⛰️Chapter 32
ဝက်မိစ္ဆာ။
ယွင်ရုန်စားနေသည့်အချိန်တွင် ဘေးဘက်မှမိန်းကလေးနှစ်ယောက်၏စကားသံထွက်လာ၏။
“ဟိုတယ်အနောက်ဘက်က မက်မွန်ပွင့်တွေကိုတွေ့ပြီးပြီလား”
“တွေ့ပြီးပြီ အရမ်းလှတာဘဲ အရင်တစ်ခါငါရွာဘက်ကိုခရီးသွားတုန်းက အဲ့ဒီမှာလည်းမက်မွန်တောတစ်ခုရှိတယ် ဒါပေမယ့် ဒီကအပင်တွေလောက် ပွင့်တာမလှဘူး၊ ဒီကအပွင့်တွေက အရမ်းကြီးပြီး အဆုပ်လိုက်ကြီးတွေပြွတ်သိပ်နေတာ ပန်းဘောလုံးကြီးလိုဘဲ”
“ဒါကိုကြည့်စမ်း”
နှစ်ယောက်ထဲမှတစ်ယောက်က သူမအိတ်ထဲမှအညိုရောင်အရာတစ်ခုကိုထုတ်ပြလာသည်။
တစ်ဖက်မိန်းကလေးက မျက်မှောင်ကြုတ်ကာမေးလာ၏။
“အိုင်းယားး ဘာလို့မက်မွန်ကိုင်းချိုးခဲ့တာလဲ”
မက်မွန်ကိုင်းချိုးခဲ့သည့် မိန်းကလေးကသက်ပြင်းချကာ သူမမျက်နှာက စိတ်အားငယ်လာလေသည်။
“လူတိုင်းက သက်ရှိတွေအားလုံးမှာ ဝိညာဉ်တွေရှိတယ်လို့ပြောကြတယ် နင်ပြောကြည့် ပုံမှန်ဆိုမက်မွန်ပွင့်တွေက သုံးလနဲ့လေးလပိုင်းလောက်မှပွင့်ကြတာ အခုတော့ ဩဂုတ်လရောက်နေတာကို ပွင့်နေပြီ။အဲ့ဒါက ဒီမက်မွန်ပင်ကအရမ်းအစွမ်းရှိတယ်လို့ဆိုလိုလိုက်တာမလား။ငါမက်မွန်ကိုင်းတစ်ကိုင်းချိုးလာတော့ ငါလည်းယောက်ျားတွေနဲ့ကံကောင်းချင်ကံကောင်းသွားနိုင်တာဘဲ စီနီယာကလည်းငါ့ကိုအာရုံစိုက်ကောင်းစိုက်လာနိုင်တယ်”
“စီနီယာနင့်ကိုအမြန်ဆုံးသတိထားမိစေမယ့်နည်းလမ်းက သူ့ကိုဖွင့်ပြောလိုက်တာပဲ”
သူမရှေ့တွင်ထိုင်နေသည့်မိန်းကလေးက သူမနဖူးကိုစိတ်မရှည်စွာပုတ်လိုက်သည်။
“နှစ်နှစ်လောက်ကြိတ်ကြိုက်နေတာကို ဖွင့်တော့မပြောဘဲနဲ့ မက်မွန်ကိုင်းတစ်ခုအပေါ်မျှော်လင့်နေတာလား နင်ခေါင်းမကောင်းတော့ဘူးလို့ငါထင်တယ်”
“ငါမလုပ်ရဲလို့ဟ ဟုတ်ပြီလား”
ထိုမိန်းကလေးက နှုတ်ခမ်းစေ့ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ဖြေလာသည်။
“ဘာကိုမလုပ်ရဲတာလဲ နင်သာဖွင့်မပြောရင် နောက်နှစ်ဆိုစီနီယာကဘွဲ့ရတော့မှာနော် အဲ့ဒီအချိန်ကျရင် နင့်မှာအခွင့်အရေးရှိဦးမယ်ထင်လား”
သူမကိုစည်းရုံးနေသောမိန်းကလေးက အသိအသာပင် ပြတ်သားသည့်စိတ်နေသဘောထားရှိ၏။သူမ မျက်လုံးများက အရောင်တောက်နေကာ ဆက်ပြောလာ၏။
