Chapter 40
Viewers 3k

⛰️Chapter 40

:ချမ်းသာမှုကိုဖိတ်ခေါ်ခြင်း။



ယွင်ရုန်အတွက် ပထမဆုံးအကြိမ်အလုပ်ဝင်ခြင်းဖြစ်ရာ အလွန်စိတ်လှုပ်ရှားနေသည့်ပုံပေါ်၏။သူမက မှတ်စုစာအုပ်တစ်အုပ်ကိုကိုင်ထားပြီး သူပြောသည်များကိုလေးလေးနက်နက်နားထောင်နေသည်မှာ အလွန်ချစ်စရာကောင်းလှသည်။လုဟယ်နျန်က သူမခေါင်းကိုပွတ်ပစ်ချင်ကိုထိန်းမနိုင်တော့ပေ။ဘေးတွင်အခြားသူများရှိသေးသဖြင့် သူကစိတ်ပြန်ထိန်းလိုက်သည်။


သူကထပ်သတိပေးလိုက်သည်။

“နောက်ဆိုရင် မင်းရုံးကို taxiစီးလာလို့ရတယ် ဒါမှမဟုတ်ရင်လည်း no. 1 မဟုတ်ရင် no.18 အဲ့ဒီလမ်းကြောင်းကလိုင်းကားစီးလာလို့ရတယ် လကုန်ရင် မင်းကသွားလာရေးအတွက်ကုန်ကျငွေကို တောင်းဆိုလို့ရတယ်။


ထိုစကားကိုကြားသောအခါ ဝမ်ကျင်းက သူ့ဘေးမှကျန်းချုံမင်အားအံ့ဩစွာကြည့်လာသည်။ကျန်းချုံမင်က ကိုးရို့ကားယားနှင့်ယဉ်ကျေးသည့်အပြုံးတစ်ခုပြန်ပြုံးပြလာသည်။ဒါရိုက်တာရဲ့မျက်နှာလိုက်မှုကို သူနေသားကျနေပြီဖြစ်သည်။သူတို့လိုအတွင်းရေးမှူးတွေက မစ်ယွင်ရုန်နဲ့ယှဉ်နိုင်ပါ့မလား။


ယွင်ရုန်က လုဟယ်နျန်စကားကိုကြားသောအခါ မနက်ဖြန်ကစပြီးသူမကကိုယ်ချုံ့ပြီးအလုပ်သွားမှာဖြစ်သော်လည်း သွားလာစရိတ်ရနေဦးမည်ကိုပျော်ရွှင်စွာတွေးလိုက်သည်။သူမ ကပိုက်ဆံအိတ်ဖောင်းလာသလိုခံစားလိုက်ရသည်။


လုဟယ်နျန်၏ကံကြောင့် ရုံးတွင် ဧည့်ကြိုကောင်တာနှင့် သန့်ရှင်းရေးကလွဲလျင် အမျိုးသမီးဝန်ထမ်းမရှိပေ။ထို့ကြောင့် လုဟယ်နျန်ကယွင်ရုန်ကိုခေါ်လာသောအခါ ဧည့်ကြိုကောင်တာမှ မိန်းကလေးကအလွန်အံ့ဩသွားပြီး လက်ထဲမှဖိုင်များကိုတောင်ပြုတ်ကျသွားစေသည်။


“မင်္ဂလာမနက်ခင်းပါ ဒါရိုက်တာ”

လင်းရှောင်မန်က ဖိုင်များကိုကပျာကယာပြန်ကောက်လိုက်သည်။သူမကခါးကိုင်းကာနှုတ်ဆက်လိုက်ပြီး သူမရင်ထဲတွင်ရူးမတတ်တုန်လှုပ်နေ၏။

သူမဘာမြင်လိုက်ရတာလဲ။ဒါရိုက်တာက ရုံးကိုမိန်းကလေးတစ်ယောက် ခေါ်လာတယ်တဲ့လား။


လုဟယ်နျန်က လင်းရှောင်မန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အမ်းခနဲအသံပြန်ပြုပြီး ဖြတ်လျှောက်သွားကာ ယွင်ရုန်ကိုဓာတ်လှေကားဆီသို့ခေါ်သွားသည်။


