⛰️Chapter 35
: မိန်းကလေးများနှင့် ကံကောင်းခြင်း။
သူက ရုံးတွင်သတင်းလာပို့ရမည်ကို ကြားလိုက်ရသောအခါ ခုနကတင်ဂေါ်ဖီထုပ်လိုလတ်ဆတ်နေသည့်သူက ချက်ချင်းပင်ညှိုးလျော်သွားလေသည်။သူကတကယ်ပင် ကလူကျီစယ်လိုသည့်ရည်ရွယ်ချက်မရှိပေ။သူကဒီတလောမှ ကျောင်းတွင်ပွင့်ပွင့်လင်းလင်းမိန်းကလေးများအား ဤကဲ့သို့ပြောဆိုနိုင်သည့် နိုင်ငံခြားမှ ပြန်ရောက်လာခြင်းဖြစ်သောကြောင့်ဖြစ်သည်။သူကအမြဲပင်အပြုံးမျက်နှာကိုလည်း ပုံသေတပ်ဆင်ထားလေ့ရှိကာ တကယ်တမ်းတွင် တချို့အချိန်၌ သူ၏အမူအရာများကိုသူကိုယ်တိုင်တောင် သတိပြန်မထားမိပေ။
ပုံမှန်အချိန်တွင်ဆိုပါက ကျန်းယန်ကဒုတိယဦးလေးကိုထူးထူးဆန်းဆန်းပြုမူနေသည်ကို သေချာပေါက်အတင်းပြောမိမှာဖြစ်သည်။သို့သော်အခုတွင်မူ သူကရုံးကိုသွားပြီးခေါင်းမော့လိုက်တိုင်း ဒုတိယဦးလေးကိုမြင်နေရမည်ကိုတွေးမိသွားသောအခါ သက်ပြင်းသာချလိုက်မိသည်။သူကအခြားဘာကိုများတွေးနိုင်ဦးမှာလဲ။
၎င်းကညစာစားချိန်အထိဆက်သွားကာ ကျန်းယန်က လုဟယ်နျန်နှင့်အဝေးဆုံးနေရာတွင်ထိုင်လိုက်သည်။သူက ခေါင်းငုံ့ပြီးသာ ဆက်တိုက်စားနေပြီး ဒုတိယဦးလေးသူ့အပေါ်အာရုံမရောက်လာစေရန်အတွက် စကားသိပ်မပြောရဲပေ။
“ယွင်ရုန် နည်းနည်းထပ်စားပါဦး သမီးဘာကြိုက်တတ်လဲဆိုတာမသိလို့ အိမ်အကူဒေါ်လေးကို ဟင်းပွဲနည်းနည်းဘဲလုပ်ခိုင်းထားတယ်”
စားစရာကိုသာအာရုံစိုက်နေသည့် ကျန်းယန်နှင့်ယှဉ်လျှင် ကျန်းရှုဟွားကအလွန်တက်ကြွနေပြီး ယွင်ရုန်ကိုစားစရာများဆက်တိုက်ထည့်ပေးနေ၏။
လုမိသားစု၏အိမ်အကူများလက်ရာသည် သာမာန်စားသောက်ဆိုင်များထက် သေချာပေါက်ပိုကောင်းသည်ကိုပြောပြနေစရာတောင်မလိုတော့ပေ။ယွင်ရုန်က ပျော်ပျော်ရွှင်ရွှင်စားနေပြီး ကျန်းရှုဟွား၏စကားကိုကြားသောအခါ ပြုံးပြီးပြန်ဖြေလိုက်သည်။
“အကုန်လုံးကအရသာရှိတယ် ကျေးဇူးပါဒေါ်လေး”
ယွင်ရုန်က အသက်သိပ်မကြီးသေးသည့် မိန်းမငယ်အသွင်ကိုယူထားကာ သူမစားနေသည့်ပုံက ကြည့်ရသူများကိုစိတ်ချမ်းသာလာစေ၏။ကျန်းရှုဟွား၏ ယွင်ရုန်အပေါ်မူလပေးမှတ်ငါးမှတ်က အချိန်တိုလေးအတွင်းမှာပင်ရှစ်မှတ်အဖြစ်ပြောင်းသွားလေသည်။သူမက ယွင်ရုန်ကိုကြည့်လေလေ ပိုပြီးချစ်မိလေလေပင်ဖြစ်သည်။