“ကျောင်းက နောက်ရက်အနည်းငယ်လောက်ဆိုပြန်ဖွင့်တော့မှာ နင်ကောင်းကောင်းပြင်ဆင်ပြီး ကျောင်းဖွင့်တာနဲ့သူ့ကိုဖွင့်ပြောလိုက်တော့ နင်လုပ်နိုင်သည်ဖြစ်စေ၊မလုပ်နိုင်သည်ဖြစ်စေ ပြတ်ပြတ်သားသားလုပ်လိုက်မှဖြစ်မယ် နင်လိုချင်သလိုမဖြစ်လာခဲ့ရင်လည်း ကျောင်းမှာယောက်ျားကောင်းတွေရှိပါသေးတယ် နောက်တစ်ယောက်ရှာလိုက်”
တစ်ဖက်မှမိန်းကလေး၏မျက်နှာက တွန့်ဆုတ်မှုများဖော်ပြလာသည်။သူမသူငယ်ချင်းစည်းရုံးလာသောအခါ သူမက လက်ထဲမှမက်မွန်ကိုင်းကို ကြည့်လိုက်မိသည်။သူမကတွန့်ဆုတ်လျက်ဖြင့် ဖြည်းဖြည်းချင်းခိုင်မာစွာထလာသည်။သူမက အံကြိတ်ကာ အရေးကြီးသည့်တစ်ခုခုကိုဆုံးဖြတ်ချက်ချလိုက်သည့်ပုံပင်။
စားပွဲနှစ်ခုက သိပ်မဝေးသလို သူတို့ကလည်းတမင်အသံတိုးထားကြ၏။သို့သော် ယွင်ရုန်နှင့်ကုန်တချင်တို့၏အကြားအာရုံမှာ သာမာန်လူသားများလိုမဟုတ်သဖြင့် တစ်ဖက်မှစကားများကိုအလွန်ရှင်းလင်းစွာကြားလိုက်ရသည်။
ယွင်ရုန်က ဘာအမူအရာမှမပြသော်လည်း တစ်ဖက်ရှိကုန်တချင်ကမူ ထိုစကားများကိုကြားပြီးသောအခါ ကြောက်ရွံ့သွားလေသည်။သူက သတိတကြီးဖြင့်ပြောလိုက်သည်။
“စီနီယာယွင် ဒီလူသားမိန်းကလေးတွေက မသိနားမလည်လို့ပါ၊ သူတို့ကြောင့်စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့”
မိစ္ဆာမျိုးနွယ်က သူတို့၏မျိုးနွယ်အပေါ်ခုခံကာကွယ်လိုစိတ်ရှိ၏။ယွင်ရုန်၏ကိုယ်က မက်မွန်ပင်ဖြစ်ရာ လူများကမက်မွန်ကိုင်းချိုးလာသည်ကိုမြင်လိုက်ရသဖြင့် သူမ မပျော်မရွှင်ဖြစ်သွားမှာကို စိုးရိမ်နေခြင်းဖြစ်သည်။
(Tn:ကုန်တချင်က ယွင်ရုန်ကိုမက်မွန်ပန်းမိစ္ဆာလို့ထင်နေတာပါ မက်မွန်ကိုင်းချိုးလာတော့ ယွင်ရုန်ကိုထိပါးသလိုဖြစ်သွားမှာကိုစိုးရိမ်နေတာ)
“ငါက ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်ရမှာလဲ”
ထိုစကားများကို ဘာမှတွေးမနေဘဲပြောလိုက်ခြင်းဖြစ်၏။ယွင်ရုန်ကနားမလည်နိုင်ပေ။သူမမော့ကြည့်လိုက်သောအခါ အရှေ့တွင်ထိုင်နေသည့်မိန်းကလေးလက်ထဲမှမက်မွန်ကိုင်းကိုမြင်သွားသည်။မက်မွန်ကိုင်းပေါ်၌ အစိမ်းရောင်ဝိဉာဉ်စွမ်းအင်ဖျော့ဖျော့ရှိနေ၏။
