⛰️Chapter 36
:မိန်းကလေးများနှင့် ကံကောင်းခြင်း။
“ငါလေယာဉ်ပေါ်မှာဆယ်နာရီလောက်ထိုင်လာရတာကွ အရမ်းပင်ပန်းနေတယ် နောက်တစ်ခါကျမှတွေ့ကြတာပေါ့ အိုကေလား”
ကျန်းယန်က ဘာစိတ်ဝင်စားစရာမှမရှိသဖြင့် စိတ်ရှုပ်နေသည်ကိုချုပ်တည်းလိုက်သည်။
“လေယာဉ်ပေါ်မှာထိုင်လာရတာကို အရမ်းပင်ပန်းနေတာလား မင်းနဲ့တောင်မတူတော့ပါလားကွ ဘာလဲ နိုင်ငံခြားကမိန်းကလေးတွေနဲ့လျှောက်အရူးထပြီးကျောက်ကပ်အားမရှိတော့လို့လား ”
ဟူမင်းဟန်ကအော်ရယ်လိုက်သည်။ထို့နောက်သူကအသံကိုလျှော့ကာ မရေမရာပြောလာ၏။
“ကျန်းယန် မင်းလော့ဖေးဖေးကိုမှတ်မိသေးလား သူလည်းရောက်နေတယ် မတွေ့ရတာသုံးနှစ်ကြာပြီးတဲ့နောက် ဘဲရုပ်ဆိုးလေးကငန်းဖြူမလေးဖြစ်သွားပြီ မင်းသူ့ကိုလာမတွေ့ချင်ဘူးလား အဲ့မိန်းကလေးကအခုထိ မင်းကိုရှာနေတုန်းဘဲကွ”
လော့ဖေးဖေးလား။ကျန်းယန်ကခနလောက်တွေးလိုက်ပြီးမှ ထိုမိန်းကလေးကိုသတိရသွားသည်။အထက်တန်းကျောင်းတုန်းက သူမကသူ့ကိုရည်းစားစာအနည်းငယ်ပေးဖူး၏။နှမြောစရာမှာ သူမကကြမ်းထော်၊တုတ်ခိုင်ပြီးအရပ်ရှည်သဖြင့် သူကဘယ်လိုများသူမကိုကြည့်နိုင်မှာလဲ။
သို့သော် လော့ဖေးဖေးက အရမ်းဇွဲရှိသည်။အထက်တန်းပထမနှစ်မှ သူတက္ကသိုလ်တက်ရန်ပြည်ပမထွက်ခင် တတိယနှစ်အထိ သူ့ကိုဖွင့်ပြောနေဆဲဖြစ်သည်။သူမကသူ့ကိုစောင့်နေမည်ဟုဆို၏။ဤအကြောင်းကြောင့် အထက်တန်းကျောင်းသုံးနှစ်တွင် သူ့ကိုကြိုက်နေသည့် မိန်းမလှများစွာရှိသော်လည်း ကျန်းယန်ကတစ်ယောက်ကိုမှမမှတ်မိဘဲ လော့ဖေးဖေးကိုသာမှတ်မိနေခြင်းဖြစ်သည်။
“သူရောက်နေတာလား အဲ့လိုဆိုငါမလာတာပိုကောင်းမယ် အရမ်းကို့ရိုးကားယားကြီးဖြစ်နေမှာမဟုတ်ဘူးလား”
