Chapter 43
Viewers 3k

⛰️Chapter 43

:မှန်မိစ္ဆာ။



“ဒုတိယအစ်ကို အဲ့ဒါကတကယ်အဆင်ပြေပါတယ် တစ်လတစ်ခါလုပ်ပေးဖို့ ဘာပြသနာမှမရှိဘူး”


သို့သော်ငြား လုဟယ်နျန်က ယွင်ရုန်ဆိုလိုချင်သည်ကို နားလည်မှုလွဲသွားသည်။ယွင်ရုန်၏ပုံစံကိုမြင်သောအခါ သူ့ရင်ထဲ၌လည်းထိရှသွားပြီး သူမခေါင်းကိုပွတ်လိုက်သည်။


“တကယ်လို့မင်းအဆင်မပြေတာမျိုးရှိလာရင် ကိုယ့်ကိုပြောရမယ်နော်”


ယွင်ရုန်ကခေါင်းငြိမ့်ပြကာ လုဟယ်နျန်ကသူမကိုသင်္ချာ‌သင်ပေးသည်ကလွဲလျှင် တကယ်ကိုကြင်နာသည့်ဘော့စ်ဖြစ်ကြောင်းတွေးလိုက်မိသည်။အသိအသာပင်နတ်ဆိုးဖိနှိပ်ရေးအဆောင်က သူ့ခန္ဓာကိုယ်၊ကျန်းမာရေးနှင့်သက်ဆိုင်နေသော်လည်း သူမအတွက်ပိုစိတ်ပူနေ၏။ဒီလိုစိတ်ကောင်းရှိတဲ့သူကိုရှာတွေ့ဖို့ကမလွယ်ဘူး။


ဒီ‌လိုယောက်ျားကောင်းတစ်ယောက်က ဘယ်လိုများတစ်ယောက်တည်းနေရမှာလဲ။ဒီနေ့တွင် သူမကရုံးခန်းထဲမှမထွက်သော်လည်း အနားမှအတွင်းရေးမှူးများပြောသည်ကိုကြားနိုင်နေဆဲဖြစ်သည်။မွေးကတည်းကအခုချိန်အထိ လုဟယ်နျန်ဆီ၌အိမ်ထောင်ရေးကံကြမ္မာတစ်ခုမှမရှိ‌ခဲ့ပေ။


ယွင်ရုန်ကခေါင်းယမ်းလိုက်မိသည်။သနားစရာ၊ တကယ်ကိုသနားစရာဘဲ။

သူမကသေချာပေါက် ဒါရိုက်တာရဲ့မက်မွန်ပန်းပွင့်ဖို့ရေကုန်ရေခမ်းကြိုးစားမှဖြစ်မယ်။

(TN:မက်မွန်ပန်းပွင့်ဆိုတာက အချစ်ရေးကိုဆိုလိုတဲ့စကားပါ)


ရှေ့မှလျှောက်သွားသည့်လုဟယ်နျန်က ကျောချမ်းသလိုခံစားမိသွားသည်။သူကအနောက်မှမိန်းကလေးကိုလှည့်ကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်တာတစ်ခုမှမတွေ့ပေ။သူကမျက်မှောင်ကြုတ်လိုက်ပြီးနောက် မေးလိုက်သည်။

“မင်းဘာစားချင်လဲ”


“ကျွန်မဟော့ပေါ့စားချင်တယ်”


ဒီနေ့အချက်အပြုတ်အစီအစဉ်ကြည့်သောအခါ ဟော့ပေါ့အကြောင်းထုတ်လွှင့်နေ၏။သူမအခုပြန်တွေးကြည့်လိုက်သောအခါ သရည်ယိုလာသည်။သူမကပြောရင်းဖြင့် ဖုန်းကိုထုတ်ကာအခုလေးတင်သူမရှာတွေ့ထားသည့် အင်တာနက်အသုံးပြုသူများ အကြံပြုသည့်‌ဟော့ပေါ့အဆင့်များကို လုဟယ်နျန်အားပြလိုက်သည်။


