Chapter 41
Viewers 3k

⛰️Chapter 41

အသက်မငယ်တော့ဘူး။ 




ယွင်ရုန်ကရုံးခန်းထဲတွင်စားသောက်နေရင်း အချိန်ကလျင်မြန်စွာကုန်ဆုံးသွားသည်။နေ့လယ်ခင်းတွင် သူမကလုဟယ်နျန်နှင့်အတူ ရုံးကန်တင်း၌နေ့လယ်စာသွားစားရာ ဝန်ထမ်းများ၏မှတ်မိခြင်းကိုခံလိုက်ရသည်။


သူတို့ကဒီနေ့မနက်တွင်စောစောလာခဲ့သဖြင့် ဝန်ထမ်းအနည်းငယ်လောက်ကသာ ယွင်ရုန်ကိုမြင်ဖူး၏။ဒါရိုက်တာကဒီနေ့တွင် အတွင်းရေးမှူးလှလှလေးကိုခေါ်လာခဲ့သည့်သတင်းများကြားသော်လည်း သူတို့ကိုယ်တိုင်မြင်လိုက်ခြင်းက အခြားသူများဆီကကြားသည်ထက်ပိုကောင်းလေသည်။


ယောက်ျားတွေက အတင်းမတုပ်ဘူးလို့ ဘယ်သူပြောလဲ။ထမင်းစားသည့်ခန်းမထဲ၌ ရာနှင့်ချီသည့်ဝန်ထမ်းများရှိနေကာ သူတို့အားလုံးကခြွင်းချက်မရှိပင် ထမင်းစားရင် ယွင်ရုန်ကို ခိုးခိုးကြည့်နေကြသည်။တကယ်ကိုအံ့ချီးလောက်တဲ့မြင်ကွင်းဘဲ။


ဒါရိုက်တာရဲ့အတင်းအဖျင်းကို အတင်းတုပ်တာလို့ခေါ်လို့ရလို့လား။အဲ့ဒါကကုမ္ပဏီရဲ့အနာဂတ်တိုးတက်ရေး၊ ဒါရိုက်တာရဲ့ပျော်ရွှင်မှုနဲ့သက်ဆိုင်တယ်။


လုကော်ပိုရေးရှင်း၏ ဝန်ထမ်းတစ်ယောက်အနေဖြင့် သူတို့ကဒါရိုက်တာ၏စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊အကျင့်စရိုက်နှင့် ဦးတည်ချက်များကို အမြဲစိတ်ထဲထားပြီး အဆက်မပြတ်ဂရုစိုက်နေရမှာဖြစ်သည်။ဒါရိုက်တာကို အစဉ်အလာဆန့်ကျင်တဲ့ဘာလှုပ်ရှားမှုကိုမှပေးလုပ်လို့မဖြစ်ဘူး။အရင်တုန်းကဆိုလျှင် လုအုပ်စုကအမျိုးသားဝန်ထမ်းများသာခေါ်သဖြင့် လုဟယ်နျန်ကဂေးဟူသည့်ကောလဟာလများပြန့်နှံ့ခဲ့လေသည်။


ဒီအခြေအနေဆိုအဆင်ပြေတယ်။

အမျိုးသားဝန်ထမ်းများက စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ကြသည်။


သို့သော်ငြား。。。。。


လူတိုင်းကလုဟယ်နျန်ကို အဓိပ္ပါယ်အပြည့်ဖြင့်ကြည့်လိုက်ကြသည်။လက်စသတ်တော့ ဒါရိုက်တာကဒီလိုပုံစံမျိုးကိုသဘောကျတာဘဲ။


သူမကတကယ်ဘဲ နာမည်ကြီးတွေထက်ပိုလှပါတယ် ဒါပေမယ့်သူမရဲ့အသက်က。。。。သူမကအရွယ်ရောက်ပြီးလား၊မရောက်သေးဘူးလားတောင် မပြောနိုင်ပေ။ဒါရိုက်တာက ဒီလိုလူမျိုးလို့မထင်ထားမိဘူး။


