Chapter 87
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၇)

ကောင့်မြို့စားကတော် အမ်ဘာက အစေခံတစ်ယောက်ကို စေလွှတ်၍ လက်ဖက်ရည်ပါတီပွဲသို့ အရောက်နောက်ကျပါမည်ဟု တခြားသူများကို ပြောစေပြီး ကျွန်မကို တိတ်ဆိတ်သော အခန်းတစ်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

"ကျွန်မရဲ့ခင်ပွန်းက ဒီရက်တွေထဲမှာ ထူးဆန်းနေပါတယ်။"

နှစ်ယောက်တည်း ရှိချိန်တွင် သူမက စတင်၍ ပြောလာခဲ့သည်။

"သူက အပြင်ပဲ ထွက်နေပြီး မကြာခဏ အိမ်ကို ပြန်မလာခဲ့ပါဘူး။တစ်ခါတစ်လေ သူ့ဆီက အမျိုးသမီးသုံးရေမွှေးအနံ့ ရတတ်ပါတယ်။"

အိုး

ဒါက အချစ်ဇာတ်လမ်း ခင်းနေကျပုံစံလိုမျိုးပဲ။

"အချစ်ဇာတ်လမ်းခင်းနေတဲ့ အနံ့က ထောင်းထောင်းထနေပါလား။"

"ဟုတ်လားရှင်။"

ကောင့်မြို့စားကတော် အမ်ဘာက ပြောရင်းဖြင့် အေးစက်သောမျက်နှာနှင့် မလိုက်ဖက်စွာ မျက်ရည်များ ကျလာခဲ့သည်။

"ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မက အချစ်စစ်အချစ်မှန်နဲ့ ချစ်ကြသူတွေလို့ နာမည်ကျော်ကြားတာပါ။ဒါက ဘယ်လိုမျိုး ဖြစ်လာရတာလဲ။"

အာ

သူမက တရှုံ့ရှုံ့ငိုရင်း မျက်နှာကို လက်ကိုင်ပဝါဖြင့် အုပ်ထားလေသည်။

သူမကို မည်သို့ နှစ်သိမ့်ပေးရမည်ကို ကျွန်မ မသိပေ။

ပထမဆုံးအနေဖြင့် အချစ်ဇာတ်လမ်းခင်းနေသည်ဟု အတည်မပြုနိုင်သေးကတည်းက ထိုကိစ္စ အစစ်အမှန် ဟုတ်၊မဟုတ် ဆုံးဖြတ်ပေးရန် ကျွန်မ တတ်နိုင်သမျှ လုပ်ပေးရမည်ဟု တွေးထားသည်။

"ပထမဆုံး ဒီကိစ္စက ကျွန်မရဲ့မှော်နက်အစွမ်းနဲ့ လုပ်နိုင်တဲ့ကိစ္စလို့ မထင်ပါဘူး။"

"ရှင်!"

"အခုချက်ချင်းအတွက်ကို ပြောနေတာပါ ... အခုလေ။"

ဒေါသထွက်နေသော ကောင့်မြို့စားကတော် အမ်ဘာကို တည်ငြိမ်စေရန် ကျွန်မ ထိုသို့ ပြောလိုက်ရသည်။

"ဒီတော့ ကျွန်မ အိမ်ပြန်ပြီး သေချာရှာဖွေလေ့လာပြီးမှ ရှင့်ကို ဆက်သွယ်လိုက်ပါမယ်။"

ကျွန်မတွင် အကြမ်းဖျင်း အကြံဥာဏ်တစ်ခု ရှိသည်။

မှော်နက်စာအုပ်ထဲတွင် ကျွန်မ ပထမဆုံးဖတ်ဖူးသော အောက်လမ်းပညာ။

၎င်းကို အသုံးပြုရန် တွေးနေခဲ့သည်။

သို့သော် ၎င်းကို ယခု ထုတ်မပြောသေးသည်က ပိုကောင်းမည်ဟု ထင်သဖြင့် ကျွန်မ ပါးစပ် ပိတ်ထားလိုက်သည်။

"ဒါက ဖြစ်နိုင်ပါ့မလား။"

"ဖြစ်အောင် လုပ်မှာပါ။"

ကျွန်မ အပေါ်ယံမျှ ပြန်ဖြေ၍ လက်ကို ဆုပ်ထားလိုက်ပြီးနောက် ကောင့်မြို့စားကတော် အမ်ဘာကို ကြည့်လိုက်သည်။

"အိုကေ၊ဒီတော့ ..."

