⛰️Chapter 31
:ဝက်မိစ္ဆာ။
ဧည့်ကြိုကောင်တာမှဝန်ထမ်းများကို ရှင်းပြပြီးနောက် ကုန်တချင်က ယွင်ရုန်ဆီသွားလိုက်သည်။
ဤအချိန်တွင်ယွင်ရုန်က ကျင့်ကြံပြီးသွားသဖြင့် ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်နေ၏။တီဗီတွင်《Taste of China》ဟူသောအစီအစဉ်ကိုထုတ်လွင့်နေကာ ၎င်းက အရသာရှိသည့်စားစရာများကိုတင်ဆက်ပေးရုံသာမက ချက်ပြုတ်နည်းများပါပါ၏။ယွင်ရုန်ကကြည့်ရင်းဖြင့် ဆက်တိုက်ကိုတံတွေးမြိုချနေမိသည်။ကြည့်ရုံသာကြည့်ပြီး မစားနိုင်တာထက် ဘာကပိုနာကျင်စရာကောင်းဦးမှာလဲ။
မြင်နေရပေမယ့် မစားနိုင်ဘူး။
ယွင်ရုန်က လေးလေးနက်နက်ကြည့်နေချိန်တွင် တံခါးခေါက်သံတစ်ခုထွက်လာ၏။သူမသွားဖွင့်လိုက်သောအခါ မျက်နှာချိုသွေးသည့်အပြုံးနှင့် ကုန်တချင်ကိုတွေ့လိုက်ရသည်။သူက သူမကိုမြင်သောအခါ ချက်ချင်းပင် ဘူးလေးတစ်ခုကိုလက်ဆောင်ပေးလာ၏။
“စီနီယာယွင်က ဖုန်းမရှိဘူးလို့ပြောဖူးလို့လေ ကျွန်တော်က နောက်ဆုံးပေါ်ဖုန်းကိုအထူးဝယ်ပေးလာတာ”
ကုန်တချင်က ပြောရင်းဖြင့်အခန်းထဲသို့ဝင်လာသည်။
“မထိုက်တန်တဲ့ဆုကိုမယူနဲ့တဲ့ ငါကနင်ပေးတာကိုယူရလောက်တဲ့အထိ အင်အားနည်းမနေပါဘူး”
ယွင်ရုန်ကလက်ခါပြလိုက်သည်။အရင်တစ်ကြိမ်တွင်သူမပေးခဲ့သည့် စိတ်ဝိညာဉ်စွမ်းအင်အတွက် ကုန်တချင်က သူမကိုတစ်မီလီယမ်ပေးချေခဲ့၏။၎င်းနှင့်တင်သူမက ရှက်နေပြီဖြစ်သည်။
“ဘာလို့မထိုက်တန်ရမှာလဲဗျ စီနီယာယွင်က ကျွန်တော်တို့ကုန်မိသားစုရဲ့ကျေးဇူးရှင်ကြီးပါ မနေ့တုန်းက ကျွန်တော့်ကလေးငါးယောက်က စီနီယာပေးတဲ့စိတ်ဝိညာဉ်လုံးတွေကိုစားလိုက်တာ ဒီနေ့မနက်လည်းကျရော အသွင်တောင်ပြောင်းနိုင်နေပြီ အဲ့ဒါကကျွန်တော်တို့မမျှော်လင့်ထားမိတဲ့ကိစ္စကောင်းပါဘဲ”
ကုန်တချင်က နူးညံ့သောအပြုံးဖြင့်ပြန်ဖြေလာသည်။
သူက ထိုကိစ္စအကြောင်းတွေးမိသောအခါ တကယ်ပင်ပျော်ရွှင်မိသည်။သူနှင့်သူ့မိန်းမသည် နိုင်ငံမထူထောင်ခင်ကတည်းက ခွေးမိစ္ဆာဖြစ်လာခဲ့ကြခြင်းဖြစ်သည်။သူတို့ဆီတွင် ရှားပါးကြီးကျယ်သည့်သွေးမျိုးဆက်မပါသလို အမွေဆက်ခံမှုများတောင်မရှိခဲ့ပေ။ဒီတစ်ကြိမ်မွေးလာသည့်ကလေးများမှာ ပိုပိုအားနည်းလာ၏။သူတို့နှင့်သာမာန်ခွေးများကြားတွင် ကွာခြားချက်သိပ်မရှိပေ။