“လူတိုင်းက ဒီဆိုင်ကိုအကောင်းဆုံးလို့ပြောကြတယ်”


ယွင်ရုန်ကအနည်းငယ်ဂုဏ်ယူနေသည်။သူမကဖုန်းသုံးရာ၌ကျွမ်းကျင်နေပြီဖြစ်ကာ အခုဆိုလျှင်သူမက နည်းပညာကိုနားလည်သည့်တောင်စောင့်နတ်တစ်ယောက်ဖြစ်သည်။


အင်တာနက်မှမဲပေးမှုများအရ ဟိုင်ရှီးတွင်ပထမချိတ်သောဆိုင်မှာ သမိုင်းဝင်စင်တာထဲမှ အချက်အပြုတ်လမ်းထဲတွင်ရှိသည့်ဆိုင်အိုလေးတစ်ဆိုင်ဖြစ်သည်။သူတို့နှစ်ယောက်ကထိုနေရာသို့ကားစီးလာကြကာ သူတို့ရောက်သည့်အချိန်၌ ဆယ်နာရီခွဲကျော်နေပြီဖြစ်သည်။ဟော့ပေါ့ဆိုင်၏ညနေခင်းပျားပန်းခပ်အချိန်က အခုမှစတင်ခြင်းပင်။


ဆိုင်အိုထဲတွင်ဘာအပြင်အဆင်မှမရှိသလို သီးသန့်ခန်းလဲမရှိပေ။သူတို့ကထိုင်ခုံရရ‌န်တောင် တန်းစီရ၏။ယွင်ရုန်က မျက်လုံးလျင်လျင်ဖြင့် လုဟယ်နျန်အား လွတ်နေသောစားပွဲတစ်ခုစီဆွဲခေါ်သွားသည်။သူမကပြုံးဖြီးဖြီးဖြင့်ပြောလိုက်သည်။


“ကြည့်ရတာ ကျွန်မတို့ရောက်လာတဲ့အချိန်ကအကိုက်ဘဲ”


“အဲ့ဒါကမင်းကံကောင်းလို့ပါ”

လုဟယ်နျန်ကဒီလိုဆိုင်မျိုးကို ပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်ပြီး ခြေတံရှည်များကိုလှုပ်ရှားရာ၌အဆင်မပြေဖြစ်နေသည်။သူမစကားကိုကြားသောအခါ သူကပြုံးလိုက်မိသည်။


သူမကတောင်စောင့်နတ်လေ ‌သေချာပေါက်ကံကောင်းတာပေါ့။


မန်ဒရင်းဘဲဟော့ပေါ့အိုးက လျင်မြန်စွာရောက်ရှိလာကာ ငရုတ်ဆီများများအရည်နှင့် အရိုးပြုတ်ရည်တို့ကအိုးထဲတွင်ပွက်ပွက်ဆူနေသည်။ရနံ့ကောင်းကာ ပြည့်နှက်နေသည့်မွှေးရနံ့များက သူတို့နှာခေါင်းကိုတိုက်ခိုက်လာသည်။စစားပြီးသိပ်မကြာခင်မှာဘဲ ယွင်ရုန်၏နှုတ်ခမ်းများကနီရဲနေပြီဖြစ်သည်။


“အပူလျှော့ဖို့ အရသာပေါ့တာလေးတစ်ခုခုစားဦး”

လုဟယ်နျန်ကသိပ်မစားပေ။သူကအရိုးပြုတ်ရည်ဘက်မှ မှိုတစ်ချို့ကိုဆယ်ကာ သူမပန်းကန်ထဲထည့်ပေးလိုက်သည်။


“ရှူးရှဲ。。。。”


ယွင်ရုန်ကအစပ်ပြေစေရန် ပါးစပ်ဟကာလေရှူလိုက်ပြီးနောက် ပဲနို့အေးတစ်ငုံသောက်ချလိုက်သည်။သို့သော်ငြားသူမလျှာပေါ်တွင်ပူနေဆဲဖြစ်သည်။သူမကလျှာတစ်လစ်ထုတ်ကာပြောလာ၏။


