Chapter 52
Viewers 3k

⛰️Chapter 52

 အသက်မပြည့်သေးတဲ့ မိစ္ဆာ




ကျန်းယန်၏ နောက်ကျသော အဖြေအား ကြည့်ကာ လုဟယ်နျန်မှာ နှုတ်ခမ်းများကိုကွေးပြီး အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ ဒီကောင်ကလေးကတော့ စိတ်လှုပ်ရှားစရာကြုံဖို့လိုနေတာပဲ…


ဝမ်းပေါ်က ရုံးတော်လိပ်စာအား အမြန်ပို့ပေးလိုက်သည်။ ရုံးတော်၏ တည်နေရာကို လူအများကြီးသိလျှင် ကောင်းမည်မဟုတ်ပေ။ လူထုမှာ ဘာသာမဲ့စနစ်နှင့် နေသားကျနေပြီးသားဖြစ်လေသည်။ ထို့ကြောင့်ပင် လုဟယ်နျန်က ကားမောင်းသမားကိုပင် မခေါ်ဘဲ ကိုယ်တိုင်မောင်းလာခဲ့သည်။ ယွင်ရုန်မှာ ယာဉ်မောင်းဘေးနေရာသို့ အလိုအလျောက်ပင် ဦးစွာတက်သွားသည်။ ဤသည်မှာ သူမအတွက် အကျင့်တစ်ခုဖြစ်လို့နေ၏။


ကျန်းယန်မှာ မူလက ယွင်ရုန်နှင့် စကားစမြည်ပြောချင်၍ လိုက်ခဲ့မည်ဟု ကြံသော်လည်း ယခုမူ တစ်ကိုယ်တည်း ကားနောက်ခန်းမှ လိုက်လာရလေသည်။


အထူးရုံးတော်မှာ ကုမ္ပဏီနှင့် အတန်ငယ် ဝေးကွာလေရာ အချိန်အားဖြင့် နာရီဝက်ခန့်မောင်းရလေသည်။ သူတို့သုံးယောက် အထူးရုံးတော်သို့ ရောက်သောအခါ ညနေ ၆ နာရီပင် ရှိပြီဖြစ်သည်။ ဝမ်းပေါ်မှာ ရုံးတော်၏ ဂိတ်တံခါးဝတွင် ကိုယ်တိုင် ထွက်ကြိုနေလေသည်။ သူတို့ကို မြင်သည်နှင့် ဝမ်းပေါ်၏ မျက်နှာမှာ ပြုံးရွှင်သွားလေသည်။


သုံးယောက်လုံးမှာ ရုံးတော်အား လှည့်ပတ်ကြည့်ကာ အထဲသို့ ဝင်လာသည်။ ရုပ်လွန်ပညာရပ်များ အများအပြားတွေ့ရသော်လည်း ရုံးတော်၏ အပြင်အဆင်မှာ အလွန်ခေတ်ဆန်လှသည်။ ခေါက်ထားသော သစ်ကြံပိုးစားပွဲနှင့် အဝါရောင်စက္ကူများကလွဲ၍ အခြားရုံးခန်းများနှင့် ဘာမှ သိပ်မကွာလှပေ။


ကျန်းယန်မှာ မူလက အထူးရုံးတော်အား မည်သည့်ရုံးမှန်းမသိဘဲဖြစ်နေရာ ဝမ်းပေါ်ကို မြင်သောအခါ သူ့မျက်နှာမှာ ဖြူဆုတ်သွား၏။ သူ့ဘဝ၏အချစ်အား အရိုးဖြူဝိညာဉ်ဆီသို့ ဆုံးရှုံးလိုက်ရသော နေ့မှာ သူ့အမြင်အာရုံတွင် ကွက်ကွက်ကွင်းကွင်းမြင်လာပြီးနောက် သူ့နှလုံးမှာလည်း ကျယ်လောင်သော အသံနှင့် လှုပ်ရှားလာသည်။


ရွှမ်းမန်တို့ အသုံးပြုနေကြပစ္စည်းများဖြစ်သော ကမ္ပည်းတိုင်နှင့် ကျောက်နီကို မြင်သောအခါ ကျန်းယန်မှာ ပို၍ပင် ကြောက်သွား၏။ သူက အသံကို နှိမ့်ကာ ပြောလိုက်သည်။

 “ဒုတိယဦးလေး… ယွင်ရုန်… ဒီမှာဘာလုပ်နေကြတာလဲ…”


