Chapter 38
Viewers 3k

⛰️Chapter 38

အရိုးဖြူဝိညာဉ်။



“အဟွတ် အဟွတ်。。。。”


ကျန်းယန်ကကြမ်းပြင်ပေါ်တွင်ထိုင်ကာ သူ့ကိုတစ်ချက်မှအရေးမလုပ်ဘဲစကားပြောနေသည့်လူသုံးယောက်ကိုကြည့်လိုက်သည်။သူကချောင်းဆိုးပြီး သနားစရာကောင်းစွာပြောလာ၏။


“အနည်းဆုံးတော့ ကျွန်တော့်ကိုတစ်ချက်လောက်ကြည့်ပေးကြပါဦးလား ဒီသနားစရာကောင်းတဲ့နစ်နာသူကိုလေ” 


ဝမ်းပေါ်က ထိုစကားကိုကြားသောအခါ ကိုယ်ကိုကိုင်းလိုက်ပြီး ကျန်းယန်ကိုထူပေးဖို့တွေးလိုက်သည်။


“သူ့ကိုမထိနဲ့”


ယွင်ရုန်က သူလုပ်ချင်နေသည်ကိုသတိပြုမိသောအခါ လှမ်းတားပြီးရှင်းပြလိုက်သည်။


“အခုလေးတင် သူကအဲ့ဒီအရိုးဖြူဝိညာဉ်ကို ဆယ်မိနစ်ကျော်ဖက်ထားခဲ့တာ သူ့လက်တွေက အဲ့ဒီအရိုးဖြူဝိဉာဉ်ရဲ့ အသားပုပ်တွေ၊အကြေးခွံတွေနဲ့ထိထားတာ。。。。。。”


ကျန်သည်များကိုဆက်ပြောစရာမလိုတော့ဘဲ ဝမ်းပေါ်က ကျန်းယန်ကိုထူပေးရန်ထုတ်ထားသည့်လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။ထို့နောက်သူက ကျန်းယန်အားလေးစားစွာကြည့်လိုက်သည်။


တကယ်ကို လူတွေကြားထဲမှာမှလေးစားစရာကောင်းတဲ့သူပဲ အရိုးဖြူဝိညာဉ်ကိုရင်ဆိုင်နေရတာတောင် ဖက်ပြီးထိန်းထားနိုင်သေးတယ်၊ ဒီအစ်ကိုကြီးကလည်း အရည်အချင်းရှိတဲ့သူဘဲ။


သူကခေါင်းကုတ်ကာပြောလိုက်သည်။

“ကျန်းယန် ကျွန်တော်တောင်းပန်ပါတယ် အာ。。。。”


ကျန်းယန်က ရိုက်နှက်ချက်တစ်ခုကိုခံစားလိုက်ရကာ သူ့ရင်ထဲ၌ပြင်းပြင်းထန်ထန်နာကျင်သွားသည်။သူက နာကျည်းမှုအပြည့်ဖြင့်ခွန်းတုံ့ပြန်လာ၏။


“ကျွန်တော့်မှာအခြားနည်းလမ်းရောရှိသေးလို့လား ကျွန်တော်သာ နူးညံ့ပြီးချိုမြိန်သလိုဟန်မဆောင်ဘူးဆိုရင် ခင်ဗျားတို့လာကယ်တာကိုစောင့်တဲ့အထိ အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး”


သူက ဒီလိုကိစ္စမျိုးဖြစ်လာဖို့ဘယ်သူ့ကိုမှမထိပါးခဲ့ပေ။သူကအတန်းဖော်ပြန်တွေ့ဆုံပွဲလေးလာတက်ရုံသာဖြစ်ကာ ဒီလိုကိစ္စမျိုးကိုကြုံခဲ့ရ၏။နောက်ပိုင်းတွင် သူ၏အတန်းဖော်များကိုတွေးမိတိုင်း ဒီကိစ္စကြီးကအရိပ်မည်းလိုကပ်ပါနေတော့မှာဖြစ်သည်။


“မင်းသာဆယ်နာရီနောက်ပိုင်းအပြင်မထွက်ရင် ဒါမျိုးကြုံရမှာမဟုတ်ဘူး”