လုဟယ်နျန်၏စိတ်မဝင်စားသောအမူအရာက နှုတ်ဆက်နေသည့်လင်းရှောင်မန်အား သူမလက်ထဲမှဖိုင်တွဲများကိုတင်းတင်းဆုပ်သွားစေ၏။သူမက ခေါင်းမော့ကာတစ်ချက်ကြည့်လိုက်သော်လည်း ဓာတ်လှေကားထဲဝင်သွားသည့် ယွင်ရုန်၏နောက်ကျောကိုသာမြင်လိုက်ရသည်။


သူမကဖြေးဖြေးချင်းပြန်မတ်လာပြီး ထိုင်ခုံတွင်ထိုင်လိုက်သည်။သူမလက်ထဲမှဖိုင်များကို စားပွဲပေါ်သို့ဘန်းခနဲပစ်ချလိုက်သည်။သူမရင်ထဲဆို့နင့်နေကာ စာရွက်တစ်ချို့ကိုစုတ်ဖြဲလိုက်ပြီးမှ အဆင်ပြန်ပြေလာသည်။


သူမက လုဟယ်နျန်၏ဂရုမစိုက်သောပုံစံကြောင့်ဒေါသထွက်နေခြင်းမဟုတ်ပေ။သူမက လုကော်ပိုရေးရှင်းတွင် အလုပ်ဝင်သည်မှာတစ်နှစ်ကျော်သွားပြီဖြစ်သဖြင့် ဒါရိုက်တာက စကားသိပ်မပြောသလိုပြုံးလေ့လည်းမရှိကြောင်း သဘောပေါက်ပြီးသားပင်။သူမက ထိုကဲ့သို့အေးစက်သောသူမျိုးကို ကွာခြားလွန်းလှသည်ဟုမခံစားရဘဲ တစ်ဖက်တွင်လုဟယ်နျန်ဆီ၌ရှင်းမပြနိုင်သည့်ဆွဲဆောင်မှုရှိသည်ဟုခံစားမိကာ သူမကိုဆက်တိုက်ဆွဲဆောင်နေပေသည်။


အစတွင်လုအုပ်စု၌ မိန်းကလေးဝန်ထမ်းအနည်းငယ်သာရှိ၏။သူမကလွဲလျှင် အသက်လေးဆယ်ကျော်အန်တီကြီးများသာရှိ၏။လင်းရှောင်မန်က သူမကိုယ်သူမထူးခြားသည်ဟုခံစားမိသည်။လုအုပ်စုမှာအလုပ်လုပ်ချင်တဲ့သူဘယ်လောက်တောင်များလိုက်လဲ။ဒါပေမယ့်သူမပဲ အလုပ်ခန့်ခံလိုက်ရတာ။ကုမ္ပဏီမှဝန်ထမ်းတစ်ယောက်စီတိုင်းကို ဒါရိုက်တာကိုယ်တိုင်ရွေးချယ်ခြင်းဖြစ်ကြောင်းသူမကြားဖူး၏။အဲ့လိုဆို ဒီကိစ္စကရှင်းသွားပြီမလား။


သူမက ဒါရိုက်တာရဲ့မျက်လုံးထဲမှာထူးခြားနေတာပဲ။


လင်းရှောင်မန်က မိတ်ကပ်မှန်ကိုထုတ်ကာ မှန်ပေါ်မှသူမ၏မျက်နှာဝိုင်းဝိုင်းကိုကြည့်လိုက်မိသည်။သူမ၏အသားအရေကသိပ်မကောင်းသလို ဖောင်ဒေးရှင်းထူးထူးက ဝက်ခြံအမာရွတ်နှင့် သူမ၏မွဲခြောက်ခြောက်အသားအရေအားမဖုံးပေးနိုင်ပေ။သူမမျက်လုံးများကကြီးသော်လည်း ဘာစိတ်ဝိညာဥ်မှမရှိပေ။သူမ နှာခေါင်းကလည်းမရှည်ပေ။သူမကိုလှပသည်ကိုမယူဆနိုင်ပေ။အများဆုံးအနေဖြင့် ကြည့်ကောင်းသည်ဟုသာယူဆနိုင်၏။