သူမ၏ စိတ်ထဲတွင် ယွင်ရုန်မှာ ကြေးမှုန်မှန်မိစ္ဆာနှင့် ပတ်သက်၍ စိတ်ပူနေဆဲဖြစ်ကာ ပြန်ပြောလိုက်သည်။ 

 “ကြေးမှုန်မှန်မိစ္ဆာတစ်ကောင်ကို စစ်မေးဖို့…”


လုဟယ်နျန်က သူ၏တူကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

 “အဲဒီလောက် ကြောက်နေရင်လည်း မင်းအရင်ပြန်လိုက်တော့… ခဏနေ မှောင်လာတော့မယ်… ဒီနေရာက မြို့ဟောင်းရပ်ကွက်မို့ လူဆိုးသူခိုးတွေပါ နေတဲ့နေရာပဲ… ယွင်ရုန်နဲ့ ငါကတော့ ဒီမှာ ညစာစားကြဦးမှာ…”


ပုံမှန်အချိန်သာဆိုလျှင် ကျန်းယန်မှာ လုဟယ်နျန် သူ့အား ထိုကဲ့သို့ စကားအရှည်ကြီးပြောနေသည်ကို ထူးဆန်းလှသည်ဟု ခံစားရပေလိမ့်မည်။ အကြောင်းမှာ လုဟယ်နျန်မှာ သူ့အား အမြဲတမ်း စကားကို တိုတိုနှင့် ပြတ်ပြတ်ပြောခြင်းကြောင့် ဖြစ်သည်။ သို့သော် ယခုမူ ကျန်းယန်မှာ အလွန်စိတ်ပူနေ၍ ထိုအချက်ကိုပင် သတိမမူမိပေ။


လုဟယ်နျန်၏ စကားကို ကြားသောအခါ ကျန်းယန်မှာ အလွန်အံ့ဩသွားကာ အလိုအလျောက်ပြောလိုက်မိသည်။

 “ဒီကိုတောင် ရောက်နေပြီဟာကို ဘာလို့ ပြန်ရမှာလဲ… ကျွန်တော်လည်း ပြီးကျရင် ဦးလေးတို့နဲ့ ညစာလိုက်စားမှာပေါ့…”


အခုမှတော့ ဘယ်လိုပြန်နိုင်မလဲ…

ကျန်းယန်အနေဖြင့် သူ၏တာဝန်မှာ မပြီးဆုံးသေးပေ။ ယွင်ရုန်နှင့် အတူ ညစာစားကာ သူမအား ဟိုတယ်သို့ ပြန်ပို့ပေးရဦးမည်ဖြစ်သည်။ ထို့ကြောင့်ပင် ဤနေရာသို့ သူလိုက်လာခြင်းပင်။ ကျန်းယန်က သူ၏ လာရင်းကိစ္စကိုသာ ပြန်၍ အာရုံစိုက်လိုက်သည်။ ယွင်ရုန်အား ဂရုစိုက်ဟန်ဆောင်ကာ လုဟယ်နျန်အား သဝန်တိုအောင် လုပ်ရန်ဖြစ်သည်။ သူသာ အခုနေ ပြန်သွားပါက ထိုကိစ္စအား လုပ်နိုင်တော့မည် မဟုတ်ပေ။


 “စကားနားမထောင်ဘူးနော်… ပြီးမှ နောင်တရမယ်နော်…”

လုဟယ်နျန်က ကြင်ကြင်နာနာပြောလိုက်သည်။


 “နောင်တ… ဘာကို နောင်တရရမှာလဲ…” 

ခေတ္တခဏမျှ ကျန်းယန်မှာ တွေဝေကာ မှင်သက်သွား၏။ သူအသိပြန်ဝင်လာသောအခါ ယွင်ရုန်နှင့် လုဟယ်နျန်မှာ အဝေးသို့ပင် ရောက်နေပြီဖြစ်သည်။ သူက နှုတ်ခမ်းကို ကိုက်ကာ သူတို့နှစ်ယောက်၏နောက်သို့ ပြေးလိုက်သွားသည်။ 

ငါက ဒီကို ကူညီဖို့တာလေ… ဘာကြောင့်များ ငါက နောင်တရရမှာလဲ…


 “စီနီယာယွင်… ဒီကိုလာခိုင်းမိတဲ့လို့ အလုပ်များသွားပြီထင်တယ်…”

ဝမ်းပေါ်က ရှေ့မှ လမ်းပြလျှောက်သွားကာ နောက်သို့ လှည့်ကြည့် လှည့်ကြည့်ကာ လေးစားသမှုဖြင့် ပြောလေသည်။


