⛰️Chapter 37
အရိုးဖြူဝိညာဉ်။
လုဟယ်နျန်က ဖုန်းကျသွားသည်ကိုကြည့်ကာ သူလိပ်စာမပြောရသေးသော်လည်း ယွင်ရုန်ကကျန်းယန်ရှိသည့်နေရာကိုဘယ်လိုသိတာလဲဟုတွေးလိုက်မိသည်။ရွှမ်းမန်ကသူတွေက အဲ့လောက်တောင်အင်အားကြီးတာပဲလား။
သို့သော်အခုကထိုသို့တွေးနေရမည့်အချိန်မဟုတ်သဖြင့် ထိုမေးခွန်းကိုရင်ဘတ်အောက်ခြေသို့တွန်းပို့လိုက်သည်။
ကျန်းချုံမင်ကအလုပ်ဆင်းသွားသော်လည်း ရုံးတွင်ဝမ်ကျင်းရှိနေသေးသည်။ဒါရိုက်တာဘာတစ်ခွန်းမှမပြောဘဲ ရုံးခန်းထဲမှထွက်လာသည်ကိုမြင်သောအခါ သူကအမြန်သွားပြီးမေးလိုက်သည်။
“ဒါရိုက်တာ တစ်ခုခုဖြစ်လို့လားဗျ ကျွန်တော်ဘာများကူလုပ်ပေးရမလဲ”
ကျန်းယန်အား ထိုကဲ့သို့လေသံမျိုးဖြင့်ပြောလာစေသည်မှာ ကျန်းယန်ကကြောက်လန့်နေသောကြောင့်ဖြစ်ပြီး ပြသနာရှာချင်သည့်သူတစ်ယောက်ယောက်နှင့်တွေ့တာမဟုတ်ကြောင်းဖော်ပြနေ၏။ဟိုင်ရှီးတွင်ဘယ်သူကများကျန်းမိသားစုရဲ့သခင်လေးကိုထိရဲမှာလဲ။အဲ့လိုလုပ်လိုက်ရင် ကျန်းမိသားစုရောလုမိသားစုကိုပါဆန့်ကျင်လိုက်တာဘဲလေ။
ပြသနာရှာချင်တဲ့မဟုတ်မှတော့ ဟိုဟာတွေဘဲဖြစ်လိမ့်မယ်။လုဟယ်နျန်က စတိုးဆိုင်တွင် ယွင်ရုန်တစ်ယောက်မြေခွေးဝိဉာဉ်ကိုဆွဲခေါ်သွားသည်ကိုသတိရသွားကာ အတွေးတစ်ခုပေါ်လာသည်။
“မလိုဘူး အလုပ်တန်းဆင်းလိုက်လို့ရပြီ”
ထိုသို့ပြောပြီးနောက် သူကကားထဲဝင်ကာမောင်းထွက်သွားသည်။
တစ်ဖက်တွင် ယွင်ရုန်ကဖုန်းချပြီးသည်နှင့် သူမကိုယ်သူမကတစ်လက်မအရွယ်လောက်ချုံ့လိုက်ကာ ကျားယွဲ့KTVရှေ့သို့ရောက်လာခဲ့သည်။အထဲသို့ဝင်ဝင်ချင်းမှာပင် ငါးညှီနံ့ပြင်းပြင်းရလာသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
အဲ့ဒါကြောင့်သူမက ပင်လယ်မျိုးနွယ်တွေကိုမုန်းတာ။သူတို့ရဲ့ကိုယ်က ချောကျိနေရုံတင်မကဘူး အရမ်းလည်းနံသေးတယ်။အခြားသူတွေအပေါ်ဘယ်လိုသက်ရောက်နေမလဲ နည်းနည်းလေးတောင်မတွေးဘူး။
သူမက မိစ္ဆာနံ့များထွက်နေသည့်ဘက်သို့လျှောက်သွားကာ ကျန်းယန်ရှိနေသောသီးသန့်ခန်းကိုရှာတွေ့သွားသည်။သူမကစိုရွှဲနေသောတံခါးလက်ကိုင်ကို စက်ဆုပ်စွာကြည့်လိုက်သည်။တံခါးလက်ကိုင်တွင် ငါး၏အချွဲအကျိများကပ်တွယ်နေ၏။သူမကမထိချင်သဖြင့် ခြေထောက်ဖြင့်သာတံခါးကိုကန်လိုက်သည်။
