Chapter 34
Viewers 3k

⛰️Chapter 34

ဒေါ်လေး။




 လူတိုင်းစကားပြောနေချိန်တွင် လုဟွားနျန်ကကုယွမ်ယွမ်နှင့်ရောက်လာသည်။


ကုယွမ်ယွမ်ကယွင်ရုန်ကိုမြင်မြင်ချင်းပင် တံခါးမှပြေးဝင်လာပြီး ယွင်ရုန်ဆီသို့ပစ်ဝင်ကာ ခေါင်းမော့ပြီးပြောလာ၏။

“ယွင်ရုန်ကျဲကျဲ သမီး မမကိုတကယ်လွမ်းနေတာ”


ကလေးမလေးကနူးညံ့ကာမွှေးကြိုင်နေသဖြင့် ယွင်ရုန်ကသူမကိုပြန်ဖက်ကာ ရယ်လိုက်သည်။


“ဟုတ်လား မမလည်း ယွမ်ယွမ်ကိုသတိရနေတာ”


သူမကပြန်ဖြေရင်းဖြင့် ငုံ့ကြည့်လိုက်သောအခါ ကလေးမလေး၏လည်ပင်း၌ အနီရောင်ကြိုးတစ်ချောင်းဆွဲထားသည်ကိုမြင်သွားသည်။ယွမ်ယွမ်၏ပန်းရောင်ဂါဝန်ထဲတွင် အစိမ်းရောင်ခပ်ဖျော့ဖျော့တောက်နေ၏။၎င်းကသူမ လက်ဆောင်ပေးခဲ့သည့်ကျောက်တုံးလေးပင်။


လုဟွားနျန်က ယွင်ရုန်ကြည့်နေသည့်နေရာကိုမြင်သောအခါ ရှင်းပြလာသည်။

“ယွမ်ယွမ်က မတော်တဆပျောက်သွားအောင်လုပ်မိမှာကိုစိုးရိမ်လို့လေ အဲ့ဒါကြောင့်ကျောက်တုံးကိုရွှေပိုက်ကွန်လေးထဲထည့်ပြီး လည်ပင်းမှာဆွဲထားခိုင်းလိုက်တာ အဲ့လိုဆိုမှ အစ်မ ယွင်ရုန်ကိုတကယ်ကျေးဇူးတင်ပါတယ် ဒီညတွေမှာ ယွမ်ယွမ်ကကောင်းကောင်းအိပ်ပျော်ပြီး အရမ်းတည်ငြိမ်နေရော အဲ့ဒီအဖြစ်အပျက်ကြောင့် သက်ရောက်မှုနည်းနည်းတောင်မရှိဘူး”


ဒီနေ့သူမသမီးကိုသွားကြိုသောအခါ မူကြိုဆရာမက မူကြိုမှကလေးအများစုသည် ထိုအဖြစ်အပျက်ကြောင့်ထိတ်လန့်သွားကြပြီး ညဘက်ဆိုလျှင်ကောင်းကောင်းမအိပ်ပျော်ဘဲကြောက်သည်ဟုအော်ငိုနေကြကြောင်းသိခဲ့ရ၏။


ထိုကလေးတစ်ယောက်စီတိုင်းက သူတို့မိသားစုများ၏ရတနာများဖြစ်သည်။အကယ်၌ယွမ်ယွမ်လည်း ကြောက်လန့်မှုကြောင့်ညဘက်တွင်ငိုယိုပါက သူမနှင့်ကုချင်သည် အလွန်ရင်ကွဲရမှာဖြစ်သည်။


“ဘာကများစိတ်ငြိမ်စေတဲ့အကျိုးရှိတာလဲ”

ကျန်းယန်က လုဟွားနျန်၏စကားကိုကြားသောအခါဝင်မေးလာသည်။သူကထိုမျှနှင့်မကျေနပ်သေးဘဲ ကုယွမ်ယွမ်ဘေးတွင်ဆောင့်ကြောင့်ထိုင်ကာ ကျောက်စိမ်းကိုထုတ်ကြည့်လိုက်သည်။ထို့နောက်ကျောက်စိမ်းကိုမြင်သောအခါ သူကမေးလာ၏။

“ဒါကအင်ပါယာကျောက်စိမ်းမလား”


“ဟုတ်တယ် ဆရာသခင်ကျန်းပြောတာတော့ အဲ့ဒီကျောက်ထဲက စိတ်ဝိဉာဉ်စွမ်းအင်ကများပြားပြီး စိတ်ကိုအေးချမ်းစေတယ်၊ ခန္ဓာကိုယ်အတွက်လည်းအရမ်းကောင်းတယ်တဲ့ ”

