Chapter 50
Viewers 3k

⛰️Chapter 50

 မေးခွန်းရဲ့ အပြင်ဘက်




ဆယ့်ငါးမိနစ်ကြာသောအခါ လု အိမ်တော်သို့ ကျန်းယန်ရောက်ရှိလာသည်။ သူတံခါးပေါက်ကို ဖြတ်ဝင်လာစဉ်မှာပင် လှေကားပေါ်မှ ဆင်းလာသော လုဟွားနျန်နှင့် ဆုံလေသည်။ လုဟွားနျန်မှာ သူမ၏တူအား မြင်မြင်ချင်း အံ့အားသင့်သွားသည်။

အတန်ငယ်မျှ ခြေဆုံးခေါင်းဆုံးကြည့်ပြီးသောအခါ သူမက ပြောလိုက်သည်။

 “ကျန်းယန် နင်ဘာဖြစ်လာတာလဲ… နင့်အမေက နင့်ကို စစ်ထဲပို့တော့မလို့လား…”


ကျန်းယန်၏ အမေဘက်မှ အဘိုးမှာ စစ်တပ်တွင် ဗိုလ််ချုပ်တစ်ဦးဖြစ်သည်။ သူတို့မိသားစုတွင် သားယောက်ျားလေးများအား လေ့ကျင့်သည့်အနေနှင့် စစ်တပ်သို့ပို့သည့် ဓလေ့တစ်ခုရှိသည်။ ထို့ကြောင့်ပင် လုဟွားနျန်က ပြောလိုက်ခြင်းဖြစ်သည်။


 “အဲဒီလိုမဟုတ်ပါဘူး… ကျွန်တော်က အရင်က ကျွန်တော့်ပုံစံကို မကြိုက်လို့ ပုံစံပြောင်းမလားလို့လေ… ဘယ်လိုနေလဲဟင် ဒေါ်လေး… ဒါက နည်းနည်းပိုပြီး ယောက်ျားမဆန်ဘူးလား…”

(သူ၏ ယောက်ျားဆန်ခြင်းဆိုသည်မှာ ထောင်ထောင်မောင်းမောင်းနှင့် ကိုယ်ခံပညာ ကျွမ်းကျင်ခြင်းကို ဆိုလိုသည်။)

ကျန်းယန်က သူ့ခေါင်းကို သူကုတ်ကာ သူ့ပုံစံသူ ကျေနပ်ဟုဟန်ဆောင်လျက် ရှက်ရှက်နှင့်ပြောလေသည်။ 


အဲဒီမှာ ကျေနပ်နေလိုက်…


ပြီးခဲ့သည့်တစ်ခေါက် အရိုးဖြူဝိညာဉ်နှင့် ပက်ပင်းတိုးပြီးသည့်အချိန်မှစကာ ကျန်းယန်သည် အိမ်အပြင်သို့ ရက်အတော်ကြာမထွက်ခဲ့ပေ။ သူ့အတွက်မူ အိပ်ပျော်ရန် ကြိုးစားတိုင်း ကြောက်စိတ်နှင့် တုန်လှုပ်၍ နေလေသည်။ မျက်လုံးများမှိတ်လိုက်တိုင်း သူ လော့ဖေးဖေကို ပြောခဲ့သည့် ချစ်စကားများကို ပြန်သတိရနေ၏။


ထိုကဲ့သို့ နာကျင်ရသော အတွေ့အကြုံကို တွေ့ကြုံရပြီးသည့်နောက်တွင် ကျန်းယန်မှာ အလွန်ကြည့်ကောင်းခြင်းသည် ပျက်စီးခြင်းကိုသာ ဖြစ်စေသည်ဟု ယုံမှတ်လိုက်သည်။ ဖြစ်ပြီးပြီးချင်းတွင် သူက ခေါင်းပေါ်မှ ဆံပင်များအားလုံးကို ရိတ်လိုက်ကာ သင်္ဘောသား ဆံပင်စတိုင်ထားလိုက်သည်။ အိမ်သို့ရောက်လာသော အင်္ကျီအသစ်များအားလုံးကိုလည်း အဝေးသို့ ပို့ထားလိုက်သည်။ ယနေ့အပြင်သို့ထွက်သောအခါတွင် ရိုးရိုးရှင်းရှင်းတီရှပ်တစ်ထည်နှင့် ဘောင်းဘီရှည်သာ ဝတ်၍ ထွက်လာလေသည်။