"ဟုတ်ကဲ့၊ကျေးဇူးပြုပြီး ပြောပါ။"

"ရှင် ကျွန်မကို ဘာပေးနိုင်လဲ။"

ကောင့်မြို့စားကတော်အမ်ဘာ၏နှုတ်ခမ်းများက တင်းတင်းစေ့သွားသည်။

သူမ တစ်စုံတစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်လိမ့်မည်။

သူမက ကိုယ်နေဟန်ထားကို အနည်းငယ် ပြင်လိုက်ပြီး လက်ဖဝါးပေါ်သို့ မေးထောက်လိုက်သည်။

"ကျွန်မက မြို့စားပိုင်နက်နယ်မြေက လူပါ။"

"ဒီတော့ ..."

"မဒမ် ကွာရှင်းပြီးတော့ သွားစရာနေရာ မရှိရင် ကျွန်မရဲ့မြို့စားပိုင်နက်နယ်မြေမှာ မဒမ်နေဖို့ အိမ်ကောင်းကောင်းတစ်လုံး ပေးနိုင်ပါတယ်။"

ကျွန်မ၏မျက်လုံးများမှာ သူ့အလိုလို လှုပ်ခတ်သွားရသည်။

ပထမဆုံး ကျွန်မ၏ကွာရှင်းမည့် အစီအစဥ်ကို ကောင့်မြို့စားကတော်အမ်ဘာ သိနေသည့်အတွက် အံ့ဩသွားမိသည်။

ဒုတိယအနေဖြင့် ကောင့်မြို့စားကတော် အမ်ဘာမှာ ကျွန်မ၏ကွာရှင်းပြီးနောက် ဆက်လုပ်မည့် အစီအစဥ်ပေါ် သိသာသောအကျိုးရောက်မှု ရှိလာနိုင်သောကြောင့် ဖြစ်သည်။

သူမကဲ့သို့ ကျွန်မလည်း နှုတ်ခမ်းတွန့်လိုက်မိသည်။

"ကျွန်မ ကွာရှင်းမလို့ လုပ်နေတယ်ဆိုတာ ရှင် ဘယ်လို သိတာလဲ။"

"ကျွန်မမှာလဲ နားတွေ ရှိပါတယ်။ပြီးတော့ အကြားအာရုံက အတော်လေး ကောင်းတယ်လေ။"

ကောင့်မြို့စားကတော်အမ်ဘာက ထိုသို့ ပြောရင်း သူမ၏နားရွက်ကို လက်ဖြင့် ကိုင်လိုက်သည်။

အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် ကောလာဟာလများ ပျံ့နှံ့နေပုံ ရ၏။

ထို့ကြောင့် ကောင့်မြို့စားကတော်အမ်ဘာလည်း မသိစရာ အကြောင်း မရှိပေ။

ကျွန်မ ခေါင်းငြိမ့်လိုက်သည်။

"အိုကေ၊ဒီတော့ ကျွန်မ ဒါအတွက် တစ်ခုခု ရှာဖွေကြည့်ဖို့ ကြိုးစားမှာပါ။"

"အိုကေ"

