⛰️Chapter 44
မှန်မိစ္ဆာ။
“နင့်ရဲ့အပေါ်ယံသနားကြင်နာတာတွေကို ငါမလိုအပ်ဘူး နင်လိုမိသားစုနောက်ခံကောင်းပြီးမျက်နှာလှလှလေးရှိတဲ့သူက ငါ့ခံစားချက်တွေကိုနားလည်နိုင်မှာမဟုတ်ဘူး"
ဒီမျက်နှာက ယွင်ရုန်မွေးဖွားလာကတည်းကရှိလာသည့်ပုံစံဖြစ်ကာ သူမကိုယ်သူမ လှသည်ဟုတစ်ခါမှမခံစားခဲ့ရပေ။သူမကအံ့ဩသွားပြီး လုဟယ်နျန်ကိုလှည့်မေးလိုက်သည်။
“ကျွန်မမျက်နှာက လှတယ်လို့ပြောလို့ရလား”
လုဟယ်နျန်က ခနရပ်သွားပြီးမှ လေးနက်စွာဖြေလိုက်သည်။
“အရမ်းလှတယ်”
ယွင်ရုန်ကသူ့အဖြေကိုကြားသောအခါ ရုတ်တရက်ပျော်သွားပြီး သူမကမျက်လုံးများမှေးသည်အထိပြုံးကာပြောလာ၏။
“ရှင်ကလည်းကြည့်ကောင်းတယ် ရှင်ကကျွန်မတွေ့ဖူးသမျှထဲမှာ အခန့်ညားဆုံးသူပဲ”
မီးရောင်မှိန်မှိန်အောက်တွင် မိန်းကလေး၏မျက်လုံးများက တလက်လက်တောက်ပနေသည့်မရေတွက်နိုင်သောကြယ်စင်များလိုပင်ဖြစ်သည်။
လင်းရှောင်မန်သည် သူတို့နှစ်ယောက်ကဘယ်သူမှမရှိသလိုပင်ကျီစယ်နေကြသည်ကိုမြင်သောအခါ သူမရင်ထဲမှဒေါသကပေါက်ကွဲမတတ်ဖြစ်လာပြီး ကျယ်လောင်စွာအော်လိုက်သည်။
“နှစ်ယောက်လုံးပါးစပ်ပိတ်ထားစမ်း”
သူမကယွင်ရုန်ကိုလက်ညှိုးထိုးကာ ကျိန်ဆဲလာသည်။
“အရှက်မရှိဘူး ညဘက်ကြီးယောက်ျားတစ်ယောက်ကိုမြူဆွယ်နေတယ် နင့်မှာဘာအရည်အချင်းရှိလို့လဲ”
ယောက်ျားတစ်ယောက်ကိုမြူဆွယ်တယ်တဲ့လား။ယွင်ရုန်ကအံ့ဩသွားကာ သူမက လုံးဝအပြစ်ကင်းသလိုခံစားမိသွားသည်။ဘယ်တုန်းကများ ယောက်ျားတစ်ယောက်ကိုမြူဆွယ်လိုက်လို့လဲ။
လုဟယ်နျန်ကထိုစကားကိုကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး နှုတ်ခမ်းစေ့လိုက်သည်။
“လင်းရှောင်မန် စကားကိုလေးလေးနက်နက်ပြောပါ ဘယ်သူကမှမင်းနဲ့အရူးထဖို့အဖော်မလုပ်ပေးနိုင်ဘူး”
လင်းရှောင်မန်က သူ့စကားဖြင့်ရိုက်ခတ်ခံလိုက်ရကာ ချွေးစေးများထွက်နေသည့် သူမမျက်နှာက ရုတ်တရက်ပြောင်းလဲသွားသည်။သူမကတကယ်ပင် ဒေါသဖြင့်လက်လွတ်စပယ်ပြောလိုက်မိခြင်းဖြစ်သည်။လုဟယ်နျန်က ယွင်ရုန်ကို သူ့နောက်တွင်ကာထားသည်ကိုကြည့်ကာ မျက်ရည်များစီးကျလာလေသည်။
