Chapter 88
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၈၈)


ဒုတိယမင်းသားလာဂိုမှ လွဲ၍ မည်သူမှ မဖြစ်နိုင်ပေ။


"ငါတို့ ထပ်တွေ့မယ်ဆိုတာ သိပြီးသားပါ၊ဒါပေမဲ့ ဒီလောက်မြန်မြန် ထပ်တွေ့ရမယ်ဆိုတာတော့ မသိခဲ့ဘူး။"


လာဂိုက လှေကားပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာရင်း ပြောသည်။


ဂလု


ကျွန်မ အလိုလို တံတွေးမျိုချလိုက်မိသည်။


ဆိုဗက်စ်စတာ ဘယ်ရောက်နေတာလဲ။


သူသာရှိနေလျှင် ဖိအားပိုနည်းလိမ့်မည်။သို့သော် သူ၏နှာခေါင်းဖျားလေးကိုပင် မမြင်ရပါ။


ကျစ်


ကျွန်မ ရွေးချယ်စရာမရှိဘဲ ဒူးညွှတ်၍ လာဂိုအား ဂါရဝပြုလိုက်သည်။


"ဂါရဝပြုပါတယ် ဒုတိယအရှင့်သား၊ထပ်မံ ဆုံတွေ့ခွင့်ရလို့ ဝမ်းသာပါတယ်။"


"ခေါင်းမော့ပါ"


လာဂိုက ပြောသည်။ခေါင်းမော့ကြည့်လိုက်လျှင် ကျွန်မဆီ လာနေခဲ့သော လာဂိုနှင့် မျက်နှာချင်းဆိုင်မိလျက်သား ဖြစ်နေခဲ့သည်။


အိုး...ဒါက ဘာလဲ၊အကွာအဝေးကို ချုံ့ပစ်ဖို့ မှော်အစွမ်းတွေများ သုံးလိုက်တာလား။


ကျွန်မ အလွန်အံ့ဩသွားရသည်။သို့သော် အံ့ဩနေမှုကို ဖိနှိပ်ထားလိုက်ပြီး လာဂိုကို ကြည့်လိုက်၏။


"မင်း ဘယ်သွားနေတာလဲ။"


သူက ကျွန်မ၏မျက်နှာအမူအရာကို အနီးကပ်အကဲခတ်၍ မေးသည်။


"မင်း အစ်ကိုတော်နဲ့ သွားတွေ့ခဲ့တာလား။"


"မဟုတ်ပါဘူးရှင်"


လာဂို၏အထင်လွဲမှုကို ကာကွယ်ရန် ကျွန်မ ချက်ချင်း ပြန်ဖြေလိုက်သည်။


"ကျွန်မရဲ့ကိုယ်ရေးကိုယ်တာ လူမှုရေးကိစ္စလေးတွေကို လုပ်နေခဲ့တာပါ။အိုး ... ဒုတိယအရှင့်သားကို အတိအကျ ပြောပြဖို့ လိုအပ်ပါသလားရှင်။"


လာဂို၏မျက်ခုံးများ တွန့်သွားသည်။


"မင်း ငါ့ကို ထေ့ငေါ့နေတာတော့ မဟုတ်ပါဘူးနော်။ငါရှေ့မှာ ဘယ်လိုတောင် လုပ်ရဲတာလဲ။"


"မဖြစ်နိုင်တာတွေပါ၊ကျွန်မ ဒုတိယအရှင့်သားကို အရမ်းကြောက်ရွံ့မိပါတယ်။"


"ရယ်ရတယ်"


လာဂိုက ပြုံး၍ ကျွန်မကို ငုံ့ကြည့်သည်။ထိုအကြည့်မှာ အလွန်ကျောချမ်းစရာကောင်းလှ၍ ကျွန်မ ကြောက်လန့်သွားမိသည်။သို့သော် ကြောက်လန့်နေကြောင်း ထုတ်မပြချင်သဖြင့် ပခုံးများကို မတ်မတ်ထားရန် ကိုယ့်ကိုကိုယ် တွန်းအားပေးထားလိုက်သည်။


"ဒီတော့..."