“ဒါကတကယ်စပ်တာပဲ ဒါပေမယ့်စားတာကိုရပ်လို့မရတော့ဘူး”


ယွင်ရုန်၏ပန်းရောင်လျှာလေးက သူ့မြင်ကွင်းထဲရောက်လာပြီး သူမ၏မျက်လုံးများကအစပ်ငွေ့များကြောင့် မျက်ရည်ဝဲသလိုဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ လုဟယ်နျန်၏မျက်လုံးများမည်းမှောင်လာသည်။သူက သူမကိုလျှော့စားခိုင်းမည့်အကြံကိုလက်လျှော့လိုက်သည်။


“မင်းကြိုက်ရင် နောက်တစ်ခါလည်းဒီကိုလာစားကြတာပေါ့”


“ဟုတ်ပြီလေ ဒါပေမယ့်ဒုတိယအစ်ကိုက အရမ်းအလုပ်များတာ အခုဆိုကျွန်မလည်းလမ်းသိသွားပြီဆိုတော့နောက်ဆိုတစ်ယောက်တည်းလာစားလို့ရပြီ”

ယွင်ရုန်ကစဉ်းစားကာပြောလိုက်သည်။


သူမဘာသာလာစားရင် စားချင်သလောက်စားလို့ရပြီ။လုဟယ်နျန်နဲ့သွားရင် သူမကအများကြီးစားမိပြီးဖော်ထုတ်ခံလိုက်ရမှာကို အမြဲစိုးရိမ်နေရတာ။


ဒုတိယအစ်ကိုက အလွန်အလုပ်များကြောင်းပြောသော်လည်း တကယ်တမ်းတွင်သူမဘာသာလာစားချင်နေခြင်းဖြစ်သည်။ယွင်ရုန်၏မျက်လုံးများက ဟိုဟိုဒီဒီကြည့်နေသည်ကိုမြင်သောအခါ လုဟယ်နျန်ရင်ထဲတွင်တင်းကြပ်လာသည်။သူက စိတ်အနှောင့်အယှက်ဖြစ်စွာ နှုတ်ခမ်းစေ့လိုက်သည်။


“နည်းနည်းပဲစား ညဘက်အများကြီးစားရင် ညကျကောင်းကောင်းအိပ်နိုင်မှာမဟုတ်ဘူး မနက်ဖြန်အလုပ်နောက်ကျလို့ကတော့ လစာလျှော့ခံရမယ်”


အခုလေးတင်အမဲသားတစ်ခုညှပ်လိုက်သောယွင်ရုန်:。。。



သူကဘာလို့ရုတ်တရက်ကြီးစိတ်ဆိုးသွားတာလဲ။မိန်းကလေးတွေကသာ စိတ်အပြောင်းအလဲမြန်တတ်တဲ့သူမဟုတ်ဘူးလား။ယောက်ျားတွေကလည်း ဘာလို့အဲ့လောက်တောင်ခန့်မှန်းရခက်တာလဲ။


ယွင်ရုန်ကစိတ်ရှုပ်ရှုပ်‌နှင့်တွေးနေရင်း ရုတ်တရက်ပင်သူမအမူအရာကပြောင်းလဲသွားသည်။သူမကပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုကြည့်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။


“မကောင်းတော့ဘူး အပြင်မှာလူတွေကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်နေတဲ့မိစ္ဆာရှိနေတယ် ကြည့်ရတာရှင့်ကုမ္ပဏီကဝန်ထမ်းထင်တယ်”


ထို့နောက်သူမက သူ့ကိုလှည့်ကြည့်ကာမေးလိုက်သည်။

“အဲ့ဒီဘက်မှာဘာရှိတာလဲ”


“အဲ့ဒီဘက်မှာဆို ဆူးလီမြစ်ရှိတယ် နှစ်တိုင်းရေကြီးတတ်လို့ အခြားဘာအဆောက်အဦးမှမရှိဘူး”

လုဟယ်နျန်ကပြန်ဖြေလာသည်။


“ကိုယ်ပိုက်ဆံရှင်းလိုက်မယ် သွားကြည့်ကြတာပေါ့”