ဘယ်လိုပုံပေါက်နေတယ်ဆိုတာက အသက်လောက်အရေးကြီးလို့လား…


 “ယောက်ျားဆန်တာလား… ငါတော့ နင့်ကို မုန်လာဥနီထင်လိုက်တာ…”

(တရုတ်စာအရ ယောက်ျားဆန်ခြင်းနှင့် မုန်လာဥနီမှာ အသံထွက်တူသည်။)

လုဟွားနျန်မှာ ကျန်းယန်ကို ကြည့်ကာ အလွန်အံ့အားသင့်နေလေ၏။ သူမက သူ့နဖူးကို ပုတ်ကာ ပြောလိုက်သည်။ 

 “နင် ဘာတွေများ စိတ်ဆိုးနေလို့လဲ… ရည်းစားနဲ့ လမ်းခွဲထားလို့လား… ဖွင့််ပြောလိုက်တာ ငြင်းခံလိုက်ရလို့လား…”


ဘာမှမဖြစ်ဘူးဆိုရင် သူဒီလောက် ပြောင်းလဲနေစရာ အကြောင်းမရှိဘူး…

ကျန်းယန်မှာ အရင်က အလွန်ကြည့်ကောင်းသော ကောင်လေးဖြစ်သော်လည်း ယခုမူ ဤသင်္ဘောသား ဆံပင်စတိုင်ကြောင့်ပင် သူ၏ ဆွဲဆောင်မှုမှာ တစ်ဝက်လောက်လျော့သွားလေသည်။


ပြီးတော့ ဒီပုံနဲ့ဆိုရင် သူ့ကို အကူညီတောင်းလို့ဖြစ်ပါဦးမလား…

လုဟွားနျန်မှာ စိတ်ထဲတွင် တွေးမိကာ ကျန်းယန်အား မကျေမချမ်းဖြင့် ကြည့်လိုက်သည်။


ရည်းစားတွေ…


ကျန်းယန်မှာ ထိုစကားလုံးကို ကြားကြားချင်း မျက်နှာအမူအရာ ပြောင်းသွားသည်။ နောက်ပိုင်းတွင် မည်သူမှ သူ့အား ‘ရည်းစား’ ဟူသည့် စကားလုံးအား ပြော၍မရတော့ပေ။ ထိုစကားလုံးအား ကြားသည်နှင့် ကျန်းယန်မှာ စက်ရုပ်ကဲ့သို့ဖြစ်သွားကာ သူ၏နှာခေါင်းတွင် ငါးညှီနံ့များရလာကာ ချွဲကျိနေသာ အထိအတွေ့များကို ပြန်သတိရလာလေသည်။


 “ဒေါ်လေး ကျွန်တော်က ငယ်ပါသေးတယ်… ကျွန်တော့်ရဲ့ အလုပ်အပေါ်မှာပဲ ပိုပြီး အာရုံစိုက်မလားလို့ပါ… အဲဒီလို ကိစ္စတွေအတွက် အချိန်ပေးနိုင်ဦးမှာမဟုတ်ဘူး… ပြီးတော့လည်း လက်ထပ်ဖို့ဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ မဖြစ်မနေ လုပ်သင့်တာမျိုးမဟုတ်ဘူးထင်တာပဲ… ဆိုတော့ လောလောဆယ်တော့ ကျွန်တော် ရည်းစားမထားချင်သေးပါဘူး…”


ကျန်းယန်က အမှန်အကန်လေးလေးနက်နက်ဖြင့် ပြောသည်။


လုဟွားနျန်က သူမ၏တူအား သံသယအကြည့်ဖြင့်ကြည့်ကာ အနည်းငယ်ထူးဆန်နေသည်ဟု တွေးနေသည်။ ဤကောင်လေးမှာ အထက်တန်းကတည်းကပင် ရုပ်ချောသည့်အပြင် ဂီတကိုပါ လေ့လာခဲ့သောကြောင့် ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ခဲ့လေသည်။


