⛰️Chapter 45
အကြိမ်ကြိမ်ကြိုးစားမှုများ
လုဟယ်နျန်က ကားစတီယာရင်ကို တင်းကျပ်စွာလှည့်လိုက်သော်လည်း သူမကိုတော့ ဘာမှမမေးခဲ့ပေ။ သူက ယွင်ရုန်ကို လှည့်ကြည့်ကာ သံသယမျက်လုံးများနှင့် မေးလိုက်သည်။
“ဘယ်လိုထင်လဲ… မင်းတစ်ယောက်ယောက်ကို ကြိုက်သွားခဲ့ရင် ဘယ်လိုလုပ်မှာလဲ…”
“ကျွန်မလား…”
ယွင်ရုန်က စကားမပြောမီ ရေရွတ်လိုက်သည်။
“ကျွန်မ တစ်ယောက်ယောက်ကို ကြိုက်မိပြီဆိုရင် သူ့ကို ချက်ချင်းပြောမှာပဲ… ကမ္ဘာပေါ်မှာ ရှိသမျှ အရာတွေအကုန်လုံးကို သူ့ကိုပဲ ပေးမှာ… သူက ကျွန်မကို အရမ်းစိတ်ဝင်စားနေတယ်ဆိုရင် ကျွန်မ သူစိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူး… သူက ကျွန်မကို စိတ်မဝင်စားဘူးဆိုရင်လည်း သူ့ကို ကျွန်မ တွယ်ကပ်နေမှာမဟုတ်ဘူး… ကျွန်မက သူ့ကိုရဖို့အတွက် လိပ်ပြာလုံလုံနဲ့ပဲ ချဉ်းကပ်မှာပဲ…”
ကောင်မလေး၏ အသံမှာမကျယ်သော်လည်း ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး နားထောင်၍ ကောင်းသော အသံမျိုးဖြစ်သည်။ ထိုအသံမှာ လုဟယ်နျန်၏ နား သာမက နှလုံးသားသို့ပါ ရောက်ရှိသွားသည်။ သူ ယွင်ရုန်ကို မကြည့်ဘဲ မနေနိုင်ချေ။ သို့သော် သူမ၏ မေးစေ့ နှင့် ကျီးကန်းကဲ့သို့ မည်းနက်သော မျက်တောင်များကိုသာ မြင်ရလေသည်။ ညဘက်တွင်ပင် ဤမြင်ကွင်းမှာ အလွန်လှပလေသည်။
ယွင်ရုန်မှာ လုဟယ်နျန်ဆီမှ စကားပြန်ကို အချိန်တော်ကြာ မကြားမိသောအခါ လှည့်ကြည့်လိုက်လေသည်။ သူမ၏ မျက်လုံးမှာ ကြည်လင်လေးနက်သော မျက်လုံးတစ်စုံနှင့် သွားဆုံသည်။ ဤမျက်လုံးအစုံမှာ ကြည့်မိသူတိုင်းအား ဖမ်းစားနိုင်သော ဘယ်သောအခါမှ ပျက်ပြယ်မသွားမည့် မြူခိုးအချို့ရှိလေသည်။
မည်သည့်အကြောင်းကြောင့်မှန်းမသိရသော်လည်း ယွင်ရုန်၏ နှလုံးသားထဲမှ ထူးဆန်းသော ခံစားမှုတစ်ခုခံစားလိုက်ရသည်။
“ဒုတိယ အစ်ကို…”
လုဟယ်နျန် အတွေးထဲမျောနေရာမှ အသိပြန်ဝင်လာသည်။ သူက ခေတ္တမျှ ပြုံးကာ စကားစပြောသည်။
“မင်း ခုနတုန်းက ပြောတာမှန်တယ် ကိုယ်လည်း အဲဒီလိုပဲ ထင်တယ်…”
ယွင်ရုန်က သူခံစားရသည်ကို လုဟယ်နျန်က သဘောတူသောကြောင့် ပျော်ရွှင်သွားသည်။ သူမက လက်ကိုဆန့်ကာ လုဟယ်နျန်၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