လုဟယ်နျန်ကအေးစက်စွာတုံ့ပြန်လိုက်သည်။

ကျန်းယန်ဖုန်းခေါ်လာတုန်းက သူဘယ်လောက်တောင်စိုးရိမ်ခဲ့ရလဲ။ အခုတွင် ဒီကလေးကို သေတဲ့အထိရိုက်ပစ်ချင်နေမိသည်။


ကျန်းယန်က လုဟယ်နျန်စကားကိုကြားသောအခါ ကြောက်ကြောက်နှင့်လည်ပင်းပုလိုက်သည်။ဆယ်နာရီနောက်ပိုင်းအပြင်မထွက်ရ ဟူသောအကြောင်းပါလာသောအခါ သူကယွင်ရုန်၏သတိပေးချက်ကိုသတိရသွားသည်။ဒီအချိန်တွင် သူက တကယ်ပင်ယုံကြည်သူဖြစ်သွားပြီဖြစ်သည်။အနာဂတ်တွင် ယွင်ရုန်ကိုရွှမ်းမန်ကလူလို့ မယုံတဲ့သူမှန်သမျှ ခံစားသွားရအောင်သူလုပ်ပေးမယ်။


ထိုသို့တွေးပြီးနောက် ကျန်းယန်ကသူ့ဘာသာထရပ်လိုက်သည်။ရုတ်တရက်ပင်သူ့ဗိုက်ကအသံကျယ်ကြီးမြည်လာ၏။သူကရှက်ရှက်ဖြင့်ဗိုက်ကိုအုပ်လိုက်သည်။


“အခုလေးတင် အန်လိုက်တာမလို့ပါ。。。。”


“ဪ”

လုဟယ်နျန်က လှောင်သည့်အရိပ်အယောင်အပြည့်ပါနေသောအသံပြုလိုက်သည်။ဒီသခင်ငယ်လေးက သူများတွေကိုစိတ်ပူအောင်လုပ်ပြီး အန်ပြီးတာတောင်မှ စားသောက်ချင်နေတုန်းဘဲ။


သူကတစ်ဖက်လှည့်ကြည့်လိုက်ကာ ယွင်ရုန်က မြေပဲများကို ပါးဖောင်းမတတ်စားနေပြီး ရှဉ့်သေးသေးလေးလိုဖြစ်နေသည်ကိုမြင်သွားသည်။သူ့မျက်နှာကနူးညံ့သွားပြီး နွေးထွေးစွာမေးလိုက်သည်။


“မင်း‌ဗိုက်ဆာနေပြီလား ကိုယ်တို့တွေတစ်ခုခုသွားစားကြမလား”


ကျန်းယန် :QAQဆက်ဆံမှုကြီးကဘာလို့အဲ့လောက်တောင်ကွာခြားရတာလဲလို့။


“ကောင်းပြီလေ ”

တစ်ခုခုသွားစားမည်ကိုကြားသောအခါ ယွင်ရုန်ကခေါင်းငြိမ့်ပြီးထရပ်လိုက်သည်။


“ကျွန်တော်လည်းဗိုက်ဆာနေတာ တူတူသွားကြတာပေါ့”


ဝမ်းပေါ်က ယွင်ရုန်ကိုကိစ္စအချို့တွင်လမ်းညွှန်ပေးရန် မေးချင်နေခြင်းဖြစ်သည်။သူတို့တစ်ခုခုသွားစားမည်ကြားသောအခါ ချက်ချင်းပင်သူပါလိုက်ချင်သွားသည်။


“ခနလောက်စောင့်ပေးပါလား ကျွန်တော်ဒီအရိုးတွေကိုအရင်သိမ်းလိုက်ဦးမယ် မဟုတ်ရင်နောက်ဧည့်သည်တွေဝင်လာတဲ့အချိန်ကြ လန့်သေကုန်လိမ့်မယ်”


ဝမ်းပေါ်၏စကားကိုကြားသောအခါ ယွင်ရုန်ကခေါင်းငြိမ့်လိုက်သည်။

“ဒါဆိုလည်း ကျွန်မကအရင်ဆုံး ဒီအခန်းကိုသန့်ရှင်းလိုက်မယ်”


“အဲ့လိုဆို‌လည်း ဒုက္ခများစေမိပါပြီ”

