Chapter 138
Viewers 11k

🥰 Chapter 138 ✅


မင်လျိုရီက ယောငိကျိကျိုး၏ခန္ဓာကိုယ်ကိုမှီ၍ သူမမျက်နှာကို သူ့ကိုယ်နှင့်ပွတ်သပ်နေလိုက်သည်။ သူမ၏မျက်ရည်များက သူ့ဝတ်စုံကိုစိုကုန်သည်။ 


ယောင်ကျိကျိုးက တစ်ချိန်တည်းမှာပင် စိတ်ဆိုးရခက် ရယ်မရခက်ဖြစ်ကာ သူ့မိန်းမ၏ကြိုးကိုင်ခြင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ 


“မငိုနဲ့တော့…အမူးသမားလေး…သွားစားရအောင်”


…


မဒမ်က မစားတော့ဘူးဟု ပြောလိုက်ချိန်တွင် ကျောက်ချမ်း စိတ်လှုပ်ရှားသွားခဲ့သည်။ 


သို့သော်ယခုတွင် မဒမ်နှင့်သခင်လေးတို့ ပြန်အဆင်ပြေသွားသည်ကို တွေ့သောအခါ သူချက်ချင်း ပြုံးလိုက်ပြီး မီးဖိုခန်းထဲမှနွှေးထားသည့် ဟင်းလျာများကို စားပွဲသို့ယူလာသည်။ 


မဒမ်ကဆာလောင်နေသောကြောင့် ပျော်ရွှင်စွာစားလေသည်။ သူမ ပျော်ရွှင်စွာစားနေသည်ကိုကြည့်ရင်း ကျောက်ချမ်းလည်း ပျော်ရွှင်လာသည်။ 


မင်လျိုရီက ညစာကိုတိုင်ဖွန်းမုန်တိုင်းတိုက်သကဲ့သို့ အကုန်လုံးကိုအပြတ်ဖြတ်ကာ စားလိုက်လေသည်။ ဗိုက်ဝသွားချိန်တွင် သူမကဗိုက်ကလေးကို ကျေနပ်စွာ ပွတ်လိုက်သည်။ 


“အဆင်ပြေသွားပြီလား”


ယောင်ကျိကျိုးမေးလိုက်သည်။ 


မင်လျိုရီက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ 


“အပေါ်ထပ်ကို သွားရအောင်... အထင်လွဲတာ ဖြေရှင်းပြီးသွားပြီ... ဒါပေမယ့် မင်းကိုယ့်ကို ထားခဲ့ဖို့လုပ်သွားတာကို ရှင်းရဦးမယ်”


အလေးအနက်ဟန်ဆောင်၍ ယောင်ကျိကျိုးပြောလိုက်သည်။ 


“ဘာ”


မင်လျိုရီ အံ့ဩစွာဖြင့် ပြောလိုက်၏။ ‘အဲ့ဒါလည်း ဖြေရှင်းပြီးသွားပြီမဟုတ်လား... ဘာလို့ သူက ရှင်းဖို့ကျန်သေးတယ်လို့ ပြောနေရတာလဲ’


မင်လျိုရီက အနည်းငယ်စိုးရိမ်နေသော်လည်း ကြောက်ရွံ့မနေပေ။ ယောင်ကျိကျိုးက ယခုနောက်ပိုင်းတွင် သူမကိုအနည်းငယ် မတူကွဲပြားစွာ ဆက်ဆံလာသည်ကိုတော့ ဝိုးတဝါးခံစားမိသည်။ သူ့ခံစားချက်များကို သူမတကယ် နားမလည်သော်လည်း ယောင်ကျိကျိုးက သူမကို ဘယ်တော့မှနာကျင်အောင်လုပ်မည်မဟုတ်မှန်း သူမသေချာသိသည်။ 


အပေါ်ထပ်တွင် ကိစ္စကိုဖြေရှင်းရန် ယောင်ကျိကျိုးက အလျင်လိုမနေပေ။ သို့သော် ယောင်ကျိကျိုးဘက်မှရုတ်တရက်တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် မင်လျိုရီ၏နှလုံးသားမှာ အခုန်မြန်နေသည်။ 