 “ရပါတယ်… ကျွန်မအတွက်လည်း ဒါကို လုပ်ဖို့တာဝန်ရှိတာပါပဲ…”

ယွင်ရုန်က လက်ကိုကာ၍ ပြောလိုက်သည်။ 

 “ကြေးမှုန်မှန်မိစ္ဆာက ဘယ်မှာလဲဟင်… သူ့ဆီပဲ တိုက်ရိုက်သွားပြီး မေးလိုက်တော့မယ်…”


 “သူ့ကို အစီအရင်နဲ့ ပိတ်ပြီး ထည့်ထားပါတယ်… ဒီကနေ တည့်တည့်လျှောက်သွားလိုက်ပါ… ပိတ်ထားတဲ့ အစီအရင်က ကျွန်တော့်ဆရာလုပ်ပေးထားတာ… ဝန်ထမ်းတွေ မှားဖွင့်မိမှာ စိုးတာနဲ့ သူက အနောက်ကအခန်းထဲမှာ ထည့်ထားတာ…”

ဝမ်းပေါ်က ချက်ချင်းပင် ပြန်ဖြေသည်။ သူက လုဟယ်နျန်နှင့် ကျန်းယန်အားကြည့်ကာ ပြောလိုက်သည်။

 “ဟယ်နျန်နှင့် ကျန်းယန်က အပြင်မှာပဲ စောင့်ကြမယ်မလား… ကျွန်တော် ဦးလေးဟိုင်ကို လက်ဖက်ရည်ယူခိုင်းလိုက်မယ်…”


လုဟယ်နျန်မှာ ယွင်ရုန်က ကြေးမှုန်မှန်မိစ္ဆာအား စစ်မေးချင်သည်ကို သိသဖြင့် ခေတ္တမျှ ရပ်ကာပြောလိုက်သည်။ 

 “ကျွန်တော် သူနဲ့အတူလိုက်ဝင်သွားလိုက်မယ်… ကျွန်တော်လည်း ဒါမျိုးကို သိချင်နေတာနဲ့ အတော်ပဲဆိုတော့…”

ပြောပြီးသည့်နောက်တွင် သူက ကျန်းယန်ဘက်သို့ လှည့်ကာပြောလိုက်သည်။

 “ဒီမှာပဲ စောင့်နေမယ်မလား…”


ကျန်းယန်မှာ ထိုနေရာတွင် စောင့်နေမည် မဟုတ်ပေ။ သူက ကြောက်သော်လည်း ချက်ချင်းပင် ပြန်ဖြေသည်။

 “အကုန်လုံးဝင်သွားကြရင် ကျွန်တော်တစ်ယောက်တည်း ဒီမှာဘာလုပ်နေရမှာလဲ…ကျွန်တော်လည်း လိုက်ဝင်ပြီး ကြည့်မှာပေါ့… အဲဒီမှာဆို ကျွန်တော်ကူညီနိုင်တာ ရှိရင်ရှိမှာပေါ့…”


ထိုစကားကို ကြားသည့်အခါ ယွင်ရုန်က သူ့ကို လှည့်ကြည့်သည်။ သူမ ကျန်းယန်ကို နောက်ဆုံးအကြိမ်မြင်ခဲ့သည့် အချိန်ကို မှတ်မိနေသည်။ ကျန်းယန်မှာ မျက်ရည်နှင့် မျက်ခွက်ဖြစ်နေကာ အလွန်ပင်ကြောက်နေခဲ့သည်။ ထို့ကြောင့် သူမက သူ့အား ရှင်းလင်းစွာပင် အကြံပေးလိုက်သည်။

 “ရှင် အပြင်မှာနေခဲ့ရင်ပိုကောင်းမယ်နော်…”


ကျန်းယန်မှာ ယွင်ရုန်က သူ့အား ဖျောင်းဖျနေခြင်း မဟုတ်သည်ကို သိရသောအခါ ထိန်းချုပ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ သူက အံကိုကြိတ်ကာ လုဟယ်နျန်အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သတ္တိရှိယောင်ပြုကာ ပြောလိုက်သည်။ 

 “မလိုပါဘူး… ကျွန်တောအထဲကို လိုက်ဝင်လိုက်မယ်… ယွင်ရုန်… ကိုယ် မင်းကို စိတ်ပူတယ်… အဲဒီထဲမှာက မိစ္ဆာတစ်ကောင်ရှိနေတာလေ… မင်းကို မစောင့်ကြည့်နေရရင် စိတ်ပူနေရလိိမ့်မယ်…”


