Chapter 93
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၉၃)

"ဟား ..."

ဆိုဗက်စ်စတာ လေးပင်စွာ သက်ပြင်းချလိုက်ပြီး ခေါင်းကို အနောက်သို့ မှီထားလိုက်သည်။

နေရောင်ခြည်က သူ့မျက်လုံးများအပေါ် ကျဆင်းလာသဖြင့် မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ရင်း လက်ဖဝါးဖြင့် အုပ်ထားလိုက်မိသည်။

"ငါ့ကို ရူးအောင် လုပ်နေတာပဲ။"

သူ အိုဖီလီယာကို မည်သို့ ပြောဆိုဆက်ဆံရမည်မှန်း တကယ်ပင် မသိတော့ပေ။

သူ့ခေါင်းထဲတွင် သိသည်က သူမကို ကွာရှင်းပေးပြီး နှုတ်ဆက်စကားပြောရတော့မည် ဟူ၍သာ။

သို့သော် ၎င်းကို နှလုံးသားက ဝန်ခံလိုခြင်း မရှိခဲ့ပေ။

သူ သူမကို ကြိုက်နေမိသောကြောင့် ဖြစ်၏။

အဲ့လို တကယ်ဖြစ်လာမဲ့အချိန် မရောက်ခင်အထိတော့ ...

ခဏတာအတွင်း ပျောက်ကွယ်သွားနိုင်မည့် စိတ်ခံစားချက် ဖြစ်နိုင်သည်ဟု သူ တွေးမိခဲ့သည်။

သို့သော် အချိန်အတော်ကြာသည်အထိ ကျန်ရှိနေသေးသော စိတ်ခံစားချက်များကို စဥ်းစားကြည့်မည်ဆိုပါက တဒင်္ဂ စိတ်ခံစားချက်တစ်ခုသာ မဟုတ်လောက်ပေ။

ထိုသို့ ဆိုပါက သူ မည်သို့ လုပ်ရမည်နည်း။

ဘာလုပ်ရမလဲ။

ဆိုဗက်စ်စတာ ပြုံးလိုက်ပြီး လက်ကိုမြှောက်၍ ခေါင်းကို အနောက်သို့ လှန်ချလိုက်သည်။

ငါ အရှုံးပေးသင့်တယ်။

အင်း

အိုဖီလီယာ ပြောခဲ့သည့်အတိုင်း သူတို့ ကွာရှင်းရနိုင်သည်။

ပြီးနောက် သူက မူလအစီအစဥ်အတိုင်း ဆက်လက်နေထိုင်သွားရမည်။

အဲ့လိုမျိုးပဲ၊ဒီတော့ ...

ဆိုဗက်စ်စတာ အသက်ပြင်းပြင်း ရှူလိုက်သည်။အဝေးသို့ လွှင့်ပစ်ထားသော ဖောင်တိန်က သူ့ဆီ ပြန်ရောက်လာခဲ့၏။အလုပ်တွင် စိတ်နှစ်ထားရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်သည်။

ထိုအချိန်တွင်

ဒေါက် ဒေါက်

"သခင် ... ကျွန်တော် ဝင်လာလို့ ရပါသလား ခင်ဗျာ။"

မနက်ကတည်းက ဆိုဗက်စ်စတာ၏ ပြင်းပြင်းထန်ထန်ဆူပူခြင်းကို ခံလိုက်ရသော နေးလ်၏အသံ ဖြစ်ပါ၏။

ဆိုဗက်စ်စတာက နေးလ်နှင့် အငြင်းအခုံ ဖြစ်ခဲ့သည်ကို သတိထားမိသည်။ထို့သို့နောင်တရသော ခံစားချက်ကြောင့် နေးလ်ကို ဝင်လာရန် အမိန့်ပေးလိုက်သည်။ထိုအခါ နေးလ် ဝင်လာခဲ့၏။

"ဘာကိစ္စလဲ။"

"အာ ...ဟုတ်ကဲ့၊ ဘာမှ မဟုတ်ပါဘူး ခင်ဗျာ။"

