⛰️Chapter 47
အမှန်တရားအတွက် ရပ်တည်ခြင်း
“ပြီးတော့ ပိုကောင်းတာက ယွင်ရုန်လည်း လိုက်သွားလို့ရတာပေါ့… ဦးလေးချူလည်း အဲဒီမှာရှိမယ်တဲ့… ဒီနှစ်ဆို ယွင်းဖိန်က အသက် ၂၀ ရှိပြီ… သူ့အသက်က ယွင်ရုန်နဲ့ ရွယ်တူလောက်ပဲ… သူတို့နှစ်ယောက် အဆင်ပြေရင် ပြေမှာသိလား…”
ကျန်းရှုဟွား၏ စကားများကို ကြားပြီးသည့်နောက်တွင် လုဟယ်နျန်မှာ မျက်နှာကွက်ခနဲ ပျက်သွားသည်။ သူက မျက်နှာကိုမဲ့ကာ ပြောလိုက်သည်။
“မား… ယွင်ရုန်က အခုမှငယ်ငယ်လေးရှိသေးတာ… အခုချိန်တော့ အဲဒီအကြောင်းတွေ တဆိတ်လောက် မတွေးပါနဲ့ဦးလား… နောက်လဆိုရင် စာသင်နှစ်တစ်ခုစတော့မှာမို့ ကျွန်တော် သူ့ကို စာသင်ခိုင်းမလို့စဉ်းစားနေတာ… သူ့အရွယ်နဲ့ဆိုရင် တစ်ခုခုကို သင်ယူနေသင့်တဲ့ အရွယ်လေ… ကျွန်တော်ထပ်ပြောမယ်နော် အဲဒီလိုတွေ ထပ်မစီစဉ်ပါနဲ့…”
ကျန်းရှုဟွားမှာ သူမသား၏ အပြုအမူကိုမြင်ရသောအခါ နှလုံးသားထဲတွင် ပန်းပွင့်များပင်ပွင့်သွားလေ၏။ ကလေးဘဝမှသည် လူကြီးဖြစ်သည့်တိုင် သူမသား၏မျက်နှာပေါ်တွင် ထိုကဲ့သို့ ရှင်းလင်းသည့် မျက်နှာထားမျိုး သူမ မမြင်ဖူးခဲ့ပေ။ သူမကိုယ်ကသူမ မပြုံးမိစေရန် ကြိုးစားထိန်းချုပ်ပြီး ပြောလိုက်သည်။
“စာသင်တာလည်း ကောင်းတာပေါ့… ယွင်းဖိန်ကလည်း ဟိုင်းရှီတက္ကသိုလ်မှာ တတိယနှစ်တက်နေတာတဲ့… ယွင်ရုန်သာ ကျောင်းတက်ချင်တယ်ဆိုရင် သူ ယွင်းဖိန်ကို မေးလို့ရတယ်… ကျောင်းအကြောင်းရော စာအကြောင်းရောပေါ့…”
လုဟယ်နျန်၏ နှလုံးအိမ်ထံမှ အမျိုးအမည်မသိသည့် စိုးရိမ်ပူပန်မှုတစ်ခု မြင့်တက်လာသည်။ ချူယွင်းဖိန်ကဲ့သို့ ကောင်လေးမျိုးနှင့် ထိုမိန်းကလေး စကားပြောကာ ရယ်မောနေကြမည်ကို တွေးကြည့်ရုံနှင့်ပင် သူ့ရင်ထဲတွင် မွန်းကြပ်လာသည်။ ထို့ကြောင့်ကို အံကိုကြိတ်ကာ သူ့အမေကို ပြောလိုက်သည်။
“မား… အမေ မသိလို့နော်… ချူယွင်းဖိန်က ကောင်းတဲ့သူမဟုတ်ဘူး… အထက်တန်းတုန်းကလည်း အတန်းတွေလည်းပြေးပြီး အမြဲရန်ဖြစ်နေတဲ့ကောင်… အထက်တန်းကျောင်းသုံးနှစ်လုံး ကောင်မလေး သုံးလေးယောက်ထားခဲ့တာ… တက္ကသိုလ်ရောက်ရင်တော့ ပြောမနေနဲ့တော့… ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျန်းယန်က ပြောသေးတယ် သူစာမေးပွဲမှာ သုံးလေးဘာသာကျတယ်ဆိုလား… အဲဒီလိုယောက်ျားမျိုးက ပြောင်းလဲလွယ်တယ် လျစ်လျူရှုတတ်တယ် ပြီးတော့ ညံ့ဖျင်းတယ်… သူ ယွင်ရုန််ကို အနိုင်ကျင့်ရင် ဘယ်လိုလုပ်မလဲ…”