ကျန်းယန်မှာ ထိုကဲ့သို့ ကောင်လေးဖြစ်ခဲ့ပြီး ရွေးချယ်စရာများလေ သူ့အတွက် မငြင်းနိုင်လေဖြစ်ခဲ့သည်။ မိန်းကလေးများအား ဆွဲဆောင်နိုင်သည့် သူ၏အရည်အချင်းမှာ ပြော၍ပင် မကုန်နိုင်သော်လည်း မည်သည့်မိန်းကလေးကိုမှ သူက အတည်မတွဲခဲ့ပေ။ ယနေ့တွင်မူ ကျန်းယန်မှာ ထူးဆန်းနေကာ လုဟွားနျန်က မျက်မှောင်ကြုံ့လျက်မေးလိုက်သည်။

 “ကျန်းယန်… နင် ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် ယောက်ျားချင်းကြိုက်နေတယ်ဆိုတာက သိသွားတာတော့ မဟုတ်ဘူးမလား…”


ကျန်းယန်မှာ မျက်နှာပျက်သွားသည်။

 “ဒေါ်လေး… ကျွန်တော့်ကို ဘာလို့ ခေါ်ရတယ်ဆိုတာကိုပဲ ပြောပါ…”


 “ဒေါ်လေး မင်းကို အကူညီတောင်းချင်လို့ ခေါ်တာလေ…”

အကြောင်းရင်းကို ပြန်စဉ်းစားကာ လုဟွားနျန်တစ်ယောက် သူမ၏တူအား မကျီစယ်တော့ဘဲ ကြင်နာစွာပြုံးပြပြီးမေးလိုက်သည်။


ကျန်းယန်မှာ လည်ပင်းလေး အလိုလိုပုသွားကာ သတိထားပြီး ပြောလိုက်သည်။

 “ဒေါ်လေး လိုချင်တာကို ပြောပါ… ကျွန်တော်ကူညီနိုင်တာဆို ကူညီမှာပေါ့… ယဉ်ယဉ်ကျေးကျေးပြောနေဖို့ မလိုပါဘူး…. ဒါက တူတစ်ယောက် လုပ်ရမဲ့ တာဝန်ပဲဟာ…”


ကျန်းယန်မှာ လုဟွားနျန်ထိုကဲ့သို့ ပြုံးပြသည့် နောက်ဆုံးတစ်ကြိမ်ကို ရှင်းလင်းစွာ မှတ်မိနေသေးသည်။ လွန်ခဲ့သည့် ဆယ်နှစ်ဆောင်းတွင်းတုန်းက ဖြစ်သည်။ ထိုအချိန်က လု မိသားစုနှင့်အတူ ကျန်းယန်မှာ ကျေးလက်သို့ ဘိုးဘွားကန်တော့ရန် လိုက်လာခဲ့သည်။ ရေကန်တစ်ကန်ကိုဖြတ်နေချိန်တွင် လုဟွားနျန်က သူ့အား လမ်းဘေးက ဘဲငန်းတစ်ကောက်ကို ဖမ်းခိုင်းလေသည်။ ရလဒ်အနေနှင့် ကျန်းယန် ဘဲငန်းကို မထိလိုက်နိုင်ခင်မှာပင် ဘဲငန်း၏ နှုတ်သီးကြားထဲ သူ့ပေါင်သာ အရင်ညပ်သွားလေ၏။


ထိုကနေမှ ဘဲငန်းမှာ သူ့နောက်သို့ ၂ မိုင််တိတိပြေးလိုက်သေး၏။ သူ၏ ကြောက်ကြောက်လန့်လန့်အော်သံများမှာ ဗြောက်အိုးများ၏ အသံအောက်တွင် ပျောက်သွား၏။ ကျန်းယန်မှာ ယခုအချိန်ထိ ငှက်မျိုးနွယ်ဝင် ကြက်သား ဘဲသား ဘဲငန်းသားနှင့် အခြားအရာများကို မစားရဲသေးပေ။ အတောင်ပံပါသည့် အရာတစ်ခုခုနားကို ဖြတ်လျှောက်မိသည်နှင့် ကွေ့ပတ်ကာသွားလေသည်။ ကျန်းယန်အငယ်စားလေး ရခဲ့သည့် စိတ်ဒဏ်ရာမှာ အလွန်ပြင်းထန်လှသည်။


ထို့ကြောင့်ပင် လက်ရှိအချိန်တွင် လုဟွားနျန် ထိုကဲ့သို့ ပြုံးသည်ကို မြင်ရသောအခါ ကျန်းယန်မှာ အလိုအလျောက် တုန်လှုပ်သွားခြင်းဖြစ်သည်။


