Chapter 33
Viewers 3k

⛰️Chapter 33

:ဒေါ်လေး။



လက်လွတ်စပယ်အတင်းအဖျင်းပြောခြင်းက အပြစ်ပေးခံရမည်ဖြစ်ကြောင်း အမှန်တရားကသက်သေပြသွားလေသည်။


တစ်နေ့လည်လုံး အတွင်းရေးမှူးလေးယောက်သည် လုဟယ်နျန်၏လှန်လိုက်မှောက်လိုက်လုပ်သည်ကို ခံခဲ့ရကာ ဘယ်သူ့ကိုမဆိုအတင်းပြောနိုင်သော်လည်း ဒါရိုက်တာကိုတော့မရကြောင်း ရင်ထဲတွင်စွဲနေအောင်မှတ်လိုက်ကြသည်။


ခေါင်းဆောင်လုနဲ့မစ်ယွင်က သေချာပေါက်ကိုသန့်ရှင်းတဲ့သူဌေးအလုပ်သမားဆက်ဆံရေးပဲရှိတာ။


သုံးနာရီထိုးပြီးနောက် လုဟယ်နျန်ကဟိုင်ကျင်းဟိုတယ်သို့ကားနှင့်ထွက်သွားသောအချိန်မှသာ လူတိုင်းသက်ပြင်းချနိုင်တော့သည်။


ဟိုတယ်၏ သီးသန့်အခန်းထဲတွင် ယွင်ရုန်ကဗိုက်ဖြည့်ပြီးနောက် ဆိုဖာကိုမှီကာစာဖတ်နေ၏။မနေ့ကလုဟယ်နျန်က သူမကိုကျောင်းအကြောင်းမေးရာ တစ်ခါမှမတက်ဖူးကြောင်းဖြေခဲ့မိသည်။လုဟယ်နျန်မျက်နှာပေါ်မှထိတ်လန့်မှုက မသိသာသော်လည်း သူမကသတိထားမိသွားဆဲပင်။ယခုလေးတင် သူမက ကုန်တချင်ကိုသေချာမေးကြည့်ခဲ့သည်။သူမ သိလိုက်ရသည်က လူသားများသည်မွေးလာကတည်းက အလုပ်လုပ်ဖို့လိုနေပြီဖြစ်၏။အနည်းဆုံးအနေဖြင့် သူတို့ကကျောင်းပညာဆယ်နှစ်ကိုပြီးဆုံးဖို့လိုအပ်လေသည်။


 ကုန်တချင်တောင်မှ ဘွဲ့ရထားကာ ပညာအရည်အချင်းမြင့်သည့်မိစ္ဆာတစ်ယောက်ဖြစ်သည်။


ကုန်တချင်ပြောသေးသည်မှာ ယခုခေတ်တွင် အလုပ်ရှာပါက အလုပ်ရှင်များသည် ပညာအရည်အချင်းကိုကြည့်ကြသည်။ပညာအရည်အချင်းမရှိပါက အင်တာဗျူးဖြေဖို့တောင် အခွင့်အရေးရမည်မဟုတ်ပေ။လက်ရှိတွင် ဈေးကွက်ထဲ၌ တက္ကသိုလ်ဘွဲ့ရများကိုသာ အများဆုံးခေါ်ကြ၏။


ယွင်ရုန်က ထိုအရာများကိုကြားလိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားသည်။


လက်စသတ်တော့ လက်ရှိလူ့လောကကြီးမှာ အလုပ်ရဖို့မလွယ်ဘူးဘဲ။


သူမလည်း နည်းနည်းစိုးရိမ်သွားသည်။လုဟယ်နျန်က သူမကိုအလုပ်ပေးမည်ဟုပြောထားသော်လည်း သူမကတစ်ခါမှကျောင်းမတက်ဖူးပေ။


ကျောင်းသွားဖူးတဲ့လူသားတွေနဲ့ သူမကဘယ်လိုယှဉ်နိုင်မှာလဲ။သူမသာအလုပ်ကောင်းကောင်းမလုပ်နိုင်လို့ အထုတ်ခံလိုက်ရရင် နောက်ထပ်အလုပ်ကိုဘယ်မှာသွားရှာရမှာလဲ။


