⛰️Chapter 49
မေးခွန်းရဲ့အပြင်ဘက်
ယွင်ရုန်မှာ ချက်ချင်းပင်ပျော်ရွှင်သွားသည်။ သူမက ပြုံးရွှင်သော မျက်နှာ တောက်ပသော အပြုးနှင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို နောက်တစ်ခါ နောက်မကျစေရပါဘူး…”
လုဟယ်နျန်မှာ အင်း ဟူ၍သာ ပြောလိုက်ရသောလည်း နောက်ရက်မှ စကာ သူကိုယ်တိုင်ပင် ကောင်မလေးအား သွားကြိုသင့်သည်ဟု တွေးနေလေသည်။ ယခုအချိန်တွင် သူမအား မဒမ်ကျန်းရှုဟွား၏ ကြင်ဖက်တွေ့ပေးရေး အစီအစဉ်မှသာမက လူမိုက်များ၏ အန္တရာယ်မှ ကာကွယ်ပေးရန်ပါ လိုအပ်လာလေသည်။ သူက နှုတ်ခမ်းများကို တင်းတင်းစေ့ထားလျက် စိတ်ထဲလေးပင်စွာပင် ငေးကြည့်နေသည်။
မင်းတို့တစ်ယောက်ချင်းစီ… စောင့်ကြည့်ထားလိုက်စမ်းပါ…
***************
ဟိုင်းရှီအထူးရုံးတော်မှာ မြို့ဟောင်းရပ်ကွက်အတွင်းရှိ သုံးထပ်တိုက်လေးတွင် တည်ရှိသည်။ ဘေးဘက်တွင်လည်း သက်တမ်းရင့် ရပ်ကွက်များရှိသောကြောင့် လမ်းမှာ ကျဉ်းမြောင်းပြီး လူနေထူထပ်လေသည်။ မူလအစတွင်မူ ဤနေရာအား မြို့ထဲရှိ စခန်းပုန်းနေရာအဖြစ် အသုံးပြုခဲ့ကြသည်။
ထိုသုံးထပ်တိုက်ကလေးမှာလည်း အတန်ပင် အိုဟောင်းနေပြီဖြစ်သည်။ ၁၉၀၀ ခုနှစ် အစောပိုင်းကာလများတွင် ၎င်းကို စစ်နယ်ရှင်တစ်ဦး၏ နေအိမ်အဖြစ် အသုံးပြုခဲ့သည်။ ထိုစစ်နယ်ရှင်မှာ ပိုက်ဆံမက်သူဖြစ်ပြီး တဏှာရာဂလည်း ကြီးသူဖြစ်ကြောင်း အများက ပြောကြသည်။ သူ၏အိမ်တော်တွင် မယား ၁၈ ရှစ်ယောက်ရှိကာ မယားကြီးဖြစ်သူမှာ ဉာဏ်ရည်ထက်မြက်သော်လည်း ပေါင်းသင်းရခက်သူဖြစ်သည်ဟု ဆိုကြသည်။ စစ်သူကြီး တိုက်ပွဲကျသွားသောအခါ မယားကြီးဖြစ်သူက ချက်ချင်းပင် မယားငယ် ၁၈ ယောက်အား အဆိပ်ခတ်သတ်လိုက်သည်။ ထို့နောက် သူမက ရှိသမျှ ရွှေ ငွေနှင့် တန်ဖိုးရှိအရာများအားလုံးကို ယူကာ ထွက်ပြေးသွားခဲ့သည်ဟု ပြောကြသည်။
ထိုအချိန်မှစကာ ထိုအိမ်ငယ်လေးနှင့် ပတ်သက်သည့် သတင်းမျိုးစုံထွက်လာကြသည်။ အနီးပတ်ဝန်းကျင်ရှိ အိမ်များက ထိုအိမ်သည် သရဲခြောက်သည်ဟု ပြောကြသည်။ လပြည့်ညများတွင် နစ်နာသူအမျိုးသမီးများ၏ ငိုကြွေးသံကို ကြားရသည်ဟု ဆိုကြ၏။ ထိုမှသည် နေ့ဘက်တွင်ပင် အိမ်ထဲတွင် လူများသွားလာလှုပ်ရှားနေသည့် အသံများကြားရသည်ဟု ပြောကြပြန်သည်။ ထို့ကြောင့်ပင် အချိန်ကြာလာသည်နှင့်အမျှ မည်သူမျှ ထိုအဆောက်အအုံနားသို့ မကပ်ရဲကြတော့ပေ။