ယွင်ရုန်က လူအများကြီး၏စိုက်ကြည့်မှုကိုခံနေရသဖြင့် စားရသည်မှာအဆင်မပြေဖြစ်နေ၏။လုဟယ်နျန်က သူမပုံမှန်လိုမစားနိုင်သည်ကိုမြင်သောအခါ ခေါင်းမော့ပြီးမျက်မှန်ကိုပင့်တင်ကာမေးလာသည်။

“ဘာဖြစ်လို့လဲ စားစရာကိုမကြိုက်လို့လား”


“ရှင့်ကုမ္ပဏီမှာ ယောက်ျားလေးအများကြီးရှိတာပဲလား”

ယွင်ရုန်က ကြက်သားတစ်တုံးကို ပါးစပ်ထဲဂရုတစိုက်ထည့်လိုက်ပြီး ဖောင်းကားနေသောပါးများဖြင့်မေးလာသည်။


လုဟယ်နျန်က ခနလောက်တိတ်သွားပြီးမှ အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။


“အဲ့ဒါကကိုယ့်ကံကြမ္မာကြောင့်ပါ အဲ့ဒါကိုဖိနှိပ်ဖို့ကျောက်စိမ်းအဆောင်ဆွဲထားပေမယ့် မကောင်းတဲ့လေထုက အနားတစ်ဝိုက်ကသူတွေကိုထိခိုက်စေတုန်းဘဲ အထူးသဖြင့်မိန်းကလေးတွေကိုဆိုရင် ပိုပြီးသက်ရောက်တတ်တယ် အဲ့ဒါကြောင့်သူတို့တွေတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်လို့ ကိုယ်တို့ကယောက်ျားလေးတွေပဲအလုပ်ခန့်ထားတာ”


“ဒီကျောက်စိမ်းလား”


ယွင်ရုန်က သူရှင်းပြသည်ကိုနားထောင်ပြီးနောက် အပြင်ဘက်မှနေ၌ အနက်ရောင်ကြိုးတစ်ကြိုးကိုမြင်နေရသည့်သူ့လည်ပင်းကိုကြည့်လိုက်သည်။သူမကလုဟယ်နျန်တုံ့ပြန်တာကိုတောင်မစောင့်တော့ဘဲ လက်ဆန့်ကာ ကျောက်စိမ်းကိုမြင်ရသည်အထိ ကြိုးကိုဆွဲထုတ်လိုက်သည်။


အတွင်းရေးမှူးလေးယောက်က သူတို့နှင့်သိပ်မဝေးသောနေရာ၌ထိုင်နေ၏။ဝမ်ကျင်းကခေါင်းမော့လိုက်သောအခါ ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးကာ လက်ထဲမှစွပ်ပြုတ်ကိုဖိတ်လုနီးပါးဖြစ်သွားသည်။


အခြားဝန်ထမ်းများကလည်း အဆင်ပြေမနေပေ။ထိုမြင်ကွင်းကိုမြင်သွားသူတိုင်းက မျက်လုံးကျွတ်ထွက်မတတ်ဖြစ်လာကြ၏။ခနလောက်အဆက်အပြတ်ဆူညံသံများထွက်လာကာ တူကျသံဟုတ်ရင်ဟုတ် မဟုတ်ပါက တူနှင့်ပန်းကန်ရိုက်မိသံများဖြစ်သည်။


လုဟယ်နျန်က သူတို့ကိုအေးစက်စွာဝေ့ကြည့်လာမှ လူတိုင်းမှအံ့ဩမှုမှလွတ်မြောက်လာကြသည်။သူတို့ကချက်ချင်း‌အကြည့်လွှဲကာ ‌ခေါင်းငုံ့ပြီးခါးသီးစွာဖြင့် သူတို့ဘာမှမမြင်ဟန်ဆောင်ကာ စားလိုက်ကြသည်။သူတို့ကတိုက်ရိုက်ပျောက်ကွယ်သွားရင်ကောင်းမှာဘဲ။