သူမအရွယ်ရလာသည်နှင့်အမျှ လူများကကောင်းကောင်းစားသည်ကိုမြင်ရသည်အားသဘောကျလာခဲ့ကာ အထူးသဖြင့်အစားချေးမများသည့်ဒီမိန်းမငယ်လေးအားကြည့်နေရခြင်းပင်။
ညစာစားပြီးသောအခါ ကျန်းရှုဟွားကယွင်ရုန်ကိုလုံးဝသဘောကျသွားပြီဖြစ်သည်။ထို့အပြင် ပုံမှန်အားဖြင့်တိတ်ဆိတ်ကာအမူအရာမဲ့သည့် လုဟယ်နျန်ကလည်း ယွင်ရုန်အပေါ်ရှားရှားပါးပါးကြင်နာသည့်အပြုံးတစ်ခုပြုံးပြလာခဲ့၏။ထို့နောက်တွင် အိမ်အကူက အချိုပွဲစွပ်ပြုတ်ကိုချပေးလာသည်။လူတိုင်းက ဧည့်ခန်းတွင်ထိုင်ကာ အချိုပွဲစားရင်း စကားပြောနေကြ၏။
ကျန်းယန်က သူ့အိမ်မှဖုန်းခေါ်လာသဖြင့် အရင်ပြန်သွားသည်။
“ယွင်ရုန် နင်ပေးတဲ့ဆေးဖက်ဝင်မြက်ကလေ တကယ်ထူးခြားတာဘဲ ကျဲတစ်ခါဘဲစားရသေးတယ် မနက်လည်းကျရော အသားအရေအရမ်းကောင်းနေပြီး မိန်းမပျိုလေးတစ်ယောက်လိုဘဲ အမှတ်တွေအားလုံးတောင်ပျောက်သွားတယ်”
အချိုပွဲစားနေချိန်တွင် လုဟွားနျန်ကစိတ်လှုပ်ရှားစွာပြောပြလာ၏။ညစာစားနေချိန်တွင်လုမိသားစုက ညစာစားနေချိန်တွင်စကားမပြောဘဲ စားသောက်ရာတွင်အာရုံစိုက်ရန် အရေးကြီးသည့်စည်းကမ်းသတ်မှတ်ထား၏။ထို့ကြောင့်သူတို့ကအခုမှစကားပြောကြခြင်းဖြစ်သည်။
ထို့နောက်သူမကဆက်မေးလာသည်။
“ဒီရလဒ်ကိုဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲဟင်”
အစကတည်းက ဒါကသာသူမမေးချင်နေသောမေးခွန်းဖြစ်သည်။ထိန်းသိမ်းမှုအားလုံးက သတ်မှတ်ရက်တစ်ခုရှိ၏။ထိုရက်ကျော်သွားပါက အသားအရေကနဂိုအခြေအနေကိုပြန်ရောက်သွားမှာဖြစ်သည်။
ယွင်ရုန်က ပါးစပ်ထဲမှကြာစေ့ကိုဝါးရင်း မပီမသပြန်ဖြေလာသည်။
“အဲ့ဒါက အကြာကြီးတော့မထိန်းသိမ်းပေးနိုင်ဘူး”
လုဟွားနျန်က ထိုအဖြေကိုကြားသောအခါ မှားယွင်းသည်ဟုမခံစားရပေ။မည်သို့ပင်ဖြစ်စေ အကောင်းဆုံးသောဆေးထိုးမှုများတောင်မှ ရလဒ်ကိုလေးလလောက်သာထိန်းသိမ်းထားနိုင်ခြင်းဖြစ်သည်။သူမကရှက်ရှက်ဖြင့်ခေါင်းငြိမ့်ကာမေးလာသည်။