ဝမ်းပေါ်ကခေါင်းငြိမ့်လိုက်သည်။သူကယွင်ရုန်သည် သန့်ရှင်းရေးအဆောင်တစ်ခုခုထုတ်လာမည်ဟု ထင်ပြီး သူမကိုကူညီပေးဖို့တွေးနေသည့်အချိန်တွင် သူမ၏လုပ်ဆောင်မှုကြောင့် အံ့ဩသွားရလေသည်။


ယွင်ရုန်က အေးအေးဆေးဆေးပင် လက်ကိုလှုပ်လိုက်ရာ စိမ်းပြာရောင်အလင်းများက သူမလက်၌ပေါ်လာသည်။အလင်းများကပြန့်နှံ့သွားကာတစ်စက္ကန့်တောင်မကြာသေးခင်မှာဘဲ အခန်းထဲမှမကောင်းသောစွမ်းအင်များသည် တစ်စက်မကျန်ပျောက်ကွယ်သွားသည်။ကျန်း‌ယန်ကိုယ်ပေါ်မှ ချွဲကျိကျိအရည်နှင့် ငါးညှီနံ့များတောင်မှ ပျောက်ကွယ်သွားကာ အရာအားလုံးကခြောက်သွေ့သန့်ရှင်းသွားလေသည်။


ဝိဉာဉ်စွမ်းအင်ဖျော့ဖျော့က အခန်းထဲတွင်လွင့်မျောလာပြီး အထဲမှသူများကိုလန်းဆန်းသွားစေ၏။


ဝမ်းပေါ်ကအံ့ဩလွန်းသဖြင့် ကိုင်ထားသည့်မက်မွန်ဓားကိုတောင် ကြမ်းပြင်ပေါ်သို့လွှတ်ချမိသွားသည်။တကယ်တွင်သူလည်းဘဲ သန့်ရှင်းရေးအဆောင်နှင့်မန္တာန်တို့ကိုသုံးကာ သန့်စင်ပေးနိုင်၏။မှော်စွမ်းအင်ကိုသုံးကာသန့်စင်နိုင်သည့် ကျင့်ကြံမှုနက်ရှိုင်းသည့် မိစ္ဆာများလည်းရှိသည်။သူတို့က သန့်ရှင်းအောင်လုပ်ဖို့လက်များကိုသာသုံးလိုက်လို့ရသည်။၎င်းကထိတ်လန့်စရာမကောင်းပေ။


သူကြုံလိုက်ရသည့်အထဲမှ အံ့ဩစရာအကောင်းဆုံးမှာ သန့်ရှင်းသွားပြီးနောက်ကျန်ရစ်နေသည့် ဝိဉာဉ်စွမ်းအင်ဖြစ်သည်။ဒီလိုနည်းလမ်းမျိုးကို သူ့ဆရာ၊ ဆရာသခင်ကျန်းတောင်မှမလုပ်ဆောင်နိုင်လောက်ပေ။


 ဝမ်းပေါ်က ယွင်ရုန်ကိုသေချာအကဲခတ်လိုက်သည်။သူမကအင်အားကြီးတဲ့မိစ္ဆာများလား။ဒါပေမယ့် ဘာလို့မိစ္ဆာအငွေ့အသက်မရှိတာလဲ။သူကအတော်ကြာအောင်တွေးလိုက်သော်လည်း နားမလည်သေးပေ။


သို့သော်ဘေးမှကျန်းယန်ကအော်ပြောလာလေသည်


“မင်း မင်း မင်းကဒီလိုမှော်ပညာမျိုးလုပ်တတ်ရဲ့သားနဲ့ ဘာလို့。。。。”

ဘာလို့စောစောကတည်းကမလုပ်ပေးတာလဲ။သူ့ကို ဒီနံစော်နေတာတွေနဲ့ အကြာကြီးခံစားခိုင်းထားတယ်။


ယွင်ရုန်က ‌မျက်နှာသေဖြင့်ပြန်ဖြေလိုက်သည်။


“အဲ့ဒါက နင့်ကိုသင်ခန်းစာပေးဖို့လေ”