လုဟွားနျန်က ပြန်ဖြေလိုက်သည်။ထို့နောက်သူမကယွင်ရုန်ကိုဆက်ပြောလာ၏။

“ဆရာသခင်ကျန်းက ရွှမ်းမန်ကလေ ကံကောင်းလို့ ကျောက်စိမ်းကိုသူမြင်သွားပြီး အစ်မတို့ကိုပြောပြလာတာ ယွင်ရုန်စိတ်မကွက်ပါဘူးနော် ဟုတ်တယ်မလား”


သူမအများကြီးပြောနေသည်မှာ ယွင်ရုန်ကိုရှင်းပြဖို့‌ဖြစ်သော်လည်း တစ်ချိန်တည်းတွင်ယွင်ရုန်ကိုစစ်ဆေးကြည့်ဖို့ကြိုးစားနေခြင်းဖြစ်သည်။


“ကိစ္စမရှိပါဘူး သူပြောတာကမှန်ပါတယ်”

ယွင်ရုန်က ပြုံးကာပြန်ဖြေလိုက်သည်။သူမကလုဟွားနျန်၏စစ်ဆေးမှုကိုမသိလိုက်ဘဲ ထိုအစားသူမရင်ထဲတွင် ဆရာသခင်ကျန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပြောနိုင်ခဲ့သည့်အတွက် အတော်လေးအရည်အချင်းရှိသည်ဟုတွေးလိုက်မိသည်။


ယွင်ရုန်က ဆရာသခင်ကျန်းပြောသည်ကိုအတည်ပြုလိုက်ရာ ၎င်းကသူမကလည်းကျောက်စိမ်း၏အကျိုးသက်ရောက်မှုကိုသိရှိနေခဲ့သည်ဟုဆိုလိုပေသည်။သွယ်ဝိုက်သောနည်းလမ်းအားဖြင့် သူမကရွှမ်းမန်မှလူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။


လုဟွားနျန်နှင့်ကျန်းရှုဟွားတို့မျက်နှာပေါ်တွင် ပျော်ရွှင်သောအမူအရာများပေါ်လာသည်။၎င်းကသူတို့အတွက်မဟုတ်ဘဲ လုဟယ်နျန်အတွက်ဖြစ်သည်။ကြင်နာမှုပြည့်နေသောအပြုံးဖြင့် ကျန်းရှုဟွားကပြောလိုက်သည်။

“ယွင်ရုန် ဒါဆိုသမီးကလည်း ရွှမ်းမန်ကသူလား”


ယွင်ရုန်က ၎င်းကိုသူမဝန်ခံလိုက်သည်ကပိုကောင်းသဖြင့် ခေါင်းငြိမ့်လိုက်သည်။ဘယ်လိုဘဲဖြစ်ဖြစ် သူမကလူသားမဟုတ်ဘူးလို့ပြောလို့မှမရတာ ဟုတ်တယ်မလား။


ကျန်းရှုဟွားက ယွင်ရုန်တစ်ယောက်တည်တည်ငြိမ်ငြိမ်ဖြင့်ဝန်ခံလာသည်ကိုမြင်သောအခါ သူမရင်ထဲတွင်ပိုမိုပျော်ရွှင်လာခဲ့သည်။ပုံမှန်အားဖြင့် အရည်အချင်းရှိသောသူများက သူတို့၏အထောက်အထားကိုမထုတ်ဖော်ချင်ကြပေ။ဥပမာအားဖြင့် ဆရာသခင်ကျန်းဖြစ်သည်။အများရှေ့တွင် သူကရှေးဟောင်းပစ္စည်းစီးပွားရေးနယ်ပယ်တွင် အလုပ်လုပ်နေသည်ဟုသာဆိုထား၏။သူနှင့်ရင်းနှီးမှုတစ်ချို့ရှိသော လူအနည်းငယ်လောက်ကသာ သူကသဘာဝလွန်နယ်ပယ်တွင် အတော်ဆုံးများထဲမှတစ်ယောက်ဖြစ်ကြောင်းသိကြ၏။


အခုတွင်ယွင်ရုန်က ပွင့်ပွင့်လင်းလင်းဝန်ခံလာရာ ဘာကိုဆိုလိုချင်တာလဲ။အဲ့ဒါကနည်းလမ်းတစ်ခုရှိနေတယ်လို့ ဆိုလိုတာဘဲ။