ယွင်ရုန်သာ စိတ်ဝိညာဉ်စွမ်းအင်လုံးများမပေးခဲ့ပါက သူတို့ကလေးများသည် ဘယ်အချိန်ကျမှလူသားအသွင်ပြောင်းနိုင်မည်ကို မသိနိုင်ပေ။
တွေးကြည့်လိုက်၊ သူတို့ပတ်ဝန်းကျင်မှာလူသားတွေဝိုင်းနေပြီး အိမ်နီးချင်းအကုန်လုံးကလည်း သူ့မိန်းမမီးဖွားခါနီးဖြစ်နေပြီကိုသိနေကြတာ။မွေးပြီးတဲ့နောက်မှာ ကလေးမဟုတ်ဘဲ ခွေးပေါက်လေးငါးကောင်ကိုသာတွေ့လိုက်ရရင် လူတွေကသူတို့စိတ်ထဲမှာဘာတွေထင်သွားကြမလဲ။
ထိုအချိန်မျိုးတွင် သူကလက်ရှိဘဝကိုစွန့်ပစ်ပြီး တောတောင်ထဲတွင် သီးခြားနေကာ ခွေးပေါက်လေးများအားကျင့်ကြံပေးရာတွင်သာ အာရုံစိုက်ရလိမ့်မည်။
ထို့ကြောင့်ကုန်တချင်က ယွင်ရုန်ကိုတကယ်ကျေးဇူးတင်မိသည်။သူက ဖုန်းကိုဖောက်ရင်း ဆက်ပြောလာ၏။
“စီနီယာယွင် ဒီဖုန်းကစီနီယာပေးတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဘယ်လိုများယှဉ်နိုင်မှာလဲ အခုစီနီယာဆီမှာဖုန်းရှိသွားပြီဆိုတော့ နောက်ပိုင်းကျကျွန်တော်တို့တွေအချင်းချင်းဆက်သွယ်ဖို့ပိုလွယ်သွားတာပေါ့”
“လူသားတွေကမှော်စွမ်းအင်မရှိဘူး အဲ့ဒါကြောင့်သူတို့က အချင်းချင်းဆက်သွယ်ဖို့ဖုန်းကိုအသုံးပြုကြတာ ဒါပေမယ့်နင်ကမိစ္ဆာလေ ဆက်သွယ်ဖို့အတွက်ဖုန်းကိုမလိုပါဘူး”
ယွင်ရုန်က နားမလည်နိုင်ဖြစ်နေ၏။သို့သော်ကုန်တချင်က မနက်ခင်းတွင်ကျင့်ကြံရမည့်အကြောင်းမသိသည်ကို တွေးမိသွားသောအခါ မေးလိုက်မိသည်။
“နင်က အချင်းချင်းဆက်သွယ်တဲ့နည်းလမ်းကို မသုံးနိုင်ဘူးလို့ မပြောနဲ့နော်”
ကုန်တချင်၏မျက်နှာတွင် ရှက်ရွံ့မှုဖြစ်ပေါ်လာပြီး ရယ်သွမ်းသွေးကာပြောလာသည်။
“စီနီယာယွင် ကျွန်တော်တင်မဟုတ်ဘူး လက်ရှိမိစ္ဆာတွေရဲ့ အများစုကလည်းမသုံးနိုင်ကြပါဘူး。。。”
ထိုသို့ပြောပြီးနောက်တွင် သူက ယုံကြည်ချက်ပြန်တက်လာသည်။
မိစ္ဆာတိုင်းက မသုံးနိုင်မှတော့ အဲ့လောက်လည်းရှက်စရာမကောင်းတော့ပါဘူး။