လူတိုင်းကသူတို့ကိုယ်သူတို့ဖော်ပြရန်ဝါကျတစ်ကြောင်းကိုသာသုံးနိုင်တော့သည်။

ကုမ္ပဏီရဲ့ထမင်းစားခန်းကစားစရာတွေက မွှေးကြိုင်လွန်းတယ်။


လင်းရှောင်မန်ကလည်း လူအုပ်ကြားထဲထိုင်နေပြီး အံတင်းတင်းကြိတ်လိုက်သည်။တူကိုင်ထားသည့်သူမလက်ချောင်းများက ဖြူဖျော့လာသည်။မျက်စိဖြင့်မမြင်ပါက မခံစားရဘူးဟူသောစကားအတိုင်းပင် သူမကခေါင်းငုံ့လိုက်သည်။


သူမကလှလာရမယ်၊ သူမကယွင်ရုန်ထက်ပိုပြီးလှလာရမယ်။


မိန်းကလေး၏လက်ကမတော်တဆ သူ့လည်ပင်းကိုပွတ်တိုက်သွားရာ လုဟယ်နျန်ကတောင့်တင်းသွားသည်။သူကခေါင်းငုံ့ကာ ယွင်ရုန်‌၏ခေါင်းထိပ်ကိုကြည့်လိုက်သည်။သူ့နှာခေါင်းထဲတွင် ပန်းရနံ့များဖြင့်ပြည့်သွားလေသည်။


ရုတ်တရက်ပင် လုဟယ်နျန်ကလည်ချောင်းခြောက်သလိုခံစားလိုက်ရတာ နှုတ်ခမ်းကိုစေ့ပြီး တတ်နိုင်သမျှအသံကိုပုံမှန်ဖြစ်အောင်ထိန်းထားလိုက်သည်။


“ဟုတ်တယ်ဒီကျောက်စိမ်းဘဲ ဘာဖြစ်လို့လဲ”


ယွင်ရုန်က ကျောက်စိမ်းကိုသူ့အင်္ကျီထဲပြန်ထည့်ပေးလိုက်ရာ သူမလက်များက ရှောင်၍မရနိုင်ဘဲ သူ့လည်ပင်းကိုထပ်ထိသွားပြန်သည်။လုဟယ်နျန်၏ကိုယ်က တစ်ဖန်တောင့်တင်းသွား၏။သူကယွင်ရုန်၏ပုခုံးကိုလှမ်းကိုင်ကာ ပြောလိုက်သည်။


“ထမင်းစားနေတဲ့အချိန် ဟိုလှုပ်ဒီလှုပ်မလုပ်နဲ့လေ”


ယွင်ရုန်က ချက်ချင်းပင်နာခံစွာထိုင်ချလိုက်ပြီး မျက်မှောင်ကြုတ်ကာပြောလာသည်။


“ရှင်ဝတ်ထားတဲ့ဒီကျောက်စိမ်းကမကောင်းဘူး ကျွန်မဆီမှာ မကောင်းတဲ့စွမ်းအင်တွေကိုလုံးဝစိမ့်မထွက်လာအောင်လုပ်ဖို့နည်းလမ်းတစ်ခုရှိတယ်”


“ဘာနည်းလမ်းလဲ”


ရုတ်တရက်ဆိုသလိုပင် စိတ်လွင့်နေသည့်လုဟယ်နျန်ကချက်ချင်းလေးနက်လာ၏။ဤကျောက်စိမ်းကို ဆရာသခင်ကျန်းလုပ်ပေးထားခြင်းဖြစ်သည်။အစပိုင်းတွင် မကောင်းသည့်စွမ်းအင်များကဒီလောက်မပြင်းထန်သဖြင့် သူက‌အဆောင်စာရွက်ကိုသာသုံးလိုက်လို့ရသည်။အဆောင်တစ်ခုကို မဲနက်ပြီးအမှုန့်မဖြစ်သွားခင်အထိ လဝက်လောက်သာအသုံးပြုနိုင်၏။သူအရွယ်ရောက်လာသည်နှင့်အမျှ အဆောင်အနေဖြင့် မကောင်းသည့်စွမ်းအင်များကိုခုခံရန်ပိုခက်ခဲလာခဲ့သည်။အဆောင်စာရွက်တစ်ခု‌သည် အဖျက်စီးမခံရခင် သုံးရက်လောက်သာခံ၏။