ရလဒ်အနေဖြင့် ယွင်ရုန်ကရုတ်တရက်ပင် အရေးကြီးမှုကိုခံစားမိသွားကာ အမြန်ဆုံးစာလေ့လာရမည်ဟုတွေးလိုက်မိသည်။သူမက အသိအမှတ်ပြုလက်မှတ်တစ်ခုရဖို့မမျှော်လင့်သော်လည်း သူမနှင့်လူသားများကြားကကွာဟချက်ကိုလျှော့ချရန်အတွက် အနည်းဆုံးကျောင်းပညာဗဟုသုတအနည်းငယ်ရှိရလိမ့်မည်။ဒီအချက်တစ်ခုတည်းနှင့်တင် သူမက တာထွက်ကတည်းကအရေးနိမ့်နေသဖြင့် ရှေ့ဆက်ပြီးမာနထောင်လွှားကာ မိုက်မဲသည့်တောင်မိစ္ဆာလုပ်နေလို့မဖြစ်တော့ပေ။


ကုန်တချင်ကလည်း တက်ကြွလာပြီး ချက်ချင်းပင် သူမအတွက်အထက်တန်းကျောင်းစာအုပ်များထောက်ပံ့ပေးလာ၏။ကံကောင်းစွာဖြင့် ယွင်ရုန်ကစာမတတ်သောသူမဟုတ်ဘဲ အက္ခရာတစ်ချို့ကိုမှတ်မိနေသေးသည်။အက္ခရာများက လွန်ခဲ့သည့်နှစ်သုံးထောင်နှင့်မတူတော့သော်လည်း နည်းနည်းခန့်မှန်းလိုက်လျှင် အဓိပ္ပါယ်ကိုနားလည်နိုင်၏။ဤနည်းဖြင့် သူမကချက်ချင်းပင်အထက်တန်းအဆင့်စာများကိုစလေ့လာလိုက်သည်။


လက်ရှိတွင် ယွင်ရုန်က ရသစာပေကိုကိုင်ထားပြီး ထစ်ထစ်အအနှင့်ဖတ်နေ၏။


“သူမမှာ。。。ခရမ်းဖျော့。。ခရမ်းဖျော့လို。。ခရမ်းဖျော့လိုဝမ်းနည်းမှု×。。。”


သူမ မမှတ်မိသည့်စကားလုံးတစ်လုံးရှိနေ၏။ယွင်ရုန်ကပါးစပ်ကိုကျယ်ကျယ်ဟလိုက်ကာ သူမလျှာကလုံးနေပြီဟုခံစားမိလာသော်လည်း ကောင်းကောင်းမဖတ်နိုင်သေးပေ။


သူမကလေ့လာလို့မပြီးသေးသော်လည်း ယွင်ရုန်ကသဘောပေါက်နေပြီဖြစ်သည်။

စဉ်းစားစရာကိုမလိုဘူး ဒီအမျိုးသမီးက လိုင်းလက်ပန်းမိစ္ဆာများလား။မဟုတ်ရင်ဘယ်လိုဖြစ်ပြီး ခေါင်းအစခြေအဆုံးပန်းနံ့ထွက်နေမှာလဲ။


ယွင်ရုန်က ဆက်ပြီးနားလည်အောင်မလုပ်ချင်တော့သဖြင့် စာအုပ်ကိုကော်ဖီစားပွဲပေါ်ပစ်တင်လိုက်သည်။ထို့နောက်သူမက စားပွဲပေါ်တွင်စာအုပ်အပုံလိုက်ကြီးရှိနေပြီကိုမြင်သွား၏။သူမ ခနလောက်တွန့်ဆုတ်နေပြီးနောက် ရသစာပေစာအုပ်ကိုပြန်ယူလိုက်သည်။


အနည်းဆုံးတော့ ရသစာပေကနားလည်နိုင်သေးတယ်။အခြားစာအုပ်တွေဆို သူမကလုံးဝကိုသဲလွန်စပျောက်နေရော။အထူးသဖြင့် အဲ့ဒီသင်္ချာဆိုတဲ့စာအုပ်။တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အထဲကပုံစံတွေက ဟိုခြစ်ဒီခြစ်လုပ်ထားသလိုပဲ။ကြည့်ရုံနဲ့တင် သူမခေါင်းကိုက်လာတယ်။


