Chapter 188
Viewers 49k

💘Chapter 188 

ကျောင်းသို့ တစ်ယောက်တည်းသွားခြင်း




အချိန်က တဖြည်းဖြည်းနှင့် ဧပြီလထဲသို့ ဝင်ရောက်လာကာ အေးမြသည့်ဆောင်းရာသီက ကမ္ဘာကြီးထဲမှ နှုတ်ဆက်ထွက်ခွာသွားတော့သည်။ နွေဦးမိုးများ အနည်းငယ်ရွာပြီးနောက် ဝေးလံသည့်တောင်များတွင်ဖြစ်စေ၊ အနားနီးရှိလမ်းများမှဖြစ်စေ သစ်ပင်များက တောက်ပသည့်အစိိမ်းရောင်ကို ပြသနေလေသည်။ နွေဦးက ကမ္ဘာမြေကြီးပေါ်သို့ ဝင်ရောက်လာခဲ့သည်။ 


တနင်္လာနေ့ဖြစ်သောကြောင့် ချန်လီစောစောနိုးလာသည်။ သူက ဝေ့ချန်မနိုးခင်နိုးလာသည်က ရှားလေသည်။ 


ချန်လီက နိုးနေသော်လည်း မလှုပ်ရှားပေ။ သူက ဝေ့ချန်၏ ပွေ့ဖက်မှုထဲတွင်နေနေကာ ပွတ်သပ်နေပြီး ဝေ့ချန်၏ ကိုယ်သင်းနံ့က သူ့ဝင်လေထွက်လေတိုင်းကို ကလူကျီစယ်နေသည်။ ၎င်းက သူတို့သုံးနေကျ ရေချိုးဆပ်ပြာဖြစ်သော်လည်း အနံ့လေးမှာမွှေးကြောင်း ချန်လီခံစားရသည်။ 


ခဏကြာပြီးနောက် ဝေ့ချန်၏ သဘာဝနာရီက သူ့ကိုနှိုးလိုက်သည်။ ခေါင်းငုံ့လိုက်ရာ ချန်လီ၏ အနည်းငယ် စိတ်လှုပ်ရှားနေသည့် အကြည့်များနှင့် ဆုံသွား၏။ သူက ချန်လီ၏နဖူးလေးကို နမ်း၍ အပြုံးလေးနှင့် ပြောလိုက်သည်။ “ဂွတ်မောနင်း…လီလီ…ဒီနေ့ ဘာလို့ အစောကြီးနိုးနေတာလဲ” 


“မောနင်း” ချန်လီက ဝေ့ချန်ကိုတိုးဝှေ့လိုက်ရင်း အိပ်ရာထဲမှ ထလိုက်သည်။ သူ၏ ရှုပ်ပွနေသည့်ဆံပင်များက ထောင်နေကာ မျက်လုံးဝိုင်းလေးများက တောက်ပနေကာ အိပ်ရေးမဝသည့်အမူအရာများ ရှိမနေချေ။ သူ့နှုတ်ခမ်းများက ပြည့်ဖောင်းနေကာ သဘာဝကျစွာဖြင့် စူစူလေးဖြစ်‌နေသည်။ သူ့မျက်နှာက ယခင်ကထက် ပို၍လုံးဝိုင်းနေသည်။ 


သူ ဒီနေ့ ဘာလို့ အစောကြီးနိုးနေတာလဲ…။


အကြောင်းမှာ မနေ့က ဝေ့ချန်က သူ ဒီနေ့ကျောင်းသို့ စက်ဘီးစီး၍သွားနိုင်ကြောင်း ကတိပေးခဲ့သောကြောင့် ၎င်းနှင့် ပတ်သက်၍ ချန်လီ စိတ်လှုပ်ရှားနေသောကြောင့် မနက်စောစောနိုးလာခဲ့ခြင်းဖြစ်သည်။ 