“ငါပြောပြမယ် အခုဆိုလော့ဖေးဖေးကအရမ်းပြောင်းလဲသွားပြီနော် နာမည်ကြီးတစ်ယောက်လိုပဲ ခန္ဓာကိုယ်ကအရမ်းလှတာကွ မင်းသူနဲ့မတွေ့လိုက်ရရင်နောင်တရနေမှာနော်”
ဟူမင်းဟန်က ချဲ့ကားပြောလာ၏။ခနရပ်ပြီးနောက်သူကဆက်ပြောသည်။
“ပြီးတော့ အဲ့ဒီကိစ္စကနှစ်အများကြီးကြာခဲ့ပါပြီကွာ လူတိုင်းကအတန်းဖော်တွေဘဲလေ မင်းမလာရင် သူ့ကိုရှောင်နေတဲ့ပုံပေါ်သွားလိမ့်မယ် အဲ့လိုဆိုသူဘယ်လောက်တောင်ရှက်သွားမလဲ”
ခနလောက်စကားပြောပြီးနောက် ကျန်းယန်အိပ်ချင်နေသည်များကပျောက်ကွယ်သွားသည်။သူ၏စိတ်ဝင်စားမှုများကထိုးတက်လာကာ မေးလိုက်သည်။
“သူပြောင်းလဲသွားတာက တကယ်ကြီးမားတာလား”
“ညီအကိုရာ ငါကမင်းကိုလိမ်ပါ့မလား”
ဟူမင်းဟန်ကလည်း ခံစားချက်ကိုမြှင့်တင်လိုက်သည်။
“မင်း ပိုင်သောအာကိုမှတ်မိသေးလား ကျောင်းမှာတုန်းကအလှဆုံးမိန်းကလေးလေ အခုလော့ဖေးဖေးက သူ့ထက်တောင်ပိုလှတယ်”
ထိုအချိန်တုန်းက ပိုင်သောအာသည် ကျောင်းတစ်ကျောင်းလုံး၏နတ်ဘုရားမဖြစ်သည်။ပိုင်သောအာနှင့်ယှဉ်ရင်တောင် အခုလော့ဖေးဖေးကပိုလှတယ်တဲ့လား။ဘယ်လောက်များလှလာတာလဲ။ကျန်းယန်ကနှုတ်ခမ်းစေ့ကာမေးလိုက်သည်။
“သူအများကြီးပြောင်းလဲသွားတာ ပြင်ထားတာများလား”
“မင်းမယုံလည်းအဆင်ပြေတယ် ငါ့မိသားစုက ဒီလိုင်းထဲမှာလေ ငါမသိဖို့ဖြစ်နိုင်ပါ့မလား ငါပြောပြမယ် အဲ့ဒါကလုံးဝကိုသဘာဝအလှဘဲ ငါအာမခံတယ်”
ဟူမင်းဟန်က ချက်ချင်းပင် ရင်ဘတ်ပုတ်ကာအာမခံလာသည်။
“အဲ့ဒီစကားကိုဘယ်လိုများပြောနိုင်တာလဲ ဝတုတ်တစ်ယောက်စီတိုင်းမှာလည်း စွမ်းဆောင်ရည်တွေရှိပါတယ်ကွ”
စကားအများကြီးပြောပြီးနောက် ကျန်းယန်လည်းနည်းနည်းစိတ်ဝင်စားလာသည်။သူသဘောတူလိုက်မည့်အချိန်တွင် မသိလိုက်စွာဖြင့် တစ်စုံတစ်ခုကိုတွေးမိသွားပြီး မေးလိုက်သည်။
“အခုကဘယ်အချိန်ရှိပြီလဲ”
“10:30.”