ယွင်ရုန်က စကားပြောရန်ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်တော့ပေ။အခြေခံအကျဆုံးမှော်ပညာတောင်မှ မစွမ်းဆောင်နိုင်ရာ ကိုယ့်ကိုကိုယ်မိစ္ဆာလို့ပြောရဲသေးတာလား။လက်ရှိမိစ္ဆာလောကရဲ့စံနှုန်းက အရမ်းနိမ့်တာဘဲ။
ကုန်တချင်က လူသားများကြားတွင်အချိန်အတော်ကြာနေထိုင်ခဲ့၏။ထို့အပြင်သူ့အလုပ်ကလည်း အများကိုဝန်ဆောင်မှုပေးသည့်နယ်ပယ်တွင်ဖြစ်သည်။သူက နည်းနည်းလေးတောင်ရှက်မနေဘဲ လျင်မြန်စွာပြန်တည်ငြိမ်သွားသည်။သူက ဖုန်းကိုထုတ်ကာ ဆင်းကဒ်ထည့်ပေးလိုက်ပြီးနောက် ဖုန်း၏အခြေခံလုပ်ဆောင်မှုများကိုယွင်ရုန်ကိုရှင်းပြလာသည်။
“စီနီယာယွင် ဒီအက်ပ်ကိုမြင်လား အဲ့ဒါကိုဖွင့်ကြည့်လိုက်ရင် စီနီယာဆီမှာပိုက်ဆံဘယ်လောက်ရှိတယ်ဆိုတာကိုမြင်ရလိမ့်မယ်”
ကုန်တချင်က စိတ်ဖိစီးလာကာ အက်ပ်အားဘယ်လိုသုံးရမည်ကို အကြိမ်အနည်းငယ်လောက်ထပ်ရှင်းပြလိုက်သည်။
၎င်းကမခက်ပေ။ယွင်ရုန်ကတစ်ခါမြင်ဖူးရုံဖြင့် မှတ်မိသွား၏။သူမကချက်ချင်းပင် သူမ၏ငွေကြေးပမာဏကိုစစ်ဆေးကြည့်လိုက်သည်။လုဟယ်နျန်က 20မီလီယမ်ပေးကာ၊ ကုန်တချင်ဆီက1မီလီယမ်နှင့် လုဟွားနျန်က ငါးသောင်းပေးထား၏။လက်ရှိတွင်သူမဆီ၌ယွမ် 21,050,000ရှိလေသည်။
ယွင်ရုန်က သူမငွေကြေးကိုစစ်ဆေးနေချိန်၌ ကုန်တချင်ကိုမရှောင်လိုက်ပေ။ကုန်တချင်၏မျက်လုံးသေးသေးများက ထိုပမာဏကိုမြင်သောအခါ ဘစ်ရှော့ကတော့ဘစ်ရှော့ကြီးပါဘဲဟုတွေးလိုက်မိသည်။သူမ၏ပိုင်ဆိုင်မှုက သူ့ထက်အကြိမ်အနည်းငယ်သာ၏။နောက်မှာသုညတွေဘယ်နှစ်လုံးလဲ၊ ရေတောင်မရေနိုင်တော့ဘူး။
ကုန်တချင်၏အားကျမှုနှင့်ယှဉ်လျှင် ယွင်ရုန်ကသူမ၏ပိုင်ဆိုင်မှုကိုကြည့်ကာ စိတ်ဓာတ်ကျသွားသည်။20မီလီယမ်က အများကြီးဟုထင်ရသော်လည်း 100မီလီယမ်ပြည့်ဖို့အဝေးကြီးလိုသေး၏။သူမက ဘယ်တော့မှ100မီလီယမ်ပြည့်အောင်စုနိုင်မှာလဲ။
ယွင်ရုန်က ဖုန်းဘယ်လိုသုံးရမည်ကို အပြည့်အဝနားလည်လုနီးပါးဖြစ်လာသည်ကိုမြင်သောအခါ ကုန်တချင်ကမေးလိုက်သည်။
“စီနီယာယွင်က မနက်စာစားပြီးပြီလား”
“မစားရသေးဘူး”
