Chapter 51
Viewers 4k

⛰️Chapter 51

အသက်မပြည့်တဲ့ မိစ္ဆာ




ကျန်းယန်မှာ ပထမဦးစွာ ဆံပင်ညှပ်ဆိုင်သို့ အရင်သွားရလေသည်။ ထို့နောက်တွင်မှ အိမ်သို့ပြန်ကာ ဆွဲဆောင်မှုရှိစေမည့် အဝတ်အစားများအား ပြန်လဲရသည်။ ရေမွှေးအနည်းငယ်ကိုလည်း ဆွတ်လိုက်ပြီး နားကပ်တစ်ဖက်ပါ တပ်လိုက်သည်။ မှန်တွင်ပေါ်နေသော သူ၏ ခံ့ညားသောပုံရိပ်ကို ကြည့်ကာ ကျေနပ်စွာနှင့် ခေါင်းညိတ်လိုက်လေသည်။ 

ဒါမှပဲ ခံစားလို့ကောင်းတော့တယ်…


သူ၏မူလပုံစံနှင့် ပြန်နေရခြင်းမှာ အလွန်ပင် သက်တောင့်သက်သာရှိလှသည်။ သင်္ဘောသားဆံပင်ကေနှင့် တီရှပ်တို့မှာ ကျန်းယန်နှင့် မဆိုင်ရေးချ မဆိုင်ပေ။


အားလုံးအဆင်သင့်ဖြစ်သည်နှင့် ကျန်းယန်က သူ၏ ပြိုင်ကားပေါ်သို့တက်ကာ ကုမ္ပဏီရှိရာသို့ အရှိန်တင်မောင်းလာခဲ့သည်။ ကားပေါ်မှ ဆင်းဆင်းချင်းပင် သူ၏ ကိုယ်ရေးလက်ထောက်ဆီသို့ ကားသော့ကို ပစ်ပေးလိုက်သည်။ ထို့နောက် အထဲသို့မဝင်မှီ အင်္ကျီလက်အား သေချာသေသပ်စွာ ပြန်ပြင်လိုက်ပြီးနောက် အဆောက်အအုံအတွင်းသို့ လမ်းလျှောက်ဝင်လာခဲ့လေသည်။


ကျန်းယန် အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ယွင်ရုန်နှင့် လုဟယ်နျန်တို့မှာ တီဗီသတင်းနားထောင်နေကြသည်။ လ တစ်ဝက်မကျိုးမီ အချိန်တိုလေးအတွင်းမှာပင် အသက် ၂၅ ပတ်လည် လူငယ် ၁၃ ယောက်ပျောက်ဆုံးနေပြီ ဖြစ်သည်။ လူငယ် ၁၃ ယောက်မှာ ကောင်လေး ၈ ယောက်နှင့် ကောင်မလေး ၅ ယောက်တို့ ဖြစ်ကြသည်။


တီဗီပေါ်တွင် ပျောက်ဆုံးနေသော လူငယ်များ၏ မိသားစုဝင်များမှာ အသိစိတ်ပျောက်သကဲ့သို့ ငိုယိုနေကြလေသည်။ ပျောက်ဆုံးနေသော လူငယ်အများစုမှာ မိသားစုအတွင်းမှ တစ်ဦးတည်းသော သားသမီးများဖြစ်ကြပြီး တစ်မိသားစုလုံး၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ပုံအောပြီး ရရှိထားကြသူများဖြစ်သည်။ ယခုမူ ထိုလူငယ်များမှာ အစအနရှာ၍မရလောက်အောင် ပျောက်သွားသောကြောင့် မည်သူမျှ အမှန်တရားကို လက်ခံနိုင်စွမ်းမရှိတော့ချေ။


ဤကိစ္စမှာ အလွန်ပင် အရေးကြီးနေပြီဖြစ်သည်။ ဟိုင်းရှီမြို့၏ ရဲအရာရှိ အားလုံးနီးပါးမှာ အမှုအား ဖြေရှင်းရန် ကြိုးစားနေကြပြီး မြို့သူမြို့သားများမှာ အလွန်ပူပင်နေကြသည်။ ပထမဆုံးပျောက်ဆုံးမှုပြီးနောက် တစ်ပတ်ခန့်ကြာပြီးနောက်တွင် မည်သူမျှ ညနေပိုင်းတွင် အိမ်အပြင်မထွက်ရဲကြတော့ပေ။


