🌌Extra 21.1
ကမ္ဘာမြေအပိုင်း (၆)
လုမော့ မျက်လုံးများကို ဖွင့်လိုက်သည်။
ပျစ်ခဲသောအရည်တစ်မျိုးက သူ့မျက်လုံးထဲဝင်လာမည့် အလင်းရောင်ကို ပိတ်ဆို့ဟန့်တားကာ မြင်သမျှ အရာရာတိုင်းကို တွန့်လိမ်သွားစေသကဲ့သို့ သူ့အမြင်အာရုံက အလွန်အမင်း ဝေဝါးနေသည်။
အရာအားလုံးမှာ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ထဲကကဲ့သို့ နာရီများက ပေါလောမျောနေပြီး တိုင်များက နံရံပေါ်တွင် ကခုန်နေသည်။
ခဏအကြာတွင် သူ၏ အချိန်ကြာမြင့်စွာ ထုံထိုင်းနေခဲ့သော ဦးနှောက်က စတင်လည်ပတ်လာသည်။
ကြည့်ရသည်မှာ သူက ဆေးဖန်ပေါင်းချောင်ကဲ့သို့သော အရည်များစိမ်ထားသည့်နေရာတစ်ခုထဲတွင် ရောက်နေပုံရသည်။
၎င်းက ကျိုးကြောင်းဆီ လျော်ပေသည်။ သူ့အသိစိတ်က ကမ္ဘာမြေပေါ်တွင် ၂၇နှစ်တိုင်အောင် ကြာမြင့်ခဲ့၍ သူ့ခန္ဓာကိုယ်ကို ဆေးထဲတွင် မစိမ်ထားပါက အသုံးမဝင် ဖြစ်နေပေလိမ့်မည်။
သူ့လည်ပင်းကို တဖြည်းဖြည်းစောင်းလိုက်သည့်အခါ အဆစ်များမှ ဂျွက်ခနဲအသံကို ကြားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ့နားရွက်များက နောက်ဆုံး၌ စတင်အလုပ်လုပ်လာသည်။
မပီမသ အသံတစ်သံက လေထဲတွင် မျောလွင့်လာသည်။
" သူ ဘယ်အချိန်နိုးလာမယ်ဆိုတာ ငါမသိလို့ မင်းကို ရက်အတိအကျ မပြောပြတတ်ဘူး… သူ ချက်ချင်းကြီးတော့ နိုးလာဦးမှာမဟုတ်ဘူးလေ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေ ပြန်လည်ပတ်ဖို့က အချိန်ယူရသေးတယ်…"
" ဟမ် မင်း ဘာတွေပြောနေတာလဲ… ဒါဆိုဆုပေးပွဲအတွက် ငါသူ့ကို လာခေါ်ပေးရမလား…"
လင်းက ပြတင်းပေါက်နားတွင်ရပ်နေပြီ ဖန်သားပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကိုကြည့်လိုက်သည်။ သူ့အမူအရာက လုံးဝ မယုံကြည်နိုင် ဖြစ်နေသည့်ပုံပေါ်သည်။
သူ သက်ပြင်းရှည်ကြီးချလိုက်သည်။
" ကျန်းစုကွမ်း မင်းက ငါ့ကို အကြံဉာဏ်ဆိုးတွေ ပေးတဲ့နေရာမှာ အရမ်းတော်တာပဲ... အဲ့အစား မင်းအလုပ်တွေကိုပဲ မြန်မြန်ပြီးအောင်လုပ်လိုက်မယ်ဆို ဘယ်လိုလဲ…"
သို့ရာတွင် သူ့အသံက တစ်ဝက်တစ်ပျက်တွင် လည်ချောင်းထဲတိုးဝင်သွားသည်။
ပြတင်းပေါက်မှန်ပေါ်မှတစ်ဆင့် ဆေးဖန်ပေါင်းချောင်ထဲမှ အရိပ်က ရောင်ပြန်ဟပ်လာသည်။
ဆံပင်အနက်ရောင် အမျိုးသားဇာ့ဂ်က မျက်လုံးပွင့်လာပြီး သူတို့နှစ်ယောက်က ပြတင်းပေါက်မှန်ပေါ်တွင် အကြည့်ချင်းဆုံသွားသည်။
