⛰️Chapter 46
အကြိမ်ကြိမ်ကြိုးစားမှုများ
ကုန်တချင်က သူတို့နှစ်ယောက်စကားပြောနေသည်ကို စကားတစ်ခွန်းမျှ ဝင်မပြောရဲသဖြင့် ငြိမ်သက်စွာနားထောင်နေသည်။ သူက ဝမ်းပေါ်ကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။
အဲဒီတော့သူက ရွှမ်းမန်က လူပေါ့ တော်သေးလို့ ငါ့အပေါ်မှာ ဘာရှုပ်ရှုပ်ထွေးထွေးအစီရင်မှ မသုံးလိုက်တာ… မဟုတ်လို့ကတော့ ငါ့ကိုသာ မိစ္ဆာမှန်းသိရင် ငါဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာမဟုတ်ဘူး…
ကုန်တချင်မှာ ရုတ်တရက်ကြောက်သွားကာ သတိကြီးစွာဖြင့် အခန်းထဲသို့ တစ်ချက်မျှကြည့်လိုက်သည်။ အဝေးမှကြည့်သော်လည်း စောင်အောက်မှ ဖုဖောင်းပြီးထွက်နေသည့် အရာတစ်ခုကို သူမြင်လိုက်ရပြီး စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ သူ့မျက်လုံးအစုံက တော်တော်များများကို မြင်လိုက်ချေပြီ။ တော်တော်ကိုများပါ၏။
“အစ်မယွင်က အိပ်နေတာဆိုတော့ ဟယ်နျန် အတူလိုက်ခဲ့မလား…”
ဝမ်းပေါ်မှာ ယွင်ရုန်နှင့်အတူ ဆွေးနွေးချင်သော်လည်း သူမက အိပ်ပျော်နေသည့်အတွက် မနှောင့်ယှက်လိုတော့ပေ။ စိတ်အနည်းငယ်ပျက်သွားသဖြင့်လည်း ဘာမျှထပ်မစဉ်းစားတော့ဘဲ ပြောလိုက်ခြင်းဖြစ်သည်။
ဟယ်နျန်က ခေတ္တတိတ်ဆိတ်သွားကာ ပြန်ဖြေသည်။
“ကောင်းတယ် သူ့အတွက် စာရေးထားခဲ့ပေးလိုက်ဦးမယ်…”
ပြောပြီးပြီးချင်ပင် အခန်းထဲလှည့်ဝင်ကာ တံခါးပိတ်လိုက်လေသည်။
“အီး…”
ဝမ်းပေါ်မှာ ၂၂ ထပ်ထိတက်လာရသဖြင့် သူ့နောက်သို့လိုက်ဝင်ကာ ခေတ္တမျှ ထိုင်ချင်ပါသော်လည်း တံခါးသည် ကြိုတင်အကြောင်းကြားခြင်းမရှိ ပိတ်သွားပြန်၏။ ဖြစ်ပုံမှာ ဟယ်နျန်၏နောက်သို့ ချက်ချင်းလိုက်ဝင်ပါသော်လည်း ခြေလှမ်းများမှာ နှေးနေသောကြောင့် သူ့နှာခေါင်းနှင့် တံခါးတို့ မိတ်ဆက်သွားခြင်းပင်။
“ဒီညကျမှ ဟယ်နျန်ကဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲမသိဘူး… ခုနလေးတင် သူ့မျက်နှာမှာ စိတ်လေးသွားတဲ့ အရိပ်အယောင်ကိုမြင်လိုက်ရတယ်… ငါတစ်ခုခုများ မှားပြောမိလို့လား…”
သူ့စိတ်ထဲတွင် သံသယတို့ပွါးများနေ၏။ သူဘေးကိုလှည့်ကာ အနားတွင်ရပ်နေသော ကုန်တချင်ကို ကြည့်လိုက်သည်။
