⛰️Chapter 39
ချမ်းသာမှုကိုဖိတ်ခေါ်ခြင်း။
ယွင်ရုန်က ဟိုတယ်သို့ပြန်လာသည့်လမ်းတွင် စိတ်ဓာတ်ကျနေ၏။ဘေးကင်းအဆောင်တစ်ခုက ယွမ်100,000တန်သည်ကိုပြန်တွေးမိသောအခါ သူမရင်ထဲ၌နာကျင်လာလေသည်။
ဘယ်လိုဖြစ်ပြီး အဆင့်နိမ့်အဆောင်တစ်ခုက အရမ်းဈေးကြီးနေရတာလဲ။သူမရဲ့အရှိန်အဝါနဲ့သာထိလိုက်ရင် သူမရဲ့ကောင်းမှုကုသိုလ်နဲ့ ဝိညာဉ်စွမ်းအင်လွှမ်းမိုးမှုကြောင့် ပိုပြီးဈေးကြီးသွားမှာလား။
“ဘာဖြစ်လို့လဲ”
လုဟယ်နျန်က လှည့်ကြည့်လိုက်သောအခါ မိန်းမငယ်လေး၏မပျော်မရွှင်ဖြစ်နေသောအမူအရာကိုမြင်လိုက်ရသဖြင့် အသံနိမ့်နိမ့်ဖြင့်မေးလိုက်သည်။
“အဲ့ဒီဘေးကင်းအဆောင်က အရမ်းဈေးကြီးတာပဲ”
ယွင်ရုန်က လုဟယ်နျန်ကိုလှမ်းကြည့်လာ၏။သူက ကားမောင်းနေကာ လက်နှစ်ဖက်လုံးကစတီယာရင်ဘီးပေါ်၌ရှိနေ၏။အင်္ကျီလက်နှစ်ဖက်လုံးကို လိပ်တင်ထားကာ လက်မောင်းသားများကိုဖော်ပြနေ၏။
“အဲ့လိုမှန်းသိရင် ကျန်းယန်ကိုတစ်ခုလောက်ရောင်းလိုက်ပါတယ်”
လုဟယ်နျန်က ယွင်ရုန်၏ ရွှေရောင်အခွင့်အရေးကိုလွတ်သွားသည့်ပုံစံကြောင့် ရယ်ချင်သွားသည်။သူကအသာပြုံးလိုက်သည်။
“ဖြစ်ချင်တော့ ကိုယ့်အိမ်ကသူတွေအတွက်လည်း နည်းနည်းလိုနေတာ မင်းကိုယ့်ကိုရောင်းလိုက်ပါလား”
ယွင်ရုန်က ထိုစကားကိုကြားသောအခါတုန့်ဆိုင်းသွားသည်။သူမကကျန်းယန်ကိုရောင်းသောအခါ ဘာဝန်ထုပ်ဝန်ပိုးမှမခံစားရပေ။သို့သော် လုဟယ်နျန်ကိုရောင်းရန်ကိုမူ ရှက်နေမိ၏။သူမက လုဟယ်နျန်ဆီမှပိုက်ဆံအများကြီးယူထားပြီးပြီဖြစ်သည်။ဘယ်လိုမျက်နှာနဲ့များ သူ့ဆီကနေပိုက်ဆံထပ်ယူရမှာလဲ။သူမက လောဘကြီးတဲ့တောင်မိစ္ဆာမဟုတ်ပါဘူးနော်။
“ဦးလေးနဲ့ ဒေါ်လေးကိုပေးမလို့လား”
ယွင်ရုန်ကမေးလိုက်သည်။
လုဟယ်နျန်ကခေါင်းငြိမ့်ပြသည်။
“သူတို့အသက်ကအတော်လေးကြီးလာပြီလေ ညဆိုကောင်းကောင်းမအိပ်နိုင်ကြဘူး သူတို့အေးအေးဆေးဆေးအိပ်လို့ရအောင် ကိုယ်ကအဆောင်နည်းနည်းဝယ်ချင်နေတာ”
“ဘေးကင်းရေးအဆောင်တွေက အိပ်မပျော်နိုင်တာအတွက်အသုံးမဝင်ဘူး”
