💘Chapter 187
အတိတ်မှမှတ်ဉာဏ်များ
ကွတ်ကီးအောက်ထပ်သို့ ဆင်းလာသည့်အခါ ရှန့်ကျားချီက ဆိုဖာပေါ်တွင်ထိုင်၍ ဆေးလိပ်သောက်နေလေသည်။
ရှန့်ကျားချီ နောက်ဆုံးဆေးလိပ်သောက်ခဲ့သည်က မည်မျှကြာသွားသည်မှန်း ကွတ်ကီးမမှတ်မိချေ။ ကွတ်ကီးလေး မွေးလာသည့်အချိန်၊ သို့မဟုတ် ထိုထက်လည်းကြာကောင်းကြာနိုင်သည်။
ထိုအချိန်တွင် ကွတ်ကီး၏အတွေးများ ရှင်းလင်းနေ၏။ သူက ရှန့်ကျားချီဆီသို့ လျှောက်သွားလိုက်ကာ လက်ဆန့်၍ ရှန့်ကျားချီ ပါးစပ်ထဲသို့ထည့်တော့မည့် စီးကရက်ကို ယူလိုက်သည်။ “အဖေ...ဆေးလိပ်မသောက်နဲ့”
ရှန့်ကျားချီက ကွတ်ကီးနှင့် အငြင်းမပွားချေ။ သူက ကွတ်ကီးကို စူးစူးစိုက်စိုက်သာ ကြည့်လိုက်၏။
ရှန့်ကျားချီ ဘာမေးချင်နေလဲ ကွတ်ကီးမကြားနိုင်သော်ငြား မေးခွန်းကိုတော့ သူသိသည်။ အကြောင်းမှာ သူအိမ်တွင် ဆေးလိပ်မသောက်တာ ကြာလှနေပြီဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကွတ်ကီးက ဆေးလိပ်ပြာခံခွက်ကို ရှာမတွေ့နိုင်ပဲ စီးကရက်ကို လက်ထဲတွင်သာ ကိုင်ထားရသည်။ ဆေးလိပ်၏ အခိုးအငွေ့များက သူ့ကို ချောင်းဆိုးစေ၏။ ရှန့်ကျားချီ သက်ပြင်းချ၍ ကွတ်ကီးဆီသို့ လျှောက်လာကာ စီးကရက်ကို ပြန်ယူလိုက်သည်။ သို့သော်လည်း မသောက်လိုက်ချေ။ သူက ရေချိုးခန်းသို့ သွား၍ သောက်လက်စ စီးကရက်နှင့် သန့်စင်ခန်းရေနှင့်အတူ ဆွဲချလိုက်ကာ ဧည့်ခန်းထဲသို့ ပြန်လာလိုက်သည်။
“ဖေဖေ...ဆေးလိပ်သောက်နေသေးမှန်း ကျွန်တော်မသိခဲ့ဘူး” ရှန့်ကျားချီဘာကြောင့် ဆေးလိပ်သောက်နေလဲ မမေးဘဲ ကွတ်ကီးက အပြစ်ကင်းသည့်ပုံဖြင့် ပြောလိုက်သည်။
“တစ်ခါတလေမှပါ” ရှန့်ကျားချီ ပြန်ပြောလာ၏။ တကယ်ကို တစ်ခါတလေမှ သောက်ဖြစ်တာဖြစ်သည်။ ဆေးလိပ်တစ်ဘူးက သူ့အတွက် လပေါင်းများစွာခံသည်။ အလုပ်အခက်အခဲများကြုံသည့်အခါတွင် နီကိုတင်း၏ အရသာဖြင့် သူ့၏အာရုံကြောများကိုဖြေလျှော့ပြီး တည်ငြိမ်အောင်ပြန်လုပ်လေ့ရှိသည်။
သူအိမ်တွင် အကြောင်းအရင်းနှစ်ချက်ကြောင့် ဆေးလိပ်မသောက်ပေ။ ပထမတစ်ချက်မှာ ဘီစကစ်လေးက ငယ်လွန်းသောကြောင့်ဖြစ်ပြီး စီးကရက်အကျန်များကို မထိတွေ့စေလိုသောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ ကွတ်ကီးတွင် အနံ့အလဂျစ်များရှိပြီး စီးကရက်နံ့များကို မခံနိုင်ချေ။
ဒီနေ့တွင် သူက မယုံနိုင်စရာကောင်းနိုင်လောက်အောင် စိတ်ညစ်နေသောကြောင့် စီးကရက်ထုတ်သောက်ရခြင်းပင်။ သို့သော်လည်း ကွက်ကီးကသူ့ကိုမိသွားခဲ့သည်။
“အင်းပါ...လျှော့သောက်ဦး” ကွတ်ကီးက သူ့ကို သတိပေးလိုက်ကာ စကားလုံးထဲတွင် ဖုံးကွယ်ထားသည့် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။
ရှန့်ကျားချီခေါင်းညိတ်လိုက်သည်။ “ငါသိပါတယ်”
ထို့နောက် တိတ်ဆိတ်မှုကကြီးစိုးသွားတော့သည်။ ကွက်ကီးက ရှန့်ကျားချီကိုကြည့်နေကာ ရှန့်ကျားချီက ကွတ်ကီးကိုကြည့်နေ၏။ သူတို့က စကားပြောချင်သော်လည်း ဘယ်ကစပြောရမှန်းမသိချေ။
“မင်း...”