“ဒုတိယအစ်ကို မပူပါနဲ့ အစ်ကိုနဲ့ သင့်တော်မဲ့ ကောင်မလေးတစ်ယောက်ရှာတွေ့လာမှာပါ…”
ထိုအပြုအမူမှာ စီနီယာတစ်ယောက်က ဂျူနီယာတစ်ယောက်အား အားပေးနေသည်နှင့်ပင် တူနေ၏။
ကောင်မလေး၏ အပြုံးကို မြင်ရုံမျှဖြင့် လုဟယ်နျန်၏ ထိုင်းမှိုင်းနေသော စိတ်များ ချက်ချင်းပင်ပျောက်ကွယ်သွားသည်။ သူက အံကြိတ်ပြီး ပြောလိုက်သည်။
“မင်းရော အဲဒီလိုကောင်လေးတစ်ယောက် မလိုချင်ဘူးလား…”
“လူတစ်ယောက်ရဲ့ ဘဝမှာ ကြိုးစားရမဲ့ အရာတွေအများကြီးရှိတယ် တကယ်လို့ ကံကြမ္မာကဖန်လာရင်တော့ ရှောင်လွှဲလို့မရဘဲ ကြုံတွေ့ရမှာပဲလေ…”
ယွင်ရုန်က မစဉ်းစားပဲ ပြန်ဖြေလိုက်သည်။ သူမအနေနှင့် လူသားတို့၏ အချစ်အား မကြုံတွေ့ဖူးသည့်အပြင် ပျော်စရာကောင်းမည်ဟုလည်း မထင်မှတ်ထားပေ။
ခုထိ ကြိုးစားချင်နေတုန်းလား ကောင်းတယ် အရမ်းကောင်းတယ်…
လုဟယ်နျန်မှာ သူ၏ ဝမ်းဗိုက်ဆီမှ မသက်မသာခံစားလိုက်ရပြီး ဦးခေါင်းသည်လည်း နေရတာ မသက်သာတော့ပေ။ သို့သော် ကောင်မလေး၏ ရိုးသားဖြူစင်သော ပုံစံကို မြင်ရသည်မှာ သူ့အတွက် ဒေါသပင်မထွက်နိုင်အောင်ဖြစ်နေရသည်။ ခတ္တမျှစဉ်းစားပြီးနောက် သူက လေးနက်စွာပြောလာသည်။
“မင်းအသက်က ငယ်ပါသေးတယ် အဲဒီတော့ မင်းနားလည်မှာမဟုတ်ဘူး ဒီနေ့ခတ် ယောက်ျားတွေက မကောင်းဘူး မင်းလိုမျိုး ကောင်မလေးငယ်ငယ်လေးတွေကို လှည့်စားချင်ကြတာ သူတို့က မင်းရဲ့ ပိုက်ဆံတင်မကဘူး ခန္ဓာကိုယ်ကိုပါ အရယူကြမှာ အဲဒါထက်ပိုဆိုးမှာက သူတို့က မင်းကို ဖမ်းခေါ်သွားပြီး တောင်ပေါ်တွေမှာ ရောင်းစားပစ်ကြမှာ လူတစ်ယောက်က မင်းကိုကောင်းကောင်းဆက်ဆံပေးတာနဲ့ပဲ အဲဒီလူက ရိုးသားတယ်လို့ မထင်လိုက်နဲ့ လူသားတွေရဲ့ စိတ်နှလုံးက နားလည်ရ အခက်ဆုံးပဲ…”
“ကျွန်မ အသက်က မငယ်ပါဘူး”
ယွင်ရုန်က တိုးတိုးလေးပြောလိုက်သည်။ ထို့နောက် ယုံကြည်ချက်ရှိစွာနှင့် အသံကျယ်ကျယ် ထပ်ပြောသည်။
“အဲဒါထက် သူတို့က ကျွန်မကို မရိုက်ချနိုင်ပါဘူး…”
ဤကောင်မလေးကြောင့် စိတ်တိုလွန်းပြီး သေတော့မလိုပင် လုဟယ်နျန်ခံစားလိုက်ရသည်။ သူက တစ်ချက် မဲ့ ကာ ပြောလိုက်သည်။
“မင်း တိုက်ခိုက်နိုင်မယ်ဆိုတာ ကိုယ်သိပါတယ် ဒါပေမဲ့ ပထမဆုံးနေ့မှာတင် မင်းလှည့်စားခံလိုက်ရပြီး ကလပ်မှာ လုပ်လိုက်ရတယ်မဟုတ်ဘူးလား တစ်ခါတလေ ယောက်ျားတွေရဲ့ လှည့်ကွက်ဆိုတာ မင်းမထင်ထားလောက်အောင် ကောက်ကျစ်ပြီး အနိုင်ယူဖို့ ခက်တယ်…”