သီးသန့်ခန်းတံခါးက ဘန်းခနဲပွင့်သွားသည်။ယွင်ရုန်က အခန်းထဲသို့ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင်ထိုင်နေသည့်ကျန်းယန်ကိုတွေ့လိုက်ရသည်။သူက လူသားဟုခေါ်နိုင်ရုံလောက်သာရှိသည့်တစ်စုံတစ်ခုကိုဖက်ထားလေသည်။ထိုအရာ၏ကိုယ်က အသားပုပ်များဖြင့်ပြည့်နေပြီး နေရာအနှံ့အပြားတွင်ငါးကြေးခွံများရှိနေသည်။
ကျန်းယန်က ကိုယ်ပေါ်တွင်ပြတ်ရာများ၊ဒဏ်ရာများပေါ်လာသည့်လော့ဖေးဖေးအား တောင့်တင်းစွာကိုင်ထားသည်။ဒဏ်ရာများမှထွက်လာသောသွေးများသည် မခံစားနိုင်လောက်အောင်ငါးညှီစော်နံနေ၏။သူ့ဝမ်းဗိုက်နှင့်ကပ်နေသည်အပိုင်းတွင် လော့ဖေးဖေး၏ခန္ဓာကိုယ်က အေးစက်ကြမ်းထော်နေပြီး သွေးအေးသတ္တဝါလိုမျိုးဖြစ်နေသည်။
ဒီလိုမကောင်းဆိုးဝါးမျိုးကို ငါးမိနစ်လောက်စကားချိုချိုပြောလိုက်ရရာ သူကဆက်မထိန်းထားနိုင်လုနီးပါးဖြစ်လာသည်။သူကခေါင်းမငုံ့ရဲပေ။ငုံ့လိုက်ပါက သူမမျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရမှာအားစိုးရိမ်နေ၏။သူ့တစ်သက်လုံးလေ့လာခဲ့သမျှသရုပ်ဆောင်စွမ်းရည်များကိုသုံးကာ ခံစားချက်နက်ရှိုင်းစွာဖြင့်ပြောလိုက်သည်။
“ဖေးဖေး ကိုယ်မင်းကိုပထမဆုံးအကြိမ်တွေ့လိုက်ရတုန်းက ဘယ်လိုခံစားခဲ့ရလဲသိလား ကိုယ်ချက်ချင်းပဲတွေး。。。。ချက်ချင်းပဲတွေးမိသွားတယ် လောကကြီးမှာဒီလိုချစ်စရာကောင်းတဲ့သူကဘယ်လိုများရှိနိုင်တာလဲလို့ မင်း。。。မင်းယွီရှန်းကိုဖတ်ဖူးလား မင်းကအဲ့ဒီလိုင်းလက်မိန်းကလေးလိုဘဲ。。。。”
(TN:ယွီရှန်းကကဗျာတစ်ပုဒ်ပါ ရှေ့မှာယွင်ရုန်ဖတ်ရခက်နေခဲ့တဲ့ကဗျာ)
သူပြောသမျှစကားလုံးတိုင်းကြောင့် သူ၏အသိစိတ်ကသူ့ကိုယ်သူပြစ်တင်ရှုံ့ချနေမိသည်။အကယ်၍သူသာဒီတစ်ခေါက်အသက်ရှင်နိုင်ခဲ့ပါက ယွီရှန်းကဗျာဆရာ၏ဘိုးဘေးစဉ်ဆက်ကိုငွေစက္ကူရှိူ့ပေးမှာဖြစ်သည်။ကဗျာကိုစော်ကားမိနေသည့်အတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိသည်။သို့သော်အခုချိန်တွင်သူကအခြားဘာကိုမှလည်းမမှတ်မိတော့ပေ။