ယွင်ရုန် ခေါင်းခါလိုက်သည်။အစက သူမ မနေ့ကစားခဲ့သည့်ကိတ်များကိုသွားဝယ်ချင်ခဲ့၏။သို့သော်သူမတွင်ရှိသည့်ငွေပမာဏကိုမြင်လိုက်ရသောအခါ မစားဖို့ဆုံးဖြတ်လိုက်လေသည်။တန့်ချိုးတောင်ထက် ဘာကမှအရေးမကြီးပေ။
ဘယ်လိုဘဲဖြစ်ဖြစ် သူမကစားဖို့မှမလိုတာ။စားစရာကောင်းစားချင်တာနဲ့ ပိုက်ဆံတွေဖြုန်းလိုက်လို့မဖြစ်ဘူး။
“ဟိုတယ်ပထမထပ်မှာ ဘူဖေးရှိတယ် စီနီယာယွင်နည်းနည်းလောက်စားကြည့်မလား ကျွန်တော်တို့ဟိုတယ်ရဲ့စားဖိုမှူးတွေကလူသိများတယ် ဟိုင်ရှီးမြို့မှာဆို ဒီကအရသာက အကောင်းဆုံးတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရတာ”
ကုန်တချင်က ယွင်ရုန်၏အဖြေကိုကြားသောအခါ ထိုစကားလုံးများကိုချောမွေ့စွာပြောလိုက်သည်။
ယွင်ရုန်က မေးလိုက်မိသည်။
“ဘူဖေးဆိုတာက ဘာလဲ”
ကုန်တချင်က ယွင်ရုန်၏‘အသိဉာဏ်မဲ့ကာအတွေ့အကြုံမရှိ’သည့်ပုံစံကိုအသားကျနေပြီဖြစ်သဖြင့် ရှင်းပြလိုက်သည်။
“ဘူဖေးဆိုတာက တစ်နေရာတည်းမှာစားစရာအများကြီးကိုစီစဉ်ထားတာ စားချင်သလောက်စားလို့ရတယ်၊ ဘယ်လောက်ဘဲစားချင်ပါစေ ဗိုက်ပြည့်တဲ့အထိစားလို့ရတယ်”
(Tn:..ကုန်တချင်ရေ မှားမယ်နော်)
ယွင်ရုန်က ထိုစကားကိုကြားသောအခါ မျက်လုံးများကတဖျတ်ဖျတ်တောက်လာသည်။သို့သော်တစ်စက္ကန့်တောင်မကြာဘဲ ပြန်မှိန်ကျသွားလေသည်။သူမက သည်းခံမှုအပြည့်ဖြင့် ပြောလိုက်သည်။
“ထားလိုက်ပါတော့ ငါ့မှာပိုက်ဆံမရှိဘူး”
သူမအလုပ်လုပ်ပြီး တန့်ချိုးတောင်ကိုဝယ်ပြီးတဲ့အထိသာစောင့်လိုက်။အဲ့ဒီအချိန်ကျရင် ဘာအကြွေးမှမရှ်ိတော့ဘဲ သူမတစ်ကိုယ်လုံးကလွတ်လပ်ပေါ့ပါးလာမှာ။စားချင်သလောက်စားလို့ရပြီ။
ပိုက်ဆံမရှိဘူးလား။ကုန်တချင်က နားကြားမှားသည်ဟုတောင်ထင်သွားသည်။20မီလီယမ်ကျော်တဲ့ပိုက်ဆံတွေက ‘ပိုက်ဆံမရှိတာလား’။ယွင်ရုန်ကိုသာ ပိုက်ဆံမရှိဘူးလို့သတ်မှတ်ရမယ်ဆိုရင် သူကဆင်းရဲမွဲတေနေတယ်လို့တောင်ပြောလို့ရသွားပြီမလား။
သူက ထိတ်လန့်သွားကာ တစ်ချိန်တည်းတွင်ယွင်ရုန်ကိုကြည့်ပြီးတွေးလိုက်မိသည်။မည်သို့ပင်ဖြစ်စေ သူကအပြုံးမပျက်ပြောလိုက်၏။