အရုဏ်တက်ချိန်တွင် ဝမ်းပေါ်မှာ အမည်းရောင်အဝတ်စနှင့် အုပ်ထားသော ကြေးမှုန်မှန်မိစ္ဆာအား လက်နှစ်ဖက်နှင့် သေချာငြင်သာစွာ ကိုင်ပြီး အထူးရုံးတော်သို့ ဝင်လာခဲ့သည်။ ဝင်ပေါက်တွင် အစောင့်အနေနှင့် စောင့်ကြပ်နေသော ပိန်ပိန်ပါးပါးအဘိုးအိုတစ်ဦးက သူ့အား ပျော်ရွှင်စွာနှုတ်ဆက်သည်။
“ရှောင်ဝမ်း ဒီနေ့ အစောကြီး ပြန်လာတာပဲ…”
သူက ဝမ်းပေါ်လက်ထဲမှ ပစ္စည်းအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။
“မိစ္ဆာသေးသေးလေးတစ်ကောင် မိလာပြန်ပြီလား… ဒီတစ်ခေါက်ရော ဘာလေးလဲ… ခွေးပေါက်လေးလား…”
“ဦးလေးဟိုင်… ဒါက သာမန်မိစ္ဆာအသေးစားမဟုတ်ဘူး… ဒါက ကြေးမှုန်မှန်မိစ္ဆာ…”
ဝမ်းပေါ်မှာ သူ့လက်ထဲမှပစ္စည်းအား ရုတ်တရက်လှမ်းယူသော ဦးလေဟိုင်၏လက်ကို ရှောင်ရန် နောက်သို့ နှစ်လမ်းဆုတ်လိုက်သည်။ အစ်မယွင်၏ ချည်နှောင်မှုမှာ မခိုင်မာ မကြာခင်ပင် ပျက်ပြယ်တော့မည်ဟု ဝမ်းပေါ်ခံစားနေရသည်။ မိစ္ဆာလွတ်သွားမည်ကို စိုးရိမ်သောကြောင့် သူပေါ့ပေါ့တန်တန် မလုပ်ရဲဘဲရှိလေသည်။
မိစ္ဆာတစ်ကောင် ဘေးတံခါးမှ ဖြတ်သွားမည်ဆိုပါက သူ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်မြန်ဆန်သွားမည်ဖြစ်သည်။ (ဒဏ္ဍာရီအရ သက်ရှိသက်မဲ့အရာအားလုံးသည် မည်သည့်ပုံစံနှင့်ရှိသည်ဖြစ်စေ နှစ်ရာပေါင်း ထောင်ပေါင်းများစွာ အားထုတ်ပြီးနောက် လူအဖြစ်အဆင့်မြင့်တင်နိုင်သည်။) အထူးရုံးတော်မှ အားနည်းပြီး အသက်ကြီးနေပြီဖြစ်သော လူများမှာ ၎င်းကို တိုက်ခိုက်နိုင်မည်ကိုတော့ သူသိပ်မသေချာလှပေ။
“ကြေးမှုန်မှန်မိစ္ဆာက အမြင့်ဆုံးအဆင့်ရောက်နေပြီလား… ထူးဆန်းလိုက်တာ… မင်းက ဘာတွေ ပူပန်နေတာလဲ…”
ဦးလေးဟိုင်က သံသယရှိစွာမေးလိုက်သည်။
“ဒါက နတ်ဆိုးအဆင့်မို့လို့လေ…”
ဝမ်းပေါ်က လေးနက်စွာ ပြန်ပြောသည်။
‘နတ်ဆိုးအဆင့်’ ဟူသော စကားကို ကြားရသည်တွင် ဦးလေးဟိုင်မှာ နောက်ကို ချက်ချင်းဆုတ်သွား၏။ အလွန်ကြောက်သွားသောကြောင့် သူ့နှုတ်ခမ်းနားတစ်ဝိုက်တွင် ကြွက်ကြီးတစ်ကောင်ကဲ့သို့ အမွှေးအမျှင်များ စုကာ ပေါ်လာကြသည်။ သူက ရင်ဘက်ကိုဖိကာ ပြောလိုက်သည်။