အတိတ်တုန်းကဆိုလျှင် တန့်ချိုးတောင်မှသခင်ငယ်လေးများမလိမ်မာပါက အပြစ်ပေးခံရ၏။သူမက သူ့ကိုသတိပေးခဲ့သော်လည်း အပြင်ထွက်သွားလေသည်။သူမက သူ့ကိုဘယ်လိုများသင်ခန်းစာနည်းနည်းလောက်မပေးချင်ဘဲနေမှာလဲ။


ကျန်းယန်က လက်မခံနိုင်သဖြင့် ခေါင်းမော့ကာပြန်ငြင်းရန်လုပ်လိုက်သည်။သို့သော် သူခေါင်းမော့လိုက်သောအခါ ယွင်ရုန်ဘေးမှ ဒုတိယဦးလေးက သူ့ကိုအေးစက်စွာကြည့်နေသည်ကိုမြင်လိုက်ရလေသည်။ချက်ချင်းပင် သူကသတ္တိကြောင်သွားပြီး လေလျော့သွားသည့်ဘောလုံးလိုဖြစ်သွားသည်။


တစ်ဖက်တွင် ဝမ်းပေါ်က အရိုးဖြူဝိညာဉ်၏အရိုးအားလုံးကို အထူးအိတ်ထဲထည့်သိမ်းလိုက်ပြီဖြစ်သည်။သူကအိတ်ကိုချိတ်ပိတ်ရန်အဆောင်တစ်ခုကပ်လိုက်ပြီး သုတေသနအတွက်ပြန်ယူသွားရန်လုပ်လိုက်သည်။


အကုန်လုံးပြီးစီးသွားသောအခါ သူကထရပ်ပြီးမေးလိုက်သည်။

“ဒီနားတစ်ဝိုက်မှာ အသားကင်ဆိုင်ကောင်းကောင်းလေးရှိတယ် အထူးသဖြင့်သူတို့ရဲ့ငါးကင်က အရမ်းအရသာရှိတယ်တဲ့ တစ်ခါစားလိုက်ရုံနဲ့ ရပ်နိုင်တော့မှာမဟုတ်ဘူး ကျွန်တော်တို့အဲ့ဒီမှာသွားစားကြမလား”


“ငါးကင်လား အော့。。。。。”


ကျန်းယန်က ငါးဟူသောစကားလုံးကိုကြားလိုက်ရသောအခါ အန်ချင်သွားသည်။


“အဲ့လောက်တောင် ရွံစရာမကောင်းနေလို့ရမလား”

ယွင်ရုန်က သူ့ကိုစက်ဆုပ်စွာကြည့်လိုက်သည်။သူတို့ကတစ်မိသားစုတည်းကကို ဘာလို့ဘော့စ်နဲ့သူက အဲ့လောက်တောင်ကွာခြားနေတာလဲ။သူမကဝမ်းပေါ်ကိုပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ ကျွန်မကတစ်ခါမှအသားကင်မစားဖူးသေးဘူး”


ဤနှစ်ရက်တွင် သူမကတီဗီကြည့်နေခဲ့ပြီး အကင်ဟူသောစကားလုံး၏အဓိပ္ပါယ်ကိုသိလာခဲ့သည်။လူသားများက ညလယ်တွင်အပြင်ထွက်ပြီး အသားကင်စားရသည်ကိုအကြိုက်ဆုံးဖြစ်သည်။သူမလည်း တစ်ခါလောက်စမ်းကြည့်ချင်နေခဲ့၏။


ကျန်းယန်၏ပြင်းပြင်းထန်ထန်ကန့်ကွက်မှုအား ဘယ်သူမှနားမထောင်ပေးသဖြင့် သူတို့လေးယောက်က မီတာရာအနည်းငယ်လောက်ဝေးသည့်အသားကင်ဆိုင်သို့လျှောက်လာခဲ့ကြသည်။ညသန်းခေါင်ဖြစ်သော်လည်း စားပွဲများချပေးထားသည့် လူသွားလူလာနေရာများ၌ ဆူညံသံများဖြင့် ပွက်လောရိုက်နေလေသည်။သူတို့ကအနားမရောက်သေးသော်လည်း အသားကင်၏ရနံ့ပြင်းပြင်းကိုအခုကတည်းကရနေပြီဖြစ်သည်။