လုဟယ်နျန်၏ လေးနက်သော လေသံကြောင့် ယွင်ရုံတစ်ယောက် မျက်လုံးများပင်ကျယ်သွားသည်။ သူပြောတာတော့ မှန်သည်။ အဲဒီနေ့တုန်းက လျိုဝေ့လှည့်စားတာကို သူမ အမှန်တကယ် ခံစားခဲ့ရသည်။ ပုရိသယောက်ျားများမှာ တကယ်ပင် ဆိုးရွားကြ၏။
ဒါပေမဲ့ လုဟယ်နျန်လည်း ယောက်ျားပဲဟာ အာ ဒါက သူ့ကိုယ်သူ အပြစ်တင်နေတာလား…
ယွင်ရုန်က ပြန်ပြောသည်။
“ဒုတိယအစ်ကို ရှင်လည်း ယောက်ျားပဲဟာ ရှင်လည်း ကျွန်မကို လှည့်စားမှာလားဟင် ရှင်က ကျွန်မကို ဘာအတွက် လှည့်စားမှာလဲ…”
လုဟယ်နျန် ဒေါသနှင့်သာ ရယ်မိတော့သည်။ သူစိတ်မထိန်းနိုင်ပဲ သူမ၏ မျက်နှာကို အားရပါးရညှစ်လိုက်မိသည်။ ထို့နောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။
“ငါ မင်းကို ဘာအတွက်ကြောင့် လှည့်စားရမှာလဲ…”
သူ သူမကို စတွေ့ကတည်းက သူမကို ချွင်းချက်မရှိ ပြုမူဆက်ဆံချင််ခဲ့သည်။ သူအသက်ရှင်လာသော အနှစ် သုံးဆယ်လုံးလုံး မည်သည့်အမျိုးသမီးကိုမှ သူကောင်းမပေးဖူးပေ။ သူကိုယ်တိုင်လည်း ယွင်ရုန်ဆီက ဘာကို မျှော်လင့်နေမိမှန်း မသိပေ။
ယွင်ရုန်မှာ လုဟယ်နျန် ထိုကဲသို့ ရန်မူပြီး မမြင်ဖူးသဖြင့် အံ့ဩသွားသည်။ သူမ မသိလိုက်ခင်မှာပင် အနောက်ကိုဆုတ်လိုက်မိပြီး သူ့လက်ကို တားလိုက်မိသည်။ သူမက အင်အားချိနဲ့စွာ ပြောလိုက်သည်။
“ဒုတိယအစ်က်ိုက ကျွန်မအပေါ်မှာ ရိုးရိုးသားသားဆက်ဆံပြီး တခြားအကြံအစည်မရှိိတာကို သိပါတယ်…”
ကောင်မလေး၏ အသံမှာ နူးညံ့ပြီး ချိုမြိန်နေကာ လုဟယ်နျန်နှလုံးသားထဲက ဒေါသများကို ချက်ချင်းပင် ပျောက်သွားအောင် လုပ်လိုက်သည်။ သူမကိုင်ထားသော လက်ဆီမှ နွေးထွေးသော ခံစားချက်တစ်ခု ခံစားလိုက်ရပြီး ဓာတ်လိုက်သလိုခံစားလိုက်ရ၏။ သူက စိတ်မသက်သာစွာနှင့်ပင် လက်ကို ပြန်ရုတ်လိုက်ပြီး အသံနက်နှင့် ပြောလိုက်သည်။
“ငါတို့ ခဏနေ ရောက်တော့မယ် သေချာထိုင်…”
ကားက ဟိုင်ကျင်းဟိုတယ်သို့ မြန်မြန်ဆန်ဆန်ပင်ရောက်လာသည်။ ဝန်ပို မရောက်လာသေးသဖြင့် ယွင်ရုန်နှင့် လုဟယ်နျန်တို့ ဟိုတယ်ခန်းထဲတွင် စောင့်နေကြသည်။ ကုန်တချင်မှာ ထိုနေ့ညနေအတွက် ညဆိုင်းတာဝန်ကျသဖြင့် အဆိုင်းတာဝန်လဲပြီးပြီးချင်းပင် ဓာတ်လှေကားထဲမှာ လူနှစ်ဦး၏ နောက်ကျောပုံရိပ်ကို မြင်လိုက်ရလေသည်။