နေးလ်က အနည်းငယ် စိုးရွံ့နေသော အမူအရာဖြင့် ဆိုဗက်စ်စတာကို ဆက်ဆံခဲ့သည်။

အဟမ်း

ချောင်းတစ်ချက်ဆိုးပြီးနောက် သူက နက်ခ်တိုင်ကို သေသပ်အောင် ပြင်လိုက်ပြီး ဆိုဗက်စ်စတာကို ကြည့်လာသည်။

"သန်ဘက်ခါမှာ ကျင်းပမဲ့ တော်ဝင်ကပွဲကို သခင် တက်ရောက်မှာလားလို့ ကျွန်တော် သိခွင့်ရချင်လို့ပါ။"

ဆိုဗက်စ်စတာ၏မျက်ခုံးများ အနည်းငယ် ပြေလျော့သွားရ၏။

"ဒီအချိန်တောင် ရောက်လာပြီလား။"

တော်ဝင်ကပွဲအခမ်းအနား ကျင်းပမည်ကို သူ သိသော်လည်း ဤမျှ စောစော ကျင်းပမည်ဟု မသိထားပေ။

ဆိုဗက်စ်စတာ ခပ်တိုးတိုး စုတ်သပ်လိုက်သည်။

ထိုကပွဲက ကောင်းမွန်စွာ ကျင်းပနိုင်လိမ့်မည်ဟု မခံစားရပေ။ဆိုဗက်စ်စတာ နဖူးကို ထောက်၍ စဥ်းစားနေမိ၏။

"အိုဖီလီယာ ကရော။"

"မဒမ်ကတော့ တက်ရောက်မယ်လို့ ပြောပါတယ် ခင်ဗျ။"

ဟူး...

သူ စုတ်သပ်လိုက်ပြီး မေးတစ်ချက် ဆတ်လိုက်၏။

"ဒါဆို ငါလည်း သွားသင့်တာပေါ့။"

ဆိုဗက်စ်စတာ လက်မြှောက်လိုက်သည်။သူ တက်ရောက်ရန် ဆန္ဒရှိ၏။

နေးလ် ခေါင်းငြိမ့်လိုက်ပြီး ဆိုဗက်စ်စတာ၏မျက်လုံးများကို သတိထား၍ ကြည့်လိုက်သည်။

"ဒါပေမဲ့ သခင် ..."

"ဘာလဲ"

"ကျွန်တော် ကြားမိတာ တစ်ခုရှိပါတယ်။"

"ပြော"

"ကပွဲမှာ မဒမ်က အိမ်ရှေ့စံအရှင့်သားနဲ့ ပထမဦးဆုံး တွဲကပါမယ်တဲ့ ခင်ဗျ။"

ဂျွတ်

ဆိုဗက်စ်စတာ၏ဖောင်တိန်မှာ အပိုင်းပိုင်း ကျိုးကြေသွား၏။

"မင်း ဘယ်လို သောက်ကျိုးနည်းတွေ ပြောနေတာလဲ။"

"ဒါ ...ဒါက ..."

နေးလ် ပခုံးများကို ကျုံ့၍ နောက်တစ်လှမ်း ဆုတ်လိုက်၏။

"မဒမ်နဲ့ အရှင့်သားက အပေးအယူတစ်ခု လုပ်ခဲ့တယ်လို့ ကြားရပါတယ်။အပေးအယူနဲ့ပတ်သက်ပြီး အသေးစိတ်တော့ မသိခဲ့ရပါဘူး။ဒါပေမဲ့ သူတို့နှစ်ယောက် ပထမဦးဆုံး အတူတူ တွဲကပါလိမ့်မယ်တဲ့ ခင်ဗျ။"

"ဝါး ... တကယ်ပေါ့ !"