ယွင်ရုန်မှာ ပြောစရာစကားပင်ပျောက်သွား၏။


ရုတ်တရက်ကြီး ထိုကဲ့သို့ ရှုပ်ထွေးသော စကားများ ကျန်းယန် အဘယ်ကြောင့် ထပြောရသည်ကို နားမလည်နိုင်စွာဖြင့် ယွင်ရုန်က သူ့အား ကြောင်ကြည့်လိုက်သည်။ အနားရှိ လုဟယ်နျန်မှာ မျက်နှာပျက်နေပြီ ဖြစ်ကာ သူက အံကြိတ်၍ အေးစက်စွာ ပြောလိုက်သည်။ 

 “သူက အတူလိုက်ချင်မှတော့လည်း လိုက်ပြီး ဗဟုသုတရအောင် အတွေ့အကြုံလေးဘာလေး ယူပါစေပေါ့…”


ဤတစ်ကြိမ်တွင်မူ လုဟယ်နျန်၏ စကားကို ကြားပြီးနောက် ကျန်းယန် ကောင်းစွာသဘောပေါက်သွားသည်။

ဒုတိယဦးလေးတော့ စိတ်တိုနေပြီ…

သူ အလိုအလျောက်ပင် ခေါင်းလေးပုသွားသည်။ ပုံမှန်အားဖြင့်ဆိုလျှင် လုဟယ်နျန်၏ အနားမှ သူ တတ်နိုင်သလောက် ဝေးဝေးပြေးမည် ဖြစ်သော်လည်း ယနေ့အတွက် သူ၏တာဝန်မှာ ဒုတိယဦးလေးထံမှ သဝန်တိုဒေါသများကို ဆွဲထုတ်နိုင်စေရန်ဖြစ်လေသည်။ ကျန်းယန်မှာ ကြောက်လည်းကြောက်ပြီး စိတ်သက်သာရာရသွားသည်ကိုလည်း တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။ နောက်ဆုံးတွင်မူ သူ၏ ကြိုးစားမှု ရလဒ်အားမြင်ရတော့မည်။ ယနေ့အတွက် သူ့ကြိုးပမ်းမှုမှာ အရာရောက်ခဲ့ပြီဖြစ်သည်။


ကျန်းယန် အတွေးထဲမှ လွန်မြောက်သောအခါ အနားတွင် မည်သူမျှမရှိတော့ဘဲ ထွက်သွားနှင့်ကြပြီ ဖြစ်သည်။ သူ့တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် အရင်ကလောက် မကြောက်တော့ဘဲ သူတို့်နောက်ကိုပင် ပြေးလိုက်သွားလေသည်။


အစီအရင်နှင့် ပိတ်ထားသော ဘူးမှာ အထူးရုံးတော်၏ လျှို့ဝှက်အခန်းတစ်ခုအတွင်းတွင် တည်ရှိလေသည်။ ဝမ်းပေါ်နောက်မှ လိုက်လာသော သုံးယောက်မှာ ၇ ကြိမ် ၈ ကြိမ်မှ အကွေ့အကောက်များကို ဖြတ်သန်းခဲ့ရသည်။ အခန်းအတွင်းတွင် ချိုးတုန်းမင်နှင့် ဖုရှောင်တို့ ရှိနေ၏။ သူတို့နှစ်ယောက်မှာ အသံများကြားသောအခါ လှည့်ကြည့်ကြသည်။ ချိုးတုန်းမင်မှာ ယွင်ရုန်အား ဦးစွာမြင်လိုက်သည်တွင် အံ့ဩသွားကာ မျက်လုံးများပင် ကျယ်သွားကြသည်။

 “ဆရာအစ်ကိုကြီး ဝမ်… ဒီကလေးမက ဘယ်သူတုန်း…”


 “ဘာကို ကလေးမလဲ… ခုထိ ယဉ်ကျေးမှုကို မရှိသေးဘူး… ဒါက စီနီယာယွင်ပဲ…”