ထို့နောက် လုမော့က သူ့လက်ချောင်းများကို ကွေးလိုက်ပြီး ဖန်ပေါင်းချောင်၏အဖုံးကိုထိကာ သူ့နှုတ်ခမ်းပါးများက လှုပ်ရှားလာသည်။
[ ကိုယ် ပြန်လာပြီ… ]
ဆက်သွယ်ရေးစက်ထဲမှ ကျန်းစုကွမ်း၏အသံ ထွက်ပေါ်လာသည်။
" ဟဲလို ဘော့စ်ရေ… ရှိသေးလား…"
" ငါ့အကြံက တော်တော်လေးဆိုးတာမို့ မင်း လက်မခံဘူးလို့ မျှော်လင့်ပြီးသားပါ... ဒါပေမဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်က ဘယ်လောက်တောင် မြင့်မားနေလဲဆိုတာ သိရဲ့လား… မင်း တကယ်လို့ လုမော့ကို ဆုမပေးဘူးဆိုရင် လူတချို့က သူတို့ စစ်သင်္ဘောတွေနဲ့ အင်ပါယာကြယ်ကို ကိုယ်တိုင်ဗုံးလာခွဲမယ်လို့တောင် ပြောနေကြပြီ… အဲဒါဆိုရင် မကောင်းဘူးဆိုတာတော့ သိတယ်မလား…"
" တကယ်လို့ ခုဏက ပြောသလို မဖြစ်နိုင်ဘူးဆိုရင်လည်း မင်း သူ့ကိုယ်စား ဆုယူပေးလို့မရဘူးလား... ခေါင်းမမာစမ်းပါနဲ့…"
" ကျန်းစုကွမ်း ပါးစပ်ပိတ်ထားစမ်း…"
" အဟားဟား ဘောစ့်… မင်းက ငါ့ရဲ့အထက်လူကြီးဖြစ်လို့ အခုချက်ချင်း ငါ့ကို သေနတ်ထုတ်ပြီးစစ်မြေပြင်ကို သွားခိုင်းဖို့ အမိန့်ပေးခွင့်ရှိပေမယ့် ငါ့ကိုပါးစပ်ပိတ်ခိုင်းဖို့အထိတော့ အာဏာမရှိဘူးနော်…"
လင်းက ဆက်သွယ်ရေးစက်ကို ကိုင်ထားဆဲဖြစ်သော်လည်း သူ့မျက်လုံးများက မျက်တောင်လုံးဝမခတ်ဘဲ လုမော့ကိုသာ ကြည့်နေ၏။
" ကျန်းစုကွမ်း ပါးစပ်ပိတ်ထားစမ်း… သူ နိုးလာပြီ…"
" ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူးနော် မင်း ဒီနေ့ ငါ့ကို ဒီကိစ္စတွေ သေချာမရှင်းပြပေးရင်… ဟမ် နေပါဦး... ဟမ် ဟမ်… ဘယ်သူနိုးလာတာလဲ… ဘော့စ် ဘော့စ်ရေ…"
ကလစ်ခနဲအသံဖြင့် ဆက်သွယ်ရေးစက်က ဆက်သွယ်မှု ပြတ်တောက်သွားသည်။
ဖန်ပေါင်းချောင်၏တံခါးက တဖြည်းဖြည်းပွင့်လာပြီး ဆေးရည်ထဲမှလုမော့က သူ့ဇနီးဖြစ်သူက အဖုံးပေါ်တွင်ထိုင်ကာ ခေါင်းစောင်း၍ သူ့ကိုပြုံးပြနေသည်ကို ကြည့်နေမိသည်။
လုမော့ ပါးစပ်ဟလိုက်သည်။
[ ကိုယ့်ရဲ့ချစ်ရတဲ့ အိမ်သူဘုရင်မလေး… မင်း ကိုယ့်ကို အနမ်းတစ်ပွင့်နဲ့ နိုးထလာအောင် ကြံနေတယ်ဆိုရင်ဝောာ့ ကိုယ်မင်းကို တစ်ခုသတိပေးရဦးမယ်… ]
လင်း : " ဘာများလဲ…"
သူ့ပါးပြင်ပေါ်မှ ငွေရောင်ဆံချည်မျှင်အချို့က ဆေးရည်ထဲ ကျသွားသည်။
လုမော့: [ ဒီခန္ဓာကိုယ်ကို မဆေးကြောမသန့်စင်ထားတာ ၂၇နှစ် ရှိပြီနော်…]
လင်းက ပထမတွင် ထိတ်လန့်သွားသော်လည်း ထို့နောက် သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့် တဖြည်းဖြည်းပေါ်လာကာ နောက်ဆုံးတွင် ရယ်ချင်စိတ်ကို လုံးဝထိန်းမရတော့ပေ။