ဆိုဗက်စ်စတာ ခုန်ထလိုက်၏။

ဝုန်း

သူထိုင်နေသော ထိုင်ခုံမှာ နောက်ပြန် လဲကျသွားပြီး ကျိုးပဲ့သွားရ၏။

"သူမက ငါ့ကို ရူးအောင် လုပ်ဖို့ စီစဥ်ထားတာပဲ ... သူမ လုပ်နေတာ။"

ဆိုဗက်စ်စတာ အော်လိုက်ပြီး နဖူးကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိသည်။

သူ ပြတင်းပေါက်ဘက်သို့ လှည့်လိုက်ပြီး ဟိုဟိုသည်သည် လမ်းလျှောက်နေပြီးမှ အလုပ်စားပွဲရှိရာသို့ ပြန်ရောက်လာသည်။

"ငါ သူတို့ကို ဒီလိုလုပ်ခွင့် ပြုမှာ မဟုတ်ဘူး။"

ဘန်း!

သူ စားပွဲခုံကို ကြမ်းတမ်းစွာ ရိုက်ချလိုက်လေသည်။

"ဘယ်တော့မှပဲ!"

လူး ... လူး... လား.. လာ

ကျွန်မ လေနွေးနွေးလေးကို ခံစားရင်း ခံစားချက် ပိုကောင်းလာခဲ့သည်။

ကျွန်မ၏ခံစားချက် ကောင်းလာရခြင်း အကြောင်းရင်းမှာ ရိုးရှင်းလှ၏။

ပိုက်ဆံဖြုန်းရန် အပြင်ထွက်လာကတည်းကပင်။

ထို့အပြင် ဂျက်စမင်က ကျွန်မနှင့်အတူသွားရန် ဆုံးဖြတ်ခဲ့သည်။သူမက ကျွန်မနှင့် အလိုက်ဖက်ဆုံး ဝတ်စုံကို ရှာဖွေပေးမည်ဟု ပြောခဲ့၏။

ဘယ်လောက်တောင် ကောင်းလိုက်တဲ့ သူငယ်ချင်းဆက်ဆံရေးလဲ!ကွာရှင်းပြီးချိန်တွင်လည်း သူမတို့နှင့် ဆက်ဆံရေးကောင်းလေးတစ်ခုကို ဆက်လက်ထိန်းသိမ်းထားလျှင် ကောင်းမည်ဟု ကျွန်မ တွေးမိသည်။

သို့သော် ထိုသို့ မဖြစ်နိုင်ပါပေ။

ထိုသူများ ကျွန်မကို သဘောကျနေရခြင်းမှာ ရိုင်ဇန်မြို့စားကြီးကတော် ဖြစ်နေသောကြောင့်သာ ဖြစ်သည်။

ထိုသို့ တွေးမိသွားလျှင် အနည်းငယ် ခါးသက်သက် ခံစားလိုက်ရ၏။

သို့သော် ဘာတတ်နိုင်မည်နည်း။

ကျွန်မ ကွာရှင်းရလိမ့်မည်။ထိုဆုံးဖြတ်ချက်ကို ပြန်ပြင်ရန် စိတ်ကူးမရှိပါ။

ရှောင်လွှဲ၍ မရခဲ့ပြီးနောက် မည်သို့ ဖြစ်လာမည်နည်း။

၎င်းကို စိတ်ထဲတွင် ထားလိုက်ပြီး ရထားလုံးထဲဝင်လာသော ဂျက်စမင်ကို ကျွန်မ နှုတ်ဆက်လိုက်သည်။

"ရုတ်တရက် လှမ်းခေါ်လိုက်တာကို ရှင် လက်ခံဖို့ ဆန္ဒရှိခဲ့တာ ကျွန်မ မယုံနိုင်သေးဘူး ... ကျေးဇူးတင်ပါတယ်။"

"ဘုရားရေ မဒမ်! ဘာလို့ ဒီလိုတွေ ပြောနေရတာပါလဲ။"