ပုံမှန်အားဖြင့် လုဟယ်နျန်က ဒီလိုဟာမျိုးကို စားလေ့မရှ်ိပေ။ကျန်းယန်က အသားစိမ်းကိုမကြည့်နိုင်ဘဲ မြင်သည်နှင့်အန်ချင်သလိုခံစားနေရ၏။


ယွင်ရုန်ကလည်းတစ်ခါမှမစားဖူးသဖြင့် အော်ဒါမှာမည့်ကြီးလေးသောတာဝန်သည် ဝမ်းပေါ်ပုခုံးပေါ်သို့သာရောက်သွားသည်။ဝမ်းပေါ်ကဆိုင်၏အထူးငါးကင်၊ သိုးသားခပတ်နှင့် အသီးအရွက်တစ်ချို့မှာလိုက်သည်။အကုန်လုံးကအသင့်ပြင်ထားသဖြင့် မြန်ဆန်စွာပင်သူတို့စားပွဲပေါ်သို့ရောက်လာ၏။လူတိုင်းကဗိုက်ဆာနေသဖြင့် ချက်ချင်းစားလိုက်ကြသည်။


ကျန်းယန်က အစားကြီး၏။သူကငါးမှလွဲ၍ကျန်သည့်စားစရာများကို အားရပါးရစားခဲ့လေသည်။


ငါးကင်စားနေချိန်တွင် ဝမ်းပေါ်ကသူ့သိချင်စိတ်ကိုဖြည့်ဆည်းရန်စတင်မေးမြန်းလာ၏။


“စီနီယာ အရိုးဖြူဝိညာဉ်က လူသားဝိညာဉ်တွေနဲ့ယှဉ်ရင် ပိုပြီးလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်လို့ ကိုင်တွယ်ရတာပိုခက်ခဲတယ်လို့ပြောလို့ရတယ် အဲ့ဒါအပြင် အဲ့ဒီမကောင်းဆိုးဝါးရဲ့အရောင်အဝါအရဆို နှ

စ်ရာနဲ့ချီပြီးကျင့်ကြံထားတာဘဲ ဘယ်လိုဖြစ်လို့ရုတ်တရက်ပေါ်လာပြီး လူတွေကိုသတ်ဖြတ်လာတာလဲ”

လူများကိုထိခိုက်စေချင်ပါက အစောကတည်းကထွက်ပေါ်လာမှာဖြစ်သည်။သို့သော် လတ်တလောတွင်ကလေးငယ်များမကြာခနပျောက်ဆုံးနေသည့်ကိစ္စသာအဖြစ်များနေ‌၏။


“အဲ့ဒီအရိုးဖြူဝိညာဉ်က ဘေးပေါက်ကနေတိုးဝင်လာတာ နှစ်ရာချီပြီးမကျင့်ကြံခဲ့ဘူး ငါမြင်သလောက်ဆိုနှစ်နှစ်၊သုံးနှစ်လောက်ဘဲရှိဦးမယ်”

ယွင်ရုန်က ခေါင်းတောင်မမော့လာဘဲ သူမ၏ပါးစပ်ကကြက်တောင်ပံကိုကိုက်နေ၏။


“နှစ်နှစ်၊သုံးနှစ်လောက်ဘဲလား”

ဝမ်းပေါ်က ထိတ်လန့်သွားလေသည်။


နှစ်နှစ်၊သုံးနှစ်နဲ့တင် လွတ်လွတ်လပ်လပ်သွားလာနိုင်နေပြီ။ပြီးတော့ လူကိုလည်းသတ်ဖြတ်နိုင်သေးတယ်။ဒါက သူတို့တွေးနိုင်တာထက်ကို ကျော်နေပြီ။မကောင်းဆိုးဝါးတွေက ကျင့်ကြံဖို့အဲ့လောက်လွယ်ကူနေရင် သိပ်မကြာခင်မှာဘဲ ဟွားကော်တစ်ခုလုံးမှာ နေရာအနှံ့လျှောက်သွားနေတဲ့မကောင်းဆိုးဝါးတွေနဲ့ပြည့်နေတော့မှာဘဲ။


“အသံနည်းနည်းတိုးဦး ငါတို့ကိုလူတွေကြည့်နေပြီ”