ဘေးကင်းရေးအဆောင်က မကောင်းဆိုးဝါးကိုမောင်းထုတ်ရာတွင်အသုံးပြုခြင်းဖြစ်သည်။၎င်းပေါ်မှစုတ်ချက်များသည် သာမာန်နည်းလမ်းကိုအသုံးပြုထားခြင်းဖြစ်ပြီး မကောင်းသောစွမ်းအင်များချဉ်းကပ်လာပါက အလိုလိုခုခံပေးလိမ့်မည်။သုံးပြီးသည်နှင့် အဆောင်ထဲမှစိတ်ဝိဉာဉ်စွမ်းအင်များကုန်သွားကာ အသုံးမဝင်တော့ပေ။
လုဟယ်နျန်ကမေးလိုက်သည်။
“ဒါဆိုဘယ်လိုအဆောင်မျိုးသုံးရမလဲ”
“ရှင့်မှာစက္ကူရှိလား”
တကယ်တမ်းတွင် သူမ၏ချန်ခွင်းအိတ်ထဲ၌ သူမ၏အရောင်အဝါရှိနေသည့် ပစ္စည်းတစ်ခုရှိနေပြီဖြစ်သည်။သို့သော်လူသားများ၏အဆောင်များက စာရွက်ပေါ်၌ဆွဲထားသည်ကို ယွင်ရုန်သတိပြုမိသွား၏။သူမလည်း စက္ကူပေါ်တွင်ဆွဲရန်ဆုံးဖြတ်လိုက်သည်။
“စက္ကူလား”
လုဟယ်နျန်က ခနတန့်သွားသည်။ပုံမှန်ဆိုလျှင် ကျန်းချုံမင်ကသူသွားသောနေရာတိုင်းကိုလိုက်လေ့ရှိသည်။ထို့ကြောင့်ဖုန်းမှလွဲလျှင် သူ့ဆီ၌အခြားဘာပစ္စည်းမှမရှ်ိပေ။သူ့အိတ်ကပ်ထဲရှာကြည့်လိုက်သောအခါ အဖိုးမော်တစ်ရွက်စမ်းမိသွားသည်။၎င်းကဘယ်တုန်းကရှိနေသလဲ သူလည်းမသိပေ။
လုဟယ်နျန်က ငွေစက္ကူအား ယွင်ရုန်ကိုလှမ်းပေးလိုက်သည်။
“ဒါကိုသုံးလို့ရလား”
“ရတယ် ”
ယွင်ရုန်က အဖိုးမော်တစ်ရွက်ကိုယူကာ ခေါင်းငြိမ့်ပြလိုက်သည်။ဘယ်လိုဘဲဖြစ်ဖြစ် အကုန်လုံးကစက္ကူတွေဘဲလေ ဘာကွာလို့လဲ။
ထိုသို့ပြောပြီးနောက်သူမက ညာလက်ဖြင့် လက်ဟန်တစ်ချို့ပြုလုပ်ပြီး အဖိုးမော်ပေါ်တွင် ထူးဆန်းသည့်ပုံစံတစ်ခုဆွဲလိုက်သည်။သူမဆွဲပြီးသောအခါ အဖိုးမော်ကချက်ချင်းတောက်ပသွားလေသည်။အမှောင်ထဲတွင် ပိုးစုန်းကြူးများရပ်နေသလိုထင်ရသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အစိမ်းရောင်အလင်းများပျောက်သွားကာ ယွင်ရုန်က လုဟယ်နျန်ကိုပိုက်ဆံပြန်ပေးလိုက်သည်။
“ခေါင်းအုံးအောက်မှာထားအိပ်လိုက် ကောင်းကောင်းအိပ်ပျော်ဖို့အာမခံတယ်”