ဂျက်စမင်က ပြုံး၍ လက်ခါလိုက်သည်။

"မဒမ်က ကျွန်မကို ခေါ်လိုက်တာကြောင့် ဂုဏ်ယူနေရမှာပါ။မဒမ့်ရဲ့ဝတ်စုံကို ကျွန်မကိုယ်တိုင် ရွေးချယ်ပေးခွင့်ရမယ်ဆိုတာ မယုံနိုင်သေးပါဘူး။ဒီထက် ပိုပြီး ပျော်စရာကောင်းတာ ရှိသေးပါရဲ့လား။"

ဂျက်စမင်က မြှောက်ပင့်ပြောဆိုရာတွင် အလွန်တော်သူဟု ထင်ရသည်။

ထို့ကြောင့် ကျွန်မ ပို၍ သဘောကျလာရသည်။

ရထားလုံး မထွက်ခင်ကတည်းက ကျွန်မ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေခဲ့သည်။

အိုဟောင်းပြီး စုတ်ချာနေသော ဗိုင်းကောင့်မြို့စားစမစ်၏အိမ်တော်။

အစတွင် ထိုမိသားစုမှာ ဤမျှ ပျက်စီးယိုယွင်းနေခဲ့သည် မဟုတ်ပေ။

ကျွန်မ ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်မိသည်။

"ရှင် ကျွန်မကို ပေးထားတဲ့ မိုင်းတွင်းတစ်တွင်း ရှိတယ်မဟုတ်လား။"

ဂျက်စမင်နှင့် ပထမဦးဆုံးအပေးအယူလုပ်ခဲ့စဥ်က ရလာခဲ့သော မိုင်းတွင်းကို ကျွန်မ ပြန်သတိရသွားမိသည်။

"ဟုတ်ကဲ့ မဒမ်"

"အဲ့ဒီမိုင်းတွင်းရဲ့ ပိုင်ဆိုင်မှုခွင့်တစ်ချို့ကို ကျွန်မ ရှင့်ဆီ ရှယ်ယာခွဲပေးချင်ပါတယ်။"

"ရှင်!"

ဂျက်စမင် အံ့ဩသွားပြီး ပြန်မေးလိုက်၏။

"ဒါ ...ဒါပေမဲ့ အဲ့ဒီမိုင်းတွင်းက ကြည့်စရာ များများစားစား မရှိတဲ့ မိုင်းတွင်းတစ်ခုပါပဲ။အရိုးသားဆုံး ပြောရမယ်ဆိုရင် မဒမ် ဘာလို့ ဒီမိုင်းတွင်းကို ယူသွားတာလဲဆိုတာ ကျွန်မတောင် မသိပါဘူး။"

"အဲ့လိုလား"

ရထားလုံး စတင်ထွက်ခွာသည်နှင့် ကျွန်မ ထိုင်ခုံနောက်မှီကို အားရပါးရမှီ၍ ထိုင်ပြီး လက်ပိုက်ထားခဲ့သည်။

ကျွန်မ အဘယ်ကြောင့် ထိုမိုင်းတွင်းကို ယူခဲ့ရပါသနည်း။

၎င်း၏အောက်တွင် နစ်မြုပ်နေသော စိန်တွင်းတစ်တွင်း ရှိနေသောကြောင့် ဖြစ်ပါ၏။

ထိုမိုင်းတွင်း၏အောက်နက်နက်အထိ တူးဆွကြည့်ရန် မိုင်းတွင်းအလုပ်သမားများကို အမိန့်ထားပေးပြီးသား ဖြစ်လေရာ ပွပေါက်တိုးလာသည်နှင့်တစ်ပြိုင်နက် ကျွန်မထံသို့ ချက်ချင်းဆိုသလို ဆက်သွယ်လာလိမ့်မည်။

ထိုမတိုင်ခင်ကတည်းက ကြိုတင်၍ ဂျက်စမင်ကို ပိုင်ဆိုင်မှုအချို့ ပေးထားချင်ခဲ့သည်။

သူမကို သဘောကျသည်က တစ်ကြောင်း၊သူမအပေါ် အပြစ်မကင်းသလို ခံစားနေရသည်က တစ်ကြောင်းကြောင့် ဖြစ်၏။