“ဒီနှစ်ရက်ထဲမှာ ဟိုတယ်အနောက်ဘက်ကမက်မွန်ပင်တွေအားလုံး ပွင့်လာကြတယ်၊ ဧည့်သည်တွေနဲ့ဟိုတယ်ကဝန်ထမ်းတွေအားလုံးက ထူးဆန်းလို့သွားကြည့်နေကြတာ၊ လူအများကြီးကြည့်နေကြတော့ တစ်ချို့လူတွေမက်မွန်ပွင့်ယူတာကိုတော့ ရှောင်လို့မရနိုင်ဘူး ဒီမက်မွန်ကိုင်းအတွက် စီနီယာစိတ်မကွက်လိုက်ပါနဲ့”
ကုန်တချင်က သူပြောချင်သည်ကိုရှင်းပြလာသည်။
“ဘာမှမဖြစ်ပါဘူး အဆင်ပြေတယ်”
ထိုစကားကိုကြားသောအခါ ယွင်ရုန်ကနားလည်သွားသည်။၎င်းက သူမ၏ဝိညာဉ်စွမ်းအင်များပိုလျှံနေခြင်းကြောင့်ဖြစ်သည်။သူမက တန့်ချိုးတောင်၏တောင်စောင့်နတ်ဖြစ်သည်။သူမ၏ အနေအထားအရ တောင်တစ်ခုလုံး၏ဝိညာဉ်စွမ်းအင်များသည် သူမတစ်ကိုယ်လုံးနှင့်ဆက်နွယ်နေ၏။ပြောရလျှင် သူမဘယ်နေရာမှာပဲရှိနေပါစေ ဝိညာဉ်စွမ်းအင်များစိမ့်ထွက်မသွားအောင်ထိန်းဖို့ သူမဘယ်လိုပဲကြိုးစားပါစေ ခက်ခဲနေဆဲဖြစ်သည်။လွတ်ထွက်သွားသောစွမ်းအင်များသည် ဟိုင်ကျင်းဟိုတယ်မှအပင်များကို ရှင်သန်လန်းဆန်းလာစေ၏။
သူတို့နှစ်ယောက်စကားပြောနေချိန်တွင် မက်မွန်ကိုင်း၏စွမ်းအင်ကမိန်းမငယ်လေး၏ဆန္ဒနှင့်အတူ လွင့်မျောလာလေသည်။
“ကျွန်မဖွင့်ပြောတာအောင်မြင်ပြီး စီနီယာရဲ့ကောင်မလေးဖြစ်လာဖို့ဆုတောင်းပါတယ်”
ယွင်ရုန်က မိန်းကလေး၏စစ်မှန်သောဆုတောင်းကိုကြားလိုက်ရသဖြင့် အံ့ဩသွားလေသည်။ခနလောက်တွေးလိုက်ပြီးနောက် သူမလက်ဆန့်လိုက်သောအခါ အစိမ်းရောင်အလင်းစက်တစ်ခုက မိန်းကလေး၏ကိုယ်ထဲသို့ဝင်သွားလေသည်။သူမ ကြားလိုက်ရသဖြင့် ကံကြမ္မာဟုသတ်မှတ်နိုင်၏။ထို့ကြောင့် သူမက မိန်းကလေး၏ဆုတောင်းကိုဖြည့်ဆည်းပေးလိုက်လေသည်။
ထိုသို့လုပ်ပြီးနောက် ယွင်ရုန်ကခေါင်းငုံ့ကာ တူဖြင့် အခွံခွာပြီးသား ဂဏန်းလက်မကို ပါးစပ်ထဲထည့်လိုက်သည်။ထို့နောက် သူမက စိတ်ကျေနပ်သွားသည့်အမူအရာပြလာ၏။
မိန်းကလေးက သူမယူသွားသောမက်မွန်ကိုင်းသည် တောင်စောင့်နတ်၏ကောင်းချီးပေးခြင်းကိုခံလိုက်ရပြီဖြစ်ကြောင်း မသိပေ။ထို့အပြင် သူမဆန္ဒကလည်း သေချာပေါက်ဖြစ်လာပေလိမ့်မည်။
ယွင်ရုန်မသိသည်မှာ မိန်းကလေးသည် မက်မွန်ကိုင်းကသူမကိုကံကောင်းစေကြောင်းကို တစ်ခါမှသံသယမဝင်ခဲ့ပေ။သူမက အောင်အောင်မြင်မြင်ဖွင့်ပြောနိုင်ခဲ့ပြီး သူမဆန္ဒအတိုင်းဖြစ်လာခဲ့၏။ထို့နောက်တွင် သူမကသူမ သူငယ်ချင်းများကိုခေါ်လာပေးမည်ဟူသောကတိကိုဖြည့်ဆည်းပေးရန် ဟိုင်ကျင်းဟိုတယ်သို့ အထူးတလည်ပြန်လာခဲ့သည်။ဤသို့ဖြင့် ဟိုင်ကျင်းဟိုတယ်မှ မက်မွန်ပင်များသည် တဖြည်းဖြည်းနှင့်ဖူးစာသစ်ပင်များဖြစ်လာခဲ့လေသည်။