“ဒါဆို နင့်ဆီမှာဆေးဖက်ဝင်မြက်တွေထပ်ရှိသေးလား ကျဲကိုရောင်းပေးလို့ရမလား အဲ့လိုဟာမျိုးကစိုက်ရခက်မယ်ဆိုတာကိုသိပါတယ် ကျဲကနင်ကိုမရှူံးစေရဘူး ဈေးတစ်ခုခေါ်လိုက် ဘယ်လောက်ဘဲဖြစ်ဖြစ်အဆင်ပြေတယ်”
သူမကထပ်လိုချင်သေးတာလား။တကယ်တမ်းတွင်ယွင်ရုန်ဆီ၌ ဆေးဖက်ဝင်မြက်မရှားပေ။တန့်ချိုးတောင်ပေါ်၌နေရာတိုင်းတွင်ရှိ၏။များများစားလျှင်တောင်မှ အဆိပ်အတောက်မဖြစ်သဖြင့်အဆင်ပြေသည်။သို့သော်တစ်ခါစားလိုက်ပါက အနည်းဆုံးဆယ်နှစ်လောက်သာ ရုပ်ရည်ကိုထိန်းသိမ်းပေးနိုင်လေသည်။လူသားများ၏သက်တမ်းကဆယ်စုနှစ်အနည်းငယ်လောက်သာဖြစ်ရာ တစ်ခါစားလိုက်ရုံဖြင့်လုံလောက်နေပြီဖြစ်သည်။အသက်လေးဆယ်၊ငါးဆယ်အရွယ်လောက်မှာ 18နှစ်သမီးလေးလိုပုံစံဘဲရှိနေမယ်ဆို ထူးဆန်းမနေဘူးလား။
ယွင်ရုန်က လုဟွားနျန်ကိုလေးနက်စွာကြည့်ကာ အကြံပေးလိုက်သည်။
“ဟွားနျန်ကျဲ ဆေးဖက်ဝင်မြက်တစ်ပင်စားတာက အသားအရေနုပျိုအောင် ဆယ်နှစ်လောက်ဘဲ ထိန်းသိမ်းပေးနိုင်တယ်ဆိုပေမယ့် ဆယ်နှစ်ကြာပြီးသွားရင်လည်း ကျဲရဲ့အသားအရေက သာမာန်လူတွေထက်အရွယ်ကျတာနှေးလာမှာကို ကျွန်မအာမခံပါတယ် လူတွေအသက်ကြီးလာတာက သာမာန်ကိစ္စတစ်ခုဘဲလေ လူတစ်ယောက်ကစုံလုံးကန်းပြီး。。
。。”
“ဘာပြောလိုက်တယ် ဆယ်နှစ်ဟုတ်လား”
ယွင်ရုန်ပြော၍မပြီးသေးခင်မှာဘဲ လုဟွားနျန်ကမယုံနိုင်စွာအော်ပြောလာ၏။
“အခုလေးတင် ရလဒ်ကသိပ်ကြာကြာခံမှာမဟုတ်ဘူးလို့ ပြောလိုက်တာမဟုတ်ဘူးလား”
သူတို့တွေ သူမရဲ့အချိန်သတ်မှတ်ပုံကိုများ နားလည်မှုလွဲနေကြတာလား။
“အာ သိပ်တော့မကြာဘူးလေ。。。。。”
ယွင်ရုန်က ဘာမှမတွေးဘဲပြောလိုက်ပြီးမှ ဆုံးအောင်မပြောရသေးခင်မှာဘဲ နောင်တရသွားသည်။သူမအတွက်ဆယ်နှစ်ဆိုသည်မှာ မျက်စိတမှိတ်အတွင်းဖြစ်သော်လည်း လူသားများအတွက်မူ၎င်းကရှည်လျားသောကာလအဖြစ်မှတ်ယူနိုင်၏။
ယွင်ရုန်၏အမူအရာကပြောင်းလဲသွားကာ အရသာရှိလွန်းသည့်အချိုပွဲကိုအပြစ်တင်လိုက်သည်။
ဒါကိုရူးလာတဲ့အထိစားမိသွားတာဘဲ။
ဆယ်နှစ်ကသိပ်မကြာဘူးတဲ့လား။ဆယ်နှစ်ကအရမ်းကြာတာပေါ့၊ ဘယ်skincareကများ ဆယ်နှစ်ကျော်အောင်ထိန်းသိမ်းပေးနိုင်လို့လဲ။ဒီလိုဆို ဒါကနတ်သမီးပုံပြင်တွေထဲက မှော်ဆေးရည်နဲ့ဘာများကွာသေးလို့လဲ။