ဝေ့ချန် ချန်လီ၏အတွေးများကို နားလည်လိုက်သည်။ သူက အိပ်ရာမှထလိုက်ကာ မနေနိုင်ဘဲ ချန်လီ၏ ပြည့်ဖောင်းနေသည့် ပါးလေးကို ဖျစ်လိုက်သည်။ “ထတော့…ကိုယ်မင်းအတွက် မနက်စာလုပ်ပေးမယ်” ချန်လီ ကိုယ်အလေးချိန်တိုးလာသင့်ကြောင်း သူတွေးလိုက်သည်။ ယခင်ကထက် ပိုကြည့်ကောင်းလာသော်လည်း သူ၏ အတန်းဖော်များနှင့်ယှဥ်လျှင် ပိန်နေသေးသည်။


ထို့နောက်တွင် သူတို့နှစ်ယောက်လုံးက ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ သွားလိုက်ကြသည်။ ဝေ့ချန်က အရင်ပြီးစီးသွားပြီး မနက်စာပြင်လိုက်သည်။ ချန်လီကတော့ ဆိုဖာပေါ်တွင်ထိုင်နေကာ လက်ထဲတွင်စာအုပ်ကိုင်ထားပြီး စိတ်ဝင်တစားဖတ်နေလေသည်။ 


မနက်စာက ဆန်ပြုတ်နှင့် အခြားအရံဟင်းလျာဖြင့် ရိုးရိုးရှင်းရှင်းဖြစ်သော်လည်း အတူစားကြသောကြောင့် အရိုးရှင်းဆုံးအစားအစာကပင် ဘုရင့်စားပွဲတော်လိုပင်။ 


ဒီနေ့တွင် ချန်လီက စက်ဘီးစီး၍ ကျောင်းကို တစ်ယောက်တည်းသွားမှာဖြစ်သည်။ သို့သော် မနေ့က ချန်လီနှင့် အရာအားလုံးစစ်ဆေးပြီးသည့်တိုင် ဝေ့ချန် စိုးရိမ်နေဆဲဖြစ်သည်။  


ထို့ကြောင့် ချန်လီက စက်ဘီးနှင့်ထွက်သွားချိန်တွင် ဝေ့ချန် အနောက်မှလိုက်လာလိုက်သည်။ သူက အမြန်မမောင်းဘဲ သူ့တည်ရှိမှုကို ချန်လီသတိမထားမိစေရန် အနောက်မှ အသာလေးမှေး၍ လိုက်နေ၏။


ပထမတွင်တော့ ချန်လီက စိတ်လှုပ်ရှားနေသည်။ အထူးသဖြင့် လူအများကြီးရှိနေသည့်အချိန်မျိုးတွင်ဖြစ်သည်။ ချန်လီ၏နောက်ကျောတင်းနေပြီး စက်ဘီး၏လက်ကိုင်များက ဟိုရမ်းဒီရမ်းဖြစ်နေသည်ကို ဝေ့ချန်မြင်နေရသည်။ သို့သော်လည်း ရမ်းခါနေခြင်းက မပြင်းထန်ဘဲ ဖြေးဖြေးမှန်မှန်နှင့် အရှေ့သို့ သွားနေလေသည်။ 


သို့သည့်တိုင် ချန်လီ၏အနောက်မှနေ၍ ဝေ့ချန် အကြိမ်ပေါင်းများစွာ ချွေးအေးများ ပြန်နေမိသည်။ သူက အရှေ့သို့သွား၍ ကိုယ့်ကိုကိုယ်တွန်းအားမပေးရန် ပြောလိုက်ချင်သော်လည်း အချိန်တိုင်း ပြန်ထိန်းလိုက်ရသည်။ 


လီလီက ကြိုးစားချင်နေသည်။ ထို့ကြောင့် သူ့ကို ကြိုးစားခွင့်ပေးရမည်။ ဝေ့ချန် ကိုယ့်ကိုကိုယ် သတိပေးလိုက်၏။


ချန်လီက စက်ဘီးကိုမြန်မြန်မနင်းဘဲ လူများနှင့်တွေ့လျှင် ကွေ့ပတ်သွားသည့်အစား အရှိန်လျှော့သွားသည်။ တစ်ခါတရံ သူက စက်ဘီးကိုရပ်၍ လူများသွားလာနေသည်ကို စောင့်တတ်သည်။ 