လုဟယ်နျန်မှာ ပြောလေလေ ဒေါသထွက်လေဖြစ်နေသည်။ ထိုကဲ့သို့ ကောင်လေးမျိုးအား ယွင်ရုန်နှင့် ချိတ်ဆက်ပေးခြင်းအပေါ် သူမကျေနပ်ချေ။ သူသွားလျှင် ချူယွင်းဖေ၏ ခြေထောက်ကိုပင် ကန်ချိုးပစ်နိုင်ပေသည်။
ကျန်းရှုဟွားမှာ သူ့သား၏ အပြုအမူကို မြင်ပြီးသည့်နောက် မပြုံးဘဲမနေနိုင်အောင် ရှိလေသည်။ ထို့ကြောင့် ခေါင်းကိုမြန်မြန်ညိတ်ကာ သေချာစဉ်းစားပြီး ပြောလိုက်သည်။
“အဲဒီတော့ အဲဒီလိုပေါ့နော်… အမေကတော့ လူငယ်တွေကို သိပ်နားမလည်ပါဘူးကွယ်… မင်းဦးလေးချူက ယွင်းဖေအကြောင်း ပြောလွန်းလို့သာ… တကယ်တော့ မင်းဒေါ်လေး ပိုင်ကျားရန် ရဲ့ အသက်က…”
“မား…”
လုဟယ်နျန်မှာ သူ့မိခင်၏ စကားကို စိတ်မရှည််နိုင်စွာ ဖြတ်ပြောလိုက်သည်။
“ယွင်ရုန်အတွက် ဘာမှ ပူပင်မနေပါနဲ့… ပြီးတော့ သူ့ကို အဲဒီလိုချိတ်ဆက်ပေးတာက ကျွန်တော်တို့အလုပ်မဟုတ်ဘူး… ဒီကိစ္စကို ထပ်ပြီးပြောမလာနဲ့တော့နော်… ကျွန်တော်ဘာလုပ်ရမလဲသိတယ်…”
ပြောပြီးသည်နှင့် လုဟယ်နျန်မှာ ကျန်းရှုဟွားထံမှ အခြားသင့်တော်မည့် ကောင်လေးတစ်ယောက်၏ နာမည်မထွက်လာခင် အမြန်လှည့်ထွက်ကာ မနက်ပိုင်းပြေးရန် ထွက်ခွါသွားလေသည်။
လှည့်ထွက်သွားသော သားဖြစ်သူ၏နောက်ကျောကို ကြည့်ရင်း ကျန်းရှုဟွားမှာ သက်ပြင်းမချပဲ မနေနိုင်အောင်ရှိသည်။ ထို့နောက် ညီညာတိကျစွာဖြတ်ထားသော သူမ၏ လက်သည်းများကို ငုံ့ကြည့်လျက် သီချင်းညည်းကာ ထမင်းစားခန်းသို့ ထွက်သွားလေသည်။
“ဝမ်မား ဟယ်နျန်အတွက် မနက်စာကို ပေါင်မုန့်ကင် မပေးနဲ့နော်… ဖက်ထုပ်နည်းနည်းလုပ်ပေးလိုက်… ပေါင်မုန့်ကင်စားရရင် သူစိတ်တိုနေလိမ့်မယ်…”
ဒီလောက်ဆို ဒီကောင်လေး ဒေါသက ငယ်ထိပ်ရောက်နေလိမ့်မယ်…
ဒေါ်လေးဝမ်မှာ မီးဖိုထဲက ထွက်လာပြီးနောက် ကျန်းရှုဟွား၏ မျက်နှာပေါ်က ပါးစပ်နားရွက်ချိတ်မတတ်ဖြစ်နေသော အပြုံးကို မြင်လိုက်ရသောကြောင့် ပြုံးပြီး မေးလိုက်သည်။