ယွင်ရုန်မှာ သတင်းနားထောင်ပြီးနောက် သူမလက်ထဲမှ မုန့်အား ဆက်လက်စားချင်စ်ိတ်မရှိတော့ပေ။ တီဗီအားကြည့်နေသည့် သူမမျက်လုံးများမှာ ဝိုင်းစက်နေကာ သနားဂရုဏာနှင့် စာနာသော အကြည့်များဖြင့် ပြည့်နေကြသည်။


လုဟယ်နျန်မှာ ကောင်မလေး၏ စိတ်အခြေနေမကောင်းသည်ကို မြင်ရသဖြင့် နှစ်သိမ့်လိုသောအားဖြင့် တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင် ကျန်းယန်ဝင်လာသည်ကို သူမြင်လိုက်ရသည်။

 “မင်းက ဘာလာလုပ်တာလဲ…”


 “ဒုတိယဦးလေး ပြီးခဲ့တဲ့တစ်ခေါက်က ယွင်ရုန် ကျွန်တော့်ကို ကယ်ထားတာလေ… သူ့ကို ကျေးဇူးဆပ်ရမှာပေါ့…”

ကျန်းယန်မှာ လုဟယ်နျန်ကို မြင်သောအခါ ပျော့ခွေ၍ပင် လဲကျမယောင်ဖြစ်သွားသည်။ လုဟယ်နျန်၏ အကြည့်တစ်ချက်မှာ သူ၏ လာရင်းရည်ရွယ်ချက်ကိုပင် သိနေသကဲ့သို့ နက်နဲလေသည်။ ထို့နောက် မြန်ဆန်စွာပင် သူ၏ တည်ငြိမ်သော အမူအရာကို ပြန်ပြောင်းလိုက်ကာ ပြောလိုက်သည်။ 

 “မြို့စွန်မှာ ဖွင့်ထားတဲ့ မြင်းပြိုင်ကွင်းအသစ်က ကျွန်တော့်သူငယ်ချင်း ပိုင်တာလေ… သူက အထူးတလည်ဖိတ်လိုက်လို့ အဲဒါ ကျွန်တော် ယွင်ရုန်က်ို ခေါ်သွားပေးချင်လို့…”


ထို့နောက် သူက ယွင်ရုန်ဘက်ကို လှည့်ကာ ပြောလိုက်သည်။

 “ယွင်ရုန် မြင်းသွားစီးချင်လား… ပျော်စရာကောင်းတယ်တဲ့…”


ကျန်းယန်မှာ သူလုပ်ရမည်များကို ပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ ယွင်ရုန်မှာ ကျေးလက်ဒေသက လာသည်ဖြစ်ရာ သူမ ဘဝတွင် တစ်ကြိမ်တစ််ခါမျှ မြင်းမစီးဖူးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ မိန်းကလေးတစ်ယောက်အတွက် ပထမဆုံးမြင်းစီးသည့် အတွေ့အကြုံမှာ ကြောက်စရာကောင်းမည် ဖြစ်သည်။ ထိုအချိန်တွင် သူက ဘေးနားမှ နေကာ နူးညံ့ငြင်သာစွာဖြင့် သူမကို အားပေးကာ သူမစီးသည့် မြင်းကိုလည်း အနည်းငယ်လျှောက်သွားရန် ကူညီပေးမည်ဖြစ်သည်။ 

အဲဒီလိုသာဆို ငါ့ကို အထင်မကြီးလာနိုင်ပေဘူးလား…


ထိုထက်ပိုသည်မှာ ကျန်းယန်မှာ ငယ်စဉ်ကတည်းကပင် မြင်းစီးအတတ်ပညာကို သင်ယူခဲ့ပြီး ထိုပညာရပ်တွင် သင့်တော်သော အရည်အချင်းတစ်ခုပင် ရှိလေသည်။ မြင်းပြိုင်ကွင်းအတွင်းတွင် မြင်းအား ခြေနှစ်ဖက်မြောက်ကာ ခံညားစွာ စီးပြရုံ၊ ခက်ခဲသော မြင်းစီးပုံတစ်မျိုးနှစ်မျိုး လုပ်ပြရုံဖြင့်ပင် မိန်းကလေးများမှာ သူ့အား သေသည်အထိ အရူးအမူးကိုးကွယ်ရန် အသင့်ဖြစ်နေပြီးဖြစ်သည်။