“မနက်စာဘူဖေးက ပိုက်ဆံပေးစရာမလိုပါဘူး ဒါရိုက်တာက ဟိုတယ်မှာစီနီယာစားချင်သမျှလုပ်ပေးဖို့ညွှန်ကြားပြီးသားပါ အကုန်လုံးအလကားပါဘဲတဲ့”
(TN: ….. (Д゚≡゚Д゚) တကယ်သွားပြီahhhhh )
ဤအချိန်တွင်တောင် ဝန်ထမ်းကောင်းတစ်ယောက်အနေဖြင့် သူကဒါရိုက်တာအပေါ်အမြင်ကောင်းရစေရန်ပြောဖို့လဲမမေ့ပေ။
“တကယ်လား”
ယွင်ရုန်ကအံ့ဩသွားသည်။
“တကယ်ပါဗျာ ကျွန်တော်ကဘာလို့စီနီယာကိုလိမ်ရမှာလဲ အစောကြီးကတည်းက ဒါရိုက်တာကကျွန်တော်တို့ကိုအဲ့လိုမှာထားတာပါ”
ကုန်တချင်ကချက်ချင်းပင် ရင်ဘတ်ကိုပုတ်ပြလာသည်။
ယွင်ရုန်က ကုန်တချင်နောက်မှလိုက်သွားကာ တစ်လမ်းလုံးတွေးနေမိသည်။
ဒါရိုက်တာက တကယ်ကိုကြင်နာပြီး ဂရုစိုက်တတ်တဲ့သူဘဲ။ငါမနေ့က သူ့ကိုအထင်မလွဲလိုက်သင့်ဘူး။
သူမ ရင်ထဲတွင် နောင်တရလာလေသည်။
ဒီလိုလူကောင်းမျိုးက ကောင်းချီးပေးခံရပြီး အကာကွယ်ခံသင့်တယ်။
ယွင်ရုန်ရင်ထဲတွင်လှုပ်ရှားသွားကာ အစိမ်းရောင်အလင်းတစ်စက်က သူမကိုယ်ထဲမှထွက်လာပြီး လေထဲတွင်ပျောက်ကွယ်သွားသည်။
ရုံးသို့သွားသည့်လမ်းတွင်။
လုဟယ်နျန်က ကျယ်ဝန်းသောနောက်ခုံ၌ ထိုင်နေပြီး custom madeအပေါ်ဝတ်အင်္ကျီကို ဘေးတွင်ဖြစ်သလိုချထား၏။သူက ခြေထောက်ချိတ်ကာ မှီပြီးထိုင်နေ၏။
သူကမျက်လုံးများမှိတ်ထားကာ မျက်တောင်ရှည်များက အရိပ်ကျနေပြီး သူ၏မျက်နှာအစိတ်အပိုင်းများကို နူးညံ့သွားစေ၏။သူက US ဘဏ္ဍာရေးဈေးကွက်သတင်းများကိုနားထောင်နေသည့် ကျက်သရေရှိကာ ခန့်ညားတင့်တယ်သည့် အထက်တန်းမျိုးနွယ်မှသားတစ်ယောက်လိုပုံစံဖြစ်နေ၏။
ကားရှေ့ခုံတွင် ကျန်းချုံမင်က လက်တော့ဖွင့်ကာ အလုပ်လုပ်နေချိန်တွင် ရုတ်တရက်ဖုန်းမြည်လာ၏။သူကအသံတိုးကာ တစ်ဖက်နှင့်စကားအနည်းငယ်ပြောလိုက်ပြီးနောက် လုဟယ်နျန်ဘက်လှည့်ကာပြောလာ၏။
“ဒါရိုက်တာ ကျိုးမိသားစုက ဒါရိုက်တာနဲ့လူချင်းတွေ့ချင်တယ်လို့ အခုလေးတင်ဖုန်းဆက်လာပါတယ်”
“ကျိုးကော်မင်လား”
လုဟယ်နျန်က မျက်လုံးမှိတ်ထားလျက်ပင် အရေးမပါသလိုမေးလာ၏။
“သူပါဘဲ သူကပူးပေါင်းဖို့ကိစ္စအတွက် ဒါရိုက်တာနဲ့ကိုယ်တိုင်ကိုယ်ကျတွေ့ချင်ပါတယ်တဲ့”
ကျန်းချုံမင်ကပြန်ဖြေလိုက်သည်။