သူ့မျက်နှာတစ်ဝက်ကို လက်ဖြင့်အုပ်ထားပြီး အလွန်ရယ်မောနေမိသောကြောင့် သူ့ခန္ဓာကိုယ်က နောက်ကိုလန်သွားသည်။
လုမော့ နှလုံးသားထဲ လှုပ်ရှားသွားရသည်။
သူ့လက်ကို အမြန်ဆန့်ထုတ်လိုက်သော်လည်း ခန္ဓာကိုယ်ကမူ ဖြည်းညှင်းစွာသာ လှုပ်ရှားသွားသည်။ အဆုံးတွင် သူက လက်ကောက်ဝတ်ကိုဆေးရည်များအပေါ်ထိသာ ဆန့်ထုတ်လိုက်နိုင်သည်။
သူ့လက်ကောက်ဝတ်နားတွင် ရေများက လှိုင်းထသွားပြီး စိုစွတ်နေသည့်လက်ခုံက အလွန်အမင်းဖြူဖျော့နေ၍ နေရောင်အောက်တွင်ရှိသော ကြွေထည်တစ်ခုသဖွယ်ဟု ထင်ရပေသည်။
" ကိုယ်က ပိုပြီးတော့ စိတ်အားထက်ထက်သန်သန်နဲ့ ကြိုဆိုခံရမယ်ဆိုပြီးတော့ထင်ခဲ့မိတာ… ဒါပေမဲ့ ကြည့်ရတာ ကိုယ်အရမ်း မျှော်လင့်မိသွားသလိုပဲ…"
လုမော့က သူ့နှုတ်ခမ်းများကို စေ့လိုက်သည်။
" အိမ်သူဘုရင်မ လမ်းညွှန်စာအုပ်ထဲကစကားတွေကို မင်းမှတ်မိမယ်လို့ ကိုယ်မျှော်လင့်မိတယ်…"
လင်းက ရယ်ပြီးသွား၍ အဖုံးကို လက်တစ်ဖက်ဖြင့်ထောက်ကာ အခြားလက်တစ်ဖက်ဖြင့် လုမော့ကို ဆေးရည်ထဲမှ ဆွဲထူပေးလိုက်သည်။
" ဗွမ်း..."
လုမော့ခန္ဓာကိုယ်မှ ရေစက်များကျဆင်းလာသည်။ ဤ ၂၇နှစ်အတွင်းတွင် သူ့ဆံပင်များက အလွန်ရှည်လာသောကြောင့် ရေစိုနေချိန်တွင် လေးလံနေရသည်ကို သူ ယခုအခါမှ သတိပြုမိသွားသည်။
လင်းက ပြောလိုက်သည်။
" အင်း… တချို့ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေကြောင့် ငါ မင်းဆံပင်ကို မညှပ်ထားတာ…"
လုမော့၏အကြည့်က သူ့လက်ပေါ်ရောက်သွားသည်။ သူ့လက်သည်းများက သန့်ရှင်းသပ်ရပ်နေပြီး သေသေချာချာပုံသွင်းထားပေသည်။
သူ ချောင်းတစ်ချက်ဆိုးလိုက်ပြီး နောက်ဆုံးတွင်မှ ပြင်ပလေကိုရှုရှိုက်ရသည့် ခံစားချက်နှင့် ပြန်အသားကျသွားသည်။
လင်း၏အကြည့်က ယခင်အချိန်များကကဲ့သို့ပင် လုမော့ပေါ်တွင်သာ ရှိနေ၏။
ဤလေထုအခြေအနေက အလွန်ပင် ရိုးသားပွင့်လင်းနေပေသည်။
လင်းက ပြောလိုက်သည်။
" လုမော့…"
လုမော့ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ သူ့နှာခေါင်းကို အလိုလိုထိလိုက်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။
" အမ်… အခုတော့ ကိုယ်က ကမ္ဘာမြေပေါ်က လုမော့ဆိုတာ မင်း သိသွားပြီပေါ့…"
သူ ခေါင်းငုံ့လိုက်ပြီး လင်း၏မျက်နှာ အမူအရာကိုမကြည့်ဘဲ ဆက်ပြောနေသည်။