“အဖေ...”
တိုင်ပင်ထားသည့်အလား သားအဖေနှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တစ်ချိန်တည်းတွင် ပြောလာကြသည်။ သို့သော်လည်း ဘာပြောရမှန်း မသိကြသေးချေ။ ကွတ်ကီးက မျက်လုံးများကို မှိတ်၍ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
“အဖေ...ဟုတ်တယ်...ဝေ့ဟွားက အဲ့ဒီတုန်းကလူပဲ...သူက ဘီစကစ်လေးရဲ့ အဖေ”
“ဒါဆို...မင်း သူနဲ့အတူရှိနေဖို့ ဆုံးဖြတ်ထားပြီးပြီပေါ့” ရှန့်ကျားချီက အဖြေကို အံ့ဩမသွားဘဲ မျက်ခုံးများကို တွန့်ချိုးလိုက်သည်။ ဘီစကစ်လေးက ဝေ့ဟွားနှင့် တူလွန်းနေရာ သူတို့နှစ်ယောက်ကြားတွင် ဆက်ဆံရေးတစ်ခုခုမရှိမှန်း ရှန့်ကျားချီ ယုံလိမ့်မည်မဟုတ်ချေ။
ကွက်ကီးက ခေါင်းညိတ်၍ ပြောလိုက်၏။ “အဖေ...ကျွန်တော် သူ့ကို သဘောကျတယ်...သူ့ကိုသဘောကျနေခဲ့တာ ကြာပြီ”
“ဒါဆို...မင်း ဘီစကစ်လေးကို ကိုယ်ဝန်ဆောင်နေရချိန်မှာ သူဘယ်ရောက်နေခဲ့လဲ...မင်းရဲ့ အကြီးမားဆုံး အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူဘယ်ရောက်နေခဲ့လဲ...တခြားသူတွေရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို အံတုပြီး ဘီစကစ်လေးကို တစ်ယောက်တည်းပျိုးထောင်ခဲ့ရတုန်းကရော သူဘယ်ရောက်နေခဲ့လဲ” ရှန့်ကျားချီ၏ အမူအရာများပြောင်းလဲသွားခြင်းမရှိသော်လည်း သူ၏ အဆက်မပြတ်မေးခွန်းများတွင် ဒေါသများပါဝင်နေသည်မှာ ထင်ရှားသည်။
“အဖေ...သူမသိခဲ့ဘူး”
ရှန့်ကျားချီ၏မေးခွန်းများကို ကူကယ်ရာမဲ့နေသည့်ပုံဖြင့် ကွတ်ကီး ပြန်ဖြေလိုက်သည်။
အရင်ချစ်မိသူက အရှုံးဟု ပြောကြသည်။ ဝေ့ဟွားကို တက္ကသိုလ်ဝန်းထဲတွင် တွေ့မိသည့်အချိန်မှစ၍ ကွတ်ကီး ရှုံးနိမ့်သွားခဲ့တာဖြစ်သည်။
လူတစ်ယောက်ကို မြင်မြင်ချင်းသဘောကျသွားခဲ့လိမ့်မည်ဟု ကွတ်ကီး လုံးဝထင်မထားခဲ့ချေ။ ထိုလူကို တစ်ယောက်တည်း အုံ့ပုန်းချစ်၍ သူသိအောင်လည်း ထုတ်မပြရဲခဲ့ချေ။
ယခင်က လိင်တူအိမ်ထောင်ရေး ဥပဒေများမရှိသေးသောကြောင့် လူအများစု၏ မျက်လုံးထဲတွင် လိင်တူစိတ်ဝင်စားခြင်းက ရောဂါတစ်ခုဟု ထင်မှတ်ကြသည်။