 “တကယ်တော့ ဘာမှတော့ မဟုတ်ပါဘူး အသေးအဖွဲလေးပါပဲ…” 

လုဟွားနျန်၏ အပြုံးမှာ ပို၍ ညင်သာလာသည်။ သူမက ကျန်းယန်အား အနားသို့ ဆွဲကာ ပြောသည်။

 “လာ အပေါ်ထပ်ကိုသွားပြီး စကားပြောကြမယ်… ဒါက မင်းရဲ့ အဘွားနဲ့လည်း ဆိုင်နေတဲ့ ကိစ္စပဲ…”


ကျန်းရှုဟွားမှာလည်း ဤကိစ္စနှင့် ဆက်စပ်နေသည်ဟု ကြားရသောအခါ ကျန်းယန်တစ်ယောက် အနည်းငယ် စိိတ်သက်သာရာရသွားသည်။ အဘွားဖြစ်သူမှာတော့ သူ့အား ကောင်းမွန်စွာဆက်ဆံပြီး နောက်တီးနောက်တောက် လုပ်မည့်သူမျိုး မဟုတ်ပေ။


နှစ်ယောက်သား အမိုးပေါ်ထိ တက်လာခဲ့ကြသည်။ အိမ်တော်တွင် ကျန်းရှုဟွားက အပေါ်ပိုင်းတွင် ဖန်အမိုးနှင့် ဥယျာဉ်လေးတစ်ခု ပြုလုပ်ထားလေသည်။ ရာသီဥတု ဆိုးရွာသည့် အခါတိုင်း သူတို့မိသားစုမှာ အမိုးထိပ်သို့သွားကာ လက်ဖက်ရည်သောက်လေ့ရှိသည်။  ရာသီဥတုသာယာလျှင်မူ အောက်ထပ်ခြံဝန်းသို့ ဆင်းကြလေသည်။ ယခုမူ သူမ၏ နေ့ခင်း လက်ဖက်ရည်သောက်ချိန်ဖြစ်သည်။


ကျန်းရှုဟွားမှာ ကျန်းယန်ကို မြင်သောအခါ လန့်ဖျန့်သွားကာ နှစ်စက္ကန့်လောက် ငြိမ်သက်ပြီးမှ စကားပြောနိုင်လေသည်။

 “ကျန်းယန် နင့်ပုံစံက ဆိုးရွားလိုက်တာ…”


ကျန်းယန်မှာ အသွားနှစ်ဖက်ပါသော ဓားသွားနှင့် အထိုးခံရသလို ခံစားရလေ၏။ လူအများက သူ့ပုံစံမှာ ကြည့်ရအဆင်မပြေကြောင်း ပြောကြသောလည်း သူ့မှာ မရှင်းပြနိုင်ဘဲရှိလေသည်။ သူ၏ ကြည့်ကောင်းသော ရုပ်ရည်မှာ လူအများအား ရာဇဝတ်မှုများ လုပ်မိစေပြီး လုံခြုံရေးအတွက် ထိုကဲ့သို့ ဝတ်ရုံအပြင် ရွေးချယ်စရာမရှိကြောင်း သူမရှင်းပြနိုင်ပေ။


ကျန်းယန်က အနည်းငယ်မျှ ဖျစ်ညှစ်ရယ်လိုက်ပြီး ပြောလိုက်သည်။

 “ဘွားဘွား ကျွန်တော့်ကို ဘာလို့ခေါ်လိုက်တာလဲဟင်…”


 “အရင်ဆုံးထိုင်ပြီး ပြောပါဦ…”

အကြောင်းကိစ္စအား အမေးခံလိုက်ရသောအခါ ကျန်းရှုဟွားမှု စိတ်လှုပ်ရှာသွားကာ ထိုင်ခုံတစ်လုံးကို ညွှန်ပြ၍ ပြောလိုက်သည်။ 

 “ကျန်းယန်… အဘွားတို့က မင်းကို တစ်နေရာရာမှာ သရုပ်ဆောင်ပေးဖို့ လိုနေလို့…”


ကျန်းယန်မှာ စကားမပြောနိုင်ခင် ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။

 “ဘယ်နေရာမှာလဲ…”