ကျွန်မ ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လိုက်သည်။


"ဒုတိယအရှင့်သားက ကျွန်မနဲ့ လုပ်စရာအကြောင်း တစ်စုံတစ်ခုများ ရှိနေပါသလား။"


ကျွန်မ၏စကားကြောင့် လာဂိုက ယခင်ထက်ပင် နှုတ်ခမ်းကို တွန့်လိုက်သေး၏။သူက ဖြည်းဖြည်းချင်း ခေါင်းယမ်းပြသည်။


"မရှိဘူး"


ထို့နောက် သူက ကျွန်မဘေးမှ ဖြတ်သွားသည်။


ဟူး ... ဒီလိုမျိုးနဲ့ ပြောလို့ပြီးသွားတာပဲ။


တော်သေးသည်ဟု ကျွန်မတွေးမိသဖြင့် သက်ပြင်းချလိုက်မိ၏။


ထိုအချိန်တွင်


"မင်း အများကြီး ပြောင်းလဲသွားတယ်။"


ကျွန်မ အလျင်အမြန် ပြန်ကြည့်လိုက်လျှင် လာဂိုက ခေါင်းကို လှည့်၍ ကျွန်မအား ကြည့်နေသည်ကို မြင်လိုက်ရသည်။


"ငါ မင်းဆီ ပေးထားတဲ့အရာကို သေသေချာချာ အသုံးပြုခဲ့တာ ဖြစ်လိမ့်မယ်။"


"ရှင်"


၎င်းက ဘာကိုဆိုလိုမှန်း ကျွန်မ မသိသဖြင့် ခေါင်းကို စောင်းလိုက်မိသည်။


"ဒါက ဘာကို ဆိုလို ..."


"မင်းက ဘာကြောင့် မသိသလို ဟန်ဆောင်နေရတာလဲ။"


သို့သော် လာဂိုက ကျွန်မ၏စကားများကို အလိမ်အညာဟု ခံစားနေခဲ့လေသည်။


ထိုအခိုက်၌ သူက မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုကို သိသွားသော မျက်နှာထားဖြင့် မေးစေ့ကို ပင့်လိုက်သည်။


"ကောင်းပြီ၊ဒါက ငါတို့ရဲ့ လျှို့ဝှက်ချက်ပဲလေ။ဒီတော့ ငါတို့ ဘာမှ မသိသလိုဟန်ဆောင်နေရမှာပဲ၊ မတတ်နိုင်ဘူး။"


သူက ကျွန်မအနားသို့ တိုးကပ်လာပြန်သည်။


"ဒါပေမဲ့ အိုဖီလီယာ၊မင်း စိတ်ထဲမှာ ဒါကို မှတ်ထားလိုက်။"


သူက လက်ချောင်းလေးတစ်ချောင်းဖြင့် ကျွန်မ၏နဖူးကို ထိ၍ ပြောသည်။


"မင်း ထိုက်သင့်တဲ့တန်ဖိုးကို ပြန်မပေးရင် ငါ သက်ညှာပေးနေမှာ မဟုတ်ဘူး။"


"..."


သူ ဘာတွေ ပြောနေတာလဲ။


ကျွန်မ မတတ်သာပဲ ကြက်သေသေသွားရ၏။


*

လာဂို ထွက်သွားပြီးနောက်


ခန်းမထဲရှိ ဆိုဖာပေါ်တွင် ထိုင်ရန် ကျွန်မ အတွေးလွန်နေမိသည်။


ဒါက ငါတို့ရဲ့လျှို့ဝှက်ချက်ပဲလေ။ဒီတော့ ငါတို့ ဘာမှ မသိသလိုဟန်ဆောင်နေရမှာပဲ၊ မတတ်နိုင်ဘူး။