“မဒမ် ဘာကများ ဒီလိုစိတ်ပျော်အောင် လုပ်ပေးလိုက်တာလဲ…”
“ကိစ္စက ဖြစ်တော့မဖြစ်သေးပါဘူး… ဖြစ်တဲ့အချိန်ကျရင် ပြောပြမယ်လေ…”
ကျန်းရှုဟွားမှာ လက်ကိုလှုပ်ရင်း ပို၍ပင်ပြုံးကာ ပြောလိုက်သည်။
လုဟယ်နျန်မှာ အမှန်ပင် ဒေါသထွက်နေသည်။ ရပ်ကွက်အတွင်း နှစ်ပတ်ပင် ပတ်ပြေးပြီးသော်လည်း သူ့ဒေါသမှာ မပျောက်သေးပေ။ အနီးနားတွင်လှမ်းမြင်နေရသော ကြည်လင်သည့် မြစ်ရေပြင်ကို လှမ်းမျှော်ကြည့်ကာ သူ့အာရုံထဲတွင် ပတ်ဝန်းကျင်ရှိ လက်ထပ်ရမည့်အသက်အရွယ်ရှိ အမျိုးသားများကို မြင်ယောင်ကြည့်နေမိသည်။ သူက တစ်ယောက်ချင်းစီကို စိတ်ထဲတေးမှတ်လိုက်ကာ ဤသို့ တွေးလိုက်သည်။
နောက်ကျရင် တစ်ယောက်တလေမှ မိန်းကလေးရှေ့ ပေါ်မလာစေရဘူး…
အထူးသဖြင့် ချူယွင်းဖေနဲ့ ပိုင်ကျားရန်ပဲ…
လုဟယ်နျန်က သွားကို ကြိတ်လိုက်သည်။
သူ့ရှေ့မှာ သူတို့ကို မမြင်ရလေ ကောင်းလေပဲ…
ယနေ့မနက်စောစောတွင် လု မိသားစုနှင့် အဆက်အစပ်ရှိသော လက်ထပ်ရမည့်အသက်အရွက်ရှိ လူပျိုလေးများမှာ ထူးဆန်းစွာပင် ရုတ်တရက် တစ်ပြိုင်နက် နှာချေကြသည်။ ထို့ပြင် ဂုတ်ပေါ်မှ ထူးဆန်းသော လေအေးတစ်မျိုး တိုက်ခက်သွားသည်ကိုလည်း ၎င်းတို့အားလုံး ခံစားလိုက်ရလေသည်။
ယနေ့ ယွင်ရုန်မှာ အလုပ်သို့ သူမဘာသာ သူမ လာခဲ့သည်။ နေ့ခင်းကြောင်တောင်တွင် မှော်အစွမ်းသုံးပါက တစ်စုံတစ်ယောက်တွေ့သွားမည်ကို စိုးရိမ်သဖြင့် သူမအတွက် တစ်ခုတည်းသော ရွေးစရာမှာ အများသုံးယာဉ်ပင်ဖြစ်သည်။ တက္ကစီမှာ အလွန်စျေးကြီးကာ သူမ ကားထဲသို့ဝင်သည်နှင့်ပင် ၁၂ ယွမ်ပေးရသည်။ တက္ကစီထက်စာလျှင် ဘတ်စ်ကားမှာ အလွန်သက်သာပြီး ၂ ယွမ်သာ ကျသင့်မည်ဖြစ်သည်။ ထိုထက်ပို၍ သူမ သွားလိုသည့်နေရာ ရောက်သည်အထိ ထိုင်၍လည်း စီးနိုင်လေသည်။
ယွင်ရုန်က ဘဏ်ကဒ်ထဲမှ လက်ကျန်ပိုက်ဆံကို တွက်ကြည့်ပြီးနောက် ၁၀၀ မီလီယံ ပြည့်စေရန်အတွက် အများကြီးလိုနေသေးကြောင်း တွေးမိသည်။ ထို့ကြောင့်ပင် သူမအတွက် ချွေတာနိုင်သမျှ ချွေတာရန်လိုအပ်ကြောင်း တွေးမိခြင်းဖြစ်သည်။ သွားလာစရိတ်အား ကုမ္ပဏီမှ ပြန်ထုတ်၍ရကြောင်း ဒါရိုက်တာက ပြောထားသော်လည်း သူ့ပိုက်ဆံအား သူမ မဆင်မခြင်မသုံးချင်ပေ။