သဘာဝလွန်နယ်ပယ်တွင် စီနီယာကျသောစွမ်းဆောင်ရည်ရှိသူများက အသက်ကြီးကြ၏။မိန်းကလေးယွင်ရုန်ကိုမူ ကျန်းရှုဟွားကအမြင့်ကြီးမမျှော်လင့်ထားပေ။ဤပစ္စည်းကောင်းများအားလုံးကို သူမ၏ဆရာကပေးလိုက်ခြင်းဖြစ်နေမှာကို စိုးရိမ်မိသည်။ထို့ကြောင့်သူမကထပ်မေးလိုက်သည်။

“ဘယ်သူ့လက်အောက်မှာလေ့လာခဲ့လဲဆိုတာကို သိလို့ရမလား”


“ကျွန်မမှာဆရာမရှိပါဘူး”

ယွင်ရုန်က သိပ်မစဉ်းစားဘဲပြန်ဖြေလိုက်သည်။


ယွင်ရုန်မှာဆရာမရှိဘူးလား။ဒါဆိုသူ့ရှေ့က ဒီမိန်းကလေးက တကယ်ဘဲအဲ့လောက်ထိအင်အားကြီးတာလား။ဒါပေမယ့် အဲ့လိုပုံလည်းမပေါက်နေဘူး။

ကျန်းရှုဟွားက မေးခွန်းတစ်ချို့ထပ်မေးချင်သေးပေသည်။


ရုတ်တရက်ပင် တစ်ချိန်လုံးဘေးတွင်တိတ်တိတ်လေးထိုင်နေသည့်လုဟယ်နျန်က ထပြောလာ၏။

“ယွင်ရုန် မင်းစာဖတ်ချင်လား ယွမ်ယွမ် ကျဲကျဲကိုအပေါ်ထပ်ကစာကြည့်ခန်းထဲခေါ်သွားလိုက်ပါလား အဲ့ဒီမှာစာအုပ်တွေဖတ်လို့ရသလို စစ်တုရင်လည်းကစားလို့ရတယ် ညစာစားချိန်ရောက်ရင် ဦးလေးလာခေါ်မယ်”


အစောကတည်းက ကုယွမ်ယွမ်ကငြိမ်ငြိမ်မ‌ထိုင်နေနိုင်တော့ပေ။လုဟယ်နျန်စကားကိုကြားသောအခါ သူမကချက်ချင်းထရပ်ပြီး ယွင်ရုန်၏လက်ကိုဆွဲလိုက်သည်။

“ယွင်ရုန်ကျဲကျဲ ဦးလေးရဲ့စာကြည့်ခန်းထဲသွားရအောင် အထဲမှာဆော့စရာအများကြီးရှိတယ်”


ပုံမှန်အားဖြင့် ဦးလေး၏စာကြည့်ခန်းက ကန့်သတ်နယ်မြေဖြစ်သည်။အစကတည်းက သူမကအထဲတွင်ဘာပစ္စည်းကောင်းများရှိနေမည်ကို မြင်ချင်နေခြင်းဖြစ်သည်။

  

စာအကြောင်းပါလာသောအခါ ယွင်ရုန်ကချက်ချင်းခေါင်းကိုက်သွားကာ သူမခေါင်းထဲတွင် လိုင်းလက်ပန်းမိန်းကလေးအကြောင်းများနှင့်ပြည့်လာ၏။သူမကမသွားချင်သော်လည်း ကုယွမ်ယွမ်က သူမခံနိုင်စွမ်းမရှိသည့် မျက်လုံးရွဲကြီးများဖြင့်ကြည့်လာရာ ထရပ်ပြီး အပေါ်ထပ်သို့‌‌လိုက်သွားလိုက်သည်။


ကျန်းယန်က ယွင်ရုန်ကိုတလှည့် ရေခဲတုံးလိုအေးစက်နေသောလုဟယ်နျန်ကိုတလှည့်ကြည့်လိုက်သည်။နောက်ဆုံးတွင် သူကမိန်းကလေးနှစ်ယောက်နှင့် အပေါ်လိုက်သွားရန်ရွေးချယ်လိုက်သည်။သူကတကယ်ပင် ဒုတိယဦးလေးနှင့်မနေရဲပေ။သူဂရုမစိုက်မိပါက လုဟယ်နျန်အားထိပါးသလိုဖြစ်သွားမည်ကို စိုးရိမ်မိပေသည်။


လှေကားပေါ်မှလူသုံးယောက်ပျောက်ကွယ်သွားသည်ကိုကြည့်ပြီးမှ လုဟယ်နျန်ကလှည့်လာပြီးတဲ့တိုးပြောလာသည်။