အဲဒါက ဒါရိုက်တာက နင့်ကိုစိတ်ဆိုးနေလို့လေ ငတုံးရဲ့ အိုက်ယား… ဘာကို အတူလိုက်ခဲ့မလားလဲ… လမ်းလျှောက်မယ် ဘယ်ကို လျှောက်မှာလဲ… ဒါရိုက်တာက အစ်မယွင်နဲ့ပဲ နေချင်တာဟဲ့ သိရဲ့လား…
ကုန်တချင်သည် ဝမ်းပေါ်ကို စူးစူးဝါးဝါးစိုက်ကြည့်ပြီး သူဘာမှနားမလည်ကြောင်း သိလိုက်သည်။ သို့သော်လည်း သူက ရွှမ်းမန်က လူဖြစ်သည်ကို ပြန်အမှတ်ရသွားသောအခါ ကျောစိမ့်သွားပြန်သည်။
သူ့စိတ်ထဲရှိသမျှကို ဘယ်လိုထုတ်ပြောရမလဲ…
ကုန်တချင် မပြုံးချင်ပြုံးချင်ဖြင့် ဝတ်ကျေတန်းကျေပြုံးပြကာ ပြောလိုက်သည်။
“အခုချိန်က နောက်ကျနေပြီဆိုတော့ ဒါရိုက်တာလည်း ပင်ပန်းနေလို့ဖြစ်ပါလိမ့်မယ်…”
ဒါပေါ့ ဒါရိုက်တာပင်ပန်းနေတယ်ဟဲ့ သူ့နှလုံးသားလေး ပင်ပန်းနေတယ်…
ဝမ်းပေါ်က သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ အချိန်မှာ မနက်တစ်နာရီပင် ကျော်နေပြီဖြစ်သည်။ အမှန်တကယ်ကို နောက်ကျနေပြီဖြစ်သောကြောင့် သူဘာမျှထပ်မတွေးဘဲ ခေါင်းသာငြိိမ့်လိုက်သည်။
လုဟယ်နျန်က မသွားမီ ယွင်ရုန်အတွက် စာတိုလေးချန်ထားပေးခဲ့သည်။ လူသုံးယောက် အောက်ထပ်သို့ရောက်သောအခါ သူက ကုန်တချင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“တစ်ယောက်ယောက်ကိုခေါ်ပြီး မနက်ဖြန်မနက်အမှီ ဓာတ်လှေကားကို ပြင်ထားပါ…”
“ဟုတ်ကဲ့ပါ နားလည်ပါပြီ မပူပါနဲ့ ဒါရိုက်တာကြီး မနက်ဖြန်ကျရင် မနက်ဆိုင်းကျတာနဲ့ ကျွန်တော်စီစဉ်လိုက်ပါမယ်…”
ကုန်တချင်က ဖားချင်ယားချင်သောအပြုံးနှင့် ချက်ချင်းပင်ပြန်ဖြေသည်။
သူတို့ ဟိုတယ်ကထွက်လာပြီးနောက် လုဟယ်နျန်နှင့် ဝမ်းပေါ်တို့ လမ်းခွဲလိုက်ကြသည်။ ကြေးမှုန်မှန်မိစ္ဆာကို သယ်ပြီး ဝမ်းပေါ် အထူးရုံးသို့ပြန်လာချိန်တွင် လုဟယ်နျန်လည်း မိသားစုနေအိမ်သို့ ပြန်လာခဲ့လေသည်။
****
လု အိမ်တော်
ညစာစားပြီးချိန်တွင် ကျန်းရှုဟွားနှင့် လုဟွားနျန်တို့ အတူထိုင်ကာ စကားစမြည်ပြောနေကြသည်။ အဖေလု မှာ ထိုကဲ့သို့စကားများကို နားမထောင်ချင်သောကြောင့် အခန်းထဲသို့ဝင်သွား၏။
ကျန်းရှုဟွားက ဖြစ်သလိုထိုင်နေသော အမျိုးသမီးအား မကျေနပ်စွာကြည့်ပြီး တီဗီရီမုကို ကိုင်ကာ လိုင်းပြောင်းရင်းပြောလိုက်သည်။
