Chapter 48
Viewers 3k

⛰️Chapter 48

အမှန်တရားအတွက် ရပ်တည်ခြင်း




 “အင်းပါ အဲဒါဆိုလည်း ထားပါတော့…”


ယွင်ရုန်မှာ အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း စိတ်ထဲတွင် မထားတော့ပေ။ မည်သို့ပင်ဖြစ်စေ ကောင်းတာလုပ်ခြင်းဖြင့် ကုသိုလ်ရရှိမည်ပင်ဖြစ်သည်။ သူ ထိုထက်ပို၍ လောဘကြီးနေ၍ မဖြစ်ပေ။ ထို့နောက် သူ ဆဲလ်ဖုန်းကို ထုတ်ကာ အချိန်ကိုကြည့်လိုက်လေသည်။ ရုံးကို ၉ နာရီရောက်ရမည်ဖြစ်ပြီး ယခုအချိန်မှာ ၈ နာရီ ခွဲနေပြီဖြစ်သည်။ သူ ကျူးမင်စစ်အား ရှင်းပြပြီး ရဲစခန်းမှ လျင်မြန်စွာပင်ထွက်ခွါလာခဲ့သည်။


ဘတ်စ်ကားပေါ်တွက် သူကယ်ခဲ့သော ကောင်မလေးမှ သူထွက်သွာသည်ကို မြင်သည်နှင့် နောက်မှ ချက်ချင်းလိုက်လာကာ မေးလိုက်သည်။


 “ညီမလေး ဟယ်လို… ခုနတုန်းက အစ်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်… အစ်မနာမည်က ဟယ်ချင်းပါ ညီမလေးနာမည်က ယွင်ရုန် ဟုတ်တယ်နော်… WeChat မှာ အကောင့်လေး အပ်ထားလို့ရမလား… အလုပ်ပြီးရင် မုန့်လိုက်ကျွေးချင်လို့ပါ…”


 “အာ ရပါတယ်… အဲဒါက ဘာမှမဟုတ်ပါဘူး… ကျွန်မမှာ WeChat လည်းမရှိဘူး…”


ယွင်ရုန်က သူ့လက်များကို ရမ်းကာ ပြောလိုက်သည်။ သူက WeChat တွင် အကောင့်မဖွင့်ထားပေ။ တရုတ်စာလုံးများကို ဖတ်ပြီး ရေးနိုင်သော်လည်း လူမှုမီဒီယာများအား သူ မသုံးချင်သေးပေ။


ဒီနေ့ခေတ်မှာ WeChat မသုံးတဲ့သူရှိသေးတာလား…

ဟယ်ချင်းက ယွင်ရုန်ကို တွေတွေလေး ငေးကြည့်ကာ သူ့အား ဖုန်းနံပါတ်မပေးချင်၍ဖြစ်မည်ဟု တွေးကာ ထပ်မတောင်းဆိုတော့ပေ။ ထို့နောက် သူ့အိတ်အတွင်းမှာ လိပ်စာကဒ်တစ်ခုအား ထုတ်၍ ယွင်ရုန်ကို ပေးကာ ပြောလိုက်သည်။ 


 “ဒါက အစ်မဖုန်းနံပါတ်ပါ… တကယ်ကျေးဇူးတင်ပါတယ်နော်…”


ရဲစခန်းမှာ ကုမ္ပဏီနှင့် အတန်လှမ်းလေရာ ယွင်ရုန်မှာ လောနေပြီဖြစ်၍ ထပ်မစောင့်နိုင်တော့ပေ။ ထို့ကြောင့် လိပ်စာကဒ်ကို အမြန်လှမ်းယူပြီး ပြောလိုက်သည်။ 


 “ဘာမှထွေထွေထူးထူးလုပ်ပေးစရာမလိုပါဘူး… ကျွန်မကိုလည်း အရမ်းကြီး ကျေးဇူးတင်စရာမလိုပါဘူး… ဟိုင်းရှီရဲ့ တာဝန်သိပြည်သူတွေအနေနဲ့ လုပ်စရာရှိတာကို လုပ်ရမှာပါပဲ…”