သူမ၏အရောင်အဝါကို ပိုက်ဆံပေါ်တွင်ထည့်ထားပြီးသားဖြစ်သည်။၎င်းက သူတို့၏အိပ်စက်ခြင်းကိုတိုးတက်စေရုံသာမက ခန္ဓာကိုယ်ကိုကျန်းကျန်းမာမာဖြင့် အသက်ရှည်ရှည်နေနိုင်အောင်လည်းထိန်းသိမ်းပေးမှာဖြစ်သည်။
ဒီလိုလည်းရတာပဲလား။
အစက ဘာမှသိပ်မတွေးထားသည့် လုဟယ်နျန်က အံ့ဩသွားသည်။သူက အဖိုးမော်ကိုပြန်ယူကာမေးလိုက်သည်။
“ဒီလိုပဲပြီးသွားတာလား”
“အင်း ဟုတ်တယ်လေ ”
“မင်းစာရွက်ဝါတို့ ဟင်္သာပြဒါးအရည်တို့မလိုဘူးလား”
လုဟယ်နျန်က ဆရာသခင်ကျန်းအဆောင်ဆွဲသည်ကိုမြင်ဖူး၏။သူကရေချိုးကာ သန့်ရှင်းသည့်အဝတ်များလဲပြီး အမွှေးတိုင်ထွန်းကာဆုတောင်းဖို့လိုလေသည်။ထို့နောက်အကောင်းတကာ့အကောင်းဆုံး ဟင်္သာပြဒါးရည်နှင့် အဝါရောင်စာရွက်ကိုသုံးပြီး အဆောင်ဆွဲရာတွင်သာ အလုံးစုံစိတ်နှစ်ထားရမှာဖြစ်သည်။
“တကယ်တော့ အဆောင်မှာအသုံးဝင်တာက သူ့မှာကပ်နေတဲ့ဝိညာဉ်စွမ်းအင်ဘဲ ဝိညာဉ်စွမ်းအင်များလေလေ အဆောင်ပိုအစွမ်းထက်လေဘဲ။ဝိညာဉ်စွမ်းအင်က ဘယ်ပစ္စည်းကိုမဆိုကပ်လိုက်လို့ရတယ် ဒီအတိုင်း အဝါရောင်စာရွက်နဲ့ ဟင်္သားပြဒါးရည်သုံးတာက ပိုပြီးအကျိုးသက်ရောက်မှုရှိလို့ပါ”
ယွင်ရုန်ကလေးနက်စွာရှင်းပြပြီးမှ ပြန်မေးလိုက်သည်။
“ဒီနေ့ခေတ်မှာ အဝါရောင်အဆောင်စာရွက်တွေဘဲရှိတော့တာလို့ ကျွန်မကိုမပြောနဲ့နော်”
လုဟယ်နျန်၏အမူအရာကိုကြည့်ကာ ယွင်ရုန်ကအဖြေမလိုဘဲနားလည်သွားပြီဖြစ်သည်။
ဆိုတော့ အဲ့လိုမျိုးပေါ့။
ယွင်ရုန်က လက်ရှိလောကကြီးသည် ဒီအခြေအနေထိရောက်အောင်ကျဆင်းလာသည့်အတွက် သက်ပြင်းချလိုက်မိသည်။အဆောင်ဆွဲရန် အဝါရောင်စာရွက်နှင့် ဟင်္သာပြဒါးရည်ကိုဘဲအသုံးပြုနိုင်ကြရာ တကယ်ပင်တုန်လှုပ်စရာကောင်းလှသည်။အခုကာလများသည် ရှေးကာလများလောက်မကောင်းတော့ပေ။
လုဟယ်နျန်က ယွင်ရုန်တစ်ယောက်သက်ပြင်းတချချလုပ်နေသည်ကိုကြည့်ကာ ရယ်ချင်လာသည်။သူကသူမခေါင်းကိုလှမ်းထိကာပြောလိုက်သည်။
“ဒီမိန်းကလေးကတော့ ငယ်သေးတာကိုသက်ပြင်းတချချနဲ့ အဲ့လိုနဲ့အသက်ကြီးသွားလိမ့်မယ်နော်”
“ကျွန်မကအစကတည်းက မိန်းမငယ်လေးမဟုတ်တာပါနော်”