ဟူမင်းဟန်ကပြန်ဖြေလိုက်ပြီးမှ ကျန်းယန်ကိုဟာသလုပ်လိုက်သည်။
“ဘာလို့လဲ မင်းအိမ်မှာအပြင်ထွက်ဖို့ကန့်သတ်ချိန်ရှိလို့လား”
“မင်းအိမ်မှာပဲရှိတာ”
ကျန်းယန်က ပြန်လှောင်လိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ လိပ်စာပို့လိုက် ငါအခုလာခဲ့မယ်”
ကျန်းယန်ကဖုန်းချကာ အဝတ်လဲလိုက်သည်။သူကကားမောင်းသွားကာ စုဝေးရာသို့ဆယ်မိနစ်အတွင်းရောက်သွားသည်။သီးသန့်ခန်းတံခါးကိုဖွင့်လိုက်သောအခါ လူတိုင်းကရောက်နေတာကြာပြီဖြစ်သည်။ဟူမင်းဟန်ကမိုက်ကိုင်ကာ သီချင်းဆိုနေ၏။ကျန်းယန်ရောက်လာသည်ကိုမြင်သောအခါ သူကမိုက်ကိုချလိုက်ပြီး ကျန်းယန်၏ပုခုံးကိုဖက်ကာ အထဲဆွဲခေါ်လိုက်သည်။
“သူငယ်ချင်းတို့ ဘယ်သူရောက်လာလဲကြည့်လိုက်ပါဦး ငါတို့အတန်းရဲ့ဂီတပါရမီရှင်လေး ကျန်းယန်ပါ”
အချင်းချင်းစကားပြောနေသည့်အတန်းဖော်များက စက္ကန့်အနည်းငယ်တိတ်သွားပြီးနောက် လူတိုင်းကရယ်ရယ်မောမောဖြင့်သူ့ကိုနှုတ်ဆက်လာကြသည်။သူတို့ကျန်းယန်နှင့်မတွေ့ဖြစ်သည်မှာ အထက်တန်းပြီးသွားကတည်းကဆိုလျှင် သုံး၊လေးနှစ်ရှိပြီဖြစ်သည်။သူတို့ကအကြိမ်အနည်းငယ်စုဝေးဖူးသော်လည်း ကျန်းယန်ရောက်လာသည်မှာ ဒါကပထမဆုံးဖြစ်သည်။
အချင်းချင်းနှုတ်ဆက်ပြီးနောက် ကျန်းယန်ကဆိုဖာပေါ်တွင်ထိုင်လိုက်သည်။သူက မျက်ခုံးပင့်ကာဟူမင်းဟန်ကိုကြည့်ပြီး ပါးစပ်ကအမူအရာလုပ်ပြလိုက်သည်။
“လော့ဖေးဖေးရော”
ဟူမင်းဟန်က ဆက်ခနဲတုံ့ပြန်လာပြီး ပတ်ပတ်လည်ကိုမေးကြည့်လိုက်သည်။
“လော့ဖေးဖေးရော ရုတ်တရက်ကြီးဘယ်ပျောက်သွားတာလဲ”
“အခုလေးတင် နင်သီချင်းဆိုနေတုန်း သန့်စင်ခန်းသွားတာဘဲ မကြာဘူးပြန်ရောက်လာတော့မှာပါ”
ဘေးမှလူတစ်ယောက်ကပြန်ဖြေပေးလာသည်။
နောက်တစ်ခေါက်က မပြတ်မသားရယ်မောလာသည်။
“ပြောရမယ်ဆိုရင် ဖေးဖေးနဲ့ကျန်းယန်လည်း ဇာတ်လမ်းတစ်ခုရှိတာဘဲကွ၊ အချင်းချင်းတွေ့ပြီးစကားကောင်းကောင်းပြောတဲ့အထိသာစောင့်လိုက် မင်းတို့ရဲ့ကံကြမ္မာကရှေ့ဆက်တိုးကောင်းတိုးလာနိုင်တယ်”