လုဟယ်နျန်ရောက်လာသောအခါ ဒါဇင်ကျော်သည့်အထက်တန်းပုံနှိပ်များက စားပွဲပေါ်တွင်ပြန့်နေပြီး ယွင်ရုန်ကဘောပင်ကိုကိုင်ကာ ကြမ်းပြင်တွင်ဒူးထောက်နေပြီး ဦးနှောက်ခြောက်နေသည့်ပုံဖြစ်နေ၏။


သူက သူမအနားလျှောက်လာပြီး တစ်ချက်ငုံ့ကြည့်လိုက်သောအခါ ဂျီဩမေတြီခေါင်းစဉ်အောက်မှ ရိုးရှင်းသောပုစ္ဆာလေးတစ်ပုဒ်ကိုမြင်လိုက်ရလေသည်။


“ဒုတိယအစ်ကို ကျွန်မကိုအလုပ်လုပ်ဖို့လာခေါ်တာလား”


ယွင်ရုန်ခေါင်းမော့လာသောအခါ လုဟယ်နျန်ကသူမပုံနှိပ်ကိုကြည့်နေသည်ကိုမြင်လိုက်ရသဖြင့် ရှက်သွားကာသူ့မြင်ကွင်းကိုကာလိုက်သည်။သို့သော် သူမက ကုန်တချင်‌တစ်ယောက် သူမရှေ့မှဤယောက်ျားသည် အသက်23နှစ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ကြောင်းပြောခဲ့သည်ကိုတွေးမိသွားသည်။လူသားတစ်ယောက်အနေဖြင့် သူကအတော်ဆုံးသူများထဲမှတစ်ယောက်ဟုဆိုနိုင်၏။


အရင်က သူမ မတွေးမိခဲ့သော်လည်း ဒီပုံနှိပ်စာအုပ်များကိုစကြည့်သည့်အချိန်ကတည်းက လုဟယ်နျန်ကိုအပြည့်အဝလေးစားသွားပြီဖြစ်သည်။သူမက သူ့ကိုတောက်ပစွာကြည့်လိုက်ပြီး သူမဆီမှာသာထိုသို့သော‌ဦးနှောက်ရှိနေပါက ကောင်းမှာဘဲဟုတွေးလိုက်မိသည်။


“မဟုတ်ပါဘူး မင်းအရင်တစ်ခေါက်ကယွမ်ယွမ်ကိုကယ်ခဲ့‌ပေးတာကို ကျေးဇူးတင်ချင်လို့ ကိုယ့်အမေကအိမ်ကိုညစာစားဖိတ်လိုက်တာ”


လုဟယ်နျန်ကပြန်ဖြေလိုက်သည်။ထို့နောက် သူမော့ကြည့်လာပြီးနောက် ယွင်ရုန်၏လောင်ကျွမ်းမတတ်အကြည့်များကိုမြင်သောအခါ အံ့ဩသွားပြီးမေးလိုက်သည်။


“ဘာဖြစ်လို့လဲ”


ယွင်ရုန်ကဆတ်ခနဲခေါင်းငုံ့သွားပြီး နေရခက်စွာပြောလာသည်။


“ဘာမှမဟုတ်ပါဘူး ဒုတိယအစ်ကိုရဲ့အမေက ကျွန်မကိုညစာဖိတ်ကျွေးမလို့လား”


လက်ရှိတွင် လုဟယ်နျန်ကသူမ၏ဘော့စ်ဖြစ်သဖြင့် ဘော့စ်အမေကလည်း သူမ၏အကြီးအကဲဖြစ်သည်။ယွင်ရုန်က ဒီတလောအတွင်းတွင်တီဗီကြည့်ရင်း လောကအကြောင်းများစွာကို လေ့လာခဲ့သဖြင့် ခေါင်းငြိမ့်လိုက်သည်။


“ကောင်းပြီလေ”


လုဟယ်နျန်က ခေါင်းငြိမ့်ကာဆက်မေးလာသည်။

“အထက်တန်းစာတွေလေ့လာနေတယ်ဆိုတော့ မင်းကကျောင်းတက်ချင်သေးတာလား”