ယွင်ရုန်သည် အခြားစားသုံးသူများက သူတို့ကိုကြည့်လာသဖြင့် သတိပေးလိုက်သည်။


ဝမ်းပေါ်ကလှည့်ကြည့်လိုက်သည်။သေချာပေါက်ပင် ဘေးစားပွဲမှသူများက သူ့ကိုထူးဆန်းစွာကြည့်နေကြလေသည်။သူတို့ကအရူးတစ်‌‌ယောက်ကိုမြင်နေရသလိုမျိုး ကြည့်နေကြ၏။


ဟုတ်လည်းဟုတ်ပါတယ်။ဘယ်သူကများ အသားကင်ဆိုင်မှာစားနေတုန်း အရိုးဖြူဝိညာဉ်အကြောင်းပြောမှာလဲ။ပြီးတော့သူ့ပုံစံကလုံးဝဖြောင့်မတ်မှန်ကန်နေပြီး မသိရင်သူက <Journey to the West>ကိုအကြိမ်ပေါင်းများစွာကြည့်ထားသလိုဘဲ။


ဝမ်းပေါ်ကရှက်ရှက်ဖြင့်ပြန်လှည့်လာသည်။သူကယွင်ရုန်နားကပ်ကာပြောလာ၏။

“စီနီယာ အရိုးဖြူဝိညာဉ်က ပုံမှန်ဆိုအရေခွံကိုပုံဖျက်ပြီးမှ အသွင်ပြောင်းလာတာ၊ ခုနကအရိုးတွေကိုသိမ်းတုန်းက ငါးအသားပုပ်တွေနဲ့အကြေးခွံတွေကိုဘဲတွေ့ရတယ် အရမ်းထူးဆန်းတာဘဲ”


“ဘာထူးဆန်းလို့လဲ အဲ့ဒါကခေါင်းအရမ်းရှုပ်ရလွန်းတဲ့အထိ ဘာကောင်းတာမှမရှိဘူး”


ယွင်ရုန်က အခွံပျက်သွားသည့်ပုစွန်ကိုချလိုက်ကာ မပျော်မရွှင်ဖြင့် နှုတ်ခမ်းစေ့လိုက်သည်။တစ်စက္ကန့်ကြာပြီးနောက် ပုစွန်ကိုးကောင်ပါသည့်ပန်းကန်တစ်ခုက သူမရှေ့သို့ရောက်လာလေသည်။


သူမကမော့ကြည့်လိုက်ရာ လုဟယ်နျန်ကသူမကိုနွေးထွေးစွာကြည့်နေသည်ကိုမြင်သွားသည်။သူ၏သွယ်လျလျလက်ချောင်းများက ဆီပေနေကာ တစ်ရှူးဖြင့်သုတ်နေ၏။ယွင်ရုန်က ထိုလှုပ်ရှားမှုကိုဘယ်လိုအမည်တပ်ရမလဲမသိတော့ပေ။ဒီအတိုင်း၎င်းကအလွန်ကြည့်ကောင်းသည်ဟုသာခံစားရ၏။


“ကျေးဇူးပါ”

သူမက လုဟယ်နျန်ကိုပြုံးပြလိုက်သည်။


ထို့နောက်သူမက ဝမ်းပေါ်ဘက်လှည့်ကာဆက်ပြောပြလိုက်သည်။

“လူအရေပြားက တပ်ရတာပိုခက်ခဲတယ် တစ်ဖက်မှာငါးအသားကတော့အရမ်းလွယ်တယ် ပုံဖျက််ဖို့အရိုးပေါ်မှာကပ်လိုက်ရုံပဲပြီးတော့သတိမထားမိတဲ့လူသားတွေကိုလိမ်ဖို့ကသိပ်မခက်ဘူးလေ”


အမြင်မတော်‌သော်လည်း အပြင်ထွက်ကာလူသားများကိုထိခိုက်ချင်နေသေးသည်။ရည်မှန်းချက်ကြီးတဲ့ ရက်စက်တဲ့မိစ္ဆာလို့ဘဲပြောရမလား။


