Volume 13 : လူမှုဘာသာရပ်များဌာန
Chapter 289 (ထန်မင်းဆက်သို့ အိမ်မက်မက်ခြင်း ၀၃)
ယွဲ့ရှင်းဝမ်သည် ထန်မင်းဆက်၏ သမိုင်းကြောင်းကို အနည်းငယ်နားလည်ထားပြီး လီရှစ်မင်၏ စစ်သူကြီး ချင်းချုံ၊ လီကျင့်၊ ယွိချီကုန်း၊ အတိုင်ပင်ခံအရာရှိ ကျန်စွန်းဝူကျိ အစရှိသည့် နာမည်ကြီးများကို သူသိသော်လည်း ကျန်းဖျင်စစ် အစားထိုးခဲ့သော 'ချင်စံအိမ်၏စစ်သူကြီး' ကိုတော့ သူတကယ်မသိချေ။
ကျန်းဖျင်စစ်၏ စိတ်ဝင်စားမှုသည် သင်္ချာဘာသာရပ်တွင်သာဖြစ်ပြီး ချင်စံအိမ်၏ စစ်သူကြီးများအကြောင်း များများစားစား မကြားဖူးခဲ့ပေ။ သည်အရာကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "မင်းသရုပ်ဆောင်တဲ့ ဇာတ်ကောင်နာမည်က ဘာလဲ။"
ကျန်းဖျင်စစ်က ဆိုသည်။ "ငါ့ရဲ့မျိုးရိုးနာမည်က ကျန်း ဖြစ်ပြီး အားလုံးက ငါ့ကို စစ်သူကြီးကျန်း လို့ခေါ်ကြတယ်။ ငါ လက်ရှိ တာဝန်ယူနေတဲ့ ယွီလင်စစ်တပ်က လီရှစ်မင် လျှို့ဝှက်ပြုစုပျိုးထောင်ထားတဲ့ ယုံကြည်ရတဲ့ စစ်တပ်တစ်ခုပါ။ လူဦးရေ 800 ပဲ ရှိပေမယ့် အားလုံးက ကိုယ်ခံပညာစွမ်းရည် မြင့်မားတယ်။"
ယွဲ့ရှင်းဝမ်သည် ပြုံးပြီး အကူအညီမဲ့စွာ ပြောသည်။ "လီရှစ်မင်ရဲ့ ကွပ်ကဲမှုအောက်မှာ တခြားစစ်သူကြီးကျန်း ရှိတယ်ဆိုတာ ငါမသိခဲ့ဘူး၊ ဒီလူက ဘယ်သူလဲဆိုတာ ချင်မြောင်ပဲ သိလိမ့်မယ်။"
ဤလူ၏ တိကျသော အထောက်အထား နောက်ခံအကြောင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဤ 'စစ်သူကြီးကျန်း' သည် 'ရွှမ်ဝူဂိတ်ဖြစ်ရပ်' တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အတည်ပြုနိုင်သည်။
ယွဲ့ရှင်းဝမ်က မေးလိုက်သည်။ "မင်းရဲ့ ကိုဩဒီနိတ်စနစ် စွမ်းရည်ကို ပိတ်ထားတာလား။"
ကျန်းဖျင်စစ်က ခေါင်းညိတ်ပြသည်။ "တြိဂံပေတံနဲ့ ကိုဩဒီနိတ်စနစ်ကို အသုံးပြုလို့မရပေမယ့် ကိန်းဂဏန်းအစဉ်ကိုတော့ အသုံးပြုလို့ရတယ်။ ယွီလင်စစ်တပ်ကို ရေတွက်ဖို့ ကိန်းဂဏန်းအစဉ်ကို အသုံးပြုပြီး လူ 800 ကို အမြန်ရေတွက်ခဲ့တာ။" သူသည် ခေတ္တမျှတန့်ပြီး ဆက်ပြောခဲ့သည်။ "သင်္ချာမဲပုံးလည်း သုံးလို့ရပေမယ့် ငါ ဆွဲဖို့ အချိန်မရသေးဘူး။"
ဖျင်စစ်၏ ကိုဩဒီနိတ်စနစ်ကို သည်စာမေးပွဲမှာ အသုံးပြု၍မရချေ။ မဟုတ်ပါက သူသည် တည်းခိုခန်းတွင် လူတိုင်းနှင့်တွေ့ဆုံရန် ခြံဝန်းအပြင်ဘက်သို့ ခိုးထွက်နိုင်မှာ သေချာပါသည်။
ယွဲ့ရှင်းဝမ်သည် ဆက်လက်မေး၏။ "မင်း လီရှစ်မင်ကို တွေ့ဖူးလား။"