ဘယ်သူ့ဆီကပိုက်ဆံပဲဖြစ်ဖြစ် အရမ်းသုံးလို့မရဘူး…
မနက်အစောပိုင်း ကျောင်းသွားရုံးသွားချိန်တွင် ဘတ်စ်ကားများမှာ လွန်စွာလူကြပ်ကြသည်။ ယွင်ရုန်က ဟိုတယ် ရီဆက်ရှင်စားပွဲပေါ်မှာ အကြွေလဲ၍ ရလာသော ၂ ယွမ်ကို ထည့်ကာ ဘတ်စ်ကားပေါ်သို့ တက်လာခဲ့သည်။ ထို့နောက် လူကြားထဲသို့ တိုးဝင်ကာ အဘွားအိုတစ်ဦး၏ ရှေ့တွင် ရပ်လိုက်သည်။ ဘတ်စ်ကားမှာ စတင်ထွက်ခွါလာသည်။
ဟိုတယ်မှာ ရုံးနှင့် မဝေးပေ။ ဘတ်စ်ကားမှတ်တိုင်း ဆယ်မှတ်တိုင်ပင်မရှိသော အကွာအဝေးဖြစ်သည်။ မှတ်တိုင်အနည်းငယ်မျှ ဖြတ်လာပြီးသောအခါ ယွင်ရုန်၏ရှေ့တွင် ရုံးဝတ်စုံနှင့် ကောင်မလေးတစ်ယောက်ရပ်နေသည်။ ဘတ်စ်ကားမှာ လှုပ်ရမ်းနေသဖြင့် တစ်ချက်ယိမ်းလိုက်တိုင်း ဆယ်လက်မမြင့်သော ဒေါက်ဖိနပ်နှင့် ကောင်မလေးမှာ သနားစဖွယ် ယိမ်းထိုးနေ၏။ သူမ၏ လက်များမှာ လက်ကိုင်ကွင်းအား သေချာကိုင်ထားပါသော်လည်း ခြေထောက်များမှာ ဆောက်တည်ရာမရဖြစ်နေကြသည်။
ယွင်ရုန်မှာ ကောင်မလေး၏ ဒေါက်မြင့်များကို တစ်ချက်ငုံ့ကြည့်လိုက်သည်။
သူတို့က တော်တော်လှတာပဲ… ဒါပေမဲ့ ကြည့်ရုံနဲ့တောင် နာလာသလိုလိုပဲ… ငါတော့ အဲ့ဒါမျိုး ဘယ်တော့မှ မဝတ်ဘူး…
တစ်ချိန်တည်းပင် ကောင်မလေးမှာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ သူမက ကိုယ်လုံးကို လှည့်ကာ အနောက်တွင်ရှိသော ဖိုသီဖတ်သီဝတ်စားထားသော ကျောပိုးအိတ်တစ်လုံးနှင့် လူအားကြည့်လိုက်သည်။ ကောင်မလေးလှည့်ကြည့်သည်ကို မြင်ရသောအခါ ထိုလူက နှုတ်ခမ်းကို လျှာနှင့်သပ်ကာ အောက်တန်းကျသော အပြုံးနှင့် ပြုံးပြလေသည်။
“ရှင်…”
ကောင်မလေး၏ မျက်လုံးများမှာ ဒေါသနှင့် ပြူးကျယ်နေကြသည်။ သူမ စကားမပြောနိုင်မီမှာပင် ထိုလူ၏လက်မှ ငွေရောင်အရာတစ်ခု အရောင်လက်လာသည်။ အသားလှီးဓားတစ်ချောင်း၏ အဖျားပိုင်းလေးအား ရေးရေးလေး မြင်လိုက်ရခြင်းပင် ဖြစ်သည်။
“အလှလေး ဘာဖြစ်လို့လဲ… ဆောရီးပါနော်… အခုလေးတင် မင်းကို ညှစ်လိုက်မိလို့…”
ထိုလူက ကောင်မလေးအား စပ်ဖြီးဖြီးနှင့်
ဝတ်ကျေတမ်းကျေတောင်းပန်သည်။