“မား ကျွန်တော်ပြောပြီးသားလေ ယွင်ရုန်ကိုဝင်မပါခိုင်းဖို့”


“ဘာကိုဝင်ပါတာ၊မပါတာလဲ ငါကသူ့ကို နင့်ကံတရားကိုများပြောင်းလဲပေးနိုင်မလားမေးကြည့်မလို့လေ”

ကျန်းရှုဟွား၏မျက်နှာကအဆင်မပြေဖြစ်လာသည်။

“ငါကဒါတွေအားလုံးကိုဘယ်သူ့အတွက်လုပ်နေတာလဲ နင့်အတွက်ဘဲလေ ဆရာသခင်ကျန်းကပြောပြီးသား သူ့ထက်သာတဲ့ ရွှမ်းမန်ဆရာသခင်တစ်ယောက်ကိုရှာနိုင်ရင် နင့်ရဲ့ကံတရားကိုပြောင်းလဲကောင်းပြောင်းလဲနိုင်မှာတဲ့”


ကျန်းရှုဟွားကပြောလေလေ ပို၍စိတ်သောကရောက်လာပြီး မျက်လုံးများနီရဲလာ၏။


လုဟယ်နျန်က သူ့အမေမျက်ရည်ကျလာသည်ကိုမြင်သောအခါ အေးစက်နေသောအမူအရာကနူးညံ့သွားသည်။သူက အမေကျန်း၏ကျောကိုပုတ်ပေးပြီး နူးညံ့စွာပြောလာ၏။

“မား ဒါတွေအားလုံးကိုကျွန်တော့်အတွက်လုပ်နေတာသိပါတယ် ဒါပေမယ့်မားဘဲကြည့်လေ သူကဒီအတိုင်းမိန်းမငယ်လေးတစ်ယောက်ပါ ဆရာသခင်ကျန်းပြောတဲ့သူဖြစ်နိုင်ပါ့မလား ဒီကိစ္စကအရမ်းအန္တရာယ်များတယ် ဆရာသခင်ကျန်းတောင်မှ ဖြေရှင်းနည်းမရှာနိုင်တာ မိန်းမငယ်လေးတစ်ယောက်ကိုပါ ရေထဲမဆွဲချကြရအောင်ပါ ”


“ကျွန်တော့်ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ့မရောက်ခင် အချိန်နည်းနည်းကျန်သေးတာဘဲ အဲ့ဒါကိုဖြေရှင်းဖို့နည်းလမ်းတစ်ခုရှိလာမှာပါ”


လုဟွားနျန်က သူမအမေခံစားနေရသည်ကိုမြင်သောအခါ သူမရင်ထဲ၌လည်းဝမ်းနည်းလာသည်။သူမကနှစ်သိမ့်ပေးလိုက်သည်။


“ဟယ်နျန်ပြောတာမှန်တယ် ဒီလိုကိစ္စမျိုးကိုလောလို့မရဘူး သမီးတို့က ‌မိန်းကလေးအပေါ်ကောင်းကောင်းဆက်ဆံသင့်တယ် ကြင်နာတဲ့နှလုံးသားက ကြင်နာတဲ့နှလုံးသားကိုပြန်ရမှာပါ ယွင်ရုန်ကိုအကူအညီတောင်းဖို့က အချိန်ရှိပါသေးတယ် အခုချိန်မှာစိတ်မရှည်ဘဲအကူအညီသွားတောင်းလိုက်ရင် တစ်ခြားလူတွေက သမီးတို့လုမိသားစုကိုမျက်နှာကြီးရာဟင်းဖတ်ပါတယ်လို့ပြောကြလိမ့်မယ် အသုံးချလို့ရတဲ့သူတွေကို အပြုံးနဲ့ကြိုဆိုပြီး အသုံးချလို့မရတဲ့သူတွေကိုကျ လျစ်လျူရှုတယ်ဆိုပြီးတော့ပေါ့”


“မားမှာ အဲ့လိုအတွေးမျိုးမရှိပါဘူး”

ကျန်းရှုဟွားကချက်ချင်းငြင်းဆန်လာသည်။သူမက ယွင်ရုန်ကူညီပေးနိုင်ရန်ဆုတောင်းမိသော်လည်း ထိုမိန်းကလေး‌အပေါ်အသုံးချလိုသည့်ရည်ရွယ်ချက်မရှိပေ။သူမက ယွင်ရုန်ကိုပထမဆုံးအကြိမ်တွေ့ကတည်းက အလွန်သဘောကျမိခြင်းဖြစ်သည်။ယွင်ရုန်ကိုမွေးစားသမီးတော်လိုက်ရသောအခါတွင်လည်း သူမကရိုးရိုးသားသားအသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။