"ငါတစ်ခါတွေ့ဖူးတယ်။ မျက်လုံးဖွင့်လိုက်တော့ ငါက ချင်စံအိမ်မှာရောက်နေတာ။ စာကြည့်တိုက်က ငါ့ရဲ့အထောက်အထားကို ရှင်းပြတယ်၊ ပြီးတော့ ငါ လီရှစ်မင်နဲ့တွေ့ပြီး ယွီလင်စစ်တပ်ကို အမြန်ရေတွက်ခိုင်းပြီး သတိထားပြီးတော့ စံအိမ်ထဲကို မသင်္ကာစရာလူတွေကို မဝင်စေဖို့ ပြောခဲ့တယ်။"
"အဲဒါကြောင့် မင်းကိုယ်တိုင် ညလယ်မှာ ကင်းလှည့်နေတာလား။"
"အင်း။" ကျန်းဖျင်စစ်သည် ခေတ္တရပ်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။ "မကြာသေးခင်က တစ်ခုခုဖြစ်ခဲ့သလား၊ လီရှစ်မင်က အရမ်းသတိရှိပြီး အရမ်းသတိထားနေတယ်။"
"လီယွမ်ကျိက ထူးကြွယ်တွေကို တိုက်ခိုက်ဖို့အတွက် စစ်တပ်ကိုဦးဆောင်ပြီး စစ်သည်ပေးဖို့အတွက် ဧကရာဇ်ကို ချဉ်းကပ်ခဲ့ပြီး မူလက လီရှစ်မင်နောက်လိုက်တဲ့ ချင်းရှူးပေါင်နဲ့ ယွိချီကုန်းတို့ကို လီယွမ်ကျိနောက်လိုက်ပြီး စစ်ထွက်တိုက်ဖို့ ဧကရာဇ်က ခွင့်ပြုခဲ့တယ်။ လီယွမ်ကျိက သူ့အင်အားကို အားနည်းစေဖို့အတွက် အခွင့်ကောင်းယူပြီး လှုပ်ရှားမှုတချို့ လုပ်လာလိမ့်မယ်ဆိုတာ လီရှစ်မင် သတိထားမိနိုင်တာကြောင့် ပြင်ဆင်ထားတာပဲ။" ယွဲ့ရှင်းဝမ်သည် သူ့အသံကိုလျှော့ပြီး ပြောခဲ့သည်။ "သူ့ကိုတွေ့ဖို့ မင်းငါ့ကိုခေါ်သွားလို့ရလား။"
"သူက ဒီညမှာ စာကြည့်ခန်းမှာနေပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူးလို့ သူငါ့ကိုပြောခဲ့တယ်။ ဒါပေမယ့် သူ့လူအနေနဲ့ ငါ့ရဲ့လက်ရှိအနေအထားအရတော့ ဝင်ခွင့်ပြုလောက်ပါတယ်။" ကျန်းဖျင်စစ်က ခပ်တိုးတိုးဆိုသည်။
သူတို့အနားတွင် ဘယ်သူမှမရှိသလို စကားပြောဆိုမှုများကို နားထောင်ရင်း ကျိုဖုန်းသည် အနားရပ်တွင်ရပ်ကာ 'ငါဘယ်သူလဲ၊ ငါဘယ်မှာလဲ၊ ငါဘာလုပ်ရမှာလဲ' ဟူသော ကြောင်တက်တက်အကြည့်ကို ထုတ်ဖော်နေသည်။
ယွဲ့ရှင်းဝမ်သည် နောက်ဆုံးတွင် ကျိုဖုန်းကို သတိပြုမိပြီး ပေါ့ပါးစွာ ချောင်းဟန့်ကာ ပြောခဲ့သည်။ "စီနီယာအစ်ကို အရင်ပြန်လိုက်ပါလား။ စီနီယာအစ်ကိုရဲ့အထောက်အထားက စံအိမ်အစောင့်ဆိုပေမယ့် ကျွန်တော်တို့နဲ့ အတူရှိနေတာက အဓိပ္ပါယ်မရှိဘူး။"
ကျိုဖုန်းသည် ယွဲ့ရှင်းဝမ်၏ပခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။ "ကောင်းပြီ၊ ငါမင်းကို အများကြီး မကူညီနိုင်ဘူး။ သတိထားပြီး ဘေးကင်းအောင် ဂရုစိုက်ပါ။"
ယနေ့တွင် ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် စကားစမြည်ပြောနေသောအခါ သူသည် လုံးဝ ဝင်မပြောနိုင်ခဲ့ပေ။ သူတို့နှစ်ဦးတွင် အပြန်အလှန်နားလည်မှုရှိပြီး တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းကြည့်ပြီး စကားပြောနေသောအခါ ကျိုဖုန်းသည် သူ့ကို မလိုအပ်ဘူးဟု အမြဲခံစားရသည်။ ဖျင်စစ်သည် ရှင်းဝမ်ကို လီရှစ်မင်နှင့်တွေ့ရန် ခေါ်ဆောင်သွားနိုင်သောကြောင့် သူလိုက်သွားတာက အကြံကောင်းမဟုတ်ဘဲ ထို့ကြောင့် ပြဿနာမဖြစ်အောင် သူမသွားတော့ချေ။