လင်းရှောင်မန်က လုဟယ်နျန်ကိုနာကျင်နေသည့်အမူအရာဖြင့်ကြည့်လာ၏။
ဒါကသူသုံးနှစ်ကျော်ကြိုက်ခဲ့ရသည့်ယောက်ျားပင်။
“ဒါရိုက်တာမှတ်မိသေးလား လွန်ခဲ့တဲ့သုံးနှစ်က ဒါရိုက်တာကျွန်မရဲ့ကျောင်းကိုလာပြီး မိန့်ခွန်းတစ်ခုပြောခဲ့တယ် အဲ့ဒီအချိန်တုန်းက ကျွန်မဒါရိုက်တာကိုသဘောကျသွားခဲ့တာ၊ ပရိတ်သတ်တွေကြားထဲမှာထိုင်နေပြီး ဒါရိုက်တာက နတ်ဘုရားတစ်ပါးလိုဘဲဝေးကွာပြီးမထိတွေ့နိုင်ဘူး ကုမ္ပဏီကိုဝင်ခွင့်ရဖို့ ကျွန်မအရမ်းကြိုးစားခဲ့တယ် ကုမ္ပဏီကအတွေ့အကြုံကိုအလေးထားမှန်းသိလို့ ကလပ်လှုပ်ရှားမှုအားလုံးကိုဝင်ပါခဲ့တယ် ကျွန်မကလုအုပ်စုမှာအလုပ်လုပ်ခွင့်ရပြီး ရှင်နဲ့နည်းနည်းလောက်နီးစပ်နိုင်ဖို့ အများကြီးကြိုးစားခဲ့တယ်”
ထိုအရာများအားလုံးကိုပြောပြပြီးနောက် လင်းရှောင်မန်ကခေါင်းငုံ့လိုက်သည်။
“ကျွန်မက ဒါရိုက်တာဆီကနေအလုပ်လုပ်ဖို့ ကိုယ်တိုင်ကိုယ်ကျအရွေးခံခဲ့ရလို့ ဘယ်လောက်တောင်ပျော်ခဲ့ရလဲသိလား ဒါပေမယ့်ကုမ္ပဏီမှာအလုပ်လုပ်တာတစ်နှစ်ကျော်သွားပေမယ့် ဒါရိုက်တာကကျွန်မကိုစကားတစ်ခွန်းတောင်ပြည့်အောင်မပြောဖူးဘူး ကျွန်မကဘယ်သူလဲဆိုတာကိုတောင်မသိခဲ့ဘူး ဧည့်ကြိုကောင်တာဝန်ထမ်းတစ်ယောက်အနေနဲ့ပဲသိခဲ့တာ ကျွန်မမှာသာမိသားစုနောက်ခံကောင်းကောင်းရှိပြီးလှပရင်ဒါရိုက်တာက ကျွန်မကိုကျောခိုင်းထားဦးမယ်တဲ့လား”
ယွင်ရုန်ကထိုစကားများကိုကြားလိုက်ရသဖြင့်အံ့ဩသွားသည်။လူတစ်ယောက်ကိုကယ်လိုက်တာ မထင်မှတ်ပဲဒါရိုက်တာရဲ့မက်မွန်ပွင့်ကြီး(အချစ်ရေးကိစ္စ)ထဲဝင်ပါမိသွားပြီ။ကြည့်ရတာ သူမရဲ့ကောင်းချီးကအလုပ်လုပ်တဲ့ပုံပဲ ဒါရိုက်တာရဲ့အိမ်ထောင်ရေးက သိပ်မကြာတော့ဘူး။
ယွင်ရုန်က လုဟယ်နျန်ကိုမော့ကြည့်လိုက်ရာ သူ၏နက်ရှိုင်းသောအကြည့်များနှင့်ဆုံသွားသည်။သူမက ရှက်ရှက်ဖြင့်နှာခေါင်းပွတ်ကာပြောလိုက်သည်။
“ဒုတိယအစ်ကို သူနဲ့စကားကောင်းကောင်းပြောလိုက်နော် ကျွန်မသွား。。。。。”ဘေးမှာလမ်းသွားလျှောက်လိုက်ဦးမယ်။
“ဘယ်မှမသွားရဘူး ဒီမှာပဲကိုယ်နဲ့နေ”