ယွင်ရုန်က ဒေါသတကြီးငြင်းဆန်လာ၏။သူမကထုတ်ပြောချင်သော်လည်း သူလန့်သွားမှာကိုစိုးရိမ်နေမိသည်။သူမကအသက်လေးထောင်ကျော်သွားပြီဖြစ်သည်။
ယွင်ရုန်၏ပုံစံက အရွယ်ရောက်နေပြီဟုပြောနေသည့်ကလေးတစ်ယောက်လိုဖြစ်နေ၏။လုဟယ်နျန်ကခံစားချက်ကောင်းလာကာ မတွေးဘဲလွှတ်ခနဲပြောလိုက်သည်။
“ဟုတ်ပါပြီ မင်းကမိန်းမငယ်လေးမဟုတ်ပါဘူး အရွယ်ရောက်နေပါပြီ ယွမ်ယွမ်ထက်ပိုကြီးတယ်ဟုတ်ပြီလား”
“ရှင်ကျွန်မကိုမယုံဘူးမလား”
မီးပွိုင့်ကနီသွားသဖြင့် ကားရပ်သွားသောအခါ ယွင်ရုန်က လုဟယ်နျန်ဘက်လှည့်ပြီး သူ့လက်မောင်းကိုဆွဲကာမေးလိုက်သည်။
ယွင်ရုန်ကသူ့အနားကပ်လာသောအခါ ရင်းနှီးနေသည့်ရနံ့ဖျော့ဖျော့က သူ့မျက်နှာကိုရိုက်ခတ်လာလေသည်။လုဟယ်နျန်က တောင့်တင်းသွားပြီး ယွင်ရုန်ကိုလှည့်ကြည့်လာကာ သူ့မျက်လုံးများကဆောင်းနှောင်းပိုင်းမှရေကန်တစ်ခုလိုဖြစ်နေကာ အနက်ကိုမမြင်ရပေ။သူကကြက်သေသေသွားကာ ပြန်ဖြေလိုက်သည်။
“ကိုယ်မင်းကိုယုံပါတယ်”
ဘာကြောင့်မှန်းမသိ ယွင်ရုန်၏ဗိုက်ထဲတွင်ရုတ်တရက်ဗြောင်းဆန်လာ၏။၎င်းက သူမအရသာရှိတာကိုစားလိုက်ရသလိုမျိုးပင် နွေးထွေးကာစိတ်ကျေနပ်သည့်ခံစားချက်မျိုးရ၏။သူမကနည်းနည်းရှက်သွားကာ လုဟယ်နျန်၏မျက်လုံးများကို အကြည့်လွှဲလိုက်သည်။
“ဒုတိယအစ်ကိုရဲ့မျက်လုံးတွေက တကယ်ကိုကြည့်ကောင်းတာပဲ”
ယွင်ရုန်ကမျက်နှာသေဖြင့်ပြောလိုက်သည်။
ငယ်ရာမှကြီးလာသည်အထိ လုဟယ်နျန်ကသူ့ကိုဘယ်လိုခန့်ညားသည်ဟုပြောခဲ့သည့် မိန်းကလေးဘယ်လောက်များရှိနိုင်သည်ကို မမှတ်မိတော့သလို အမြဲပင်စက်ဆုပ်ရွံရှာမှုကိုသာခံစားခဲ့ရ၏။သို့သော်မိန်းကလေး၏ကြည်လင်သောမျက်လုံးများက ကန်ရေပေါ်ကိုဖြာကျလာသည်နေမင်းလိုပင်ဖြစ်ကာ တောက်ပသောအလင်းရောင်ဖြင့် သဘောကျနေရုံသာဖြစ်ပြီး အခြားဘာအတွေးမှမရှိပေ။ဘာကြောင့်မှန်းမသိ သူကရုတ်တရက်ဝမ်းသာသွားသည်။
သူက ဆွဲဆောင်နိုင်သည့် ဝိုင်လိုအသံမျိုးဖြင့် ပြောလိုက်သည်။