ကျိုဖုန်းသည် တံခါးကို တွန်းဖွင့်ပြီး အပြင်ကို အမြန်ထွက်သွားခဲ့သည်။
အခန်းထဲမှာ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ နှစ်ယောက်တည်း ကျန်တော့သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းဖျင်စစ်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ယွဲ့ရှင်းဝမ်၏ မျက်နှာပေါ်က ဖုန်မှုန့်များကို ညင်သာစွာ သုတ်လိုက်ပြီး ပြောသည်။ "ငါက ချင်စံအိမ်ရဲ့ စစ်သူကြီးမှန်း သိခဲ့ရင် မင်းကိုယ်တိုင် ဒီလိုလုပ်စရာမလိုပါဘူး။"
ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြောလိုက်သည်။ "မင်းကို ဒီအချိန်နဲ့ နေရာမှာ မရှိဘူးလို့ထင်ထားတာ။"
ကျန်းဖျင်စစ်သည် မမျှော်လင့်ဘဲ မျက်ခုံးပင့်လိုက်သည်။ "ဒီမှာမရှိတဲ့သူတွေ ရှိသေးတာလား။"
ယွဲ့ရှင်းဝမ်က ခေါင်းညိတ်သည်။ "ခယ်ရှောင်ပင်း၊ ရှင်းယန်၊ စီနီယာအစ်ကိုရွှီ၊ စီနီယာအစ်ကိုလျှို၊ ကျန်းရှောင်နျန်နဲ့ စီနီယာအစ်မလန်တို့က လောလောဆယ် မပေါ်လာသေးဘူး။ ချင်မြောင်က သူတို့က တခြားအချိန်နဲ့ နေရာတွေမှာ ရှိနေတယ်လို့ သံသယရှိပြီး သူတို့က နောက်ထပ်သမိုင်းဝင်ဖြစ်ရပ်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်ဖို့ လိုအပ်လောက်တယ်။ ဒီတစ်ခေါက် 'ထန်မင်းဆက်သို့ အိမ်မက်မက်ခြင်း' သင်တန်းက သေးငယ်တဲ့တာဝန်တွေအများကြီး ရှိနိုင်တယ်။"
ကျန်းဖျင်စစ်က ပြောလာသည်။ "ဒီလိုဆိုရင် ငါတို့ရဲ့ဇာတ်ကောင်က လီရှစ်မင်ကို ကူညီရမှာလား။"
ယွဲ့ရှင်းဝမ်: "ဟုတ်တယ်။ 'ရွှမ်ဝူဂိတ်ဖြစ်ရပ်' က ဝူသယ် ကိုးနှစ်မြောက် ခြောက်လပိုင်း လေးရက်နေ့မှာ အချိန်မှန် စတင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ဒီနေ့က ခြောက်လပိုင်း တစ်ရက်နေ့ဆိုတော့ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။"
ကျန်းဖျင်စစ်သည် ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ကောင်းပြီ၊ ငါမင်းကို ချက်ချင်းခေါ်သွားမယ်။"
နှစ်ယောက်သားသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ လုံလောက်အောင် သရုပ်ဆောင်ရန်အတွက် ကျန်းဖျင်စစ်သည် အကျဉ်းသားများကို ခေါ်ဆောင်သွားခြင်းကဲ့သို့ ယွဲ့ရှင်းဝမ်၏လက်များကို ကျောနောက်သို့လိမ်ကာ ကြိုးများဖြင့် တင်းတင်းကျပ်ကျပ်ချည်နှောင်ပြီး ရှင်းဝမ်ကို စာကြည့်ခန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