~~~~~~
လုဟွားနျန်က ကုယွမ်ယွမ်ကိုမူကြိုပို့ပေးပြီးနောက် လုအိမ်သို့ပြန်လာခဲ့သည်။သူမရောက်လာသောအချိန်တွင် ကျန်းရှုဟွားကဥယျာဉ်ထဲ၌လက်ဖက်ရည်သောက်နေ၏။အဝေးမှ သူမသမီးရောက်လာသည်ကိုမြင်သောအခါ လန့်သွားပြီး ကိုင်ထားသောလက်ဖက်ရည်ခွက်ပါမှောက်ကျလုနီးပါးဖြစ်သွားသည်။
“ဒီကလေးကတော့ နင်ဆေးတွေသွားထိုးလာတာလား အဲ့ဒါမျိုးတွေမထိုးဖို့ ငါဘယ်နှစ်ခါတောင်ပြောရမှာလဲ အသက်ကြီးလာရင် အဲ့ဒါတွေကြောင့်ဒုက္ခရောက်လိမ့်မယ်”
“ဘာဆေးမှမထိုးထားပါဘူး သမီးကနဂိုလှတာပါနော်”
လုဟွားနျန်က အသက်သုံးဆယ်ကျော်ပြီဖြစ်သော်လည်း လုမိသားစု၏တစ်ဦးတည်းသောသမီးဖြစ်သည့်အပြင် ယောက်ျားဖြစ်သူ၏ငယ်ချစ်ဦးလည်းဖြစ်သောကြောင့် သူမ၏စိတ်နေစိတ်ထားကအလွန်တက်ကြွပေသည်။သူမပျော်ပါက သူမပြောလိုက်သောစကားတိုင်းတွင် ဝမ်းသာအူမြူးမှုများပြည့်နေ၏။
သူမကမပျော်ဘဲနေမလား။မနက်တုန်းက ယွမ်ယွမ်က သူမကိုနတ်သမီးလေးနဲ့တူတယ်လို့ ချီးကျူးခဲ့တာလေ။
“နင်က အမေတောင်ဖြစ်နေပြီ အဲ့လိုပုံစံမျိုးပြောနေတုန်း”
ကျန်းရှုဟွားက သူမသမီးဆီမှအကြည့်လွှဲလိုက်သည်။
“ဘာလို့ပြောလို့မရရမှာလဲ မားက သမီးရဲ့အမေလေ ဘာမပြောနိုင်စရာရှိလို့လဲ”
လုဟွားနျန်က ကျန်းရှုဟွားဘေးတွင်ဝင်ထိုင်လိုက်သည်။သူမက သူမအမေကိုမှီကာပြောလာ၏။
“မား သမီးကိုကြည့်ကြည့်ပါဦး ဘာတွေပြောင်းလဲသွားလဲလို့”
အမေကျန်းကသူမမေးခွန်းကိုကြားသောအခါ လုဟွားနျန်၏မျက်နှာနားသေချာကပ်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။သူမသေချာမကြည့်ပါက သတိထားမိမည်မဟုတ်ပေ။သေချာကြည့်လိုက်သောအခါ ကျန်းရှုဟွားက တုန်လှုပ်သွားပြီး အံ့ဩတကြီးပြောလာ၏။
“အရင်နှစ်ရက်လောက်တုန်းက နင်ဒီကိုလာတုန်းက ဒီလိုပုံစံမဟုတ်ပါဘူး တစ်ရက်လောက်ပဲမတွေ့ရသေးတာကို နင့်အသားအရေကဘာလို့ဒီလောက်တောင်ကောင်းလာတာလဲ၊ အလှပြင်ဆိုင်က treatmentအသစ်ထွက်လာတာလား”
“မဟုတ်ပါဘူး မား သမီးပြောပြမယ် ဒီလိုဖြစ်ဖို့သမီးကတရုတ်တိုင်းရင်းဆေးတစ်ခုကိုပဲစားလိုက်ရတယ်ဆိုတာကို မားယုံလား”