လုဟွားနျန်က ယွင်ရုန်ကိုဆန်းပြားစွာကြည့်လာပြီး အဆုံးတွင်ခွီခနဲထရယ်လိုက်သည်။
“ဒီကလေးမလေးကတော့ စကားကိုဆန်းဆန်းကြယ်ကြယ်တွေပြောနေတယ် ရွှမ်းမန်ကသူတွေအားလုံးကဒီလိုဘဲလား ဆယ်နှစ်ကသိပ်မကြာဘူးတဲ့လား နင်ရောဘယ်နှစ်နှစ်တောင်နေပြီးပြီလဲ”
ယွင်ရုန်က ဘာမှပြန်မဖြေလိုက်သော်လည်း သူမရင်ထဲတွင် ‘ငါကနှစ်ထောင်ချီပြီးနေလာတာ များလွန်းလို့ရေတောင်မရေတွက်နိုင်တော့ဘူး’ဟုတွေးလိုက်မိသည်။
ဘေးတွင်တိတ်ဆိတ်စွာထိုင်နေသည့်လုဟယ်နျန်က ယွင်ရုန်တစ်ယောက်ဘာမှမပြောလာသည်ကိုမြင်သောအခါ သူမရှက်သွားသည်ဟုထင်သွားပြီး ပါးစပ်ဖွင့်ကာပြောလိုက်သည်။
“အချိန်လည်းသိပ်မစောတော့ဘူး ကိုယ်မင်းကိုပြန်လိုက်ပို့ပေးမယ် ဟုတ်ပြီလား”
ယွင်ရုန်က သူ့စကားကိုကြားသောအခါ ချက်ချင်းထရပ်လာပြီး အပြင်ထွက်ရန်သူ့နောက်မှလိုက်လာလေသည်။သူမခေါင်းမော့လိုက်သောအခါ လုဟယ်နျန်ကမျက်လုံးထဲတွင်အပြုံးရိပ်များဖြင့် သူမအားဘေးမှကြည့်နေသည်ကိုမြင်သွားသည်။ရုတ်တရက်ပင်ဘော့စ်က သူမခံစားရအဆင်မပြေဖြစ်နေသည်ကိုမြင်သွားသဖြင့် အိမ်ပြန်ပို့ဖို့ပြောလာခြင်းဖြစ်ကြောင်းကိုသဘောပေါက်သွားသည်။
သူမကချက်ချင်းပင် အပြုံးကြီးတစ်ခုကိုပြုံးပြလိုက်သည်။ဘော့စ်က တကယ်ကိုအရမ်းအကင်းပါးပြီး အရမ်းကိုကောင်းတဲ့သူဘဲ။
လုဟယ်နျန်၏ရင်ထဲ၌နူးညံ့လာကာ ယွင်ရုန်၏ခေါင်းကိုပွတ်ပေးချင်သွားသည်။သို့သော်ဘေးတွင်လူများရှိနေသည်ကိုသတိထားမိသဖြင့် သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်သည်။
ကျန်းရှုဟွားနှင့်လုဟွားနျန်တို့က ယွင်ရုန်နှင့်မခွဲချင်သော်လည်း ဆက်နေရန်မတိုက်တွန်းကြပေ။အခုတွင်ကောင်းကင်ကမည်းမှောင်ပြီး အလွန်နောက်ကျနေပြီဖြစ်ကာ မိန်းကလေးတစ်ယောက်အတွက်အပြင်ထွက်ဖို့သိပ်မလုံခြုံတော့ပေ။
ကုယွမ်ယွမ်ကမူမတူတော့ပေ။ဆေးရုံမှပြန်လာကတည်းက သူမကယွင်ရုန်ကျဲကျဲနှင့်အလွန်တွေ့ချင်နေခဲ့ကာ နောက်ဆုံးတော့ဒီနေ့တွင်တွေ့ခွင့်ရသွား၏။