ထိုကဲ့သို့သော အမြင်အား ယွင်ရုန်ဆီ တစ်ခါမျှ ပေါ်လာရုံဖြင့်ပင် နောက်နှစ်ရက်အတွင်း အပျော်စီးသင်္ဘောစီးခြင်းနှင့် မိုးပျံပူဖောင်းစီးခြင်းများအား သူ စီစဉ်လိုက်ရုံသာဖြစ်သည်။ ဒုတိယဦးလေးမှာ ယွင်ရုန်ကို သဘောကျနေသည်ဖြစ်ရာ သူတို့နောက်သို့ သေချာပေါက်လိုက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် ယွင်ရုန်နှင့် သူက ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော စကားများအား စိတ်လိုလက်ရပြောနေပေလိမ့်မည်။ ထိုမြင်ကွင်းအား ဒုတိယဦးလေ မြင်ပါက မည်သို့မျှ သည်းခံနိုင်စွမ်း ရှိလေမည့် မဟုတ်ပေ။


ထိုအထိတွေးပြီးသောအခါ ကျန်းယန်က သူ့အစီအစဉ်သူ သဘောကျကာ အားရကျေနပ်စွာ မျက်ခုံးကို ချီလိုက်သည်။ သူက လုဟယ်နျန်ကို ကြည့်ကာ ပြောသည်။

 “ဒုတိယဦးလေး အတူတူလိုက်ဦးမလား…”


လုဟယ်နျန်က တွေးနေ၏။


မင်း ဘယ်လိုလုပ်မလဲ သိချင်သား…


ကျန်းယန်မှာ သူနှင့်အတူ ကြီးပြင်းလာသော ကောင်ကလေးဖြစ်သည်။ ဤကလေးအား မျက်နှာမြင်သည်နှင့် ဘာကြံနေသည်ကို တန်းသိနိုင်သည်။ ယခုမူ ကျန်းယန်၏ ရည်ရွယ်ရင်းကို မသိရသော်လည်း ယွင်ရုန်အား မြင်းပြိုင်ကွင်းသို့ ဖိတ်သည်ကို ထောက်ခြင်းဖြင့် သူ ယွင်ရုန်နှင့်အတူရှိချင်ကြောင်း သိပြီးဖြစ်သည်။


ယွင်ရုန်မှာ သတင်းနားထောင်ပြီးကတည်းက စိတ်မကြည်မလင်ဖြစ်နေသဖြင့် မြင်းပြိုင်ကွင်းအားလည်း စိတ်မဝင်စားနိုင်ပဲ ရှိလေသည်။ ထို့ကြောင့် ခေါင်းယမ်းကာ ပြန်ဖြေသည်။

 “ကျွန်မ မြင်းမစီးတတ်ဘူးရယ်… ပြီးတော့လည်း အခုက အလုပ်ချိန်ကြီးလေ… မသွားတော့ဘူးနော်…”


ထို့နောက် သူမ ကျန်းယန်ကို ကယ်ပြီးကတည်းကပင် ကျန်းယန်မှာ သူမအား ပိုက်ဆံမပေးရသည်ကို သတိရသွားလေသည်။ 

 “ကျွန်မကို ကျေးဇူးဆပ််ချင်တယ်ဆိုရင် ပိုက်ဆံသာပေးလိုက်ပါ… အဆင်ပြေပါတယ်…”


ဤမိသားစုမှ လူများသည် အလွန်ထူးဆန်းကြသည်။ ဂျင်ဆင်းရိုင်းလေး တစ်ပင်နှင့် ကျောက်စိမ်းလေး တစ်ပြားအတွက် ဒါရိုက်တာမှ သူမအား ယွမ်သန်း ၂၀ ပေးခဲ့သည်။ သူမမှာ ကျန်းယန်၏ အသက်ကိုပင် ကယ်တင်ခဲ့ကာ သူက သူမအား မြင်းစီးခေါ်သွားချင်နေ၏။

မြင်းစီးတာက ဘာလုပ်ရမှာ… ငါသာ ဒီတစ်ထက်နည်းနည်းလောက် ပိုကျုံ့လို့ရရင် မြင်းထက်တောင် ပိုပြေးနိုင်သေးတယ်…


ထိုကဲ့သို့တွေးပြီးနောက် ယွင်ရုန်မှာ လုဟယ်နျန်၏ ပေးကမ်းမှုများမှာ အလွန်ကောင်းမွန်ကြောင်း ခံစားလိုက်ရ၏။

ငါ့သူဌေးက တော်တော်ကောင်းတာပဲ…


ဒီလို ပိုက်ဆံတောင်းတဲ့ ကောင်မလေးမျိုး ဘယ်မှာသွားရှာရမလဲ… ဘာလို့ ငါစီစဉ်ထားတဲ့အတိုင်း ဖြစ်မနေရတာလဲ…