ဝမ်းပေါ်မှာ ကြားကြားချင်း ချိုးတုန်းမင်အား ဆီး၍ ဟောက်လိုက်သည်။


ချိုးတုန်းမင်မှာ ဝမ်းပေါ်၏ ဟောက်သံကို ကြား၍ ပြောလိုသည်များကိုပင် မျိုချလိုက်သည်။ သူက ယွင်ရုန်အား ခြေဆုံးခေါင်းဆုံးလေ့လာသော်လည်း မည်သည့်မိစ္ဆာစွမ်းအင်မှ မခံစားရပေ။ တာအိုလမ်းစဥ် အား လေ့ကျင့်ထားသော လူသားတစ်ဦး၏ စွမ်းအင်ကိုလည်း မခံစားရပေ။ ယွင်ရုန်မှာ သာမန်ကလေးမလေးတစ်ဦးသာ ဖြစ်နေ၏။ ချိုးတုန်းမင်မှာ မျက်နှာပေါ်မှ မကျေမနပ်အမူအရာအား မဖုံးနိုင်အောင် ရှိချေသည်။


သို့သော်လည်း ဤတစ်ကြိိမ်တွင်မူ သူက ထုတ်မပြောတော့ပဲ ရေရွတ်လိုက်သည်။

 “ဒါက ဒုက္ခရောက်နေတုန်း ကြုံရာလူကို ခေါ်လာသလိုပဲ…”


ဘေးနားတွင် ရပ်နေသော ဖုရှောင်မှာ သူ့ကို ကြားရသဖြင့် မျက်နှာကို မဲ့ကာ ကြည့်လိုက်သည်။ ထို့နောက် ချိုးတုန်းမင်အား တံတောင်နှင့် တွတ်၍ အသံကို နှိမ့်ကာ ပြောလိုက်သည်။

 “ဘာမှမပြောဘဲ နေပေးပါလား…”


ဖုရှောင်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀ က တာအိုဘုန်းကြီး တစ်ပါး၏ မြင်းမြှီးကြာပွတ်ဖြစ်ခဲ့လေသည်။ သူမ လူပုံသို့ မပြောင်းနိုင်ခင်က တာအိုကျမ်းများအား ဆက်တိုက်ဖတ်ခဲ့ရသည်။ ထို့ကြောင့်ပင် သူမက အခြားမိစ္ဆာများနှင့်ယှဉ်လျှင် အမြင်ပိုရှိလေသည်။ ယွင်ရုန်၏ တိုးတက်ပုံအဆင့်အား သူမ မမြင်နိုင်သော်လည်း ယွင်ရုန်၏ ကိုယ်မှဖြာထွက်နေသော ရွှေရောင်အလင်းအား သူမမြင်နိုင်လေသည်။ ထို့ကဲ့သို့ ရွှေရောင်အလင်းနှင့်လူမှာ မည်သို့မှ သာမန်လူမဖြစ်နိုင်ချေ။


ချိုးတုန်းမင်က အသံတိုး၍ ပြောလိုက်သော်လည်း ယွင်ရုန်မှာ သူပြောသည်က်ို သေချာကြားလိုက်သည်။ သူမက သူ့ကို တစ်ချက်ကြည့်လိုက်သောအခါ ယခုမှ သူ့ကိုယ်သူ အဆင့်မြင့်ထားသည်မှာ မကြာသေးသော ကလေးတစ်ယောက်အား မြင်လိုက်ရလေသည်။ ယွင်ရုန်က သူ့အား မနှောင့်ယှက်ချင်သော်လည်း သူ့မျက်နှာပေါ်က မကျေမနပ်အကြည့်အား မြင်သည့်အခါ ဂရုမစိုက်စွာနှင့် ပြောလိုက်သည်။


 “ ၃ ၄ နှစ်ကြာလေ့လာတာတောင် ခုထိ ငြိမ်းချမ်းရေးအဆောင်တစ်ခုတောင် အဖြစ်ရှိအောင် မဆွဲတတ်သေးဘူး… အဲဒါ ဂုဏ်ယူစရာကောင်းလို့လား…”


 “နင်…”


ထိုစကားမှာ ချိုးတုန်းမင်အား အရှိုက်ထိသွား၏။ ချိုးတုန်းမင်မှာ ရွှမ်းမန်မိသားစုတစ်စုမှ ဖြစ်ကာ သူ၏ အစ်ကိုနှင့် အစ်မ နှစ်ယောက်လုံးမှာ ထူးချွန်သော အရည်အချင်းပိုင်ဆိုင်ထားကြပြီး မြို့တော်များရှိ အထူးရုံးတော်များတွင် တာဝန်ထမ်းဆောင်နေကြသည်။ 