“ရှောင်ဝမ်း ငါ့ကို မခြောက်ပါနဲ့ဟာ… ငါတို့ ကြွက်တွေက သတ္တိမကောင်းတာသိရက်နဲ့…”
ဦးလေးဟိုင်မှာ သက်တမ်းနှစ် ၃၀၀ ရှိပြီဖြစ်သော အဆင့်တက်ပြီး ကြွက်တစ်ကောင်ဖြစ်လေသည်။ ယခု သူ၏တာဝန်မှာ အထူးရုံးတော်အား တံခါးစောင့်အဖြစ် စောင့်ကြပ်ပေးရန်ဖြစ်သည်။
“ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ… ဒါက တကယ်ကို နတ်ဆိုးအဆင့်…”
ဝမ်းပေါ်က ပြောလျက်ပင် အထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။
“ဘုရားရေ ရှောင်ဝမ်း… မင်း ဘယ်တုန်းက နတ်ဆိုးအဆင့်ကို မင်းကိုယ်တိုင် ယူလာရလောက်အောင် အစွမ်းကြီးသွာတာလဲ…”
ဦးလေးဟိုင်က အထင်ကြီးစွာဖြင့် လက်မပင် ထောင်ပြလိုက်သည်။
ဝမ်းပေါ်က သူဖမ်းခဲ့ခြင်း မဟုတ်ကြောင်း ရှင်းပြမည်ပြုသော်လည်း ဆံပင်အရောင်မျိုးစုံနှင့် လူငယ်တစ်ယောက် ရုံးတော်မှ ထွက်လာသည်ကိုမြင်လိုက်ရလေသည်။ ထိုလူငယ်က အကြွပ်ကြော်ထားသော ပေါင်မုန့်ချောင်းတစ်ခုကို ကိုက်လျက် ဗလုံးဗထွေးမေးလိုက်သည်။
“ဘယ်က နတ်ဆိုးအဆင့်လဲ… နေဦး ကျွန်တော်ရဲ့ နှစ်ဖက်ချွန်ဓားကို သွားယူလိုက်ဦးမယ်… နှိမ်နှင်းရမှာပေါ့…”
“ချိုးတုန်းမင်… တိတ်စမ်း… မိစ္ဆာနှိမ်နှင်းဖို့မလုပ်ခင် နင့်မျက်လုံးက မျက်ချေးကို အရင်သုတ်လိုက်ဦး… နင်အဲ့ပုံနဲ့ အပြင်သွားရင် ငါတို့ရုံးတော်ရဲ့ သိက္ခာကျတယ်ဟဲ့…”
နောက်လူငယ်တစ်ဦး၏ အသံမှာ တစ်ဆက်တည်းထွက်ပေါ်လာကာ အသက် ၂၀ အရွယ် မိန်းကလေးတစ််ဦး ရုံးတော်မှ ထွက်လာသည်။ သူမမှာ အပေါ်အောက် အဖြူသာဝတ်ထားပြီး မျက်နှာတွင် ရွံရှာသည့် ပုံစံနှင့် ပြောလိုက်ခြင်းဖြစ်သည်။
“ဖုရှောင်… နင်ကတော့လေ… ဘာလို့များ စကားကို အဲဒီလိုပြောရတာလဲ… ဒီလို ခံ့ညားတဲ့ပုံစံက ရုံးတော်ရဲ့ ဂုဏ်ပုဒ်ကို ဘယ်လိုများထိခိုက်မှာလဲ…”
ချိုးတုန်းမင်က မခံဘဲ ချက်ချင်းပြန်ပြောသည်။
“အာ နင့်ရဲ့ မျက်နှာပြောင်ကြီးကိုသာ နံရံကပ်စက္ကူအဖြစ်သုံးလိုက်ပါတော့လား…”
ဖုရှောင်က မျက်လုံးကို လှန်ပြလျက် ပြောသည်။
“ဘာဖြစ်ဖြစ် ငါက လူမှမဟုတ်တာ… ငါက ဖုန်သုတ်တဲ့ အဝတ်ပဲလေ…”
“အေးပါ အေးပါ ရန်မဖြစ်ကြနဲ့တော့…”