သို့သော် အတိအကျကို သူမရဲ့ဒီပုံစံကပဲ လှပတဲ့မိန်းကလေးတွေကြားကထိုးထွက်ပြီး လုကော်ပိုရေးရှင်းရဲ့ ဧည့်ကြိုကောင်တာမှာအလုပ်ရစေခဲ့ခြင်းဖြစ်သည်။သူမက ထိုမိန်းမလှများထက်သာ၏။အချင်းချင်းအဆက်အဆံရှိနေသရွေ့ တစ်နေ့တွင်ဒါရိုက်တာကသူမခံစားချက်များကိုမြင်လာလိမ့်မည်။လင်းရှောင်မန်က သူ့ကိုသာတစ်လျှောက်လုံးစောင့်နေခဲ့၏။


သို့သော်အခုတွင်အရာအားလုံးကပြောင်းလဲသွားလေသည်။ဒါရိုက်တာက မိန်းမတစ်ယောက်ကိုကိုယ်တိုင်ကိုယ်ကျခေါ်သွင်းလာ၏။လင်းရှောင်မန်က ထိုမိန်းမ၏နာမည်သည် ယွင်ရုန်မှန်းသိ‌နေ၏။အကြောင်းမှာ မနေ့တုန်းက အတွင်းရေးမှူးဝမ်ရောက်လာပြီး ယွင်ရုန်ကဒါရိုက်တာ၏အတွင်းရေးမှူးအသစ်ဖြစ်ကြောင်းနှင့် သူမကိုဂရုစိုက်ပေးရန်အကြောင်းကြားလာခဲ့၏။


အတွင်းရေးမှူးအသစ်တဲ့လား။ပေါက်ကရတွေ။ဒါရိုက်တာဆီမှာ အတွင်းရေးမှူးလေးယောက်တောင်ရှိနေပြီလေ။အသစ်ထပ်လိုသေးလို့လား။မိစ္ဆာမလိုပုံစံနဲ့ သူ့ကိုဒါရိုက်တာရဲ့မယားငယ်လို့ပြောရင်တောင် ပိုယုံကြလိမ့်မယ်။


လင်းရှောင်မန်၏ရင်ထဲတွင် အလွန်မွန်းကြပ်ကာ မနာလိုမှုမီးတောက်များကတဖြေးဖြေးလောင်ကျွမ်းလာသည်။ယွင်ရုန်ကကြည့်ကောင်းနေလို့ပဲမလား။သူ့ကိုယ်ကလှနေလို့လား။သူမကချမ်းသာလို့လား။

အကယ်၍သူမ(လင်းရှောင်မန်)လည်းလှရင် ဒါရိုက်တာကအစောကြီးကတည်းက သတိထားမိနေလောက်ပြီ။


ရုပ်လေးလှရုံနဲ့ အဲ့ဒီမိန်းမတွေကသူတို့လိုချင်သမျှကို လွယ်လွယ်လေးရကြတာပဲလား။သူမက ဘာလို့အဲ့လိုမိန်းမတွေကြားထဲမှာ ဘဲရုပ်ဆိုးဖြစ်နေတာလဲ။လင်းရှောင်မန်က တကယ်ကိုမုန်းတီးလာသည်။


လင်းရှောင်မန်ကထိုသို့တွေးနေလိုက်သောအခါ သူမတင်းတင်းဆုပ်ထားသည့်မှန်ပေါ်၌ သူမ၏ရှူံ့တွနေသောပုံစံပေါ်လာလေသည်။


ရုတ်တရက်ပင် မှန်ထဲမှလင်းရှောင်မန်ဟုခေါ်သံထွက်လာကာ ရယ်သံတစ်ခုကကပ်ပါလာသည်။သူမကမလှုပ်နေသော်လည်း မှန်ထဲမှပုံရိပ်က ဆံပင်ကိုညှို့ယူနိုင်စွာဆော့ကစားပြီး သူမကိုအရေးမပါသလိုကြည့်လာ၏။စွဲမက်ချင်စရာကောင်းသောအသံဖြင့် မှန်ထဲမှပုံရိပ်ကထပ်ပြောလာလေသည်။


“နင်လှချင်လား”


လင်းရှောင်မန်က အံ့ဩသွားပြီးနောက် သူမလက်ထဲမှမှန်ကိုလွင့်ပစ်လုနီးပါးဖြစ်သွားသည်။သို့သော်မှန်၏မေးခွန်းက အဆိပ်ပြင်းသည့်မြွေတစ်ကောင်လိုပင်သူမကိုရစ်ခွေလာပြီး ရင်ကိုဒုန်းစိုင်းခုန်သွားစေ၏။