“နင်အခု အသက် ၃၀ ရှိနေပြီနော် ယွမ်ယွမ်လည်း ၅ နှစ်ရှိနေပြီ… ဘာလို့များ ယွမ်ယွမ်အတွက် ရှေ့ဆောင်လမ်းပြကောင်းမလုပ်နိုင်ရတာလဲ… ကိုယ့်ကိုယ်ကိုယ်ကြည့်ဦး အဲဒါက ဂုဏ်သရေရှိမိသားစုက အမျိုးသမီးတစ်ယောက်ရဲ့ နေထိုင်ပုံတဲ့လား…”
“ဂုဏ်သရေရှိမိသားစုက အမျိုးသမီးဖြစ်တော့ရော ကိုယ့်အိမ်မှာတော့ ဘာလို့ အမျိုးကောင်းသမီးလို နေနေရမှာလဲ အိုက်ယား …”
လုဟွားနျန်က အပျင်းကြောဆန့်လျက် ဂရုမစိုက်စွာ ပြန်ပြောသည်။
“မား… တကယ်ပြောတာ… တီဗီကို အဲဒီလို မတ်မတ်ကြီးထိုင်ကြည့်နေရတာ မပင်ပန်းဘူးလား…”
“မပင်ပန်းပါဘူး အဲဒါ နင်ငယ်ငယ်က နင့်အဖေဖျက်ဆီးလွန်းလို့ဖြစ်တာ… ငါ့လိုသာ ငယ်ငယ်တည်းက သေချာလေ့ကျင့်ခဲ့ရရင် ငါ့လိုပဲဖြစ်နေမှာ…”
ကျန်းမိသားစုသည် ၁၉၁၀ ခုနှစ်ကတည်းက ဟိုင်းရှီမြို့တွင် နာမည်ကြီးခဲ့ပြီး ဩဇာရှိသော မိသားစုတစ်စုဖြစ်ခဲ့သည်။ ကျန်းရှုဟွားမှာ ကျန်းမိသားစု၏ တစ်ဦးတည်းသောသမီးဖြစ်သည်နှင့်အညီ ဂုဏ်သရေရှိမိသားစု၏ သမီးတစ်ယောက်သင်ယူရမည်များကို တင်းကြပ်စွာ လေ့ကျင့်ပေးခံခဲ့ရသည်။
“အပြင်လူတွေရှေ့မှာ ထိန်းသိမ်းရင်တော်ရောပေါ့…”
လုဟွားနျန်က အပျင်းကြောဆန့်ပြီသွား၍ ကျန်းရှုဟွားနားတွင် ဝင်ထိုင်လိုက်လေသည်။
သူ့သမီးအား မျက်စောင်းတစ်ချက်ထိုးပြီးနောက် ကျန်းရှုဟွားထိုအကြောင်းကို ဆက်မပြောတော့ချေ။
“နင် အိမ်ပြန်ဖို့ မပြင်သေးဘူးလား…”
“ကုချင်းက သူလာကြိုမယ်လို့ ပြောတယ်…”
လုဟွားနျန်က ပြန်ဖြေသည်။
“ဒီနေ့ သူက ကော်ဂရုရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဖို့ရှိတာလေ… အဲဒါကြောင့် သူစောစောပြန်လာမှာမဟုတ်ဘူး… အဲဒီတော့ အိမ်မှာ သမီးနဲ့ ယွမ်ယွမ်ပဲရှိမှာဆိုတော့ အမေနဲ့ အဖေကို အဖော်လုပ်တာကောင်းတာပေါ့…”
သမက်ဖြစ်သော ကုချင်းကိုမူ ကျန်းရှုဟွား စိတ်ချသည်။ သို့သော်လည်း သူမစိတ်ထဲတွင် တွေးနေမိသည့်အရာ တစ်ခုရှိလေသည်။
“ကု မိသားစုကလူတွေအကုန်လုံးက ဥရောပမှာ ပြန်လည်ထူထောင်ရေးလုပ်နေကြတာ… နင်တို့နှစ်ယောက်ပဲ ဒီမှာရှိတာ… ကုချင်းက အလုပ်အရမ်းများတယ်… နင်က သူ့ကို ပိုပြီး ဂရုစိုက်ပေးသင့်တာလေ… ဒီနေ့ခေတ်မှာ မိန်းကလေးငယ်ငယ်လေးတွေ…”
“အိုက်ယား မား ဘာတွေပြောနေတာလဲ… သမီးက သူနဲ့အတူ ကြီးလာတာပါ… သူကဘာမှမလုပ်ရဲပါဘူး…”
လုဟွားနျန်က ချက်ချင်းပင် ပြန်ပြောသည်။