“မင်းလည်းကြည့်ကောင်းပါတယ်”
ယွင်ရုန်က ရင်ခုန်သံများမြန်လာသည်ကိုခံစားမိကာ အလိုလိုပင်ရင်ဘတ်ကိုအုပ်ပြီး တစ်ဖက်လှည့်သွားသည်။ဟိုးရှေးအချိန်တုန်းက တစ်စုံတစ်ယောက်က သူမအား လူသားများသည်ခံစားချက်များနှင့်နေထိုင်ကြောင်းပြောခဲ့သည်ကိုသတိရသွားသည်။သူတို့က ခန့်ညားသည့်ယောက်ျားနှင့် လှပသည့်မိန်းမပျိုများအားသုံးကာ နတ်ဘုရားများအားဆွဲဆောင်ရသည်ကိုသဘောကျကြ၏။ထိုကဲ့သို့လူမျိုးများမှဝေးဝေးနေရန်အရေးကြီးလေသည်။အကြောင်းမှာ သူတို့ရင်ထဲတွင်လှုပ်ရှားသွားသည်နှင့် အကြင်နာမဲ့စွာစွန့်ပစ်ခံလိုက်ရနိုင်သောကြောင့်ဖြစ်သည်။
ထိုသို့တွေးကာ ယွင်ရုန်ကလုဟယ်နျန်ကိုစိုက်ကြည့်လိုက်သည်။
ဒါရိုက်တာက အဲ့လိုကြံစည်တတ်တဲ့ယောက်ျားဖြစ်နေမယ်လို့မထင်ထားဘူး။ကြည့်ရတာနောက်တစ်ခါကျရင် သူမကစိတ်မယိမ်းယိုင်အောင်လုပ်မှရမယ်၊ သူ့ရဲ့ကြည့်ကောင်းတဲ့အသွင်အပြင်ကြောင့် အမှားတစ်ခုမှလုပ်လိုက်လို့မဖြစ်ဘူး။
လုဟယ်နျန်:。。。。。ဘာလို့သူ့ကိုရုတ်တရက်ကြီး စိုက်ကြည့်လာတာလဲ နားမလည်တော့ဘူး။
~~~~~~
ဝမ်းပေါ်က အထူးရုံးသို့ပြန်ရောက်သောအခါ အရိုးဖြူဝိညာဉ်၏အရိုးများကို သိုလှောင်ခန်းတွင်လော့ခတ်ထားလိုက်သည်။အဆောင်တစ်ခုနှင့်ချိတ်ပိတ်ပြီးနောက် သူက ပြည်ပရှိနိုင်ငံတကာသဘာဝလွန်ရေးရာဖလှယ်ပွဲ၌ပါဝင်နေသည့် ဆရာသခင်ကျန်းကိုဖုန်းခေါ်လိုက်သည်။ဖုန်းခေါ်လိုက်သောအခါ တစ်ဖက်တွင်နေ့လယ်စာစားချိန်နှင့်ကွက်တိဖြစ်နေ၏။
“ဆရာ အရိုးဖြူဝိညာဉ်ရဲ့ဝိညာဉ်က အစိတ်စိတ်ခြေမွခံလိုက်ရပါပြီ ကျွန်တော်အရိုးတွေကိုပြန်ယူလာပြီး အန္တရာယ်ကင်းအောင်ချိတ်ပိတ်ထားလိုက်တယ် ဆရာပြန်ရောက်လာရင်စစ်ဆေးကြည့်လို့ရပါပြီ”
သူ့တပည့်စကားများကိုကြားသောအခါ ဆရာသခင်ကျန်းကအနည်းငယ်အံ့ဩသွားသည်။
“ဝမ်းပေါ် မင်းဒီတလောမှာကျင့်ကြံရေးကိုအရမ်းအာရုံစိုက်လာတာဘဲ အရိုးဖြူဝိညာဉ်ရဲ့ဝိညာဉ်ကိုတောင်ဖျက်စီးနိုင်နေပြီ မင်းရဲ့နှစ်ကုန်အိမ်စာအတွက်ဘာပြသနာမှရှိမှာမဟုတ်ဘူး”