ဤစကားများမှာ သူ တီဗီကြည့်တုန်းက ကြော်ငြာမှ စာသားများ ဖြစ်ကြ၏။


ဟယ်ချင်း မှာ မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။


သူ ပြန်လှည့်ကြည့်မိသောအခါ ယွင်ရုန်မှာ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဖြစ်လေသည်။ 


ယွင်ရုန်မှာ ရဲစခန်းမှ ရုံးသို့ သွာရန်လမ်းကို မသိသဖြင့် မတတ်သာသည့်အဆုံးတွင် တက္ကစီငှါးစီးရန် ဆုံးဖြတ်လိုက်ရသည်။ သို့သော် ကားဆရာမှာ မည်သို့ဖြစ်သည်မသိ လမ်းကို ပတ်မောင်းနေပြီး တစ်နာရီကျော်ကြာပြီးမှသာလျှင် ရုံးသို့ရောက်လေသည်။ 


ယွင်ရုန်မှာ ဖုန်းမျက်နှာပြင်ပေါ်မှ ၃၄ ယွမ်အား နှမျောသတစွာ ကြည့်ပြီးနောက် အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက်တွင် ရုံးထဲသို့ သုတ်ခြေတင်ကာ ပြေးလေသည်။ ဝင်ပေါက်မှတဆင့် အတွင်းသို့ဝင်သောအခါ ဓာတ်လှေကားမှ ထွက်လာသော လုဟယ်နျန်နှင့် ပက်ပင်းတိုးတော့သည်။


 “မင်း ဘယ်တွေရောက်နေတာလဲ… ဘာလို့ အခုမှ ရောက်လာတာလဲ…”


လုဟယ်နျန်က တွေ့တွေ့ချင်းပင် အရယ်အပြုံးမရှိမေးလိုက်သည်။


သူက ယခုလေးပင် ဝမ်ကျင်းအား ဟိုတယ်သို့ ဆက်သွယ်ခိုင်းကာ ယွင်ရုန်တစ်ယောက် ၇ နာရီကပင် ထွက်သွားကြောင်း သိရှိပြီးဖြစ်သည်။ သူမ ရုံးသို့ လမ်းလျှောက်လာမည်ဆိုပါက တစ်နာရီနှင့် နာရီဝက်သာ ကြာမည်ဖြစ်သည်။ သို့သော် သူမထွက်လာသည်မှာ တစ်နာရီထက်ပင် ပို၍ကြာကာ ထိုအချိန်အတောအတွင်း သူမ၏ အရိပ်အယောင်ပင် မမြင်ရပေ။ လုဟယ်နျန်မှာ အလွန်စိတ်ပူသွားကာ ကိုယ်တိုင်အပြင်ထွက်ပြီး ရှာဖို့ ပြင်ဆင်နေစဉ် ရေးကြီးသုတ်ပျာဝင်လာသေ သူမနှင့် ဆုံခြင်းဖြစ်သည်။


စကားပြောပြီးသည်နှင့် သူက ယွင်ရုန်အား ခေါင်းမှ ခြေဖျာအထိသေချာကြည့်ရှုလေသည်။ မည်သည့်ပြဿနာမှ မရှိသည်ကို မြင်ရသောအခါ သက်ပြင်းတစ်ခုအား တိုးတိတ်စွာချလိုက်သည်။


ယွင်ရုန်မှာ လုဟယ်နျန်၏ ခက်ထန်သော မျက်နှာကို မြင်ရသောအခါ စိတ်ပူပန်သွား၏။ ယခုအချိန်ရဆိုလျှင် မနက်ပိုင်း ၉ နာရီပင် ကျော်ပြီဖြစ်ပြီး သူမမှာ အလုပ်နောက်ကျပြီဖြစ်သည်။ အလုပ်သမားစည်းကမ်းချက်များတွင် အလုပ်သို့ နောက်ကျမှ ရောက်လာပါက လစာလျှော့ခံရမည်ဖြစ်သည်။ သူမမှာ ယခုပင် တက္ကစီအတွက် ၃၄ ယွမ် သုံးလိုက်ကာ လစာပါ လျှော့ခံရမည်ကို တွေးမိသောအခါ စိတ်ဓာတ်အကြီးအကျယ်ကျသွားလေသည်။