စာကြည့်ခန်းသည် မှောင်နေပြီး လှုပ်ရှားမှုမရှိပေ။ လီရှစ်မင် အိပ်ပျော်သွားသည်မှာ ထင်ရှားပါသည်။
အခြေအနေက အရေးတကြီးဖြစ်နေကာ ကျန်းဖျင်စစ်သည် ဤအရာကို စဉ်းစားဖို့ အချိန်မရှိချေ။ သူသည် ရှေ့ကို လှမ်းလာပြီး တံခါးကို ခေါက်လိုက်ပြီး ခပ်တိုးတိုးဆိုသည်။ "မင်းသားချင်၊ သင့်လက်အောက်ငယ်သားမှာ အရေးကြီးတဲ့သတင်းတစ်ခုရှိလို့ပါ။"
အခန်းထဲမှာ ဖယောင်းတိုင်မီးများ ထွန်းလင်းလာပြီး ခဏအကြာတွင် အခန်းတွင်းမှ "ဝင်ခဲ့" ဆိုသောအသံတစ်ခု ထွက်ပေါ်လာသည်။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို အခန်းထဲသို့ ခေါ်သွားပြီး ခြုံထည်ကိုဝတ်ထားသည့် သလွန်ပေါ်တွင် အသက်နှစ်ဆယ်ကျော် လူငယ်တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာသည် ပင်ပန်းနွမ်းနယ်မှုကို လုံးဝမပြသဘဲ အလွန်တက်ကြွနေသည်။ မကြာသေးမီက သူသည် အလွန်စိုးရိမ်သောကရောက်နေပုံရပြီး တစ်ညလုံး အိပ်မပျော်ဖြစ်နေပုံရသည်။ မနက် 3 နာရီထိုးခါနီးအထိ သူအိပ်မပျော်သေးချေ။
လီရှစ်မင်သည် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "အရမ်းနောက်ကျနေပြီကို စစ်သူကြီးကျန်းက ဘာအရေးကြီးကိစ္စရှိလို့လဲ။"
ကျန်းဖျင်စစ်က ပြောသည်။ "ဒီလက်အောက်ငယ်သားက စံအိမ်ထဲမှာ ကင်းလှည့်နေတဲ့အချိန် ဒီလူက တံခါးအပြင်ကနေ ခိုးဝင်လာတာကိူ ကျွန်တော်မျိုးတွေ့တဲ့အတွက် သူ့ကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားခဲ့တာပါ။ သူက မင်းသားရဲ့ အသိအကျွမ်းဟောင်းတစ်ဦးဖြစ်ပြီး အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို တင်ပြစရာရှိတယ်လို့ ဆိုကါတယ်။ ဒီလက်အောက်ငယ်သားက အဲဒါကအမှန်ဟုတ်၊မဟုတ် မသိတာကြောင့် အတည်ပြုဖို့ ကျွန်တော်မျိုး သူ့ကို မင်းသားဆီ ခေါ်ဆောင်လာခဲ့တာပါ။ တကယ်လို့ သူပြောတာမှားရင် ဒီလက်အောက်ငယ်သားက ဒီလူကို ချက်ချင်း သေဒဏ်ပေးလိုက်ပါ့မယ်။"
ယွဲ့ရှင်းဝမ်၏လက်များကို ကြိုးဖြင့်ချည်ထားသော်လည်း သူ့အပေါ်က ကျန်းဖျင်စစ်၏ခွန်အားသည် အလွန်ပေါ့ကာ နာကျင်မှုကို မခံစားရပေ။ သည်အရာများအားလုံးက သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် သိနေသည်ကို လီရှစ်မင် သံသယမဝင်စေရန် ဖြစ်သည်။
