Chapter 53
Viewers 4k

⛰️Chapter 53

ကြောင်သူတော်




ကြေးမှုန်မှန်မိစ္ဆာမှာ စိတ်ထဲတွင်ရှုပ်ထွေးနေသော်လည်း မြန်မြန်ဆန်ဆန်ပင် စိတ်ကိုလျှော့ချလိုက်လေသည်။ ယွင်ရုန်သာ သူမအား ဖျက်စီးလိုလျှင် လက်ကလေးတစ်ဖက် လှုပ်ရုံသာလိုသည်ကို ကောင်းကောင်းသိလေသည်။ သို့သော်လည်း ယခုချိန်ထိ ယွင်ရုန် မလှုပ်ရှားသေးသည်ကို ကြည့်ခြင်းအားဖြင့် သူမမှာ ယွင်ရုန်အတွက် အသုံးဝင်နေသေးကြောင်း ထင်ရှားလေသည်။


သူမအား တိုက်ရိုက်သတ်ပစ်မည်ဟု ပြောသည်မှာလည်း ခြိမ်းခြောက်ခြင်းသာ ဖြစ်လေသည်။


 “နင်တို့ ငါ့ကို သေအောင်ရိုက်လည်း အလကားပဲ… ငါအဲဒီလောက်တော့ သိတယ်…”

ကြေးမှုန်မှန်မိစ္ဆာမှာ ထိုအခြင်းအရာကို သဘောပေါက်သွားကာ ကြောက်ရွံ့မှုအား မခံစားရတော့ပေ။ သူမက ထောင့်နားတွင်ကပ်ကာ ကျုံ့နေခြင်းပင် မလုပ်တော့ဘဲ ဂုဏ်ယူသည့် လေသံဖြင့်ပင် ပြောလာ၏။


မြူခိုးငွေ့အလုံးမှာ ပုံစံတစ်ခုပင်ပေါ်လာကာ သူမကိုယ်သူမ အလွန်ကျေနပ်ကြောင်း ဖော်ပြနေလေ၏။


ယွင်ရုန်က ဘူးထဲတွင် ဆက်တိုက်လှုပ်ရှားနေသော ကြေးမှုန်မှန်မိစ္ဆာအား ကြည့်၍ စိတ်မပါစွာ မေးလိုက်သည်။

 “မင်းက တကယ်မပြောဘူးလို့ လုပ်ထားတာလား…”

 

 “ငါဘာမှ မသိဘူး… ငါဘာပြောရမှာလဲ…”

ကြေးမှုန်မှန်မိစ္ဆာက ပြန်ဖြေသည်။ သို့သော်လည်း သူမ၏လေသံမှာ သူမ သိထားသော်လည်း လုံးဝထုတ်ပြောမည်မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြနေသည်။


ယွင်ရုန်က ခေါင်းကို ငုံ့လိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူမ တကယ်ပင် စိတ်ဆိုးနေပြီ ဖြစ်သည်။ သူမ လူပုံစံကို ပြောင်းနိုင်သည့် အချိန်ကတည်းက မည်သည့် မ်ိစ္ဆာငယ်မှ သူမရှေ့တွင် ဤမျှလောက် စိတ်ကြီးဝင်နေသည်ကို မမြင်ခဲ့ရပေ။ သူမက ဝမ်းပေါ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

 “ဒီအစီအရင်ကို ဖယ်ပေးပါ…”


 “စီနီယာ… အစီအရင်ကို ဖယ်လိုက်ရင် သူတစ်ခါတည်း ထွက်ပြေးသွားလိမ့်မယ်…” 


ဝမ်းပေါ်က ကြားကြားချင်း ပြန်ဖြေသည်။ ကြေးမှုန်မှန်မိစ္ဆာများမှာ အစိုင်အခဲမဟုတ်ကြဘဲ ကြေးမှုန်မှန်နှင့်တူသည့် နေရာများတွင် သွားသွားလာလာလှုပ်နိုင်ကြကြောင်း သိထားသည်။ အထူးရုံးတော်တွင် သုံးဖက်မြင်မှန်ဘီလူးများ များစွာရှိသဖြင့် ကြေးမှုန်မှန်မိစ္ဆာသာ ၎င်းမှန်ဘီလူးတစ်ခုခုအတွင်းသို့ ဝင်သွားပါက ပြန်ဖမ်းရန် အလွန်ခက်ပေလိမ့်မည်။ ထိုထက်ပိုသည်မှာ ကြေးမှုန်မှန်မိစ္ဆာ၏ ခန္ဓာကိုယ်မှ ယခုထိ မပျက်စီးသေးပေ။ သူမသာ ထိုခန္ဓာကိုယ်အတွင်းတွင် ပုန်းအောင်မည်ဟု ဆုံးဖြတ်လိုက်ပါက ပြန်ရှာရန် လွန်စွာ ခက်ပေလိမ့်မည်။


 “ကျွန်မရှိတယ်… သူပြေးလို့မရဘူး…” 