သူပြောပြီးပြီးချင်းပင် သီးသန့်ခန်း၏တံခါးပွင့်လာ၏။အနီရောင်ဝတ်စုံကိုဝတ်ထားကာ ပုခုံးကျော်သည့်ဆံပင်ရှည်များရှိသည့်မိန်းကလေးကအထဲဝင်လာကာ ပတ်ဝန်းကျင်မှအသံများကရပ်တန့်သွားလေသည်။
ဟူမင်းဟန်ကရယ်လိုက်သည်။
“နတ်ဆိုးအကြောင်းပြောရင် နတ်ဆိုးပေါ်လာတယ်ဆိုသလိုဘဲ၊ ဖေးဖေးရေ ဒီမှာဘယ်သူလဲကြည့်ပါဦး”
လော့ဖေးဖေးက ဟူမင်းဟန်ခေါ်သံကိုကြားသောအခါ ခေါင်းမော့လာပြီးလက်ဝါးအရွယ်သာရှိသည့်မျက်နှာလေးပေါ်လာ၏။မီးရောင်မှိန်သည့်အခန်းထဲတွင်ဖြစ်သော်လည်း သူမအသားအရေကတောက်ပနေသည်။ဆိုဖာပေါ်တွင်ထိုင်နေသည့်ကျန်းယန်ကိုမြင်သောအခါ သူမကအံ့ဩသွားသည့်ရယ်သံတစ်ခုပြုလာရာ ပါးချိုင့်နှစ်ဖက်ပေါ်လာသည်။သူမအသံကလည်း ပျော်ရွှင်မှုအရိပ်အယောင်သန်းနေ၏။
“ကျန်းယန် နင်ရောက်လာတာဘဲ”
၎င်းကအသိအသာပင် အလွန်သာမာန်ဆန်သည့်စကားတစ်ခွန်းဖြစ်သော်လည်း ကျန်းယန်က သူ့အာရုံထဲတွင်တစ်ခုခုဝေဝါးလာသလိုခံစားလိုက်ရသည်။သူကရယ်လိုက်ကာ ဆွဲဆောင်မှုရှိသောအသံနိမ့်နိမ့်ဖြင့်ပြန်ဖြေလိုက်သည်။
“အာ ဟုတ်တယ် ဖေးဖေး”
လော့ဖေးဖေးကဖြေးဖြေးချင်းလျှောက်လာသည်။သူမရှည်သွယ်သည့်ခန္ဓာကိုယ်ရှိပြီး အသားကပ်အဝတ်အစား၊စကပ်တိုဖြင့် သူမပုံစံကလှပသိမ်မွေ့နေလေသည်။အလင်းရောင်အောက်တွင် သူမ၏ခြေတံရှည်များက ပထမတန်းစားဟယ်ထျန်းကျောက်စိမ်းများလိုပင်ဖြစ်သည်။ရှိနေသည့်ယောက်ျားအားလုံးက ထိုမြင်ကွင်းကိုမြင်သောအခါ အလိုလိုငေးကြည့်မိလိုက်ကြသည်။
သို့သော်လော့ဖေးဖေး၏အကြည့်ကမူ ကျန်းယန်ပေါ်တွင်သာစွဲနေပြီး ကျန်းယန်ဆီသို့ရောက်သောအခါ သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။ထို့နောက်သူမကသူ့ကိုပြုံးပြကာပြောလာ၏။
“ကျန်းယန် နင်ငါ့ကိုမှတ်မိနေသေးတာ တကယ်ကောင်းတာဘဲ နှစ်တွေအများကြီးရှိသွားပေမယ့် ငါကနင့်ကိုဘဲတွေးနေမိတာ”
ကျန်းယန်ကသူ့ဝမ်းဗိုက်ထဲတွင် ပြည့်အင့်လာသလိုခံစားလာရကာ အသက်ရှူသံများကမူမမှန်ဖြစ်လာသည်။သူက ဘာမှမသောက်ရသေးသော်လည်း မူးဝေပြီးခေါင်းရှုပ်နေလေသည်။သူကမျက်မှောင်ကြုတ်ကာပြန်ဖြေလိုက်သည်။