ထို့နောက်သူမကခေါင်းငြိမ့်လိုက်သည်။

“သမီးပြောတာမှန်ပါတယ် မားကအရမ်းစိတ်လောသွားတယ်”


အမေဖြစ်သူကိုစည်းရုံးပြီးနောက် လုဟယ်နျန်ကသက်ပြင်းချလိုက်သည်။ဘာကြောင့်မှန်းမသိ သူယွင်ရုန်ကိုပထမဆုံးတွေ့လိုက်ကတည်းက သူ့တွင်အင်အားရှိသမျှအားလုံးဖြင့် သူမကိုကာကွယ်ပေးပြီး နည်းနည်းလေးတောင်မထိခိုက်စေချင်သည့်ခံစားချက်မျိုးကိုခံစားခဲ့ရပေသည်။


သူ့ဘဝကံတရားကိုပြောင်းလဲခြင်းက အလွန်အန္တရာယ်များသဖြင့် ဤကိစ္စထဲတွင်ထိုမိန်းကလေးကိုဝင်ပါစေဖို့ဆန္ဒမရှိပေ။


ဤသို့တွေးလိုက်ပြီးနောက် လုဟယ်နျန်ကအကြည့်လွှဲလိုက်ကာ ဟိုသခင်ငယ်လေးကျန်းယန်ကလည်း အပေါ်လိုက်တက်သွားသည်ကို‌သတိရသွားသည်။

“ကျွန်တော် သူတို့ကိုအပေါ်မှာသွားကြည့်လိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် သူကလှေကားဆီသို့ဦးတည်သွားသည်။


“အိမ်အကူက အခုဘဲဘီစကစ်လုပ်ပြီးသွားတာ အချိန်ကိုက်ဘဲ ယွင်ရုန်နဲ့ယွမ်ယွမ်အတွက်ယူသွားပြီး သူတို့ကိုမြည်းခိုင်းလိုက်ပါဦး”

ကျန်းရှုဟွားက သူ့သဘောထားကိုနားလည်သဖြင့် ပုံမှန်ပုံစံပြန်‌ဖြစ်သွားသည်။


အပေါ်ထပ်စာကြည့်ခန်းထဲတွင်။


ကုယွမ်ယွမ်က လုဟယ်နျန်၏စာကြည့်ခန်းထဲရောက်ရောက်ချင်းပင် နံရံတစ်ဘက်ဆီအတိအကျဦးတည်ပြီးလျှောက်သွား၏။ထို့နောက်တွန်းလိုက်သည့်အသံတစ်ခုဖြင့် နံရံပေါ်မှဆီဆေးပန်းချီကားကြီးကိုဆွဲထုတ်လိုက်ကာ legoမျိုးစုံစပ်ထားသည့်နံရံကြီးတစ်ခုပေါ်လာလေသည်။ဤlegoများအားလုံးသည် လုဟယ်နျန်ငယ်ငယ်လေးမှကြီးပြင်းလာသည်အထိ ဆက်ထားခဲ့သောအရာများဖြစ်သည်။


ကုယွမ်ယွမ်တစ်ယောက် ဤlegoများကိုအငမ်းမရလိုချင်နေသည်မှာအတော်ကြာပြီဖြစ်သည်။သို့သော်ပုံမှန်အားဖြင့်ဖော်ရွေသောဦးလေးသည် ဤကိစ္စနှင့်ပတ်သက်ပါက လုံးဝခွင့်မပြုဘဲငြင်းဆန်ခဲ့လေသည်။သူက သူမကိုထိခွင့်တောင်မပေးပေ။အခုတွင်အခွင့်ကောင်းတစ်ခုရလာသည်ဟုဆိုနိုင်၏။


“ကျစ် ကျစ် ကုယွမ်ယွမ် ဒီကလေးရဲ့သတ္တိကတော်တော်ကောင်းပါလား ဝင်လာလာချင်း ဒီလိုကိစ္စကြီးတွေနဲ့ချက်ချင်းကစားတော့တာဘဲ”