သူက ဂရုတစိုက်ရှိ၍ စိတ်လှုပ်ရှားနေသော်လည်း စိတ်ဓာတ်ခိုင်မာစွာဖြင့် Qတက္ကသိုလ်သို့ ရောက်အောင်သွားနိုင်ခဲ့သည်။ 


ကံကောင်းစွာနှင့် ဝေ့ချန်နေသည့်နေရာက Qတက္ကသိုလ်နှင့် သိပ်မဝေးပေ။ 


ဝေ့ချန်က ချန်လီ၏ အတန်းဖော်နှင့် အပေါက်ဝတွင် တွေ့လေသည်။ သူက သူ့ကိုနှုတ်ဆက်ချင်ကြသော်လည်း ဝေ့ချန် တားလိုက်သည်။ 


ပထမတွင် အတန်းဖော်က နားမလည်သော်လည်း ဝေ့ချန်၏အကြည့်များနောက်သို့ လိုက်၍ စက်ဘီးစီးနေသည့် ချန်လီ၏ ပုံရိပ်ကိုမြင်မှသာ အရာအားလုံးက ရှင်းလင်းသွားတော့သည်။ 


ချန်လီက ကျောင်းကို ကိုယ့်ဘာသာကိုယ်လာခဲ့ပြီး လူကြီးမင်းဝေ့က စိုးရိမ်သောကြောင့် အနောက်မှ တိတ်တဆိတ်လိုက်လာ၍ အခြေအနေကို စစ်ဆေးကြည့်ရှုနေမှန်း နောက်ဆုံးတွင် အတန်းဖော်နားလည်သွားရသည်။


လူတစ်ယောက်အနေနှင့် ကျောင်းသို့ တစ်ယောက်တည်းလာခြင်းက သာမန်ကိစ္စပင်ဖြစ်သော်လည်း ချန်လီအတွက်ကတော့ သတ္တိအလုံအလောက်လိုအပ်သည်။ အော်တစ်ဇင်ရှိသည့်သူများက သူတို့ အန္တရာယ်ရှိသည်ဟု ထင်သည့် အရာများကို မသိစိတ်အရ ရှောင်လေ့ရှိကြသည်။ သန့်စင်ခန်းကို အန္တရာယ်ရှိသည်ဟု ယုံကြည်နေသောကြောင့် သန့်စင်ခန်းသုံးရန် ငြင်းဆန်နေသည့် အော်တစ်ဇင်ကလေးတစ်ယောက် အကြောင်း သူ(အတန်းဖော်)တစ်ခါမြင်ဖူးသည်။ ထိုကလေး၏ အဖေက ထိုယုံကြည်မှုကို ပြောင်းလဲရန် သုံးနှစ်ကြာအောင် ဖြည်းဖြည်းချင်း အချိန်ယူခဲ့ရသည်။ 


ထို့ကြောင့် ချန်လီအတွက် ကျောင်းသို့ တစ်ယောက်တည်းလာရန် ကြိုးစားခြင်းက မဖြစ်နိုင်သလောက်တွင် သို့သော်လည်း သူက ရဲရဲဝံ့ဝံ့နှင့် အောင်မြင်ခဲ့သည်။ 


ခဏလောက် အတန်းဖော်က ဘာတွေးရမလဲ မသိတော့ပေ။ သို့သော်လည်း ဝေ့ချန်၏အနောက်သို့ လိုက်၍ ချန်လီအနောက်တွင် နေရင်း တိတ်တဆိတ် အားပေးနေလိုက်သည်။ 


အစမှအဆုံးအထိ ချန်လီက သူ့အနောက်သို့ တစ်ယောက်ယောက်လိုက်လာမှန်း သတိမထားမိချေ။ သူ၏ အာရုံများက အရှေ့ရှိလမ်းအပေါ်တွင်သာ ရှိနေသည်။ တစ်ယောက်ယောက်နီးကပ်လာလျှင် သူတစ်ကိုယ်လုံးတောင့်တင်းသွားပြီး ဆံပင်များပင်ထောင်လာလိမ့်မည်။ သူ့လက်များပါ တုန်ယင်နေပြီး လက်လျှော့ရန်လည်း အကြိမ်ကြိမ်တွေးမိသည်။ တစ်ခါတရံ လူအုပ်ကြီးကြောင့် ချန်လီက စက်ဘီးကိုရပ်ကာ လက်များကို အိတ်ကပ်ထဲသို့ ထည့်ထားလိမ့်မည်။ သို့သော်လည်း ဖုန်းကိုထိတော့မည့်အချိန်တွင် လက်ကို ချက်ချင်းပြန်ရုတ်လိုက်ကာ စိတ်ထဲတွင် သူ့ကိုယ်သူ အကြိမ်ကြိမ်အားပေးနေလိုက်သည်။ 