လုဟွားနျန်က သူမကိုယ်သူမဂုဏ်ယူစွာနှင့် မျက်ခုံးပင့်လိုက်သည်။
“ဘာတိုင်းရင်းဆေးလဲ”
ကျန်းရှူဟွားက သိချင်သွားသည်။
“မနေ့မနက်က ယွင်ရုန် သမီးကိုပေးလိုက်တာ သူပြောတာတော့ အဲ့ဒါကဆေးဖက်ဝင်မြက်တဲ့ သမီးလည်းအဲ့ဒါကို ညက အသုပ်သုပ်စားလိုက်တာ ဒီနေ့မနက်အိပ်ရာလဲနိုးရော သမီးရဲ့အသားအရေကဒီလိုဖြစ်နေပြီ အခုလဲနာရီအနည်းငယ်ရှိနေပြီ သမီးမျက်နှာကမဲတာ၊အစက်တွေပေါ်လာဖို့မပြောနဲ့ အဆီတောင်မပြန်ဘူး”
ကျန်းရှုဟွားကအံ့ဩသွားသည်။
“ယွင်ရုန်လား ယွမ်ယွမ်ကိုကယ်လိုက်တဲ့မိန်းကလေးကို ရှာတွေ့သွားတာလား”
“အဲ့လိုဆိုမှ မား ဟယ်နျန်ကိုသေချာစကားပြောသင့်တယ် သူကယွင်ရုန်ကိုရှာတွေ့တာ အသိသာကြီးကို သူမသိဘူးလို့ပြောခဲ့တာ”
လုဟွားနျန်က အတင်းပြောချင်စိတ်များပြည့်နေသော အပြုံးဖြင့်ပြုံးလာသည်။
“မနေ့တုန်းက သမီးသူတို့နဲ့ဆုံတဲ့အချိန်မှာ သူတို့က လက်ဖက်ရည်စံအိမ်မှာ အတူတူမနက်စာစားနေကြတာ”
“အဲ့ဒါကမဖြစ်နိုင်လိုက်တာ ဟုတ်တယ်မလား”
ကျန်းရှုဟွားက အံ့ဩကာ မျက်လုံးပြူးသွားသည်။သူ့ဘဝကံတရားနှင့် စိတ်နေစိတ်ထားကြောင့် သူမ၏သားငယ်သည် မိန်းကလေးတစ်ယောက်နှင့် တစ်ခါမှညစာမစားဖူးပေ။အိမ်တွင်မိသားစုစုံစုံလင်လင်စားဖို့တောင် ရှားပါးလှသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ သမီးရဲ့မျက်လုံးနှစ်လုံးရဲ့သေချာမြင်ခဲ့တာပါနော်”
လုဟွားနျန်က အံ့ဩတကြီးဖြင့် သူမ၏ပုံစံကိုတောင်မထိန်းနိုင်ဘဲ အမေကျန်းကိုပြောပြလာသည်။နှလုံးသားရေးကိစ္စများသည် အမကြီးတစ်ယောက်ကဝင်ပါသင့်သောနေရာမဟုတ်ရာ သူမကသက်ပြင်းချလိုက်သည်။
“သမီးမြင်သလောက်ဆို ဟယ်နျန်က ယွင်ရုန်ကို သူ့ဘဝကံကြမ္မာနဲ့ပတ်သက်တဲ့ကိစ္စထဲဝင်ပါခိုင်းဖို့ မစီစဉ်ထားလောက်ဘူး”
“အဲ့ဒီကိစ္စက ဆရာသခင်ကျန်းပြောပုံအရဆို အရမ်းအန္တရာယ်များတယ် မိန်းမငယ်လေးတစ်ယောက်ကိုဝင်ပါခိုင်းတာက တကယ်ကိုမကောင်းဘူး”
အမေကျန်းက အပြုံးပျောက်သွားပြီး လေးနက်စွာပြောလာသည်။
တကယ်တမ်းတွင်သူမက ယွင်ရုန်အပေါ်အရမ်းယုံကြည်ချက်မရှိပေ။ဆရာသခင်ကျန်းက ရွှမ်းမန်လောကတွင် နိုင်ငံအတွင်းရှိ အတော်ဆုံးများထဲမှတစ်ယောက်ဖြစ်နေပြီဖြစ်သည်။သူတောင်နည်းလမ်းမရှာနိုင်သဖြင့် မိန်းကလေးတစ်ယောက်ဆိုပါက ဘယ်လိုများသူ့ထက်ပိုပြီးအရည်အချင်းရှိနိုင်မှာလဲ။