ကျန်းယန်မှာ ခေတ္တမျှ အံ့ဩပြီး တိတ်ဆိတ်သွားကာ မေးလိုက်သည်။

 “ပိုက်ဆံဘယ်လောက် လိုချင်လို့လဲ…”


ယွင်ရုန် ဘာမှ မပြောမီမှာပင် လုဟယ်နျန်က ဝင်ပြောလိုက်သည်။

 “ယွင်ရုန်က ကျန်းမိသားစုရဲ့ အမွေခံဖြစ်တဲ့ မင်းရဲ့ အသက်ကို ကယ်ခဲ့တယ်… အဲဒီတော့ အနည်းဆုံးတော့ သန်း ၂၀ တော့ ရှိရမှာပေါ့… ဟုတ်တယ်မလား…”


သန်း ၂၀ တောင်လား…

ယွင်ရုန်မှာ မျက်လုံးလေးများပင် ပြူးကျယ်သွား၏။ သူမ အစကတွေးထားသည်မှာ အလွန်ဆုံးမှ တစ်သန်းသာ ဖြစ်သည်။ သူမ၏ လစာပင် ယွမ် ၃၀၀၀၀၀ သာရှိသည်။ သူမ အားလုံးကိုမေးကြည့်ကာ ယွမ် ၃၀၀၀၀၀ မှာ အမြင့်ဆုံးလစာဖြစ်သည်ဟု သိထားလေသည်။ ဝမ်ကျင်းနှင့် ကျန်းချောင်မင်းတို့ပင် နေ့နေ့ညည အလုပ်မပြတ်လုပ်ကြရာကာ ယွမ် ၂၀၀၀၀၀ သာရရှိလေသည်။ ယခုမူ လုဟယ်နျန်က မမျှော်လင့်စွာပင် သန်း ၂၀ ထိ တောင်းဆိုလိုက်လေသည်။


 “ဒုတိယအစ်ကို…”

ယွင်ရုန်က လုဟယ်နျန်အားကြည့်ကာ ထိုမျှလောက်ထိမလိုကြောင်း ပြောပြချင်နေ၏။


လုဟယ်နျန်က ကျန်းယန် မမြင်နိုင်သည့်နေရာ၌ သူမ၏လက်ကို ညှစ်ကာ မပြောရန်တားလိုက်သည်။ သူက ယွင်ရုန်အား မပြောရန် အချက်ပေးသည့်အနေနှင့် နှုတ်ခမ်းထောင့်လေးအား ကွေးကာ အနည်းငယ်မျှ ပြုံးပြလိုက်သည်။ 


ဒီကောင်စုတ်လေး ဘာလိုချင်တာပဲဖြစ်ဖြစ် အရင်ဆုံး ခံရစမ်းပါစေ…


ယွင်ရုန်က ခေတ္တမျှ ကြောင်ကြည့်ပြီးနောက် ချက်ချင်းပင် နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။ ဒါရိုက်တာနှင့် ကျန်းယန်တို့မှာ ဆွေမျိုးများဖြစ်ကြသည်။ သူပြောပြီးသားစကားအား သူမက မည်ကဲ့သို့ ပြန်ပြင်ပြောနိုင်မည်နည်း။ ထို့အပြင် သူမ ပြောမည့် ပမာဏထက်ပင် ပိုများနေသေးသည်။


ယွင်ရုန်မှာ ထို့ကြောင့်ပင် အလွန်ပျော်ရွှင်သွားကာ ဒါရိုက်တာအား ပို၍ပင် ကျေးဇူးတင်မိသွားသည်။ သူမက လုဟယ်နျန်အား ကြည့်၍ ရွှန်းရွှန်းစားစားပြုံးလိုက်သည်။


ကျန်းယန်မှာ ထိုလူနှစ်ယောက်၏ အမူအရာများအား အာရုံမထားနိုင်ဖြစ်နေ၏။ လုဟယ်နျန်၏ စကားကို ကြားလျှင်ကြားချင်းပင် သူ့နားကိုပင် သူမယုံနိုင်ဖြစ်သွားသည်။

 “နှစ်ထောင် သန်း ၂၀… ဒုတိယဦးလေး အဲဒါကတော့ နည်းနည်းမများဘူးလား… ကျွန်တော့်အကောင့်ထဲမှာ အဲဒီလောက် မရှိဘူးလေ…”