ကျွန်မ လက်ဆွဲနှုတ်ဆက်ရန် ကောင့်မြို့စားကတော် အမ်ဘာဆီသို့ လက်ဆန့်လိုက်သည်။

သူမက ကျွန်မ၏လက်ကို ဆုပ်ကိုင်လိုက်ပါ၏။

ကျွန်မလည်း သူမ၏လက်ကို အားထည့်ဆုပ်ကိုင်လိုက်ပြီး ပြောခဲ့သည်။

"ကျွန်မ စိတ်ကျေနပ်လောက်မဲ့ အိမ်တစ်လုံး ရှင် ပေးရမယ်နော်။"

"မဒမ်လဲ ကျွန်မကို စိတ်ကျေနပ်လောက်စရာ အဖြေတစ်ခု ပေးရမှာပါ။"

ဒါကို ကြည့်ပါဦး။

ကျွန်မ ဗလာသက်သက် ရယ်မောလိုက်သည်။

"ရှင်က အရမ်းမောက်မာတာပဲ။"

ကောင့်မြို့စားကတော်အမ်ဘာက ရယ်မောလိုက်လေသည်။

မဟုတ်ဘူး ... ငါ ပြောချင်တာက

တကယ်ကို စိတ်ညစ်နေလို့ ဒီလို ပြောလိုက်မိတာပါ။

ကျွန်မ ရှက်ရွံ့သွားပြီး ပါးပြင်ကို လက်ဖြင့် ကုတ်ခြစ်လိုက်သည်။

*
အိမ်တော် အပြန်လမ်းတွင် ကျွန်မမှာ ရထားလုံး ပြတင်းပေါက်ကို မှီ၍ အတော်ကြာအောင် တွေးတောနေမိသည်။

ကောင့်မြို့စားကတော်အမ်ဘာမှာ အလွန်ဝမ်းနည်းနေပုံရသည်။

ထိုသို့သာ ဖြစ်လိမ့်မည်။သူမနှင့် အလွန်ဆက်ဆံရေးကောင်းသော ခင်ပွန်းမှာ အပြင်ထွက်၍ အချစ်ဇာတ်လမ်း ခင်းနေသည်ဟု စတင်ပြီး သံသယ ဖြစ်နေခဲ့သောကြောင့် ဖြစ်၏။

ရုတ်တရက် ဆိုဗက်စ်စတာက ကျွန်မခေါင်းထဲသို့ ရောက်လာခဲ့သည်။

ဆိုဗက်စ်စတာက ငါ့အပေါ် ဖောက်ပြန်နေခဲ့ရင်ရော။

အိုး

တွေးကြည့်ရုံနဲ့တင် မုန်းစရာကောင်းတယ်။

ဒါက ရူးနှမ်းလွန်းရာ မကျဘူးလား။

ဘယ်တော့မှ မရဘူး။

ထိုအတွေးဖြင့် ကျွန်မ ခေါင်းမှီထားရာမှ ပြန်ခွာလိုက်သည်။

ဆိုဗက်စ်စတာ အချစ်ဇာတ်လမ်း ခင်းနေသည်ဟု စိတ်ကူးကြည့်၍ပင် မရပေ။

သူ့ဘေးနားတွင် ကျွန်မ ရှိနေသည်ဖြစ်၍ သူ့တွင် နောက်ထပ် မိန်းမတစ်ယောက် ရှိနေမည်ဆိုသော အတွေးမှာ ရယ်ချင်စရာ ကောင်းလှသည်။

ကျွန်မတို့ ကွာရှင်းပြီးချိန်တွင်တော့ မတတ်နိုင်တော့ပေ။

မရဘူး ... ရှင် ကွာရှင်းပြီးရင်တောင် တစ်ယောက်တည်းပဲ ဆက်နေနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်။

အမှန်တွင် ထိုသို့ မဖြစ်နိုင်သော်လည်း ကျွန်မ မျှော်လင့်နေမိသည်။

ဆိုဗက်စ်စတာသာ သိလျှင် ဘယ်လို အဓိပ္ပါယ်မရှိတာတွေလဲ ဟု ပြောနေလိမ့်မည်။

သို့သော် ...