“ငါကမင်းကိုဘယ်လိုများမေ့နိုင်မှာလဲ ငါတို့ကအတန်းဖော်တွေဘဲလေ”
“အတန်းဖော်ပဲလား”
လော့ဖေးဖေး၏မျက်နှာလှလှလေးက ခက်ထန်သွားသော်လည်း လျင်မြန်စွာပုံမှန်ပြန်ဖြစ်သွားသည်။သူမက စိတ်ထိခိုက်နေသောအမူအရာဖြင့်ပြောလာ၏။
“နင်ကငါ့အပေါ်ခံစားချက်နည်းနည်းလေးတောင်မရှိခဲ့ဘူးလား”
လော့ဖေးဖေး၏နက်နက်ရှိုင်းရှိုင်းနာကျင်သွားသောပုံစံကိုမြင်သောအခါ ကျန်းယန်ရင်ထဲ၌လည်းနာကျင်သွားပြီး လျင်မြန်စွာရှင်းပြလိုက်သည်။
“ဖေးဖေး ငါမင်းကိုဝမ်းမနည်းစေချင်ပါဘူး ဒါပေမယ့်မင်းနဲ့ငါကတကယ်ကိုမဖြစ်နိုင်တာပါ”
“မဖြစ်နိုင်ဘူးလား ဘာလို့မဖြစ်နိုင်တာလဲ အရင်တုန်းကတော့ငါကကြည့်မကောင်းလို့လေ အခုငါကအရမ်းလှနေပြီ ဘာလို့မဖြစ်နိုင်သေးတာလဲ ”
ကျန်းယန်၏အကြည့်လွှဲနေသောပုံစံကိုကြည့်ကာ လော့ဖေးဖေး၏လေသံကအေးစက်လာသည်။
ကျန်းယန်က ခေါင်းအရမ်းမူးလာသည်ကိုခံစားနေရကာ ပတ်ပတ်လည်လေထုကလည်း ကော်လိုပင်ထိုးမဖောက်နိုင်ဖြစ်နေ၏။သူကပြန်ဖြေချင်သော်လည်း ပါးစပ်ဖွင့်လိုက်သောအခါ သူဘာပြောလိုက်မှန်းသတိမထားမိတော့ပေ။
“အဲ့ဒါက နင့်မှာကောင်မလေးရှိနေလို့လား သူကငါ့ထပ်လှတာလား သူကငါချစ်သလိုနင့်ကိုချစ်လား”
လော့ဖေးဖေးက အခြေအနေကိုသဘောမပေါက်ဘဲ စိတ်လှုပ်ရှားစွာမေးလာ၏။သူမကမျက်လုံးပြူးနေကာ မျက်လုံးထဲမှာအဖြူရောင်မျက်သားများကျယ်ပြန့်လာသည်က လူများကိုကြောက်ရွံ့လာစေသည်။သူမမျက်လုံးများက ရုတ်တရက်ပင်ငါးသေမျက်လုံးများကိုတွေးမိသွားစေ၏။
ကျန်းယန်ကို ကြောက်သွားအောင်လုပ်မိမှာကိုစိုးရိမ်တာကြောင့်လားမသိ သူမက သူမ၏လှပသောအသားအရေကိုထိကာ နူးညံ့သိမ်မွေ့သွားသည်။ကျန်းယန်ကိုမှီလိုက်ကာ သူမကလေသံတိုးတိုးဖြင့်မေးလာ၏။
“ငါနဲ့အတူရှိရတာမကောင်းဘူးလား အခုဆိုငါ့ရဲ့ပုံစံကလုံးဝကိုထင်ရှားနေပြီလေ နင်ကပါးချိုင့်တွေကိုအကြိုက်ဆုံးလို့မပြောခဲ့ဖူးလား ငါ့ပါးချိုင့်တွေကမလှဘူးလား”