ကျန်းယန်ကဘာဆက်ပြောရမလဲမသိတော့သည့်အချိန်တွင် ကျယ်လောင်သည့်တံခါးသံက တိတ်ဆိတ်နေသောလေထုကိုဖျက်စီးလိုက်သည်။သူကအသံရှိရာသို့ ပျော်ရွှင်တကြီးလှည့်ကြည့်လိုက်သောအခါ ယွင်ရုန်၏စကားသံကိုကြားလိုက်ရသည်။
“ဆိုတော့ နင်ကဒီလိုမိန်းကလေးမျိုးကိုကြိုက်တာလား。。。。”
အဲ့ဒီညွှန်းဆိုချက်ကြီးက တကယ်ကိုပြင်းထန်လွန်းပါတယ်။
ကျန်းယန်:မဟုတ်ဘူး ငါမဟုတ်ဘူး ပေါက်ကရတွေမပြောနဲ့။
“ယွင်ရုန် ဆရာသခင်ယွင်ရုန် မြန်မြန်လေးငါ့ကိုလာကယ်ပါဦး”
ကျန်းယန်က လော့ဖေးဖေးကိုသူ့ကိုယ်ပေါ်မှတွန်းထုတ်ကာ ထရပ်ဖို့လုပ်လိုက်သည်။ထိုအချိန်မှသာ သူကယွင်ရုန်တစ်ယောက်တည်းဖြစ်နေသည်ကို သဘောပေါက်သွားသည်။
“ဒုတိယဦးလေးရောဘယ်မှာလဲ”
“လာနေတုန်း”
ယွင်ရုန်က သူ့ကိုရွံရှာစွာကြည့်လိုက်ပြီး နောက်သို့နှစ်လှမ်းဆုတ်လိုက်မိသည်။
ဒါကအရမ်းကိုမနှစ်မြို့စရာကောင်းတယ်။
လော့ဖေးဖေးက ကျန်းယန်ဆီမှအတွန်းခံလိုက်ရသောအခါချက်ချင်းကပင် သူမမျက်နှာပေါ်မှခံစားချက်များက အရိပ်လေးတောင်မကျန်ဘဲပျောက်ကွယ်သွားသည်။သူမမျက်နှာပေါ်တွင် မီးခိုးရောင်ငါးကြေးခွံကြီးများပေါ်လာပြီး သိပ်မဝေးသောနေရာမှ ယွင်ရုန်ကိုမုန်းတီးစွာကြည့်လာသည်။
“သူကနင့်ချစ်သူလား ကျန်းယန် ငါနင့်ကိုလုံလုံလောက်လောက်မချစ်ခဲ့လို့လား နင်ငါ့ကိုလှည့်စားရဲတယ်ပေါ့”
အစတွင် ကျန်းယန်ကယွင်ရုန်ဆီတွားသွားဖို့လုပ်နေခြင်းဖြစ်သည်။လော့ဖေးဖေး၏အသံကိုကြားသဖြင့် သူကအလိုလိုလှည့်ကြည့်လိုက်မိရာ သူမမျက်နှာတစ်ခုလုံးကငါးကြေးခွံများဖြင့်ပြည့်နေသည်ကိုမြင်လိုက်ရသည်။အဝေးမှကြည့်လိုက်လျှင် သူမတစ်ကိုယ်လုံးကငါးသေကြီးလိုဖြစ်နေ၏။
“အော့。。。”
ခုနတုန်းက သူကကြောက်လွန်းသဖြင့် လော့ဖေးဖေးကိုမကြည့်ရဲခဲ့ပေ။အခုသူမကိုမြင်လိုက်ရသောအခါ သူကထိုအရာကြီးအားသူ့လက်ထဲတွင်ဖက်ပြီး ငါးမိနစ်လောက်စကားချိုချိုများပြောနေခဲ့သည်ကိုတွေးမိသွားရာ ရွံသွားပြီးအန်ချင်လာသည်။