ဆိုဗက်စ်စတာမှာ ငါက လွဲပြီး အခြားမိန်းမတစ်ယောက် ရှိနေမှာကို မုန်းတယ်။

ကျွန်မ သူ့ကို အမှန်တကယ် နှစ်သက်သဘောကျနေသည်ဟု မဆိုလိုပေ။

ကျွန်မ ထိုကိစ္စကို သည်အတိုင်း မကြိုက်၍သာ ဖြစ်၏။ ဘာကြောင့် မကြိုက်တာလဲဟု တစ်စုံတစ်ယောက်က မေးလာလျှင် ...

အာ ... ငါလဲ မသိဘူး။

ကျွန်မ ဆံပင်များကို ဆွဲဖွ၍ မျက်နှာကို လက်ထဲ အပ်ထားမိသည်။

မဟုတ်ဘူး၊ငါ ဒီလိုမျိုးပဲ။ဒါပေမဲ့ ဆိုဗက်စ်စတာက အဆင်ပြေနေတာ မဟုတ်လား။

ကျွန်မက ကယ်လီယန်ကို ပွင့်လင်းမြင်သာစွာ သွေးဆောင်ဖြားယောင်းနေရသည်။

ဆိုဗက်စ်စတာ၏အမိန့်အရ။

သို့သော် ဆိုဗက်စ်စတာက အဆင်ပြေနေခဲ့သည်။သူက ကျွန်မကဲ့သို့ စိတ်ကူးကြည့်၍ပင် သဘောမကျ ဖြစ်နေမည့်ပုံစံ မရပါချေ။

အမ်း

ဆိုဗက်စ်စတာက ငါ့အပေါ် တကယ်ပဲ စိတ်မဝင်စားဘူးလား။

ထိုအတွက် ကျွန်မ အနည်းငယ် စိတ်ပျက်ရသည်။

ကျွန်မတို့မှာ ယခုအထိ အိမ်ထောင်ဖက် ဆက်ဆံရေးတစ်ခု ရှိနေသေးသည်။ထို့အပြင် မနေ့ကလည်း အတူတူ အိပ်စက်ခဲ့ကြ၏။

မဟုတ်သေးပါဘူး၊ ရှင့်မှာ ခံစားချက် တစ်ခုခုမရှိရင် ဘာဖြစ်လို့ ကျွန်မနဲ့ အတူတူ အိပ်ချင်ရတာလဲ။

ပြီးတော့ အခန်းတောင် ပေါင်းလိုက်သေးတယ်။

သူက အရမ်းလွန်တာပဲ။

ကျွန်မ နှုတ်ခမ်းဆူပြီး ခေါင်းပြန်မတ်လိုက်သည်။

မဒမ် ကွာရှင်းပြီးတော့ သွားစရာနေရာ မရှိရင် ကျွန်မရဲ့ မြို့စားပိုင်နက်နယ်မြေမှာ မဒမ့်ကို အိမ်ကောင်းကောင်းတစ်လုံး ပေးနိုင်ပါတယ်။

အင်း

ကျွန်မ ကွာရှင်းရမည်။

ကွာရှင်းပြီးနောက် အေးချမ်းပျော်ရွှင်သော ဘဝဖြင့် နေရမည်။

ထို့ကြောင့် ကျွန်မ ဆိုဗက်စ်စတာအပေါ် ခံစားချက်များ ပိုလာ၍ မရပေ။

ကျွန်မ တစ်ချိန်လုံး စိတ်ကို ပြင်ဆင်၍ ကိုယ့်ကိုကိုယ် ကတိအထပ်ထပ် ပေးနေမိသည်။

အမှန်တွင် ထိုကတိကို ကောင်းစွာ လုပ်နိုင်ခြင်း မရှိခဲ့ပေ။

*

အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ညခင်း လထွက်ချိန်သို့ပင် ရောက်ပြီး ဖြစ်၏။