ငါလှချင်လား။လှချင်တာပေါ့။အိပ်မက်ထဲမှာတောင်လှချင်တယ်။သူမကအရမ်းလှချင်လို့ ပလက်စတစ်ဆာဂျရီလုပ်ဖို့တောင်စဉ်းစားဖူးတယ်။

သို့သော်သူမက အမာရွတ်ဖြစ်လွယ်သဖြင့် ဆေးရုံကသေချာပေါက်သူမကိုလက်ခံမှာမဟုတ်ပေ။


မှန်ထဲမှသူမ၏ပုံရိပ်ကဆက်ပြောလာသည်။

“ခန္ဓာကိုယ်လှလှလေးလည်းရချင်လား”


လင်းရှောင်မန်ကရူးမတတ်ခေါင်းငြိမ့်လိုက်ကာ သူမလက်နှစ်ဖက်ကမှန်ကိုတင်းတင်းဆုပ်ကိုင်ထားလေသည်။သူမကခက်ခက်ခဲခဲနှင့် စကားနှစ်လုံးကိုထုတ်ပြောလိုက်သည်။

“ငါလိုချင်တယ်”


“ခစ် ခစ်。。。”

မှန်ထဲမှပုံရိပ်က ငွေခေါင်းလောင်းများမြည်သွားသလို ချိုမြိန်စွာရယ်လာသည်။သူမအသံက မြူများအလယ်၌ရှိနေသလို ဝေးဝေးဝါးဝါးထွက်လာ၏။

“ဒီနေ့ညသန်းခေါင်ကျရင် ‌ဆူးလီမြစ်ကမ်းပါးကိုလာခဲ့ ငါနင့်ဆန္ဒကိုဖြည့်ဆည့်ပေးမယ်”


“နင်ကဘယ်သူလဲ”

လင်းရှောင်မန်ကမေးလိုက်သည်။


မှန်ထဲမှမိန်းမက ညှို့ငင်စွာပြုံးပြလာပြီး နှုတ်ခမ်းနီနီများကိုဖွင့်ဟလာသည်။

“ငါကနင်အလိုရှိနေတဲ့အရာပဲ。。。。”

ထိုသို့ပြောပြီးနောက် မှန်၏အပြင်လွှာက မြူခိုးတစ်ချို့အုပ်ထားသလိုဖြစ်သွားကာ ထိုအမျိုးသမီးကပျောက်ကွယ်သွားသည်။


“ဒီနေ့ညသန်းခေါင် ဆူးလီမြစ်ကမ်းပါး ဒီနေ့ညသန်းခေါင် ဆူးလီမြစ်ကမ်းပါး。。。。。。”

လင်းရှောင်မန်ကထိုစကားလုံးများကို ထပ်ခါတလဲလဲရွတ်လိုက်သည်။ထို့နောက်သူမကမှန်ကိုအိတ်ထဲပြန်ထည့်ကာ သူမ၏အလုပ်ကိုတိတ်ဆိတ်စွာစတင်လိုက်လေသည်။


*****


ဒါရိုက်တာရုံးခန်းက ငါးထပ်မြောက်တွင်ရှိကာ ယွင်ရုန်၏ရုံးခန်းက လုဟယ်နျန်နှင့်ကပ်ရပ်ဖြစ်သည်။အတွင်းရေးမှူးများ၏ရုံးခန်းက သူတို့နှစ်ယောက်နှင့်မျက်နှာချင်းဆိုင်တွင်ရှိ၏။


“မစ်ယွင်ရုန် ဒါကမင်းရဲ့ရုံးခန်းပါ”