သူခေတ္တမျှတွေဝေသွားကာ လမ်းလျှောက်နေရာမှ ရပ်လိုက်သည်။ သူ၏ ဘောစ့် ဟိုတယ်သို့ လာသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဟိုတယ်မန်နေဂျာတစ်ယောက်အနေနှင့် ဘောစ့်ကို မကြိုဆိုလျှင် မယဉ်ကျေးရာ ကျပေလိမ့်မည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူရှေ့ဆက်တိုးမည်ဆိုပါက သူ၏ ဖားယားမှုအလုပ်မဖြစ်သည့်အပြင် ခြေထောက်တွေပါ ဖြတ်ခံရကိန်းရှိသည်ဟု ခံစားနေရသည်။
အကြံအဖန်လုပ်တတ်တော့ ခွေးပီပီ သူ၏ အကျွမ်းကျင်ဆုံးသော ပညာရပ်မှာ အမြင်ရှိခြင်းပင်ဖြစ်သည်။
ဤညအတွက် ကိစ္စတော်တော်များများဖြစ်သွားသောကြောင့်သော်လည်းကောင်း ပျင်းစရာကောင်းလွန်းသောကြောင့်သော်လည်းကောင်း ယွင်ရုံမှာ တီဗီကို ခေတ္တမျှကြည့်ရုံနှင့် ဝမ်းပေါ် ရောက်မလာမီမှာပင် အိပ်ပျော်သွားလေသည်။
လုဟယ်နျန်မှာ သူ့ပုခုံးပေါ်တွင် လေးလံမှုတစ်ခုခံစားရ၍ လှည့်ကြည့်ရာ မိန်းကလေး၏ မွေးပျံ့သော ဦးခေါင်းမှာ သူ့ပုခုံးပေါ်သို့ ကျရောက်နေသည်ကို တွေ့ရလေသည်။ အပေါ်မှကြည့်လျှင် သူမ၏ မျက်ခုံးရှည်များအား ပျံတက်တော့မည့် လိပ်ပြာလေးပမာ ကော့ညွတ်ပြီး နူးညံ့နေသည်ကို မြင်နေရသည်။
သူမမျက်လုံးများကို ပိတ်ထားသဖြင့် ယွင်ရုန်မှာ သာမန်ကမ္ဘာပေါ်သို့ ပြုတ်ကျလာသော နတ်သမီးလေးနှင့်ပင် တူလေသည်။ လုဟယ်နျန်၏ နှလုံးသားမှာ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့လက်ချောင်းများကို တိတ်တဆိတ်နှင့် ငြင်သာစွာ လှုပ်ရှားလိုက်သည်။ သူ့ပုခုံးကိုလည်း ဖြေးညင်းစွာရွှေ့လိုက်ပြီး မိန်းကလေး၏ ဦးခေါင်းကို လက်ပေါ်သို့ တင်လိုက်သည်။
“အမ်း…”
နေရာရွှေ့သွားသဖြင့် ယွင်ရုံက နှာခေါင်းကို ကျုံ့ကာ မကျေနပ်သည့် အသံထွက်လာသည်။
လုဟယ်နျန် ချက်ချင်းရပ်လိုက်ပြီး နှလုံးရပ်မတတ် ခံစားလိုက်ရသည်။ ယွင်ရုန်ထံမှ ဘာမှထပ်မကြားရကြောင်း သေချာမှ သက်ပြင်းချလိုက်ကာ သူမကို ပွေ့ချီလိုက်ပြီး အိပ်ရာဆီသို့ ခေါ်သွားရန် ဟန်ပြင်လိုက်သည်။
ယွင်ရုန်မှာ လုဟယ်နျန်က ပွေ့ချီလိုက်သောအခါ ရင်းနှီးပြီးသားဖြစ်သော အငွေ့အသက်ကို ခံစားလိုက်ရ၍ ခန္ဓာကိုယ်ကို ပိုပြီးပူးကပ်လိုက်သည်။ သူမမျက်နှာသေးသေးလေးကိုလည်း သူ့လည်ပင်းနားတွင်ကပ်ကာ သက်တောင့်သက်သာရှိစွာဖြင့် သက်ပြင်းလေးချလိုက်သည်။