ဝမ်းပေါ်က စိတ်မချမ်းမြေ့စွာဖြင့် ရန်ပွဲကို တားလိုက်သည်။
“အပြင်မှာ ခုထိရှာမတွေ့သေးတဲ့ လူငယ် ၁၀ ယောက်ပျောက်နေသေးတာကို မင်းတို့က ရန်ဖြစ်နေနိုင်သေးတယ်နော်…”
ဝမ်းပေါ်၏ စကားကို ကြားသောအခါ ချိုးတုန်းမင်၏ မပြေမလည်ဖြစ်နေသော မျက်နှာမှာ ရုတ်ချည်းပင် လျော့သွားသည်။ သူက သက်ပြင်းချကာ ပြောလိုက်သည်။
“တခြား ဘာနည်းလမ်းရှိသေးလို့လဲ… ဘာသဲလွန်စမှလည်း ရှာမတွေ့ဘူး… ဟိုတစ်ခါသယ်လာတဲ့ အရိုးဖြူဝိဉာဉ်ကလည်း အရိုးချည်းပဲရှိတာ… သူ့ဝိဉာဉ်က တစ်စစီဖြစ်သွားတော့ သူ့ဆီက ဘာမေးလို့ရမှာလဲ…”
ဖုရှောင်ကလည်း လေးနက်စွာ ဝင်ပြောသည်။
“အစ်ကိုဝမ်း ကျွန်မ အစ်ကို့ကို ပြောတော့မလို့ပဲ… ဒီမနက် ရဲစခန်းကနေ ပို့ပေးလာတဲ့ CCTV မှတ်တမ်းတစ်ခုရှိတယ်… မနေ့ညက ဆူးလီမြစ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကယ်လိုက်တဲ့သူရှိတယ်တဲ့… အဲဒါက အခုကျွန်မတို့ ကိစ္စနဲ့ဆက်စပ်နေမယ် ထင်တယ်…”
“ငါပြောချင်တာ အဲဒါပဲ… မနေ့ညက အမျိုးသမီးတစ်ယောက်ကို ဆူးလီမြစ်တဲ့ ခုန်ချအောင် လှည့်ဖျားတာ ဒီမိစ္ဆာပဲ… သူ့ကို စစ်မေးပြီး ဘာတွေသိရမလဲ ကြည့်ကြတာပေါ့…”
ဝမ်းပေါ်က သူ့လက်ထဲမှ မိစ္ဆာအား အထူးပစ္စည်းများနှင့် ပြုလုပ်ထားသော အကြည်ရောင်ဘူးတစ်ခုအတွင်းသို့ ပြောင်းထည့်ကာ ချုပ်ထားလိုက်သည်။ ဤဘူးမှာ ဆရာကျန်း ထားခဲ့ခြင်းဖြစ်ကာ နတ်ဆိုးအဆင့်များအား ဖမ်းထားရန်အတွက် သုံးလို့ရပေသည်။
ချိုးတုန်းမင်က ဘူးအတွင်းသို့ ကြည့်လိုက်သော်လည်း မှိန်ဖျော့သောအရာဝတ္ထုမှ မည်သည့်အသံမှ မကြားရဘဲရှိလေသည်။ သူက မျက်လုံးများကျယ်လာကာ ပြောလေသည်။
“ကောင်းလိုက်တာ… အစ်ကိုဝမ်း အခုအစ်ကိုက နတ်ဆိုးအဆင့် မိစ္ဆာကိုတောင် ဖမ်းနိုင်နေပြီပေါ့နော်…”
“ဒါက နတ်ဆိုးအဆင့်လား… ဘာမှလည်း သိပ်မမြင်ရဘူး… ဘာလို့ လူပုံစံတောင် မရှိနေရတာလဲ…”
ဖုရှောင်က ရွံရှာစွာကြည့်လျက် မေးလိုက်သည်။
“ကြေးမှုန်မှန်မိစ္ဆာတွေက သူတို့ရဲ့ ခန္ဓာကိုယ်အဖြစ် အရာဝတ္ထုတစ်ခုခုရှိရတယ်လေ… ဘယ်မှာလဲ သူရဲ့ မှန်က…”
ဝမ်းပေါ်က ပြန်ဖြေသည်။
“အဲဒါကို ငါဖမ်းခဲ့တာမဟုတ်ဘူး… အဲဒါက မနေ့က အရိုးဖြူဝိဉာဉ်နဲ့ အတူတူပဲ… အစ်မယွင် ဖမ်းပေးလိုက်တာ… ဒီတစ်ခေါက်တော့ သူ့ခန္ဓာကိုယ်က ပြုတ်ကျပြီး ကျိုးသွားတယ်လို့ ကြားတာပဲ… အဲဒါကြောင့် ပြန်ယူလာလို့မရတာ…”