“ဆရာက ကျွန်တော့်အခြေအနေကိုမသိလို့လားဗျာ”
ဝမ်းပေါ်က ရှက်ရှက်နှင့်ရယ်လိုက်သည်။
“ဒီတစ်ကြိမ်အရိုးဖြူဝိညာဉ်ကိုဖမ်းနိုင်တာက တကယ်ကံကောင်းသွားတာပါ ကျွန်တော်လုပ်ရမှာဆိုပေမယ့် ဘာမှမလုပ်ခဲ့ရဘူး”
“ဟိုင်ရှီးရုံးခွဲမှာ ဘယ်သူကများ မကောင်းဆိုးဝါးရဲ့ဝိညာဉ်ကိုလက်ထဲမှာဖျက်စီးနိုင်လို့လဲ”
ဟိုင်ရှီးမှအထူးရုံးသည် လွန်ခဲ့သည့်သုံးနှစ်ကမှတည်ထောင်ခဲ့ခြင်းဖြစ်ကာ ဝန်ထမ်းအများအပြားမရှိပေ။ဆရာသခင်ကျန်းနှင့် ဝမ်းပေါ်ကလွဲလျှင် ကျန်သည့်ဝန်ထမ်းများမှာ အခုမှအလုပ်ဝင်လာသည့် အငယ်လေးများဖြစ်သည်။အခုခေတ်တွင် တာအိုပညာကိုလေ့လာသည့်သူများအလွန်နည်းလာ၏။သူတို့၏မျိုးဆက်များကို မြို့တော်သို့ပို့ကာကြီးပြင်းစေချင်သည့် မင်းမျိုးမင်းနွယ်မိသားစုတစ်ချို့လည်းရှိသည်။
လူတစ်ယောက်ကိုကြီးထွားစေချင်ရင် မြို့တော်ကိုပို့ပြီးဘာလုပ်မှာလဲ။တကယ်ဆိုလေ့ကျင့်ဖို့ကျေးလက်ဒေသတွေကိုပို့ရမှာ။
ဆရာသခင်ကျန်းက ထိုအကြောင်းပါလာသောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။
“တစ်ယောက်စီက သရဲမြင်လိုက်ရရင် ကြောက်လန့်ပြီးအရိုးတွေပျော့နေကြပြီ မကောင်းဆိုးဝါးအိမ်ကိုအချက်အလက်ကောက်ခံဖို့သွားတာတောင် ခေါင်းအစခြေအဆုံးတုန်နေရော ငါတို့ရဲ့အထူးရုံးကိုမျက်နှာပျက်အောင်လုပ်နေတာ”
“သူတို့ကငယ်သေးလို့ပါ နှစ်နည်းနည်းလောက်လေ့ကျင့်ပေးလိုက်ရင်အဆင်ပြေသွားမှာပါ ကံကောင်းစွာနဲ့ကျွန်တော်တို့ရဲ့ဟိုင်ရှီးက ဘေးကင်းလုံခြုံနေသေးတယ်”
ဝမ်းပေါ်က ကောင်းမွန်သည့်အကျင့်စရိုက်ရှိကာ ရယ်မောရင်းသူ့ဆရာကိုနှစ်သိမ့်လိုက်သည်။
“ဒါပေမယ့် တစ်ခုခုဖြစ်လာခဲ့ရင် အသုံးဝင်တဲ့သူတစ်ယောက်မှမရှိဘူး”
ဆရာသခင်ကျန်းကသက်ပြင်းချလိုက်သည်။
“ဟယ်နျန်ကတောင်သူတို့ထက်သာသေးတယ် သူကမှသာမာန်မိစ္ဆာတွေကိုခြောက်လှန့်နိုင်သေးတယ်”
လုဟယ်နျန်က မကောင်းသောစွမ်းအင်ကိုသယ်ဆောင်ထား၏။သာမာန်မိစ္ဆာများကသူ့ကိုကြောက်ရွံ့ကာ အားကောင်းသည့်မိစ္ဆာများကမူ သူ့ကိုဝါးမြိုချင်ကြသည်။