ဝမ်ကျင်းက ရုံးခန်းတံခါးကိုတွန်းဖွင့်ကာ သူမကိုပြောပြလာ၏။

“ဒီဘက်က အလုပ်လုပ်တဲ့နေရာပါ၊ ဒီဘက်ကတော့အနားယူဖို့ အလုပ်လုပ်နေတဲ့အချိန်‌ဆို ဒီမှာမုန့်နဲ့လက်ဖက်ရည်သောက်လို့ရတယ် တစ်ခါတစ်လေကျဒါရိုက်တာရဲ့ရုံးခန်းဆီသွားပြီးစကားပြောလို့ရပါတယ် ဒီငါးထပ်မြောက်မှာ ဒါရိုက်တာနဲ့ကျွန်တော်‌တို့အတွင်းရေးမှူးလေးယောက်ပဲရှိတာ အခြားဝန်ထမ်းတစ်ယောက်မှမရှိဘူး”


ဝမ်ကျင်းက ရုံးခန်းဒီဇိုင်းကိုရှင်းပြရင်း အနည်းငယ်ဂုဏ်ယူနေ၏။သူကခက်ခက်ခဲခဲရှာဖွေလေ့လာပြီးမှ အခုခေတ်မိန်းမငယ်များသည် Scandinavianစတိုင်ကိုသ‌ဘောကျကြောင်းသိသွားပြီး အထူးပင်ဤသို့ပြင်ဆင်ပေးထားခြင်းဖြစ်သည်။


ဝမ်ကျင်းကအခန်းတစ်ပတ်ပြလိုက်ပြီးနောက် လုဟယ်နျန်ကိုခိုးကြည့်လိုက်သည်။လုဟယ်နျန် ကဘာမှပြောမလာသည်ကိုမြင်လိုက်ရမှ အနည်းငယ်စိတ်အေးသွားလေသည်။


“နောက်ဆို ကျွန်မတို့ကလုပ်ဖော်ကိုင်ဖက်တွေဖြစ်တော့မှာဘဲ ကျွန်မကိုနာမည်ပဲခေါ်လို့ရပါတယ်”


ယွင်ရုန်က ကုန်တချင်ကိုမေးဖူး၏။လူသားများ၏အလုပ်ခွင်၌ အရေးကြီးဆုံးမှာဝန်ထမ်းအချင်းချင်းဆက်ဆံရေးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များကိုကောင်းကောင်းဆက်ဆံရပေမည်။ထို့ကြောင့်သူမကဒီလိုပြောလိုက်ခြင်းဖြစ်သည်။


“ယွင် ယွင်ရုန်。。。。。”

လုဟယ်နျန်၏အာရုံစိုက်နေသောအကြည့်ကြောင့် ဖိအားအောက်တွင် ဝမ်ကျင်းကယွင်ရုန်၏နာမည်ကိုခေါ်လိုက်သည်။


“ဒီရုံခန်းကိုဘယ်လိုထင်လဲ တစ်ခုခုပြောင်းချင်တာရှိရင် ဝမ်ကျင်းကိုတစ်ခါတည်းပြောလိုက်လို့ရတယ်”

လုဟယ်နျန်က ဘေးမှဝင်ပြောလာသည်။


“အခုကအတော်လေးကောင်းနေပါပြီ ကျွန်မအရမ်းကြိုက်တယ်”

အထူးသဖြင့် အဲ့ဒီမုန့်တွေပြည့်နေတဲ့ဗီဒိုတွေပေါ့။အထဲမှာသူမတစ်ခါမှမစားဖူးတဲ့မုန့်တွေအများကြီးဘဲ။သူမကအခုပဲ စမ်းစားကြည့်ချင်နေပြီ။


သူမသဘောကျသည်ဟုဆိုသဖြင့် လုဟယ်နျန်ကလည်းပြုံးလိုက်သည်။

“ဒါဆိုရင်ကိုယ်ရုံးခန်းပြန်တော့မယ် တစ်ခုခုလိုရင် အချိန်မရွေးကိုယ့်ကိုလာရှာနော် နေ့လယ်ကျရင်နေ့လယ်စာအတူတူစားကြတာပေါ့”


ယွင်ရုန်ကခေါင်းငြိမ့်ပြကာ အသံတိုးတိုးဖြင့်မေးလာသည်။

“ကျွန်မကတကယ်ဘဲ လက်ဖက်ရည်သောက်ပြီးစားနေရုံပဲလား”