“မြန်မြန်လေး ကျွန်မသေခြင်းတရားအနံ့ကိုရနေပြီ”

ယွင်ရုန်ကခေါင်းငြိမ့်ကာ အလေးအနက်ပြောလိုက်သည်။


သူတို့နှစ်ယောက်ကလျင်မြန်စွာပိုက်ဆံရှင်းပြီးနောက် ဟော့ပေါ့ဆိုင်မှထွက်ကာ ဆူးလီမြစ်ဆီသို့ဦးတည်သွားသည်။ညပိုင်းတွင်ကားသိပ်မရှိသလို မြို့ဆင်ခြေဖုံးလည်းဖြစ်သဖြင့် သူတို့၏အရှိန်ကနှစ်ဆမြန်သွားသည်။ဆယ့်ငါးမိနစ်အတွင်းတွင် သူတို့ကဆူးလီမြစ်ကမ်းပါးသို့ရောက်လာ၏။


“အချိန်မရှိတော့ဘူး”

ကားကမရပ်ရသေးသော်လည်း ယွင်ရုန်ကကားတံခါးကိုဖွင့်ပြီး သူမအရင်သွားနှင့်ပြီဟုပြောကာ ကားပေါ်မှဆင်းသွားသည်။


“ဂရုစိုက်。。。。”


လုဟယ်နျန်ကချက်ချင်းပင် သူမကိုလှမ်းဆွဲလိုက်သည်။ကားပေါ်မှဒီလိုမျိုးဆင်းပါက သေချာပေါက်ထိခိုက်သွားနိုင်၏။သို့သော် ယွင်ရုန်က မမျှော်လင့်စွာပျောက်ကွယ်သွားသဖြင့် သူ့လက်က လေကိုသာဆွဲမိသွားသည်။


လုဟယ်နျန်၏မျက်ဆံများကကျုံ့သွားကာ သူ့လက်ကိုကြည့်ပြီး ဘရိတ်စောင့်နင်းလိုက်သည်။ကားရပ်သွားသောအခါ သူ့တစ်ကိုယ်လုံးကချွေးစေးများဖြင့်စိုရွှဲလာလေသည်။


ဆူးလီမြစ်ကမ်းပါးတွင် လူတစ်ယောက်မှမမြင်ရပေ။ဒီနေ့ညက လအသစ်ထွက်သောညဖြစ်ကာ လရောင်နည်းနည်းလေးတောင်မရှိဘဲ ပတ်ဝန်းကျင်ကမဲမှောင်နေလေသည်။လုဟယ်နျန်က အနားတစ်ဝိုက်ကိုသေချာကြည့်လိုက်သော်လည်း ယွင်ရုန်၏အရိပ်ကိုတောင်မမြင်ရပေ။


ယွင်ရုန်ကအလျင်လိုနေချိန်တွင် လင်းရှောင်မန်က လုံခြုံရေးလက်ရန်းကိုကျော်ပြီး မြစ်ထဲသို့မီတာအနည်းငယ်လောက်ရောက်နေပြီဖြစ်သည်။တလိမ့်လိမ့်စီးဆင်းနေသောမြစ်ရေက သူမရင်ဘတ်အထိရောက်လာသည်။၎င်းက ရက်စက်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်လိုပင် ပါးစပ်ဟပြီးလင်းရှောင်မန်ကိုဝါးမြိုချင်နေလေသည်။


နွေရာသီဖြစ်သော်လည်း ညဘက်တွင် မြစ်ရေကအလွန်အေးနေဆဲဖြစ်သည်။သို့သော်ငြား လင်းရှောင်မန်က နည်းနည်းလေးတောင် သတိမထားမိပေ။သူမမျက်နှာပေါ်တွင် ညှို့ယူခံနေရသောအပြုံးဖြင့် တစ်လှမ်းပြီးတစ်လှမ်းရှေ့ဆက်တိုးနေ၏။

  