အဲ့တော့ အဲ့အချိန်က မသန့်ရှင်းဘူးလို့ ယူဆကြတဲ့ ခံစားချက်တွေကို သူဝေ့ဟွားကို ဘယ်လိုလုပ် သိအောင်ပြောနိုင်တော့မှာပဲ...။
သူက ဂရုတစိုက်နှင့် ဝေ့ဟွားရော၊ အခြားသူများပါမသိအောင် ထိုခံစားချက်ကို နှလုံးသားထဲတွင်သာသိမ်းဆည်းထားခဲ့သည်။ ဝေ့ဟွား၏ဘဝကို အရိပ်များထဲမှ တိတ်တဆိတ်နှင့် ကြည့်ခဲ့ရ၏။
ဝေ့ဟွားနိုင်ငံခြားသို့ ထွက်သွားလျှင် သူ့ဘဝက အဆင်ပြေသွားလိမ့်မည်ဟု သူတွေးခဲ့သည်။
ထိုနေ့က ဝေ့ဟွား၏အခန်းဖော်က သူ့အတွက် နှုတ်ဆက်ပါတီကျင်းပပေးကာ ဝေ့ဟွားက အတိုင်းအတာကို ကျော်၍ မူးသွားခဲ့သည်။ ကွတ်ကီးက သူ့ဘဝတွင်ရှိသည့် သတ္တိအားလုံးမွေး၍ သူ့ခံစားချက်များကို ဝေ့ဟွားအား ဖွင့်ပြောရန် ပြင်ခဲ့သည်။
သူ အားလုံးကိုတွန်းဖယ်၍ ဝေ့ဟွားရှိရာ သန့်စင်ခန်းဆီသို့ လိုက်သွားခဲ့၏။
သို့သော်လည်း ဝေ့ဟွားကဲ့သို့ ချောမောသည့်လူတစ်ယောက်အတွက် သူ့ကိုမျက်စိကျနေသည်မှာ ကွတ်ကီးတစ်ယောက်တည်းမဟုတ်ခဲ့ချေ။
ထို့ကြောင့် မကြာခင်တွင် ဝေ့ဟွားမှာ ဆေးခပ်ခံထားရကြောင်း ကွတ်ကီးသိလိုက်ရသည်။
ထိုအချိန်က သူ သတ္တိများဘယ်ကရလာလဲ မသိခဲ့ချေ။ ဝေ့ဟွားက ဘယ်တော့မှ ပြန်လာမည် မဟုတ်သောကြောင့်လည်းကောင်း၊ သူနှင့်အတူ အမှတ်တရများ ကျန်ရစ်စေချင်ခဲ့သောကြောင့်လည်းကောင်း ဖြစ်နိုင်သည်။ သူ ဝေ့ဟွားကို ဆေးရုံသို့ ခေါ်မသွားခဲ့ဘဲ ဟိုတယ်အပေါ်ထပ်ကိုသာခေါ်သွားခဲ့သည်။
ဆင်ခြင်မှုကင်းမဲ့သည့်တစ်ညတာကို ဖြတ်သန်းပြီး သူ နိုးလာသည့်အခါ ညက သတ္တိအားလုံး ကွယ်ပျောက်သွားခဲ့သည်။ သံသယများကိုရှောင်ရန် သူက ပိုက်ဆံအထပ်လိုက်ထား၍ ထွက်ပြေးခဲ့သည်။
သူ့ဦးလေးကလည်း ကလေးမွေးထားသောကြောင့် သူ့တွင်လည်း ကိုယ်ဝန်ဆောင်နိုင်သည့် ခန္ဓာကိုယ်ရှိမှန်း ကွတ်ကီး သိခဲ့သည်။ ထိုဆင်ခြင်မှုကင်းမဲ့ခဲ့သည့်ည၌ ဝေ့ဟွားက အကာအကွယ်မသုံးခဲ့သလို ကွတ်ကီးကလည်း သူ့ကို သတိမပေးခဲ့ချေ။
သူ မျက်ကွယ်ပြုရင်း ကံကိုသာပုံအပ်ထားလိုက်သည်။ အမျိုးသားများက ကိုယ်ဝန်ဆောင်နိုင်သော်လည်း ဖြစ်နိုင်ချေများက အလွန်နည်းကြောင်း သူသိလေသည်။
သို့သော်လည်း ကံကြမ္မာက သူ့ကိုလှည့်စားကာ ဒုတိယမြောက်လတွင် သူကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည်။