ထိုသို့တွေးကာ ယွင်ရုန်က စကားစလိုက်သည်။

 “ဒုတိယအစ်ကို ကျွန်မ တမင်သက်သက်နောက်ကျတာ မဟုတ်ရပါဘူး…”


 “လမ်းမှာ တစ်ခုခုဖြစ်ခဲ့လို့လား… မင်း ၇ နာရီတည်းက ဟိုတယ်က ထွက်လာတာဆို…”

ကောင်မလေး၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ မြင်ရသောအခါ လုဟယ်နျန်မှာ သူအနည်းငယ်လွန်သွားကြောင်း သတိရကာ နူးညံ့သောအသံနှင့် မေးလိုက်သည်။


 “ဘတ်စ်ကားပေါ်မှာ လူမိုက်တစ်ယောက်နဲ့ တွေ့လာလို့ပါ… သူက ကောင်မလေးတစ်ယောက်ကို မဖွယ်မရာလုပ်နေပြီး ဓားနဲ့ပါ ခြိမ်းခြောက်နေတာ… အဲဒါကြောင့် နည်းနည်းပညာပြခဲ့တာ… ပြီးတော့ ရဲစခန်းကိုပါ တခါတည်းပို့လိုက်တာ…”


ယွင်ရုန်က ဖြစ်ခဲ့သည်များကို သေချာရှင်းပြသည်။ ထို့နောက် ဂုဏ်ယူသော မျက်နှာနှင့် လုဟယ်နျန်ကို ကြည့်ကာ ပြောလိုက်သည်။


 “ဒုတိယအစ်ကို ကျွန်မ အမှန်တရားအတွက် ရဲရဲဝံ့ဝံံ့ရပ်တည်ခဲ့တာ… လစာတော့ မလျှော့ဘူးမလားဟင်…”


လုဟယ်နျန်မှာ ကြားကြားချင်း မယုံနိုင်ဖြစ်သွား၏။ ဤကောင်မလေးက ကားပေါ်တွင် အကြံသမားတစ်ယောက်နှင့် တွေ့ခဲ့သည်ဆိုသော အတွေးမှာ သူ့အား နာကျင်ကိုက်ခဲစေလေသည်။ ထို့နောက် ထိုအကြံသမားမှ ဓားနှင့်ပင် ခြိမ်းခြောက်သေးသည်ကို ကြားရသောအခါတွင် သူ့နှလုံးသားတွင် အကြောက်တရားတစ်ခုပေါ်လာကာ မျက်နှာလည်း ပျက်သွားလေ၏။ 


လုဟယ်နျန်မှာ စဉ်းစားလျက်ပင် ချီးကျူးမှုကို မျှော်လင့်နေသာ ယွင်ရုန်၏မျက်နှာ သေးသေးလေးအား ငုံ့ကြည့်လိုက်သည်။ ရုတ်တရက်ပင် သူ၏ စိတ်ပူမှုနှင့် အကြောက်တရားများမှာ ဒေါသအဖြစ် အသွင်ပြောင်းသွား၏။ ထို့နောက် အံကိုကြိတ်ကာ ပြောလိုက်သည်။


 “မင်းက အမှန်တရားအတွက် ရပ်တည်ခဲ့တာမို့ လစာမလျှော့ပေးရဘူးပေါ့လေ… မင်းက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ အမှန်တရားအတွက် ရပ်တည်တာဆိုတော့ လစာကို နှစ်ဆလျှော့ရမယ်…”