လုဟယ်နျန်မှာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ယွင်ရုန်၏ ထွက်သက်မှာ သူ့လည်ပင်းပေါ်တွင် ချော်ရည်ပူများကဲ့သို့ဖြစ်ပြီး နှလုံးသားကိုပါ အရည်ဖျော်နေသကဲ့သို့ ရှိလေသည်။ သူကြက်သေသေသွားပြီး နှလုံးသားထံမှ ပြောမပြနိုင်သည့် ယားယံမှုတစ်ခုကိုပါ ခံစားလိုက်ရသည်။
ထို့ကြောင့် နေရာတွင် ခေတ္တမျှရပ်ကာ သူ့နှလုံးသားထံမှ ထူးဆန်းသောခံစားချက်အား ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက်တွင်မှ သတိကြီးစွာထားပြီး မိန်းကလေးအား ခုတင်ပေါ်သို့တင်လိုက်ကာ စောင်ပါးလေးဖြင့် ခြုံပေးလိုက်သည်။ ထိုကဲ့သို့ အကုန်အပြီးအစီးလုပ်မှသာ သူ့အတွက် အသက်ဝဝရှူနိုင်လေသည်။
လွန်ခဲ့ပြီးသော ဆယ်စက္ကန့်ခန့်ကပင် သူ့နောက်ကျောတွင် ချွေးများစို့နေပြီးဖြစ်သည်။ ဤအရာမှာ အရေးကြီးပွဲအခမ်းအနားကြီးတစ်ခုတွင် စကားပြောရသည်ထက် ပို၍ပင်ပန်းလှပေသည်။ သူမ၏ ခန္ဓာကိုယ်လေး စောင်ပါးထဲတွင် လူးလွန့်သည်ကို မြင်လိုက်သောအခါ လုဟယ်နျန်၏ နှုတ်ခမ်းလေးများသည် ကွေးတက်သွားကာ အလိုလိုက်သောအပြုံးများဖြင့် ပြုံးနေလေ၏။
အောက်ထပ်တွင်မူ ဝမ်းပေါ်တစ်ယောက် ဟိုတယ်အတွင်းသို့ အလောတကြီးပြေးဝင်လာလေသည်။ ရီဆက်ရှင်စားပွဲသို့ရောက်သောအခါ အမောတကောမေးလိုက်သည်။
“ဟယ်လို မစ်ယွင်ရုန် ဘယ်အခန်းမှာ တည်းနေလဲဆိုတာ သိပါရစေ…”
ကုန်တချင်မှာ ရီဆက်ရှင်စားပွဲနောက်တွင် ထိုင်နေသည်။ ဝမ်းပေါ်၏အသံကို ကြားကြားချင်းပင် သူခေါင်းထောင်၍ ကြည့်သည်။ သူယခုလေးတင် ဒါရိုက်တာနှင့် အစ်မယွင်ရုန်တို့ဝင်လာသည်ကိုမြင်ပြီး ရီဆက်ရှင်စားပွဲမှလူကို ခေတ္တအနားယူရန်ပြောထားကာ သူကိုယ်တိုင်ဝင်ထိုင်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ဒါရိုက်တာအောက်သို့ဆင်းလာသောအခါ ဤလူ ကုန်တချင်၏ ထူးချွန်ပြောင်မြောက်သော ဧည့်ဝတ်ကျေပွန်မှုကို မြင်နိုင်ပေလိိမ့်မည်။
ဝမ်းပေါ်၏အသံကိုကြားသောအခါ သူအလိုအလျောက်ပြောလိုက်မိသည်။
“ဒီမှာ ခင်ဗျားဘယ်သူ့ကိုရှာနေတာလဲ…”
“ယွင်ရုန်ကို ရှာနေတာပါ…”