(တရုတ်စာတွင် ဂဏန်းများရေတွက်ရာတွင် သန်း သိန်း ကဲ့သို့ ဂဏန်းများအား ထောင်ဂဏန်းများဖြင့် ခွဲပြောကြခြင်းကြောင့် ထောင် နှင့် သန်း အား မှားကြားခြင်းဖြစ်သည်။)


ကျန်းယန်မှာ ထိုမျှလောက်ငွေရှိခဲ့လျှင်လည်း သဘောကြည်ဖြူစွာပေးမည့် သူမဟုတ်ပေ။ သန်း ၂၀ မှာ ယွမ် ၂၀၀ မဟုတ်ပေ။ သူသည်လည်း အလုပ်မရှိသေးပေ။ ထိုပမာဏမှာ သူ့တစ်ဘဝလုံး စုဆောင်းလာသည့် ငွေနှင့်ပင် ညီမျှပေလိမ့်မည်။ ယွင်ရုန်အား ထိုပိုက်ဆံကိုသာ ပေးလိုက်ပါက နိုင်ငံခြားသွားသာအခါ သူ့အနေနှင့် လမ်းဘေးတွင် အိပ်ရမည်ဖြစ်လေသည်။


 “ပိုက်ဆံမရှိရင် ခွဲပြီးသွင်းလို့ရတယ်လေ…”

လုဟယ်နျန်မှာ ကျန်းယန်၏ နာကျင်မှုကို မမြင်သည့်အနေဖြင့် ဆက်ပြောနေသည်။ 

“ငါတို့အခု ကုမ္ပဏီမှာရှိနေတာနဲ့ အတော်ပဲ… တစ်ယောက်ယောက်ကို စာချုပ်ပြင်ပေးဖို့ ပြောလိုက်ရမလား…”


ကျန်းယန်က သူ့ဒုတိယဦးလေးအား မကျေမနပ်ကြည့်လိုက်သည်။

လွန်ခဲ့တဲ့ ဆယ်မိနစ်ကမှရောက်လာတဲ့ တူကို ဘယ်လိုများ စာချုပ်တစ်ခါတည်း ပြင်ခိုင်းနေရတာလဲ… ငါ့ ဦးလေးရော ဟုတ်ရဲ့လား…


 “တကယ်တော့ အဲဒီလောက်ထိ မလိုပါဘူး…”

ယွင်ရုန်က ထပြောရန် ပြင်သည်။


ကျန်းယန်မှာ ချက်ချင်းပင် သူ၏ ရည်ရွယ်ရင်းကိစ္စအား မှတ်မိသွား၏။ 

ယွင်ရုန်ကို နှောင့်ယှက်မည့် ကိစ္စ… ငါတော့ သူ့ကို စိတ်ပျက်အောင် လုပ်မိပြီထင်တယ်… သန်း ၂၀ ဆိုတာနဲ့တင် စိတ်ရှုပ်ပြီး တွေဝေနေလိုက်တာ… ယွင်ရုန်က ငါ့ကို ဘယ်လိုကြည့်တော့မလဲ…


သူတော့ ငါ့ကို ကပ်စေးနည်းတယ်လို့ ထင်နေလောက်ပြီ…


ကပ်စေးနည်းသည်ဆိုသည်မှာ ကောင်းသော အမြင်တစ်ခုမဟုတ်ပေ။ အကယ်၍ယွင်ရုန်သာ သူ့အား ထိုကဲ့သို့မြင်သွားပါက နောက်ပိုင်း သူ၏ ကြိုးစားအားထုတ်မှုများမှာ သဲထဲရေသွန်ဖြစ်သွားနိုင်သည်။


အရာရာက အဘွားနဲ့ ဒေါ်လေးတောင်းဆိုတာ အတွက်ပဲဟာ…


ကျန်းယန်က အံကိုကြိတ်ကာ ပြောလိုက်သည်။

 “မများပါဘူး မများပါဘူး… ယွင်ရုန် မင်းက ကိုယ့်အသက်ကို ကယ်ခဲ့တာပဲ… အဲဒါက သန်း ၂၀ ရထိုက်ပါတယ်… ကိုယ့်ဘဝကို လိုချင်တယ်ဆိုရင်တောင် အဆင်ပြေပါသေးတယ်… အသက်ထက် အရေးကြီးတာ ဘာမှမရှိပါဘူး…”