" မင်း ကိုယ့်ကို ဒီလိုလူမျိုးလို့ ထင်ထားမှာမဟုတ်လောက်ဘူး… မင်း... မင်း ဘယ်လိုထင်လဲဟင်…"
ပုံရိပ်ယောင်ကြောင့် တစ်စုံတစ်ယောက်ကို ချစ်မိသွားခြင်း - ဤကဲ့သို့သောအရာမျိုးက မကြာခဏဖြစ်ပေါ်လေ့ရှိသော်လည်း ထို "ချစ်သူများ"က သူတို့စိတ်ကူးထားသည်များအားလုံးက ပုံရိပ်ယောင်များသာဖြစ်သည်ဟု တွေ့ရှိသွားသည်နှင့် တောက်လောင်နေသော အချစ်မီးက လွယ်ကူစွာ ငြိမ်းသွားနိုင်ပေသည်။
ယခင်ဘဝမှ လုမော့၏ အကျင့်စရိုက်က ယခုလက်ရှိအကျင့်စရိုက်နှင့် ဆန့်ကျင်ဘက်နီးပါးဖြစ်သည်။ သို့ဖြစ်၍ ဘဝနှစ်ခုလုံးတွင် သူ၏အပြင်ပန်းသွင်ပြင်က ထပ်တူနီးပါးဖြစ်သော်လည်း ကျန်းစုကွမ်းက သူ့ကိုမမှတ်မိခဲ့ခြင်းပင်။
" အဲလို မှုန်ကုပ်ကုပ်နေရတဲ့ အကျင့်စရိုက်က တော်တော်မကောင်းဘူး…"
လုမော့က ပခုံးတွန့်လိုက်ပြီး သူ့ကိုယ်သူ အပြစ်တင်သကဲ့သို့ ရယ်မောလိုက်သည်။
" ကိုယ်က ပြဿနာကောင်လို့လည်း ကိုယ့်ဘာသာသိပါတယ်… ပြောင်းလဲလို့ရသွားတာက တော်တော်ကံကောင်းသွားတယ်လို့ ပြောရမယ်…"
နည်းနည်းတော့ ကံဆိုးသွားပေမယ့်ပေါ့လေ…
( T/N - လုမော့က သူ့ အရင်ဘဝတုန်းက အကျင့်စရိုက်က မှုန်ကုပ်ကုပ်ဖြစ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်နေတာပါ၊ ပြောင်းလဲလို့ရသွားလို့ ကံကောင်းတယ်ဆိုတာ ဇာ့ဂ်ကမ္ဘာကိုရောက်သွားလို့ ဆန်ကုန်မြေလေးကောင်အဖြစ်နေရတော့ အရင်အကျင့်စရိုက်နဲ့ မနေရတော့လို့ပါ၊ ဒါပေမဲ့ သူက အဲလိုနေရတာကို ကံကောင်းတယ်လို့ ထင်မိသလို ကံဆိုးတယ်လို့လည်း ထင်နေတာပါ )
သူ ယခင်ကကဲ့သို့ပင် ဟန်ဆောင်ပန်ဆောင်နေပြီး ဤကိစ္စက ဘာမှမဟုတ်သကဲ့သို့ ကျော်လွှားသွား၍လည်း ရပေသည်။
သို့သော် ကိစ္စများစွာကို ကြုံတွေ့ပြီးသည့်နောက်တွင် မာနကြီးသောအကျင့်စရ်ိုက်က ယခုအချိန်မျိုးနှင့် မသင့်တော်ဟု လုမော့ခံစားလိုက်ရသည်။
သူက လင်း၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သော်လည်း လင်းက အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ လုမော့၏နှလုံးသားက တုန်ယင်လာပြီး မော့မကြည့်ဘဲ မနေနိုင်တော့ပေ။
ထိုအခါမှသာ လင်း၏အမူအရာက ဇဝေဇဝါဖြစ်နေသည်ကို မြင်လိုက်ရသည်။
" တကယ်ကြီးလား… မှုန်ကုပ်ကုပ်ဖြစ်နေတာလား… အဲလိုပေါ့…"
လင်းက လုမော့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
လုမော့ သတိလက်လွတ်ဖြစ်သွားသည်။
" ဟမ်…"
လင်းက လုမော့၏လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး အနားကိုတိုးကပ်လာကာ လုမော့မျက်နှာကို အနီးကပ်စိုက်ကြည့်နေသည်။