“သမီးအကြောင်းတွေ မပြောပါနဲ့ဦး ဒီနေ့သမီးလာတာ ညစာစားဖို့ပဲ မဟုတ်ဘူး အမေနဲ့ ဆွေးနွေးချင်တာရှိလို့ မား ရဲ့…”
“ဘာဖြစ်လို့လဲ…”
ကျန်းရှုဟွားက ပါးစပ်အဟောင်းသားနှင့် မေးလိုက်သည်။
“ဟယ်နျန်နဲ့ ယွင်ရုန်ရဲ့အကြောင်းလေ…”
လုဟွားနျန်က အတင်းပြောမည့်ပုံစံ ပြင်ဆင်လိုက်သည်။
“နောက်ဆုံးတော့ အမေ့သား အသိဝင်လာပြီလေ သမီးအထင် သူ ယွင်ရုန်ကို ကြိုက်နေသလိုပဲ…”
“မဖြစ်နိုင်တာ ဟုတ်လို့လား…”
ကျန်းရှုဟွားမှာ မအံ့ဩဘဲ မနေနိုင်ချေ။ သူသတိမထားမိလိုက်မီမှာပင် ဤအရာကို မဖြစ်နိုင်ဘူးဟု တွေးလိုက်မိသည်။
“ယွင်ရုန်နောက်ဆုံးတစ်ခေါက်လာတုန်းက ငါသူ့ကို မေးလိုက်ပါသေးတယ် သူ့အသက်က ၁၈ လောက်ပဲရှိဦးမှာ… ဟယ်နျန်က မဟုတ်လောက်…”
လုဟယ်နျန်၏ အသက်မှာ ၃၀ နားကပ်နေပြီဖြစ်သော်လည်း ကျန်းရှုဟွား၏ အတွေးမှာ ရှေးရိုးစွဲဖြစ်နေဆဲ ဖြစ်သည်။ သူမအတွက်တော့ သူတို့နှစ်ယောက်၏ အသက်ကွာခြားချက်မှာ အတော်များနေသလိုခံစားရ၏။ ယွင်ရုန်မှာ ကောင်မလေးငယ်ငယ်လေးမျှသာဖြစ်သည်။
ကျန်းရှုဟွားက သူမကို မယုံသည့်ပေါ်သောအခါ လုဟွားနျန်မှာ စိတ်မရှည်သကဲ့သို့ ဖြစ်လာသည်။ ဆိုဖာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမအမေနားသို့ကပ်ကာ တရားချတော့သည်။
“ဘာလို့လဲ… ယွင်ရုန်က ချစ်စရာကောင်းပြီး လှတယ်လေ… ဘယ်ယောက်ျားက သူ့ကိုမြင်ပြီး မကြိုက်ဘဲ နေနိုင်မှာလဲ… သမီးသာ ယောက်ျားဆိုရင်လည်း သူ့ကိုပဲ ကြိုက်မိမှာပဲ… ဟယ်နျန်ဆို ပြောမနေနဲ့… ဒီနေ့လည်တုန်းက သမီးသူတို့ဆီကို သွားလည်တာ… ယွင်ရုန်အဆင်ပြေရဲ့လားဆိုပြီး သွားစစ်တာ… ဘာမြင်ခဲ့တယ်ထင်လဲ…”
ကျန်းရှုဟွားက သူ့သမီး၏ ပုခုံးကိုပုတ်ကာ မထိန်းနိုင်ဘဲ မေးလိုက်၏။
“နင်က နင့်အမေကို ရင်ထိတ်အောင် လုပ်နေတာပဲ… မြန်မြန်ပြောစမ်းပါ…”
“အစ်မကြီးကျန်းရှုဟွား ရှင့်ရဲ့ အတင်းတုပ်ချင်နေပုံက အမျိုးကောင်းသမီးဆန်မနေဘူးနော်…”
လုဟွားနျန်က မျက်စိတစ်ဖတ်မှိတ်ပြပြီး သူ့အမေကို စ လိုက်သည်။ သို့သော် သူမ စကားကို မြန်မြန်ပြန်စသည်။
“ဟယ်နျန်က ယွင်ရုန်ကို င်္သချာပုစ္ဆာရှင်းပြနေတာ… အဲဒီနွေးထွေးနေတဲ့ ပုံရိပ်ကိုလေ သမီးတော့ သူယွမ်ယွမ်ကို ပွေ့ထားမှ မြင်ဖူးတာ…”
ကျန်းရှုဟွား အနည်းငယ်တွေဝေသွားသည်။