သူက အငယ်ဆုံးဖြစ်ပြီး အကြီးများ၏ လက်ပေါ်တွင် ကြီးပြင်းလာသူဖြစ်သည်။ သူကြီးလာသည်နှင့်အမျှ သူ့အစွမ်းမှာ သာမန်သာဖြစ်လာသည်။ ရွှမ်းမန်ဖြစ်ရန် သူ့အတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး အဆောင်တစ်ခုပင် ကောင်းကောင်းမဆွဲနိုင်သေးချေ။


လွန်ခဲ့သော နှစ်ရက်အတွင်း ဆက်တိုက်ဖြစ်နေသော ပျောက်ဆုံးမှုများကြောင့် ကာယကံရှင်များ၏ မိဘများမှာ တောင်ခံနိုင်ဖို့ပင် ခက်ခဲလာကြသည်။ ပျောက်ဆုံးနေသော ကလေးများအစား သူတို့သာ သေလိုက်ချင်သော ထိုမိသားစုများအား မြင်ရသည်မှာ ချိုးတုန်းမင်အတွက် စိတ်ထိခိုက်ရကာ မည်သည့်သဲလွန်စမှ မရှာနိုင်သေးသည့်အတွက်လည်း ပို၍ပင်စိတ်လေးနေရ၏။ သူအစကတွေးထားသည်မှာ အလွန်အစွမ်းထက်သော ဆရာတစ်ယောက်လာမည်ဟု ထင်ထားသော်လည်း ယခုမူ ရောက်လာသောသူမှာ ကလေးမလေးတစ်ဦးသာဖြစ်နေ၏။ မြင်လိုက်ရသော ခဏတွင် သူ့အတွက် စိတ်ပျက်မှုကို ခံစားလိုက်ရသဖြင့် ပြောချင်ရာ ပြောလိုက်ခြင်းဖြစ်ပေသည်။


 “ချိုးတုန်းမင် အလုပ်လုပ်နေတုန်း ပုဂ္ဂိုလ်ရေးဆန်တာတွေ ပါမလာနဲ့… မင်းမမြင်ချင်ရင် ထွက်သွားတော့…”


ဝမ်းပေါ်က ချိုးတုန်းမင် ဘာကို တွေးနေသည်ကို သိသည့်အနေဖြင့် ပြောလိုက်သည်။ ဤနှစ်ရက်အတွင်း အထူးရုံးတော်က လူများအားလုံး စိတ်ဖိစီးနေကြ်သည်။ သတ္တိကောင်းသော ဦးလေးဟိုင်ပင် သူ့သားသမီးမြေးမြစ်များအား လက်ရှိအခြေနေကို သတိထားရန် သတိပေးထား၏။ သူ၏ စိတ်ဖိစီးမှုမှာလည်း မသေးလှပေ။


ချိုးတုန်းမင်မှာ ဝမ်းပေါ် ထိုကဲ့သို့ ပြောလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် အံ့အားသင့်သွားသည်။ ထို့နောက်တွင်မူ မျက်နှာကြီး နီလာ၏။ 


“တိုးတက်မှု အဆင့်မြင့်တယ်ဆိုတာ အသက်အရွယ်နဲ့ ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး… မင်းရဲ့ အတွင်းစိတ်စွမ်းအင်နဲ့ အလုပ်ကြိုးစားမှုနဲ့ ကြည့်ရတာ…မင်းရဲ့ အတွင်းစိတ်စွမ်းအင်က မကောင်းရင်တော့ ဘုရားကိုအပြစ်တင်လို့ရတယ်… မင်းသေချာမကြိုးစားလို့ဆိုတာရော တွေးမိဖူးလား…”


ယွင်ရုန်က ချိုးတုန်းမင်အား ကြည့်၍ အေးဆေးစွာပြောလိုက်သည်။


ချိုးတုန်းမင်၏ မျက်လုံးများမှာ နီသွားကာ အလွန်ရှက်သွားလေ၏။ သူက အံကိုကြိတ်ကာ မေးလိုက်သည်။


 “ကျွန်တော် ကြိုးစားလား မကြိုးစားလား ဆိုတာ ခင်ဗျားက ဘယ်လိုသိတာလဲ…”


 “မင်းသေချာ အားမထုတ်ရင်တော့ ဒီလိုပဲ အသုံးမကျဖြစ်နေမှာပဲ…”

ယွင်ရုန်၏ စကားသံမှာ မည်သည့်ခံစားချက်မှ ပါဝင်ခြင်းမရှိပေ။ သူမက အမှန်တရားကို ထောက်ပြနေခြင်းသာ ဖြစ်လေသည်။ သို့သော်လည်း ချိုးတုန်းမင်အတွက်မူ မျက်နှာကို ဖြတ်ရိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။