ကောင်မလေးက ထိုလူ၏ လက်ထဲမှ ဓားကို တစ်ချက်ပြန်ကြည့်ပြီး ကြောက်သွားသည်။ သူမအနေနှင့် ယွင်ရုန်ရှိသည့် ဘက်ကိုသာ တိုးပြီးစီးရန် ရှိလေသည်။ ရုတ်တရက်ဆိုသလိုပင် ဘတ်စ်ကားမှာ ဘရိတ်ကို ဆောင့်အုပ်လိုက်သဖြင့် ခရီးသည်များအားလုံးမှာ ရှေ့သို့ ယိုင်ထိုးကုန်ကြသည်။
ကောင်မလေးမှာ မထိန်းနိုင်တော့သည့်အတွက် ယွင်ရုန်ပေါ်သို့ တစ်ကိုယ်လုံး ပစ်လဲကျမတတ်ဖြစ်သွားလေသည်။ ချက်ချင်းပင် တောင်းပန်ရန် ဟန်ပြင်လိုက်သော်လည်း သူမ၏ အောက်ပိုင်းအား မဖွယ်မရာကိုင်တွယ်နေသော ထိုလူက လက်များကို ခံစားလိုက်ရလေသည်။ ထိုလူ၏ အားပါပါနှင့် လုပ်နေသည်ဖြစ်ရာ သူ၏ ကိုယ်လုံးမှာ ကောင်မလေးအပေါ်တွင်ပင် ပိ၍နေလေသည်။
ကောင်မလေးမှာ မျက်နှာနီရဲသွားသည်။ သူမက ချက်ချင်းပင် အနောက်သို့လှည့်ကာ အော်လိုက်သည်။
“ရှင် ဘာလုပ်နေတာလဲ…”
“အချောလေး ငါဘယ်လိုလုပ်ရမလဲ… ကားဆရာက ရုတ်တရက် ဘရိတ်ကိုထအုပ်မှတော့ မင်းကို ဝင်တိုက်မိပြီပေါ့… တောင်းပန်ပါတယ်နော်…”
ထိုကောက်ကျစ်သောလူက ပီကေဝါးလျက် ဂရုမစိုက်ကာ ပြောလိုက်သည်။
“မနက်အစောကြီးရှိသေးတာကို အချောလေးက ဒေါသတွေ အရမ်းထွက်နေတာပဲ…”
ကောင်မလေး၏ မျက်လုံးများမှာ ဒေါသကြောင့် နီနေကြသည်။
“ရှင် အခုလေးတင် ကျွန်မ အောက်ပိုင်းကို အသားယူပြီး ကိုင်လိုက်တာလေ…”
ထိုစကားကို ကြားရသောအခါ ခရီးသည်များက ရွံရှာသော အကြည့်ဖြင့် ဝိုင်းကြည့်ကြလေသည်။ အချို့စပ်စုတတ်သူများက ထိုအကြံသမားအား လက်ညှိုးများထိုးကာပင် ပြောဆိုနေကြသည်။
“အများသုံး ဘတ်စ်ကားပေါ်က နှာဘူးပဲ… ဘယ်လိုလူလဲ…. တကယ်ပဲ…”
“လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရဘူးပဲ… လူကြည့်တော့ အဲဒီလို အကျင့်ယုတ်ရှိတယ်လို့ မထင်ရဘူး…”
“အဲဒါပြောတာ အဲဒီလူက ဘာလို့များ အဲဒီလိုလုပ်ရတာလဲ…”
ခရီးသည်များမှာ ယုတ်မာသော အကြံသမားအကြောင်းကို တီးတိုးပြောဆိုနေကြသော်လည်း မည်သူကမှ ရှေ့ထွက်ကာ သူ့ကို ဝေဖန်ပြောဆိုခြင်းမပြောကြပေ။ ထိုကဲ့သို့ သူ့အကြောင်းအား ပြောဆိုနေကြသည်ကို မြင်သောအခါ သူ့မျက်နှာတွင် ဒေါသဖြစ်နေသော အရိပ်အယောင်များ ပေါ်လာကြသည်။ ထို့နောက် ပါးစပ်ထဲတွင် ဝါးနေသော ပီကေကို ထွေးထုတ်ကာ အင်္ကျီလက်ထဲ ဖွက်ထားသည့် ဓားအား ထုတ်ယူလိုက်လေသည်။