ထိုအပြစ်မကင်းဖြစ်နေခြင်းကို ဖြေရှင်းရန်အတွက် မိုင်းတွင်း၏ပိုင်ဆိုင်မှုကို ဂျက်စမင်နှင့်အတူ ရှယ်ယာခွဲလိုက်သည်က ပို၍ ကောင်းပေသည်။

"ဒါပေမဲ့ ကျွန်မက ရှင့်ကို ပိုင်ဆိုင်မှုတစ်ချို့ ခွဲပေးချင်နေတုန်းပါပဲ။"

ဂျက်စမင် ပါးစပ်ထပ်မဖွင့်ခင် ကျွန်မ ပြောလိုက်သည်။

"ကောင်းတာတစ်ခုခု ဖြစ်လာနိုင်မှာပါ။"

ဂျက်စမင်၏မျက်လုံးများ လှုပ်ခတ်သွားရ၏။

သူမက မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ပြီး လက်များကိုလည်း အချင်းချင်း ဆုပ်ကိုင်ထားလိုက်သည်။

သူမ ဘာတွေ တွေးနေတာပါလိမ့်။

ကျွန်မ ကောင်းစွာ မခန့်မှန်းနိုင်လေရာ ဂျက်စမင်ကိုသာ စိုက်ကြည့်နေခဲ့မိသည်။

"ကျွန်မလဲ အဲ့ဒါကို စောင့်မျှော်နေပါ့မယ်၊ကျေးဇူးတင်ပါတယ် မဒမ်။"

မျက်လုံးများ ပြန်ဖွင့်လာသော ဂျက်စမင်မှာ အကြောင်းပြချက်တစ်ချို့ကြောင့် မျက်ရည်ဝဲနေခဲ့လေသည်။

ဘာဖြစ်လို့ပါလိမ့်။

ကျွန်မ နားမလည်သောကြောင့် ခေါင်းကို စောင်းငဲ့လိုက်မိသည်။

"အာ ...ကျွန်မ တောင်းပန်ပါတယ်။ နည်းနည်းလေး ရူးကြောင်ကြောင်ဖြစ်သွားတယ်။"

ဂျက်စမင်က မျက်လုံးများကို လက်ကိုင်ပဝါဖြင့် သုတ်လိုက်၏။

"မဒမ်က ကျွန်မအတွက် အများကြီးတွေးပေးလို့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်။"

မဟုတ်ပါဘူး၊ကောင်းပြီလေ။

ငါ့ရဲ့အပြစ်မကင်းစိတ်ကို သက်သာသွားအောင် လုပ်ဖို့ ကြိုးစားခဲ့တာပါပဲ။

အကြောင်းပြချက်မရှိဘဲ ရှက်လာရသဖြင့် ကျွန်မ၏ပါးပြင်များ နီမြန်းလာရ၏။

"မဒမ် ၊ရှင်ရဲ့ကြင်နာတတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်မ စောင့်မျှော်နေပါ့မယ်။"

ဂျက်စမင်က ကျွန်မ၏လက်ကို ဆုပ်ကိုင်လာလျှင် ကျွန်မလည်း ပြန်ဖြေရမည့်အစား သူမ၏လက်ဖမိုးကိုသာ ပုတ်ပေးလိုက်မိသည်။

တစ်နည်းတစ်ဖုံအားဖြင့် ကျွန်မ ခံစားချက် ပိုကောင်းလာခဲ့သည်။

ယနေ့မှာ သာယာသော နေ့လေးတစ်နေ့ပင်။

*

ကျွန်မတို့ မဒမ်အန်တဲ၏ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ကျွန်မ၏ရထားလုံး ရပ်တန့်သွားသည်နှင့် အန်တဲက အော်ဟစ်လိုက်ပြီး ဆိုင်ထဲမှ ပြေးထွက်လာခဲ့၏။"ဘုရားရေ ... မြို့စားကြီးကတော်ပါလား !"