အစတွင်လော့ဖေးဖေးကမုန်းတီးနေသည့်ပုံစံသာဖြစ်သည်။ကျန်းယန်ကအော့အန်သည့်အသံလုပ်လာရာ သူမကတွေးခေါ်နိုင်စွမ်းအကုန်ပျောက်ဆုံးသွားလေသည်။ရုတ်တရက်ပင် သူမကကျန်းယန်ကိုမျက်နှာချင်းဆိုင်ပြီး သူ့ဆီဦးတည်လာကာ ဟိန်းဟောက်လိုက်သည်။
“နင်ကငါ့ကိုရွံနေတာလား ငါဒီလိုဖြစ်သွားရတာတွေအားလုံးကနင့်ကြောင့်ပဲလေ”
“မင်းကဘာလို့အဲ့လိုပြောတာလဲ ငါလုပ်တာဆိုလို့ မင်းပေးတဲ့ရည်းစားစာတွေကိုငြင်းလိုက်ရုံဘဲရှိတာ ငါမင်းကိုဘာမှမလုပ်ခဲ့ဘူး”
ကျန်းယန်ကကြောက်လာကာ ထွက်ပြေးဖို့ထိပ်ထိပ်ပျာပျာကြိုးစားလာလေသည်။သူကကြောက်နေသလိုအထင်မှားခံနေရသည်ဟုလည်းခံစားနေရသည်။ရည်းစားစာကိုငြင်းတာက အရမ်းအန္တရာယ်များမယ်လို့မထင်ထားခဲ့ဘူး။
အစတွင်ကျန်းယန်က ယွင်ရုန်သည်လော့ဖေးဖေးကိုဖြေရှင်းပေးဖို့လာသည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။သို့သော်အခုတွင်လော့ဖေးဖေး၏ပုံစံကိုမြင်လိုက်ရပြီး ယွင်ရုန်ကမူခြေလက်သေးသေးလေးများသာရှိ၏။သူမလော့ဖေးဖေးကိုကိုင်တွယ်နိုင်ဖို့ကမဖြစ်နိုင်သဖြင့် သူ့စိတ်ထဲတွင်အေးစက်သွားသည်။
သူ့ရဲ့စကားချိုချိုတွေကတောင် ပိုပြီးအသုံးဝင်ဦးမယ်။
ကြည့်ပါဦး ဒီမိန်းကလေးကကြောက်လွန်းပြီးချောင်ကပ်နေပြီ၊ ဒုတိယဦးလေးကဘာလို့မရောက်သေးတာလဲ။
သူကအံကြိတ်ကာ ဆက်မပြေးတော့ပေ။ထိုအစားသူကထရပ်လာပြီး လော့ဖေးဖေးကိုတားကာ ယွင်ရုန်ကိုလှမ်းအော်လိုက်သည်။
“မြန်မြန်ပြေးတော့ ငါဒါကြီးကိုတားတားပေးမယ်。。。”
“ဘယ်သူမှထွက်ပြေးဖို့မတွေးနဲ့”
လော့ဖေးဖေးသည် ကျန်းယန်က အခုလိုအချိန်တွင်တောင်သူ့ကောင်မလေးအားကာကွယ်ပေးချင်နေသည်ကိုမြင်လိုက်ရသောအခါ သူမ၏မနာလိုစိတ်များကိုထိန်းမထားနိုင်တော့ပေ။သူမကကျယ်လောင်စွာရယ်လိုက်သည်။
“ငါနင့်ကိုအရင်ဖမ်းစားပြီး ဗိုက်ထဲမှာသိမ်းထားမယ် ငါတို့အတူတူအသက်ကြီးသွားကြတာပေါ့ ပြီးရင်နင်ကြိုက်တဲ့အဲ့ဒီကောင်မကိုဖမ်းပြီး မသေမျိုးအရှင်ကိုဆက်သလိုက်မှာ ကျန်းယန် နင်ကငါနဲ့ပဲအတူရှိသွားလို့ရမယ် နင်ကငါ့အပိုင် နင်ကတစ်သက်လုံးငါ့အပိုင်ဖြစ်သွားမှာပဲ”