“အဲ့လိုဆိုမှ ဒီတစ်ခေါက်မှာအရိုးဖြူဝိညာဉ်ကို အေးအေးဆေးဆေးဖမ်းနိုင်ခဲ့တာကလည်း ဟယ်နျန်နဲ့နည်းနည်းဆိုင်တယ်”
ဝမ်းပေါ်ကပြောပြလာသည်။
“ဆရာ အရင်တစ်ခေါက်တုန်းက ဟယ်နျန်တို့အိမ်မှာ ယွင်ရုန်ဆိုတဲ့သူအကြောင်းပြောခဲ့တာမှတ်မိသေးလား ဒီအရိုးဖြူဝိညာဉ်ကိုဖြေရှင်းလိုက်တာက သူပဲ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ အရိုးဖြူဝိညာဉ်ကသေနေပြီ သူမကပတ်ဝန်းကျင်ကိုသန့်စင်အောင်လုပ်ပေးဖို့ပါ တာဝန်ယူလိုက်ပြီး သန့်စင်ရေးအဆောင်မသုံးဘဲ လက်တစ်ချက်ဘဲဝှေ့လိုက်တာ သူကဘယ်အုပ်စုမှာမှမပါဘူးလို့ကျွန်တော်ထင်တယ်”
ဆရာသခင်ကျန်းက အံ့ဩသွားကာရယ်လိုက်သည်။
“အဲ့လိုဝိညာဉ်စွမ်းအင်အားကောင်းတဲ့ကျောက်တုံးနဲ့ တောင်ဂျင်ဆင်းရိုင်းတို့ကိုထုတ်နိုင်တဲ့သူက ဘယ်လိုများသာမာန်လူဖြစ်မှာလဲ နှစ်ရာချီတဲ့မင်းမျိုးမင်းနွယ်မိသားစုတွေတောင်မှ အဲ့ဒါတွေကိုထုတ်ပေးချင်မှာမဟုတ်ဘူး သူမကဘယ်လိုမိစ္ဆာမျိုးလို့မင်းထင်လဲ”
“ကျွန်တော်နားမလည်တာ အဲ့ဒါပဲ”
ဝမ်းပေါ်ကမျက်မှောင်ကြုတ်ကာ ပြောလာ၏။
“ထောင်စုနှစ်တစ်ခုလောက်ကျင့်ကြံလာတဲ့ စီနီယာဝူတောင်မှ မိစ္ဆာအငွေ့အသက်ရှိနေသေးတယ် ဒါပေမယ့်ယွင်ရုန်က မိစ္ဆာအငွေ့အသက်နည်းနည်းလေးတောင်ရှိမနေဘူး သာမာန်လူသားတစ်ယောက်လိုဘဲ”
ဝမ်းပေါ်ပြောသည့် စီနီယာဝူသည် မြို့တော်အထူးရုံးမှ နှစ်တစ်ထောင်လိပ်အိုကြီးဖြစ်သည်။
“အဲ့လိုဆို ထူးဆန်းလိုက်တာ မင်းသေချာဂရုစိုက်ထားကြည့်လိုက် ငါပြန်ရောက်မှ တစ်ချက်ကြည့်ကြည့်လိုက်မယ်”
ရှေးအချိန်များမှ ရှေးဟောင်းစာများတွင် ရေးထားသည့်အရဆိုလျှင် အရွယ်ရောက်သည်အထိ တာအိုလမ်းစဉ်ကိုကျင့်ကြံခဲ့သည့် မင်္ဂလာသားရဲများသည် မိစ္ဆာအငွေ့အသက်မရှိဟုဆို၏။ထိုအခွင့်အရေးများက အလွန်ရှားပါးလှသည်။သို့သော်လွန်ခဲ့သည့်နှစ်သုံးထောင်က ထူးခြားဆန်းကြယ်သည့်စစ်ပွဲထဲတွင် မရေတွက်နိုင်သည့်မိစ္ဆာများအသက်ဆုံးခဲ့ရလေသည်။