ယွင်ရုန်၏ကြည်လင်သောမျက်လုံးများက လုဟယ်နျန်ကိုပြုံးလာစေသည်။ထိုမျက်ဝန်းတောက်တောက်များက ‘ဘာဖြစ်လို့လဲ ရှင်တို့နှစ်ယောက်အချစ်ရေးကိစ္စပြောနေတာကိုမနှောင့်ယှက်ချင်ပါဘူး’ဟုပြောနေပုံပေါ်၏။သူကယွင်ရုန်လက်ကိုလှမ်းဆွဲလိုက်ကာ ထွက်သွားခွင့်မပေးပေ။သူမထွက်သွားလိုက်ပါက သူကလင်းရှောင်မန်နှင့်တကယ်ပင်ရှုပ်ထွေးခံလိုက်ရမှာဖြစ်သည်။
“အဲ့လိုဆိုမကောင်းဘူးမလား”
လက်တလောတွင်ယွင်ရုန်က အိုင်ဒေါဒရာမာများကိုတော်တော်ကြည့်ထား၏။သူမဆက်နေလိုက်ပါက မသင့်တော်ဘူးမလား။သူမက မီးသီးဖြစ်မနေဘူးလား။
“ဘာမကောင်းတာလဲ”
လုဟယ်နျန်ကတည်ငြိမ်စွာပြောလိုက်သော်လည်း ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်လိုက်မိသည်။ဒီကောင်မလေးရဲ့စိတ်ထဲမှာဘာတွေရှိနေတာလဲ။
တကယ်တမ်းတွင် သူမကလည်းအတင်းအဖျင်းတစ်ချို့ကြည့်ချင်နေခြင်းဖြစ်သည်။လုဟယ်နျန်က ဂရုမစိုက်သဖြင့် သူမကခေါင်းငြိမ့်ပြလိုက်သည်။
“ဒါဆိုလည်းကောင်းပြီလေ”
ယွင်ရုန်၏ ‘ရှင်တို့နှစ်ယောက်မြန်မြန်စတော့လေ’ဟူသောပုံစံကိုမြင်လိုက်ရသောအခါ လုဟယ်နျန်ကဒီနေ့ညတွင်သူများများစားမိသဖြင့် ဗိုက်ထဲပြည့်နှက်နေသလိုခံစားလိုက်ရသည်။သူကလင်းရှောင်မန်ကို စိတ်မရှည်စွာလှည့်ကြည့်လိုက်သည်။
“ငါမင်းကိုအလုပ်မခန့်ခဲ့ဘူး အဲ့ဒီတုန်းကဝန်ထမ်းလက်ခံဖို့တာဝန်ရှိတဲ့သူက ငါ့ကိုCVဖောင်တွေတင်ပြလာတယ် ငါကအဲ့ဒါတွေကိုလက်မှတ်ထိုးပေးလိုက်ရုံဘဲ”
“ရှင်လိမ်နေတာ”
လင်းရှောင်မန်က မယုံနိုင်ပေ။လုဟယ်နျန်ကိုယ်တိုင်သူမကိုအလုပ်ခန့်ခဲ့သည် ဟူသောကိစ္စကသာ သူမကိုထောက်ပံ့ပေးနေသည့် တစ်ခုတည်းသောအကြောင်းရင်းဖြစ်သည်။သူက သူမထက်လှသည့်လူအများအပြားကိုဖယ်ထုတ်ခဲ့၏။ဒီတစ်လျှောက်လုံးတွင် သူမက ထူးခြားပြီး ကျန်လူများနှင့်ကွဲထွက်နေသည်ဟုထင်ခဲ့သည်။
လုဟယ်နျန်ကအေးစက်စွာဆက်ပြောသည်။
“ပြီးတော့ ငါမင်းမျက်နှာကို တစ်ခါမှမမြင်ဖူးဘူး အခြားလူတွေအားလုံးကို မင်းကျော်သွားတဲ့အကြောင်းရင်းက မင်းဆီမှာအမြင့်ဆုံးအောင်မြင်မှုနဲ့လုပ်ဆောင်မှုမှတ်တမ်းတွေရှိလို့ဘဲ”