ဖျင်စစ်၏ သရုပ်ဆောင်ကွက်ကို ယွဲ့ရှင်းဝမ်မှ သီးသန့် "လမ်းညွှန်" ခဲ့သည်။ ကျန်းဖျင်စစ်သည် မင်းသားနှင့် အတည်ပြုရန် သံသယဖြစ်ဖွယ်လူတစ်ဦးအား ဖမ်းဆီးဟန်ဆောင်ကာ ယွဲ့ရှင်းဝမ်သည် ထိုနေရာတွင် ရုန်းကန်ဟန်ဆောင်နေပြီး သူတို့နှစ်ဦးသည် အလွန်ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကာ လီရှစ်မင်သည် သူတို့အကြားရှိ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုတစ်စုံတစ်ရာကို မတွေ့ခဲ့ရပေ။
"ခေါင်းကိုမော့လိုက်" လီရှစ်မင်က ခပ်တိုးတိုးပြောသည်။
"မင်းသား၊ ကျွန်တော် ဝမ်တျယ်ပါ။" ယွဲ့ရှင်းဝမ်သည် သူ့ခေါင်းကို မော့လိုက်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။
သမိုင်းတွင်ကျော်ကြားသော ဤဧကရာဇ်ကို လူကိုယ်တိုင်တွေ့မြင်ရသောအခါ ယွဲ့ရှင်းဝမ်သည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူသည် သမိုင်းစာအုပ်များတွင် ဖော်ပြထားသည့်အတိုင်းပင် ငယ်ရွယ်သော်လည်း အလွန်ခံ့ညားလှသည်။
အသက် 30 နှစ်အောက် လီရှစ်မင်သည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ရန် ရွှမ်ကျားသံချပ်ကာတပ်ကို ဦးဆောင်ကာ မရေမတွက်နိုင်သော တိုက်ပွဲများကို အနိုင်ယူခဲ့ပြီး စစ်တပ်တွင် သူ၏ဂုဏ်သိက္ခာသည် မင်းသားလီကျန့်ချန်ထက် များစွာသာလွန်ခဲ့သည်။ သူ့အမူအရာက အလွန်ကြင်နာပေမယ့် တည်ငြိမ်သောဩဇအရောင်အဝါသည် ယွဲ့ရှင်းဝမ်ကို မဆင်မခြင်မလုပ်ဝံ့အောင် ပြုလုပ်နေဆဲဖြစ်သည်။
ယခင်က ဝမ်တျယ်နှင့် လီရှစ်မင်တို့သည် မည်ကဲ့သို့အဆက်အသွယ်လုပ်ခဲ့သလဲ သူမသိသောကြောင့် ယွဲ့ရှင်းဝမ်သည် တလေးတစား ပြုမူရန်ကလွဲပြီး ရွေးချယ်စရာ မရှိသလို စကားပြောတာရပ်ပြီး ခေါင်းငုံ့ထားလိုက်သည်။
လီရှစ်မင်သည် လက်ဖက်ရည်ခွက်ကိုချပြီး ပြောလိုက်သည်။ "စစ်သူကြီးကျန်း၊ မင်း အရင်ပြန်ဆုတ်လိုက်ပါ။"
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို သံသယရှိသော အကြည့်ကို ပေးကာ တံခါးကနေ တိတ်တဆိတ် ထွက်သွားခဲ့သည်။
လီရှစ်မင်သည် မတ်တတ်ထရပ်ပြီး သူ့နောက်က လျှောက်သွားကာ ကြိုးဖြည်ဖို့ 'ဝမ်တျယ်' ကို ကိုယ်တိုင်ကိုယ်ကျ ကူညီပေးပြီး ညင်သာစွာ ဆိုသည်။ "မင်းဘာလို့ ငါ့ရှေ့မှာ ဒီလိုအရှက်ကွဲခံပြီး ကြိုးချည်ခံထားတာလဲ။ လျှို့ဝှက်ဆက်သွယ်ဖို့ သဘောတူထားတဲ့ သတင်းပေးသူရော။"
ယွဲ့ရှင်းဝမ်သည် ကြောက်ရွံ့ဟန်ဆောင်ပြီး ပြောခဲ့သည်။ "မင်းသားချင်၊ ဒါက တကယ့်ကို အရေးပေါ်အခြေအနေဖြစ်ပြီး ဒီလက်အောက်ငယ်သားက ဒီကိစ္စကို တတိယလူဆီ ပြောပြဖို့ စိတ်မသက်မသာဖြစ်တာကြောင့် အရှေ့စံအိမ်ကနေ ခိုးထွက်ပြီး မင်းသားဆီ တိုက်ရိုက်သတင်းပို့ဖို့ လာခဲ့တာပါ!"