ပြောပြီးသည်နှင့် မျက်နှာပျက်သွားသော ယွင်ရုန်အားမကြည့်တော့ဘဲ ဓာတ်လှေကားအတွင်းသို့သာ ပြန်ဝင်သွားလေသည်။


လုဟယ်နျန်က ဓာတ်လှေကားတံခါးမပိတ်မီ တစ်ချက်ပြန်လှမ်းကြည့်သည်။ ကောင်မလေး၏မျက်နှာပေါ်တွင် ခံစားချက်မဲ့နေသည်ကို မြင်ရသောအခါ သူ၏ဒေါသမှာ ပျောက်ချင်းမလှ ပျောက်သွားလေသည်။ သူပြန်လှည့်ကာ ချော့ချင်စိတ်များ ဖြစ်လာ၏။


သို့သော်လည်း လုဟယ်နျန်မှာ ပြန်မလှည့်ခဲ့ပေ။

ဒီကောင်မလေး သူ့အစွမ်းအားကိုးနဲ့ ဘာကိုမှ သတိမထားဘဲ လုပ်ချင်ရာလျှောက်လုပ်နေတာ… ဒီလိုမှ ပညာမပြရင် နောက်ခါဆို ပြဿနာအကြီးကြီးဖြစ်လာလိမ့်မယ်…


ယွင်ရုန်မှာ ဓာတ်လှေကားတံခါးပိိတ်တော့မည်ကို သတိရသောအခါ ချက်ချင်းပင် ပြေးဝင်လိုက်သည်။ ထို့နောက် သူမက စိတ်အားထက်သန်စွာပြောလိုက်သည်။ 


 “ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ ပစ်စလက်ခတ်လုပ်လိုက်တာ မဟုတ်ရပါဘူး… အဲဒီလို အကြံသမားလေးက ကျွန်မအတွက်တော့ ဘာမှတောင် မပြောပလောက်ဘူးလေ…”


လုဟယ်နျန်က စကားတစ်ခွန်းမှ မဆိုဘဲ မိန်းကလေးအား အေးစက်စွာ စိုက်ကြည့်နေသည်။ သူစကားပြောလိုက်မိလျှင် တစ်ခုခုပြောထွက်သွားမည်ကို စိုးရိမ်နေလေသည်။


လုဟယ်နျန်က စကားပြန်မပြောသည်ကို မြင်ရသောအခါ ယွင်ရုန်မှာ မသေမချာ ခံစားလိုက်ရသည်။ သူမ သူ့ကို စသိကတည်းက လုဟယ်နျန်မှာ အမြဲငြင်သာပြီး ရည်မွန်ခဲ့သည်။ ထိုကဲ့သို့ အေးစက်သည့် အမူရာမျိုး သူမ မည်သည့်အချိန်က မြင်ခဲ့ဖူးသည်ကို တွေး၍မရဖြစ်နေသည်။ ရင်းနှီးသောခံစားချက်ရသော်လည်း အကြောင်းရင်းကို စဉ်းစားမရဘဲရှိလေသည်။


လုဟယ်နျန်မည်မျှပင် စိတ်ဆိုးနေစေကာမူ ယွင်ရုန်အနေနှင့် ဂရုစိုက်စရာမလိုပေ။ သို့သော် ယခုအချိန်တွင်မူ သူမနှလုံးသားတွင် လေးလံမှုတစ်ခုခံစားလိုက်ရလေသည်။


အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ဓာတ်လှေကားတံခါးပွင့်လာသည်။ 

လုဟယ်နျန်က အရင်ဆုံးထွက်သွားလေ၏။


ဝမ်ကျင်းမှာ ရုံးခန်းထဲ ထွက်လာလာချင်းနှင့်ကြုံကာ လုဟယ်နျန်ကို တွေ့တွေ့ချင်းပင် ပြောလိုက်သည်။


“ဒါရိုက်တာ ကျန်းချောင်မင်အခုပဲ ဖုန်းခေါ်လာပါတယ်… သူ့အိမ်မှာ အရေးကြီးကိစ္စပေါ်လာလို့ ဒီနေ့တစ်ရက်ခွင့်ယူပါမယ်တဲ့…”