သူမကအလွန်ပျော်နေသော်လည်း ခနလောက်သာကြာပြီးနောက် ယွင်ရုန်ကျဲကျဲကပြန်ရတော့မည်ဖြစ်သည်။ဘယ်လိုများလက်ခံနိုင်မှာလဲ။သူမကဆိုဖာပေါ်မှလျင်မြန်စွာလျှောဆင်းကာ ယွင်ရုန်၏ခြေထောက်ကိုဖက်ပြီးပြောလိုက်သည်။
“ယွင်ရုန်ကျဲကျဲ သမီး ကျဲကျဲကိုမပြန်စေချင်ဘူး”
ကလေးငယ်၏ကိုယ်ပေါ်တွင် နို့နံ့လိုသင်းရနံ့လေးရှိ၏။ယွင်ရုန်က သူမကိုပွေ့ချီလိုက်ကာ ရင်ခွင်ထဲဖက်ထားလိုက်ပြီး နူးညံ့၊နွေးထွေးသည့်ဝါဂွမ်းလုံးလေးကိုသယ်ထားရသလိုခံစားမိကာ အလွန်ခံစားလို့ကောင်းပေသည်။
“မမလည်း ယွမ်ယွမ်နဲ့ခွဲရမှာကိုမုန်းတယ်。。”
ယွင်ရုန်ကိုယ်၌က မိန်းမငယ်လေးတစ်ယောက်ဖြစ်ကာ သူမယွမ်ယွမ်ကိုချီထားသည့်ပုံက ကလေးကြီးတစ်ယောက်က ကလေးသေးသေးလေးကိုချီထားသလိုဖြစ်နေ၏။၎င်းက လုဟွားနျန်ကိုအော်ရယ်မိသွားစေသည်။သူမကရယ်ကာပြောလာသည်။
“ယွမ်ယွမ် မြန်မြန်ဆင်းလာ နောက်တစ်ခါကျ ကျဲကျဲကိုလွမ်းရင် မားသမီးကို ကျဲကျဲနဲ့ကစားဖို့ခေါ်သွားပေးမယ်”
ထို့နောက်သူမကယွင်ရုန်ကိုမေးလိုက်သည်။
“အခုက ဘယ်မှာနေနေတာလဲ”
“ကျွန်မကဟိုင်ကျင်းဟိုတယ်မှာနေတာပါ ဒုတိယအစ်ကိုစီစဉ်ပေးထားတာ”
ယွင်ရုန်က ဟိုင်ကျင်းဟိုတယ်ကိုအလွန်စိတ်ကျေနပ်၏။အခန်းကသက်တောင့်သက်သာရှိရုံသာမက စားစရာများကလည်းအရသာရှိကာ ပိုက်ဆံမပေးရပေ။ထို့ကြောင့်သူမက ကျေးဇူးတင်စွာဖြင့်လုဟယ်နျန်ကိုပြုံးပြလိုက်သည်။
ထို့နောက်သူမက ကုယွမ်ယွမ်၏နဖူးကိုပွတ်ကာပြောလိုက်သည်။
“ယွမ်ယွမ် မမဆီလာပြီးကစားလို့ရတယ်နော်”
“ဟိုင်ကျင်းဟိုတယ်လား”
ဒီတစ်ခေါက်တွင် လုဟွားနျန်သာမက ကျန်းရှုဟွားကပါ လုဟယ်နျန်ကိုထူးဆန်းစွာကြည့်လိုက်မိသည်။မိန်းမငယ်လေးတစ်ယောက်ကို ဘယ်လိုဖြစ်ပြီးဟိုတယ်မှာနေဖို့စီစဉ်ပေးရတာလဲ။ဟိုတယ်က ဘယ်လိုများအိမ်ထက်ပိုပြီးသက်တောင့်သက်သာရှိနိုင်မှာလဲ။ပြီးတော့ ဟိုတယ်ဆိုတာကပုံမှန်အားဖြင့်ဧည့်သည်မျိုးစုံကိုလက်ခံနေရတာလေ။မိန်းကလေးတစ်ယောက်နေဖို့ကမလုံခြုံဘူး။