နယ်မြေခြား နယ်နိမိတ်ကို ဖြတ်ကျော်ရသည်က ဤမျှ ကြာမြင့်သည်။

ရထားလုံး ရပ်သွားသည်နှင့် ကျွန်မ ထရပ်လိုက်သည်။

နေးလ် အပြေးအလွှား လာနေသည်ကို ကြားလိုက်ရ၏။မကြာခင် ရထားလုံးတံခါး ပွင့်သွားခဲ့သည်။

"ပြန်လည်ကြိုဆိုပါတယ် မဒမ်။"

ကျွန်မ နေးလ်၏လက်ကို ငုံ့ကြည့်ပြီးနောက် သူ့မျက်နှာဆီသို့ တစ်ချက် ကြည့်လိုက်သည်။

"နင့်မှာ ငါ့ကို တစ်ခုခု ပြောစရာ မရှိဘူးလား။"

"ခင်ဗျာ!" 

နေးလ်က အံ့ဩသွားပုံဖြင့် မျက်လုံးပြူးသွားသည်။

ကျွန်မ မျက်မှောင်ကြုတ်၍ သူ့ကို ကြည့်လိုက်သည်။

"ဒီတော့ နင့်မှာ ငါ့ကို ပြောစရာတစ်ခုမှ မရှိဘူးလို့ ဆိုလိုတာပေါ့။"

"အာ ... ဒါကလေ ..."

နေးလ်မှာ ပျာယာခတ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။

ထိုစကားမှာ 'နင့်မှာ တစ်ခုခု ပြောစရာရှိရင် ငါ့ကိုပြော'ဟူသော အဓိပ္ပါယ်နှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။

သူ မမှန်မကန် ပြန်ဖြေခဲ့ပါလျှင် သူမက ထိုအဖြေကို ရိုက်ချိုးပစ်လိမ့်မည်ဟု တွေးမိသည်။

ထို့ကြောင့် နေးလ် တိတ်ဆိတ်နေခဲ့၏။

ကျွန်မ နေးလ်ကို စိုက်ကြည့်လိုက်သည်။

"ဆိုလိုတာက ငါ့ခင်ပွန်းရဲ့ ခွင့်ပြုချက်ရော၊ငါ့ရဲ့ခွင့်ပြုချက်ရော မပါဘဲနဲ့ ဒီလိုမျိုး သတင်းကို ထုတ်ဝေခဲ့တဲ့အတွက် နင် ငါ့ကို တောင်းပန်သင့်တာ မဟုတ်ဘူးလားလို့။"

"အာ!"

'အာ'ဟု ရေရွတ်ပြီးမှ နေးလ်သည် တစ်ခုခု သိသွားသကဲ့သို့ ခေါင်းကို မော့၍ အော်ဟစ်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်။ကျွန်တော် အမှားအကြီးကြီး လုပ်မိသွားပါတယ် ခင်ဗျာ။"

"အခု နင် သိပြီဆိုတော့ ငါ ဝမ်းသာပါတယ်။

ပြီးနောက် ကျွန်မ၏ပါးစပ်ထဲရှိ လေကို မှုတ်ထုတ်လိုက်ပြီး ရှေ့ဆံမြိတ်များကို နောက်သို့ ပြန်သပ်တင်ပြီးမှ မျက်လုံးဖွင့်လိုက်သည်။

"ငါ ဒီကိစ္စကို ဘာမှမဖြစ်သလို လျှောချပေးလိုက်မှာ မဟုတ်ဘူး။"

"ခင်ဗျာ၊ ဒါဆို ..."