လက်ရှိအားကောင်းသောမိစ္ဆာများသည် အနည်းဆုံးအနေဖြင့်ကျင့်ကြံမှုက နှစ်တစ်ထောင်လောက်သာရှိကြသည်။ရှေးအချိန်များကလိုဖြစ်နိုင်သည့် အခွင့်အရေးလုံးဝမရှိပေ။
ဝမ်းပေါ်က လက်ရှိတွင် ယွင်ရုန်၏ကိစ္စကိုဘေးဖယ်ထားလိုက်ကာ အရိုးဖြူဝိညာဉ်၏ထူးဆန်းမှုအကြောင်းတင်ပြလိုက်သည်။အသုံးပြုစရာအရေခွံအများအပြားရှိသော်လည်း ငါးရေခွံကိုသာသုံးထား၏။သူကမသေမျိုးအရှင်အကြောင်းကိုလည်း ပြောပြလိုက်သည်။ဆရာသခင်ကျန်းက ထိုအကြောင်းကိုကြားသောအခါ အလေးအနက်ဖြစ်လာသည်။
“ဝမ်းပေါ် ယောက်ျားလေးနဲ့မိန်းကလေးတွေပျောက်နေတဲ့ကိစ္စက ငါတို့ထင်ထားတာထက်ပိုပြင်းထန်နေမှာကိုစိုးရိမ်မိတယ်”
“အရိုးဖြူဝိညာဉ်မသေခင်က ယွင်ရုန်ကိုအဲ့ဒီမသေမျိုးအရှင်ဆီဆက်သမယ်လို့ပြောသွားတယ်ဆိုတော့ အဲ့ဒီပျောက်သွားတဲ့သူတွေကိုလည်း မသေမျိုးအရှင်ဆီဆက်သလိုက်တာများလား လူတွေအများကြီးစားထားပြီးပြီဆိုတော့ ဒီမသေမျိုးအရှင်ဆိုတဲ့ဟာကိုမင်းတစ်ယောက်တည်းကိုင်တွယ်နိုင်မှာမဟုတ်ဘူး နောက်တစ်ခါအပြင်သွားပြီးအဲ့ဒါတွေဖြေရှင်းရင် မဆင်မခြင်မလုပ်လိုက်နဲ့ အခြားကိစ္စတွေအတွက်ကတော့ ငါပြန်လာတဲ့အထိစောင့်ပြီးမှဆက်ပြောကြတာပေါ့”
ဆရာသခင်ကျန်းက သူ့ကိုအကြံပေးလိုက်သည်။
ဝမ်းပေါ်ကပြန်ဖြေလိုက်သည်။
“ကျွန်တော်နားလည်ပါပြီဆရာ”
~~~~~~~~
မနေ့ညကယွင်ရုန်က လုဟယ်နျန်နှင့်သဘောတူခဲ့ပြီးသဖြင့် နောက်တစ်နေ့တွင်လုအုပ်စု၌အလုပ်စဝင်လေသည်။မနက်ရှစ်နာရီလောက်တွင် လုဟယ်နျန်ကကိုယ်တိုင်ကိုယ်ကျလာကြို၏။ရုံးအောက်ထပ်သို့ရောက်သောအခါ ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်ပြီးမေးလိုက်သည်။
“ရုံးလာတဲ့လမ်းကိုမှတ်မိသွားပြီလား”
“မှတ်မိပါပြီ”
ယွင်ရုန်ကခေါင်းငြိမ့်လိုက်သည်။ဒါရိုက်တာကဒီနေ့လာကြိုပေးသည်မှာ သူမလမ်းမှတ်မိအောင်ကူညီပေးဖို့ဖြစ်သည်။နောက်ဆိုလျှင် သူမဘာသာရုံးသွားရလိမ့်မည်။သူမကလမ်းကြောင်းတစ်ခုလုံးကိုမှတ်မိသွားပြီဖြစ်သည်။
⛰️