သူ့အသက်ကိုတောင် ပေးဆပ်ဦးမယ်… သူ့အကြံက ဘယ်ဆိုးလို့လဲ…

လုဟယ်နျန်၏ အကြည့်မှာ ပို၍ အားပါလာကာ ကျန်းယန်အား အေးစက်စွာ စိုက်ကြည့်နေလေ၏။


ယွင်ရုန်မှာ အံ့ဩသွားကာ ကျန်းယန်အမှန်အကန်ပြောနေသည်ဟု တွေးမိကာ ပြောလိုက်သည်။

 “ရှင့် အသက်ကိုတော့ ပေးစရာမလိုပါဘူး… ကျွန်မနဲ့ ရှင်က သိပ်မကိုက်ဘူး…”

သူမက တောင်မိစ္ဆာတစ်ဦးဖြစ်ကာ လူတစ်ယောက်အား အဖော်အဖြစ် မထားနိုင်ပါချေ။ သူမသာ နောက်တစ်ကြိမ်ထင်၍ အိပ်ပျော်သွားပါက သူမ နိုးလာသောအခါ ထိုအဖော်မှာ အိုမင်းကာ သေဆုံးပြီးဖြစ်၍ နေမည်ဖြစ်သည်။ မည်မျှ နာကျင်စရာကောင်းလိုက်ပါသလဲ။


မိန်းကလေးက ချက်ချင်းပင် ငြင်းပစ်သည်ကိုမြင်ရသောအခါ လုဟယ်နျန်၏ ဒေါသမှာ ယူပစ်သလိုပင် အစအနပင်မကျန် ပျောက်သွားလေသည်။ သူက နှုတ်ခမ်းထောင့်လေးကို ကွေးကာ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်သည်။


ကျန်းယန်မှာလည်း အလွန်ပင် စိတ်ထိခိုက်သွား၏။ ဒီအတောအတွင်း ပုံမှန်အားဖြင့် အခြားသူများကသာ သူ့အား လိုက်ပိုးပန်းကာ ဖွင့်ပြောခဲ့သည်ချည်းသာဖြစ်သည်။ ယနေ့တွင်မူ နားမလည်နိုင်စွာ အငြင်းခံလိုက်ရ၍ နှလုံးသားလေးပင် နာကျင်သွားလေသည်။ သို့သော် ကျန်းယန်မှာ သေချာပြန်တွေးကြည့်သည်။ ဤ သန်း ၂၀ မှာ သုံးလိုက်ပြီးဖြစ်ပေရာ ရလဒ်တစ်ခုခုထွက်စေမှသာ တန်တော့မည်။


ထို့ကြောင့် ချက်ချင်းပင် ပြောလိုက်သည်။

 “နောက်မှ ဘဏ်ကို သွားပြီး ပိုက်ဆံထုတ်ပေးမယ်နော်… ယွင်ရုန် ကိုယ်ပြောပြမယ်… မြင်းပြိုင်ပွဲက အရမ်းပျော်ဖို့ကောင်းတာ… မြင်းစီးပြီးသွားရင်လည်း အကင်သွားစားလို့ရတယ်… မင်း မြို့ပေါ်ရောက်ကတည်းက ကောင်းကောင်းမလည်ရသေးဘူးလေ ဟုတ်တယ်မလား…ဟိုင်းရှီမှာ လည်စရာနေရာတွေ အများကြီးပဲ… အချိန်ရရင် ကိုယ်ခေါ်သွားပေးလို့ရတယ်…”


ယွင်ရုန်မှာ ငြင်းရန်ပြုမည် ပြင်နေဆဲပင် သူမ၏ဖုန်းက ရုတ်တရက်ထမြည်လာလေသည်။ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ဝမ်းပေါ် ခေါ်နေခြင်းဖြစ်ကြောင်း တွေ့ရလေသည်။ 


“အစ်မယွင် အလုပ်ချိန်ကြီး နှောင့်ယှက်ရတာ အားနာပါတယ်… ကြေးမှုန်မှန်မိစ္ဆာအကြောင်း ပြောချင်လို့ပါ… သူ့ကို စစ်မေးဖို့ ကျွန်တော် နည်းမျိုးစုံသုံးပြီးသွားပြီ…ဒါပေမဲ့ သူက မသေမျိုးသခင်ကြီးက ဆူးလီမြစ်ကို မကြာခဏလာတယ်ဆိုတာကလွဲ ဘာမှမပြောဘူး… အဲဒါတောင် မနည်းမေးထားရတာ… ဟိုနေ့တုန်းက အစ်မ ဆူးလီမြစ်မှာ လင်းရှောင်မန်ကို ကယ်တုန်းက မသင်္ကာစရာ တစ်ခုခုများတွေ့ခဲသေးလား…”