ဒါပေမဲ့ အိုဖီလီယာ၊မင်း စိတ်ထဲမှာ ဒါကို မှတ်ထားလိုက်။


မင်း ထိုက်သင့်တဲ့တန်ဖိုးကို ပြန်မပေးရင် ငါ သက်ညှာပေးနေမှာ မဟုတ်ဘူး။


အတိတ်တွင် လာဂိုသည် အိုဖီလီယာနှင့် တစ်စုံတစ်ခု လုပ်ထားခဲ့ပုံ ရ၏။


ဒါပေမဲ့ အဲ့ဒါက ဘာလဲ။


လာဂိုက ဘာလို့ ဒီလိုတွေ ပြောနေရတာလဲ။


အင်း


ကျွန်မ မည်မျှ ကြိုးစားတွေးတောသည်ဖြစ်စေ သင့်တော်သောအဖြေတစ်ခု မရခဲ့ပေ။


ဒီတစ်ခါ ဘာလဲ။


"ဟန်နီ ရေ!"


ကျွန်မ ရုံးခန်းတည်ရှိသော ဒုတိယထပ်ကို အပြေးအလွှား တက်သွားလိုက်ပြီး ဆိုဗက်စ်စတာကို ရှာလိုက်သည်။


ရုံးခန်းတံခါးမှာ အကျယ်ကြီး ပွင့်ဟနေခဲ့သည်။


ဆိုဗက်စ်စတာက အလုပ်စားပွဲတွင် ထိုင်နေဆဲဖြစ်သည်။ကျွန်မ သူ့ကို ကြည့်လိုက်မိ၏။


"ရှင် ဒီမှာပဲ!"


"..."


ဆိုဗက်စ်စတာက ကျွန်မကို စိုက်ကြည့်၍ ပါးစပ်ကို ဖြည်းဖြည်းချင်း ဖွင့်ဟလိုက်သည်။


"အရေးမပါတဲ့ကိစ္စတွေအကြောင်း မင်း ပြောမယ်ဆိုရင် ..."

ဆိုဗက်စ်စတာ အနည်းငယ် တုံ့ဆိုင်းနေပြီးမှ အေးစက်သော ပုံစံဖြင့် ပြောလိုက်သည်။


"ထွက်သွားတော့၊ကိုယ် အလုပ်များနေတယ်။"


အိုး...ဒီငတုံးကောင်ကတော့


တစ်နေ့ထပ် တစ်နေ့ ပိုပိုပြီး ရိုင်းစိုင်းလာပါလား။


ကျွန်မ သူ့ကို ကြည့်ရင်း နှုတ်ခမ်းဆူလိုက်သည်။


"ဒါက အရေးမပါတဲ့ကိစ္စ မဟုတ်ဘူး။ကျွန်မ ဒုတိယမင်းသားအကြောင်း ရှင့်ကို မေးဖို့ လာခဲ့တာ။"


"ဟမ်"


ထိုအခါမှသာ ဆိုဗက်စ်စတာက စာရွက်များမှ အကြည့်ခွာလိုက်တော့သည်။


"မင်း ဒုတိယမင်းသားနဲ့ တွေ့ခဲ့တာလား။"


"အင်း"


"မင်း သူ့ဆီ အပြေးသွားလိုက်ရမှာပဲ။"


ကျွန်မ ခေါင်းငြိမ့်လိုက်သည်။


"တခြား ဘာမှတော့ မဟုတ်ပါဘူး။"


ကျွန်မ ဆိုဗက်စ်စတာအနားသို့ တိုးကပ်သွားလိုက်သည်။


"ကျွန်မ အရင်တုန်းက ဒုတိယမင်းသားနဲ့ ရင်းနှီးခဲ့လား။"


ဆိုဗက်စ်စတာ ဘာမှ မပြောရသေးခင် ကျွန်မ အလျင်အမြန်ထပ်ထည့်ပြောလိုက်သည်။ 


"မဟုတ်ဘူး ...ကျွန်မ ကောင်းကောင်း မမှတ်မိလို့။ကျွန်မတို့ ရင်းနှီးလား၊မရင်းနှီးဘူးလား၊မကြာခင် မေ့သွားမှာပါပဲလေ။"