ထိုသို့ပြောပြီးနောက် သူမကပါးစပ်ကိုဖွင့်ကာ ကျန်းယန်ကိုကိုက်ရန်လုပ်လိုက်သည်။ကျန်းယန်က သူ့မြင်ကွင်းတစ်ခုလုံးမည်းသွားသည်ကိုသာခံစားလိုက်ရကာ မိလ္လာကန်လိုအနံ့မျိုးကသူ့နှာခေါင်းဝဆီဝေ့တက်လာသည်။
ဒီနေ့တော့သူသွားပြီပဲ၊ ဒီနေရာမှာတင်သူကိစ္စချောပြီထင်တယ်။
ယွင်ရုန်က ထောင့်ကပ်နေသည်မှာ ကြောက်သောကြောင့်မဟုတ်ဘဲ အလွန်နံလွန်းသောကြောင့်ဖြစ်သည်။အရိုးဖြူဝိညာဥ်က သူမရှိနေတာတောင်မှ လှုပ်ရှားချင်နေပြီး သူမကိုပါဖမ်းပြီး မသေမျိုးဘာဆိုလားညာဆိုလားဆိုသည့်သူကိုဆက်သမည်ဟုပြောနေသဖြင့် ယွင်ရုန်ကငြိမ်ငြိမ်မနေနိုင်တော့ပေ။သူမက လော့ဖေးဖေးကိုစက်ဆုပ်စွာကြည့်ကာ ခေါင်းခါလိုက်မိသည်။
“လောကကြီးကတကယ်ပြောင်းလဲသွားပြီဘဲ ဘယ်လိုဟာမျိုးမဆိုအပြင်ထွက်ပြီးသောင်းကျန်းရဲနေပြီ လူ့လောကထဲဝင်လာမှတော့ ကိုယ့်ကိုကိုယ်စနစ်တကျထားသင့်တာပေါ့ တစ်ကိုယ်လုံးငါးညှီနံ့တွေနဲ့ ဘယ်သူ့ကိုရွံအောင်လုပ်ချင်နေတာလဲ”
“နင် ”
လော့ဖေးဖေးက ထိုစကားကိုကြားသောအခါ ဒေါသဖြင့်တုန်ရင်လာသည်။သူမမျက်နှာပေါ်မှ ငါးကြေးခွံနှင့်ငါးအသားများက ဖြေးဖြေးချင်းကွာကျလာလေသည်။သူမကကျန်းယန်ကိုလွှတ်လိုက်ကာ ယွင်ရုန်ဆီဦးတည်လိုက်သည်။
“သေပဲသေတော့မယ် အဲ့လိုမျိုးပြောနိုင်သေးတယ်ပေါ့ ဒါဆိုရင်ငါနင့်ကိုအရင်သတ်ပြီး ကျန်းယန်ကိုသူချစ်ရတဲ့မိန်းမဘယ်လိုသေသွားလဲဆိုတာကို ကြည့်ခိုင်းမယ်”
“ငါကသူနဲ့ဘာဆက်ဆံရေးမှမရှိဘူး”
ယွင်ရုန်က ဂရုမစိုက်စွာပြောလိုက်ပြီး လက်မြှောက်ကာလေထဲတွင်စက်ဝိုင်းတစ်ခုဆွဲလိုက်သည်။ရုတ်တရက်ပင် စိမ်းပြာရောင်အရောင်အဝါကလေထဲ၌ပေါ်လာပြီး လော့ဖေးဖေး၏ကိုယ်ကိုဝန်းရံလိုက်လေသည်။
လော့ဖေးဖေး၏လှုပ်ရှားမှုများက ရီမုနှင့်ရပ်ခိုင်းလိုက်သလို ချက်ချင်းရပ်သွားသည်။
“နင်ငါ့ကိုဘာလုပ်လိုက်ဝာာလဲ”
သူမကလန့်ဖျပ်လာပြီး ကိုယ့်ကိုလှုပ်ရှားဖို့ကြိုးစားကာ သူမကိုဝိုင်းထားသည့် စိမ်းပြာရောင်ကြိုးမှရုန်းထွက်ချင်နေ၏။သို့သော်သူမဘယ်လိုဘဲကြိုးစားပါစေ ကြိုးကမပြတ်သွားပေ။တစ်ဖက်တွင်ပိုပိုပြီးတင်းကြပ်လာ၏။
သူမရုန်းလေလေ သူမကိုယ်ပေါ်မှအသားပျော့များက ပိုပြီးပြုတ်ကျလာလေလေဖြစ်ကာ တဖြေးဖြေးနှင့်အဖြူရောင်အရိုးများပေါ်လာ၏။