" ငါတော့ အဲ့လိုမထင်ပါဘူး…"
" ငါမင်းကို မြင်တုန်းကတော့… ကမ္ဘာပေါ်က အမျိုးသားသခင်ကို ပထမဆုံးတွေ့ဖူးတာမို့ နည်းနည်းတော့ အံ့ဩသွားမိတယ်…မင်းရဲ့အကျင့်စရိုက်ကို နည်းနည်းပိုပြီးတော့ တက်တက်ကြွကြွဖြစ်နေမယ်လို့ ထင်ထားတာ…"
လင်း၏ ခိုသွေးရောင်မျက်ဝန်းများထဲတွင် လုမော့၏ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။
" မင်း မှတ်မိသေးလား… မင်းက ဦးထုပ်ဆောင်း၊ လည်စည်းပတ်ထားပြီးတော့ ငါ့ကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေတာလေ…"
လင်း၏ မျက်လုံးများ တွန့်ကွေးသွားသည်။
" အဲ့တုန်းက ငါ မင်းကြောင့် ညှို့ယူဖမ်းစားခံလိုက်ရတာ… မင်းကို ကြည့်နေရတာနဲ့တင် အလုပ်ရှုပ်နေလို့ မင်း ဘာတွေပြောလိုက်လဲဆိုဝာာတောင် မကြားလိုက်ဘူး…"
လုမော့၏မျက်နှာထက်တွင် နွေးထွေးမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
" အဲလိုလား…"
" အားလုံးကလည်း မင်းကိုပဲ ကြည့်နေကြတာလေ…"
လင်းက နူးညံ့စွာရယ်လိုက်သည်။
" မင်းက အဲ့အချိန်တုန်းက အရမ်းတောက်ပနေခဲ့တာ… လူတွေအများကြီးရှိပေမယ့် မင်းကလွဲပြီး ဘယ်သူ့ကိုမှ ငါ မမြင်နိုင်ခဲ့ဘူး…"
" မင်းက မင်းကိုယ်မင်း မှုန်ကုပ်ကုပ်နဲ့ သုန်မှုန်နေတယ်လို့ ထင်ပေမယ့်... အဲ့နေတုန်းက မင်းကိုကြည့်နေတဲ့ မိန်းကလေးတွေ ဘယ်လောက်များလဲသိလား…အိုး ဒါနဲ့ လူသားမျိုးနွယ်က အမတွေကို အဲ့လိုခေါ်တယ်ဆိုတာ ငါသိသွားပြီ…"
လင်းက လုမော့ကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
" မင်းက အခုပုံစံနဲ့ လုံးဝကို ကွာခြားနေခဲ့တာ… ဒါပေမဲ့ မင်းက ဘယ်လိုပုံစံပဲဖြစ်ဖြစ် တကယ်ကို ဆွဲဆောင်မှုရှ်ိတယ်…"
လုမော့ "..."
လုမော့က လင်းကိုတွန်းလိုက်ပြီး ရှက်နေသောမျက်နှာကို လက်ဖြင့်အုပ်ထားလိုက်သည်။
" ဟုတ်ပါပြီ ဟုတ်ပါပြီ ကိုယ်သိပြီ…"
လင်းက ခေါင်းမာမာဖြင့် ဆက်ပြောနေသည်။
" မင်း ငါပြောတာကို မယုံဘူးလား... ငါ ပြီးအောင် ဆက်ပြော…"
" ရပြီ ရပြီ ကိုယ်မင်းကို ယုံတယ်…"
လုမော့က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူ ခေါင်းငုံ့လိုက်ပြီး နေရခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။
' အလှဆိုတာ ကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာပဲ ရှိတယ်' ဆိုတာ ဒါမျိုးကိုပြောတာများလား...