နောက်မှလိုက်လာသည့်ကျန်းယန်က ကုယွမ်ယွမ်တစ်ယောက်legoများရှိသောနေရာဆီတည့်တည့်သွားသည်ကိုမြင်သောအခါ အထဲဝင်နေသည့်သူ့ခြေထောက်များက တုန်ယင်သွားလေသည်။ထိုပစ္စည်းများသာတစ်ခုခုဖြစ်သွားပါက ဒုတိယဦးလေးသည်ယွမ်ယွမ်ကိုဘာမှလုပ်မည်မဟုတ်သော်လည်း သူ့ကိုမူအရှင်လတ်လတ်အရေခွံစုတ်လိမ့်မည်။


“ကိုကြီးမပြောဘူး သမီးမပြောဘူး ယွင်ရုန်ကျဲကျဲလည်းမပြောဘူးဆိုရင် ဦးလေးမသိပါဘူး”

ကုယွမ်ယွမ်က ဆန့်ထားသောလက်များကိုအရှိန်လျှော့လိုက်သည်။သို့သော်သူမကအရှူံးပေးရန်ငြင်းဆန်နေဆဲဖြစ်ပြီး အရုပ်ဒီဇိုင်းတစ်ခုချင်းစီကိုယူချင်နေ၏။သူမကထိကြည့်ချင်ရုံဘဲဖြစ်ကာ သေချာပေါက်ပျက်စီးအောင်လုပ်မှာမဟုတ်ပေ။


သူမကယွင်ရုန်ကိုပြောလာသည်။

“ယွင်ရုန်ကျဲကျဲ ဒါကိုမြင်လား သမီးကဒီတစ်ခုကိုအကြိုက်ဆုံးဘဲ မားမားပြောတာတော့ ဦးလေးကဒါကိုအသက်ငါးနှစ်အရွယ်မှာဆက်ခဲ့တာတဲ့”


ယွင်ရုန်က ကုယွမ်ယွမ်လက်ညှိုးထိုးပြနေသောနေရာကိုကြည့်လိုက်ရာ ထောင့်နေရာတွင် တစ်မီတာခွဲလောက်ရှည်သည့် legoမော်ဒယ်တစ်ခု‌တင်ထားသည်ကိုမြင်လိုက်ရသည်။၎င်းက အဖြူ၊အမဲ၊မီးခိုးစသည့် အရောင်သုံးခုသာပါသည့် ကြိုးကြာငှက်ပုံlegoတစ်ခုဖြစ်သည်။ငှက်က ခြေတစ်ဖက်ထဲရပ်နေကာတောင်ပံဖြန့်ထားပြီး သွယ်လျရှည်လျားသည့်လည်ပင်းကမိုးပေါ်ကိုမော့ကြည့်နေသလိုဆန့်တန်းထားလေသည်။၎င်းက ကြည်လင်ကျယ်လောင်သည့် ကြိုးကြာငှက်သံကိုတောင် ကြားနေရသလိုခံစားမိလာစေ၏။

 

တန့်ချိုးတောင်တစ်တောင်လုံးကကြားနေရကာ လောကတွင်အလှပဆုံးအသံဖြစ်သည်။


ယွင်ရုန်က ရုတ်တရက်ထိုဝါကျကိုတွေးမိသွားရာ အံ့ဩသွားသည်။သူမကသတိလက်လွတ်ဖြင့် သူမ‌ဗိုက်ကိုထိကြည့်လိုက်သည်။ရင်းနှီးသည့်ခံစားချက်ကိုဆက်တိုက်ရနေသော်လည်း ဘာကြောင့်မှန်းမမှတ်မိတော့ပေ။


ယွင်ရုန်ကစိတ်လွင့်နေသည့်အချိန်တွင် ကျန်းယန်ကမကျေမနပ်ဖြင့် ကုယွမ်ယွမ်၏ခေါင်းကိုလက်ညှိုးထိုးကာပြောလာ၏။

“ခုနတည်းကငါပြောပြီးသားလေ ဘာကိုကျဲကျဲလဲ မင်းသူ့ကိုဒေါ်လေးကိုခေါ်ရမှာကွ နားလည်လား အခုဆိုသူကဒုတိယဦးလေးရဲ့ညီမ‌ဖြစ်နေပြီ ဝါကြီးတာကိုလျစ်လျူရှုလို့မရဘူး”


သူကယွင်ရုန်ကိုဒေါ်လေးဟုခေါ်ရမည်ဟုပြန်တွေးကြည့်လိုက်သောအခါ ကျန်းယန်ကသူနှင့်အတူအဖော်တစ်ယောက်ပါဆွဲခေါ်သွားဖို့လိုအပ်သည်ဟုခံစားမိသွားသည်။


“ဒေါ်လေးမဟုတ်ဘူး ကျဲကျဲ ဘဲ”