ဟယ်နျန်၏ကိစ္စအကြောင်းပါလာသောအခါ အမေကျန်းကအမြဲလိုပင်စိတ်ဓာတ်ကျလာခဲ့၏။၎င်းက လုမိသားစုစိုးရိမ်နေရသောကိစ္စတစ်ခုဖြစ်သည်။သူမအမေကိုကြည့်ကာ လုဟွားနျန်က ထိုသို့ထုတ်ပြောမိသည်ကိုနောင်တရသွားပြီး စကားလွှဲလိုက်သည်။
“မား ယွင်ရုန်ပေးလိုက်တဲ့ဂျင်ဆင်းရိုင်းကိုစားပြီးပြီလား ဘယ်လိုနေလဲ တစ်ခုခုအကျိုးပြလား”
ဆရာသခင်ကျန်းပြန်သွားသောအခါ ဂျင်ဆင်းရိုင်းပမာဏအများအပြားကို ဆေးဖော်ရန်ယူသွားပြီး လတ်ဆတ်သည့်ဂျင်ဆင်းအနည်းငယ်လောက်ကိုသာချန်ထားခဲ့ကာ တတ်နိုင်သမျှမြန်မြန်စားလိုက်ရန် ပြောခဲ့၏။
“ဂျင်ဆင်းဆိုတာက အာနိသင်ပြတာနှေးတဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးလေ ဘယ်လိုလုပ်ပြီးဒီလောက်မြန်မြန်ရလဒ်သိနိုင်မှာလဲ”
ကျန်းရှူဟွားကရယ်လိုက်သည်။
“မားပဲ စိတ်ထင်တာလားတော့မသိပါဘူး မနေ့ညကကောင်းကောင်းအိပ်ပျော်သွားတယ် မနက်အထိတစ်ချက်လေးတောင်မနိုးဘဲ တစ်ချိုးတည်းအိပ်ပျော်သွားတာ”
“အဲ့ဒါကဂျင်ဆင်းရဲ့အာနိသင်ကြောင့်ဘဲဖြစ်မှာ ဆရာသခင်ကျန်းက အဲ့ဒီဂျင်ဆင်းကိုအလေးထားနေမှတော့ သာမာန်ဘယ်ဟုတ်မလဲ”
လုဟွားနျန်က လက်ရှိတွင်ယွင်ရုန်ကိုခိုင်မြဲစွာယုံကြည်နေ၏။
“မနေ့က ယွင်ရုန်နဲ့အတူစားတော့ သူကသာမာန်မဟုတ်တာကိုခံစားရတယ် လှပြီးချစ်စရာကောင်းတယ် သူ့ကိုတွေ့လိုက်ရရင်သမီးပျော်နေရော”
လုဟွားနျန်က ထိုစကားကိုထပ်ခါတလဲလဲပြောနေသဖြင့် ကျန်းရှုဟွား၏သိချင်စိတ်များက မြင့်တက်လာသည်။
“အဲ့လိုစိတ်ချမ်းမြေ့စရာကောင်းတဲ့ မိန်းကလေးမျိုးကတကယ်ရှိတာလား”
“သမီးအာမခံတယ် မားသာယွင်ရုန်ကိုတွေ့ရင် သမီးထက်တောင်သူ့ကိုပိုသဘောကျသွားမှာ”
လုဟွားနျန်ကခေါင်းငြိမ့်ကာ အာမခံလာ၏။
“ယွင်ရုန်ကို အိမ်မှာ တစ်ခါလောက်ထမင်းစားဖို့ဖိတ်လိုက်ရင်ရော ဘယ်လိုလဲ အဲ့လိုဆိုမားလည်းသူနဲ့တွေ့လို့ရပြီ”
ကျန်းရှုဟွားက ထိုသို့မပြောခင်တွင် ခနလောက်ရပ်သွားသေးသည်။သူမကတကယ်သိချင်နေမိသည်။ဘယ်လိုမိန်းကလေးကများ သူမသားငယ်ကိုမြင့်မားတဲ့မြင်းပေါ်ကဆင်းလာစေတာလဲ။