ဆရာသခင်ကျန်း ရှေးစာပေများတွင် မကောင်းမှုကိုဖိနှိပ်ရန်အတွက် ကျောက်စိမ်းများထဲတွင် အစီအရင်များရေးဆွဲသည့်နည်းလမ်းကိုရှာတွေ့ခဲ့သည်။ဤကျောက်စိမ်းကြောင့်သာ လုဟယ်နျန်က သူ့မိသားစုနှင့်အနည်းငယ်ထိတွေ့ဆက်ဆံနိုင်ပြီး၊ စာလေ့လာ၊အလုပ်လုပ်နိုင်ခြင်းဖြစ်သည်။


“ရှင့်ဘယ်လက်ကိုဖြန့်လိုက်”

ယွင်ရုန်ကပြောလာသည်။


လုဟယ်နျန်ကသူ့လက်ကို ဖြေးဖြေးချင်းဖြန့်ပြလိုက်သည်။


ယွင်ရုန်က လက်တစ်ဖက်ဖြင့်လုဟယ်နျန်၏လက်ကိုဆွဲလိုက်ကာ ကျန်လက်တစ်ဖက်က မန္တာန်တစ်ခုကိုလျင်မြန်စွာရေးဆွဲလိုက်သည်။ထို့နောက်သူမက သူ့ဘယ်လက်ပေါ်တွင်စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။သူမလက်ချောင်းက သူ့လက်ဖဝါးကိုထိလာသောအခါ ဆွဲထားသည့်အရာများက အရောင်တောက်လာပြီး ခနကြာသောအခါဘာမှမဖြစ်ခဲ့သလိုပင်ပျောက်ကွယ်သွားသည်။


ယွင်ရုန်က သူ့လက်ကိုလွှတ်လိုက်သောအခါ လုဟယ်နျန်ကသူ့ကိုယ်ထဲမှအရိုးများအနည်းငယ်အေးစက်လာသည်ကိုခံစားလိုက်ရသည်။၎င်းကအရမ်းမအေးသော်လည်း သူ့ကိုခေါင်းအစခြေအဆုံးတုန်ယင်သွားစေ၏။ထို့နောက် ဖော်ပြရခက်ခဲသည့်တည်ငြိမ်ကာ သန့်စင်သည့်ခံစားချက်မျိုးရလာသည်။


တစ်ချိန်တည်းတွင် လုဟယ်နျန်ကသူ့ကိုယ်ထဲမှမကောင်းသောစွမ်းအင်ဖျော့ဖျော့သည် ပျောက်ကွယ်သွားကာ ပြောရခက်သည့်ဖိနှိပ်သည့်ခံစားချက်ကြီးကလည်း လွင့်စင်သွားသည်ကိုခံစားလိုက်ရလေသည်။


“ဘယ်လိုနေလဲ”

ယွင်ရုန်ကခေါင်းမော့လိုက်ရာ လုဟယ်နျန်၏အံ့ဩနေသောအမူအရာကိုမြင်သွားသည်။

သူမမေးလိုက်သည့်ပုံက ချီးကျူးခံချင်နေသည့်ကလေးတစ်ယောက်လိုဖြစ်နေ၏။


လုဟယ်နျန်ကကြောင်အစွာစိုက်ကြည့်နေပြီးမှ နူးညံ့စွာရယ်လိုက်သည်။

“ကြည့်ရတာ အဲ့ဒီမကောင်းတဲ့လေထုက တကယ်ပျောက်သွားတဲ့ပုံဘဲ”


“သေချာတာပေါ့”