လုဟယ်နျန်မှာ ယွင်ရုန်အား သဘောကျသော်လည်း ထုတ်မပြောနိုင်ဘဲ စိတ်ထဲတွင်သာ သိမ်းထားလေသည်။ လုဟွားနျန်က ကျန်းယန်၏ဘေးတွင် ဝင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

 “ငါတို့က မင်းကို ယွင်ရုန်ကို ပိုးပန်းပြီး မင်းရဲ့ ဒုတိယဦးလေးကို သဝန်တိုအောင် လုပ်စေချင်တာ… အဲဒီတော့မှ သူထုတ်ပြောလာအောင်…”


ကျန်းယန်မှာ ယခုလေးတင် ထိုင်လိုက်သော်လည်း ထိုစကားကိုကြားရသောအခါ လန့်ပြီး ထခုန်မိလေသည်။ သူက လက်ကိုကာလျက် ပြောလိုက်သည်။

 “အဲဒီမေးခွန်းကြီးကနော် တကယ်ကောင်းမနေဘူးနော်… ဒုတိယဦးလေးက ကျွန်တော့်ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး…”


ပြီးခဲ့သည့်တစ်ကြိမ်တွင် သူဘာမှမစဉ်းစားဘဲ ယွင်ရုန်အား နောက်လိုက်မိသည့်အတွက် ဒုတိယဦးလေးကြည့်သော အကြည့်မှာ သူ့အတွက် ယခုချိန်ထိ ကျောချမ်းစရာဖြစ်နေသေးသည်။


ယခုတစ်ကြိမ်တွင်မူ သူ ယွင်ရုန်ကို ပိုးပန်းရမည်ဟု ဒုတိယဦးလေးသိပါက သူအသက်ရှင်ရန် လမ်းမမြင်ပေ။ ကျန်းယန်မှာ လုဟယ်နျန်အား ကလေးဘဝကတည်းက ကြောက်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ လုပ်ရအောင်အထိ သတ္တိမကောင်းချေ။


ထိုသို့တွေးမိကာ ကျန်းယန်မှာ စတင်ရှောင်ပြေးတော့သည်။


 “မင်းသဘောမတူရင် မင်းရဲ့ဦးလေးကတော့ မင်းကို ဘာမှလုပ်လို့မရပါဘူး… ဒါပေမဲ့ ငါကတော့ လုပ်မှာ…”

လုဟွားနျန်၏ လက်များမှာ အလွန်လျင်မြန််ကာ ကျန်းယန်ကို ဖမ်းဆွဲလိုက်လေသည်။


 “ဒေါ်လေး…” 

လုဟွားနျန် ဖမ်းဆွဲခြင်းခံထားရသော ကျန်းယန်မှာ အတင်းအဓမ္မလက်ထပ်ခိုင်းခံရသော သတို့သမီးကဲ့သို့ အသနားခံ တောင်းပန်နေလေ၏။


 “မင်းပဲ ခုနကပြောတော့ ငါလိုတာ ဘာမဆိုလုပ်ပေးပါမယ်ဆို… ကိုယ်ပြောတဲ့စကား ကိုယ်တည်ရမှာပေါ့…”

လုဟွားနျန်၏အပြုံးမှာ ပို၍ပင် သိမ်မွေ့နူးညံ့လာလေသည်။ သူမက ကျန်းယန်၏ဆံပင်အား ဟန်ဆောင်ပန်ဆောင် သပ်ပေးကာ ပြောလိုက်သည်။

 “မင်းဒါကို ကူညီလိုက်ရင် မင်းရဲ့ ဦးလေးကတော့ မင်းကို အလွတ်မပေးလောက်ဘူး… ဒါပေမဲ့ မင်းဒီနေ့ ငြင်းလိုက်ရင် ငါကတော့ မင်းကို ချက်ချင်းလုပ်ပစ်မှာနော်… အခုသေမလား နောက်မှ သေမလား တစ်ခုရွေးပေါ့…”


ကျန်းယန်မှာ အပြင်ထွက်လာခဲ့ခြင်းအပေါ် အလွန်နောင်တရသွား၏။ သူနောက်ဆုံးတစ်ခေါက် အပြင်ထွက်ရာ အရိုးဖြူဝိဉာဉ်နှင့်တွေ့ပြီး သေမတက်ကြောက်သွား၏။ ယခုတစ်ကြိမ်တွင်မူ ဤကိစ္စနှင့် တိုးပြန်သည်။ သူသည် အမှန်တကယ်ပင် အိမ်တွင်သာ နေသင့်လေ၏။ 