“ကျောင်းတက်ဖို့လား”

ယွင်ရုန်ကချက်ချင်းခေါင်းခါပြသည်။သူမသာကျောင်းသွားတက်ပါက ကလေးသေးသေးလေးတစ်ယောက်ကိုတောင်ယှဉ်နိုင်မည်မဟုတ်ပေ။ထိုသို့ဆိုပါက ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်မလဲ။


“ကျွန်မက ကိုယ့်ဘာသာလေ့လာနိုင်ပါတယ်”


လုဟယ်နျန်က ဘာမှထပ်မပြောတော့ပေ။ယွင်ရုန်က တစ်ခါမှစာမဖတ်ဘူးကြောင်းပြောခဲ့ပြီးပြီဖြစ်သည်။အခုချိန်မှကျောင်းသွားတက်ပါက သူမ အမှီလိုက်နိုင်မှာမဟုတ်ပေ။ထို့အပြင်‌ကျောင်းမှကလေးများနှင့်လည်း အသက်ကွာဟမှုကြီးရှိနေ၏။သူမက စာမလိုက်နိုင်ပါက မိန်းမငယ်လေးကိုထိတ်လန့်သွားစေနိုင်သည်။


လုဟယ်နျန်က ဘာဖြစ်လာနိုင်သည်ကိုတွေးကြည့်လိုက်ကာ ချက်ချင်းပင်ယွင်ရုန်ကိုကျောင်းပို့မည့်အတွေးအားပယ်ချလိုက်သည်။သူ၏သွယ်လျသောလက်ချောင်းများက စာအုပ်ထဲမှသင်္ချာပုစ္ဆာကိုထောက်ကာ မေးလိုက်သည်။


“အခုဒီပုစ္ဆာကိုဖြေရှင်းနေတာလား”


“ဟုတ်တယ် အရမ်းခက်တာဘဲ ကျွန်မလုံးဝကိုနားမလည်ဘူး”

ယွင်ရုန်က သူမဆံပင်ရှည်များကိုဖွကာ ရှုပ်ပွသွားစေလေသည်။


မထင်မှတ်ထားစွာဖြင့် သူမအဖြေကိုကြားသောအခါ လုဟယ်နျန်က ဆောင့်ကြောင့်ထိုင်ချလာပြီး ဘောပင်ကိုကောက်ကိုင်ကာ 3Dအတုံးပေါ်တွင် မျဉ်းတစ်ကြောင်းဆက်ဆွဲလိုက်သည်။ထို့နောက်သူကခေါင်းမော့ကာ ယွင်ရုန်ကိုကြည့်ပြီး အေးစက်သော်ငြားရှင်းလင်းသည့်အသံဖြင့်ပြောလာ၏။


“ဒီကနေမျဉ်းတစ်ကြောင်းဆွဲလိုက် အဲ့ဒါကိုဒါနဲ့ဆက်。。。。ပြီးရင် ဒီဧရိယာကိုတွက်လို့ရပြီ”


ယွင်ရုန်က မတုံးပေ။တကယ်တမ်းတွင် သူမက ဥပမာပုစ္ဆာကိုကြည့်ပြီးကတည်းက နည်းနည်းနားလည်နေပြီးသားဖြစ်သည်။သို့သော် ဥပမာပုစ္ဆာက ရိုးရှင်းသော်လည်း လေ့ကျင့်ခန်းပုစ္ဆာများက အလွန်ခက်ခဲလေသည်။


လုဟယ်နျန်၏ရှင်းပြချက်ကို ကြားသောအခါ သူမမျက်လုံးများကတောက်ပလာသည်။သူမက သူ့ဘေးတွင်ငုတ်တုပ်ထိုင်ကာ ပြောလာသည်။


“တကယ်တော့အရမ်းရိုးရှင်းတာပဲ ရှင်ကအရမ်းတော်လိုက်တာ”


ငယ်ရာမှကြီးလာသည်အထိ လုဟယ်နျန်က လူဘယ်လောက်များများသူ့ကိုထက်မြက်သည်ဟုပြောခဲ့သည်ကိုမမှတ်မိနိုင်တော့ပေ။ သူ့ရင်ထဲတွင် တစ်ခါမှမတုန်လှုပ်ဖူးပေ။သို့သော် ယွင်ရုန်၏ တလက်လက်တောက်ပနေသောမျက်လုံးများက သူ့ကိုစိုက်ကြည့်လာသောအခါ သူ့ခံစားချက်များကပြောမပြနိုင်လောက်အောင်တက်ကြွလာလေသည်။