ဆိုဗက်စ်စတာမှာ နားလည်ရခက်သော မျက်နှာထားကို ပြုလုပ်လိုက်သည်။


ထိုသို့သာ ဖြစ်ရမည်။


ကျွန်မ ဆိုလိုသည့်အရာက ကျွန်မကိုယ်တိုင် အတွက်ပင် ရယ်ချင်စရာကောင်းနေ၏။


ကျွန်မကို စိုက်ကြည့်နေသော ဆိုဗက်စ်စတာက သက်ပြင်းတစ်ချက်ချ၍ ချက်ချင်း ပြန်ဖြေသည်။


"မင်းတို့နှစ်ယောက်က စကားပြောတာ အရမ်းရှားတယ်။"


"ဒီလိုလား"


"ဒါပေမဲ့ ကိုယ် မသိဘူး၊ကိုယ့်နောက်ကွယ်မှာတော့ မင်းတို့ ဘယ်လို စကားစမြည် ပြောထားတာတွေ ရှိနေမလဲဆိုတာ။"


"ရှင်က ကျွန်မအပေါ် သံသယဖြစ်နေတာနဲ့ တူသလိုပဲ။"


"မဖြစ်နိုင်တာကွာ"


ထိုသို့ ပြန်ဖြေလိုက်သော်လည်း ဆိုဗက်စ်စတာသည် ကျွန်မထံမှ အကြည့်လွှဲမသွားခဲ့ပေ။


ကျွန်မ တစ်ခုခု ဖုံးကွယ်ထားသည်ဟု သူ တွေးနေပုံ ရသည်။


"မင်း ဒီနေ့ ဒုတိယမင်းသားနဲ့ ဘာတွေပြောခဲ့လဲ။"


ဒါကို ကြည့်ပါလား။


သူက ငါ့ကို စစ်မေးနေတာ မဟုတ်လား။


အထင်လွဲခံလိုက်ရသဖြင့် အနည်းငယ်မမျှတဟု ခံစားလိုက်ရပြီး ကျွန်မလည်း စူပုတ်နေသောမျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။


"ကျွန်မတို့ များများစားစား မပြောခဲ့ရပါဘူး။"


ဆိုဗက်စ်စတာတွင် မယုံကြည်လိုသော မျက်နှာထားတစ်ခု ရှိနေခဲ့သည်။ကျွန်မ တစ်ခွန်း ထပ်ထည့်ပြောလိုက်ရသည်။


"တကယ်ပါဆို၊ဟယ်လိုလို့ နှုတ်ဆက်ပြီးတော့ ပြီးသွားတာပဲ၊အာညော်။"


"အာ ...ဘာကြီး"


"ဟယ်လို ... ကျွန်မ ဟယ်လိုလို့ ပြောလိုက်တာ။"


"ကိုယ် သိပြီ"


သူက သဘောမတူလိုသောအမူအရာဖြင့် မေးငေါ့လိုက်သော်လည်း ဘာမှမတတ်နိုင်ခဲ့ပေ။


"ကောင်းပြီ ... အခု ဒီနေရာက ထွက်သွားတော့။"


အာ... ဒီကောင်ကတော့


သူပြောသည့်အတိုင်း ရုံးခန်းထဲမှ ထွက်သွားရန် ကျွန်မ လှည့်လိုက်သည်။


ထို့နောက် ချက်ချင်းဆိုသလို စောစောက ကျွန်မထံတွင် ရှိခဲ့သောအတွေးကို သတိရသွားခဲ့သည်။