ယွင်ရုန်က ဂုဏ်ယူစွာပြောပြလာသည်။


“ကျွန်မကိုယ်တိုင်ဆွဲတဲ့အစီအရင်ကို စိတ်ပူစရာမလိုဘူး ဒုတိယအစ်ကို စိတ်ချလိုက်တော့ နောက်ဆိုရင်မိန်းကလေးတွေနဲ့လဲ ထိတွေ့ဆက်ဆံလို့ရပြီ သူတို့ကနည်းနည်းလေးတောင်ထိခိုက်မှာမဟုတ်ဘူး ပြီးတော့ဒုတိယအစ်ကိုရဲ့အသက်အရွယ်က မငယ်တော့ဘူး အိမ်ထောင်ဖက်ကိုစောစောရွေးချယ်တာက ကောင်းတဲ့ကိစ္စပဲ”



 ယွင်ရုန်က တွက်ချက်ကြည့်သောအခါ လုဟယ်နျန်၏အိမ်ထောင်ရေးကံကြမ္မာအားနည်းနေသည့်အကြောင်းရင်းကိုနားလည်သွားသည်။၎င်းမှာ ရုံးမှဝန်ထမ်းအားလုံးကယောက်ျားလေးများဖြစ်နေသောကြောင့်ပင်။ထို့အပြင်ပုံမှန်အချိန်များ၌ သူကမိန်းကလေးများနှင့်အဆက်အဆံမရှိပေ။အိမ်ထောင်ရေးကံကြမ္မာရှိနေမှသာ ထူးဆန်းလိမ့်မည်။သူကပုံမှန်မဟုတ်ဟုလည်း သူမမယုံပေ။သူမကောင်းချီးပေးကာ ကာကွယ်ခြင်းမလုပ်ပေးနိုင်သည့်လူသားဟူ၍မရှိသဖြင့် လုဟယ်နျန်၏အိမ်ထောင်ရေးကံကြမ္မာကိုလည်းဖွံ့ဖြိုးလာအောင်လုပ်ပေးရလိမ့်မည်။

  

“ကိုယ်ကမငယ်တော့ဘူးလား”

ယွင်ရုန်ကအားရပါးရပြောနေချိန်တွင် လုဟယ်နျန်၏ရယ်ချင်စိတ်ဖျော့ဖျော့ပါသည့်လေသံဖြင့်မေးလာ၏။


ယွင်ရုန်က ဘာကြောင့်မှန်းမသိ လည်ပင်းအေးလာသလိုခံစားမိလာသည်။သူမကတံတွေးမြိုချလိုက်ပြီး ပြုံးကာပြောလိုက်သည်။


“တကယ်တော့ အဲ့လောက်လည်းအသက်မကြီးသေးပါဘူး ဒုတိယအစ်ကိုကကြည့်ကောင်းတယ် ဒုတိယအစ်ကိုထက် ကြည့်ကောင်းတဲ့သူတစ်ယောက်ကိုမှ မမြင်ဖူးသေးဘူး အဲ့ဒါကြောင့်လုံးဝကိုစိုးရိမ်စရာမလိုဘူး”

သူမသာ နားဝင်ချိုသည့်စကားတစ်ခုခုမပြောလိုက်ပါက အလုပ်ဝင်သည့်ပထမနေ့တွင်ဘော့စ်ဖြစ်သူကိုထိပါးသလိုဖြစ်သွားနိုင်ကြောင်းခံစားမိနေ၏။


မိစ္ဆာအသိုင်းအဝိုင်း၌ အသက်ကြီးလေလေအင်အားကောင်းလေပင်ဖြစ်သည်။၎င်းကကြွားဝါရမည့်ကိစ္စမျိုးဖြစ်၏။သို့သော် လူသားများကမူဘာဖြစ်တာလဲမသိပေ။သူတို့ကချီးကျူးခံရတာကို မကြိုက်ကြဘူးလား။


ယွင်ရုန်၏မျက်နှာချိုသွေးသောအပြုံးကိုမြင်လိုက်ရရာ လုဟယ်နျန်ကစိတ်ဆိုးနိုင်ဦးပါ့မလား။သူကသူ့ကိုယ်သူရယ်လိုက်မိသည်။