လုကော်ပိုရေးရှင်းက လှပသည့်မိန်းကလေးများအားသူတို့၏ရုပ်ရည်ကိုအားကိုးခွင့် တစ်ခါမှမပေးခဲ့ပေ။သူတို့ကအရည်အချင်းကိုကြည့်ပြီး အမြင့်ဆုံးအဆင့်ရှိသူများကိုရွေးချယ်ခြင်းဖြစ်သည်။
“အောင်မြင်မှုနဲ့ လုပ်ဆောင်မှုမှတ်တမ်းတဲ့လား”
လင်းရှောင်မန်၏မျက်ရည်များက ထိန်းလို့မရတော့ပေ။သူမကိုထောက်ကန်ပေးထားသည့် အကြောင်းအရင်းအားလုံးက လုဟယ်နျန်၏စကားများကြောင့်ကြေမွပျက်စီးသွားသည်။လက်စသတ်တော့ အဲ့ဒါတွေအားလုံးက သူမအတွေးတွေပဲ။တကယ်တော့ သူမကတစ်ခါမှမထူးခြားခဲ့ပါဘူး။
သူမက မမေးဘဲ မနေနိုင်ပေ။
“တကယ်လို့ကျွန်မမှာသာ ရင်ခုန်စရာရုပ်ရည်မျိုးရှိခဲ့မယ်ဆိုရင် ဒါရိုက်တာကကျွန်မကိုအာရုံစိုက်မိမှာလား”
လုဟယ်နျန်က သူ့ဘေးမှယွင်ရုန်ကိုအလိုလိုကြည့်လိုက်ပြီး စိတ်မဝင်စားစွာဖြေလိုက်သည်။
“အာရုံစိုက်မိမှာမဟုတ်ဘူး”
လင်းရှောင်မန်၏မျက်လုံးထဲမှအလင်းရောင်က လုံးဝပျောက်ကွယ်သွားသည်။သူမက ယွင်ရုန်ကို မျက်လုံးနီနီများဖြင့်စိုက်ကြည့်လာသည်။
“အဲ့ဒါကသူ့ကြောင့်လား ဒါရိုက်တာကသူ့ကြောင့်ကျွန်မကိုမကြိုက်တာလား”
ယွင်ရုန်က ပွဲကြည့်ရသည်ကို သဘောကျနေခြင်းဖြစ်ကာ ဒီမေးခွန်းကိုကြားလိုက်ရသဖြင့်မပျော်တော့ပေ။
ဖွင့်ပြောချင်ရင်လည်း ဖွင့်ပြောလိုက်လေ။ခံစားချက်တွေထုတ်ပြချင်ရင်လည်း ထုတ်ပြလိုက်။ဘာလို့သူမကိုဆွဲထည့်တာလဲ။သူမကစေတနာနဲ့လူကယ်ပေးတာပါ ဒါပေမယ့်ဒီနေ့ညမှာတော့ ရေညစ်နဲ့အပတ်ခံလိုက်ရတယ်။
ထို့အပြင်ဤအမျိုးသမီး၏သဘောထားကို သူမအနေဖြင့်တကယ်ကိုလက်မခံနိုင်ပေ။
“သူ့ကိုကြိုက်တယ်ဆိုရင် ဘာလို့ဖွင့်မပြောခဲ့တာလဲ အခုကျမှ နင့်ကိုအာရုံမစိုက်ပေးလို့သူများကိုအပြစ်တင်နေတယ်”
ယွင်ရုန်ကဝင်ပြောလိုက်သည်။
“နင်ကဘာသိလို့လဲ”
လင်းရှောင်မန်က အခုလေးတင်စိတ်ငြိမ်သွားသော်လည်း ခံစားချက်များကတစ်ဖန်ဗြောင်းဆန်သွပြန်သည်။သူမကမျက်ရည်များဖြင့်ဆက်ပြောလာ၏။
“ငါသာနင့်လောက်လှမယ်ဆိုရင် အစောကြီးကတည်းကဝန်ခံလိုက်ပြီ”