“အော့。。。”
အခုလေးတင် သတိပြန်ဝင်လာသည့်ကျန်းယန်က ထိုမြင်ကွင်းကိုမြင်သောအခါ ရွံရှာမှုများထပ်ဖြစ်လာပြီး အော့အန်ရန် ခေါင်းလှည့်လိုက်မိသည်။
“နင့်လို မကောင်းဆိုးဝါးမျိုးက ဒီလောကမှာမတည်ရှိသင့်ဘူး အဲ့ဒါအပြင်လူတွေကိုထိခိုက်အောင်လုပ်ချင်နေသေးတယ် အဲ့ဒါကနင့်ရဲ့ပြစ်မှုထဲထပ်ပေါင်းသွားလိမ့်မယ်”
ယွင်ရုန်က သူမကိုပြန်ဖြေလိုက်သည်။
“မိစ္ဆာအုပ်စုတစ်ခုက မှားယွင်းတဲ့ကျင့်ကြံမှုကိုအားကိုးနေတဲ့အတွက် ဒီလောကကြီးကနင့်ကိုအလွှတ်ပေးမှာမဟုတ်ဘူး”
“မဟုတ်ဘူး မသေမျိုးအရှင်ကနင့်ကိုအလွှတ်ပေးမှာမဟုတ်。。。。”
ဒီတစ်ကြိမ်တွင် လော့ဖေးဖေးကတကယ်လန့်နေပြီဖြစ်သည်။
သူမမပြောနိုင်ခင်မှာဘဲ ယွင်ရုန်က လော့ဖေးဖေးကိုယ်ထဲမှ နာကျည်းမှုနှင့်မကောင်းသည့်လေထုကိုဆွဲယူကာ ပြန့်ကျဲသွားစေလိုက်သည်။အသားများတွဲလွဲခိုနေသည့်အရိုးများသည် ထောက်ကန်ထားမှုများဆုံးရှုံးသွားကာ ဆယ်ခုထက်ကျော်သည့်အရိုးများက ကြမ်းပြင်ပေါ်သို့တဖြုတ်ဖြုတ်ပြုတ်ကျသွားသည်။
လုဟယ်နျန်ကလျင်မြန်စွာမောင်းလာ၏။သူKTVရှေ့သို့ရောက်သောအခါ တရုတ်ရိုးရာအင်္ကျီဝတ်ထားကာ မက်မွန်ဓားကိုကိုင်ထားသည့် ယောက်ျားတစ်ယောက်က သူ့ရှေ့မှနေ၍ KTVထဲပြေးဝင်သွားကိုမြင်လိုက်ရသည်။
“ဝမ်းပေါ်လား ခင်ဗျားကဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ”
လုဟယ်နျန်က ကမန်းကတန်းလှမ်းခေါ်လိုက်သည်။ဝမ်းပေါ်က ဆရာသခင်ကျန်း၏အကြီးဆုံးတပည့်ဖြစ်ကာ ရွှမ်းမန်ကလူတစ်ဦးလည်းဖြစ်သည်။
“ဟယ်နျန်လား”
ဝမ်းပေါ်ကလှည့်ကြည့်လာကာ အံ့ဩသွားသည်။ထို့နောက်သူကမျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“မင်းမြန်မြန်ထွက်သွားသင့်တယ် ငါမကောင်းဆိုးဝါးတစ်ကောင်ကိုလိုက်ဖို့ဒီကိုရောက်လာတာ မင်းကိုယ်ထဲမှမကောင်းတဲ့စွမ်းအင်တွေရှိနေတော့ လွယ်လွယ်လေးသက်ရောက်ခံရလိမ့်မယ်”
“မကောင်းဆိုးဝါးလား ဘယ်လိုမကောင်းဆိုးဝါးလဲ”
လုဟယ်နျန်က ချက်ချင်းပင်စိုးရိမ်တကြီးဖြစ်လာသည်။ယွင်ရုန်၏လုပ်ဆောင်ပုံများကို သူသတိထားမိသော်လည်း သူမထိခိုက်သွားမှာကိုစိုးရိမ်မိနေဆဲဖြစ်သည်။