သူမက ဤအလုပ်သည်အရမ်းရိုးရှင်းသည်ခံစားနေရကာ လစာယူရန်ရှက်နေ၏။


လုဟယ်နျန်ကခနလောက်တွေးကြည့်လိုက်ပြီးနောက် ခါးကိုကိုင်းကာပြောလိုက်သည်။

“အပြင်ဘက်ကကြည့်ရင်တော့ အဲ့လိုဘဲ တကယ်တော့ မင်းမှာလျို့ဝှက်ပြီးလုပ်ရမယ့်တာဝန်ရှိသေးတယ်”


“ဘာတာဝန်လဲ”

ယွင်ရုန်က ကမန်းကတန်းမေးလိုက်သည်။


“မင်းကရွှမ်းမန်ကသူလေ ကိုယ့်ဆီမှာကကုမ္ပဏီတစ်ခုရှိတယ် ကုမ္ပဏီထောင်တာက အခြားဘာမှမဟုတ်ဘူး ပိုက်ဆံရှာဖို့ဘဲလေ အဲ့ဒါကြောင့်ကုမ္ပဏီမှာရှိနေတဲ့အချိန်ဆို ချမ်းသာမှုကိုဖိတ်ခေါ်ဖို့အစီအရင်လုပ်ပြီးကူညီပေးပါ ရလဒ်ကောင်းရင် လကုန်ကျကိုယ်မင်းကိုဘောနပ်ပေးမယ်”


လုဟယ်နျန်က ယွင်ရုန်သည်အလုပ်မလုပ်ဘဲ ပိုက်ဆံလက်ခံရသည်အားဝန်လေးနေမှာကိုစိုးရိမ်ခဲ့၏။ထို့ကြောင့်သူကတစ်ချက်လေးတောင်မတွေးဘဲ ဆင်ခြေတစ်ခုလုပ်လိုက်သည်။သူကသဘာဝလွန်ကိစ္စများကိုယုံကြည်သော်လည်း ချမ်းသာမှုအားဖိတ်ခေါ်သည်မျိုးကိုတော့မယုံပေ။ပိုက်ဆံရှာရန်အတွက် ကိုယ့်ကိုကိုယ်သာအားကိုးရခြင်းဖြစ်သည်။


သူ့ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် ဒီလိုအဓိပ္ပါယ်မရှိသည့်အလိမ်ကိုပြောလိုက်ခြင်းဖြစ်ရာ လုဟယ်နျန်ကပြုံးစိစိနှင့်အနည်းငယ်နေရခက်သွားသည်။


အဲ့လိုဆိုperfectဘဲ။ယွင်ရုန်ကချက်ချင်းသဘောပေါက်သွားသည်။သူမကိုချမ်းသာမှုဖိတ်ခေါ်ဖို့အလုပ်လုပ်ခိုင်းတာပုံမှန်ဘဲ။သူမကချက်ချင်းခေါင်းငြိမ့်လိုက်သည်။

“ကျွန်မသိပြီ ဒုတိယအစ်ကိုကျွန်မအလုပ်ကြိုးစားမယ်လို့အာမခံတယ်”


လုဟယ်နျန်က သူမအကြည့်ကိုရှောင်လိုက်မိသည်။

“ရုံးမှာမင်းစာလေ့လာဖို့လဲလိုသေးတယ် ကုမ္ပဏီမှာလုပ်နေတဲ့ဝန်ထမ်းအကုန်လုံးက တက္ကသိုလ်ဘွဲ့ရတွေ。。。。。。”


“ကျွန်မနားလည်ပါပြီ ဒုတိယအစ်ကိုက ကျွန်မကိုနောက်ပေါက်ကနေဝင်ခွင့်ပေးထားတာကို သူတို့သိသွားလို့မဖြစ်ဘူး စိတ်မပူပါနဲ့ ကျွန်မကြိုးကြိုးစားစားလေ့လာပါ့မယ်”


ယွင်ရုန်က ‌အနောက်မှအတွင်းရေးမှူးများကြားသွားမည်ကိုစိုးရိမ်သဖြင့် လုဟယ်နျန်နားကပ်ကာပြောလိုက်သည်။သူမကလည်း ဒီပလိုမာတစ်ခုနဲ့အလုပ်လုပ်တဲ့ တောင်မိစ္ဆာဖြစ်ရမည်ကို သဘောပေါက်ပြီးသားဖြစ်သည်။ 