ယွင်ရုန်၏အကြည့်များကလေးနက်လာကာ ခက်ထန်သည့်အရိပ်အယောင်များက သူမမျက်လုံးထဲတွင်ဖြစ်ပေါ်လာသည်။သူမကလျင်မြန်စွာ လင်းရှောင်မန်၏အင်္ကျီစကိုဆွဲပြီး လူတစ်ကိုယ်လုံးကိုမြစ်ကမ်းပါးပေါ်သို့ဆွဲခေါ်လာခဲ့သည်။


လင်းရှောင်မန်က တစ်ကိုယ်လုံးတုန်ယင်လာပြီး သူမမျက်လုံးထဲမှငေးငိုင်မှုများမပျောက်ကွယ်သေးခင်မှာဘဲ ယွင်ရုန်ကိုတွန်းထုတ်ပြီး ဆူးလီမြစ်ဆီပြေးသွားရန်လုပ်ကာ အော်ပြောလာ၏။


 “ငါ့ကိုမတားနဲ့ ငါလှပြီးနှစ်သက်စရာကောင်းတဲ့ပုံရိပ်ကို လိုချင်တယ်၊ငါမိန်းမလှတစ်ယောက်ဖြစ်ချင်တယ်!”  


“သတိထားပါဦး အဲ့ဒါတွေကအတုတွေ ”


ယွင်ရုန်က လင်းရှောင်မန်လက်မောင်းကိုဆွဲကာ အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်။


“ရဲတင်းတဲ့မိစ္ဆာ မကောင်းတာတွေလုပ်နေတုန်းဘဲလား မှော်ပညာက်ိုသုံးပြီး လူသားတွေကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာက ကောင်းကင်ဥပဒေကိုဆန့်ကျင်တာဘဲ”


သို့သော်လင်းရှောင်မန်က ယွင်ရုန်ကိုဂရုမစိုက်ပေ။သူမက အသည်းအသန်ရုန်းနေသော်လည်း ယွင်ရုန်၏လက်ထဲမှမလွတ်နိုင်ဖြစ်နေ၏။သူမက နီရဲနေသောမျက်လုံးများဖြင့် သူမလက်ကိုဆွဲထားသည့်သူအားခါးသီးစွာကြည့်လာသည်။


“ဘာလို့ငါ့ကိုတားနေတာလဲ အကုန်လုံးကနင်တို့လိုအပျက်မတွေကြောင့်ပဲ နင်ကငါ့ကိုတားဖို့ဘာအခွင့်အရေးရှိလို့လဲ ငါ့ကိုလွှတ်စမ်း”


ယွင်ရုန်က မျက်မှောင်ကြုတ်လိုက်မိသည်။အဆင့်နိမ့်သည့်အိပ်မွေ့ချခြင်းသာဖြစ်သော်လည်း ဒီမိန်းကလေးက နိုးထဖို့ဆန္ဒမရှိဖြစ်နေ၏။သူမရင်ထဲမှ မကောင်းစိတ််များက အလွန်နက်ရှိုင်းသည့်ပုံပင်။သို့သော် သူမရင်ထဲမှမကောင်းစိတ်များက ယွင်ရုန်စိတ်ပူရမည့်အပိုင်းမဟုတ်ပေ။သူမက လူကယ်ဖို့သာတာဝန်ရှိသည်။


ယွင်ရုန်၏လက်ချောင်းများက လင်းရှောင်မန်၏နဖူးကိုထိလိုက်သည်။သူ့လက်ထဲမှ မိတ်ကပ်မှန်ကိုလည်းလုယူပြီးမြေကြီးပေါ်သို့ပစ်ချလိုက်သည်။ခွမ်းခနဲအသံဖြင့် မှန်ကအစိတ်စိတ်ကွဲကြေသွားသည်။


“မလုပ်နဲ့”


မှန်၏ခွမ်းခနဲကွဲသံနှင့်အတူ လင်းရှောင်မန်က သတိပြန်ဝင်လာလေသည်။သူမက စူးခနဲအော်လိုက်သော်လည်းမြေကြီးပေါ်မှတစ်စစီကွဲနေသောမှန်ကိုသာမြင်လိုက်ရသည်။ 