လီရှစ်မင်သည သူ့မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ "ဘာကိစ္စရှိလို့လဲ။"
ယွဲ့ရှင်းဝမ်သည် ချောင်းဟန့်ပြီး သူ့လည်ချောင်းရှင်းကာ အသံတိုးတိုးဖြင့် ပြောသည်။ "အိမ်ရှေ့စံမင်းသားနဲ့ မင်းသားချီတို့က ဒီနေ့ အရှေ့စံအိမ်မှာ ပူးပေါင်းကြံစည်ကြပြီး အခုကနေ ရက်အနည်းငယ်ကြာရင် ခွန်မင်းရေကန်ရဲ့ ပွဲတော်မှာ မင်းသားကို လုပ်ကြံဖို့ လူစေလွတ်ဖို့ နှစ်ဦးသဘောတူခဲ့ကြပါတယ်။ ပြီးရင် မင်းသားက ရုတ်တရက် ဖျားနာသေဆုံးသွားတယ်လို့ လိမ်လည်ပြီး သတင်းလွှင့်ပါလိမ့်မယ်။ သူတို့က စစ်သူကြီးယွိချီ၊ စစ်သူကြီးချင်းနဲ့ တခြားသူတွေကိုလည်း တစ်ခုခုလုပ်ချင်ပြီး စစ်ချီတဲ့လမ်းမှာ မင်းသားရဲ့လက်အောက်ငယ်သားတွေကို ချေမှုန်းပစ်ဖို့ ကြံစည်နေပါတယ်…"
လီရှစ်မင်သည် ဤအရာကို ကြားသောအခါ အမြဲတမ်း နူးညံ့နေသောသူ့မျက်နှာထက်၌ ဒေါသများ ရုတ်တရက်ပေါ်လာပြီး သူ့လက်နောက်ဘက်မှာရှိသော အပြာရောင်သွေးပြန်ကြောများ ထွက်လာပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်က ကြေမွသွားသည်။
သူ့နားထဲတွင် ကြွေထည်များကွဲသံကိုကြားတော့ ယွဲ့ရှင်းဝမ်သည် ချက်ချင်းပင် ခေါင်းငုံ့ကာ စကားရပ်လိုက်သည်။
သူ့တာဝန်ပြီးမြောက်ကြောင်း သူသိသည်။
လီရှစ်မင်သည် သူ၏တင်ပြချက်ကို ယုံကြည်နေပုံရသည်။ အိမ်ရှေ့စံမင်းသားနှင့် မင်းသားချင်တို့၏ တပ်ဖွဲ့များကြားက ရုန်းကန်မှုသည် အပူဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နှစ်ဖက်စလုံးက အခွင့်အရေးကို စောင့်မျှော်နေကြသည်။ လီရှစ်မင်သည် သားသတ်သမား၏ဓားကိုထုတ်ပြီး သူ့အစ်ကိုအရင်းကိုသတ်ရန် ဆန္ဒမရှိသော်လည်း တစ်ဖက်လူက သူ့ကိုအရင်တိုက်ခိုက်ရန်စီစဉ်ထားသောကြောင့် သူထိုင်မနေနိုင်ပေ။
ဤအချိန်က အကောင်းဆုံးအချိန်ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် လီရှစ်မင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ "ငါသိပြီ၊ ဒီနေ့ မင်းရဲ့အောင်မြင်မှုတွေကို ငါမှတ်မိနေမှာပါ၊ အရင်ပြန်ဆုတ်လိုက်တော့။" ထိုသို့ပြောပြီးနောက် သူသည် တံခါးဘက်သို့ အော်လိုက်သည်။ "စစ်သူကြီးကျန်း၊ သူ့ကို အခြေချခိုင်းဖို့ ခေါ်သွားလိုက်ပါ။"