 “ကုမ္ပဏီစည်းကမ်းတွေမှာ ခွင့်ယူချင်ရင် တစ်ရက်ကြိုပြောရမယ်လို့ ပါတာကို… ဒါရိုက်တာရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်ပြီး သိသိရက်နဲ့ လုပ်တာ… ငါ့ကို တိုက်ရိုက်ခွင့်တောင်းလို့ ပြောလိုက်…”


လုဟယ်နျန်က လှည့်၍ပင်မကြည့်ဘဲ အေးစက်စွာပြောလိုက်သည်။ ထို့နောက် ရုံးခန်းထဲသို့ ဝင်သွားလေသည်။


ဝမ်ကျင်းမှာ အံ့ဩသွား၍ ခေါင်းမော့ကြည့်သော်လည်း ဒါရိုက်တာ၏ ခက်ထန်သော မျက်နှာတစ်ခြမ်းကိုသာ မြင်လိုက်ရလေသည်။ သူ့နှလုံးမှာ မထိန်းနိုင်တော့ဘဲ တုန်လှုပ်၍လာသည်။

မနက်အစောကြီးရှိသေးတာကို ဒါရိုက်တာ ဘာလို့အရမ်း ဒေါသထွက်နေရတာလဲ…


လုဟယ်နျန်မှာ မည်မျှပင်ဒေါသထွက်နေစေကာမူ လက်အောက်ငယ်သားများအပေါ်တွင် အမြဲတစေ သက်ညှာပေးလေ့ရှိသည်။ အထူးသဖြင့် သူနှင့် နေ့နေ့ညညဆက်သွယ်နေရသော အတွင်းရေးမှူးများအပေါ်တွင်ဖြစ်သည်။ ပုံမှန်အားဖြင့်လည်း ခွင့်ယူရသော အကြောင်းရင်းအား သိလျှင် လုံလောက်ပြီဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းချောင်မင်မှာ အမှန်တကယ် အရေးကြီးကိစ္စရှိနေလေသည်။ မနေ့က အလုပ်ဆင်းချိန်တွင် သူ ယနေ့မနက်အလုပ်မလာနိုင်မည်ကို မည်သို့မှ ကြိုတင်မသိနိုင်ပေ။


လုဟယ်နျန်ဒေါသထွက်နေရသည့် အကြောင်းရင်းအား အသည်းအသန်စဉ်းစားနေစဉ် ဓာတ်လှေကားထဲမှ လျင်မြန်စွာ ထွက်လာသော ယွင်ရုန်အားမြင်လိုက်ရလေသည်။ ပိတ်လုဆဲဖြစ်နေသာ ရုံးခန်းတံခါးဆီသို့ ယွင်ရုန်တရှိန်ထိုးပြေးသွားစဉ် ဝမ်ကျင်းမှာ လေပြေတစ်ခုတိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။


လုဟယ်နျန်မှာ တံခါးကို ပိတ်လိုက်သော်လည်း သစ်သားတံခါးအား ဆီးကိုင်လိုက်သော လက်တစ်စုံကို မြင်လိုက်ရကာ “ဘန်း” ဟူသော အသံအား ကြားလိုက်ရလေသည်။ သူ အလွန်လန့်သွားသဖြင့် ချက်ချင်းပင် တံခါးကို ပြန်ဆွဲဖွင့်သောအခါ သိမ်မွေ့နုနယ်သော လက်သေးသေးလေးများအား မြင်လိုက်ရလေသည်။


 ထို့နောက် နှုတ်ခမ်းကို စူကာ မျက်နှာ တစ်ချက်မဲ့သွားလေသည်။


 “လက်နာသွားသေးလား…”


 “မနာပါဘူး…”