သူက ပြန်ပြောချင်သော်လည်း ယွင်ရုန်မှာ တစ်ဖက်သို့ လှည့်သွားကာ သူ့ကို အာရုံမရှိတော့ပေ။ သူမက အကြည်ရောင်ဘူးအနားသို့ သွားကာ ခေါ်လိုက်သည်။

 “ကြေးမှုန်မှန်မိစ္ဆာ…”


ဘူးအတွင်းရှိ ကြေးမှုန်မှန်မိစ္ဆာမှာ မူလက မြူခိုးငွေ့များ စုနေသည့် အလုံးတစ်လုံးသာဖြစ်သည်။ သူမက ယွင်ရုန်၏အသံအား ကြားသည့်အခါ ထိုအလုံးမှာ ရုတ်တရက် ကျုံ့သွားကာ ယွင်ရုန်နှင့် ဝေးရာသို့ရွေ့သွားကာ ပိုပို၍ သေးငယ်သွားလေသည်။


 “ပြောစမ်း မသေမျိုးသခင်ကြီးဆိုတာ ဘယ်သူလဲ…”

ယွင်ရုန်မှာ ကွေ့ဝိုက်မနေတော့ဘဲ တိုက်ရိုက်သာ မေးလိုက်၏။


ကြေးမှုန်မိစ္ဆာက ပြောသည်။

 “ငါတို့ရဲ့ သခင်ကြီးက ဒီလောကရဲ့ တစ်ပါးတည်းသော နတ်ဘုရားပဲ… သူက အရမ်းစွမ်းပြီး ငါတို့ကို ဦးဆောင်ပြီး မိစ္ဆာခေတ်ကို ပြန်ထူထောင်မှာ…”


ကြေးမှုန်မိစ္ဆာပြော၍မပြီးမီပင် ယွင်ရုန်က ဖြတ်၍မေးလိုက်သည်။

 “င့ါကို စိတ်ရှည်မယ်လို့ ထင်နေတာလား..”


 “အာ…”

ကြေးမှုန်မှန်မိစ္ဆာမှာ ထိုမေးခွန်းအား ရုတ်ရက်မေးခံလိုက်ရသောကြောင့် အံ့ဩသွားသည်။


 “စိတ်ရှည်မယ်… ဟာသလုပ်နေတာလား… ဘာမှတောင် မပြောဘဲနဲ့ လင်းရှောင်မန်ရဲ့ ဝိညာဉ်ထဲကနေ လက်တစ်ဖက်တည်းနဲ့ ဆွဲထုတ်ခဲ့ပြီးတော့များ… ဘယ်သူပဲ ကြည့်ကြည့် သူစိတ်မရှည်တာ အသိသာကြီးကို…”


 “သူတို့ မင်းကို ဒါတွေ မေးပြီးပြီဆိုတာ ငါသိတယ်… အဲဒီတော့ နောက်ထပ်တစ်ခေါက်ပဲ ထပ်မေးမယ်… အခွင့်အရေးပေးတယ်လို့ သဘောထားလိုက်… မင်းမပြောရင်… ငါက ဒီတိုင်းရပ်ပြီးတော့ပဲ မေးနေမှာမဟုတ်ဘူး…”


ယွင်ရုန်၏ မျက်နှာမှာ တင်းမာနေသည်။


လုဟယ်နျန်က ရပ်ကာ ဘေးမှကြည့်နေ၏။ သူမမှာ ကလေးမလေး သာသာဖြစ်သော်လည်း စိတ်ဆိုးနေသည့်ပုံမှာ လူအများအား တည့်တည့်ပင် မကြည့်ဝံ့အောင် လုပ်နိုင်သည့် မာန်တစ််ခုရှိနေသည်။


ကြေးမှုန်မှန်မိစ္ဆာမှာ ယွင်ရုန်ပြောသည်ကို ကြားကာ သဘောပေါက်လိုက်သည်။ သူမက ပို၍ပင် ကျုံ့ဝင်သွားကာ ပြောလိုက်သည်။

 “ငါက အသက်မပြည့်သေးဘူးနော်… ငါ့ကို အပြစ်ပေးရင် ဥပဒေကို ချိုးဖောက်ရာကျမှာ…နင် ငါ့ကို ဘာမှလုပ်လို့မရဘူး… ယုံချင်ယုံ မယုံချင်နေ ငါနင်တို့ကို တိုင်မှာ… ဟိုင်းရှီအထူးရုံးတော်က လူတွေကို…”