၎င်းက လက်ထဲမှ ဓားအားဝှေ့ရမ်းကာ ဗလုံးဗထွေးဖြင့် ပြောလေသည်။
“အလှလေး မင်းပြောတဲ့ အကြောင်းရာက သက်သေရှိလို့လား… မင်းပုံနဲ့ဆိုရင် မင်းက ကိုင်ပါဆိုရင်တောင် ငါထိမှာ မဟုတ်ဘူးနော်… လူကို အရမ်းကာရော စွပ်စွဲပြီး သိက္ခာမချရဘူးလေ…”
ဓားကို မြင်လိုက်သည့်ခါ ရပ်ပြီးတီးတိုးပြောနေကြသော ခရီးသည်များမှာ တိကနဲ ရပ်သွားကြသည်။ ထိုဓားနဲ့သာ ထိုးမိပါက သေဆုံးသည်အထိ ဖြစ်သွားနိုင်သည်။ ခဏအတွင်းမှာပင် အနားမှ ခရီးသည်များမှာ နောက်သို့ ဆုတ်သွားကြသည်။
ကောင်မလေးမှာ ကြောက်တတ်သူဖြစ်ပြီး အကြံသမားအား ပြန်ပြောလိုက်သည့်အချိန်တွင် သူမတွင် ရှိသမျှ သတ္တိအကုန်လုံးအား သုံးပြီးဖြစ်လေသည်။ ယခု မည်သူကမျှ သူမဘက်တွင် မရပ်တည်ပေးသည်ကို မြင်ရသောအခါ မျက်လုံးများမှာ နီရဲသွားကြကာ ကြောက်ရွံ့စိတ်များ ပြန်လည်ဖြစ်ပေါ်လာလေသည်။
အကြံသမားမှာ ခရီးသည်များ သူ့ကို ကြောက်ကြကြောင်း တွေ့ရှိရသည်တွင် ပို၍ ရဲတင်းလာလေသည်။ သူက ကောင်မလေး၏လက်ကို ဆွဲကာ ကြောက်စရာအပြုံးနှင့် ပြောလိုက်သည်။
“မင်းက ငါနဲ့ ကိစ္စတစ်ခုခုဖြစ်စေချင်တယ်ဆိုရင် ဖြစ်စေရမှာပေါ့… ငါလည်းထပ်ပြီး ကြိုးစားနေစရာမလိုတော့ဘူး… ဘယ်လိုလဲ…”
ကောင်မလေးမှာ အလင်းရောင်ထဲတွင် လက်နေသော ဓားထံမှာ ရောင်ပြန်ဟပ်အလင်းကို မြင်သည်တွင် ပို၍ကြောက်ကာ စတင်ငိုကြွေးလေသည်။
“ရှင်က ဒီလိုလူမျိုးနဲ့ သူငယ်ချင်းဖြစ်ချင်သေးတယ်လား… လူကြားထဲမှာ ရှင်မရှက်တတ်ဘူးလား…”
ယွင်ရုန်က ကောင်မလေးအား သူ့နောက်သို့ ပြန်ဆွဲကာ အကြံသမားအား ပြောလိုက်သည်။
“ရှင့်မိဘတွေက ဘယ်လိုသူငယ်ချင်းလုပ်ရမယ်ဆိုတာ မသင်ပေးထားဘူးလား…”
“မင်းလို ကလေးမလေးက ငါ့ကို သူငယ်ချင်း ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပေးနေတာလား…”
ပြောနေသူသည် အမျိုးသားတစ်ဦးသာဖြစ်လျှင် အကြံသမားမှာ အနည်းငယ် နောက်ဆုတ်ပြီး လက်လျှော့သွားနိုင်သည်။ သို့သော်လည်း ယွင်ရုန်မှာ နူးညံ့ပြီး သိမ်မွေ့လေသည်။ သူမမှာ သူကိုင်ထားသော ကောင်မလေးထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသေးသည်။ သူမအသံကိုကြားသောအခါ အကြံသမား၏မျက်နှာမှာ ပျော်သွားကာ ပို၍ပင် ပြုံးလာလေသည်။ သူက လက်ထဲမှ ဓားအား လှုပ်ပြကာ ပြောလိုက်သည်။