ယွင်ရုန်က ခေါင်းခါ၍ ပြောသည်။ သစ်သားတံခါးသေးသေးလေးမှာ သူမအား နာကျင်စေပြီီး အဆင်မပြေဖြစ်စေနိုင်သော်လည်း ဒဏ်ရာတော့ မရစေနိုင်ပေ။ လုဟယ်နျန် စိတ်မဆိုးတော့သည်ကို မြင်ရသောအခါ သူမက စကားကို သတိထားကာပြောလိုက်သည်။


  “ဒုတိယအစ်ကို စိတ်မဆိုးပါနဲ့…”


ကောင်မလေး၏ စိတ်ပူနေသည့် အမူအရာကို မြင်ရသောအခါ လုဟယ်နျန်မှာ မည်သို့မျှ စိတ်ဆိုးမနေနိုင်တော့ပေ။ ထို့အပြင် သူက အမှန်တကယ်လည်း စိတ်မဆိုးနေဘဲ သူမအား စိတ်ပူနေခြင်းသာ ဖြစ်လေသည်။ သူက ခေတ္တမျှရပ်ပြီး ပြောလိုက်သည်။

 “ငါစိတ်မဆိုးတော့ပါဘူး အထဲသာဝင်လာခဲ့…”


ဝမ်ကျင်းမှာ အနားတွင် ပြောစရာစကားပျောက်ဆုံးကာ ကြည့်နေ၏။ ထိုကဲ့သို့ ဖြစ်သွားသည်တွင် ဤအတွဲ ရန်ဖြစ်လာသည်မှာ မှန်ကြောင်း သေချာသွား၏။ 


အဲဒါကို ရန်ဖြစ်တယ်လို့ရော ခေါ်လို့ရပါ့မလား… အချစ်စမ်းတာပေါ့နော်… ဒါရိုက်တာက ခုမှ လူသစ်လေ… ခွေးပေါက်လေးတစ်ကောင်အတွက် ကောင်မလေးရဖို့ မလွယ်ဘူးလေ… မစ္စယွင်ရုန်လို မမ သေးသေးလေးက ဒီလောက်တောင်းပန်နေတာကိုတောင် မျက်နှာကြီးက သုန်မှုန်နေတာပဲ…


အမှန်တကယ်ပင် အချို့သော လူများမှာ မြေပြိုမှုကြောင့် သေဆုံးကြပြီး အချို့လူများမှာ ရေကြီးမှုကြောင့် သေဆုံးကြပါသည်။


ဝမ်ကျင်း၏ အကြည့်များမှာ သောကရောက်မှုနှင့် မကျေနပ်မှုတို့အား ဖုံးကွယ်၍မရသောကြောင့် လုဟယ်နျန်က သူ့အား အေးစက်စွာကြည့်ပြီး ပြောလိုက်သည်။

 “မင်းရော ခွင့်ယူချင်လို့လား…”


 “ကျွန်တော် ရီပို့ရေးနေတာ မပြီးသေးလို့ပါ အဲဒါကြောင့် အတွင်းရေးမှူးရုံးကို အရင်ပြန်သွားလိုက်ပါမယ်…”


ဝမ်ကျင်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက်တောင့်တင်းသွားကာ ချက်ချင်းပင် လှည့်ထွက်သွားလေသည်။ လေကဲ့သို့ အလျင်နှင့် ဝမ်ကျင်းတစ်ယောက် အတွင်းရေးမှူးရုံးခန်းထဲသို့ ဝင်ကာ တံခါးကို ဂျိန်းခနဲ ပိတ်လိုက်လေသည်။


 “ခွင့်ယူဖို့ သွားပြောတာပဲ မဟုတ်ဘူးလား… ဘာလို့ အဲဒီိလောက်တောင် တုန်လှုပ်နေရတာလဲ…”

ရုံးခန်းအတွင်းသို့ရောက်သောအခါ လီရှောင်ဟွေ့က ဝမ်ကျင်းအား  သံသယမကင်းစွာနှင့် မေးလိုက်သည်။