“ဒီအဆောင်ကဘယ်လောက်ထိခံနိုင်လဲ”


“တစ်လလောက်ခံလိမ့်မယ် ရှင့်ရဲ့မကောင်းတဲ့စွမ်းအင်ကနည်းနည်းထူးဆန်းနေတယ်”


ယွင်ရုန်ကတွေးကြည့်ကာပြန်ဖြေလိုက်သည်။


“တစ်လကအတော်လေးကောင်းနေပါပြီ”


လုဟယ်နျန်ကပြုံးလိုက်သည်။သူ၏မကောင်းသောစွမ်းအင်က ပိုပိုပြင်းထန်လာသည်။ဆရာသခင်ကျန်း၏ကျောက်စိမ်းက တစ်လတောင်မခံတော့ပေ။ထို့အပြင်လက်ရှိတွင် ကျောက်စိမ်းအဆောင်လုပ်ရန်ကုန်ကြမ်းများမှာရှာရခက်ခဲလေသည်။တစ်နေ့တွင်သူ၏မကောင်းသောစွမ်းအင်များက ထိန်းချုပ်မရတော့ဘဲ ပေါက်ထွက်လာမည်ကိုစိုးရိမ်မိသည်။


ထို့အပြင် ကျောက်စိမ်းအဆောင်၏အားနည်းချက်မှာ မကောင်းသောစွမ်းအင်များကိုအလုံးစုံမပိတ်ပင်နိုင်ခြင်းဖြစ်သည်။


သူကခနလောက်တွေးနေပြီးမှပြောလာသည်။

“နောက်ဆိုရင် ကိုယ့်အတွက်နတ်ဆိုးဖိနှိပ်အဆောင်ကို တစ်လတစ်ခါဆွဲပေးလို့ရမလား ငါမင်းကိုလုပ်ဆောင်ခပေးမှာပါ”


“လုပ်ဆောင်ခလား ဘယ်လောက်လဲ”

ယွင်ရုန်ကမထိန်းနိုင်ဘဲမေးလိုက်သည်။


လုဟယ်နျန်က ယွင်ရုန်၏ငွေမက်နေသောပုံစံကိုကြည့်ကာ ရယ်ချင်လာသည်။သူကကူကယ်ရာမဲ့စွာဖြင့် ယွင်ရုန်၏နဖူးကိုလက်ညှိုးထိုးလိုက်သည်။

“ဘယ်လောက်ဆိုသင့်တော်မယ်လို့မင်းထင်လဲ”


ရိုးရိုးရှင်းရှင်းဘေးကင်းအဆောင်တစ်ခုက 100,000ကျ၏။ဒီတစ်ကြိမ်တွင် သူမ၏နတ်ဆိုးဖိနှိပ်အဆောင်က ပိုအားကောင်းလေသည်။အနည်းဆုံးတော့တစ်ကြိမ်လျှင် 200,000လောက်ဖြစ်သင့်သည်ဟုထင်သည်။သို့သော်လုဟယ်နျန်ကသူမအပေါ်အလွန်ကောင်းသဖြင့် သူ့ဆီမှပိုက်ဆံအများကြီးယူရန်ရှက်နေမိသည်။ယွင်ရုန်က တခဏလောက်စိတ်ရှုပ်ထွေးသွားလေသည်။


“တစ်ခေါက်ကို 300,000ဆိုဘယ်လို‌လဲ”

လုဟယ်နျန်က ခနလောက်စောင့်‌‌လိုက်သော်လည်း ယွင်ရုန်ကဘာမှမပြောလာသဖြင့် သူ့ဘက်ကလက်ဦးမှုယူကာပြောလိုက်သည်။


300,000လား။ယွင်ရုန်က လုဟယ်နျန်အားအံ့ဩစွာကြည့်လိုက်မိသည်။သူမကခနလောက်ကြောင်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။


“ဒုတိယအစ်ကို ကျွန်မကသေချာပေါက် ဒုတိယအစ်ကိုအတွက်အဆောင်ကို‌သေချာပေါက်ကောင်းကောင်းဆွဲပေးပါ့မယ်”