သူမက ရေးကြီးခွင်ကျယ်လုပ်၍ ကျွန်မဘေးတွင် ပတ်ချာလည် လှည့်နေခဲ့သည်။

"မဒမ်က သန်ဘက်ခါမှာ ကျင်းပမဲ့ တော်ဝင်ကပွဲအတွက် ဝတ်စုံဝယ်ဖို့ ရောက်လာခဲ့တာပါလားရှင်။တကယ်ကြီး ကျွန်မရဲ့ဆိုင်ကိုလေ။"

မဒမ်အန်တဲက ကျွန်မကို ကြောက်ရွံ့တတ်မှန်း သေချာပါ၏။သို့သော် ယခု၌ ထိုသို့ မဟုတ်တော့ပုံရ၏။

သူမ၏မျက်လုံးများ ဝင်းလက်နေသည်မှာ အမှန်ပင် ကြောက်စရာကောင်းလှသည်။

"အာ ...အင်း၊ဟုတ်ပါတယ် ... နှစ်ရက်ပဲကျန်တော့တာဆိုတော့ ဖြစ်နိုင်ပါ့မလား။မဟုတ်ရင်လဲ အိမ်တော်မှာရှိပြီးသား ဝတ်စုံတစ်စုံပဲ ဝတ်သွားလို့ ရပါတယ်။"

"ဒါပေါ့ ... ဖြစ်နိုင်ပါတယ်ရှင်။"

မဒမ်အန်တဲက လက်ခုပ်တီးလိုက်ပြီး ကျွန်မ၏လက်ကို လှမ်းဆွဲလိုက်သည်။

"နှစ်ရက်က ဘာလဲ၊တစ်ရက်ထဲနဲ့တောင် ပြီးပါတယ်ရှင်။ဒါမှသာ မဒမ့်ကို ကျွန်မရဲ့ဝတ်စုံလေး ဝတ်ဆင်ပေးခွင့်ရမှာပါ။"

"အိုး ...အာ ... ဟုတ်တာပေါ့။"

မဒမ်အန်တဲ ထိုသို့ဖြစ်နေသည်ကို ကျွန်မ မမြင်ဖူးပါ။

ရှင်က တကယ်ကို စိတ်အားထက်သန်တဲ့ မိန်းမ ဖြစ်နေပါလား။

ပြန်ဖြေပြီးနောက် သူမ၏ညွှန်ကြားပေးမှုအရ ဆိုင်အတွင်းရှိ ပန်းချီခန်းထဲသို့ လိုက်လာခဲ့၏။

"ဒီမှာ ကတ်တလောက်ပါ မဒမ်၊ရှင့်စိတ်ကြိုက် ဒီဇိုင်းနဲ့ အရောင်ကို ကျေးဇူးပြုပြီး ကျွန်မတို့ဆီ ပြောပေးပါ။"

"ကောင်းပြီ"

မဒမ်အန်တဲက ပေါ့ပါးစွာ ခေါင်းငြိမ့်၍ အခန်းထဲမှ ထွက်သွားခဲ့သည်။

ထပ်!

အခန်းတံခါး ပိတ်သွားသည်နှင့် ဂျက်စမင်က အရှေ့ဘက်သို့ ကိုင်းညွှတ်လိုက်ပြီး မျက်လုံးများကလည်း တောက်ပနေခဲ့သည်။

"မဒမ်အန်တဲ ဘာကြောင့် ဒီလိုဖြစ်နေရတယ်ဆိုတာ မဒမ် သိလား။"

"ကျွန်မ သေချာမသိဘူး။"

"ဒီရက်ထဲမှာ သူမက မဒမ်ဂျိုနာကို ရှုံးထားတယ်လေ။ဝတ်စုံ၊အိတ်၊အသုံးအဆောင်ပစ္စည်း၊နေရာတိုင်းမှာပဲ။ဒီတော့ မဒမ် လာလည်တဲ့အချိန်မှာ သူမ ပျော်ရွှင်နေရမှာပဲပေါ့။"