လုဟယ်နျန်၏အကြည့်က ယွင်ရုန်၏ပန်းရောင်နားသီးများဆီရောက်လာတာ သဘာဝမကျသည့်တုံ့ပြန်သံပြုလိုက်ပြီးမှ အကြည့်လွှဲလိုက်သည်။


နောက်မှအတွင်းရေးမှူးသုံးယောက်က ဒါရိုက်တာနှင့်ယွင်ရုန်တို့ အနားတွင်ဘယ်သူမှမရှိသလိုစကားပြောနေကြသည်ကိုမြင်သောအခါ အံ့ဩလွန်းသဖြင့်မျက်လုံးများတောင်ကျွတ်ထွက်မတတ်ဖြစ်သွားသည်။ကျန်းချုံမင်တစ်ယောက်တည်းကသာ သူတို့မျက်နှာများကိုကြည့်ရင်း ဘဝင်ခိုက်သည့်အမူအရာဖြစ်နေ၏။ဒါကများဘာထူးဆန်းလို့လဲ။ကလပ်မှာတုန်းကဆိုရင် ဒါရိုက်တာကယုန်ဝ‌တ်စုံဝတ်ထားတဲ့ယွင်ရုန်ကိုဖက်တောင်ဖက်ခဲ့သေးတယ်။


အတွင်းရေးမှူးများ၏ရုံးခန်းသို့ ပြန်ရောက်သည်အထိ ဝမ်ကျင်း၏မျက်နှာပေါ်၌ ရူးကြောင်ကြောင်အမူအရာရှိနေဆဲဖြစ်သည်။တစ်နေ့တွင် ရုံးတွင်အလုပ်လုပ်နေသည့် တစ်ကိုယ်တော်ခွေးများက ဒါရိုက်တာ၏ခွေးစာများကိုစားရလိမ့်မည်ဟုလုံးဝမတွေးခဲ့ဖူးပေ။သူကထိုင်ခုံတွင်ဖြေးဖြေးချင်းထိုင်ချလိုက်သည်။


“ရဲဘော်တို့ ငါတို့လုပ်ရမယ့်အလုပ်တွေက အဲ့လောက်အရေးမကြီးဘူး မစ်ယွင်ရုန်ကိုတစ်ချိန်လုံးအာရုံစိုက်ထားရမှာက ပိုအရေးကြီးတယ်”


 ကျန်းချုံမင်ကသူ့ကိုလှည့်ကြည့်ကာ မျက်ဆံလှန်ပြလိုက်သည်။

“မင်းကအခုမှသဘောပေါက်သွားတာလား”


“ကျန်းချုံမင် ငါတို့ကိုပြောပြစမ်းပါ မစ်ယွင်ရုန်ရဲ့ပုံစံကဘယ်လိုမျိုးလဲ ဂရုစိုက်ထားရမယ့်ကိစ္စတစ်ခုခုရှိလား”

လီမင်းဟိုင်က ကမန်းကတန်းမေးလိုက်သည်။


အတွင်းရေးမှူးများကြားတွင် ကျန်းချုံမင်ကသာယွင်ရုန်နှင့်အများဆုံးပြောဆိုဆက်ဆံဖူးသောသူဖြစ်သည်။ကျန်းချုံမင်ကချက်ချင်းပင် ကြွစောင်းစောင်းဖြစ်သွားသည်။


“မစ်ယွင်လား သူမကမာနမကြီးဘူး အင်အားကြီးတယ် စကားကိုကောင်းကောင်းပြောတတ်တယ် ငါကတော့ သူက အရမ်းသဘောကျစရာကောင်းတယ်လို့ထင်တယ် သူမကစားသောက်ရတာကိုအကြိုက်ဆုံးဘဲ ဒါရိုက်တာနဲ့မနက်စာစားတုန်းကဆို ဒင်ဆမ်းပေါင်း၂၀ကျော်ကို တစ်ယောက်တည်းစားခဲ့တာ。。。。。”


သူပြော၍မဆုံးခင်မှာဘဲ ထိုလူသုံးယောက်က သူပြောနေသည်များကိုအာရုံမစိုက်တော့သည်ကို မျက်လုံးထောင့်မှလှမ်းမြင်သွားသည်။တစ်ယောက်ပြီးတစ်ယောက်သူတို့က အရသာရှိသည့်မုန့်နှင့်အားဖြည့်စာမျိုးစုံကိုမှာနေကြလေသည်။