ယွင်ရုန်ကထိုသို့ပြောလာသောအခါ ကျန်းယန်ကလော့ဖေးဖေးဆီမှရေ‌မွှေး‌နံ့ပြင်းပြင်းကိုသတိရသွားသည်။လက်စသတ်တော့အဲ့ဒါက သူ့ကိုယ်ပေါ်ကငါးညှီနံ့ကိုဖုံးချင်လို့ပဲ။ထိုအနံ့ကိုတွေးမိသွားသောအခါ သူကအလိုလိုအန်ချင်လာပြန်သည်။


“စီနီယာကို မဖုံးကွယ်နေတော့ဘူး တကယ်တော့ လွန်ခဲ့တဲ့လဝက်ကတည်းက ဟိုင်ရှီးကကောင်လေးနဲ့ကောင်‌မလေးတွေပျောက်ပျောက်နေတယ် ကျွန်တော်တို့စုံစမ်းမိသလောက်ဆို အဲ့ဒါတွေအားလုံးကအရိုးဖြူဝိညာဉ်နဲ့သက်ဆိုင်နေတယ် သူ့အတွက်လူအရေခွံကိုရဖို့ကခက်ခဲမှာမဟုတ်ဘူး”

ဝမ်းပေါ်ကနားမလည်နိုင်ပေ။ဘယ်လူရေခွံမဆိုကောက်ဝတ်လိုက်လေ၊ ငါးအရေခွံထပ်တော့ပိုကောင်းသေးတယ်မလား။အနည်းဆုံးတော့ငါးညှီနံ့ကြီးနံမနေဘူးပေါ့။


“အဲ့လိုဆိုရင် သူကမသုံးနိုင်တာမဟုတ်ဘဲ မသုံးရဲတာဖြစ်လိမ့်မယ်”


ယွင်ရုန်ကပြန်ဖြေလိုက်သည်။

“ခုနတုန်းက အရိုးဖြူဝိညာဉ်ကငါ့ကိုဖမ်းပြီး မသေမျိုးအရှင်ဆီဆက်သမယ်‌လို့ပြောခဲ့တယ် အဲ့ဒီမသေမျိုးအရှင်က ဒါတွေနောက်ကွယ်ကသူဖြစ်လိမ့်မယ်”


ယွင်ရုန်က နှုတ်ခမ်းမဲ့လိုက်မိသည်။ဒီနေ့ခေတ်မှာဘာမသေမျိုးအရှင်ရှိလို့လဲ။ဘာကလာတဲ့မိစ္ဆာလဲမသိ၊ အရေထူတာကမြို့နံရံလောက်ရှိတယ် ကိုယ့်ကိုကိုယ်မသေမျိုးအရှင်လို့ခေါ်ရဲတယ်ပေါ့။သူမနဲ့မတွေ့စေနဲ့၊ တွေ့လို့ကတော့တစ်ခါတည်းရိုက်သတ်ပစ်မယ်။


ဝမ်းပေါ်က အရိုးဖြူဝိဉာဉ်နောက်တွင် ‌ဘစ်ဘော့စ်ရှိနေမည်ဟုမထင်ထားခဲ့ပေ။အထူးရုံးတွင် သူကအလယ်လတ်အဆင့်ကျင့်ကြံသူဟုယူဆနိုင်သော်လည်း ဒီအရိုးဖြူဝိဉာဉ်သေးသေးလေးနှင့်ရင်ဆိုင်ရာမှာတောင်ခက်ခဲနေ၏။အရိုးဖြူဝိဉာဉ်ထက်ပိုအားကြီးသည့်မိစ္ဆာထွက်လာပါက မြို့တော်မှခေါင်းဆောင်များသာကိုင်တွယ်နိုင်မည်ဟုထင်မိသည်။


ခနလောက်သူကစားစရာတောင်မမြိုချနိုင်တော့ဘဲ ရပ်လိုက်ရာ ယွင်ရုန်တစ်ယောက်တည်းသာဗိုက်အင့်သည်အထိဆက်စားသွားလေသည်။သူတို့စားပြီးသောအခါ ဝမ်းပေါ်က လက်ဦးမှုယူပြီး ဘေရှင်းလိုက်သည်။မည်သို့ပင်ဖြစ်စေ အရိုးဖြူဝိညာဉ်ကိုယွင်ရုန်‌ဖြေရှင်းပေးထားခြင်းဖြစ်လေသည်။