ဂျက်စမင်က စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလေသည်။

"ဘာလို့လဲဆိုတော့ မဒမ်ဝတ်သမျှ ဝတ်စုံတိုင်းက ဖက်ရှင်ရေစီးကြောင်းကို အမြဲတမ်း လွှမ်းမိုးထားနိုင်တယ်လေ။"

အာ ...ဒါက နည်းနည်းလေး ရှက်စရာကောင်းတယ်။

ကျွန်မ အနည်းငယ် ရှက်ရွံ့မိသဖြင့် ပါးကို လက်ဖြင့် ကုတ်ခြစ်နေမိသည်။

"တကယ်လား"

"အမှန်ပဲပေါ့ရှင်၊ မဒမ် မမှတ်မိဘူးလား။မဒမ်ဂျိုမာရဲ့ အောင်မြင်မှုအားလုံးက မဒမ့်ရဲ့ကျေးဇူးကြောင့်ပါပဲ။မဒမ်က မဒမ်ဂျိုနာရဲ့ဝတ်စုံတွေကို ဝတ်ခဲ့တယ်လေ။"

အရင်တစ်ချိန်တုန်းက ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မဒမ်ဂျိုနာက ကျွန်မကို မြင်ချိန်တိုင်း မျက်လုံးများ တောက်ပနေရခြင်း ဖြစ်လေသည်။

၎င်းမှာ ကျွန်မပင် မသိနိုင်သော ဒီဇိုင်နာများ၏လောက ဖြစ်ပါ၏။

"ကောင်းပြီလေ၊ဒီတစ်ခါတော့ ကျွန်မဆီကနေ သူမ အကျိုးအမြတ်ရချင်ရမယ်၊ မရချင်လဲ မရဘူးပေါ့။သူမလဲ သိချင်နေမှာ သေချာတယ်။"

"သူမ အကြီးအကျယ် အကျိုးအမြတ်ရမယ်ဆိုတာ ကျွန်မဘက်ကတော့ ကျိန်းသေပါတယ်။"

ဂျက်စမင်က ယုံကြည်ချက်အပြည့်နှင့် ပြောခဲ့သည်။

ကျွန်မ ပြုံးလိုက်ပြီး မဒမ်အန်တဲ ထားခဲ့သော ကတ်တလောက်ကို ကြည့်လိုက်သည်။

"ဒီတော့ ဘာအရောင်လေးဆို ကြည့်လို့ကောင်းမလဲ။"

ကျွန်မ၏မျက်ဆန်အရောင်နှင့် ဆင်တူသော အစိမ်းရောင်ကို ရွေးချယ်လျှင် ကောင်းမည်ဟု တွေးမိသည်။

အင်း

ကျွန်မ မြင်ယောင်ကြည့်နေမိသည်။

ထိုအချိန်တွင်

ဆူညံသံများ!

အပြင်ဘက်မှလာသော အနည်းငယ် စူးရှသည့် စကားသံတစ်ခုကို ကြားလိုက်ရသည်။

ဟင်

ကျွန်မ ခေါင်းကို စောင်းငဲ့မိလိုက်သည်။

"အပြင်ဘက်မှာ နည်းနည်းလေး ဆူဆူညံညံ ဖြစ်နေတာ မဟုတ်လား။"

ဂျက်စမင်ကလည်း ကျွန်မနည်းတူ ခံစားမိပုံရ၏။သူမက အပြင်ဘက်သို့ ညွှန်ပြ၍ ပြောလာသည်။

"ကျွန်မတို့ သွားပြီး ကြည့်သင့်လား။"

"တစ်ချက်လောက် ကြည့်ကြရအောင်။"

ဂျက်စမင်က မြန်မြန်ဆန်ဆန် ထရပ်လိုက်သည်။ပြီးနောက် ပန်းချီခန်းတံခါးကို အနည်းငယ် ဖွင့်ဟလိုက်၏။

ထိုအခါ တံခါးအပြင်ဘက်တွင် ...။


TK Team
++++++++