သူက ခေါင်းမာစွာဖြင့် မနေ့က ဝေ့ချန်သူ့ကိုပြခဲ့သည့် လမ်းကြောင်းအတိုင်းသွားလိုက်သည်။ Qတက္ကသိုလ်၏ ဂိတ်ပေါက်ကို ခပ်လှမ်းလှမ်းမှ လှမ်းမြင်နေရသည့်တိုင် သူ့ကိုယ်သူ အရှိန်မလျှော့လိုက်ပေ။ 


နွေဦး၏မနက်ခင်းက အနည်းငယ်အေးစိမ့်နေဆဲဖြစ်သော်လည်း ချန်လီက စက်ဘီးထားသည့်နေရာတွင် စက်ဘီးကို ထားပြီးသည့်အခါ သူ့နဖူးတွင် ချွေးများသီးနေသည်။ ဤခရီးလမ်းက သူ၏ အင်အားများကို အကန့်အသတ်မရှိ စုပ်ယူလိုက်သည်ပင်။ 


သို့သော်လည်း သူခြေထောက်များက Qတက္ကသိုလ်၏ မြေကိုနင်းလိုက်သည့်အချိန်တွင် ချန်လီ၏နှလုံးသားထဲမှ တစ်ခုခုပေါက်ကွဲထွက်သွားသည်။ 


သူလုပ်ခဲ့သည်။ သူတကယ်ကို လုပ်နိုင်ခဲ့သည်။ 


ပျော်ရွှင်မှုများက အထိန်းအကွပ်မရှိ မြင့်တင်လာကာ ချန်လီကို စက်ဘီးရုံအပြင်ဘက်တွင် တောက်ပနေသည့် အပြုံးလေးဖြင့် ရပ်နေစေသည်။ 


နေရောင်ခြည်တန်းလေးက ကျနေကာ ချန်လီ၏ မျက်နှာကို ပို၍ထင်လင်းစေပြီး တက်ကြွသည့်ပုံပေါက်စေ၏။


အတန်းဖော်က မနေနိုင်ဘဲ ဖုန်းကိုထုတ်၍ ဤအခိုက်အတန့်ကို ထာဝရသိမ်းဆည်းထားချင်သောကြောင့် ဓာတ်ပုံရိုက်လိုက်သည်။ ဖုန်းကို သိမ်းတော့မည့်အချိန်တွင် အနားတွင်ရှိနေသည့် ဝေ့ချန်က သူ့ကို ကသိကအောက်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။


“လူကြီးမင်းဝေ့…ဒါက…”


ဝေ့ချန်က အတန်းဖော်အား ဓာတ်ပုံကိုဖျက်ရန် မပြောလိုက်ချေ။ “ငါ့ဆီကို ပုံပို့လိုက်”


အတန်းဖော်က အံ့ဩသွားကာ ခေါင်းညိတ်လိုက်ကာ ဝေ့ချန်ကို သူငယ်ချင်းအပ်၍ ထိုဓာတ်ပုံအား ပို့ပေးလိုက်သည်။ 


ဝေ့ချန်က ဓာတ်ပုံအား ဖုန်း၏ နောက်ခံမျက်နှာပြင်ပုံအဖြစ် ချက်ချင်းပြောင်းလိုက်ကာ အတန်းဖော်ကို ကျေးဇူးတင်၍ ထွက်သွားတော့သည်။ 


အတန်းဖော်က ဝေ့ချန်ကို တား၍ မေးလာ၏။ “လူကြီးမင်းဝေ့…ချန်လီကို သွားမရှာတော့ဘူးလား”