ကျိုးကော်မင်က ကျိုးကော်တုန်းနှင့်သွေးတစ်ဝက်ညီကိုဖြစ်သည်။သို့သော် ကျိုးကော်မင်ကသာ ကျိုးမိသားစု၏သခင်လေးအစစ်ဖြစ်သည်။ကျိုးကော်တုန်းက မယားငယ်မှမွေးလာခြင်းပင်။သူတို့နှစ်ယောက်က အချင်းချင်းလအနည်းလောက်သာကွာပြီးမွေးလာခဲ့ကြသည်။ကျိုးကော်တုန်း၏မွေးဖွားလာမှုကြောင့် ကျိုးကော်မင်၏မိခင်က မီးတွင်းထဲတွင် စိတ်ကျရောဂါကိုခံစားခဲ့ရကာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့သည်။သူမမသေခင်တွင် ငွေပမာဏအများကြီးကိုသုံးကာ မယားငယ်ကိုသေအောင်လုပ်စေခဲ့၏။ကျိုးကော်တုန်း၏မွေးမိခင်ကြောင့် ကျိုးကော်တုန်းသည်လည်း အပြင်ဘက်တွင်နှစ်သုံးဆယ်ကျော်လေလွင့်ခဲ့လေသည်။
သူ့ကို လွန်ခဲ့သည့်2နှစ်လောက်မှရှာတွေ့ကာ ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။အဖေကျိုးက ခက်ခက်ခဲခဲရှာခဲ့ရသည့် ပျောက်ဆုံးနေသောထိုသားအပေါ်အပြစ်ရှိသလိုခံစားနေရ၏။သူက မယားငယ်နှင့်ပျော်ရွှင်ခဲ့သောအချိန်များကိုလည်း အမှတ်ရလာကာ ကောင်းသောအရာမှန်သမျှကို ထိုသားဖြစ်သူအားပေးချင်လေသည်။
ကျိုးကော်မင်က အဲ့ဒါကိုလက်ခံနိုင်ပါ့မလား။
သူက နှစ်ပေါင်းများစွာကြာသည်အထိ တစ်ဦးတည်းသောဆက်ခံသူဖြစ်နေခဲ့ပြီး ရုတ်တရက်ပင်သူ့နေရာကိုလုမည့်လူတစ်ယောက်ပေါ်လာ၏။တလောလေးကတင် သူက လုဟယ်နျန်ကိုအလုပ်အတူလုပ်ရန် ရှာဖွေလာခဲ့သည်။လုဟယ်နျန်က ရှယ်ယာ30%လိုချင်သည်ဟုဈေးဖွင့်လိုက်သောအခါ ကျိုးကော်မင်ကသဘောမတူခဲ့ပေ။
အစတွင် သူလည်းအချိန်တစ်ချို့လိုအပ်မည်ဟုတွေးထားခဲ့ခြင်းဖြစ်သည်။မထင်မှတ်ထားစွာဖြင့် ခနလောက်သာကြာပြီးချိန်တွင် ကျိုးကော်မင်ကဆက်မထိန်းထားနိုင်တော့ချေ။လုဟယ်နျန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။သူက အလွန်ဝမ်းသာနေသည့်ပုံဖြင့် မျက်လုံးဖွင့်ကာပြောလိုက်သည်။
“သူ30%ကိုသဘောတူမှဆက်ပြောကြတာပေါ့”
ကျန်းချုံမင်က သူ့ဒါရိုက်တာလုပ်နေကျပုံစံကိုသိသဖြင့် ပြုံးကာပြန်ဖြေလိုက်သည်။