 “ဘွားဘွား…”

သူက ကျန်းရှုဟွားအား အကူညီတောင်းသကဲ့သို့ ကြည့်လေသည်။ 


ကျန်းရှုဟွားမှာ ကျန်းယန်၏ အသံကို ကြားသော်လည်း သက်ပြင်းတစ်ချက်သာချနိုင်လေသည်။ ထို့နောက် မျက်လုံးကို လက်နှင့်ကွယ်ကာ ငိုဟန်ပြုပြီးနောက် ပြောလိုက်သည်။

 “ကျန်းယန်ရယ် ဘွားဘွားတို့ကို ကူညီပါကွယ်… ဒီနှစ်ဆို ဘွားဘွားက အသက် ၆၀ ပြည့်ပြီ… ဒါပေမဲ့ မင်းရဲ့ဦးလေး ခုထိ အိမ်ထောင်မပြုနိုင်သေးဘူး… ရင်ထဲမှာ သိပ်နာကျင်ရတာပဲကွယ်… ဘွားဘွားက သင်္ချိုင်းကို အချိန်မရွေးရောက်သွားနိုင်တဲ့ အဘွားကြီးပါပဲ… အဲဒါကြောင့် သားလေးလက်ထပ်သွားတာကို မြင်ခဲ့ချင်တာ ဘာတွေများ ခက်ခဲနေလို့လဲကွယ်…”


သင်္ချိုင်းကို အချိန်မရွေးရောက်သွားနိုင်တယ်…

ကျန်းယန်က ကျန်းရှုဟွား၏ ပြစ်မျိုးမှဲ့မထင် မျက်နှာကို ကြည့်ကာ နှုတ်ခမ်းကို တွန့်လိုက်သည်။


ကျန်းယန် ပြင်းပြင်းထန်ထန် မငြင်းဆန်တော့သည်ကို တွေ့ရသောအခါ ကျန်းရှုဟွားက ဆက်ပြောလေသည်။

 “ဒါက မသင့်တော်တဲ့ ကြင်ဖက်တွေမှ မဟုတ်တာပဲနော်… အသက်အရွယ်လည်း အဆင်ပြေတယ်… နှစ်ယောက်လုံးက ကြည့်ကောင်းပြီး တော်ကြတယ်… နည်းနည်းတော့ ခေတ်နောက်ပြန်ဆွဲနေသလိုဖြစ်ပေမဲ့ လုပ်သင့်တာတွေလည်း အကုန်လုပ်ကြပါတယ်… ဘွားဘွားတို့ ကြည့်ပြီးပြီး ငါတို့ရဲ့ ကျန်းယန်လေးလောက် အဆင်ပြေတဲ့သူမရှိသေးဘူး… အဲဒီတော့ မင်းရဲ့ ဒုတိယဦးလေးကို တစ်ဆိတ်လောက် ကူညီပေးပါနော်… ဒီတစ်ခေါက်ကူညီိပေးရင် ဘွားဘွား မင်းဖေဖေကို ကုမ္ပဏီမှာ အတင်းမလုပ်ခိုင်းဖို့ ပြောပေးမယ်…”


ကျန်းရှုဟွား၏ စကားများကို ကြားရသောအခါ ကျန်းယန်၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ သူက ကုမ္ပဏီမှာ အလုပ်ဝင်မလုပ်ချင်သေးပေ။ ဘွားဘွားသာ သူ့အဖေအား ပြောပေးနိုင်မည်ဆိုပါက သူပြောသည့် စကားများထက် ပို၍အကျိုးရှိပေလိိမ့်မည်။


လုဟွားနျန်က ချက်ချင်းပင် ပြန်ပြောင်းပြောလိုက်သည်။

 “ပြောရရင် မင်းအဘွားနဲ့ ငါနဲ့ လူတွေအများကြီး စဉ်းစားတာ ဒါပေမဲ့ မင်းထက်ပိုအဆင်ပြေတဲ့သူကို စဉ်းစားလို့မရဘူး… မင်းဦးလေးရဲ့ အနာဂတ်က မင်းရဲ့ လုပ်ရက်အပေါ်မှာ မူတည်နေတာမို့ မင်းနည်းနည်းတော့ အားစိုက်ပေးဖို့လိုလိမ့်မယ်နော်…”