ဖုရှောင်မှာ မူလအစက မိစ္ဆာပင်ဖြစ်သည်။ မိစ္ဆာများအတွက်မူ ခန္ဓာကိုယ်မှာ ဒုတိယအသက်လို ဖြစ်သည်။ သူမက မေးစေ့ကို ပွတ်ကာ ပြောလိုက်သည်။
“သနားစရာပဲ…”
“ငါက သနားစရာကောင်းတာမဟုတ်ဘူး… ပြုတ်ကျပြီး ကျိုးပဲ့သွားတာက ငါ့ခန္ဓာကိုယ်မှ မဟုတ်တာ… မင်းတို့တွေ ငါ့ခန္ဓာကိုယ်ကို ရှာမတွေ့နိုင်ရင် ငါ့ကိုလည်း ဖမ်းထားလို့မရဘူး… ဘယ်လိုလဲကွ…”
ဖုရှောင်၏ အသံမှာ တိမ်ဝင်သွားကာ ဘူးအတွင်းမှ ရန်မူသောအသံက ပြောလိုက်ခြင်းပင်ဖြစ်သည်။
အခန်းထဲရှိ လူသုံးဦးမှာ လန့်ဖျန့်ကုန်ကြသည်။ ချိုးတုန်းမင်က လျင်မြန်စွာပင် ပြောလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ်ကို ရှာမတွေ့ပေမဲ့ မင်းရဲ့ အဆင့်မြှင့်တင်မှုကို ငါတို့ ခွဲပစ်လို့ရသေးတယ်…. အဲဒီလိုလုပ်လိုက်မယ်ဆိုရင် မင်းခန္ဓာကိုယ်ကို ပြန်ရရင်တောင် မင်းက ဘာမှမလုပ်နိုင်တော့တဲ့ မှန်တစ်ချပ်သာသာပဲ…”
“ငါက အခုထိ ပြည့်ပြည့်ဝဝအရွယ်မရောက်သေးတာမို့ နင်တို့ငါ့ကို ပြစ်ဒဏ်စီရင်လို့မရဘူး…”
ကြေးမှုန်မှန်မိစ္ဆာက ထိုသုံးဦး၏ အဆင့်များကို စစ်ကြည့်လိုက်သည်။ ၎င်းတို့၏ အဆင့်များမှာ မနေ့ညက သူ့ကိုဖမ်းခဲ့သော အကောင်ကြီးကြီးနဲ့စာလျှင် မပြောပလောက်သော အဆင့်များဖြစ်နေသောကြောင့် သူက မကြောက်တော့ဘဲ ရဲရဲဝံ့ဝံံ့ပြောဆိုလာသည်။
“ငါမသိဘူးလို့ ထင်မနေနဲ့… အရွယ်မရောက်သေးတဲ့ မိစ္ဆာတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးချမှတ်ထားတဲ့ ဥပဒေအရ ဥပဒေချိုးဖောက်ခဲ့ရင်တော့ သက်သက်ညှာညှာပဲ အပြစ်ပေးရမှာ… ပြီးတော့ ငါကလည်း အဲ့မိန်းမကို ဘာအန္တရာယ်မှ ပေးခဲ့တာမဟုတ်ဘူး… ပြောရရင် အထမမြောက်တဲ့ ကြံစည်မှုလို့ပဲတောင် ခေါ်လို့ရတယ်… နင်တို့ ငါ့ကို ဒီလိုလုပ်နေလို့မရဘူးဟဲ့…”
ကြေးမှုန်မိစ္ဆာမှာ တွက်တတ်ချက်တတ်သူပင်ဖြစ်သည်။ သူက မိစ္ဆာဥပဒေကိုလည်း အထူးပြုလေ့လာထားပြီး သူ၏ ယခုအခြေနေမှာ အပြစ်မရှိကြောင်း ကောင်းကောင်းသိလေသည်။
“အံမယ် ဒီနေ့ခတ် မိစ္ဆာတွေလည်း တော်လာပြီပဲ… ငါ့ထက်တောင် ဥပဒေနဲ့ ပိုရင်းနှီးနေကြသေးတယ်နော်…”
ချိုးတုန်းမင်မှာ အံ့ဩ၍ ပြောလိုက်သည်။