ဝမ်းပေါ်မှာ စိတ်ပူပန်နေ၏။ သူ မြစ်ကမ်းပါးပေါ်တွင် ဖမ်းမိခဲ့သည့်အချိန်စဉ်က ငါးဖြူဝိဉာဉ်ကို ပြန်အမှတ်ရနေသည်။ ထိုဝိဉာဉ်၏ တစ်ကိုယ်လုံးမှာ ငါးအသားနှင့် ပြည့်နေပြီး ငါးညှီနံ့ကလည်း လှိုင်ထွက်နေသည်။
ငါးက ရေထဲကလာတာဆိုတော့ အခု ကြေးမှုန်မှန်မိစ္ဆာနဲ့ အဲ့တုန်းက ငါးဖြူဝိဉာဉ်လည်း ဆက်စပ်မှုရှိနေတာလား…
“မစ္စယွင်နဲ့ ကျွန်တော်က ကြိုတင်ချိန်းထားပြီးသားပါ သူဘယ်အထပ်မှာရှိနေလဲဆိုတာသာ ပြောလိုက်ပါ ကျွန်တော်တက်သွားလိုက်ပါမယ်…”
အစ်မ ယွင်ရုန်က ဘာဖြစ်လို့လဲ… သူကအခု အခန်းထဲမှာ ဒါရိုက်တာနဲ့ အတူရှိနေတာမဟုတ်ဘူးလား… သူကဘာဖြစ်လို့ နောက်ထပ်အမျိုးသားတစ်ယောက်နဲ့ ထပ််ချိန်းရတာလဲ…
ကုန်တချင်က နံရံပေါ်က နာရီသို့ တစ်ချက်ကြည့်လိုက်သည်။
ဒီလူသာ အပေါ်တက်သွားပြီး ဒါရိုက်တာနဲ့ အစ်မယွင်ကို နှောင့်ယှက်မယ်ဆိုရင် ဘာဖြစ်လာမလဲ…
“ခင်ဗျား နားရောထောင်နေရဲ့လား…”
ဝမ်းပေါ်က ကုန်တချင်၏ မျက်နှာရှေ့တွင် လက်ကိုရမ်းကာ မေးလိုက်သည်။
ကုန်တချင်မှာ အတွေးလွန်နေရာမှ သတိဝင်လာပြီး ပြန်ဖြေသည်။
“တွေ့ရတာ ဝမ်းသာပါတယ် လူကြီးမင်း… အခုတော့ အချိန်က တော်တော်လေးနောက်ကျနေပါပြီ… ကျွန်တော်တို့ဧည့်သည်တွေရဲ့ လုံခြုံရေးအရ အပေါ်ကို ကျွန်တော်ပါ အတူလိုက်ခဲ့ပေးပါမယ်…”
ဝမ်းပေါ်မှာ ခေတ္တမျှကြောင်သွားပြီး လျင််မြန်စွာ ခေါင်းညိမ့်လိုက်သည်။
“ရပါတယ် အာ ကျွန်တော်တို့ မြန်မြန်သွားလို့ရမလား… ကျွန်တော့်မှာ အရေးကြီးကိစ္စပါလာလို့ပါ…”
ကုန်တချင်မှာ ဝမ်းပေါ်၏အသံက အလျင်လိုနေပုံပေါက်နေသည်ကို သတိထားမိပုံမပေါ်ပေ။ ဒါရိုက်တာနှင့် အစ်မယွင်တို့ ကိစ္စပြီးပါ့မလား ဟူ၍သာ တွေးပြီး ရှေ့ကနေ လျှောက်နေ၏။ သူတို့ကိုသာ မတော်တဆတွေ့လျှင် ဒါရိုက်တာစိတ်ဆိုးမည်ဖြစ်ပြီး သူ့လက်ရှိအလုပ်တွင် မြဲမှမြဲပါ့မလားဟူ၍လည်း စိတ်ပူနေသည်။
ကုန်တချင်မှာ ရုတ်တရက်ခေါင်းကိုက်သွားသည်။ သူတို့ ဓာတ်လှေကားအနားသို့ ရောက်မည့်အချိန်လေးမှာပင် သူက ဝမ်းပေါ်ကို လှည့်ပြောလိုက်သည်။
“လူကြီးမင်း ကျွန်တော်တို့ဟိုတယ်ရဲ့ ဓာတ်လှေကားကပျက်နေပါတယ် စိတ်မရှိဘူးဆိုရင် ဒီဘက်က လှေကားကနေ လိုက်ခဲ့ပေးဖို့ ပြောပါရစေ…”
ဒါရိုက်တာရေ ကျွန်တော်ဒီအထိပဲ ကူညီပေးနိုင်ပါတယ်… ကျွန်တော်တို့ တံခါးလာခေါက်ပြီး မတော်တဆတွေ့သွားခဲ့ရင် ကျွန်တော့်ကို ဗွေမယူပါနဲ့…