ဆေးစစ်ချက်နှင့်အတူ တရုတ်နိုင်ငံ၏ နာမည်ကြီးစစ်တပ်အကယ်ဒမီမှ လက်ခံကြောင်း စာရခဲ့သည်။ ထိုစာက သူ နေ့ရောညပါ အိပ်မက်မက်ခဲ့ရသည့် လက်ခံစာဖြစ်သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး ယခုတွင်တော့ ဒုတိယအကြိမ်အခွင့်အရေးကလည်း သူကိုယ်ဝန်ရှိနေသည့် အချိန်တွင်ရလာခဲ့သည်။
ရှန့်ကျားချီသိသွားသည့်အခါ ဘာမှမပြောခဲ့ချေ။ သူက ကွတ်ကီးကိုသာ ရွေးချယ်စေခဲ့သည်။
တစ်ရက်လောက် တွန့်ဆုတ်နေပြီးနောက် ကွတ်ကီးက ကျောင်းဝင်ခွင့်အောင်သည့်စာကို ဖြဲပစ်ခဲ့သည်။
ကွတ်ကီး၏ ရှန့်မိသားစုနောက်ခံနှင့် အံ့ဩဖွယ်ကောင်းသည့် ကွန်ပျူတာအရည်အချင်းများနှင့်ဆိူလျှင် စစ်တပ်အကယ်ဒမီသို့ဝင်လိုက်သည်နှင့် သူ့အနာဂတ်က အကန့်အသတ်မရှိဖြစ်သွားလိမ့်မည်။
ရှန့်ကျားချီက ကွတ်ကီး၏ ဆုံးဖြတ်ချက်ကို လေးစားခဲ့၏။ သူက “နောင်တမရနဲ့” ဆိုသည့် စကားကိုသာ ပြော၍ အစမှအဆုံး ကွတ်ကီးအတွက် အရာအားလုံး စီစဥ်ပေးခဲ့သည်။ ရှန့်ကျားချီက ကလေးအဖေကိုလည်း မမေးခဲ့သလို၊ ကွတ်ကီး၏အနာဂတ် အစီအစဥ်များကိုလည်း မမေးခဲ့ချေ။
သူက အနောက်မှနေ၍ ကွတ်ကီး၏ဆုံးဖြတ်ချက်များကို ထောက်ပံ့ပေးကာ ကွတ်ကီး လုပ်ချင်တာကို လုပ်စေခဲ့သည်။ ထိုအချိန်များတွင် ရှန့်ကျားချီ၏ ပခုံးကျယ်များက သူ့အတွက် ကမ္ဘာကြီးတစ်ခုလို ဖြစ်ခဲ့၏။
ရှန့်မိသားစုတစ်စုလုံးတောင်မှ ဘီစကစ်လေး၏ရုတ်တရက်ရောက်ရှိလာမှုနှင့် စစ်တပ်အကယ်ဒမီသို့ မတက်ရောက်တော့ရန် ကွတ်ကီး၏ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ခဲ့ကြချေ။
ရှန့်မိသားစု၏ သက်ကြီးပိုင်းများမျက်လုံးထဲတွင် မျိုးဆက်သစ်လူငယ်များက သူတို့လမ်းကို သူတို့ကိုယ်တိုင် လျှောက်ရမည်ဟုမြင်ကြသည်။ သက်ကြီးပိုင်းများက အကြံပေး၍ရသော်လည်း ဝင်ရောက်စွက်ဖက်ခွင့်တော့ မရှိချေ။ ရှန့်မိသားစု၏ ထောက်ပံ့မှုနှင့်အတူ ကွတ်ကီးက အခြားသူများ၏ ထူးဆန်းသည့်အကြည့်များကို အံတုရင်း တစ်ကိုယ်တည်းအဖေတစ်ယောက်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။