“အဲဒါနဲ့တင် ဘာမှရှင်းပြလို့မရသေးဘူးလေ အမေက ယွင်ရုန်ကို အမေ့ရဲ့ ခေါင်းကိုင်သမီးအဖြစ်သတ်မှတ်ထားတာ အဲဒီတော့ ဟယ်နျန်က သူ့ရဲ့ အစ်ကိုအနေနဲ့ သူ့ကိုပိုဂရုစိုက်ပေးမှာပေါ့…”
“ဒါပေါ့ သူက ဂရုစိုက်ပေးမှာပေါ့… ဒါပေမဲ့ အမေက သူ့မျက်နှာထားကို မမြင်လို့လေ… သူ့ခေါင်းထဲမှာ အတွေးတစ်ခုတောင် ရှိမယ်မထင်ဘူး…”
လုဟယ်နျန်မှာ ကျန်းရှုဟွားက သူ့ကို မယုံကြည်ဖြစ်နေသေးသည်ကိုတွေ့ရသဖြင့် လက်မလျှော့ဘဲ ဆက်ပြောလေသည်။
“မား… သမီးကို ခုထိမယုံသေးဘူးလား… သမီးက လူကဲခတ်တဲ့ နေရာမှာဆိုရင် တစ်ဖက်ကမ်းခတ်တော်တာပါနော်…”
သမီးဖြစ်သူက သေချာခိုင်မာစွာပြောနေသည်ကို မြင်ရသောအခါ ကျန်းရှုဟွားမှာ ယုံကြည်ချင်သလိုဖြစ်လာ၏။ သူမ၏သား ယွင်ရုန်ကို သဘောကျနေသည့် အခြားသက်သေများစွာလည်း ရှိနေပါသေးသည်။
သူမ၏ သားကိုမူ သူမ နားလည်ပေးနိုင်သည်။ သူမသားသည် မည်သည့်အခါမှ မိန်းကလေးတစ်ယောက်နှင့် နီးနီးကပ်ကပ်မနေဖူးပေ။ ထိုထက်ပို၍ မည်သည့်မိန်းကလေးကိုမျှလည်း အစစအရာရာဂရုစိုက်ပြီး မလုပ်ကိုင်ပေးခဲ့ဖူးပေ။ သို့သော်ယွင်ရုန်ကိုမူ ဂရုစိုက်လုပ်ကိုင်ပေးသည်မှာ သူမကိုယ််တိုင်က ခေါင်းကိုင်သမီးအဖြစ် အသိအမှတ်ပြုရသည်အထိပင်။ ဤအရာကိုလည်း လုဟယ်နျန်၏ စီမံမှုစွမ်းရည်ကောင်းခြင်းဟုပင် ယူဆ၍ရပါသေးသည်။
လု မိသားစုကဲ့သို့ အိမ်ထောင်စုမျိုးက မည်သူတစ်ဦးတစ်ယောက်ကိုမှ မွေးစားသမီးအဖြစ် သတ်မှတ်ရိုးထုံးစံမရှိပေ။ ထို့ကြောင့်လည်း ကျန်းရှုဟွားက ခေါင်းကိုင်သမီးအဖြစ်သတ်မှတ်လိုက်သောအခါ ယွင်ရုန်မှာ လု မိသားစုဝင်အဖြစ် အလိုအလျောက် တံဆိပ်တပ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ လု မိသားစုဝင် ဖြစ်လာသည်နှင့်အတူ သူမက လု မိသားစု၏ အရိပ်အောက်တွင် အကာကွယ်ကောင်းကောင်းရရှိထား၏။ ဟိုင်းရှီမြို့တွင် မည်သူမျှ သူမအား လက်လွတ်စပယ် မထိခိုက်ရဲတော့ပေ။
လုဟယ်နျန်တစ်ယောက် ဘယ်တုန်းကများ မိန်းမတစ်ယောက်ကို စေ့စေ့စပ်စပ် ဂရုတစိုက်လုပ်ကိုင်ပေးခဲ့ဖူးလို့လဲ…