“ကျိုးကော်မင်အသံက အလောတကြီးဖြစ်နေတဲ့ပုံပဲ သူပြောတာတော့ ဒါရိုက်တာဘာပဲလိုချင်ပါစေ ကျိုးကော်တုန်းကိုဒေဝါလီခံသွားအောင် လုပ်ပေးနိုင်သရွေ့ အကုန်ဆွေးနွေးလို့ရတယ်တဲ့”
ထို့နောက်သူကဆက်သည်။
“ဒါရိုက်တာ ဒီကိစ္စကချောချောမွေ့မွေ့ကိုပြီးသွားတာပဲ အစတုန်းကကျိုးကော်မင်က လွယ်လွယ်သဘောမတူလောက်ဘူးလို့ ကျွန်တော်ထင်ထားခဲ့တာ”
ကျိုးကော်မင် လက်ထဲမှကုမ္ပဏီက လုအုပ်စုလောက်မကောင်းသော်လည်း ရှယ်ယာ30%ဟူသောပမာဏသည် အနည်းဆုံးဈေးကွက်တန်ဖိုး200မီလီယမ်ရှိ၏။ဒီတစ်ကြိမ်တွင် အချီကြီးရသွားသည်ဟုဆိုနိုင်သည်။
လုဟယ်နျန်က ကျန်းချုံမင်စကားကိုကြားသောအခါ သူ့ခေါင်းထဲတွင်ယွင်ရုန်တက်ကြွစွာပြောခဲ့သည့် ‘ရှင်ကံကောင်းလိမ့်မယ်’ဟူသောစကားကိုတွေးမိသွားသည်။သူက သူမပုံစံကိုတွေးမိသောအခါ ဟက်ခနဲနူးညံ့စွာရယ်လိုက်မိသည်။ဒါကလည်း ကံကောင်းတာလို့ပြောလို့ရပါတယ်။
“ဒါရိုက်တာ ဘာဖြစ်လို့လဲ”
ကျန်းချုံမင်က သူပြောလိုက်ပြီးနောက် ဒါရိုက်တာကရယ်ကာ မျက်နှာကနူးညံ့လာသည်ကိုမြင်သွားသည်။သူကကြက်သီးတဖြန်းဖြန်းထလာကာ တံတွေးမြိုချလိုက်သည်။
“ဘာမှမဟုတ်ဘူး”
ကျန်းချုံမင်၏မေးခွန်းကိုကြားသောအခါ လုဟယ်နျန်ကချက်ချင်းရုပ်တည်သွားသည်။ခုနကပြုံးလိုက်သည်က အမြင်မှားသွားသည်ဟုတောင်ထင်ရ၏။
ဒါရိုက်တာ၏စိတ်နေစိတ်ထားက တကယ်ကိုပြောင်းလဲလာတာဘဲ၊ ခန့်မှန်းလို့ကိုမရတော့ဘူး။အရင်ကဆို သူ့မျက်နှာကတစ်နေကုန်အေးစက်နေတာ။အခုတော့ ရုတ်တရက်ကြီးထရယ်လာတာ၊ အဲ့ဒါကပိုလို့တောင်ကြောက်စရာကောင်းပါတယ်နော် ဟုတ်ပြီလား။
ယွင်ရုန်က လုဟယ်နျန်ဘက်တွင်ဖြစ်နေသည်များကို မသိပေ။ဘူဖေးကျွေးသည့် ထမင်းစားခန်းမထဲသို့ရောက်သည်နှင့် သူမမျက်လုံးထဲတွင်ပန်းများပွင့်လာသည်။(Tn:တကယ်ပွင့်တာမဟုတ်၊ သူမစိတ်လှုပ်ရှားတာကိုတင်စားပြောတာပါ)
သူမစားဖူးသည့် ဒင်ဆမ်းနှင့်ကိတ်များကလွဲလျှင် သူမတစ်ခါမှမမြင်ဖူးသည့် ထိုထက်အရသာရှိသည့်စားစရာများရှိနေသည်ကိုသတိပြုမိသွားလေသည်။
ဒါကဘာကိုထမင်းစားခန်းမကြီးလဲ။ဒါက ပျော်ရွှင်မှုသမုဒ္ဒရာတစ်ခုဘဲ။