ဒီနေ့အထိ ဘီစကစ်လေး၏ အကောင်းမြင်စိတ်နှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် အကျင့်များက ဝေ့ဟွားဆီမှ အမွေဆက်ခံခဲ့ရုံသာမက ရှန့်မိသားစု၏ပတ်ဝန်းကျင် လွှမ်းမိုးကြောင့်လည်း ပါလိမ့်မည်ဟု ကွတ်ကီး တွေးမိသည်။
ယခင်က သူ၏ဆုံးဖြတ်ကို နောင်တရခဲ့လားဟု တစ်ယောက်ယောက် မေးလာခဲ့လျှင် ကွက်ကီး တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းခါပြလိုက်မည်။ စစ်တပ်အကယ်ဒမီသို့မတက်ရောက်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဘီစကစ်လေးကို ပြုစုစောင့်ရှောက်နေရသောကြောင့် ထပ်မလျှောက်ဖြစ်ခဲ့သည်ကို နောင်တရသော်လည်း သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုတော့ နောင်တမရချေ။
ဝေ့ဟွားနှင့် ပြန်ဆုံသည့်အခါ သူ ထိတ်လန့်သွားခဲ့သည်။ ဝေ့ဟွား သူ့ကိုမမှတ်မိမှန်း သိသွားသည့်အချိန်တွင် ကွတ်က်ကီး၏ခံစားချက်များ ရှုပ်ထွေးသွားခဲ့ကာ သူခံစားချက်များကို မည်သို့ ဖော်ပြရမလဲ မသိဖြစ်ခဲ့သည်။
သူ ဝေ့ဟွားကို ဒေါသထွက်ခဲ့တာလား...။
ထိုညက သူအရင်စခဲ့သည်ပင်။ သူ ဘယ်လိုလုပ် ဝေ့ဟွားကို ဒေါသထွက်နိုင်လိမ့်မည်လဲ။ သူ့တွင် ဒေါသထွက်ပိုင်ခွင့်မရှိချေ။
သူ ဝေ့ဟွားကို မည်သို့ မျက်နှာချင်းဆိုင်ရမလဲ မသိဖြစ်ခဲ့သောကြောင့် ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံရင်း ဝေ့ဟွားကို သူနှင့် အနေဝေးစေခဲ့သည်။
နှစ်များစွာ ကုန်လွန်လာခဲ့ပြီး ဝေ့ဟွားအပေါ် ကွတ်ကီး၏ ခံစားချက်များက မပြောင်းလဲသေးသော်လည်း သူ ဝေ့ဟွား၏ ဘဝကို ဝင်ရောက်မနှောင့်ယှက်ချင်ပေ။ ကိုယ့်လမ်းကိုယ် လျှောက်နေကြပြီဖြစ်ပြီး အတိတ်မှ ဖြစ်ရပ်များကလည်း လေနှင့်အတူ ရွေ့လျားပျောက်ကွယ်သွားလိမ့်မည်။
သို့သော်လည်း ဝေ့ဟွားက သူ့အတွက် ခံစားချက်များဖြစ်ပေါ်လာပြီး သူ့ကို သည်းကြီးမည်းကြီး လိုက်လံ ပိုးပန်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ဝေ့ဟွားက ထိုညမှဖြစ်ရပ်များကို မှတ်မိသွားပြီး သူ့ကိုအထင်သေးကာ သဘောမကျတော့မည်ကို သူ စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ဝေ့ဟွားနှင့် မျက်နှာချင်းမဆိုင်ရဲဘဲ ရှောင်ဖယ်နေခဲ့သည်။