(Tn:မာနမကြီးတော့တာကိုပြောတဲ့စကားပုံပါ)
အမေကျန်းက မိုးကြိုးလိုဖြတ်သွားကာလေပြင်းလိုလှုပ်ရှားတတ်သည့်သူမျိုး(ပြတ်ပြတ်သားသားလုပ်တတ်သည့်သူမျိုး)ဖြစ်သည်။သူမက လုဟယ်နျန်ကိုဖုန်းခေါ်နေချိန်တွင် တစ်ဖက်ကအိမ်အကူများကို ဟင်းလျာအနည်းငယ်ပြင်ဆင်ဖို့မှာနေပြီဖြစ်သည်။
ကျန်းရှုဟွားဆီမှဖုန်းခေါ်လာသောအခါ လုဟယ်နျန်က ယွင်ရုန်၏ရုံးခန်းအတွက် အတွင်းရေးမှူးများ၏ပြင်ဆင်မှုကိုကြည့်နေသည့်အလယ်တွင်ဖြစ်သည်။အခန်းက သိပ်မကြီးသော်လည်း အလုပ်စားပွဲ၊ကွန်ပျူတာ၊ ရုံးသုံးပစ္စည်းများနှင့် ဆိုဖာကြီးတစ်လုံးလည်းရှိ၏။ဆိုဖာက ယွင်ရုန်လှဲအိပ်လို့ရသည်အထိကြီးသည်။ဆိုဖာဘေးတွင် ဈေးကွက်ထဲမှ မုန့်မျိုးစုံထားသည့်နေရာရှိ၏။တစ်ဖက်တွင် တံခါးနှစ်ဖက်ဖြင့်ရေခဲသေတ္တာတစ်လုံးရှိကာ အထဲတွင်သေချာပေါက်စားစရာအများအပြားကိုထည့်ထားလေသည်။
လုဟယ်နျန်က အခန်းထဲကိုတစ်ချက်ကြည့်ပြီးနောက် ဖုန်းကိုင်လိုက်သည်။
“ဟယ်နျန် သားအခုရုံးမှာလား”
အမေကျန်းကမေးလိုက်သည်။
လုဟယ်နျန်က ဟုတ်ကြောင်းအသံပြန်ပြုသောအခါ ကျန်းရှုဟွားက ဆက်ပြောလာသည်။
“ညနေကျရင် ယွင်ရုန်ကိုသွားကြိုလိုက်ပါလား၊ မားအိမ်မှာညစာပြင်ထားတယ် ယွမ်ယွမ်ကိုကယ်ပေးတာကိုကျေးဇူးတင်ဖို့ အိမ်မှာတစ်ခါလောက်ညစာစားဖို့ဖိတ်လိုက်လေ”
ကျန်းရှုဟွားက လုဟယ်နျန်၏စိတ်ကိုနားလည်၏။ထို့ကြောင့်သူမက အခြားဘာကိုမှမပြောဘဲ ကယ်တင်ပေးသည့်အတွက်ကျေးဇူးတင်ချင်ကြောင်းသာပြောလိုက်သည်။
လုဟယ်နျန်ကမျက်မှောင်ကြုတ်လိုက်သည်။
“မား အဲ့လိုလုပ်ဖို့မလိုဘူးလို့ထင်တယ်၊ ယွင်ရုန်ကိုကျေးဇူးတင်ဖို့ကိစ္စက ကျွန်တော်လုပ်လိုက်。。。。”
သူစကားမဆုံးခင်မှာဘဲ ကျန်းရှုဟွားကဖြတ်ပြောလိုက်သည်ယ
“နင်ကနင် လုမိသားစုကလုမိသားစုဘဲ ယွမ်ယွမ်ကိုကယ်ပေးတဲ့ကိစ္စကြီးမျိုးကို ငါတို့လုမိသားစုက ကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်သင့်တာပေါ့ ငါတို့မိသားစုကကျေးဇူးမသိတတ်တဲ့သူတွေမဟုတ်ဘူး”
အမေကျန်းက ဒီလိုပြောနေပြီဖြစ်သဖြင့် လုဟယ်နျန်ကဆက်ငြင်းလို့မကောင်းပေ။ခနလောက်စဉ်းစားပြီးသူကပြန်ဖြေလိုက်သည်။
“ယွင်ရုန်ဘက်က ဘယ်လိုသဘောထားရှိတယ်ဆိုတာကို အရင်ဆုံးစောင့်ကြည့်ရလိမ့်မယ် သူမသဘောတူရင် ကျွန်တော်သူမကိုခေါ်ပြီးအတူလာခဲ့ပါ့မယ်”