“အကုန်ဆင်ခြေတွေချည်းဘဲ လူတစ်ယောက်ကိုကြိုက်ရင် ရဲရဲဝံ့ဝံ့ရှေ့တိုးရမှာပေါ့ ကံမပါရင်အဲ့ဒါအတွက်တိုက်ခိုက်နေလည်းအပိုဘဲ နင့်လို နတ်ဘုရားတွေကိုအပြစ်တင်ပြီးအခြားသူတွေကိုစွပ်စွဲတာမျိုးမဟုတ်ဘူး နင်ကိုယ်တိုင်ကိုက နင့်ရုပ်ရည်ကိုကျောခိုင်းထားတာ နင့်ရဲ့စိတ်ဝိညာဉ်၊ နင့်အတွေးအဲ့ဒါတွေက နင့်ရဲ့အပြင်ပန်းအသွင်အပြင်ထက် ပိုလှပလားဆိုပြီးတွေးတောင်တွေးကြည့်ဖူးရဲ့လား”
ယွင်ရုန်က လင်းရှောင်မန်ကိုကြည့်ကာ စိတ်မဝင်စားသလိုဖြင့် အသံအနိမ့်အမြင့်မရှိပြောလာသော်လည်း သူမ၏အသံက အားကောင်းကာ စကားတစ်လုံးစီတိုင်းက လင်းရှောင်မန်၏ရင်ထဲသံမှိုနှင့်ရိုက်နှက်နေသလိုပင်ဖြစ်သည်။
လင်းရှောင်မန်ကအံ့ဩသွားသည်။သူမကဤကိစ္စကိုတစ်ခါမှမတွေးဖူးပေ။ငယ်ငယ်ကတည်းက သူမ၏မောင်နှမများကြား၌ မထင်ပေါ်ဆုံးဖြစ်ကာ အိမ်မှသူများက သူမကိုကြည့်မကောင်းဘဲသာမာန်လောက်သာရှိသည်ဟုအမြဲပြောဆိုခဲ့ကြသည်။သူမကမိတ်ကပ်ဘယ်လိုပြင်ရမည်ကို ကြိုးကြိုးစားစားလေ့လာသော်လည်း သူမဘယ်လိုဘဲပြင်ဆင်ပါစေ သူမကိုယ်သူမနူးညံ့လှပလာအောင်မပြုလုပ်နိုင်ခဲ့ပေ။
သူမကျောင်းတက်သောအခါ ယောက်ျားလေးတိုင်းက ကျောင်းသူလှလှများဆီ၌သာဝန်းရံနေခဲ့သည်။ဆရာမများကလည်း လှပကာဉာဏ်ကောင်းသည့်ကျောင်းသားများကိုသဘောကျကြသည်။သူမကတဖြေးဖြေးနှင့် သူမရုပ်ရည်ကြည့်မကောင်းသောကြောင့် ကျောင်းမှလုပ်ဆောင်မှုများသည် မကောင်းခြင်းဖြစ်ကြောင်းစတင်တွေးမိလာခဲ့သည်။ဆရာမက သူမကြည့်မကောင်းသဖြင့် အတန်းကိုယ်စားလှယ်မလုပ်ခိုင်းပေ။သူမဈေးဝယ်သွားလျှင်တောင်မှ အရောင်းဝန်ထမ်းများကအေးစက်စွာဆက်ဆံကြသည်။အရာအားလုံးက သူမကြည့်မကောင်းသောကြောင့်သာဖြစ်သည်။
ငယ်ငယ်ကတည်းက အရာအားလုံးကိုသူမရုပ်ရည်ကြည့်မကောင်းသည့်အပေါ်တွင်သာ အပြစ်တင်ခဲ့သည်။သို့သော်အခုတွင် တစ်စုံတစ်ယောက်က သူမ၏ရှူံးနိမ့်မှုသည် သူမမကြိုးစားခဲ့၍ဖြစ်ကြောင်းထောက်ပြလာ၏။တကယ်ပဲ အဲ့ဒါကြောင့်လား။
“သွားကြမယ်”
လုဟယ်နျန်က ယွင်ရုန်ကိုနက်ရှိုင်းစွာကြည့်ပြီး သူမလက်ကိုဆွဲကာပြောလာသည်။