ဝမ်ကျင်းမှာ ကြောက်နေဆဲဖြစ်ကာ အသက်ကို ဝဝရှူပြီးမှသာ စကားပြောနိုင်လေသည်။

 “အပြင်မှာ ခွေးဆိုးအကြီးကြီးတစ်ကောင်ရှိတယ် ဖြေးဖြေးလေးလျှောက်လာရင် အကိုက်ခံရမှာစိုးလို့လေ…”


ဒါရိုက်တာ၏ ရုံးခန်းအတွင်းတွင် လုဟယ်နျန်မှာ ယွင်ရုန်နှင့် မျက်နှာချင်းဆိုင်ထိုင်လျက် စကားစလိုက်သည်။

 “တကယ်တော့ မင်းဒီနေ့တော်ပါတယ်… မင်းရဲ့ စေတနာကို အပြစ်မတင်ပါဘူး…”


ယွင်ရုန်မှာ ထိုစကားကို ကြားသောအခါ အသက်ရှူပင်ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ နှလုံးရပ်သကဲ့သို့ ခံစားရပြီးနောက် ပြောလိုက်သည်။


 “ဒါဆို ဘာလို့ ကျွန်မကို လစာလျှော့ချင်ရတာလဲဟင်…”


အခုလိုအချိန်မှာတောင် သူက လစာအကြောင်း ပြောနေသေးတာလား…

လုဟယ်နျန်မှာ စိတ်လည်းတို ရယ်လည်းရယ်ချင် ဖြစ်နေ၏။


မိန်းကလေး၏ သောကရောက်နေသောမျက်နှာကို ကြည့်ကာ လုဟယ်နျန်မှာ သူလွန်သွားသည်ဟုတွေးကာ သူ့ကိုယ်သူ အပြစ်တင်နေမိသည်။ သူက လက်ကို ဆန့်ထုတ်ကာ မိန်းကလေး၏ ခေါင်းကို ဖွဖွပွတ်လျက် ငြင်သာစွာပြောလေသည်။


 “ယွင်ရုန် မင်းက တန်ချုံးတောင်ကနေ မြို့အထိတက်လာခဲ့တာ… မင်းမသိသေးတဲ့ ကိစ္စတွေအများကြီး ရှိသေးတယ်… ဒီကမ္ဘာပေါ်မှာ မင်းကို လှည့်စားမဲ့ လူယုတ်မာတွေ အများကြီးပဲ… တစ်ခါတစ်လေ မင်းရဲ့ စိတ်ကောင်းရှိတာကိုပါ အသုံးချကြလိိမ့်မယ်… မင်းကို နာကျင်စေတဲ့အထိလုပ်ပြီး မင်းကို ငတုံးလို့ပါ သတ်မှတ်ကြလိမ့်မယ်…”


ယွင်ရုန်က စကားပြောရန် ဟန်ပြင်လိုက်သော်လည်း ပြောရမည့် စကားရှာမတွေ့ပေ။ လက်ရှိလူသားများမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူသားများကဲ့သို့ မကောင်းကြသည်မှာ အမှန်ပင်ဖြစ်သည်။


လုဟယ်နျန် ထိုကဲ့သို့လုပ်ခြင်းမှာလည်း သူမ၏ ကောင်းကျိုးအတွက်သာဖြစ်ကြောင်း သူ၏ ရိုးသားသော ခံစားချက်များကို သူမ ခံစား၍ ရနေသည်။ ယွင်ရုန် ခေတ္တမျှ တိတ်ဆိတ်သွားကာ မနေနိုင်တော့ဘဲ မေးလိုက််သည်။


 “ဒုတိယအစ်ကို အစ်ကိုရော ကျွန်မကို အ တယ်လို့ ထင်လားဟင်…”


လုဟယ်နျန်မှာ ထိုကဲ့သို့အမေးခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ ခေါင်းငုံ့ပြီးကြည့်လိုက်သောအခါ ကြည်လင်သောမျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံသွားလေသည်။ ယွင်ရုံ၏ မျက်ဆံများမှာ နွေဦး၏ အလင်းရောင်ဖျာကျနေသော ရေမျက်နှာပြင်ကဲ့သို့ အညိုရောင်ဖျော့ဖျော့လေးရှိကာ ကြည်လင်ပြီးတောက်ပနေ၏။ 