“မင်းပဲ ဒီအစ်ကိုကြီးနဲ့ သူငယ်ချင်းလုပ်လိုက်ပါလား…”
“ခင်ဗျား… ဒီလူကတော့… “
အနောက်ဘက်မှ ခရီးသည်များမှာ မအော်ဘဲ မနေနိုင်တော့ပေ။
“ငါက ဘာဖြစ်နေလို့လဲ… ငါပြောပြမယ်… ငါက စိတ်ဝေဒနာရှင်… အဲဒီတော့ လူသတ်တာက ငါ့အတွက် ဥပဒေချိုးဖောက်တာမဟုတ်ဘူး… တခြားလူတွေရဲ့ ကိစ္စထဲ ဝင်မပါတတ်ဖို့ သတိပေးပါရစေ…”
အကြံသမားက မသမာပြုံး ပြုံးကာ ပြောလိုက်သည်။
ယနေ့ခေတ်တွင် စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုသည် အသက်ကယ်မှုနှင့် အတူတူပင်ဖြစ်သည်။ သူပြောသည်ကို ကြားရသောအခါ အကုန်လုံးမှာ အနောက်သို့ ပို၍ပင် ဆုတ်သွားကြသည်။ ဤကိစ္စအတွင်း ဆက်လက်ပါဝင်လိုခြင်း မရှိကြတော့ပေ။
အကြံသမားက ယွင်ရုန်အား မသမာကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ဘယ်လိုလဲ… ကလေးမလေး… စဉ်းစားပြီးပြီလား… အစ်ကိုကြီးလက်ထဲက ဒီဓားကို တစ်ချက်ကြည့်လိုက်စမ်း…”
“နောက်ဆုံးမှာတော့ ကောင်းတာနဲ့ ဆိုးတာက ဘာဖြစ်ဖြစ် ပြန်ခံရမှာတွေချည်းပဲ… အခုချိန်ပြန်လှည့်မယ်ဆို နောက်မကျသေးဘူး…”
ယွင်ရုန်မှာ ထိုလူကို မရိုက််ချင်သဖြင့် လေသံနှင့်ပင် ဖျောင်းဖျကြည့်သည်။
“ငါမေးတာက နင်လုပ်မလား မလုပ်မလားဆိုတာပဲ…”
ယွင်ရုန်မှာ အကြံသမားကိုပင် စေ့စေ့မကြည့်ဘဲ ထိုသည်ကပင် သူ့အား ပို၍စိတ်ဆိုးစေလေသည်။ ယွင်ရုန်ကို ခြောက်ရန်အလို့ငှါ လက်ထဲမှာ ဓားအား ကြမ်းကြမ်းတမ်းတမ်းလှုပ်ပြလေသည်။
ယွင်ရုန်၏ အနောက်မှ ကောင်မလေးမှာ ကြောက်ကြောက်နှင့် မျက်လုံးဖွင့်ကာ ယွင်ရုံအား ပြန်ဆွဲထားဖို့ လုပ်လေသည်။
ဒီကောင်မလေး ငါ့ကို ကယ်ရင်းနဲ့ ဒဏ်ရာရသွားလို့မဖြစ်ဘူး…
သို့သော် သူမ ယွင်ရုန်က်ို မဆွဲနိုင်လိုက်မီမှာပင် မမြင်နိုင်သော အားတစ်ခုမှ အကြံသမား၏ ဓားအားတားလိုက်လေသည်။ ရုတ်တရက်ဆိုသလိုပင် ဓားမှာ ပြန်လှည့်ကာ အကြံသမား၏ ဗိုက်ကိုပြန်ထိုးလိုက်လေသည်။ အကြံသမားမှာ မည်သည့်အသံမျှ မထွက်နိုင်ခင်မှာပင် သူ့ဗိုက်မှ သွေးများစီးကျလာသည်။
“အား….”