လော့ဖေးဖေးအနားကပ်လာသည်နှင့် ရေမွှေးနံ့ပြင်းပြင်းက ကျန်းယန်၏နှာခေါင်းဆီဝေ့တက်လာသည်။ရေမွှေးနံ့ထဲတွင် ခပ်ဖျော့ဖျော့ငါးညှီနံ့တစ်ခုရောပါနေသည့်ပုံပင်။လူတစ်ယောက်ရဲ့ကိုယ်မှာ ဘယ်လိုများငါးညှီနံ့ရှိနိုင်မှာလဲ။
ကျန်းယန်က တစ်ကိုယ်လုံးတုန်ရင်လာကာ အဆုံးတွင်တစ်ခုခုမှားနေသည်ကို သတိထားမိသွားသည်။သူကရုတ်တရက် လုအိမ်တွင် ယွင်ရုန်သတိပေးခဲ့သည်ကိုအမှတ်ရသွားသည်။
“ဒီနေ့ည ၁၀နာရီနောက်ပိုင်းဆိုအပြင်မထွက်နဲ့တော့ မဟုတ်ရင် နင့်တစ်ဘဝလုံးနောင်တရနေလိမ့်မယ်”
သူကပျာယာခပ်လာပြီး သူ့ကိုမှီလာသောလော့ဖေးဖေးကိုတွန်းထုတ်လိုက်ကာ ဆိုဖာပေါ်မှဒယိမ်းဒယိုင်ဖြင့်ထလိုက်သည်။အနားတစ်ဝိုက်ကိုကြည့်လိုက်သောအခါ သောက်စားသီချင်းဆိုနေသည့်အတန်းဖော်များအား ဘယ်မှာမှရှာမရတော့သည်ကို သိလိုက်ရသည်။
ခုနက လော့ဖေးဖေးသတိမထားမိ၍ ကျန်းယန်တွန်းထုတ်သည်ကိုခံလိုက်ရ၏။သူမကကြမ်းပြင်ပေါ်သို့ကျသွားကာ ကျန်းယန်ကိုရက်စက်ကြမ်းကြုတ်စွာကြည့်လာ၏။သူမ၏နူးညံ့ချိုမြိန်သည့်အသွင်က ခနတာအတွင်းပျောက်ကွယ်သွားကာ မှုန်မှိုင်းမှုများဖြင့်အစားထိုးလာပြီး အဖြူရောင်သွားစွယ်များဖြင့်နှုတ်ခမ်းကိုကိုက်ကာပြောလာသည်။
“နင်ငါ့ကိုမချစ်ဘူးလား ကိစ္စမရှိပါဘူး နင်ကငါ့လိုပြောင်းသွားသရွေ့ ငါတစ်ယောက်တည်းကိုဘဲချစ်သွားလိမ့်မယ်”
သူမလိုဘာကိုပြောင်းမှာလဲ။မိန်းကလေးဖြစ်အောင်ပြောင်းမှာလား။အဲ့လိုလိင်တူကြိုက်တာကြီးဖြစ်မသွားဘူးလား။ဒါပေမယ့် သူကအဖြောင့်လေ။
ကျန်းယန်ကကြောင်အစွာစိုက်ကြည့်နေပြီး ဦးနှောက်ထဲတွင်ဗြောင်းဆန်လာသည်။သူစိတ်လွတ်နေချိန်တွင် ကြမ်းပြင်ပေါ်၌ထိုင်နေသည့် လော့ဖေးဖေး၏မျက်နှာက မီးခိုးနက်ရောင်အမှတ်တစ်ခုပေါ်လာ၏။သူမ မျက်လုံးကအဖြူများကလည်း လုံးဝပျောက်ကွယ်သွားသည်။
ကျန်းယန်က လော့ဖေးဖေးကိုကြည့်လိုက်ကာ ကြောက်လွန်းသဖြင့်ချက်ချင်းအမူးပြေသွားသည်။ထို့နောက်သူကတံခါးဆီလှည့်ပြေးကာ ဖွင့်ပြီးကော်ရစ်ဒါအတိုင်းထွက်ပြေးသွားသည်။