ကျန်းရှုဟွား ထိုအကြောင်းအား သေချာတွေးလေလေ လုဟွားနျန်ပြောသည်မှာ မှန်ကန်ကြောင်း ခံစားမိလေလေ ဖြစ်သည်။ သူမ နှလုံးသားထဲတွင် ယုံကြည်စပြုလာပြီး သူမမျက်လုံးများကလည်း ထိုအရာကို သက်သေခံနေကြသည်။ မျက်လုံးများ၏နောက်ကွယ်တွင်မူ ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ချို့ ရှိနေလေသည်။ သူမ၏ အငယ်ဆုံးသားမှာ အသက် ၃၀ ပြည့်ခါနီးဖြစ်နေပြီး တစ်စုံတစ်ယောက်ကို စတင်သဘောကျနေပြီ ဟူသည့် အတွေးက သူမကို နှိပ်စက်နေသည်။ ယခုချက်ချင်းပင် သူမသားအားခေါ်ကာ ရှင်းရှင်းလင်းလင်းမေးပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
သို့သော် လုဟွားနျန်က သူမကို တားသည်။
“မား အဲဒီလိုကိစ္စမျိုးကို သွားမေးနေလည်း အပိုပဲ… ဟယ်နျန်ခေါင်းမာပုံမျိုးနဲ့ သူက ဝန်ခံမှာမဟုတ်ဘူး… မား သိပါတယ် သူက အအေးဆုံးနဲ့ အတည်ငြိမ်ဆုံးဆိုတာလေ… သူက သူ့ကိုယ်သူထိန်းနိုင်တယ်… မဟုတ်ရင် ဒီလောက်နှစ်တွေအကြာကြီး ဘယ်သူနဲ့မှမတွဲဘဲ နေနိုင်စရာအကြောင်းမရှိဘူး…”
လုဟွားနျန်၏ စကားကို ကြားပြီနောက် ကျန်းရှုဟွားအနည်းငယ် စိတ်လျှော့သွားသည်။ သို့သော်လည်း သူမစိတ်ထဲက ဤအစိုင်အခဲကို မဖြေနိုင်သရွေ့ ကောင်ကောင်းအိပ်စက်နိုင်မည် မဟုတ်ချေ။ လုဟွားနျန်နှင့် ယွမ်ယွမ်တို့အား ကုချင်း ခေါ်သွားသည့်အချိန်မှသာ သူမစိတ်ချပြီး အိပ်စက်နိုင်လေသည်။
နောက်တစ်ရက်မနက် ၇ နာရီတွင် လုဟယ်နျန် အိပ်ရာမှနိုးလာသည်။ ညတွင် အိပ်ရာဝင်သည့်အချိန်မည်မျှနောက်ကျနေပါစေ နှစ်ပေါင်းများစွာ သူလုပ်လာသည့် အကျင့်ကို အပျက်မခံပေ။ ထိုအကျင့်မှာ မနက်ဘက် ပြေးခြင်းပင်ဖြစ်သည်။ သူက အဝတ်ဗီဒိုဆီသို့ သွားကာ ကိုယ်ကြပ်အားကစားဝတ်စုံကို ထုတ်ယူလိုက်သည်။ ဗီဒို၏ဘေးနားတွင် မနေ့ည သူမသိမ်းဘဲထားခဲ့မိသည့် ကုတ်အင်္ကျီရှိနေသည်။ သူ့ခြေလှမ်းများက အလိုအလျောက် ကုတ်အင်္ကျီဆီသို့ ရောက်သွားကာ ကုတ်ကို ကောက်ယူလိုက်သည်။
သူ ကောက်ယူလိုက်သည့်အချိန်တွင် ပန်းရနံ့သင်းသင်းလေးတစ်ခုက သူ့နှာခေါင်းသို့ လာတိုးဝှေ့နေသည်ကို ခံစားလိုက်ရသည်။ သူ့လက်ချောင်းများက ကုတ်အင်္ကျီကို ပွတ်သပ်နေကာ ပြီးခဲ့သည့်ည၏ ပုံရိပ်များက သူ့အာရုံထဲ ပေါ်လာကြသည်။ သူပွေ့ထားခဲ့သည့် မိန်းကလေး၏ ခန္ဓာကိုယ်မှာ အလွန်သေးကွေးကာ အလွန်နူးညံလှသည်။ သူအနည်းငယ်အားစိုက်ရုံမျှဖြင့် သူမ၏ ခါးလေးမှာ ကျိုးသွားတော့ မယောင်ပင် ဖြစ်သည်။