ဓာတ်လှေကားက ပျက်နေတယ်တဲ့လား…
ဝမ်းပေါ် ခေတ္တမျှ တွန့်ဆုတ်သွားသည်။
“ခုဏလေးတင် လူတစ်ယောက်ထွက်လာတာ ကျွန်တော်မြင်လိုက်တယ်လေ…”
“ဟုတ်ကဲ့ ပျက်နေတာပါ အောက်ကိုပဲ ဆင်းလို့ရတာပါ အပေါ်ကို တက်လို့မရပါဘူး…”
ကုန်တချင်က မျက်နှာထားကို မပြောင်းစေဘဲ ပြုံးပြုံးလေးပြောပြသည်။
တစ်ခုခု မှားနေပြီဟု ဝမ်းပေါ်ခံစားလိုက်ရသည်။ သို့သော်သူ့စိတ်ထဲတွင် ကြေးမှုန်မှန်မိစ္ဆာက ကြီးစိုးနေသည်ဖြစ်ရာ မည်သည်ကိုမျှထပ်ပြီး မတွေးနိုင်တော့ဘဲ ကုန်တချင်နောက်ကိုသာ ချက်ချင်းလိုက်လာတော့သည်။ ယွင်ရုန် တည်းနေသည့် အထူးခန်းမှာ ထိပ်ဆုံးထပ်တွင်ရှိပြီး နံပါတ်စဉ်အရစီလျှင် ၂၂ ထပ်ဖြစ်သည်။
သူတို့နှစ်ယောက် ၁၀ ထပ်သို့ရောက်သောအခါ ဝမ်းပေါ်မှာ သူ့ကိုယ်သူ ထင်သလောက် မသန်မာကြောင်း တွေးမိသွား၏။ လဲကျမသွားစေရန်အတွက် သူ့ကိုယ်သူ လက်ရန်းတွင်မှီထားရင်း ကုန်တချင်ကို မေးလိုက်သည်။
“ဘယ်နှထပ်တောင် ရှိတာလဲ…”
“နောက်ထပ် ၁၂ ထပ်ကျန်ပါသေးတယ် ဧည့်သည်… ခဏလောက် နားလိုက်ပါ ကျွန်တော်တို့ မကြာခင် ရောက်ပါလိမ့်မယ်…”
ကုန်တချင်သည်လည်း မသက်မသာခံစားနေရသည်။ နွေရာသီအပူချိန်မှာ အလွန်ပူ၏။ လူသားပုံစံဖြင့်ရှိနေသော်လည်း သူ့အရေပြားပေါ်မှ အမွှေးသည် အစစ်ပင်ဖြစ်သည်။ အပြင်လူသာရှိမနေလျှင် ချွေးထုတ်ရန်အတွက် သူ့လျှာကို တစ်လစ်ထုတ်ထားမိပေလိမ့်မည်။
သူ စဉ်းစားပြီးရင်း စဉ်းစားကာ ရင်ထဲတွင် ပီတိဖြစ်လာသည်။ ဒါရိုက်တာအတွက် သူအများကြီး ကြိုးပမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ဒီလိုတော်တဲ့ ဝန်ထမ်းမျိုး ဘယ်ကရှာလို့ရမှာလဲ…
“နောက်ထပ် ၁၂ ထပ်ကျန်သေးတယ်…”
ဝမ်းပေါ်မှာ နောက်ထပ်လှေကားထစ်ကို မတက်နိုင်မီိမှာပင် သူ့မျက်နှာက အစိမ်းရောင်ဖြစ်နေ၏။
ဤသို့ဖြင့် လူသားတစ်ယောက်နှင့် မိစ္ဆာတစ်ကောင်တို့ အပေါ်ဆုံးအထပ်သို့ရောက်သည့်အခါ နှစ်ယောက်လုံး အသက်လုရှူနေရလေသည်။ သူတို့နှစ်ယောက်လုံးမှာ လဲကျမသွားစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် နီးစပ်ရာနံရံများတွင် မှီထားကြရသည်။ ထို့နောက် မသယ်ချင့်သယ်ချင် ခြေလှမ်းများဖြင့်ပင် ယွင်ရုန်၏အခန်းတံခါးဝသို့ ဖြေးဖြေးချင်းရောက်ရှိသွားကြသည်။