သူကပြုံးကာပြောလိုက်သည်။


“နောက်ပိုင်းမှာ တစ်ခုခုနားမလည်တာရှိလာရင်လဲ ကိုယ့်ကိုမေးလို့ရတယ်”


“ဒုတိယအစ်ကိုက တကယ်ကိုလူကောင်းတစ်ယောက်ပဲ”


ယွင်ရုန်က လုဟယ်နျန်သည် သူမလိုပညာအရည်အချင်းမရှိသည့်ဝန်ထမ်းအား သဘောမကျမဖြစ်သွားရုံသာမက သင်ကြားပေးလိုစိတ်ရှိနေမည်ဟုမထင်ထားခဲ့ပေ။ရုတ်တရက်ပင် *သူ့ပုံရိပ်ကတကယ်ကြီးမားလာသည်*ဟုခံစားမိသွားသည်။သူမကပြုံးရွှင်စွာဖြင့် သူ့လက်မောင်းကိုဆွဲကာ ရှေ့နောက်ယမ်းလိုက်သည်။

(Tn:အဲ့ဒါကသူရဲကောင်းတစ်ယောက်ကိုတွေ့လိုက်ရသလို သူ့ပုံရိပ်ကသူမရင်ထဲမှာ ဘယ်လိုမှမမှီနိုင်တဲ့အမြင့်မျိုးရောက်သွားတာကိုပြောချင်တာပါ)


လုဟယ်နျန်က အပေါ်ဝတ်မပါဘဲ ရှပ်အင်္ကျီကိုသာဝတ်ထားခြင်းဖြစ်သည်။ယွင်ရုန်၏လက်က သူ့လက်ကိုဆွဲလာသောအခါ သိသာသည့်နွေးထွေးမှုတစ်ခုက သူ့တစ်ကိုယ်လုံးကိုပျံ့နှံ့သွားသည်။သဘာဝမကျသည့်အလင်းရောင်တစ်ခုက သူ့မျက်နှာပေါ်၌ပေါ်လာသော်လည်း သူမလက်ထဲမှမရုန်းလိုက်ပေ။


“နောက်ကျနေပြီ ကိုယ့်အိမ်ကိုသွားကြတာပေါ့”

သူကနူးညံ့စွာပြောလိုက်သည်။


ယွင်ရုန်က ခေါင်းငြိမ့်လိုက်ပြီး အခန်းထဲဝင်ကာအဝတ်လဲလိုက်ပြီးနောက် လုဟယ်နျန်နောက်မှလိုက်သွားလိုက်သည်။


*****


လုမိသားစုအိမ်တွင်...

 ကျန်းရှုဟွားက မီးဖိုချောင်မှသူများကို စားစရာတစ်ချို့ထပ်ပြင်ရန်မှာကြားနေ၏။သူမက အိမ်အကူအား ယွင်ရုန်လိုမိန်းမငယ်များကြိုက်တတ်သည့်သရေစာများကို အထူးတလည်ပင် သွားဝယ်ခိုင်းလိုက်သေးသည်။သူတို့အိမ်တွင် မုန့်စားသူဟူ၍ ကုယွမ်ယွမ်တစ်ယောက်တည်းသာရှိသောကြောင့် အိမ်တွင်မုန့်အများအပြားမရှိပေ။


ဆိုဖာပေါ်တွင် ကျန်းယန်ကအာလူးကြော်ကိုစားရင်း ရယ်မောကာပြောလာ၏။


“ဖွားလေး ဒုတိယဦးလေးက ဒီညအိမ်ပြန်လာမှာလား”


ကျန်းယန်က ကျန်းရှုဟွားအစ်ကို၏မြေးဖြစ်သည်။သူငယ်ငယ်တုန်းက လုအိမ်တွင်နှစ်အနည်းငယ်လောက်နေခဲ့ဖူး၏။ဤဆက်ဆံရေးကြောင့် သူကလုဟယ်နျန်ကိုဒုတိယဦးလေးဟုခေါ်သည်။