ကျန်းဖျင်စစ်သည် တံခါးကိုဖွင့်ပြီး ယွဲ့ရှင်းဝမ်ကို ခေါ်ထုတ်လိုက်သည်။ ပြီးသည်နှင့် လီရှစ်မင်က သူ့ကို ခပ်တိုးတိုးပြောလိုက်တာ သူကြားလိုက်သည်။ "ကျန်စွန်းဝူကျိနဲ့ ယွိချီကုန်းတို့ကို မင်းသားချင်စံအိမ်ဆီလာဖို့အတွက် တစ်ယောက်ယောက်ကို စေလွတ်လိုက်ပါ။ အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့။"
ကျန်းဖျင်စစ်သည် ရှင်းဝမ်ကို သူ၏နေရာတွင် အခြေချနေထိုင်စေခဲ့ပြီး လီရှစ်မင်၏ စာကြည့်ခန်းသို့ ပြန်သွားခဲ့သည်။
လီရှစ်မင်၏ အယုံကြည်ရဆုံး ကျန်စွန်းဝူကျိ အပါအဝင် လူများစွာနှင့် တွေ့ဆုံခဲ့သည်။
အားလုံးသည် တစ်ညလုံး ဆွေးနွေးကြပြီး လီရှစ်မင်ဆီမှ 'အိမ်ရှေ့စံမင်းသားနဲ့ မင်းသားချီတို့က ခွန်းမင်ရေကန်မှာ ငါတို့ကို လုပ်ကြံဖို့ ကြံစည်တယ်' ဟူသော သတင်းကို ကြားသောအခါ လီရှီမင်း၏ လက်အောက်ငယ်သားများ အားလုံး ဒေါသထွက်သွားကြပြီး သူ့ကို တပ်ဖွဲ့များအား တိုးရန် ဖျောင်းဖျကြသည်။
လီရှစ်မင်၏စိတ်ထဲတွင် တွေးထားသည်ကို မည်သူမျှ မသိကြသော်လည်း အပေါ်ယံတွင် သူသည် ခဏတာမျှ ငြင်းဆိုနေဆဲဖြစ်သည်။ "သွေးသားအရင်းချာကို သုတ်သင်ခြင်းက ခေတ်အဆက်ဆက် ကြီးလေးတဲ့အပြစ်ပဲ။ ငါက ခေတ်အဆက်ဆက် အဲဒီလိုအပြစ်သား မဖြစ်ချင်ဘူး။"
သူ၏လက်အောက်ငယ်သားများက 'မင်းသားက တိုင်းပြည်လူ့အဖွဲ့အစည်းကို ထိပ်တန်းဦးစားပေးအဖြစ် အာရုံစိုက်သင့်တယ်' နှင့် 'မင်းသားချီရော၊ အိမ်ရှေ့စံမင်းသားပါ လောကကြီးကို အုပ်စိုးဖို့အရည်အချင်းမရှိကြဘူး' ကဲ့သို့သော အကြောင်းပြချက်များဖြင့် ထွက်ပေါ်လာကြပြီး သူတို့သည် သူ့ကို စိတ်အားထက်သန်စွာ ဖျောင်းဖျကြသည်။ နောက်ဆုံးမှာတော့ လူတိုင်း၏ စည်းရုံးမှုအောက်တွင် သေရေးရှင်ရေး၏ ဖိအားအောက်မှာတောင် လီရှစ်မင်သည် အရင်လုပ်ကြံရန် ဆုံးဖြတ်လိုက်သည်။
ကျန်းဖျင်စစ်သည် သူ့အား ခေါင်းကိုက်စေသော သူတို့၏ ဆွေးနွေးမှုများကို နားထောင်ရင်း အနားတွင် ရပ်နေခဲ့သည်။