“ဝမ်းပေါ် ကျွန်တော်ခင်ဗျားနဲ့အတူလိုက်ခဲ့မယ် ကျွန်တော့်တူက ကျွန်တော့်ကိုလှမ်းခေါ်လာတာ သူကအဲ့ဒီမကောင်းဆိုးဝါးနဲ့ကြုံလိုက်ရလို့ဖြစ်မယ်”
“အဲ့ဒါက မကောင်းတဲ့စွမ်းအင်အများကြီးနဲ့ပြည့်နှက်နေတဲ့ အရိုးဖြူဝိညာဉ်ပဲ”
ဝမ်းပေါ်၏အမူအရာကပြောင်းလဲသွားကာ ခြေလှမ်းများကိုမြန်လိုက်သည်။ပုံမှန်အားဖြင့်KTV၌လူအများကြီးရှိတတ်ပြီး မကောင်းဆိုးဝါးသာတစ်ယောက်ယောက်ကိုထိခိုက်သွားစေပါက ကြက်လှောင်အိမ်ထဲခိုးဝင်လာသည့် မြွေပါတစ်ကောင်လိုပင် အကုန်လုံးအပြတ်ရှင်းခံရလိမ့်မည်။
သူတို့နှစ်ယောက်က လူကယ်ဖို့အသင့်ပြင်ပြီးတံခါးဖွင့်လိုက်သောအခါ ဆိုဖာပေါ်တွင်ယွင်ရုန်တစ်ယောက်တည်းထိုင်ပြီးမြေပဲစားနေသည်ကိုမြင်လိုက်ရသည်။ကျန်းယန်က ကြမ်းပြင်ပေါ်တွင် ပြင်းပြင်းထန်ထန်အန်နေ၏။သူ့အသားအရေကသေလုမတတ်ဖြူဖျော့နေကာ အချိန်မရွေးမူးလဲသွားနိုင်သည်ဟုထင်ရသည်။
“ဒါရိုက်တာရောက်လာပြီလား အဲ့ဒီကိစ္စကိုဖြေရှင်းပြီးသွားပါပြီ”
လုဟယ်နျန်ကိုမြင်သောအခါ ယွင်ရုန်ကခေါင်းမော့ပြီးပြုံးပြလာသည်။ထို့နောက်သူ့ဘေးတွင်လူတစ်ယောက်ပါလာသည်ကိုမြင်သဖြင့် အလိုလိုမေးလိုက်မိသည်။
“သူကဘယ်သူလဲ”
“မင်းအဆင်ပြေရဲ့လား”
လုဟယ်နျန်က ယွင်ရုန်ဆီလျှောက်လာပြီး သူမကိုအသံတိတ်စစ်ဆေးကာ စိုးရိမ်တကြီးမေးလာသည်။ထို့နောက်သူကဝမ်းပေါ်ကိုမိတ်ဆက်ပေးလိုက်သည်။
“သူကဝမ်းပေါ်လေ သူလည်းရွှမ်းမန်ကသူဘဲ”
“ကျွန်မအဆင်ပြေပါတယ် အဲ့ဒါကအရိုးဖြူဝိညာဉ်လေးပါ”
ယွင်ရုန်က ခေါင်းခါပြလိုက်သည်။လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်ကဆိုလျှင် ဒီလိုမကောင်းဆိုးဝါးများသည် ကျင့်ကြံဆင့်အလွန်နိမ့်သဖြင့် အပြင်တောင်ထွက်မလာရဲပေ။သူတို့ကထွက်လာဖို့မျက်နှာမရှိသဖြင့် သူတို့ကိုရင်ဆိုင်ရသည်မှာပြသနာတစ်ခုမဟုတ်ပေ။
ထို့နောက်သူမကဝမ်းပေါ်ကိုခေါင်းငြိမ့်ပြလိုက်သည်။
“မင်္ဂလာပါ”