ဝေ့ချန်က ခေါင်းခါ၍ ပြောလိုက်သည်။ “သူ့ဘာသာနေပါစေ”


အတန်းဖော်က “အိုး” ဟုပြောလိုက်ကာ လူကြီးမင်းဝေ့တွေးနေသည်ကို နားလည်လိုက်သည်။ ချန်လီက တစ်ယောက်တည်း ကြိုးစားချင်မှတော့ လူကြီးမင်းဝေ့က ချန်လီ၏ဆုံးဖြတ်ချက်ကို လေးစားကာ ဝင်ရောက်စွက်ဖက်ခြင်းမျိုးမလုပ်ဘဲ သူ့အနောက်မှ တိတ်တဆိတ်လိုက်လာကြောင်းကိုလည်း မသိစေပေ။ 


လူကြီးမင်းဝေ့နှင့် ချန်လီကြားမှ ဆက်ဆံရေးကို သူမသိသော်လည်း အကြောင်းအရာအချို့ကြောင့် သူမနေနိုင်ဘဲ ချန်လီကို အားကျမိသည်။ 


ချန်လီ၏ အတန်းဖော်က ဝေ့ချန်၏ ထွက်ခွာသွားသည့်ပုံရိပ်ကို ခဏလောက်ကြည့်နေလိုက်သည်။ လက်တွေ့သို့ ပြန်ရောက်လသည့်အခါ ချန်လီ၏အကြည့်များက သူ့ဆီသို့ရောက်နေလေသည်။ သူက မသိစိတ်အရ ချန်လီကို ခေါင်းညိတ်ပြလိုက်သော်လည်း ချန်လီ လူကြီးမင်းဝေ့ကို မြင်၊မမြင်တော့ မသိလိုက်ချေ။


ချန်လီကလည်း အတန်းဖော်ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် အတန်းဆီသို့သွားလိုက်သည်။ သူက ခေါင်းငုံ့၍ သူ့ခြေထောက်ကိုသာ ကြည့်သွားလိုက်၏။


အတန်းဖော်က သူ့အနားသို့ ကပ်မသွားရဲချေ။ သို့သော်လည်း သိပ်မကြာခင်၌ ချန်လီက သူ့ကိုနှုတ်ဆက်လိုက်ကြောင်း သတိရသွားသည်။ 


ထိုသတိရသွားခြင်းက သူ့ကိုပျော်ရွှင်သွားစေသော်လည်း နီးနီးကပ်ကပ်တေ့ မသွားရဲသေးချေ။ ချန်လီက လုံခြုံသည့် အကွာအဝေးတစ်ခုတွင် ရှိနေသောကြောင့် သူ့ကိုနှုတ်ဆက်လိုက်ကြောင်း သူသိသည်။ သူသာ အတင်းချဥ◌်းကပ်သွားပြီး လုံခြုံသည့်အကွာအဝေးကိုချိုးဖောက်လိုက်ပါက ချန်လီကို ဒုက္ခရောက်စေလိမ့်မည်။


ထို့ကြောင့် အတန်းဖော်က ချန်လီ၏အနောက်တွင်သာ အကွာအဝေးတစ်ခုခြား၍နေပြီး သူ့အနားရှိ လမ်းအခြေအနေများကို တစ်ချက်ကြည့်ပေးနေလိုက်သည်။


ချန်လီက အတန်းသို့ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရောက်သွားခဲ့သည်။ သူ့ခုံပေါ်တွင် လက်ဆောင်သေးသေးလေးနှင့် အားပေးထားသည့် စာလေးတစ်စောင်ရှိနေသည်။ သို့သော်လည်း ထိုအရာများက ချန်လီ၏နှလုံးသားထဲတွင် တူညီသည့်သက်ရောက်မှုတစ်ခုဖြစ်စေသည်။ 