ယွင်ရုန်က တောင့်တင်းသွားသည်။လုဟယ်နျန်၏လက်ဖဝါးက ခြောက်သွေ့ကာကြီးမား၏။သူမလက်ကိုအသာဆွဲလာသောအခါ အလွန်နူးညံ့ပြီးနွေးထွေးနေသည်။ဤခံစားချက်ကလုံးဝမဆိုးပေ။သူမကသတိပြန်ဝင်လာသော်လည်း မရုန်းလိုက်ဘဲခေါင်းငြိမ့်ပြလိုက်သည်။
“သွားကြမယ်”
ယွင်ရုန်ကရှေ့သို့နှစ်လှမ်းသွားပြီးမှ ကြောင်အနေသောလင်းရှောင်မန်ကိုလှည့်ကြည့်ကာမေးလိုက်သည်။
“နင် ရဲခေါ်ပေးစေချင်လား”
“ကိုယ်ရဲတွေကိုစာပို့ပြီးသွားပြီ ငါးမိနစ်အတွင်းရဲအရာရှိတစ်ယောက်ရောက်လာလိမ့်မယ်”
သူကလင်းရှောင်မန်ကိုသဘောမကျသော်လည်း သူမကသူ့ဝန်ထမ်းဖြစ်နေဆဲပင်။ထို့အပြင်ယွင်ရုန်အားစိုက်ထုတ်ကာကယ်ထားသည်ကိုလည်း အလကားမဖြစ်သွားစေချင်ပေ။
ယွင်ရုန်က ရဲကိုအကြောင်းကြားပြီးပြီဟုကြားလိုက်ရမှစိတ်အေးသွားသည်။ဒီအမျိုးသမီး၏ တွေးခေါ်ပုံက နည်းနည်းလွန်ကဲသော်လည်း အဆုံးတွင်လူသားတစ်ယောက်၏အသက်ဖြစ်သည်။သူမက လင်းရှောင်မန်အသက်ကိုထိန်းသိမ်းနိုင်ရန်မျှော်လင့်မိသည်။
ယွင်ရုန်က လျှောက်နေရင်းဖြင့်လက်ထဲမှမှန်မိစ္ဆာကိုကြည့်ကာပြောလိုက်သည်။
“အခု ကျွန်မတို့ကဝမ်းပေါ်ကိုခေါ်ပြီး ဒါကိုလာယူခိုင်းရမှာလား”
“ကားထဲအရင်ဝင်ရအောင် ကိုယ်သူ့ကိုဖုန်းဆက်လိုက်မယ်”
လုဟယ်နျန်ကခေါင်းငြိမ့်လိုက်သည်။ကားထဲရောက်ပြီးနောက်သူကချက်ချင်းပင်ဝမ်းပေါ်ကိုဖုန်းခေါ်လိုက်သည်။ဝမ်းပေါ်ကဖုန်းမြည်လာသောအချိန်၌အိပ်ပျော်နေပြီဖြစ်သည်။မိစ္ဆာတစ်ကောင်ဖမ်းမိထားသည်ကိုကြားလိုက်ရသောအခါ သူကအံ့ဩလွန်းသဖြင့်အိပ်ရာပေါ်မှခုန်ထမိသွားသည်။
လုဟယ်နျန်က ယွင်ရုန်အနားယူရန်ဟိုတယ်သို့ပြန်ပို့ပေးရမည်ဖြစ်သဖြင့် ဝမ်းပေါ်အားမြို့ဆင်ခြေဖုံးသို့မလာခိုင်းတော့ဘဲ ဟိုတယ်ရှေ့တွင်သာတန်းဆုံရန်လုပ်လိုက်သည်။ဝမ်းပေါ်ကချက်ချင်းသဘောတူလိုက်ကာ လုဟယ်နျန်ကို ထပ်ခါတလဲလဲကျေးဇူးတင်ပြီးမှဖုန်းချလိုက်သည်။
ဖုန်းချပြီးနောက် လုဟယ်နျန်ကယွင်ရုန်အားအကြောင်းစုံပြောပြလိုက်ပြီး ဟိုတယ်ဆီထွက်လာခဲ့ကြသည်။
ကားထဲသို့ရောက်သည်နှင့် ချုပ်နှောင်ခံထားရသောမှန်မိစ္ဆာက မလွတ်မြောက်နိုင်တော့ကြောင်း သဘောပေါက်လာပုံရပြီး နားကွဲမတတ်ဟိန်းသံကြီးဖြင့် အင်အားရှိသမျှစိုက်ထုတ်ကာ ရုန်းကန်လာသည်။