သူတို့နှစ်ယောက်က ကိုယ်လက်သန့်စင်ကာ စကားတစ်ခွန်းမှ မပြောဘဲကုတင်ကိုမှီ၍လှဲနေကြသည်။ မင်လျိုရီသည် စိတ်လှုပ်ရှားနေသောကြောင့် ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်နေသည်။ ယောင်ကျိကျိုးက အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်သည်။ နောက်ဆုံးတွင် ရောက်လာပြီဟု မင်လျိုရီနှလုံးသားထဲတွင် တွေးလိုက်သည်။ 


အချိန်အကြာကြီးစောင့်ပြီးသည့်တိုင် “တိုက်ခိုက်မှု” ကရောက်မလာသေးပေ။ ထိုအစား ယောင်ကျိကျိုးက အေးအေးလူလူပြောလာ၏။ 


"ပြောလေ”


သူဘာကိုဆိုလိုလဲ မင်လျိုရီမနားမလည်ပေ။ ဒီလိုမရှင်းမလင်းအခြေအနေမှာ သူမရဲ့ကသိကအောက်နိုင်မှုကို ဘယ်လို ဖော်ပြရမလဲ ။ ဒီနေ့ ယိုလင်လင်က မင်လျိုရီကို သနားစဖွယ်ဟန်ဆောင်တာကို သင်ပေးခဲ့ပြီး အဲ့ဒါကလည်း ထိရောက်မှုရှိခဲ့တယ် ။ နောက်တစ်ခေါက် ထပ်စမ်းကြည့်ရမလား…။


မင်လျိုရီ၏မျက်လုံးများက ဘေးဘက်သို့ လွှဲသွားပြီး ပြောလာသည်။


"အာ…လက်ကိုပြောတာလား... ကျွန်မ ဘာမှမခံစားရဘူး...နည်းနည်းလေးပဲနာနေတာ”


ယောင်ကျိကျိုးက မင်လျိုရီအား မျက်လုံးလှိမ့်လိုက်သည်။ ထို့နောက် သူမ၏လက်ကိုကြည့်၍ တိတ်ဆိတ်သွား၏။ မင်လျိုရီက ဖျော့တော့စွာသက်ပြင်းချလိုက်သည်။ ဒုတိယတစ်ကြိမ်က အလုပ်မဖြစ်ပေ။ 


မင်လျိုရီက နှုတ်ခမ်းများကို စုဝိုင်းလိုက်ကာ တီးတိုးပြောလိုက်သည်။


"ကျွန်မ တောင်းပန်ပါတယ်” 


ယောင်ကျိကျိုးမှာ ပြောစရာမဲ့သွားခဲ့သည်။ 


‘တောင်းပန်ပါတယ်ဆိုတာ သူမဘာကိုဆိုလိုတာလဲ... အဲ့ဒါလေးပဲပြောပြီး ကိစ္စတွေကိုပြီးလိုက်ချင်တာလား’


ယောင်ကျိကျိုး ချက်ချင်းသွေးပေါင်ချိန်တက်သွားသလို ခံစားလိုက်ရပြီး ရင်ဘတ်သည်လည်း ပိုတင်းကြပ်လာခဲ့သည်။ 


“ကိုယ်က မင်းအတွက် အဲ့လောက်တောင် တန်ဖိုးမရှိဘူးလား”


ယောင်ကျိကျိုး မေးလိုက်သည်။ 


မင်လျိုရီ ချက်ချင်း ထိတ်လန့်သွားသည်။ သူမ ပြောလာ၏။


"မဟုတ်ပါဘူး... ကျွန်မစိတ်လှုပ်ရှားနေလို့ အဆုံးသတ်ကို တန်းခုန်လိုက်မိ …”


“အခြေအနေကိုတောင် ရှင်းမပြတော့ဘဲ ကိုယ့်ကိုစွန့်ပစ်လိုက်တော့မယ်ပေါ့လေ"


ယောင်ကျိကျိုး မေးလိုက်သည်။ 


မင်လျိုရီသည် ရုတ်တရက် သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သည့် ဖိအားကိုခံစားလိုက်ရသည်။ သူမက စောင်ထဲသို့ တိုးဝင်သွားကာ မျကလုံးလေးသာ ဖော်ထားလိုက်သည်။ 


“မဟုတ်ပါဘူး”


မင်လျိုရီ အပြစ်ရှိသလိုခံစားရင်းပြောလိုက်သည်။ 


“ဒါဆို အရင်ကမင်းပြောခဲ့တဲ့ မဖျက်ဆီးနိုင်တဲ့ဆက်ဆံရေးဆိုတာလည်း…အလိမ်အညာတွေပဲလား” 