KTVကို ဘေးနှစ်ဖက်တွင်အခန်းငယ်များရှိကာအလယ်တွင်ကော်ရစ်ဒါရှည်ကြီးပုံဖြင့် တည်ဆောက်ထားသည်။သို့သော်ကျန်းယန်ဆယ်မီတာလောက်ပြေးပြီးသော်လည်း နေရာမှမထွက်သွားနိုင်သေးသည်ကိုမြင်လိုက်ရသည်။ကော်ရစ်ဒါ၏အဆုံးက အဝေးတွင်ရှိနေဆဲဖြစ်ကာ ဝန်ထမ်းတစ်ယောက်မှမမြင်ရပေ။
သူလှည့်ကြည့်လိုက်သောအခါ လော့ဖေးဖေးကအခန်းထဲမှထွက်လာပြီး သူ့နောက်လိုက်လာသည်ကိုမြင်လိုက်ရသည်။သူမ၏လမ်းလျှောက်ပုံက အနည်းငယ်ထူးဆန်းကာ လမ်းလျှောက်နေသည့်အစား ခုန်စွခုန်စွဖြင့်လာနေသလိုမျိုးဖြစ်ကာ သူမအရှိန်ကလုံးဝမမြန်ပေ။သို့သော်လော့ဖေးဖေးက ကျန်းယန်လွတ်သွားမှာကို လုံးဝမကြောက်သလိုမျိုး သူမ၏နှေးကွေးမှုများကိုစိတ်မရှိပေ။
လော့ဖေးဖေးကတဖြေးဖြေးသူနှင့်နီးလာသော်လည်း ကော်ရစ်ဒါကအဆုံးမရောက်နိုင်သေးသည်ကိုမြင်နေရကာ ကျန်းယန်ကဆက်မပြေးနိုင်တော့ပေ။
သူကပြေးနေရင်းတုန်တုန်ယင်ယင်ဖြင့် ဖုန်းထုတ်ကာလုဟယ်နျန်ကိုခေါ်လိုက်သည်။
လုဟယ်နျန်က ရုံးတွင်အချိန်ပိုလုပ်နေဆဲဖြစ်သည်။သူက ဖုန်းပေါ်မှနာမည်ကိုမြင်သောအခါမျက်မှောင်ကြုတ်လိုက်မိသည်။
ဒီကောင်လေးက အလုပ်လာမလုပ်ချင်လို့ဘဲဖြစ်မယ်။
သူကဖုန်းကိုင်ပြီးအေးစက်စွာပြောလိုက်သည်။
“အလုပ်သင်လာမလုပ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့。。。”
“ဒုတိယဦးလေး ယွင်ရုန်ရဲ့ဖုန်းနံပါတ်ရှိလား မြန်မြန်လေးကျွန်တော့်ကိုလာကယ်ပါဦး ကျွန်တော်အခုကျားယွဲ့KTVမှာ。。。。”
ကျန်းယန်ကဆုံးအောင်တောင်မပြောနိုင်ခင်မှာဘဲ ကော်ဇောနှင့်ခြေချော်သွားကာ သူ့ဖုန်းကလွင့်ထွက်ပြီးကွဲသွားလေသည်။
ကျန်းယန်ကဖုန်းမျက်နှာပြင်မဲသွားသည်ကိုကြည့်ကာ ငိုချင်လာသည်။သူလှည့်ကြည့်လိုက်သောအခါ လော့ဖေးဖေးက သူနှင့်ငါးမီတာလောက်သာဝေးတော့သည်။ငါးညှီနံ့ကပိုပိုပြင်းလာ၏။သို့သော်ကျန်းယန်က မပြေးနိုင်တော့ပေ။
ကျန်းယန်၏ဦးနှောက်ကလျင်မြန်စွာလှုပ်ရှားနေသည်။ အခုလေးတင်ဒုတိယဦးလေး၏ရုံးဖုန်းအားခေါ်လိုက်ခြင်းဖြစ်သဖြင့် သူကရုံးတွင်ရှိနေဆဲဖြစ်မည်။ရုံးမှဆိုလျှင် KTVကဆယ်မိနစ်လောက်သာဝေးသည်။သူသာဒီဆယ်မိနစ်ကိုထိန်းထားနိုင်သရွေ့ ဒုတိယဦးလေးနှင့်ယွင်ရုန်က သူ့ကိုလာကယ်ကောင်းကယ်နိုင်လိမ့်မည်။