“တိတ်စမ်း”
ယွင်ရုန်ကမျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့်အပြစ်ဆိုလာသည်။ချက်ချင်းဆိုသလိုပင်အားပြင်းသည့်ရိုက်ချက်တစ်ခုက မိစ္ဆာကိုထိလာပြီး တစ်ကိုယ်လုံးလဲပြိုကျသွားစေ၏။တစ်ခါကခက်ထန်ဖူးသည့်မှန်မိစ္ဆာက ချက်ချင်းတောင့်တင်းလာကာ ထောင့်တွင်ကွေးပြီးခိုက်ခိုက်တုန်နေလေသည်။
လုဟယ်နျန်က ထောင့်နားမှ မြူခိုးလိုလိုအကြည်ရောင်ဘောလုံးလိုအရာကိုတစ်ချက်ကြည့်ပြီး သူကမနေနိုင်ဘဲမေးလိုက်သည်။
“အဲ့ဒါကမိစ္ဆာလား မိစ္ဆာတွေအားလုံးက အဲ့လိုပုံစံဘဲလား”
“ဟုတ်တယ် ဒါကမိစ္ဆာတစ်ကောင်ဘဲ မိစ္ဆာတွေအားလုံးကဒီလိုပုံစံမျိုးမဟုတ်ပါဘူး မိစ္ဆာတိုင်းမှာသူ့ကိုယ်ပိုင်ပုံစံရှိကြတယ် ဒါပေမယ့်သူတို့အားလုံးက လူသားအသွင်ပြောင်းရတာကိုသဘောကျကြတယ်”
ယွင်ရုန်က ငြိမ်သက်နေသည့်မှန်မိစ္ဆာကိုလျစ်လျူရှုကာ ပြောပြလာသည်။
“ဒီမိစ္ဆာကအသုံးမကျလို့ ဒီလိုပုံစံမျိုးဖြစ်နေတာ”
လူသားအသွင်တောင်မရှိသဖြင့် အပြင်ထွက်လာလည်းအသုံးမဝင်ပေ။
မိစ္ဆာမျိုးနွယ်တစ်ခုလုံးကိုမျက်နှာပျက်စေတယ်။
“ဒုတိယအစ်ကို မိစ္ဆာတိုင်းကအရမ်းအင်အားမကြီးဘူး တစ်ချို့မိစ္ဆာတွေက လူသားတွေအတွက်ပြိုင်ဘက်တောင်မဟုတ်ဘဲ လူသားတွေကိုစိတ်ရှုပ်ထွေးအောင် အိပ်မွေ့ချတဲ့နည်းလမ်းတွေကိုပဲသုံးနိုင်ကြတယ် ဒီလိုမိစ္ဆာကအားနည်းတဲ့အမျိုးအစားထဲကပေါ့ တကယ်လို့သူသာစိတ်ဓာတ်ခိုင်မာပြီး မြဲမြံတဲ့အလိုဆန္ဒရှိသူနဲ့ကြုံရမယ်ဆိုရင် အောင်မြင်နိုင်မှာမဟုတ်ဘူး”
အသုံးမဝင်သည့်မှန်မိစ္ဆာက စက်ဆုပ်မှုများပြည့်နေသည့် ယွင်ရုန်၏စကားများကိုနားထောင်ပြီးနောက် သူ့ကိုယ်သူပိုသေးအောင်ကျုံ့လိုက်မိသည်။ခုနကယွင်ရုန်သည် သူမအရှိန်အဝါကိုဖိနှိပ်ထားခဲ့သဖြင့် မိစ္ဆာအငွေ့အသက်လုံးဝမရှ်ိပေ။သူမကို ဘာသာရေးဂိုဏ်းတစ်ချို့မှ သာမာန်ဂိုဏ်းသားတစ်ယောက်ဟုထင်ခဲ့မိသည်။လက်ရှိကာလမှဂိုဏ်းများအားလုံးသည် အလွန်အသုံးမကျသဖြင့် မှန်မိစ္ဆာကနည်းနည်းလေးတောင်မကြောက်ပေ။
မထင်မှတ်ထားစွာဖြင့် သူကဘစ်ရှော့တစ်ယောက်နှင့်ကြုံသွားသည်။