ခေတ်အဆက်ဆက် စစ်တပ်ကို ပြုစုပျိုးထောင်ခဲ့သော ဘုရင်မင်းမြတ်တော်တော်များများမှာ စစ်တပ်ကို ပြုစုပျိုးထောင်ရန် စည်းရုံးသည့် အကြံပေးအဖွဲ့များ ရှိခဲ့သည်။ ဤအကြံပေးအရာရှိများသည် အတိတ်နှင့် ပစ္စုပ္ပန်အကြောင်း စကားပြောဆိုရာတွင် ထူးချွန်ကြသည်။
သူတို့၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် ကျန်းဖျင်စစ်ပင်လျှင် လီရှစ်မင်သည် လီကျန့်ချန်နှင့် လီယွမ်ကျိတို့ကို မသတ်ခဲ့ပါက သူသည် လူများနှင့် ထန်မင်းဆက်အတွက် ဝမ်းနည်းစရာကောင်းလိမ့်မည်ထင်မိသည်။
တပ်များကို တိုးရန် ဆုံးဖြတ်ပြီးသည့်နောက်မှာတော့ လီရှစ်မင်သည် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
သူ၏မျက်လုံးများသည် အားလုံးကို ဖြည်းညှင်းစွာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောခဲ့သည်။ "မနက်ဖြန် ငါ့ခမည်းတော် ဧကရာဇ်ကို တွေ့ဆုံဖို့ ငါ နန်းတော်ကိုသွားပြီး အိမ်ရှေ့စံမင်းသားနဲ့ မင်းသားချီတို့က မောင်းမဆောင်ရဲ့ ကိုယ်လုပ်တော်တွေနဲ့ ဆက်ဆံရေးရှိကြောင်း ငါ့ခမည်းတော် ဧကရာဇ်ကို ရှင်းလင်းအောင် ငါလုပ်မယ်။ ခမည်းတော် ဧကရာဇ်က သေချာပေါက် ဒေါသထွက်ပြီး မေးမြန်းဖို့ သူတို့ကို နန်းတော်ဆီ ခေါ်လိမ့်မယ်။ စစ်သူကြီးကျန်းက ယွီလင်စစ်တပ် 800 ကို ဦးဆောင်ပြီး သူတို့နှစ်ယောက် နန်းတော်ထဲမဝင်ခင် ရွှမ်ဝူဂိတ်မှာ ကြိုတင်ချုံခိုတိုက်ခိုက်ပြီးတော့…"
သူသည် သူ့လက်ကိုဆန့်ပြီး သူ့လည်ပင်းကို ဖြတ်ပစ်သလို အမူအရာလုပ်ပြလိုက်သည်။
ထိုအချိန်တွင် လီရှစ်မင်၏ မျက်လုံးများသည် တည်ငြိမ်ပြီး စူးရှနေသည်။ အကယ်၍ သူသည် တိုက်ပွဲမအောင်မြင်ပါက မင်းသားချင်၏ တပ်ဖွဲ့များသည် ဤတိုက်ပွဲကို သေလောက်အောင်တိုက်ခိုက်ရလိမ့်မည်။
ကျန်းဖျင်စစ်သည် သူ့အတွက် စာကြည့်တိုက်မှ စီစဉ်ပေးထားသော အထောက်အထားသည် ဤမျှအရေးကြီးသည်ဟု မမျှော်လင့်ခဲ့မိချေ။
သူသည် ချက်ချင်း မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ မင်းသား!"
ခြောက်လပိုင်း လေးရက်မြောက်နေ့မှာ သူဦးဆောင်သော ယွီလင်စစ်တပ်သည် အမှားအယွင်းဖြစ်၍မရပေ။
TK Team