ဝမ်းပေါ်က မပြုံးပေ။ ကြေးမှုန်မှန်မိစ္ဆာပြောသည်မှာ မှန်ပေသည်။ အထူးရုံးတော်အနေနှင့် သူအားဤကဲ့သို့ ဖမ်းထား၍မရပေ။
“ငါတို့ မင်းကို ဒီလိုဖမ်းထားလို့မရပေမဲ့ စုံစမ်းမေးမြန်းဖို့အတွက်တော့ ထိန်းသိမ်းထားလို့ရတယ်… ကဲ အဲ့တော့ မင်းဘာလို့ လင်းရှောင်းမန်ကို ဆူးလီမြစ်ထဲဆင်းဖို့ ပြုစားရတာလဲ… ဆူးလီမြစ်ထဲမှာ ဘာရှိလို့်လဲ…”
ထိုမေးခွန်းကိုကြားသောအခါ ကြေးမှုန်မိစ္ဆာမှာ ရပ်တန့်သွားသည်။
ဖုရှောင်မှာ စိတ်မရှည်နိုင်တော့ပေ။ ကြေးမှုန်မိစ္ဆာတိတ်ဆိတ်နေသည်ကို မြင်ရသောအခါ သူမက လက်ကောက်ဝတ်အတွင်းမှ ကြာပွတ်တစ်ခုကို ထုတ်ယူကာ လက်ကိုရိုက်ပြလျက် ပြောလိုက်သည်။
“ဟိုင်းရှီက ရှိသမျှ မိစ္ဆာတွေအကုန်လုံးက ငါတို့အထူးရုံးတော်ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိတယ်နော်… ဥပဒေက မင်းကို တကယ်ပဲ ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား… မင်းဘာမှမပြောရင် ငါကတော့ ရှင်းပစ်မှာပဲ… ယုံချင်ယုံ မယုံချင်နေ…”
“နင်တို့က အသက်မပြည့်သေးတဲ့ မိစ္ဆာကိုတောင် ဒီလိုလုပ်ရက်တယ်ပေါ့…”
ကြေးမှုန်မှန်မိစ္ဆာမှာ ထောင့်သို့ကပ်ကာ ကြုံ့ကြုံ့လေးထိုင်ပြီး ပြောလိုက်သည််။ သူ၏ အသံမှာ အနည်းငယ်ကြောက်နေသည်။
ဖုရှောင်က အံကိုကြိတ်ကာ လက်ထဲမှ ကြာပွတ်အား မိစ္ဆာကို ထည့်ထားသည့် ဘူးသို့ အသံမြည်စေရန် ရိုက်ခတ်လိုက်သည်။ သူမက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ဘာလို့ မရမှာလဲ… အသက်မပြည့်သေးတဲ့မိစ္ဆာတွေအတွက် ထုတ်ထားတဲ့ ဥပဒေက စည်းကမ်းလိုက်နာတဲ့ သူတွေအတွက်ပဲ… မင်းက နတ်ဆိုးအဆင့်နဲ့ အဲဒီလို အခွင့်အရေးလိုချင်နေသေးတာလား… ငါပြောပြမယ် အိပ်မက်မက်မနေနဲ့… မင်းမြန်မြန်ပြောလိုက်ရင် နာကျင်မှုက လျော့လိမ့်မယ်…”
ကြေးမှုန်မှန်မိစ္ဆာမှာ ရောက်ရောက်ချင်း အပြစ်ပေးခံရလိမ့်မည်ဟု မထင်ထားပေ။ သူက တုန်လှုပ်နေသောအသံနှင့် ပြောလိုက်သည်။
“နင်တို့ ငါ့ကို ဒီလိုဆက်ဆံရင်… ငါတို့ မသေမျိုးသခင်ကြီးက နင်တို့ကို အလွတ်ပေးမှာမဟုတ်ဘူး…”
ဝမ်းပေါ်မှာ ဘေးတွင်ရပ်ကြည့်နေရာက အသေးစိတ်သိချင်၍ လျင်မြန်စွာမေးလိုက်သည်။
“အဲဒီ မသေမျိုးသခင်ကြီးက ဘယ်သူလဲ…”