အစောကတည်းကသိထားပါက လင်းရှောင်မန်ဆယ်ယောက်ဆိုလျှင်တောင် အခွင့်အရေးယူမိမှာမဟုတ်ပေ။
လုဟယ်နျန်က ယွင်ရုန်ပြောပြီးသည်အထိနားထောင်ပြီးနောက် မှန်မိစ္ဆာကိုတစ်ချက်ကြည့်လိုက်သည်။
“ခုနတုန်းက လင်းရှောင်မန်ကစိတ်မချမ်းမြေ့စရာစကားတွေကိုပြောခဲ့တယ် မင်းရင်ထဲအရမ်းမထည့်လိုက်ပါနဲ့”
ယွင်ရုန်က လုဟယ်နျန်ကိုထိုအကြောင်းပြောလာမည်ဟုမထင်ထားခဲ့ပေ။သူမကသူ့ကိုအံ့ဩတကြီးကြည့်လိုက်မိသည်။
“သူမက မှန်မိစ္ဆာရဲ့အိပ်မွေ့ချတာကိုခံထားရပြီး သူမရင်ထဲမှာသိမ်းထားတဲ့စကားမှန်သမျှကိုပြောလာခဲ့တာ ပြောရရင်ဒီကိစ္စကဒုတိယအစ်ကိုနဲ့ဆက်စပ်နေတာမလို့ ကျွန်မကလုံးဝစိတ်မရှိပါဘူး”
ယွင်ရုန်က အမြဲပင်လူသားများအပေါ်သည်းခံပေးတတ်သည်။သူမကကိုယ်တိုင်ကိုင်တွယ်စရာမလိုပေ။လင်းရှောင်မန်က တောင်စောင့်နတ်ကိုစော်ကားခဲ့ကာသူမဘာသာလုပ်ခဲ့ခြင်းဖြစ်သဖြင့် သူမနှင့်ထိုက်သည့်ပြစ်ဒဏ်ကလျင်မြန်စွာရောက်ရှိလာလိမ့်မည်။
လင်းရှောင်မန်အကြောင်းပါလာသောအခါ ယွင်ရုန်ကမေးလိုက်မိသည်။
“ဒုတိယအစ်ကို လူသားတွေရဲ့အချစ်ဆိုတာက တကယ်ပဲဘယ်လိုအလုပ်လုပ်တာလဲ”
လင်းရှောင်မန်၏ရင်ထဲတွင်ခံစားနေရသည်မှာအသိသာကြီးဖြစ်သော်လည်း သူမနှလုံးသားကအလိုရှိသောအရာကို သန်မာစွာကပ်တွယ်ထားဆဲဖြစ်သည်။တကယ်ဆိုလျှင် သူမလက်လွှတ်ပေးလိုက်ရုံဖြင့် အများကြီးပျော်ရွှင်သွားရမှာဖြစ်သည်။
‘ရှင်တို့လူသားတွေ’ဆိုတော့ မင်းကရောလူမဟုတ်ဘူးလား။မိစ္ဆာတစ်ကောင်ကို တစ်ယောက်တည်းဖမ်းနိုင်တယ်ဆိုတော့ ရွှမ်းမန်ကသူတွေကအဲ့လောက်တောင်အင်အားကြီးတာလား။
လုဟယ်နျန်က စတီယာရင်ဘီးကိုတင်းတင်းဆုပ်လိုက်သော်လည်း အဆုံးတွင်ဘာမှမမေးလိုက်ပေ။သူကမျက်လုံးထဲတွင်သံသယအနည်းငယ်ဖြင့်ယွင်ရုန်ကိုလှည့်ကြည့်ကာပြောလိုက်သည်။
“မင်းဘယ်လိုထင်လို့လဲ မင်းသာတစ်ယောက်ယောက်ကိုကြိုက်တယ်ဆို ဘယ်လိုလုပ်မှာလဲ”
****
စာရေးသူတွင်ပြောစရာရှိသည်။
လုဟယ်နျန် :ကိုယ်မပါပဲဟော့ပေါ့သွားစားချင်တယ်ပေါ့။
ယွင်ရုန်:ကျွန်မ ကျွန်မကဒီအတိုင်းစတာပါ。。。。
⛰️