သူမ၏ ကိုယ်ခန္ဓာမှာ အမြဲတစေပန်းရနံ့တစ်မျိုး မွှေးကြိုင်နေ၏။ သူမနှင့် အချိန််တော်တော်ကြာ အတူရှိမိလျှင်ပင် ထိုအမွေးရနံ့မှာ ကိုယ်တွင်ကပ်ပါလာပြီး တော်တော်နှင့် မပျောက်သွားတတ်ပေ။
ထိုအထိတွေးမိသည်တွင် လုဟယ်နျန်၏ မျက်လုံးအိမ်တို့မှာ ပို၍နက်နဲသွားကြသည်။ သူက ကုတ်အင်္ကျီကို ပြန်ချထားလိုက်ကာ နှုတ်ခမ်းများကွေးညွှတ်ပြီး သရော်တော်တော်အပြုံးတစ်ခု ပြုံးလိုက်လေသည်။
“ဟမ်း ဒုက္ခပဲ…”
လုဟယ်နျန် သွက်လက်စွာပင် ပြင်ဆင်လိုက်တာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ သူ ဧည့်ခန်းသို့ရောက်သောအခါ ကျန်းရှုဟွားမှာ ထမင်းစားခန်းသို့ရောက်နှင့်ပြီး မနက်စာစားနေသည်ကို မြင်ရလေသည်။ သူ အနည်းငယ်အံ့ဩသွားကာ မေးလိုက်သည်။
“မား ဘယ်လိုဖြစ်လို့ အစောကြီး ထနေရတာလဲ… အိပ်မပျော်ဘူးလား…”
ပုံမှန်အားဖြင့် ကျန်းရှုဟွားတွင် တင်းကြပ်သော အနားယူချိန်နှင့် အလုပ်လုပ်ချိန်တို့ ရှိကြသည်။ သူမက ညသန်းခေါင်ယံ ၁၂ နာရီမတိုင်မီ အိပ်ရာဝင်တတ်ပြီး မနက် ၈ နာရီအတိတွင် အိပ်ရာထလေ့ရှိသည်။
“အမေကောင်းကောင်းအိပ်ရပါတယ်… မင်း ယွင်ရုန်ဆီကပိုက်ဆံကို ခေါင်းအုံးအောက်မှထားပေးကတည်းက ဘာအိပ်မက်မှတောင် မမက်တော့ဘူး… မင်းအဖေရဲ့ ဟောက်သံတောင် တော်တော်လျော့သွားတယ်…”
မှန်ပေသည်။ ကျန်းရှုဟွားအနေနှင့် သူမသားကို စောင့်နေပါသည်ဟု ပြောမည်မဟုတ်ပေ။ သို့သော်လည်း အိပ်သည့်အကြောင်းကို ပြောသည့်အခါ ချက်လက်မှတ်ပေါ်တွင် ယွင်ရုံဆွဲခဲ့သည့် ယတြာအကြောင်းကို ထည့်ပြောရပေလိမ့်မည်။ ထိုကောင်မလေးတွင် အရည်အချင်းရှိသည်ဟု သူမတွေးထားပြီးဖြစ်သည်။ သို့သော် သူမ၏သားမှာ ထိုကောင်မလေးအပေါ် စိတ်တိမ်းညွတ်နေကြောင်း သိရှိပြီးသောအခါတွင်မူ အမြင်တစ်မျိုးပြောင်းနေ၏။ ဤကလေးမှာ စွမ်းရည်တစ်မျိုးသာ ရှိသည်မဟုတ်ဘဲ သားသမီးဝတ္တရားပါ ကျေပွန်လေ၏။ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ အလွန်ကောင်းနေသည်။
“အမေ မနေ့ညက စောစောအိပ်လိုက်တာနဲ့ ဒီမနက်စောစောနိုးနေတာလေ…”
ကျန်းရှုဟွားက ရှင်းပြသည်။
သူ့အမေကိုကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေကြောင်း လုဟယ်နျန်ခံစားမိသော်လည်း အများကြီးတွေးမနေဘဲ ခေါင်းသာညိတ်လိုက်သည်။