အကြံသမားမှာ နာကျင်မှုကို ခံစားလိုက်ရပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။ တစ်စက္ကန့်အတွင်းမှာပင် နီရဲနေသော သွေးများမှာ သူ့ရှပ်အင်္ကျီအား စွန်းထင်းကုန်လေသည်။
လူများမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသဖြင့် ဘတ်စ်ကားအတွင်း ထိုသူနားတွင် ကွက်လပ်ပင်ဖြစ်နေလေသည်။
“ကောင်းကင်ဘုံကတော့ မင်းကို ပြစ်ဒဏ်မချမှတ်ရသေးဘူး ဒါပေမဲ့ ငါကတော့ ချမှတ်လို့ရတယ်…”
ယွင်ရုံ၏ အသံမှာ နူးညံ့လှသော်လည်း အကြံသမား၏ နားထဲသို့ ရှင်းလင်းစွာ ဝင်သွားလေသည်။ သူက ကောင်မလေး၏ မျက်နှာပေါ်မှ သူ့ကို ကြည့်လျက် အပြုံးမဟုတ်သော အပြုံးအား ခေါင်းထောင်ကြည့်လိုက်သည်။ သူမ၏အသက်မှာ မကြီးလှသေးပေ။ သို့သော်လည်း နှောင့်ယှက်၍မဖြစ်နိုင်သည့် အားအင်တစ်မျိုးအား ခံစားရလေသည်။ ရုတ်တရက်ပင် သူ့နှလုံးသားမှာ တင်းကြပ်သွားသည်။
သို့သော် သူမည်သည်ကိုမျှ ထပ်မတွေးနိုင်မီ ခရီးသည်များက သူ့ကို ဖမ်းချုပ်ကာ ဘတ်စ်ကားကြမ်းပြင်ပေါ်တွင် ဖိထားလိုက်ကြသည်။ တစ်စုံတစ်ယောက်ကမူ ဖိနပ်ကြိုးများကိုပင် ဖြုတ်ကာ သူ့လက်နှင့် ခြေထောက်များကို ချည်ထားလိုက်သေးသည်။
ငါးမိနစ်ကြာသောအခါ ဘတ်စ်ကားမှာ ရဲစခန်းသို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
ကျူးမင်စစ်မှာ သူ့လုပ်ဖော်ကိုင်ဖက်များက အကြံသမားအား ဘတ်စ်ကားပေါ်မှ ဆွဲချကာ ဆေးရုံသို့ပို့လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် ယွင်ရုန် ကားပေါ်မှ ဆင်းလာသည်ကို မြင်ရသဖြင့် အံ့ဩကာ မေးလိုက်သည်။
“ယွင်ရုန် နင်လည်း ဒီပေါ်ရောက်နေတာလား…”
ကျူးလွန်ခံခဲ့ရသော နစ်နာသူကောင်မလေးက ချက်ချင်းပင် ရှေ့မှ ဆီးကာပြောလိုက်သည်။
“ရဲသားကြီး သူက ရှေ့ထွက်ပြီး အမှန်တရားအတွက် ရပ်တည်ပေးခဲ့တာပါ… ကျွန်မကို အကြံသမားလက်ထဲက ကူညီပေးခဲ့ပါတယ်… သူ့ကို တကယ်ချီးကျူးသင့်တယ်… သူသာမရှိရင် ဆေးရုံရောက်သွားတာက ကျွန်မဖြစ်နေမှာပါ…”
ယွင်ရုန်က စပ်ဖြီးဖြီးလုပ်ပြကာ ကျူးမင်စစ်အား ပြုံးလျက် ပြန်မေးသည်။
“ရဲသားကြီး အဲဒီလိုလုပ်တာအတွက် ဆုလေးဘာလေးမရှိဘူးလား…”
ကျူးမင်စစ်၏ အပြုံးမှာ ချက်ချင်းပင် ရပ်သွားသည်။ စက္ကန့်အနည်းကြာမှသာ သူပြန်ပြောနိုင်လေသည်။
“အဲဒီလိုလုပ်လို့ ဆုတော့ မရှိဘူး… ကလေးမ နင်မသိဘူးနော်… ရဲဌာနက အဲဒီလောက် ပိုက်ဆံရှိတာမဟုတ်ဘူး…”
ထိုကဲ့သို့ ကိစ္စတိုင်းအတွက်သာ ပိုက်ဆံထုတ်နေရမည်ဆိုပါက ဤကလေးမသည် ရဲဌာနကို ခဏအတွင်းပင် မွဲပြာကျအောင် လုပ်နိုင်ပေလိမ့်မည်။
⛰️