နေးလ်က နားလည်ပုံမရသော မျက်နှာဖြင့် မေးလေသည်။

ကျွန်မ သူ့ကို အားရပါးရ ရယ်ပစ်လိုက်မိသည်။

"နောက်ပိုင်း နင် ပိုပြီးဒုက္ခရောက်လာရင် ငါကလည်း နင့်အပေါ် ပိုပြီး ဒုက္ခပေးရလိမ့်မယ်။"

နေးလ်က သက်ပြင်းချ၍ နှုတ်ခမ်းကို ကိုက်လိုက်သည်။

သူက အနည်းငယ် မကျေမချမ်း ဖြစ်နေသလိုဖြင့် ကျွန်မကို ကြည့်လာခဲ့သည်။

"မဒမ် အခု တကယ် လွန်လွန်းတဲ့ တစ်စုံတစ်ခုကို ပြောလိုက်တယ်ဆိုတာ သိပါသလား။"

"အင်း"

"မဒမ်က အရမ်းလွန်တာပဲ။"

သူက ခေါင်းငုံ့သွား၏။

အရမ်းလွန်တယ်လား။

ကျွန်မ ဆွံ့အသွားရသဖြင့် ရယ်မောလိုက်မိသည်။

"နင်ကသာ ပိုလွန်တာပါ။ငါ့ရဲ့ နာမည်ဂုဏ်သတင်းကို ထိခိုက်စေမဲ့ သတင်းကို နင်က ဘယ်လိုလုပ်ပြီး ရေးနိုင်ရတာလဲ။"

"ဒါ ... ဒါက သခင့်အတွက်ပါ။"

"ဟား"

ကျွန်မ လက်ပိုက်၍ သူ့ကို မထီမဲ့မြင် ကြည့်လိုက်သည်။

"နင့်သခင်ကလဲ ဒါကို မကြိုက်ဘူးဆိုတာ နင် သိပါတယ်၊ဟုတ်တယ်မလား။"

"..."

နေးလ် ထပ်မဖြေနိုင်တော့ပေ။

ဆိုဗက်စ်စတာက သူ့ကို အများကြီး ဆူပူကြိမ်းမောင်းခဲ့လိမ့်မည်။

အင်း

ထိုအတွက် ကျွန်မ စိတ်ကျေနပ်သွားသည်။

ကျွန်မ နေးလ်၏ပခုံးကို ပုတ်၍ ပြောလိုက်သည်။

"ချင့်ချင့်ချိန်ချိန်နဲ့ ပြုမူလေ။အသုံးမဝင်တဲ့ကိစ္စတွေ လုပ်ပြီး အလုပ်ဖြုတ်မခံရစေနဲ့ပေါ့။"

နေးလ်က ပါးစပ်ကို ဖွင့်ပြီးမှ တင်းကြပ်စွာ ပြန်စေ့ထားလိုက်သည်။သူ ဘယ်တော့မှ အလုပ်ဖြုတ်မခံရဟု တွေးနေပေလိမ့်မည်။

ဒါက နေးလ်ရဲ့အတွေးလား။

သူ ဘာမှ ထပ်မပြောတော့ပဲ ကျွန်မကို လမ်းပြခေါ်ဆောင်ပေးသည်။

ကျွန်မ သူ့နောက်မှ လိုက်၍ အိမ်တော်တွင်းသို့ နှေးကွေးစွာ ဝင်လာခဲ့သည်။သို့သော် အိမ်တော်အတွင်း၌ အနည်းငယ် ထူးဆန်းနေသည်။ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်သော လေထု ဖြစ်မနေပေ။

ပရမ်းပတာနှင့် ဆူညံနေခဲ့သည်။

ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်သည်။

"အထဲမှာ ပရမ်းပတာတွေ ဖြစ်နေတာလား။"

"ဧည့်သည်တစ်ယောက် ရောက်နေတာပါ ခင်ဗျ။"

"ဘယ်သူလဲ"

နေးလ်က ပါးစပ်ဖွင့်လိုက်သည်။

ထိုအချိန်တွင်

"အိုး"

ရင်းနှီးနေသော ကျောချမ်းစရာ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

အသံလာရာဘက်သို့ ကျွန်မ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိ၏။

ထိုသူက လှေကားပေါ်မှ နှေးကွေးစွာ တစ်လှမ်းချင်း ဆင်းလာနေခဲ့သည်။


TK Team
++++++++