သို့သော်လည်း ခံစားချက်များက ထိန်းချုပ်၍ရလျှင် ခံစားချက်များဟု ခေါ်ရလိမ့်မည်မဟုတ်ချေ။
လွန်ခဲ့သည့်နှစ်များစွာအကြာမှ တူညီသည့် ဖြစ်ရပ်တစ်ခုက သူနှင့်ဝေ့ဟွားတွင် ထပ်ဖြစ်လာသည့်အခါ သူမနေနိုင်ဘဲ နစ်မြုပ်သွားခဲ့သည်။
ကွာခြားသွားသည့် တစ်ခုတည်းသောအရာက ဝေ့ဟွားက သူမည်သူဆိုသည်နှင့် သူတို့ဘာလုပ်နေကြသည်ကို သိနေတာပင်။
ခံစားချက်များက ထိန်းချုပ်၍မရနိုင်ချေ။ ထို့ကြောင့် သူ့အဖြေရရန် ဝေ့ဟွားက အိမ်ရာအပြင်ဘက်၌ တစ်ညလုံး စောင့်နေခဲ့သည်ကို သိလိုက်ရသောအခါ သူလက်ခံခဲ့သည်။ သူဝေ့ဟွားနှင့်အတူရှိရန် လက်ခံခဲ့၏။
သူနှစ်ပေါင်းများစွာ တောင့်တခဲ့ရသည့်အိပ်မက်က သူ၏ကြောက်ရွံ့မှုနှင့် ဝေ့ဟွား၏ အဆက်မပြတ် လိုက်လံပိုးပန်းမှုများကြားတွင် လက်တွေ့ဖြစ်လာခဲ့သည်။
ဤအတိတ်မှ မှတ်ဉာဏ်များကို ကွတ်ကီး၏ နှလုံးသားထဲတွင် ချိတ်ပိတ်ထားခဲ့ပြီး မည်သူနှင့်မှ မဝေမျှခဲ့ချေ။ သို့သော်လည်း ဒီနေ့တွင်တော့ သူ ရှန့်ကျားချီ၏အရှေ့တွင် အားလုံးကို ဖွင့်ချလိုက်တော့သည်။
နားထောင်ပြီးနောက် ရှန့်ကျားချီမျက်မှောင်ကြုတ်၍ ပြောလာ၏။
“ဂရုမစိုက်ဘူး...ငါ အတိတ်က ကိစ္စတွေကို ဂရုမစိုက်ဘူး...ဝေ့ဟွားက ပြဿနာတွေကိုဖြစ်စေခဲ့ပြီး မင်းကိုစွန့်ပစ်သွားခဲ့တယ်ဆိုတဲ့အချက်က မှန်နေတာပဲ...သူ မင်းနဲ့အတူရှိချင်ရင် ငါ့ကိုအရင်ကျော်ဖြတ်မှရမယ်...ငါ့သားနဲ့ မြေးနဲ့က လွယ်လွယ်ရယူလို့ မရဘူးဆိုတာ သူ့ကိုသိစေချင်တယ်”
ရှန့်ကျားချီ၏ စကားလုံးများကို ကြားပြီးနောက် ရှန့်ကျားချီက ဝေ့ဟွားကို စိတ်ထဲတွင် လက်ခံထားပြီးဖြစ်ကြောင်း သိလိုက်သည်။ သူက သူ့သားနဲ့ မခွဲချင်သောကြောင့်သာ ဝေ့ဟွားကို စမ်းသပ်ချင်နေခြင်းဖြစ်သည်။
“အဖေ...ကျေးဇူးတင်ပါတယ်” ကွတ်ကီးက ရှန့်ကျားချီကို လေးလေးနက်နက်ကြည့်၍ ပြောလိုက်သည်။
ရှန့်ကျားချီကြောင့်သာ သူ သန်သန်မာမာနှင့် အပူအပင်မရှိ လုပ်ချင်တာလုပ်၍ ရပ်တည်နိုင်ခဲ့တာဖြစ်သည်။ မည်သည့် အခက်အခဲများရှိနေပါစေ၊ ရှန့်ကျားချီက သူ့အတွက် ဖြေရှင်းပေးကား နှလုံးသားတစ်ခုလုံးဖြင့် သူ့ကို ထောက်ပံ့ပေးလိမ့်မည်။
ဤအဖေကြောင့် သူ့ဘဝက ကောင်းကောင်းမွန်မွန်ရှိခဲ့ရခြင်းပင်။
💘