ယောင်ကျိကျိုး ဆက်မေးလိုက်သည်။ 


မင်လျိုရီ ချက်ချင်း စိုးရိမ်တကြီးဖြစ်လာပြီး နူးညံ့သည့်အသံလေးဖြင့် ပြောလိုက်သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အဲ့ဒါက စိန်ကိုဖြတ်ရတာထက် ပိုခက်သေးတယ်” 


“ဆက်ပြော”


ယောင်ကျိကျိုးက စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်သည်။ ထိုစကားလုံးမျာက အေးစက်နေသည်။ စောင်ဖြင့်လုံးထွေးထားသည့် မင်လျိုရီတောင်မှ ကြက်သီးထသွားသည်။ 


“ကျွန်မမှာ စဥ်းစားဖို့ အချိန်မရှိခဲ့ဘူး”


မင်လျိုရီပြောလိုက်သည်။


"ကျွန်မမှားပြီး ဝမ်းနည်းသလိုပဲ ခံစားခဲ့ရတယ်” 


ယောင်ကျိကျိုး၏ စိတ်အခြေအနေက ညင်သာလာသည်။


"ပြီးတော့ရော”


မင်လျိုရီ ဆက်ပြောလာသည်။


"အဲ့အချိန်မှာ တစ်ယောက်ယောက်က ရှင့်ကိုနမ်းထားတော့ ရှင့်မှာတခြားတစ်ယောက်ရှိနေတယ်လို့ ကျွန်မတွေးလိုက်မိတယ်... ရှင်ကျွန်မကို မလိုချင်တော့ဘူးလို့”


သူမ၏အသံက စိတ်ပျက်မှုများဖြင့် ပြည့်နေကြောင်း မင်လျိုရီ သတိမထားမိပေ။ နောက်ဆုံးတော့လည်း ယောင်ကျိကျိုးက ဤစာအုပ်၏ဇာတ်လိုက်ဖြစ်ပြီး သူမစွမ်းအားများ၏ အရင်းအမြစ်လည်း ဖြစ်သည်။ ယခုတွင် ယောင်ကျိကျိုးက အမှောင်ထုကို ချိုးဖျက်နိုင်ခဲ့ပြီး ယခင်ကထက်ပို၍ ခန့်မှန်းရခက်လာသည်။ 


ထို့ကြောင့် ယောင်ကျိကျိုးအတွက် မင်လျိုရီက ရှိနေဖို့မလိုတော့ဘူးမလား…


“အမူးသမားလေး…အမူးမပြေသေးဘူးမလား” 


ယောင်ကျိကျိုး မေးလိုက်သည်။ သူ သက်ပြင်းချလိုက်၏။ ယနေ့တွင် သူအကြိမ်ကြိမ် သက်ပြင်းချနေရသည်။ 


“မင်းက နတ်ဘုရားကကိုယ့်ကို စစ်ဆေးဖို့ လွှတ်လိုက်တဲ့ နတ်ဆိုးလေးမလား”


ယောင်ကျိကျိုး မေးလိုက်သည်။


"ဘယ်လို သဝန်တိုရမလဲ သိတာကောင်းတယ်” 


ယောင်ကျိကျိုးက ခေါင်းငုံ့၍ သူမကို နမ်းလိုက်သည်။ သူဆက်ပြော၏။


"ကိုယ်တို့က လင်မယားတွေလေ…တရားဝင်လက်ထပ်ထားကြတာ... ဘယ်အရာကမှ ကိုယ်တို့ကို မခွဲနိုင်ဘူး... ကိုယ်ကမင်းအပေါ်ကို အမြဲတမ်းသစ္စာရှိသွားမှာ”


“ကိုယ့်နှလုံးသားကသေးပြီး လူအများကြီးမရှိဘူး ... မင်းက ကိုယ့်နှလုံးသားထဲမှာ ရှိနေပြီဆိုတော့ ထွက်သွားဖို့ မစဥ်းစားနဲ့တော့”


မင်လျိုရီက ထိုချိုမြိန်သောစကားများတွင် မိန်းမောနေမိသည်။ ယခင်က သူမသည် ဤကမ္ဘာထဲသို့ မတော်တဆ ကူးပြောင်းလာခဲ့သည့်သေးနုပ်သည့်အရံဇာတ်ကောင်လေးဟု တွေးထင်ခဲ့သည်။



🥰