တစ်ခေါက်ကို 300,000 တစ်နှစ်မှာ12ခါဆိုတော့ 3600,000ရမှာဘဲ။ယွင်ရုန်က တန့်ချိုးတောင်ကိုဝယ်မည့်သူမရည်ရွယ်ချက်ကနီးစပ်လာသည်ကိုခံစားမိသွားသည်။


ယွင်ရုန်နှင့်လုဟယ်နျန်က နေ့လယ်စာစားပြီးနောက်ရုံးခန်းဆီပြန်လာကြသည်။ယွင်ရုန်ကိုအဖော်ပြုပေးနေသဖြင့် လုဟယ်နျန်၏အလုပ်များပုံလာသည်။နေ့လယ်ခင်းတွင်အစည်းအဝေးတစ်ခုတက်သည်မှလွဲ၍ သူကရုံးခန်းထဲမှလုံးဝမထွက်နိုင်ခဲ့ပေ။


ရုံးတစ်ခုလုံးမှဝန်ထမ်းများသည် ဒီနေ့နေ့လယ်စာက အထူးတလည်ပင်စိတ်ကျေနပ်စရာကောင်းသည်ဟု တညီတညွှတ်တည်းခံစားမိခဲ့ကြသည်။ဒါရိုက်တာ၏ခွေးစားများကိုစားရသည်မှာ အလွန်မွှေးကြိုင်လှသည်။တစ်ကိုယ်တည်းခွေးငယ်လေးများသည် ခံစားချက်များဖြင့်ပြည့်နှက်နေကာ မျက်ရည်မကျမိဘဲမနေပေ။


“ဘယ်လိုများနေနေတာလဲ လူတွေအများကြီး သူမဒါရိုက်တာကိုမဖွယ်မရာလိုက်ထိနေတာကိုမြင်သွားပြီ ကြည့်လိုက်ရုံနဲ့တင် မိန်းမကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာပြောနိုင်တယ်”


လင်းရှောင်မန်က လူနှစ်ယောက်၏‌နောက်ကျောကိုကြည့်ကာ ထမင်းစားတူကိုပန်းကန်ထဲသို့ပစ်ချလိုက်ပြီး အံကြိတ်ကာကျိန်ဆဲလာ၏။


“ရှောင်မန် နင့်စကားတွေကအရမ်းလွန်နေပြီ ငါကတော့မစ်ယွင်ရုန်ကချစ်စရာကောင်းတယ်လို့ထင်တယ် ပြီးတော့ ဒါရိုက်တာကသူမကိုကြိုက်သရွေ့ အဆင်ပြေပါတယ် ဒါရိုက်တာရဲ့ဆုံးဖြတ်ချက်ကိုငါယုံတယ် မစ်ယွင်ရုန်ကိုကြည့်ရတာ အဲ့လိုမိန်းကလေးမျိုးမဟုတ်ပါဘူး”


သူမဘေးမှအမျိုးသားဝန်ထမ်းက မိန်းကလေးတစ်ယောက်သည် အခြားမိန်းကလေးတစ်ယောက်အားဤသို့ပြောသည်မှာရက်စက်လွန်းသည်ဟုခံစားမိသဖြင့် ဝင်ပြောလာသည်။


“နင်ကဘာသိလို့လဲ”

လင်းရှောင်မန်က သူကူပြောလာသဖြင့်ဒေါသထွက်သွားသည်။သူမကရှူံ့မဲ့နေသောအမူအရာဖြင့်ပြောလိုက်သည်။


“ငါကမိန်းကလေးပါ မိန်းကလေးအချင်းချင်းကို ငါအနားလည်ဆုံးဘဲ သူကမျက်နှာလေးကိုပဲ အားကိုးနေတာမဟုတ်ဘူးလား ဘာများအံ့ဩစရာရှိလို့လဲ”


ထိုသို့ပြောပြီးနောက် သူမကအခြားသူများကိုလျစ်လျူရှုကာ သူမပန်းကန်များကိုသယ်ပြီးဒေါသတကြီးထွက်သွားသည်။