ထိုကဲ့သို့ ချီးကျူးခံရသောအခါ ကျန်းယန်မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစိတ်များဖြစ်ပေါ်လာလေသည်။ 

ငါက ချောပြီး ကြည့်ကောင်းတဲ့အခါကျတော့ ဒီလိုလေးလံတဲ့ တာဝန်ကိုလည်း ငါပဲယူရမှာပေါ့လေ…

သူ့ဦးလေးကြုံနေရသော ပြဿနာကိုလည်း အနည်းငယ် စိတ်ချမ်းသာသွား၏။ အချိန်တိုင်း သူသာ အနိုင်ကျင့်ခံနေရသည်ဖြစ်ရာ ဤတစ်ကြိမ်တွင်မူ အနိုင်ကျင့်မည့်သူသည် သူကိုယ်တိုင်ဖြစပေလိမ့်မည်။ စဉ်းစားရုံနှင့်ပင် သူစိတ်လှုပ်ရှားလာ၏။


ကျန်းယန်မှာ ထိုအကြောင်းအား စဉ်းစားလေ ပို၍ စိတ်လှုပ်ရှားလေဖြစ်နေပြီး ဒုတိယဦးလေးကိုလည်း မကြောက်နိုင်တော့ပေ။ သို့သော်လည်း သူက ပြောလိုက်သည်။

 “အကယ်၍ ဒုတိယဦးလေးကျွန်တော့်ကို လာမဲရင်တော့ ဒေါ်လေးတို့ နှစ်ယောက် တာဝန်ယူနော်…”


 “ဒါပေါ့…”


ကျန်းရှုဟွားနှင့် လုဟွားနျန်မှာ ပြိုင်တူပြုံးပြပြီး ခေါင်းညိတ်လိုက်ကြသည်။


*************


လု ကုမ္ပဏီ၏ ရုံးခန်းအတွင်းတွင် ယွင်ရုန်မှာ င်္သချာပုစ္ဆာများအား ကြိုးစားအဖြေရှာနေသည်။ မည်သို့တွက်ရမည်ကို လုဟယ်နျန်က ရက်အတော်ကြာ သင်ပေးထားပြီးဖြစ်၍ အခြေခံပုစ္ဆာများအား သူမ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်နေပြီ ဖြစ်သည်။ လုဟယ်နျန်မှာ သူမအနောက်ဘက်ရှိ အလုပ်စားပွဲနောက်တွင် ထိုင်နေ၏။ ထိုနေရာမှသည် အလုပ်လုပ်လျက် ကောင်မလေး င်္သချာတွက်နေသည်ကို တစ်ခါတစ်ခါ ခေါင်းထောင်၍ကြည့်နိုင်လေသည်။


မွန်းတည့်ပြီးနေသည် ပြတင်းပေါက်မှာတဆင့် အခန်းထဲသို့ ဝင်လာကာ အရိပ်များမှာ အတန််ငယ်ရှည်နေလေသည်။ ရုံးခန်းပတ်ပတ်လည်မှာ ငြိမ်းချမ်းကာ နွေးထွေးနေသည်။


 “ကောင်းပြီ တစ်နာရီခွဲလောက်တွက်ပြီးပြီဆိုတော့ ခဏနားတော့လေ…”

ကောင်မလေး၏ စိတ်မကြည်သော အမူအရာကို မြင်ရသောအခါ လုဟယ်နျန်က ပြုံးလျက် ပြောလိုက်သည်။

 “တစ်ခုခုစားချင်သေးလား… ဝမ်ကျင်းကို သွားဝယ်ခိုင်းလိုက်မယ်…”


နား ဟူသည့် စကားလုံးကို ကြားရသောအခါ ယွင်ရုံ၏ မျက်နှာပေါ်က အပြုံးသည် ဖုံးမရအောင် ပေါ်လာသည်။ ထို့နောက် သူမ ဘောပင်ကိုချကာ မပ်တပ်ရပ်ပြီး အညောင်းဆန့်လိုက်သည်။