“ပြန်လာမှာ အခုဘဲသူနဲ့ဖုန်းပြောပြီးတာ ရောက်ဖို့သိပ်မကြာတော့ဘူးတဲ့”


ကျန်းရှုဟွားက ခေါင်းငြိမ့်လိုက်သည်။

“ဒီနေ့နင်အရင်ပြန်မသွားနဲ့နော် နင့်ဦးလေးနဲ့မတွေ့ရတာလဲကြာနေပြီမလား အတော်ဘဲ နင်တို့တွေ အရင်တုန်းကအကြောင်းတွေကို ပြန်ပြောလို့ရတာပေါ့”


ကျန်းယန်က သူမစကားကိုကြားသောအခါ လည်ပင်းကိုကျုံ့ပြီးပြန်ဖြေလိုက်သည်။


“မပြောတာကပိုကောင်းပါတယ်”


သူနှင့်လုဟယ်နျန်က အသက်၇နှစ်ကွာ၏။ငယ်ရာမှကြီးလာသည်အထိ သူကဒီဒုတိယဦးလေးနှင့်အမြဲနှိုင်းယှဉ်ခံခဲ့ရသည်။သူတို့ငယ်ငယ်တုန်းက လုဟယ်နျန်သူ့အပေါ်အသုံးပြုခဲ့သည့်နည်းလမ်းများကိုတွေးလိုက်မိသောအခါ ကျောချမ်းသွားခေသည်။


“သူ့ကိုအဲ့လောက်တောင်ကြောက်တာလား”

ကျန်းရှုဟွားက ကျန်းယန်၏ပုံစံကိုမြင်သောအခါ ရယ်ချင်သွားသည်။


“ဘယ်လိုဖြစ်လို့သူ့ကိုကြောက်ရမှာလဲ၊ သူကကျွန်တော့်ရဲ့ဒုတိယဦးလေးလေ သူ့ကိုလေးစားတာပါ”

ကျန်းယန်က ‌လှည့်ကြည့်ကာဖြေလိုက်သည်။


သူပြော၍မပြီးသေးခင်မှာဘဲ အေးစက်သည့်အသံက တံခါးနားမှထွက်လာ၏။

“မင်းရဲ့ဝမ်းကွဲကငါ့ကိုပြောပြီးပြီ မင်းငါ့ရုံးမှာနှစ်ဝက်လောက်အလုပ်သင်လာလုပ်လို့ရတယ် ငါမင်းကိုကောင်းကောင်းလေ့ကျင့်ပေးမယ်”


ကျန်းယန်ကထိုစကားကိုကြားသောအခါ ဆိုဖာပေါ်မှအလန့်တကြားထရပ်လိုက်သည်။သူကခါးသီးစွာအော်ပြောလာ၏။


“ဒုတိယဦးလေး ကျွန်တော်က ၂၃နှစ်ဘဲရှိသေးတယ်လေ”


လုဟယ်နျန်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ယွင်ရုန်ကိုကျန်းရှုဟွားဆီခေါ်သွားလိုက်သည်။


“မား ဒါကယွင်ရုန်ပါ”

ထို့နောက်သူကယွင်ရုန်ကိုပြောလာသည်။

“ဒါကကိုယ့်အမေ”


“မင်္ဂလာပါ ဒေါ်လေး”

ကားထဲတွင် ကျန်းရှုဟွားကို ဘယ်လိုခေါ်ရမလဲစိုးရိမ်နေခဲ့သည့် ယွင်ရုန်ကအခုတွင်ပြုံးပြီးနှုတ်ဆက်လာ၏။