“ဒါဆို သား သွားပြေးတော့မယ်…”
“နေပါဦး… အမေ သားကို မေးစရာရှိသေးတယ်…”
သားဖြစ်သူက ထွက်သွားမည်ဟန်ပြင်သည်ကို မြင်ရသောအခါ သူမ ချက်ချင်းပင် ဆွဲထားလိုက်မိသည်။
အမေသားကို စောင့်နေတာ ရှောင်ထွက်မယ်မကြံစည်နဲ့…
လုဟယ်နျန် ရပ်လိုက်ပြီး သူ့အမေကို စူးစမ်းသောအကြည့်နှင့် ကြည့်လိုက်သည်။
ကျန်းရှုဟွားက မျက်နှာထားကို ပြင်လိုက်ကာ မည်သည်ကိုမှ တွေးပူနေသည့် ပုံမပေါ်အောင် ပြောလိုက်သည်။
“ဟယ်နျန်… ဦးလေးဝမ်က ဥရောပကနေ ပြန်လာတော့မယ်နော် ရှီလိုင်းလည်း ပါလာမှာ…မင်းအဖေနဲ့ အမေ သူတို့နဲ့ တွေ့ဖို့ပြောထားပြီးပြီ… မင်းလည်း လိုက်ခဲ့ချင်လား… အဲဒီလိုပြောမှ မင်းနဲ့ ရှီလိုင်း မတွေ့ဖြစ်တာ ဆယ်နှစ်ကျော်ပြီမလား… ရှီလိုင်းက အခုဆို အမျိုးကောင်းသမီးလေးဖြစ်နေပြီ…. မနေ့က အမေသူနဲ့ ဗီဒီယိုကောလ် ပြောလိုက်ရတယ်… သူကအရမ်းဉာဏ်ကောင်းပြီး အရမ်းလှတာပဲ… ဝတ်ပုံ စားပုံကလည်း…”
“မား အမေသားအကြောင်းကို သိရဲ့သားနဲ့… သားအခုသွားတော့မယ်…”
လုဟယ်နျန်က တစ်ချက်မဲ့လိုက်ကာ ကျန်းရှုဟွားစကားစမပြတ်မီ စိတ်မရှည်မှုကို ပြသသည့်အနေနှင့် ဖြတ်ပြောလိုက်သည်။ သူ့အနေနှင့် ဝမ်ရှီလိုင်းအပေါ် မည်သို့မျှစိတ်ဝင်စားခြင်းမရှိသည့်အပြင် သာမန်ထမင်းတစ်နပ်စားခြင်းသာဖြစ်ပေလိမ့်မည်။ လက်ထပ်ရမည့် အသက်အရွယ်ရှိလူငယ်နှစ်ယောက် တွေ့ဆုံခြင်းသည် ဒိိတ်လုပ်ခြင်းထက်မပိုပေ။
လုဟယ်နျန်မှာ ထိုကဲ့သို့ တွေ့ဆုံခြင်းများကို စိတ်ဝင်စားခြင်း အလျဉ်းမရှိပေ။
သူမသား၏ အပြုအမူများကို အကဲခတ်နေသည့် ကျန်းရှုဟွားက စကားပြန် စ သည်။
“အရေးမကြီးပါဘူး အမေ ရှီလိုင်းရဲ့ ဇာတာကို ဆရာကျန်းနဲ့ စစ်ပြီးသွားပြီ… ဆရာကျန်းက ပြောတယ်… သူ့ဇာတာက မင်းနဲ့ အရမ်းလိုက်ဖက်ပြီး ဘာဆိုးကျိုးမှ မရှိနိုင်ဘူးတဲ့…”
ကျန်းရှုဟွားက လုဟယ်နျန်ထံမှ မည်သည့်တုံ့ပြန်မှုမှ မမြင်ရသောအခါ ပိုပြင်းသည့် ဆေးလုံးကို တိုက်ကျွေးရန် ဆုံးဖြတ်လိုက်လေသည်။
“ပြီးတော့ ပိုကောင်းတာက ယွင်ရုန်လည်း လိုက်သွားလို့ရတာပေါ့… ဦးလေးချူလည်း အဲဒီမှာရှိမယ်တဲ့… ဒီနှစ်ဆို ယွင်းဖိန်က အသက် ၂၀ ရှီပြီ… သူ့အသက်က ယွင်ရုန်နဲ့ ရွယ်တူလောက်ပဲ… သူတို့နှစ်ယောက် အဆင်ပြေရင် ပြေမှာသိလား…”
⛰️