ချန်လီ မနေနိုင်ဘဲ မျက်ခုံးပင့်လိုက်၍ အပြုံးဖျော့ဖျော့လေး လှစ်ဟပြလာလေသည်။ 


လူများစွာက သတိထားမိလိုက်ကြပြီး သူတို့နှလုံးသားများက ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ အံ့ဩများဖြင့် ပေါက်ကွဲထွက်သွားတော့သည်။ ချန်လီ၏အပြုံးလေးက ဖျော့ဖျော့လေးနှင့် ခဏလေးသာဖြစ်သော်လည်း သူက တကယ်ပြုံးလိုက်ခြင်းဖြစ်ပြီး အတန်းဖော်များမှာ သူနှင့် အနည်းငယ် နီးကပ်လာပြီဟု ခံစားလိုက်ရသည်။ 


ထိုအတန်းဖော်များက မျက်နှာတွင် ခံစားချက်များကို ထုတ်ဖော်မပြလိုက်ကြပေ။ သူတို့ ချန်လီကို လန့်မသွားစေချင်ချေ။ သို့သော်လည်း အတန်း၏ အုပ်စုဖွဲ့ စကားပြောခန်းတွင်တော့ ချန်လီ၏အပြုံးက အကြီးအကျယ်ဖြစ်သွားလေသည်။ 


[ငါမြင်လိုက်တာဟုတ်တယ်မလား…ငါတို့အတန်းဖော် ချန်လီက ပြုံးလိုက်တယ်]


[မင်းမြင်တာမမှားဘူး…ချန်လီက တကယ်ကို ပြုံးလိုက်တာ]


[ချန်လီက ပြုံးလိုက်တဲ့အချိန်ကျ တကယ်ကြည့်ကောင်းတာပဲ…ချစ်စရာကောင်းတယ်]


[ပုံ]


[ငါနောင်တရနေပြီ…ဓာတ်ပုံမရိုက်လိုက်မိဘူး…ပြီးတော့ ရိုက်လိုက်တဲ့ပုံကဝါးဝါးကြီး] ချန်လီအနောက်သို့ လိုက်ခဲ့သည့် အတန်းဖော်က သူရိုက်ခဲ့သည့်ပုံကို ပို့လိုက်သည်။ 


[ဒါက မင်းတို့ပြောနေကြတဲ့အကြောင်းလား]


[ပုံ] ပုံထဲတွင် နေရောင်ခြည်တန်းလေးက ငယ်ရွယ်သည့် ကောင်လေး၏ အပြုံးဖျော့ဖျော့လေးပေါ်သို့ ကျရောက်နေကာ ဖြူစင်လွန်းလှသည်။ 


[အား…ဒီပုံကို ဘယ်လိုလုပ်ရလာတာလဲ…ဒီပုံကို ငါ့ရဲ့ နောက်ခံဓာတ်ပုံအနေနဲ့လိုချင်တယ်…ငါဘာလုပ်ရမလဲ…ငါတို့ရဲ့ အတန်းဖော်ချန်လီကို ဘာလို့ ရုတ်တရက်ကြီး ချောတယ်လို့ မြင်လာရတာလဲ}


[အရမ်းချောတာပဲ]


[အရမ်းချောတာပဲ]


မကြာခင်တွင် မျက်နှာပြင်က ဓာတ်ပုံထဲတွင် ချန်လီမည်မျှချောမောကြောင်း ပြောထားသည်များဖြင့် ပြည့်သွားတော့သည်။ မိန်းကလေးများသာမက ယောက်ျားလေးများကလည်း ပါဝင်လာကြကာ ဝိုင်းဝန်း ချီးမွမ်းနေကြလေသည်။ ဓာတ်ပုံပေါ်လာသည်နှင့် အားလုံးက ချက်ချင်း သိမ်းထားလိုက်ကြ၏။


စိတ်လှုပ်ရှားဖွယ်အချိန်များကုန်ဆုံးသွားပြီးနောက် တစ်ယောက်ယောက်က အဓိကအချက်ကို ရှာတွေ့သွားပြီး လျင်မြန်စွာ စာရိုက်လာခဲ့သည်။ 


[ဒီနေရာက ငါတို့အနုပညာဌာနရဲ့ စက်ဘီးထားတဲ့နေရာနဲ့တူသလိုပဲ...ချန်လီက ဘာလို့ အဲ့မှာရှိနေတာလဲ...သူ ဒီနေ့ စက်ဘီးစီးပြီးလာခဲ့တာလား...။]




💘