ဝမ်းပေါ်၏ အသံတွင် စိုးရိမ်စိတ်များ ပါဝင်နေ၏။


ဝမ်းပေါ်မှာ စိတ်မပူဘဲ မနေနိုင်ချေ။ လူသတ်သမားမှာ လူ ၁၃ ယောက်အား သတ်ပစ်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အထူးရုံးတော်မှ လူများမှာ ယခုအချိန်ထိ သဲလွန်စအနည်းငယ်မျှပင် မရှာနိုင်ကြချေ။

လူသားရဲဌာနကပင် ဤအမှုအား စောင့်ကြည့်နေကြပြီဖြစ်သည်။ ဝမ်းပေါ်အတွက်မူ သူ့ဆရာ ထွက်သွားကတည်းက ပထမဆုံးအကြိမ်အဖြစ် သူလုပ်နိုင်သည့်အရာမရှိဟု ခံစားရခြင်းဖြစ်လေသည်။


ထိုစကားအား ကြားရသောအခါ ယွင်ရုန်မှာ လေးနက်သောအမူအရာဖြစ်သွားကာ ပြောလိုက်သည်။ 

 “မကောင်းဆိုးဝါးစွမ်းအင်နဲ့ နတ်ဆိုးစွမ်းအင်ကို မခံစားခဲ့ရဘူး… မိစ္ဆာလုပ်တာတော့မဖြစ်နိုင်ဘူး… မိစ္ဆာသာဆိုရင်တော့ ရှေးခေတ်မိစ္ဆာပဲဖြစ်လိမ့်မယ်…”


 “ရှေးခေတ်မိစ္ဆာ…”

ဝမ်းပေါ်က အံ့ဩစွာနှင့် ရေရွတ်လေသည်။ 


 “အစ်မ အဲဒါမဖြစ်နိုင်တာပဲ… လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ တုန်းက ထူးဆန်းတဲ့ စစ်ပွဲဖြစ်ခဲ့ပြီး နတ်ဘုရားတွေနဲ့ မသေမျိုးတွေ အကုန်လုံးက မမြင်ကွယ်ရာကို ပျောက်ကွယ်သွားခဲ့ကြတာဆို… ရှေးခေတ် မိစ္ဆာတွေအကုန်လုံးက ပုန်းကွယ်ပြီးနေနေကြတာလေ… ကောလာဟလတွေအရဆိုရင် သူတို့အကုန်လုံး စစ်ပွဲမှာ သေကုန်တယ်လို့တောင် ပြောကြတာကို… ခုချိန်ထိ သူတို့ရှိနေသေးတယ်ဆိုတာက မဖြစ်နိုင်တာပဲ…”


 “သူတို့အကုန် သေကုန်ပြီဟုတ်လား…”

ယွင်ရုန်မှာ အံ့ဩသွား၏။ သူမ အနေဖြင့် နောင်တရသင့်သည်လား နာကျင်သင့်သည်လား မသဲကွဲတော့ပေ။


ဝမ်းပေါ်မှာ ယွင်ရုန်၏ စိတ်အခြေနေအား မသိသည့်အလျောက် ပြန်ဖြေသည်။ 

 “ဟုတ်တယ် ကောင်းကင်ဘုံဥပဒေအရ ရှေးခေတ်မိစ္ဆာတွေကို ဖျက်စီးလို့မရဘူး… သူတို့အသက်ရှိနေသေးရင်တောင် သူတို့က တောတွေ တောင်တွေထဲမှာပဲ ပုန်းကွယ်ပြီးနေရမှာပဲ… ဒီလို ပေါ်ပေါ်ထင်ထင်ထွက်လာပြီးတော့ လူလိုက်သတ်နေလို့ မရဘူးလေ…”


သတင်းများက လူငယ်များအား ပျောက်နေသည်ဟု ကြေညာကြသော်လည်း တကယ့်တကယ်တမ်းတွင် ထိုသူများ အသက်ရှင်နေသေးသည်ဟူသော လက်တွေ့ပြစရာ သက်သေတစ်ခုမှ ရှိမနေပေ။


 “ကျွန်တော်က ကြေးမှုန်မှန်မိစ္ဆာက မပြောဘဲထားထားတာ ရှိဦးမယ်လို့ ထင်တယ်… အစ်မကိုယ်တိုင် ဒီရုံးတော်ကို လာပြီး သူ့ကို စစ်မေးပေးလို့ အဆင်ပြေပါ့မလားဟင်…”