ကျန်းရှုဟွားက လုဟွားနျန်ဆီမှတစ်ဆင့် ယွင်ရုန်သည်ကြယ်ပွင့်များလိုလှသည့် မိန်းကလေးဖြစ်ကြောင်းကြားခဲ့ပြီးသားဖြစ်သည်။သူမရင်ထဲတွင် ယွင်ရုန်ကိုငယ်သေးသော်လည်း အသက်နှစ်ဆယ်လောက်တော့ရှိနေမည်ဟုထင်ထားခဲ့ခြင်းဖြစ်သည်။သို့သော်သူမရှေ့တွင် ထီးထီးကြီးရပ်နေသောယွင်ရုန်ကိုမြင်လိုက်ရသောအခါ မအံ့ဩမိဘဲမနေပေ။မထင်ထားစွာဖြင့်ယွင်ရုန်၏အသွင်အပြင်က သိမ်မွေ့သော်ငြား သန့်စင်ပြီးနူးညံ့သောပုံစံလည်းရှိနေဆဲဖြစ်သည်။သူမပုံစံက ခုထိအရွယ်မရောက်သေးသည့်ပုံပေါ်နေ၏။


သူမကပြုံးပြီး ချစ်စရာကောင်းစွာနှု‌တ်ဆက်လာသည်မှာ မြင်လိုက်ရသောသူများကိုချစ်ခင်မိသွားစေ၏။ကျန်းရှုဟွား၏နှလုံးသားကနူးညံ့သွားကာ ချက်ချင်းပင် ကြင်နာလိုစိတ်များပြည့်နှက်လာသည်။သူမက ယွင်ရုန်၏လက်ကိုဆွဲယူကာ ပြန်ဖြေလိုက်သည်။


“မင်္ဂလာပါ.. မင်္ဂလာပါကွယ် မိန်းကလေးကအရမ်းလှတာပဲ...”


သူ့မအသက်ကအလွန်ကြီးနေပြီဖြစ်သော်လည်း ချစ်စရာကောင်းကာ တွေးခေါ်တတ်သည့် မိန်းမငယ်လေးများကိုသဘောကျနေဆဲဖြစ်သည်။ကျန်းရှုဟွားတွင်လည်း မြေးမလေးတစ်ယောက်ရှိ၏။သူမ၏အကြီးဆုံးသားတွင်လည်း သမီးတစ်ယောက်ရှိကာဒီနှစ်တွင် 12နှစ်ရှိပြီဖြစ်သည်။သို့သော်သူမချွေးမကြီး၏ဆုံးမမှုအောက်တွင် မြေးဖြစ်သူက ထိန်းမနိုင်သိမ်းမရဖြစ်ကာ ခေါင်းမာ၏။သူတို့ဆုံသောအချိန်တိုင်းတွင် စကားတစ်လုံးနှစ်လုံးထက်ပိုမပြောဖြစ်ပေ။


“နာမည်က ယွင်ရုန်မလား မင်္ဂလာပါ ငါကကျန်းယန်”


ဘေးမှကျန်းယန်က ယွင်ရုန်ကိုမြင်သောအခါ ဝင်နှုတ်ဆက်လာ၏။လူတိုင်းက မိန်းမလှလေးများကိုသဘောကျတတ်ပေသည်။


“မင်္ဂလာပါ”

ယွင်ရုန်က ခေါင်းငြိမ့်ပြလိုက်သည်။


ကျန်းယန်က ဒီတလောလေးတွင်မှပြည်ပကပြန်ရောက်လာခြင်းဖြစ်ကာ ယွင်ရုန် ကုယွမ်ယွမ်ကိုကယ်ခဲ့သည့်အကြောင်းမသိပေ။ကျန်းရှုဟွားက သူ့ကိုပြောပြလာသောအခါ သူကယွင်ရုန်ကိုအံ့အားတကြီးကြည့်လိုက်မိသည်။သူကယွင်ရုန်ဘေးတွင်ထိုင်ကာပြောလာသည်။


“ယွင်ရုန် မင်းကအရမ်းအံ့ဩစရာကောင်းမယ်လို့မထင်ထားဘူး အဲ့ဒီအချိန်တုန်းကကြောက်နေလား”


“ဘာကိုကြောက်စရာလိုလို့လဲ အဲ့ဒီလူကလမ်းဆုံးရောက်နေပြီလေ ထိခိုက်ခဲ့တဲ့သူက ကျွန်မ မဟုတ်ဘူး”