အရေးကြီးဆုံးမှာ မိန်းမပျိုလေးတစ်ယောက်အား ဟိုတယ်တွင်နေရန်စီစဉ်ပေးသည်မှာ ဘယ်လိုဘဲကြည့်ပါစေ မှားယွင်းနေသလိုဖြစ်မနေဘူးလား။အခြားသူတွေသာသိသွားလို့ကတော့ လုဟယ်နျန်ကအပျော်မယားကိုရွှေအိမ်များမှာဖွက်ထားလား၊ ရည်းစားများဖွက်ထားတာလားဆိုပြီးသိချင်သွားကြမှာဘဲ။၎င်းက မိန်းကလေး၏ဂုဏ်သတင်းအတွက်မကောင်းပေ။
လုဟယ်နျန်က သူ့အမေနှင့်အစ်မဖြစ်သူတို့၏အကြည့်ကိုမြင်သောအခါ ချက်ချင်းပင်သူတို့ကမကောင်းသည်များကိုတွေးနေကြောင်းသဘောပေါက်သွားသည်။သူကအသံတိတ်မနေနိုင်တော့ဘဲ ရှင်းပြလာသည်။
“ကျွန်တော်ရဲ့မကောင်းတဲ့အရှိန်အဝါတွေက သူ့ကိုသက်ရောက်မှာစိုးရိမ်လို့ပါ”
ထိုစကားနှင့်တင် အမျိုးသမီးနှစ်ယောက်က သူဆိုလိုသည်ကိုချက်ချင်းသဘောပေါက်သွားသည်။ကျန်းရှူဟွားကပြောလိုက်သည်။
“ဟိုတယ်မှာနေတာက တစ်ရက်နှစ်ရက်ဆိုအဆင်ပြေပေမယ့် အချိန်အကြာကြီးနေဖို့ကျ သင့်တော်မှာမဟုတ်ဘူး မားနာမည်အောက်မှာတိုက်ခန်းတွေအများကြီးရှိတယ် ယွင်ရုန်နေဖို့အဆင်ပြေအောင်လို့ တစ်ယောက်ယောက်ကိုသွားပြီး နည်းနည်းသန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်”
ယွင်ရုန်က လုမိသားစုအိမ်မှာထွက်လာသောအခါ သူမကအခုလေးတင်ပိုင်ဆိုင်မှုတစ်ခုကိုလက်ခံလိုက်ကြောင်း အသိဝင်လာပြီးရှက်ရွံ့စွာပြောလိုက်သည်။
“ဒါရိုက်တာ တကယ်တော့ ကျွန်မအတွက်ဟိုတယ်မှာနေတာကအတော်လေးကိုကောင်းနေပါပြီ ဒေါ်လေးကနေစရာစီစဉ်ပေးဖို့မလိုပါဘူး”
လူသားများ၏တိုက်ခန်းက ဈေးကြီးသည်ဟုသူမကြားဖူးသည်။တီဗီတွင် ဟိုင်ရှီးမှမြေယာပိုင်ဆိုင်မှုများက 1စတုရန်းမီတာလျှင်50,000လောက်ထိမြင့်တက်သွားပြီဟု ထုတ်လွင့်ခဲ့ဖူးသည်။ဆိုလိုသည်မှာ 100စတုရန်းမီတာရှိသောတိုက်ခန်းသည် ငါးမီလီယမ်နှင့်ညီမျှ၏။၎င်းကပိုက်ဆံပမာဏအများကြီးပင်။သူမကဘယ်လိုများလက်ခံရဲမှာလဲ။
လုဟယ်နျန်ကအံ့ဩသွားသော်လည်း အမူအရာမပျက်ပြန်ဖြေလိုက်သည်။
“ကုမ္ပဏီမှာအချိန်တစ်ခုထိလုပ်ပြီးရင် တိုက်ခန်းတစ်ခုရမှာဘဲ မင်းကအခုချိန်မှာနေစရာမရှိသေးဘူး ဒီတိုက်ခန်းကို မင်းအတွက်ကြိုပေးတယ်ဘဲစဉ်းစားလိုက်ပါ အဲ့ဒါကြောင့်ရင်ထဲဝန်ပိစရာမလိုဘူး”
