တည်း လိမ်ညှစ်ခံလိုက်ရသလိုဖြစ်သွားပြီး လည်ချောင်းထဲမှ အချိန်မရွေး ပေါက်ကွဲသွားနိုင်သလို ပူတက်လာခဲ့သည်။



ထို့နောက်....သူ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့သည်။



ကားထဲမှာပဲ....



××××××××××



စာရေးသူပြောစရာတစ်ခုရှိပါသည် - နောက်အပိုင်းမှာအချိုအနည်းငယ်ရှိလိမ့်မယ် ...