ငါ့အပေါ် ဆိုဗက်စ်စတာ ဖောက်ပြန်မှာကို တွေးကြည့်ရုံနဲ့တင် မုန်းတီးမိတယ်။


ဒါဆို ဆိုဗက်စ်စတာရော။


ငါသာ အချစ်ဇာတ်လမ်းခင်းနေမယ်ဆို ဆိုဗက်စ်စတာကရော ဘယ်လိုနေမလဲ။


ကျွန်မ သိချင်သွားသည်။


"အာ ... ဟန်နီ"


ကျွန်မ ဆိုဗက်စ်စတာကို မေးလိုက်သည်။


"ရှင် အိမ်ရှေ့စံအရှင့်သားနဲ့ကျွန်မ အတူရှိနေတာကို မုန်းလား။"


"ဘာ"


ဆိုဗက်စ်စတာ မတ်တပ်ထရပ်ပြီး အော်လိုက်သည်။


"ဘ...ဘယ်သူက ဒီလိုပြောတာလဲ။ဘယ်လိုလူစားမျိုးက ဒီလိုမျိုး ပြောရတာလဲ။"


သူ့မျက်နှာမှာ အဖျားရှိသလို နီရဲနေခဲ့သည်။ဒေါသထွက်နေပုံ ရ၏။


မဟုတ်ဘူး၊ဆိုလိုတာကလေ ...ကျွန်မ ဘာလုပ်မိလို့လဲ။


ကျွန်မ အနည်းငယ် ပျာယာခတ်သွားပြီး နောက်သို့ ဆုတ်လိုက်မိသည်။


"မဟုတ်ပါဘူး ...ကျွန်မ ဒီအတိုင်း တွေးမိသွားရုံပါ။ဒါ မဟုတ်ဘူးလား၊ရှင် ဘာလို့ အရမ်းကြောက်လန့်နေရတာလဲ။"


"..."


ဆိုဗက်စ်စတာက ပြန်မဖြေပေ။ထိုအစား ကျွန်မကို မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်နေခဲ့သည်။


အိုး ... ငါ ကြောက်လာပြီ။


ကျွန််မ ဤအခန်းထဲမှ မြန်မြန်ထွက်သွားသင့်သည်ဟု ထင်မိသည်။


"အိုကေ ... ဘာပဲဖြစ်ဖြစ်ပါ၊ကျွန်မ သွားတော့မယ်။"


ဆိုဗက်စ်စတာက အဆုံးထိ ပြန်မဖြေခဲ့ပေ။ကျွန်မမှာ သူ၏စူပုတ်နေသော မျက်နှာကိုသာ ကြည့်ခဲ့ရပြီး မတတ်သာပဲ အပြင်ထွက်ခဲ့ရ၏။


ပြီးနောက် ကျွန်မ တွေးလိုက်မိသည်။


မဖြစ်နိုင်တာ။


ဆိုဗက်စ်စတာက ငါ့ကို ...


"ဒါက မဖြစ်နိုင်ပါဘူး ... ဟုတ်တယ်မလား။"


ထိုသို့ မဖြစ်ရပေ။


တင်းကြပ်စွာ ပိတ်ထားသော ရုံးခန်းတံခါးကို ကြည့်ရင်း ကျွန်မ ရေရွတ်လိုက်မိသည်။


*

လေ့လာရမယ်။


ကျွန််မ နောက်တစ်ကြိမ် အတွေးထဲ နစ်နေမိပြန်သည်။


ဆိုဗက်စ်စတာ၏ထူးဆန်းသော စိတ်သဘောထားကို တွေးကြည့်ရန် 
လိုသော်လည်း ထိုအကြောင်းကို နောက်မှသာ တွေးတောတော့မည်။


ကျွန်မ လာဂိုအကြောင်း တွေးရမည်။


ပထမဆုံးအချက်အနေဖြင့် မူလအိုဖီလီယာသည် လာဂိုနှင့် ပေါ်ပေါ်ထင်ထင် ရင်းနှီးနေခြင်း မရှိပေ။