ရုံးမှာပြင်ထားတဲ့မုန့်တွေကအရမ်းနည်းနေတယ်။


ယွင်ရုန်က လူတိုင်းထွက်သွားသည်အထိစောင့်ပြီးမှ မုန့်ဗီဒိုကြီးကိုချက်ချင်း‌ဖွင့်လိုက်သည်။သူမကအရင်ဆုံးချောကလက်ဘူးလေးကိုယူကာ စားလိုက်သည်။ခနလောက်စားသောက်နေပြီးနောက် သူမ၏လျို့ဝှက်တာဝန်-ချမ်းသာမှုအားဖိတ်ခေါ်ခြင်းကို လုပ်ဖို့လဲမမေ့ပေ။


တကယ်တမ်းတွင် သူမ၏အရောင်အဝါနှင့်တင် ကုမ္ပဏီတွင်သူမရှိနေသရွေ့ ချမ်းသာမှုများကဝင်‌လာနေပြီဖြစ်သည်။သို့သော်ထိုမျှလောက်နှင့်ဆိုပါက သူမရမည့်လစာနှင့်မထိုက်တန်သလိုခံစားရ၏။

ချမ်းသာမှုဖိတ်ခေါ်ဖို့ မှော်ပညာလေးနည်းနည်းသုံးလိုက်ပါ့မယ်လေ။


ချက်ချင်းပင်လုကော်ပိုရေးရှင်း၏စီးပွားရေးလုပ်ငန်းများက ကံကောင်းလာလေသည်။ချမ်းသာကြွယ်ဝမှုလှိုင်းလုံးကြီးက လိမ့်ဝင်လာသည်။


“ဒါရိုက်တာ ဂျာမန်ကုမ္ပဏီကအခုဘဲကျွန်တော့်ကိုဆက်သွယ်လာပါတယ် သူတို့က‌ဈေးကွက်‌ရှယ်ယာအတွက် 100မီလီယမ်ထည့်ဖို့ရည်ရွယ်ထားပါတယ်တဲ့”


“ဒါရိုက်တာ မြို့တော်ကအဲ့ဒီကုမ္ပဏီရဲ့ဘော့စ်ကအကြောင်းပြန်လာပါပြီ *ဗန်ခဲ့ရှော့ပင်းမောကိစ္စက。。。。。”

(Tn:တရုတ်အိမ်ခြံမြေကုမ္ပဏီကြီး)


“ဒါရိုက်တာ ကျွန်တော်တို့ ရွေ့မင်ကုမ္ပဏီပရောဂျက်အတွက်လေလံနိုင်သွားပါပြီ နောက်တစ်ဆင့်ကအသေးစိတ်ဆွေးနွေးဖို့ပါ”


ဘာကြောင့်မှန်းမသိ တစ်မနက်တည်းတွင် ရပ်တန့်နေတာ၊သို့မဟုတ် နှောင့်နှေးနေသည့်ထိုပရောဂျက်များအားလုံးပြီးဆုံးသွားလေသည်။အစတွင်ယွင်ရုန်၏ရောက်ရှိမှုက ဝန်ထမ်းများကြား၌ရေပန်းစားနေသော်လည်း အခုတွင်လူတိုင်းကဟိုပြေးဒီပြေးဖြင့်အလွန်အလုပ်များလာကြသည်။


သူတို့ကရူးမတတ်အလုပ်များနေသော်လည်း လူတိုင်းကပျော်ရွှင်နေကြဆဲဖြစ်သည်။ကုမ္ပဏီ၏ရလဒ်ကောင်းသဖြင့် နှစ်ကုန်ဘောနပ်လည်းမြင့်မှာဖြစ်သည်။လူတိုင်းကစိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်နေကြသည်။


လုဟယ်နျန်က သူနှင့်ယွင်ရုန်၏ရုံးခန်းကိုခြားထားသည့်နံရံကိုကြည့်ကာ တွေးလိုက်မိသည်။

တကယ်ဘဲရလဒ်ရှိတယ်လို့ မပြောနဲ့နော်။


လုဟယ်နျန်.. ဒီလိုလှည့်စားတတ်တဲ့ထက်မြက်တဲ့လူလိမ်ကတော့..





⛰️