ထိုသို့တွေးပြီးနောက် ကျန်းယန်ဆက်မပြေးတော့ပေ။
ဘယ်လိုဘဲဖြစ်ဖြစ် သူကပြေးမှမပြေးနိုင်တော့တာ။
သူကကွဲသွားသောဖုန်းကိုကျစ်ကျစ်ဆုပ်ကာ အားစိုက်ပြီး သူ့ဆီလာနေသည့်မိန်းကလေးက သူချစ်နေရသည့်သူဖြစ်သလိုမျိုး နူးညံ့စွာပြုံးပြလိုက်သည်။
“ဖေးဖေး မင်းဒီနေ့ဘာရေမွှေးစွတ်ထားတာလဲ အရမ်းမွှေးတာဘဲ”
ဒီနေ့ကိစ္စပြီးသွားပါက ညဆယ်နာရီမပြောနှင့် ညမှောင်သည်နှင့်သူကအိမ်တန်းပြန်ပြီး ဘယ်တော့မှအပြင်ထပ်ထွက်တော့မှာမဟုတ်ပေ။
~~~~~~
ကျန်းယန်၏ဖုန်းကျသွားသောအခါ လုဟယ်နျန်၏မျက်နှာကလေးနက်လာသည်။သူကရုံးခန်းထဲမှထွက်လာရင်း ယွင်ရုန်ကိုဖုန်းခေါ်လိုက်သည်။အခုလေးတင်သူမကိုဟိုတယ်ပြန်ပို့ရင်းဖြင့် သူတို့ကဖုန်းနံပါတ်လဲလာခဲ့ခြင်းဖြစ်သည်။
ယွင်ရုန်ကတီဗီကြည့်နေ၏။တီဗီကလူသားများ၏အကြီးမားဆုံးတီထွင်မှုတစ်ခုဖြစ်သည်။သူမက တီဗီတွင်ပြသည့်မည်သည့်အစီအစဉ်ကိုမဆိုကြိုက်ပြီး သတင်းအစီအစဉ်များကိုပိုသဘောကျကာ အထူးပင်စိတ်အားတက်ကြွသည့်ခံစားချက်မျိုးရသည်။ဟွားနိုင်ငံမှသူများကအေးချမ်းစွာနေထိုင်နေကြရာ သူမလိုတောင်စောင့်နတ်အတွက်ပျော်ရွှင်ရမည့်အရာဖြစ်သည်။
“ဟယ်လို ဒါရိုက်တာလား ဘာဖြစ်လို့လဲ”
လုဟယ်နျန်ဆီမှဖုန်းဝင်လာသောအခါ သူမကလျင်မြန်စွာကိုင်လိုက်သည်။
“ကျန်းယန်တစ်ခုခုဖြစ်နေတယ် သူ့ကိုကယ်ပေးဖို့ ကိုယ်မင်းကိုဒုက္ခပေးရတော့မှာဘဲ”
စကားပြောလာသည့် လုဟယ်နျန်၏အသံကစိုးရိမ်သည့်အရိပ်အယောင်များပါနေ၏။
“ကိုယ်အခုဘဲ မင်းကိုလာကြိုလိုက်မယ်”
ယွင်ရုန်၏မျက်နှာက ချက်ချင်းလေးနက်လာသည်။
“ကျွန်မသူ့ကိုအစောကြီးကတည်းက သတိပေးသားဘဲ ဒီနေ့ညအပြင်မထွက်ဖို့ ဘာလို့စကားနားမထောင်တာလဲ”
သူမစိတ်ထဲတွင် ကျန်းယန်ကိုရှာဖွေလိုက်ကာ ကျန်းယန်၏အသက်ရှူသံကိုခံစားမိသွားသည်။ထို့နောက်သူမကလျင်မြန်စွာပြောလိုက်သည်။
“ကျွန်မကိုလာကြိုစရာမလိုဘူး ကျန်းယန်ဘယ်မှာလဲကျွန်မသိတယ် အဲ့ဒီကိုပဲတန်းသွားလိုက်မယ်”
⛰️