ယွင်ရုန်က သူတို့စားချင်သည်များကိုရွေးချယ်သည့် အခြားဧည့်သည်များ၏အပြုအမူကိုလေ့လာလိုက်သည်။သို့သော် သူမ မစားဖူးသည်များက များပြားလှသည်။သူမကအရသာမသိသဖြင့် သူတို့အစဉ်လိုက်အတိုင်းအကုန်ယူလိုက်သည်။ယွင်ရုန်က စိတ်လှုပ်ရှားစွာတွေးလိုက်သည်။
ကိစ္စမရှိဘူး၊အရင်ဆုံးအရှေ့တစ်တန်းကိုစားလိုက်မယ် တစ်ခုပြီးတစ်ခုအကုန်လုံးကိုစားလို့ရမှာပါ။ဘယ်လိုပဲဖြစ်ဖြစ်သူမက အကုန်စားနေနိုင်တာဘဲလေ။
ထမင်းစားခန်း၏အနောက်တွင် မီးဖိုချောင်ထဲမှစားဖိုမှူးက ရုတ်တရက်ကျောချမ်းလာလေသည်။သူက သန့်စင်ခန်းဆီသို့သွားရင်း မျက်မှောင်ကြုတ်ကာပြောလာသည်။
“လောင်ကျန်း ငါတို့ဒီနေ့ပြင်ထားတာတွေက အရမ်းမနည်းနေလောက်ပါဘူးနော်”
“အရမ်းမနည်းပါဘူး ငါတို့ကဟိုတယ်မှာတည်းတဲ့ဧည့်သည်အရေတွက်အတိုင်း ပြင်ထားတာဘဲလေ ပြီးတော့ ပမာဏကိုလည်း အထူးတလည်တိုးထားတယ် လာစားတဲ့သူတွေအားလုံးက ယောက်ျားလေးဖြစ်နေရင်တောင်မှ လောက်နေဦးမှာဘဲ”
လောင်ကျန်းဟုအမည်ရသည့် စားဖိုမှူးကခေါင်းမော့ကာ ပြန်ဖြေလိုက်သည်။
အလွန်လျင်မြန်စွာပင် သူတို့ကမျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။ထမင်းစားခန်းတွင် ဝန်ဆောင်မှုပေးနေသည့်လူများက စားစရာမလုံလောက်ကြောင်းသတင်းပို့လာလေသည်။စားစရာဗန်းအနည်းငယ်က ပြောင်ရှင်းနေပြီဖြစ်သည်။
ဤအချိန်တွင် ယွင်ရုန်က ထောင့်ထဲမှထိုင်ခုံတွင်ထိုင်ပြီး ပျော်ရွှင်စွာစားနေ၏။သူမကအလွန်ဂရုတစိုက်စားကာ ပထမတစ်ကိုက်ကိုအများကြီးမစားပေ။သူမက စားစရာကိုကြိုက်လျှင်တောင်မှ ပန်းကန်ပြောင်သည်အထိမစားပေ။သူမ၏လှုပ်ရှားမှုများက သေသပ်ပြီးကျက်သရေရှိနေရာ တစ်ချိန်လုံးတွင် ဘယ်သူကမှသူမကိုသတိမထားမိကြပေ။သူမပါဝင်လာမှုကြောင့် ထမင်းစားခန်းထဲမှစားစရာပမာဏက အလွန်လျင်မြန်စွာလျော့ကျလာခဲ့လေသည်။
ကုန်တချင်က ယွင်ရုန်ကိုကြည့်ကာ တစ်ခုခုပြောဖို့လုပ်လိုက်သော်လည်း တွေဝေသွားသည်။ သူပဲ အထင်မှားတာများလား၊ ဘစ်ရှော့ကြီးက မက်မွန်ပန်းမိစ္ဆာမဟုတ်ဘဲ ဝက်မိစ္ဆာများလား။
(T/L Note: (*≧▽≦)ノシ)နောက်ဆုံးတော့ တစ်ယောက်ယောက်က ယွင်ရုန်ဘယ်သူလဲဆိုတာကို သတိထားမိသွားပြီဘဲ~~~ hahaha)
⛰️