ကုယွမ်ယွမ်ကအေးစက်စက်နှာခေါင်းရှူံ့လိုက်သည်။သူမကယွင်ရုန်လက်ကိုဆွဲကာပြောလာ၏။

“ယွင်ရုန်ကျဲကျဲ ဦးလေးကဒါတွေအားလုံးကိုဆက်ထားတာ အံ့ဩဖို့မကောင်းဘူးလား”


ယွင်ရုန်က အခုမှသတိပြန်ဝင်လာကာ legoအရုပ်များကဘာမှန်းမသိသော်လည်း ဤအပိုင်းအစသေးသေးလေးများကို ကြည့်ကောင်းသည့်ပုံရိပ်တစ်ခုဖြစ်လာအောင်ဆက်ရခြင်းဖြစ်သဖြင့် လုဟယ်နျန်ကတကယ်အံ့ဩဖို့ကောင်းပေသည်။သူမကလုဟယ်နျန်ကိုလက်သွက်သည့်လူသားတစ်ယောက်လည်းဖြစ်နေမည်ဟုမထင်ထားခဲ့ပေ။


ကုယွမ်ယွမ်၏စကားကိုကြားသောအခါ သူမကရင်ထဲမှလှိုက်လှိုက်လှဲလှဲခေါင်းငြိမ့်လိုက်မိသည်။


“နံစော်နေတဲ့ယွမ်ယွမ်”

ကျန်းယန်က ကုယွမ်ယွမ်ကိုလှည့်စားလို့မရသည်ကိုမြင်သောအခါ ပါးသေးသေးလေးကိုဆွဲညှစ်လိုက်ပြီး ယွမ်ယွမ်၏ပါးများကငါးပူတင်းလေးလိုဖောင်းကားလာလေသည်။ထို့နောက်သူကယွင်ရုန်ဘက်လှည့်ပြီးပြောလာ၏။

“မင်းကတကယ်ဘဲ ရွှမ်းမန်ကသူလား”


ယွင်ရုန်ကခေါင်းငြိမ့်လိုက်ပြီး ကျန်းယန်မျက်လုံးထဲမှသံသယများကိုမြင်သဖြင့်စိတ်လှုပ်ရှားလာသည်။

ငါ့ကိုဖောက်ပြီးမမြင်လောက်ပါဘူးနော်။

သူမကမျက်ခုံးပင့်ပြီး တည်ငြိမ်ဟန်ဆောင်ကာပြောလိုက်သည်။

“ဘာလဲ နင်ကမယုံဘူးလား”


“အဲ့လိုမယုံတာမဟုတ်ပါဘူး”

ကျန်းယန်ကခေါင်းကုတ်လိုက်သည်။

“ရွှမ်းမန်ကသူတွေအားလုံးက မသေမျိုးလို ဆံပင်ဖြူဖြူ၊ လေထဲလွင့်နေပြီး ရှုပ်ပွနေတဲ့အဘိုးအိုတွေမဟုတ်ဘူးလား ဒါ‌ပေမယ့်မင်းကကျမိန်းမငယ်လေးလေ。。。。”


ယွင်ရုန်က ကျန်းယန်၏မျက်နှာတွင် သူမကလူလိမ်တစ်ယောက်ဖြစ်နေသလိုပင် ‘မင်းကမိန်းမငယ်လေး’ဟူသောအကြည့်ကိုသတိထားမိသွားသောအခါ ပိုပိုပြီးထိတ်လန့်လာလေသည်။

သူမက လူလိမ်ဆိုတာကို သူကဘယ်လိုများထိုးဖောက်မြင်နိုင်တာလဲ။


ယွင်ရုန်က သူမသည် ရွှမ်းမန်ကသူဖြစ်ကြောင်းသက်သေပြရန် တစ်ခုခုပြောဖို့လိုနေပြီဟုခံစားမိသွားသည်။သူမက အရင်ဆုံးကျန်းယန်ကိုသေချာကြည့်လိုက်ပြီးမှပြောလာသည်။

“နင့်မျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်စရာအချစ်ရေးကိစ္စမျိုးရှိနေတယ် ဒီနေ့ည ဆယ်နာရီနောက်ပိုင်းဆိုအပြင်မထွက်နဲ့တော့ မဟုတ်ရင်နင့်တစ်ဘဝလုံးနောင်တရနေလိမ့်မယ်”