ဤစကားများကိုသာကျန်းချုံမင်တို့ အတွင်းရေးမှူးတစ်သိုက်ကြားသွားပါက မျက်ရည်ထွက်အောင်အော်ငိုမိကြမှာဖြစ်သည်။ကုမ္ပဏီရဲ့အကျိုးခံစားခွင့်တွေက ဘယ်တုန်းကများဒီလောက်ကောင်းသွားတာလဲ။အလုပ်လုပ်ပြီးရင် တိုက်ခန်းတစ်ခုရမယ်တဲ့လား။သူတို့က ဘာလို့တစ်ခါမှမကြားဖူးတာလဲ။
ယွင်ရုန်က အံ့ဩသွားကာ လုဟယ်နျန်ကိုမျက်လုံးပြူးပြူးဖြင့်ကြည့်လိုက်မိသည်။ခနလောက် သူမကဘာပြောရမှန်းမသိတော့ပေ။
လုဟယ်နျန်က မိန်းကလေး၏အံ့ဩနေသောပုံစံကိုကြည့်လေလေ ချစ်စရာကောင်းလာလေဟုတွေးလိုက်မိသည်။သူကနူးညံ့စွာရယ်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။
“မင်းကိုယ့်ကိုကျေးဇူးတင်ချင်ရင် ကိုယ့်ကိုကံကောင်းမှုတွေထပ်ပေးလေ ဟုတ်ပြီလား”
လုဟယ်နျန်ကစနောက်ရုံသာဖြစ်သော်လည်း ယွင်ရုန်ကအတည်ယူလိုက်သည်။ဒါရိုက်တာက သူမအပေါ်အရမ်းကောင်းတာ၊ သူမဆီမှာအခြားဘာမှမရှိပေမယ့် ကံကောင်းမှုတွေကတော့မပြတ်လပ်ဘူး။သူကကံကောင်းချင်တယ်တဲ့၊အဲ့လောက်တောင်ရိုးရှင်းတာလား။
ယွင်ရုန်က လုဟယ်နျန်၏ကံကိုဂရုတစိုက်ထပ်စစ်ဆေးကြည့်လိုက်သည်။ပြောစရာမလိုစွာပင် လုဟယ်နျန်၏ကံတရားကအလွန်ကောင်းမွန်လေသည်။စွမ်းဆောင်နိုင်စွမ်း၊ ချမ်းသာကြွယ်ဝမှုနှင့်ဩဇာအာဏာရှိ၏။ နိမိတ်မကောင်းသောအရောင်အဝါကြောင့် အိမ်ထောင်ရေးလမ်းကြောင်းကပြတ်တောက်နေရုံလေးသာရှိသည်။
အခြားနေရာများ၌သူမကူညီစရာမလိုပေ။ယွင်ရုန်က မျက်စိကိုမှေးလိုက်ကာ လစ်လပ်နေသောနေရာကိုကူညီဖို့တွေးလိုက်သည်။သူကအိမ်ထောင်ရေးလစ်လပ်နေမှတော့ အဲ့ဒီအပိုင်းမှာသူ့ကိုကူညီရမှာပေါ့။သူမရင်ထဲတွင်တစ်ခုခုကိုရွတ်လိုက်ကာ ရွှေရောင်အလင်းစက်တစ်ခုက သူမကိုယ်ထဲမှထွက်လာပြီး လုဟယ်နျန်၏ကိုယ်ထဲသို့ဝင်သွားလေသည်။
၎င်းကယွင်ရုန်၏ကံကောင်းမှုပင်ဖြစ်သည်။သူမက လူသားများကို နှစ်ထောင်နှင့်ချီကာကွယ်ပေးခဲ့ပြီး အောင်မြင်မှုများစွာကိုစုဆောင်းခဲ့၏။သာမာန်လူများသည် သူမနှင့်နီးစပ်ရာတွင်ရှိရုံနှင့်တင် ကံကောင်းမှုကိုခံစားနေရပြီဖြစ်သည်။အခုတွင် သူမ၏ကံကောင်းမှုအနည်းငယ်ကို လုဟယ်နျန်အားပေးလိုက်ရာ သူကသေချာပေါက်မိန်းကလေးများနှင့်ကံကောင်းမှုတစ်ချို့ရှိလာလိမ့်မည်။