 “ရပါတယ် ရေခဲသေတ္တာထဲမှာ မုန့်တွေရှိသားပဲဟာ… “

ထို့နောက် သူမက မေးလိုက်သည်။

 “ဒီနေ့ ကျန်းချောင်မင်က ဘာလို့ အလုပ်မလာတာလဲ…”


 “သူ့အိမ်မှာ ကိစ္စတစ်ခုရှိလို့တဲ့…”

ဝမ်ကျင်းက ခွင့်တင်ပေးသည်ဖြစ်သော်လည်း ကျန်းချောင်မင်းက ကိုယ်တိုင်ပင် ဖုန်းဆက်ပြီး ခွင့်တင်သေးသည်။ သူ့ရည်းစားဖြစ်သူ၏ မောင်လေး လော့ရှောင်ဖန်း ပျောက်နေသည်မှာ ၄ ၅ ရက်ရှိပြီဖြစ်သည်။ ရဲစခန်းတွင် ပျောက်ဆုံးကြောင်း အမှုဖွင့်ထားသော်လည်း ယခုအချိန်ထိ မည်သည့်သတင်းမျှ မကြားရသေးပေ။ လေ့ာ မိသားစုမှ လူများမှာ အားလုံးစိတ်ပူနေကြကာ ဘာမှမလုပ်နိုင်ဖြစ်နေကြ၍ ကျန်းချောင်မင်းက ခွင့်တင်၍ ထိုကိစ္စအား ကူညီပေးရန်သွားခြင်းဖြစ်သည်။


ထိုအကြောင်းအား ပြန်တွေးလျက် လုဟယ်နျန်က ပြောလိုက်သည်။

 “ယွင်ရုန်… အရိုးဖြူဝိဉာဉ်နဲ့ ကြေးမှုန်မှန်မိစ္ဆာတို့က သူ့တို့ဘာသာ လျှောက်သွားနေတယ်လို့ ထင်လား… တစ်ယောက်ယောက်က သူတို့ကို ခိုင်းလို့ လုပ်နေတယ်လို့ ထင်လား…”


ယွင်ရုန်က အာလူးကြော်စားနေရမှာ ရပ်ပြီး ပြောလိုက်သည်။

 “သူတို့နှစ်ယောက်လုံးကတော့ ကျွန်မဖမ်းလိုက်တုန်းက မသေမျိုးသခင်ကြီး ဆိုတာကိုတော့ ပြောကြတယ်… ဖြစ်နိုင်တာတော့ အဲဒီသခင်ကြီးဆီကနေ အမိန့်အရလုပ်နေကြတာပဲ… တကယ်တော့ ကျွန်မ ဆူးလီမြစ်ကမ်းပါးပေါ်မှာ ကြေးမှုန်မှန််မိစ္ဆာနားရပ်နေတုန်းက တခြား မိစ္ဆာတစ်ကောင်ရဲ့ တည်ရှိမှုကို မခံစားရဘူး… နည်းနည်းတော့ ထူးဆန်းတယ်…”


မိစ္ဆာများက လူကို အန္တရယ်ပြုသည့်အခါ အဆင့်မည်မျှပင်ဖြစ်နေစေကာမူ မကောင်းသည့် နိမိတ်များ ထွက်ပေါ်လာလေ့ရှီသည်။ သို့သော် ထိုမကောင်းသည့် နိမိတ်များကို ခံစားရသည့် အခါ မိစ္ဆာနိမိတ်ကို မခံစားရတော့ချေ။ ယွင်ရုန်က ခေတ္တမျှ တိတ်ဆိတ်သွားကာ လေးလေးနက်နက်ပြောလိုက်သည်။

 “ဝမ်းပေါ် စစ်ဆေးတော့ ဘာတွေသိရလဲဆိုတာ မေးကြည့်ကြတာပေါ…”


တန်းချုံတောင်၏ တောင်မိစ္ဆာအနေနှင့် သူမတွင် လူအချို့အား မွေးစမှသည် သေသည်အထိ ကာကွယ်ကာ ကောင်းချီးပေးရမည့် တာဝန်ရှိလေသည်။ မည်သည့်အမျိုးအနွယ်ဖြစ်နေစေကာမူ လူငယ်များအား ထိခိုက်လာပါက သူမအနေနှင့် ရှင်းပစ်ရမည်သာဖြစ်သည်။



⛰️