ထိုအခါမှသာ ကျန်းရှုဟွားက စိတ်ကျေနပ်သွားပြီး ရယ်ကာပြောလာ၏။
“အဲ့လိုလုပ်စမ်းပါ ကောင်မလေးကိုမြန်မြန်မေးကြည့်လိုက် သူမ ဒီနေ့လုပ်စရာတစ်ခုခုရှိတယ်ဆိုရင်လည်း နောက်တစ်ချိန်ကို ပြောင်းလိုက်လို့ရတယ်”
ဘေးဘက်မှအတွင်းရေးမှူးကျုံးက ယွင်ရုန်နာမည်ကိုကြားသောအခါ နားရွက်ထောင်လာလေသည်။သူတို့က ဒါရိုက်တာတစ်ယောက် ယွင်ရုန်ဟူသောမိန်းကလေးကိုလိုက်နေသည်ဟု အတွင်းရေးမှူးကျန်းပြောသည်များကိုသာကြားဖူး၏။ဒီရုံးခန်းက ထိုမိန်းကလေးအတွက်အထူးတလည်ပြင်ပေးထားခြင်းဖြစ်သည်။သူတို့၏ထင်မြင်ချက်အရဆိုလျှင် ဒါကအတိအကျကို သူတို့နီးစပ်လာဖို့သာဖြစ်သည်။
အခု မိသားစုနှင့်တွေ့မည်ဆိုသည့်စကားကိုသူကြားလိုက်ရတာလား။ဒီနှုန်းက ဒုံးကျည်လိုအရှိန်နဲ့သွားနေတာဘဲမလား။
လုဟယ်နျန်က တစ်ဖက်လှည့်လာသောအခါ အတွင်းရေးမှူးလေးယောက် သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရ၏။သူတို့မျက်နှာပေါ်တွင် အတင်းအဖျင်းသိလိုသည့်အမူအရာများဖြစ်နေရာ လုဟယ်နျန်၏မျက်နှာကမည်းမှောင်သွားသည်။
“ဒါရိုက်တာ ဒီလိုစီစဉ်ထားတာက အဆင်ပြေလား”
အတွင်းရေးမှူးဝမ်ကျင်းက ငေးနေရာမှသတိဝင်လာပြီး ဆတ်ခနဲခေါင်းငုံ့ကာ မေးခွန်းထုတ်ဟန်ဆောင်လိုက်သည်။
“ဒီနေရာက အလုပ်လုပ်မယ့်နေရာလား”
လုဟယ်နျန်က အိတ်ကပ်ထဲလက်ထည့်ကာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးစက်စွာပြောလာသည်။
“ပြန်လုပ်လိုက်”
ထိုသို့ပြောပြီးနောက် သူကကျန်းချုံမင်ကိုလက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကျန်းချုံမင် နောက်လအတွက်မင်းရဲ့ဘောနပ်ကိုလျှော့လိုက်ပြီ”
အတွင်းရေးမှူးအားလုံးက ဒီလိုကြည့်နေသည်မှာ wechatဂရုထဲတွင်ကျန်းချုံမင်လျှောက်ပြောထားသောကြောင့်သာဖြစ်လိမ့်မည်။
လစာလျှော့ခံရသဖြင့် ကျန်းချုံမင်ကနာကျင်သွားသည့်ပုံစံပြလာသော်လည်း မငြင်းဆန်ရဲပေ။သူငြင်းလိုက်ပါက လစာလျှော့ခံရတာလောက်ရိုးရှင်းတော့မှာမဟုတ်ပေ။
ဒါပေမယ့်ဒါရိုက်တာရဲ့ပုံစံက ဘယ်လိုဖြစ်လို့ အလှောင်ခံရတာကိုဒေါသထွက်ပြီးထွက်ပြေးချင်နေတဲ့ပုံစံဖြစ်နေတယ်လို့ ခံစားနေမိတာပါလိမ့်။
⛰️