စားသောက်ပြီးနောက် လူတိုင်းကကိုယ့်လမ်းကိုယ်သွားလိုက်သည်။မပြန်ခင်တွင် ကားတံခါးနား၌ ကျန်းယန်က ယွင်ရုန်ကိုကြည့်ပြီးတောင်းဆိုသည့်လေသံဖြင့်ပြောလာ၏။


“ဒေါ်လေးယွင်ရုန် ဒေါ်လေးကကျွန်တော်ရဲ့ဆွေမျိုးပါ ကာကွယ်ဖို့အတွက်၊ဘေးကင်းရေး ဒါမှမဟုတ်အဲ့လိုတစ်ခုခုအတွက် အဆောင်မရှိဘူးလား ကျွန်တော့်ကိုတစ်ခုလောက်ပေးပါလား ပိုက်ဆံပေးမှာပါ ဘယ်လောက်ဘဲဖြစ်ဖြစ် ကျွန်တော်ပေးမယ်”


အခုဆိုလျှင်သူကယွင်ရုန်အပေါ်လုံးဝယုံကြည်လေးစားနေပြီဖြစ်သည်။ဒီနေ့ညတွင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကြောင့် အဆောင်မရှိပါက အိမ်ရောက်လျှင်အိပ်ပျော်နိုင်မှာမဟုတ်ပေ။


“ငါ့မှာအဲ့လိုဟာမျိုးမရှိဘူး”

ယွင်ရုန်က ခေါင်းခါပြလိုက်သည်။

“သူ့မှာရှိလားလို့မေးကြည့်လိုက်ပါလား”


ကံကောင်းထောက်မစွာဖြင့် ဝမ်းပေါ်ကထွက်မသွားသေးပေ။ကျန်းယန်၏စကားကိုကြသောအခါ သူ့အိတ်ထဲမှအဝါရောင်အဆောင်တစ်ရွက်ထုတ်ပြီး ကမ်းပေးလာသည်။

“ဘေးကင်းရေးအဆောင် တစ်ခုကို100,000”


“အရမ်းဈေးကြီးတာဘဲ ခင်ဗျားရဲ့အဆောင်ကရွှေငွေကွပ်ထားလို့လားဗျ”


ကျန်းယန်က သူ့လက်ထဲမှတွန့်ကြေနေသောအဝါရောင်စာရွက်ကိုကြည့်ကာ လက်မခံနိုင်ဖြစ်နေ၏။

ဒါကအဲ့ဒီလူသွားလူလာနေရာရဲ့ လမ်းဘေးမှာရောင်းတဲ့ တစ်ခုကို၁၀ဒေါ်လာတန်စာရွက်တွေနဲ့ သိပ်မကွာသလိုဘဲ။



“မလိုချင်လည်းရတယ်လေ ဒီအဆောင်တစ်ရွက်ဆွဲဖို့ နာရီအနည်းငယ်လောက်အာရုံစိုက်ဖို့လိုတယ်”

ဝမ်းပေါ်ကကျန်းယန်လက်မခံနိုင်ဖြစ်နေသည်ကိုမြင်သောအခါ အဆောင်စာရွက်ကိုပြန်ယူရန်လုပ်လိုက်သည်။


ကျန်းယန်ကချက်ချင်းကာလိုက်သည်။

“ယူမယ် ယူမယ် 100,000ဟုတ်တယ်မလား ကျွန်တော်ခင်‌ဗျားကိုလွှဲပေးမယ်”

ဆရာသခင်ကျန်းရဲ့တပည့်ဆိုတော့ သူ့အရည်အချင်းကနောက်ကောက်မကျလောက်ပါဘူး။


100,000လား။ယွင်ရုန်က ကျန်းယန် ဝမ်းပေါ်အား100,000လွှဲပေးနေသည်ကို ကြောင်အစွာကြည့်လိုက်မိသည်။ရုတ်တရက်ပင် သူမရင်ထဲ၌နာကျင်သွားသည်။ဘေးကင်းအဆောင်ကအလွန်ဈေးကြီးမှန်း အစောကတည်းကသိပါက သူမတွင်မရှိဟုပြောလိုက်မှာမဟုတ်ပေ။မရှိရင်တောင် တစ်ခုထလုပ်လိုက်လို့ရတယ်လေ။



⛰️