၁၅ မိနစ်ကုန်ဆုံးသွားပြီဖြစ်ပြီး ကုန်တချင်မှာ အခက်ခဲဆုံးအားထုတ်ခဲ့ရသကဲ့သို့ပင် ခံစားနေရသည်။ ယွင်ရုန်၏ အခန်းသို့ရောက်သောအခါ ချက်ချင်းဆိုသလိုပင် ဝမ်းပေါ်က လူခေါ်ခေါင်းလောင်းအား နှိပ်လိုက်သည်။ ခဏလေးအတွင်းမှာပင် လုဟယ်နျန်က တံခါးလာဖွင့်ပေးသည်။
“ဟယ်နျန် ငါ ဒီကို ကြေးမှုန်မှန်မိစ္ဆာကို…. ပြန်ခေါ်မလို့…”
အသက်ဝဝမရှူနိုင်ပဲ ဝမ်းပေါ်က လျင်လျင်မြန်မြန်ပြောလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ဘာဖြစ်လာတာလဲ…”
လုဟယ်နျန်က မျက်နှာကိုမဲ့ကာ အသက်ကိုအလောတကြီးရှူနေသည့် နှစ်ယောက်အား မေးလိုက်သည်။
ဝမ်းပေါ်က ပြန်ဖြေသည်။
“ဓာတ်လှေကားက ပျက်နေလို့တဲ့ လှေကားကနေ တက်လာရတာ…”
ထို့နောက် အခန်းထဲသို့ ကြည့်ကာမေးလိုက်သည်။
“အစ်မယွင်ရုန်ရော ဘယ်မှာလဲ…”
“သူအိပ်ပျော်နေတယ်… ကြေးမှုန်မှန်မိစ္ဆာကို ဖမ်းပြီးသွားပြီ… ငါယူပြီး ခင်ဗျားကို ပေးလိုက်မယ်…”
လုဟယ်နျန်က အခန်းထောင့်သို့ တည်ငြိမ်စွာလျှောက်သွားပြီး တစ်ဝက်တစ်ပျက်ဖောက်မြင်နေရသော ပစ္စည်းတစ်ခုကို မ ယူလိုက်သည်။
ဝမ်းပေါ်မှာ ချက်ချင်းပင် အခန်းထဲသို့ဝင်လိုက်ချင်သော်လည်း လုဟယ်နျန်က ကြေးမှုန်မှန်မိစ္ဆအား သူ့ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။ သူ သတိမထားမိလိုက်မီမှာပင် သူ့ရင်ခွင်ထဲက ပစ္စည်းအား သေချာမကြည့်မိဘဲ လက်က ဖမ်းဆုပ်လိုက်သည်။ သူအလွန်လန့်သွားသဖြင့် ကြေးမှုန်မှန်မိစ္ဆာအား ပြုတ်ကျသွားမလိုပင် ဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင် သူ့လက်ထဲသေချာဆုပ်ကိုင်မိပြီး လုဟယ်နျန်အား စိတ်ပူပန်စွာဖြင့်မေးလိုက်သည်။
“အိိမ်ကို ဒီအတိုင်းယူသွားလို့ ဘာမှမဖြစ်လောက်ပါဘူးနော်…”
သူတစ်ယောက်တည်းနှင့် ဤအရာကို ရင်ဆိုင်နိုင်မည်ဟု သူ မထင်ချေ။
“ရပါတယ် ယူသွားလိုက် ယွင်ရုန်က သူ့အစွမ်းနဲ့ သေချာချည်ထားပြီးပြီ…”
လုဟယ်နျန်က ပြန်ဖြေသည်။
“ ဘာမှ ထပ်မရှိတော့ဘူးဆိုရင် မြန်မြန်သွားတော့…”
ဝမ်းပေါ်က ခေါင်းကို ကုတ်လိုက်သည်။ လုဟယ်နျန်၏ အပြုအမှုမှာ ထူးဆန်းသည်ဟု ခံစားနေရသည်။
သူကဘာလို့ အပေါက်ကို ပိတ်ရပ်နေရတာလဲ…
သူက ဘာလို့ ငါ့ကို မြန်မြန်သွားစေချင်နေတာလဲ…
⛰️