လင်းက သူ့ကို ဤကဲ့သို့မြင်နေမည်ဟု လုမော့ တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဒါမှမဟုတ် ဇာ့ဂ်တွေရဲ့ အလှအပစံနှုန်းကပဲ တစ်ခုခုဖြစ်နေတာများလား…
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်လေ...
သူ့နှုတ်ခမ်းထောင့်က မသိမသာကွေးတက်သွားသည်ကို လုမော့ သတိပြုလိုက်မိသည်။
လင်း၏စကားများကြောင့် သူ ပျော်ရွှင်နေခြင်းဖြစ်သည်။
လင်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ဟုတ်ပြီလေ ဒါဆိုရင်လည်း မင်း ငါပြောတာကိုယုံတယ်လို့ ယူဆလိုက်တော့မယ်..."
လုမော့က အကြည့်လွှဲလိုက်သည်။
" အင်း ဟုတ်တယ်…"
" ကြင်နာတတ်ပြီး မြင့်မြတ်တဲ့ ဂုဏ်ယူဖွယ်ရာ အမျိုးသားဇာ့ဂ်တစ်ယောက်ဖြစ်တဲ့မင်းက ခန္ဓာကိုယ်ပြောင်းသွားရင်တောင်မှ မင်းဝိညာဉ်ပေါ်က ကျက်သရေရှိမှုကတော့ မပျောက်ကွယ်သွားဘူးလေ…"
လုမော့က ခေါင်းမော့လိုက်ပြီး လင်းကို မျက်လုံးထောင့်မှကြည့်ကာ ပြောလိုက်သည်။
" ချစ်ရတဲ့ အိမ်သူဘုရင်မလေး ကိုယ့်ကို အံ့ဩတကြီးဖြစ်သွားစေတာကတော့ မင်းက ကိုယ့်ရဲ့ဂုဏ်ကျက်သရေကို မပျောက်သွားအောင်လုပ်ပေးခဲ့တာကိုပဲ …"
လင်းက သဘောတူသည့်အနေဖြင့် မတ်တတ်ရပ်လိုက်ပြီး ကိုယ်အမူအရာကိုပါ အနည်းငယ်ပြောင်းလဲလိုက်သည်။
" ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာကိစ္စပါပဲ အမျိုးသားသခင်…"
သူ့ဘယ်ဘက်မျက်လုံးဖြင့် လုမော့ကို မျက်စပစ်လိုက်သည်။
" အဲ့တော့ ဆုလာဘ်လေးများ ရနိုင်မလား…"
လုမော့က ဂုဏ်ကျက်သရေရှိစွာဖြင့် ပြောလိုက်သည်။
" မင်း အလိုရှိရာ တောင်းဆိုနိုင်တယ်…"
လင်း : " ဒါဆို ငါ့ကို နောက်ထပ် ဥတစ်ဥ ပေးပါလား…"
ဘုန်း…
ထိုအချိန်တွင် လုမော့၏နှလုံးသား၊ လုမော့၏ခန္ဓာကိုယ်၊ လုမော့၏ လိုအင်ဆန္ဒချပ်ဝတ်တန်ဆာ၊ လုမော့၏ အမြှီးချိတ် - အားလုံးက ထောင်မတ်လာခဲ့သည်။
- ချစ်စိတ်ပြင်းပြမှု
- ဖရိုဖရဲဖြစ်မှု
- တောက်ပသော နေရောင်အောက်တွင်
- အရာအားလုံးကို ဖွင့်ထုတ်ရန် အသင့်ဖြစ်နေခဲ့သည်။
သို့ရာတွင် ဆက်သွယ်ရေးကိရိယာက အခွင့်အခါမသင့်သော ဤအချိန်တွင်မှ ထမြည်လာခဲ့သည်။
လုမော့ ရပ်တန့်သွား၍ လင်းက ပြောလိုက်သည်။
" ပစ်ထားလိုက်…"
🌌🌌🌌