 “အဲ့ဒီလို ဥပဒေမျိုးရှိနေသေးတာလား…”

ယွင်ရုန်က အံ့ဩသွား၍ ဝမ်းပေါ်အား လှမ်းမေးလိုက်သည်။


ဝမ်းပေါ်က ရှက်ရွံ့စွာ ဖြေသည်။

 “ပြီးခဲ့တဲ့နှစ်တွေတုန်းက နာမ်လောကဆိုင်ရာ စည်းပေါက်တော့မလိုဖြစ်ခဲ့လိုပါ… မိစ္ဆာတွေအတွက် အဆင့်တိုးဖို့ ခက်ခက်လာတာလေ… အဲဒီလို အသက်မပြည့်သေးတဲ့ မိစ္ဆာတေအတွက်ပေါ့… တော်တော်နည်းနေပြီ သူတို့က…. အဲဒါကြောင့် အဲဒီဥပဒေကို ထုတ်လိုက်တာ…”


ထိုကဲ့သို့ အသက်မပြည့်သေးသော မိစ္ဆာများအား ကယ်တင်ရန်အတွက် ထုတ်ထားသော ဥပဒေသည် ယခုကဲ့သို့ နတ်ဆိုးအဆင့်မြှင့်တင်သည့် မိစ္ဆာငယ်များအတွက် ကယ်ပေါက်ဖြစ်လာမည်ဟု မထင်ထားခဲ့ကြပေ။


ယွင်ရုန်မှာ တောင်ပေါ်မှ ဆင်းလာကတည်းက တောင်မိစ္ဆာကောင်း တစ်ဦးအနေဖြင့် ဥပဒေတိုင်းအား လေးစားလိုက်နာခဲ့သည်။ သို့သော်လည်း ယခုဥပဒေကိုမူ သူမ သဘောမကျဘဲ မနေနိုင်ချေ။ ထိုကဲ့သို့ ဥပဒေချိုးဖောက်သော မိစ္ဆာများအား ပုံမှန်အားဖြင့် သူတို့၏ တိုးတက်ဆဲ အဆင့်အား ဖျက်ပစ်လိုက်ရုံသာဖြစ်သည်။ ယခုမူ သူမအနေဖြင့် ပိိတ်ထိုးပစ်၍ပင်မရသောအခါ စိတ်ပူလာ၏။


ယွင်ရုန်မှာ ခေတ္တမျှ ခက်ခဲသည် ဟု တွေးမိသွားသည်။


ကြေးမှုန်မှန်မိစ္ဆာမှာ ယွင်ရုန် အနေရခက်နေသည်ကို မြင်သည်နှင့် ဂုဏ်မောက်လာပြန်သည်။ သူ၏ကိုယ်အား ထပ်မံကျုံ့ရန်မကြိုးစားတော့ဘဲ ရယ်လျက် ပြောလိုက်သည်။ 

 “လင်းရှောင်မန် မသေဘူး… အဲဒီတော့ ငါ့ကို ပြစ်မှုလည်း တပ်စရာမရှိဘူး…. နင်တို့တွေ ငါ့ကို အနှေးနဲ့ အမြန်လွှတ်ပေးရမှာပဲ…”


ထိုစကားကို ကြားလေ ယွင်ရုန်မှာ ပိုဒေါသထွက်လေ ဖြစ်လာသည်။


ရုတ်ချည်းပင် ယွင်ရုန်၏ မျက်လုံးမှာ လက်သွားကာ ပြုံး၍ပြောလိုက်သည်။ 


 “ငါက နင့်ကို တိုက်ရိုက်အပြစ်ပေးမယ်လေ ပိုမကောင်းဘူးလား… ဥပဒေက နင့်ကို အပြစ်ပေးလို့ မရဘူးလို့ပဲ ပြောထားတာ… နင့်ကို သတ်လို့မရဘူးလို့မှ မပြောတာ… နင်မပြောရင် နင်က အသုံးမဝင်ဘူးဖြစ်သွားပြီ… အဲဒီတော့ နင့်ကို ကြိုက်တဲ့အချိန်သတ်ပစ်လို့ရသွားပြီ…”


ကြေးမှုန်မှန်မိစ္ဆာမှာ ကြောင်သွား၏။

သူက ဘာလို့ ဥပဒေကို မလိုက်နာရတာလဲ…




⛰️