ဝမ်းပေါ်က သူမနှုတ်ဆက်လာမှသာတုံ့ပြန်လာနိုင်ပြီး လက်နှစ်ဖက်ကိုဆုပ်ကာ အခန်းထဲမှမကောင်းသောစွမ်းအင်များကိုအာရုံခံကြည့်လိုက်သည်။အံ့ဩစရာကောင်းစွာပင် အခန်းထဲ၌မကောင်းသောစွမ်းအင်နည်းနည်းသာကျန်တော့သည်။ထို့နောက်သူကကြမ်းပြင်ပေါ်မှအရိုးဖြူများကိုမြင်သွားကာ ကြောင်တောင်တောင်ဖြင့်မေးလိုက်သည်။
“ဒါ ဒါက အဲ့ဒီမကောင်းဆိုးဝါးလား”
ဤအရိုးဖြူဝိညာဉ်သည် ဘယ်ကများမဆင်မခြင်ထွက်လာတာလဲမသိပေ။သူထွက်ပေါ်လာသောအခါ မိန်းမပျိုတစ်ချို့ဆက်တိုက်အသက်ဆုံးခဲ့လေသည်။ထို့အပြင်အလောင်းများကိုလည်းရှာမတွေ့ပေ။သူတို့၏အထူးရုံးက အချိန်အတော်ကြာအောင်ရှာပြီးမှသာ ပစ်မှတ်ကိုရှာတွေ့ခဲ့၏။
တကယ်တမ်းတွင် ဤကိစ္စကိုကိုင်တွယ်ရမည့်သူမှာ သူ့ဆရာဖြစ်သည်။သို့သော်သူ့ဆရာက နိုင်ငံတကာသဘာဝလွန်အရေးဖလှယ်ပွဲတွင် ပါဝင်နေခဲ့၏။ထို့ကြောင့်သူလည်းမတတ်နိုင်ဘဲ တစ်ယောက်တည်းလာခဲ့ရခြင်းဖြစ်သည်။သူက သူ့အသက်ကိုပါစတေးရန်ပြင်ဆင်ထားသော်လည်း မထင်ထားစွာဖြင့် သူဘာမှမလုပ်နိုင်သေးခင်မှာပင် မကောင်းဆိုးဝါးက အသေသတ်ခံလိုက်ရပြီဖြစ်သည်။
“ဟုတ်တယ် ရှင်ကအဲ့ဒါကိုအသက်ရှင်လျက်ပြန်ယူသွားချင်တာတော့ မဟုတ်လောက်ပါဘူးနော်”
ယွင်ရုန်က ရွှမ်းမန်မှသူများသည် မကောင်းဆိုးဝါးများအားသုတေသနလုပ်ပြီး ဆေးမှုန့်များလုပ်ရသည်ကိုသဘောကျကြောင်းကြားဖူး၏။ထိုဆေးများကိုသုံးစွဲပြီးသောအခါ စွမ်းဆောင်ရည်များက မြင့်မားစွာတိုးတက်လာသည်ဟုဆို၏။အဲ့ဒါတွေစားပြီးရင် ဗိုက်မကောင်းဖြစ်မှာမစိုးရိမ်ကြဘူးလား။
သူမက ဝမ်းပေါ်ကိုနားမလည်နိုင်စွာကြည့်ကာ အကြံပေးလိုက်သည်။
“ဒီအရိုးဖြူဝိညာဉ်ရဲ့ကျင့်ကြံမှုက လမ်းလွဲနေတဲ့ဂိုဏ်းကပဲ သူတို့ကကောင်းကင်ဥပဒေကိုဆန့်ကျင်နေတယ် အဲ့ဒါကြောင့်ကျွန်မက သူ့ဝိညာဉ်ကိုတစ်ခါတည်း ဆုတ်ဖြဲလိုက်တာ ဒီလိုမကောင်းဆိုးဝါးမျိုးကိုမဖမ်းဘဲပြန်ခေါ်သွားတာမျိုးမလုပ်နဲ့နော် ဟုတ်ပြီလား”
ရုတ်ချည်းဆိုသလိုပင် ဝမ်းပေါ်ကလေးစားနေသောမျက်လုံးများဖြင့် ယွင်ရုန်ကိုကြည့်လာသည်။
ဝိညာဉ်ကိုတိုက်ရိုက်ဆုတ်ဖြဲလိုက်တယ်တဲ့။အဲ့ဒါကအရမ်းကိုအဆင့်မြင့်တဲ့နည်းလမ်းလေ။ဘစ်ရှော့ဘဲ တကယ်ကြီးဘစ်ရှော့ကြီး။
⛰️