လင်းရှောင်မန်က မှန်ကွဲစများက်ို ရင်နာစွာကြည့်လိုက်ကာ သူမအိိပ်မက်ကလည်းအလားတူကွဲကြေသွားသလိုခံစားလိုက်ရသည်။ဒါကသူမ၏တစ်ခုတည်းသောဆန္ဒဖြစ်သော်လည်း အခုတွင်အရာအားလုံးပျောက်ကွယ်သွားလေသည်။သူမခေါင်းမော့လိုက်သောအခါ သူမကိုကမ်းပေါ်ဆွဲတင်ပြီး သူမ၏မှန်ကိုဖျက်ဆီးခဲ့သည့်သူအားမြင်လိုက်ရသည်။

  

ချက်ချင်းပင်အမုန်းတရားအသစ်တစ်ခုက သူမရင်ထဲတွင်ဖြစ်ပေါ်လာသည်။


လင်းရှောင်မန်က ယွင်ရုန်၏ပုခုံးကိုဆွဲပြီး နာကျည်းစွာပြောလာသည်။


“ဘယ်လိုဖြစ်လို့နင်ပဲဖြစ်နေတာလဲ နင်ကဘာလို့နေရာတိုင်းမှာရှိနေတာလဲ နင်ငါ့မှန်ကိုခွဲပစ်လိုက်တယ် ငါနင့်ကိုသတ်မယ်”


ထိုသို့ပြောကာ ချက်ချင်းပင်ယွင်ရုန်၏လည်ပင်းကိုဆွဲညှစ်လာ၏။


သူမဘဝ‌တွင်မျှော်လင့်စရာမရှိတော့ပေ။မလှပနိုင်တော့ရာ လျော်ကြေးအဖြစ် ဒီအပျက်မကိုသတ်လိုက်ရင်ရော။


လုဟယ်နျန်က လူသေတစ်ယောက်ကိုတော့ကြိုက်မှာမဟုတ်ဘူး။


“လွှတ်လိုက်စမ်း”


အသံများကြား၍ပြေးလာသောလုဟယ်နျန်က လင်းရှောင်မန်တစ်ယောက် ယွင်ရုန်ကို လည်ပင်းညှစ်ဖို့လုပ်နေသည်ကို မြင်လိုက်ရသည်။ယွင်ရုန်က မလှုပ်ရှားဘဲ ငြိမ်သက်စွာရပ်နေကာ အချိန်မရွေးလည်ပင်းညှစ်ခံရတော့မည့်ပုံပေါ်နေ၏။


ချက်ချင်းပင်သူကထိတ်လန့်သွားပြီး ကျယ်လောင်စွာအော်တားလိုက်သည်။


သူထိုသို့ပြောလိုက်ချိန်မှာဘဲ ယွင်ရုန်ခေါင်းခါလိုက်သည်ကိုမြင်လိုက်ရသည်။သူမပုခုံးကိုတင်းတင်းဆုပ်ထားသည့် လင်းရှောင်မန်က ‌ဒခေါက်ကွေးကိုတုတ်တစ်ချောင်းဖြင့်အရိုက်ခံလိုက်ရသလိုပင် မြေကြီးပေါ်သို့ဒူးထောက်ကျသွားသည်။


လုဟယ်နျန်:。。。。。ကြည့်ရတာ စိုးရိမ်စရာမလိုသလိုဘဲ။

 

ယွင်ရုန်က မြေကြီးပေါ်မှမိန်းမကိုစက်ဆုပ်စွာကြည့်လိုက်သည်။သူမက လုဟယ်နျန်ရုံးမှဝန်ထမ်းဖြစ်နေလို့သာ မဟုတ်ပါက သူမကိုကယ်‌ချင်စိတ်မရှိပေ။စိတ်ကြည်လင်လာသော်လည်း လမ်းမှားကိုသာသွားချင်နေ၏။သူမက မှန်မိစ္ဆာ၏ဖမ်းစားခြင်းကို ခံရဖို့ထိုက်တန်သည်။