ကျန်းယန်က ကြည့်ကောင်းသောအသွင်ဖြင့်‌ကြီးပြင်းလာခဲ့သော်လည်း လုဟယ်နျန်၏ထက်မြက်ကာလျစ်လျူရှုတတ်သည့်ပုံစံမျိုးနှင့်မတူပေ။ထို့အပြင်သူ၏ပုံစံက တက်ကြွလန်းဆန်းမှုများပြည့်နေ၏။မက်မွန်သီးအသွင်မျက်ဝန်းများက ပြုံးလိုက်သောအခါ နူးညံ့ပြီး ချစ်မြတ်နိုးစိတ်များ ပြည့်နေသလိုပင်ဖြစ်သည်။


လုဟယ်နျန်က သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေ၏။လူနှစ်‌ယောက်ကြားမှအကွာအဝေးက10cmလောက်တောင်မရှိသည့်အပြင် ကျန်းယန်၏ဂုဏ်ဖော်နေသောအကြည့်များပါထပ်ပေါင်းလိုက်သောအခါ သူ့အကြည့်များကလေးလံလာလေသည်။


ကျန်းယန်ကစကားပြောနေချိန်တွင် လုဟယ်နျန်ကနှုတ်ခမ်းကိုစေ့ကာဝင်ပြောလာ၏။


“ကျန်းယန် ယွင်ရုန်ကငါ့ကိုဒုတိယအစ်ကိုလို့ခေါ်တာ မင်းကသူ့ကိုဒေါ်လေးလို့ခေါ်သင့်တယ်”


ဒေါ်လေးတဲ့လား။


ကျန်းယန်က ရုတ်တရက်ပင်မျိုးဆက်တစ်ဆက်ငယ်သွားရသည့်အတွက် အံ့ဩသွားကာ လက်ထဲမှမုန့်များကိုခြေမွမိမတတ်ဖြစ်သွားသည်။သူက ကြောင်တောင်တောင်ဖြင့် လုဟယ်နျန်ကိုကြည့်လာသည်။


“ဒုတိယဦးလေး တကယ့်ဆွေမျိုးရင်းတွေမဟုတ်ရင် အဲ့လိုဝါကြီးတာကိုလိုက်နာစရာမလိုဘူးလေ ဟုတ်တယ်မလား”


ဒီမိန်းမငယ်လေးကိုဒေါ်လေးလို့ခေါ်ရမှာလား၊ သူ့ပါးစပ်ကိုဘယ်လိုဖွင့်ပြီးခေါ်နိုင်မှာလဲ။


“ဟယ်နျန် ?”

ကျန်းရှုဟွားကလည်း လုဟယ်နျန်ကိုအံ့ဩစွာကြည့်လိုက်မိသည်။


လုဟယ်နျန်က အမူအရာနည်းနည်းလေးတောင်မပြောင်းဘဲပြောလာ၏။


“ဒီကိစ္စကို ကျဲလည်းသိတယ် ကျွန်တော်တို့တွေယွင်ရုန်ကို ညီမလေးအဖြစ်သတ်မှတ်ထားကြတာ”


“ဒီကိစ္စကိုဘာလို့စောစောကတည်းက မပြောခဲ့တာလဲပြင်ဆင်မှုနည်းနည်းလေးတောင်မရှိဘူး”


ကျန်းရှုဟွားက အကြည့်လွှဲလိုက်သည်။သူမသားငယ်၏ပုံစံက အတော်လေးသာမာန်မဟုတ်သလိုခံစားမိသွားလေသည်။


သို့သော်လည်း သူမကလျင်မြန်စွာပျော်ရွှင်လာကာ ယွင်ရုန်လက်ကိုဆွဲယူရင်းပြောလိုက်သည်။


“နင်တို့နှစ်ယောက်က ဒီကလေးကိုအသိအမှတ်ပြုထားမှတော့ ယွင်ရုန်ကငါ့ရဲ့မွေးစားသမီးပေါ့ နောက်တစ်ခါဒီကိုလာရင် သေချာပေါက်လက်ဆောင်တစ်ခုခုပြင်ထားရမယ်”


ဤကိစ္စက ဒီလိုပဲပြီးသွားကာ ဘေးမှကျန်းယန်က ဘာတစ်လုံးမှဝင်မပြောလိုက်နိုင်ပေ။သူက ရုတ်တရက်ကြီးဒေါ်လေးတစ်ယောက်ကောက်ရသွားသည်ကို နားမလည်နိုင်ဖြစ်နေလေသည်။



⛰️