ထိုမျက်လုံးများအား လုဟယ်နျန်စိုက် မကြည့်ဘဲ မနေနိုင်ချေ။ ခေတ္တမျှကြာသောအခါ သူက စကားစပြောလေသည်။ 

 “မထင်ပါဘူး မင်းက ကိုယ်မြင်ဖူးသမျှထဲမှာ အရိုးရှင်းဆုံးလူပဲ… မင်းက မင်းဘာလိုချင်တယ် မလိုချင်ဘူးဆိုတာ သေချာသိိတယ်… အတော်ဆုံး ကောင်မလေး…”


ယွင်ရုန်မှာ ထိုစကားကိုကြားသောအခါ ရုတ်တရက်ပြုံးသွားလေသည်။ သူက ခေါင်းကို စောင်းကာ ပြောပြန်သည်။

 “ဒုတိယအစ်ကို အစ််ကိုအဲဒီလိုပြောတော့ ဘာလို့ အရမ်းပျော်သွားတာလည်းမသိဘူး… ကျွန်မက ဘယ်တော့မှ သူများပြောတာကို ဂရုမစိုက်တတ်ဘူး… မှန်တယ်ထင်တာပဲ လုပ်တာ…”


ယွင်ရုန်၏ အပြုံးမှာ ဖြူစင်လှသည်။ သူမပြုံးလိုက်သောအခါ လုဟယ်နျန်မှာ လေပြေအေးလေးတိုက်ခတ်သွားသည်ကိုပင် ခံစားလိုက်ရသည်။ အနီးနားရှိ အရာအားလုံးမှာလည်း မှိန်ကျသွားကာ သူမ တစ်ဦးတည်း တောက်ပနေသကဲ့သို့ပင်ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် သူ့ရင်ထဲတွင် စိတ်သက်သာရာရသွားကာ ထိုဖြူစင်မှုအား မဖျက်စီးသင့်ဟု စိတ်ထဲတွေးလိုက်မိသည်။ ထို့နောက် ပြုံးလျက် ပြောလိုက်သည်။


 “မင်းပြောတာမှန်ပါတယ်… ဒါပေမဲ့ မင်းရဲ့လုံခြုံရေးကိုတော့ မင်းဂရုစိုက်သင့်တယ်လေ…”


ယွင်ရုန်က သက်ပြင်းလေးတစ်ချက်ချလိုက်သည်။ ရုတ်တရက် လုဟယ်နျန် အဘယ်ကြောင့် ပျော်သွားသည်ကို သူမစဉ်းစားမရပေ။ လူသားမိန်းမများ၏ စိတ်သည် ခန့်မှန်းရခက်သည်ဟု လူတိုင်းက ပြောကြသည်။ သူမအတွေးတွင်မူ အမျိုးသားများလည်း အတူတူပင်ဖြစ်သည်ဟု တွေးမိလေသည်။ 

သူ့ကို ဘယ်သူက ဘောစ့်လုပ်လို့ရတယ်လို့ ပြောလို့လဲ… ငါကသူ့ကို ဒီလိုချော့လို့တောင်ရနေတာကို…


ထို့ကြောင့် သူမ ပြုံးလျက်ပင် မေးလိုက်သည်။

 “ဒုတိယအစ်ကို ဒါဆို ကျွန်မရဲ့ လစာကို မလျှော့လို့ ရမလားဟင်…”


 “မလျှော့ဘူးပေါ့…”


လုဟယ်နျန် သွားစိကာ ပြောလိုက်သည်။ အဆုံးတွင်မူ သူ့မှာ စိတ်ကြာကြာမဆိုးနိုင်ဘဲရှိလေသဖြင့် မိန်းကလေး၏ နဖူးပြင်ကိုသာ အသာအယာပုတ်လိုက်လေသည်။



⛰️