ယွင်ရုန်က ကုသိုလ်ကောင်းမှုတစ်ခုလုပ်လိုက်သည်ဟုခံစားမိကာ သူမခံစားချက်များကအလွန်ကောင်းမွန်လာသည်။သူမက ကောင်းချီးပေးခံနေရသည့် လုဟယ်နျန်၏အိမ်ထောင်ရေးကိုကြိုမြင်နေသကဲ့သို့ပင်ဖြစ်သည်။
“ဘာဖြစ်လို့လဲ”
မိန်းကလေးကအလွန်ချိုမြိန်စွာပြုံးလာသောအခါ လုဟယ်နျန်ကလည်းခံစားချက်ကောင်းလာပြီး ထုတ်မေးလိုက်မိသည်။
ယွင်ရုန်က သူ့ပုခုံးကိုပုတ်ကာဖြေလိုက်သည်။
“ဒုတိယအစ်ကို စိတ်မပူပါနဲ့ အစ်ကိုကသေချာပေါက်ကံကောင်းမှာ”
လုဟယ်နျန်က ဆွံ့အသွားသော်လည်း ယွင်ရုန်ကဒီအတိုင်းပြောနေသည်ဟုယူဆကာ ဘာမှသိပ်မတွေးလိုက်ပေ။
~~~~~~~~
ကျန်းယန်အိမ်သို့ပြန်ရောက်သောအခါ ချက်ချင်းရေချိုးပြီးအိပ်ရာဝင်ရန်ပြင်လိုက်သည်။လေယာဉ်ပေါ်တွင်ဆယ်နာရီကျော်နေခဲ့ရသဖြင့် ငယ်ရွယ်ကာကျန်းမာရေးကောင်းသော်လည်း ပင်ပန်းနေဆဲဖြစ်သည်။
သူအိပ်ရာပေါ်၌လှဲရုံသာရှိသေးကာ ငါးမိနစ်တောင်မကြာခင်မှာဘဲ အိပ်ရာဘေးမှဖုန်းမြည်လာသည်။သူကမျက်လုံးမှိတ်လျက်ပင် ငြင်းဆိုသောခလုတ်ကိုနှိပ်လိုက်ပြီး အာရုံမစိုက်လိုက်ပေ။သို့သော်ခနကြာပြီးနောက် သူ့ဖုန်းကထပ်မြည်လာသည်။
ဖုန်းမြည်သံက တိတ်ဆိတ်နေသောအခန်းထဲတွင်အထူးတလည်ကိုကျယ်လောင်နေလေသည်။ကျန်းယန်က ကျိန်ဆဲလိုက်ကာ စိတ်ရှုပ်နေသောမျက်နှာဖြင့်ထထိုင်လိုက်သည်။သူကဖုန်းကိုယူကာ ဘယ်သူလဲဆိုတာကိုတောင်မကြည့်တော့ဘဲ တန်းကိုင်လိုက်သည်။
“ဘယ်ခွေးသူတောင်းစားလဲကွ ဒီလောက်နောက်ကျနေတာကိုဖုန်းခေါ်တာ ငါ့ကိုအေးဆေးလေးအိပ်ခွင့်ပေးကြပါလား”
“ဘယ်အချိန်ရှိသေးလို့လဲ ဂီတပါရမီကျောင်းသားကြီး အစောကြီးအိပ်နေပြီလား မင်းပြန်လာဖို့ကလွယ်တာမဟုတ်ဘူးလေ အတန်းဖော်ဟောင်းတွေနဲ့အပြင်မထွက်ချင်ဘူးလား”
ရင်းနှီးနေသောအသံက ဖုန်းတစ်ဖက်မှထွက်လာသည်။
ကျန်းယန်က ဖုန်းမှနာမည်ကိုပြန်ကြည့်လိုက်ကာ ဒေါသတစ်ချို့ကလျော့ကျသွားသည်။
“ဟူမင်းဟန် ဘာလို့ငါ့ကိုရှာနေတာလဲ”
“သူငယ်ချင်းကောင်းကြီးရေ ငါကကိစ္စမရှိရင်မင်းကိုမရှာရတော့ဘူးလား ငါတို့သူငယ်ချင်းဟောင်းတွေ ဆုံဖို့လုပ်နေတာ လာသောက်ပါဦးကွ”
⛰️