ပြီးခဲ့သည့်အခေါက် အရိုးဖြူဝိဉာဉ်လည်း ထိုမသေမျိုးသခင်ကြီးအကြောင်းအား အစ်မယွင်ရုန်ကို ပြောသွားသည်ကို သူအမှတ်ရလိုက်သည်။
သူတို့က တစ်အုပ်စုတည်းများလား…
မသေမျိုးသခင်ကြီးအကြောင်း ပြောကြားရာတွင် ကြေးမှုန်မှန်မိစ္ဆာ၏အသံမှာ ကိုးကွယ်မှုအပြည့်နှင့်ဖြစ်သည်။
“ငါတိုရဲ့ မသေမျိုးသခင်ကြီးက ဒီကမ္ဘာပေါ်က တစ်ပါးတည်းသော ဘုရားသခင်ပဲ… သူက အနန္တတန်ခိုးရှင်ပဲ… သူက ငါတို့ကို ဦးဆောင်ပြီး ငါတို့ရဲ့ မျိုးနွယ်တွေ အရင်က ကြီးစိုးခဲ့တဲ့ ကာလတွေဆီကို ပြန်သွားနိုင်အောင် လုပ်ပေးမှာ…”
ဘုရားသခင်… ဒီနေ့ခေတ်ကမ္ဘာကြီးမှာ နတ်ဘုရားတွေရှိနေသေးတာလား…
အားလုံးမှာ စိတ်ရှုပ်သောအကြည့်များဖြင့်သာ ဘူးအတွင်းမှ မိစ္ဆာအား ကြည့်မိကြလေသည်။ ဖုရှောင်က ဝမ်းပေါ်အနားသို့ ကပ်ကာ အသံတိုး၍ ပြောလိုက်သည်။
“အစ်ကိုဝမ်… ဒီကြေးမှုန်မှန်မိစ္ဆာက အစ်မယွင်ဆီမှာ သေသေချာချာ အရိုက်မခံရလိုက်ဘူး ထင်တယ်နော်…”
ချိုးတုန်းမင်မှာ သူ့တွင်ကျန်နေသေးသော ပေါင်မုန့်ကြော်များအား ပါးစပ်အတွင်းသို့ ထိုးထည့်လိုက်ကာ ပြောလိုက်သည်။
“ငါတော့ မထင်ဘူး… နင်ပြောတဲ့ မသေမျိုးသခင်ကြီးဆိုတာက ကြော်ငြာလိုမျိုးမဖြစ်နေဘူးလား… ငါတို့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရဲစခန်းကို ထုတ်လွှင့်တာကို တားဖို့သွားသေးတယ်… အဲ့မှာ ကြော်ငြာကားထဲက ထွက်တာတဲ့ လူတွေက အဲဒီလို ပုံတွေချည်းပဲ… တကယ့်ကို MLM ဦးနှောက်ဆေးခံထားရတဲ့ဟာတွေ…”
အားလုံးမှာ တစ်ခဏမျှ ချိုးတုန်းမင်ပြောသည်မှာ မှန်ကုန်ကြောင်း ထောက်ခံမိကြလေသည်။
******************
လု အိမ်တော်တွင် လုဟွားနျန်နှင့် ကျန်းရှုဟွားတို့ သားအမိနှစ်ယောက်မှာ အစည်းအဝေးထိုင်နေကြလေ၏။
“ဒီမနက်က ဟယ်နျန်းကို ငါ ယွင်ရုန်ကို ကြင်ဖက်တွေ့ပေးဖို့ စီစဉ်နေတယ်လို့ ပြောပြီး စမ်းသပ်လိုက်တယ်…”
ကျန်းရှုဟွားမှာ စကားစလိုက်ချင်းမှာပင် သူမ၏အပြုံးအား မထိန်းနိုင်ဘဲ ရှိလေသည်။
ဘယ်လိုလုပ်မပျော်ဘဲနေပါ့မလဲ…