သို့သော် နောက်ကွယ်တွင် အိုဖီလီယာက သူ့လက်ကို လျှို့ဝှက်စွာ ဆုပ်ကိုင်ထားခြင်း ဖြစ်လိမ့်မည်။


တစ်ခုခု လုပ်ထားသောကြောင့်သာ လာဂို၏ပါးစပ်မှ ထိုစကားမျိုး ထွက်လာခဲ့ခြင်း ဖြစ်လိမ့်မည်။သူမ လာဂိုနှင့် မည်သည့်အပေးအယူမျိုး လုပ်ထားခဲ့သည်ကို လွန်စွာ သိချင်နေမိသည်။


ငါ လာဂိုဆီကနေ ဘာရခဲ့လဲ။


အာ ... ငါ မသိတော့ဘူး။


ထိုကိစ္စကို ဆက်စဥ်းစားကြည့်နေလျှင်လည်း သိလာရန် မဖြစ်နိုင်ပေ။သို့သော် ထိုကိစ္စကို အောင့်အည်းထားပြီး စိတ်ထဲတွင်သာ သိမ်းထားရမည်။


တစ်နေ့ရောက်မှသာ မဖြစ် ဖြစ်သည့် နည်းဖြင့် ရှာဖွေကြည့်ရမည်။ကျွန်မ ထိုသို့ စဥ်းစားလိုက်ပြီး အတွေးများကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်။ပြီးနောက် ကျွန်မ စာကြည့်တိုက်သို့ ထွက်လာလိုက်သည်။


"မဒမ်!"


စာကြည့်တိုက်မှူးက ကျွန်မကို မြင်သည်နှင့် အပြေးအလွှား ရောက်လာခဲ့သည်။


"ဒီ...ဒီနေရာကို ဘာလုပ်ဖို့ လာတာပါလဲ မဒမ်။"


သူက ရှက်ရွံ့နေမှုကို ဖုံးကွယ်မထားဘဲ ကျွန််မကို မေးလေသည်။


ငါ စာကြည့်တိုက်ကို ဘာလာလုပ်တယ်လို့ နင် ထင်လဲ။


ဒါပေါ့ ... စာအုပ်ဖတ်ဖို့ လာတာလေ။


ကျွန်မ နဖူးကို ထိလိုက်သည်။


"ငါ စာအုပ်တစ်အုပ် ရှာမလို့။"


"အာ ... ဟုတ်ကဲ့"


စာကြည့်တိုက်မှူးက ခေါင်းငြိမ့်သည်။


"ပထမတစ်ခါတုန်းကလို စာအုပ်အထူကြီးတစ်အုပ် မဒမ့်ကို ရှာပေးရမလားဗျ။"


"ဘာ"


"မဟုတ်ပါဘူးလား ... အရင်တစ်ခါ မဒမ်က လူတစ်ယောက်ကို ရိုက်လို့ကောင်းမဲ့ စာအုပ်တစ်အုပ် ယူခဲ့ခိုင်းတာ ကျွန်တော် မှတ်မိပါတယ်။"


ဝါး ... အိုဖီလီယာရေ။


နင်က လူတွေကို စာအုပ်နဲ့ ရိုက်မယ်ဆိုတာ ငါဖြင့် မယုံနိုင်သေးဘူး။


ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်သလဲ။


ကျွန်မ သဘောကျစွာဖြင့် ခေါင်းယမ်းလိုက်သည်။


"အဲ့လို မဟုတ်ဘူး၊ငါ တကယ်ပဲ စာအုပ်ရှာဖို့ ရောက်လာတာ။"


စာကြည့်တိုက်မှူးက ကျွန်မကို မယုံကြည်သော မျက်နှာထားဖြင့် ကြည့်လေသည်။


ကျွန်မ နဖူးကို ထိတွေ့ရင်း သက်ပြင်းချလိုက်မိသည်။


"ငါ အောက်လမ်းပညာအကြောင်း စာအုပ်တစ်အုပ် ရှာချင်တယ်။"


"အောက်လမ်းပညာ ..."