ဤသို့တွေးလိုက်ပြီးနောက် ယွင်ရုန်ကမှန်အပိုင်းစလေးတွင်ပုန်းနေသည့် မှန်မိစ္ဆာကိုဖမ်းယူလိုက်သည်။မထင်မှတ်ထားစွာဖြင့် မှန်မိစ္ဆာကအင်အားအကုန်ထုတ်ပြီး ဖောက်ထွင်းမြင်ရသောအရိပ်အဖြစ်ပြောင်းလဲကာ လင်းရှောင်မန်၏ကိုယ်ထဲပြေးဝင်သွားသည်။


“နင်က ခန္ဓာကိုယ်ကိုအပိုင်စီးရဲသေးတာလား”


ယွင်ရုန်က စိုက်ကြည့်လိုက်ကာ ဒေါသအလွှာတစ်ခုကသူမမျက်နှာပေါ်၌ထွက်ပေါ်လာသည်။


လင်းရှောင်မန်၏မျက်လုံးများက မျက်ဖြူလှန်သွားကာ တစ်ကိုယ်လုံးတုန်ယင်လာသည်။သူမက‌ဖြည်းဖြည်းချင်းခေါင်းမော့လာကာ နူးညံ့လှပသောမျက်နှာပေါ်၌ ညှို့ယူသည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။


“ခစ်ခစ်ခစ် ငါကသူ့ခန္ဓာကိုယ်ကိုအပိုင်စီးလိုက်ပြီ နင်ကသူ့ကိုဘယ်လိုများကူညီနိုင်ဦးမှာလဲ”


ယွင်ရုန်က သူမကို စိတ်မဝင်စားစွာကြည့်လိုက်ကာ အေးစက်စက်အသံဖြင့်ပြောလိုက်သည်။


“နင့်စိတ်ထဲမှာ ငါက နင့်ကိုဖမ်းဖို့နည်းလမ်းမရှိတော့ဘူးလို့ထင်နေတာလား”


“နင်ငါ့ကိုဖမ်းရင် ဒီလူသားကိုထိခိုက်အောင်လုပ်မိလိမ့်မယ် နင်လက်တစ်ချက်မြှောက်ရဲတာနဲ့ ဒီလူသားရဲ့အသက်ကိုငါနဲ့အတူယူသွားမှာ”


မှန်မိစ္ဆာက ဘဝင်မြင့်စွာပြောလာသည်။


သူမပြောပြီးရုံလေးမှာပင် သူမရှေ့သို့ပန်းတစ်ပွင့်ရောက်လာပြီး ယွင်ရုန်ကလက်ဆန့်ကာလင်းရှောင်မန်အားဖမ်းဆွဲလာလေသည်။မှန်မိစ္ဆာက မတုံ့ပြန်နိုင်သေးခင်မှာဘဲ ယွင်ရုန်လက်ထဲတွင်အဖမ်းခံလိုက်ရသည်။ယွင်ရုန်ကလက်နှစ်ဖက်ကိုညှစ်လိုက်ကာ မှန်မိစ္ဆာ၏ဝိဉာဉ်ကိုဖျက်ဆီးရန်လုပ်လိုက်သည်။


“မှော်အစွမ်းရှိရုံလောက်လေးနဲ့ မိစ္ဆာသေးသေးလေးကများ ကြီးကြီးကျယ်ကျယ်တွေပြောရဲသေးတယ် လေကနင့်လျှာကိုဆွဲသွားမှာမကြောက်ဘူးလား”


လက်ရှိ‌ခေတ်ကမိစ္ဆာတွေက အရမ်းဘဝင်မြင့်ကြတာဘဲလား။လွန်ခဲ့သည့်နှစ်သုံးထောင်ကျော်ကဆိုလျှင် ဒီလိုမိစ္ဆာငယ်လေးများက အပြင်ထွက်လာပြီးတစ်စုံတစ်ယောက်ကိုထိခိုက်အောင်လုပ်ဖို့မပြောနှင့် အပြင်ထွက်လာပါကသုံးစက္ကန့်ထက်ပိုပြီးအသက်ရှင်နိုင်မှာမဟုတ်ပေ။