စပ်ဖြီးဖြီးလုပ်နေသည့်ကျန်းယန်က အံ့ဩသွားကာ ဒီမိန်းကလေးကိုပြန်ငြင်းချင်သွားသည်။သူမက စိတ်အနှောင့်အယှက်ဖြစ်စရာအချစ်ရေးဆိုပြီးဘယ်လိုများပြောနိုင်တာလဲ။အဲ့ဒါက လူသွားလူလာနေရာတွေမှာ အချစ်ရေးကိုအများဆုံးပြောတတ်တဲ့လမ်းဘေးဗေဒင်ဆရာတွေနဲ့တူ‌မနေဘူးလား။ကြားလိုက်ရုံနဲ့တင် လိမ်နေတယ်ဆိုတာကိုတန်းသိနိုင်တာမျိုး။


သို့သော်ယွင်ရုန်၏ကြည်လင်နေသောမျက်လုံးများကိုမြင်သောအခါ သူမကိုပြက်ရယ်ပြုလိုသည့်ကျန်းယန်က ရှက်ရွံ့သွားသည်။ထူးခြားသည့်ခံစားချက်တစ်ခုကသူ့ရင်ထဲတွင်ဖြစ်ပေါ်လာကာ နှုတ်ခမ်းများကပြုံးလာပြီး ဖြူဖွေးသောသွားအစုံကိုဖော်ပြလာ၏။သူကကုယွမ်ယွမ်၏လေသံကိုတုကာ ပြောလိုက်သည်။

“ယွင်ရုန်ကျဲကျဲကိုတွေ့လိုက်ရတာက တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာအချစ်ရေးပါဘဲ ယွင်ရုန်ကျဲကျဲကတကယ်ကိုပန်းပွင့်လေးတစ်ပွင့်လိုဘဲ”


ဒီလူကဘာလို့မယုံသေးတာလဲ။သူမကိုယ်သူမသက်သေပြချင်လို့သာ၊ မဟုတ်ပါက ယွင်ရုန်ကသူ့ကိုစိတ်ထားကောင်းကောင်းနှင့်သတိပေးလိုက်မှာမဟုတ်ပေ။သူမကရှေ့သို့နှစ်လှမ်းတိုးလာပြီး သူမ၏ကြည်လင်သောမျက်လုံးများက ကျန်းယန်ကိုတည့်တည့်ကြည့်ကာပြောလာ၏။

“ငါပြောလိုက်တာက တကယ်ပဲ”


ကျန်းယန်ပြန်မဖြေနိုင်သေးခင်တွင် စာကြည့်ခန်းတံခါးကရုတ်တရက်ပွင့်လာ၏။လုဟယ်နျန်က ဘီစကစ်ပန်းကန်ကိုကိုင်ကာတံခါးဝ၌ပေါ်လာသည်။သူ့ပုံစံကမထူးခြားပုံပေါ်သော်လည်း ကျန်းယန်ကိုကြည့်နေသည့်သူ့အကြည့်များကအေးစက်နေလေသည်။


ကျန်းယန်ကခေါင်းအစခြေအဆုံးတုန်ယင်သွားကာ ဆတ်ခနဲနောက်ကိုနှစ်လှမ်းဆုတ်လိုက်မိသည်။သူ့မျက်နှာပေါ်မှစပ်ဖြဲဖြဲအပြုံးကိုပြန်သိမ်းဖို့ အလွန်နောက်ကျသွားသဖြင့် ကြောက်လန့်နေသောအမူအရာနှင့်ပေါင်းလိုက်သောအခါ သူ့မျက်နှာကလေဖြတ်သွားသည့်ပုံပေါက်နေ၏။

“ကြည့်ရတာ မင်းကအရမ်းပျင်းပြီးဦးနှောက်ပါမရှိတော့တဲ့ပုံဘဲ မနက်ဖြန်ကျ ရုံးမှာသတင်းလာပို့ ဟုတ်ပြီနော်”

လုဟယ်နျန်က အခန်းထဲသို့ဝင်လာပြီး အေးစက်စွာပြောလိုက်သည်။

ယွင်ရုန်နဲ့ကျီစယ်နေတာ၊အသက်ရှင်ရတာကိုများ ငြီးငွေ့နေပြီလား။

 

****


စာရေးသူတွင်ပြောစရာရှိသည်။

ကျန်းယန် :နောက်ဆုံးတော့ ငါတစ်ခန်းပါလာပြီကွ။


လုဟယ်နျန်: Lady ကျေးဇူးပြုပြီး ဒီတစ်ခန်းပြီးရင် သူ့ကိုသတ်ဖို့စီစဥ်လိုက်ပါ။ 


Lady: OK!


ကျန်းယန်: QAQ



⛰️