ယွင်ရုန် အတန်ကြာတိတ်ဆိတ်နေသည်ကို သတိထားမိသည့် ဝမ်းပေါ်က သတိထားကာ ပြောလိုက်သည်။


ယွင်ရုန်က ခေတ္တမျှရပ်လိုက်ပြီးနောက် လုဟယ်နျန်အား ကြည့်ကာ ပြောလိုက်သည်။

”ဒုတိယအစ်ကို ဝမ်းပေါ်က ကျွန်မကို ရုံးတော်ကိုလာပြီး ကူညီစေချင်နေတယ်… ကျွန်မ ခွင့်ယူလို့ရမလား…”


လုဟယ်နျန်မှာလည်း ဖုန်းထဲမှ အသံအား ကြားသည်ဖြစ်ရာ ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

 “ကိုယ်မင်းနဲ့အတူလိုက်ခဲ့မယ်… ဝမ်းပေါ်ကို လိပ်စာပေးဖို့ ပြောလိုက်…”


 “ကျွန်မတို့ အခုလာခဲ့မယ်… လိပ်စာ ပို့ပေးလိုက်ပါ…”

လုဟယ်နျန် သဘောတူလိုက်သည်နှင့် ယွင်ရုန်က ဖုန်းထဲသို့ ပြောလိုက်သည်။ ဝမ်းပေါ် အကူညီမတောင်းသော်လည်း ယွင်ရုန်က ဤကိစ္စအား သေချာပေါက် ကူညီမည်ပင်ဖြစ်သည်။ တောင်မိစ္ဆာအနေနှင့် တန်းချုံတောင်အနီးတစ်ဝိုက်က လူများ၏ လုံခြုံရေးမှာ သူမ၏ တာဝန်ဝတ္တရားပင်ဖြစ်လေသည်။


အနားတွင် နားထောင်နေသော ကျန်းယန်မှာ စကားဝိုင်း၏တစ်ဝက်လောက်ကို နားမလည်နိုင်ဘဲ ရှိလေသည်။ 

ဘာရှေးဟောင်းမိစ္ဆာလဲ… နတ်ဆိုးစွမ်းအင်… ယွင်ရုန်က စိတ်ကူးယဉ်ဝတ္ထုရူးတော့ မဟုတ်ပါဘူးနော်…


“ဦးလေးတို့ ဘယ်သွားကြမလို့လဲ…”


ယွင်ရုန်မှာ ကျန်းယန် ရှိနေသေးသည်ကို အမှတ်ရသွားပြီး ပြောလိုက်သည်။ 

 “ကျွန်မတို့ မြင်းပြိုင်ကွင်းကို သွားလို့မရဘူး… ပိုက်ဆံကို ဒီတိုင်း ပို့ပေးလို့လည်း ရပါတယ်… သွားလို့ရပြီနော်…”

ပြောပြီးသည်နှင့် ယွင်ရုန်က အပြင်သို့ ထွက်သွားလေသည်။


ကျန်းယန်မှာ အံ့ဩကာကျန်ခဲ့သည်။

ဘာလို့ မတရားခံလိုက်ရသလို ခံစားနေရပါလိိမ့်…


လုဟယ်နျန်မှာ ယွင်ရုန်နောက်သို့ လိုက်ရန် ပြင်နေလျက် သူ့တူ မကျေမချမ်းအမူအရာအား မြင်လိုက်လေသည်။ သူက ချက်ချင်းပင် အကြည့်လွဲကာ ပြောလိုက်သည်။

 “မင်းရော အတူသွားချင်လား…”


ကျန်းယန်မှာ သူတို့သွားမည့်နေရာကို ယခုထိ မရှင်းလင်းသေးပေ။ သို့သော်လည်း သူ့စိတ်ထဲတွင် စဉ်းစားနေသည်မှာ ကျန်းရှုဟွား လုပ်ခိုင်းသည့်ကိစ္စအား မပြီးသေးသည့်အကြောင်းပင်ဖြစ်သည်။ အတူလိုက်သွားခြင်းအားဖြင့် သူ့အတွက် အကျိုးရှိနိုင်လေသည်။ ထို့ကြောင့် လျင်မြန်စွာပင် အဖြေပေးလိုက်သည်။


 “သွားမယ် ကျွန်တော်လည်း လိုက်မယ်…”



⛰️