“ခနနေပါဦး”


လုဟယ်နျန်က ဘေးမှလျင်မြန်စွာတားဆီးလာသည်။

“အဲ့ဒါကိုဝမ်းပေါ်ဆီပေးလိုက်ပါလား သူ့အတွက်အသုံးဝင်ချင်ဝင်လိမ့်မယ်”


“ကောင်းပြီလေ”

ယွင်ရုန်ကခေါင်းညိတ်လိုက်သည်။သူမကမြက်ပင်ရှည်ကြီးတစ်ပင်ကိုယူထုတ်ပြီးနောက် မှန်မိစ္ဆာကိုချည်နှောင်ကာ ဖြစ်သလိုပင်ဘေးသို့ပစ်ထုတ်လိုက်သည်။


ယွင်ရုန်ကခေါင်းလှည့်လာပြီး လင်းရှောင်မန်ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။


“မိစ္ဆာတစ်ကောင်က နင့်ခန္ဓာကိုယ်ကိုအပိုင်စီးချင်နေတာ ဘာလို့လုံးဝမခုခံတာလဲ”


ဒီလိုအဆင့်နိမ့်မိစ္ဆာမျိုးသည် လင်းရှောင်မန်သာအလိုမရှိပါက ဝင်ပူးဖို့လွယ်ကူမှာမဟုတ်ပေ။


မှန်မိစ္ဆာကိုသူမကိုယ်ထဲမှ တိုက်ရိုက်ဆွဲထုတ်လိုက်ပြီးနောက် လင်းရှောင်မန်၏ဝိဉာဉ်ကအလွန်နာကျင်သွားသည်။သူမကမြေကြီးပေါ်သို့ပုံကျသွားကာ အချိန်အကြာကြီးနေမှပြန်သက်သာလာသည်။သူမချစ်ရသည့်ယောက်ျားနှင့် မိစ္ဆာမက အနားတွင်ဘယ်သူမှမရှိသလို စကားပြောနေကြသဖြင့် မီးတောက်တစ်ခုကသူမရင်ထဲတွင်လောင်ကျွမ်းလာသည်။ 


သူမကဒယိမ်းဒယိုင်ဖြင့်ထရပ်လာပြီး အေးစက်စွာပြောလိုက်သည်။


“ငါကဘာလို့ခုခံရမှာလဲ ငါကသူ့ခန္ဓာကိုယ်ဖြစ်ဖို့အလိုရှိတယ် အဲ့ဒါကငါ့ကိုလှလာပြီး ချမ်းသာမှုတွေနဲ့ ငါလိုချင်သမျှဘာကိုမဆိုယူ‌လာပေးမှာ ဘယ်သူကနင်စိတ်ပူတာလိုချင်နေလို့လဲ ”


“အလှအပရဲ့ချမ်းသာမှုတွေအားလုံးက ပုံရိပ်ယောင်တွေချည်းဘဲ အဲ့ဒီမိစ္ဆာကနင့်ကိုလှည့်စားနေတာ”


ယွင်ရုန်၏မျက်လုံးထဲတွင် သနားစိတ်အနည်းငယ်ပေါ်လာသည်။


“နင်ကအရာအားလုံးကိုပိုင်ဆိုင်ထားလို့သာ အဲ့လိုပြောနိုင်တာ”


လင်းရှောင်မန်က ယွင်ရုန်၏အကြ

ည့်ကိုသတိထားမိသဖြင့် ဒေါသတကြီးအော်ဟစ်လာလေတော့သည်။


“နင့်ရဲ့အပေါ်ယံသနားကြင်နာတာတွေကို ငါမလိုအပ်ဘူး နင်လိုမိသားစုနောက်ခံကောင်းပြီးမျက်နှာလှလှလေးရှိတဲ့သူက ငါ့ခံစားချက်တွေကိုနားလည်နိုင်မှာမဟုတ်ဘူး”




⛰️