လုဟယ်နျန် ကုမ္ပဏီတွင် အလုပ်စဝင်သည့်အချိန်မှစကာ သူမစီစဉ်ခဲ့သည့် ကြင်ဖက်တွေ့ဆုံပွဲများမှာ မနည်းလှတော့ပေ။ အလှပဆုံးမိန်းမပျိုလေးများနှင့် ချိတ်ပေးကာ သူမတွက် ထိန်းကျောင်းရန် မြေးယောက်ျားလေးတစ်ယောက် ရလိုသည့် စိတ်ဆန္ဒနှင့်သာ စီစဉ်ခဲ့ခြင်းဖြစ်လေသည်။ သို့သော် ဟယ်နျန်မှာ သူ့ဘဝ၏ ကံကြမ္မာအား အကြောင်းပြ၍ အားလုံးကို ငြင်းပယ်ခဲ့သည်ချည်းသာဖြစ်သည်။ တကယ်တမ်းအကြောင်းရင်းမှာ ဟယ်နျန်၏ ဘဝကံကြမ္မာတစ်ခုတည်းသာမဟုတ်ဘဲ သူကိုယ်တိုင်သည်လည်း တစ်ယောက်ယောက်ကို တွေ့ရန် မကြိုးပမ်းခြင်းကြောင့်လည်း ဖြစ်ပေသည်။ ယခုမူ အခြေနေသည် အရန်သင့်ဖြစ်နေ၏။ ဟယ်နျန်ကိုယ်တိုင်ပင် လိုလိုလားလားရှိနေလေသည်။
ကျန်းရှုဟွားမှာ သူမ၏ စိတ်ပူမှုများအားလုံး တစ်ဝက်လောက် လျော့သွားသကဲ့သို့ပင် ဖြစ်လေ၏။
“သမီးမပြောဘူးလား မားရဲ့… သမီးကို ယုံပါလို့… မှန်ပါတယ်လို့…”
လုဟွားနျန်က ခေါင်းကို ချီကာ ပြောလိုက်လေသည်။
ကျန်းရှုဟွားက ခေါင်းညိမ့်သည်။ သူမ ခေတ္တမျှ ပျော်ရွှင်သွားကာ စကားစလေသည်။
“တကယ်တော့ ငါတို့ ပျော်ဖို့က အရမ်းစောနေမလားမသိဘူး… သူ့ကို ဒီနည်းနဲ့ပဲ စမ်းရသေးတာ… အမူအရာက သိပ်တော့မကောင်းပေမဲ့ သူက ဘာကိုမှ သေချာ မဝန်ခံသေးတော့လေ… သူက ယွင်ရုန်ကို တကယ်ကြိုက်နေတာရော ဟုတ်ပ့ါမလားလို့ စိတ်ပူတယ်… သူက အရင်စပြောတတ်တဲ့သူလည်း မဟုတ်တော့လေ…”
“မား… သမီးတို့က ဟယ်နျန်အကြောင်းကို မသိတာလည်း မဟုတ်ဘူး… သူက သူ့ဘဝကံကြမ္မာအကြောင်းကို ထုတ်မပြောပေမဲ့ သူ့စိတ်ထဲမှာတော့ ရှိမှာပေါ့… တိတိကျကျပြောရရင် သူက ယွင်ရုန်ကို ကြိုက်နေလို့သာပဲ သူကပိုစိုးရိမ်နေတာနေမှာပေါ့… ယွင်ရုန်ကို ထိခိုက်သွားမှာ စိုးရိမ်လို့လေ… သမီးစိုးရိမ်တာက သူက အဲဒီလိုပဲ သိမ်းထားပြီး ထုတ်မပြောတော့မှာကိုပဲ… ယွင်ရုန်ဆိုတာကလည်း ထုတ်မှမပြောရင် ဘာမှ သိမှာမဟုတ်ဘူး… အဲဒီလိုသာဆို နှစ်ယောက်သား ညားတော့မှာမဟုတ်ဘူး…”
လုဟွားနျန်က စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။
“ဒါဆို အမေတို့ ဘယ်လိုလုပ်ကြမလဲ…”
လုဟွားနျန်က ခေတ္တမျှစဉ်းစားလိုက်သည်။ ထို့နောက် သူ့ပေါင်ကို တစ်ချက်ပုတ်ကာ ပြောလိုက်သည်။
“အကယ်၍ သူဘာမှ စ မလုပ်ဘူးဆိုရင် သမီးတို့က တွန်းအားပေးကြမယ်လေ…”
ပြောပြီးသည်နှင့် သူမက ဆဲလ်ဖုန်းကိုထုတ်ကာ ကျန်းယန်၏ အမေဖုန်းနံပါတ်ကို ရှာလိုက်လေသည်။
⛰️