စာကြည့်တိုက်မှူး၏မျက်လုံးများ လှုပ်ခတ်သွားသည်။


"သခင်က မဒမ်နဲ့ ဆက်စပ်နေတဲ့ စာအုပ်တွေကို ထုတ်မပေးဖို့ ကျွန်တော့်ကို ပြောထားပါတယ် ခင်ဗျ။"


ထိုသို့အမိန့်ထုတ်ထားရခြင်းမှာ တစ်ခါက အိုဖီလီယာသည် သေဆုံးသွားသော ဖခင်ဖြစ်သူ၏ဝိညာဥ်ကို ဆင့်ခေါ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်၏။


ခန့်မှန်းထားသည့်အတိုင်းပင်။ကျွန်မ အနည်းငယ် ယုံကြည်မှုရှိသော မျက်နှာထားဖြင့် စာကြည့်တိုက်မှူးကို ကြည့်လိုကိသည်။


"ဒီတော့ နင် ငါ့ကို လူမသိအောင် ပေးရုံပဲလေ။"


"ခင်ဗျာ" 


"ငါ တစ်စက္ကန့်လောက်ပဲ ဖတ်ပြီးတော့ ချက်ချင်း ပြန်ထားပေးမှာပါ။နင် ဒီလို လု
ပ်ပေးလို့ မရဘူးလား။"


"ဒါ ... ဒါပေမဲ့ "
 

စိတ်ရှုပ်ထွေးနေသော စာကြည့်တိုက်မှူး၏ တစ်ကိုယ်လုံးက တုန်လှုပ်နေခဲ့သည်။


သူ့သခင်၏အမိန့်ကို မနာခံရန် သူမက ပြောလာလိမ့်မည်ဟု သူ မသိခဲ့ပေ။


ကျွန်မ ပြုံးလိုက်သည်။


"အိုကေ ... ရွေးပေါ့။"


ကျွန်မ စာကြည့်တိုက်မှူး၏ပခုံးကို ခပ်ကြမ်းကြမ်း ဖိချ၍ ပြောလိုက်သည်။


"ဆိုဗက်စ်စတာ နင့်ကို နောက်မှ ဆူမှာ ကြောက်လား။"


ပြီးနောက် မှော်နက်စွမ်းအင်တစ်ချို့ ထွက်လာအောင် လုပ်ရန် ကျွန်မ၏လက်ချောင်းထိပ်များဆီသို့ စွမ်းအားများကို စုစည်းစေလိုက်သည်။


အနက်ရောင်စွမ်းအင်များက ဖြည်းဖြည်းချင်း မြင့်တက်လာပြီး စာကြည့်တိုက်မှူး၏မျက်နှာကို ဖုံးအုပ်သွားခဲ့သည်။


"ဒါမှမဟုတ် နင် ငါ့ဆီက အရိုက်ခံရမှာကို ကြောက်လား။"


"ဟစ်"


စာကြည့်တိုက်မှူးမှာ ဒူးများ ပျော့ခွေသွားပြီး ထိုင်ချလိုက်ရလေသည်။


"နင် ဘာရွေးမလဲ။"


စာကြည့်တိုက်မှူးမှာ တုန်ယင်နေသော လက်ဖြင့် စာအုပ်စင်တစ်ခုကို ညွှန်ပြသည်။


ကျွန်မ ပြုံးလိုက်ပြီး စာကြည့်တိုက်မှူး၏ကျောကို ပုတ်လိုက်သည်။


"ထင်ထားတဲ့အတိုင်း နင်က မြို့စားကြီးရိုင်ဇန် မိသားစုလက်အောက်ခံတစ်ယောက် ပီသပါပေတယ်။စိတ်ကို မြန်မြန်ပြောင်းပစ်လိုက်တာပဲ။"


ထို့နောက် သူ ညွှန်ပြသော စာအုပ်စင်အနားသို့ ကျွန်မ ရောက်သွားခဲ့သည်။


TK Team
++++++++