နေ့လယ်ခင်းတွင် ယွင်ရုန်ကတီဗီခန‌ကြည့်လိုက်ပြီးနောက် ပျင်းလာသဖြင့်အထက်တန်းပုံနှိပ်များကိုပြန်ထုတ်ကြည့်လိုက်သည်။လုဟယ်နျန်အစည်းအဝေးမှပြန်လာသောအခါ ယွင်ရုန်ကရုံးစားပွဲတွင်‌မှီပြီးခေါင်းကုတ်ကာ သင်္ချာပုစ္ဆာများကိုကြည့်နေ၏။


အဆုံးတွင်သူမကလက်လျှော့လိုက်ကာ ပုံနှိပ်စာအုပ်ကိုဘေးဖယ်ရင်း ရေရွတ်လိုက်သည်။

“ဒါကလည်းအရမ်းခက်တယ် ဘယ်လိုဦးနှောက်ကများ ဒီလိုပုစ္ဆာမျိုးကိုဖန်တီးနိုင်တာလဲ”


“ဘာကိုမတွက်တတ်တာလဲ”

လုဟယ်နျန်ကတံခါးဖွင့်ကာ အထဲဝင်လာသည်။


“ဒုတိယအစ်ကို အစည်းအဝေးပြီးသွားပြီလား”

ယွင်ရုန်ကထလာပြီး သင်္ချာပုစ္ဆာကိုညွှန်ပြလိုက်သည်။

“အကုန်လုံးဘဲ အရမ်းခက်တယ် တကယ်ကိုအရမ်းအရမ်းခက်တာ。。。。。。”

သူမကတန့်ချိုးတောင်တွင်နေရသည့်ဘဝကိုလွမ်းလာသည်။


“အဆင်ပြေပါတယ် ဖြေးဖြေးချင်းလုပ် ကိုယ်မင်းကိုသင်ပေးမယ်”

လုဟယ်နျန်က အင်္ကျီလက်ကိုခေါက်တင်လိုက်ကာ သန်မာသည့်လက်များကိုဖော်ပြလာ၏။ထို့နောက်သူကယွင်ရုန်နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။


အထက်တန်းအဆင့်သင်္ချာပုစ္ဆာများက လုံးဝမခက်ပေ။ယွင်ရုန်က သင်္ချာကိုတစ်ခါမှမသင်ဖူးသောကြောင့်သာ ခက်ခဲနေခြင်းဖြစ်သည်။သူမကအခြေခံမရှိဘဲ ဘယ်လိုနားလည်မှာလဲ။လုဟယ်နျန်၏အကျင့်စရိုက်ကအေးစက်သော်ငြား သူကစိတ်ရှည်တတ်၏။ဤသို့ဖြင့်တစ်ယောက်ကသင်ပေးကာ တစ်ယောက်ကလိုက်နားထောင်ရင်းဖြင့် အချိန်များကလျင်မြန်စွာကုန်ဆုံးသွားသည်။


လုဟွားနျန်ရောက်လာသောအခါ ထိုမြင်ကွင်းကိုမြင်လိုက်ရ၏။နေရောင်ကပြင်သစ်ပြတင်းပေါက်ကြီးများကိုဖောက်ဝင်ပြီး စာရွက်ပေါ်မှပုစ္ဆာကိုလေးနက်စွာရှင်းပြနေသည့် သန့်စင်အေးစက်သည့်ယောက်ျားအပေါ်ဖြာကျနေ၏။နူးညံ့သိ

မ်မွေ့ကာ ချစ်စရာကောင်းသည့် မိန်းမပျိုလေး၏မျက်နှာပေါ်တွင် အကူအညီမဲ့နေသောအမူအရာရှိနေသည်။ဒီလိုမြင်ကွင်းမျိုးက ဘယ်သူဘဲမြင်လိုက်ပါစေ ပျော်ရွှင်မှုဖြင့်ပြည့်နှက်သွားမှာဖြစ်သည်။




⛰️