ယွင်ရုန်မှာ ဝမ်းပေါ်စဉ်းစားနေသည်ကို သိလေသည်။ ကြေးမှုန်မှန်မိစ္ဆာများမှာ စွမ်းအားမကြီးကြပဲ လူသားများကိုသာ လွှမ်းမိုးနိုင်သည်မှာ မှန်သော်လည်း သူတို့၏ ထွက်ပြေးနိုင်သော စွမ်းရည်မှာ အံ့ဩဖို့ကောင်းပြီး လိုက်ဖမ်းရန်လည်း အလွန်ခက်လေသည်။


ဝမ်းပေါ်မှာလည်း ယွင်ရုန်၏ စွမ်းရည်ကို သိလေသည်။ သူမ၏ အဖြေကို ကြားသောအခါ သူက ထပ်မပြောတော့ဘဲ အစီအရင်ကို ပယ်ဖျက်ပေးရန် လက်ကိုလှမ်းလိုက်သည်။ သို့သော်လည်း ဖုရှောင်နှင့် ချိုးတုန်းမင်မှာ ယွင်ရုန်၏ အစွမ်းအကြောင်းကို ကြားဖူးနားဝသာရှိလေသည်။ ကြားဖူးသည်ထက် မျက်မြင်ကိုယ်တွေ့က ပိုကောင်းကြောင်း ပြောကြသည်။ ယွင်ရုန်မှာ စွမ်းအားကြီးဆရာတစ်ဦး၏ ပုံပန်းသွင်ပြင်မရှိသည့်အတွက် သူတို့နှစ်ယောက်က လက်နက်များအား ငြိမ်သက်စွာ ပြင်ဆင်လိုက်ကြသည်။ အကယ်၍ ကြေးမှုန်မှန်မိစ္ဆာထွက်ပြေးခဲ့သည် ရှိသော် ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဖြစ်သည်။


သူ့စိတ်ထဲတွင် လက်မခံနိုင်သေးသော်လည်း ယွင်ရုန် ဘာဆက်လုပ်မည်ကို သိချင်သောကြောင့် ချိုးတုန်းမင်က ဘာမှ မပြောပေ။


ထိုခဏအတွင်းမှာပင် အခန်းတွင်းရှိ လေထုမှာ ပို၍ သိပ်သည်းလာသည်။ ကျန်းယန်မှာ အခန်းထဲသို့ ဝင်လာကတည်းက စကားတစ်လုံးမှ မပြောချေ။ ကြေးမှုန်မှန်မိစ္ဆာ၏ ပုံစံမှာ ထိုနေ့က လော့ဖေးဖေ၏ ပုံစံလောက် ကြောက်စရာမကောင်းသော်လည်း သူမက မိစ္ဆာဆိုသည့်အချက်ကို သိနေခြင်းသည်ပင်လျှင် သူ၏ အလိုအလျောက်တုံ့ပြန်မှုက တစ်ကိုယ်လုံးကို လုဟယ်နျန်၏ နောက်သို့ ပို့လိုက်သည်။


အားလုံးမှာ ကြေးမှုန်မှန်မိစ္ဆာအား အမှုမထားဘဲ ပြောဆိုနေကြသောကြောင့် သူမအားပိတ်ထားသည့် အစီအရင်ကို ပယ်ဖျက်တော့မည်ကို သိသည့်အနေဖြင့် ကြေးမှုန်မိစ္ဆာကလည်း ပြင်ဆင်လိုက်သည်။ သူမ၏ အကြည့်မှာ လုဟယ်နျန် အနောက်ဘက်ရှိ အမျိုးသားအပေါ်သို့ ကျရောက်သွားသည်။ ထိုလူမှာ မည်သည့်ကျောက်မှ အလှဆင်ထားခြင်းမရှိဘဲ ထူးဆန်းသော အမှတ်သားပါသည့် လက်စွပ်ကြီးတစ်ခုကို ဝတ်ဆင်ထားသည်။ 

ကောင်းတာပဲ… အဲဒီလက်စွပ်က ပလက်တီနမ်နဲ့ လုပ်ထားတာဆိုတော့ အလင်းပြန်တယ်… မှန်လိုမျက်နှာပြင်ဖြစ်နေတယ်…


သူမ၏ အစီအစဉ်မှာ အစီအရင်ပယ်ဖျက်သည်နှင့် လက်စွပ်ဆီသို့ ချက်ချင်းထွက်ပြေးရန်ဖြစ်သည်။ သူမ ဒီအခန်းကလွတ်သည်နှင့် အပြင်သို့ ရောက်နိုင်ပြီဖြစ်သည်။ အစွန်းခံသံမဏိပင် ဖြစ်ဖြစ် ခွက်များ မိတ်ကပ်မှန်များ မည်သည့်ပစ္စည်းဖြစ်ဖြစ် မှန်ပါနေသော အရာများအားလုံးတွင် သူမ ယာယီပုန်းအောင်းနေနိုင်သည်။ အပြင်ဘက်တွင် မှန်ပါသော အရာများ များစွာရှိသောကြောင့် ဤလူများ သူ့ကို ဖမ်းနိုင်မည် မဟုတ်ချေ။


ထွက်ပြေးသည့် စွမ်းရည်ချင်း ယှဉ်ပါက ကြေးမှုန်မှန်မိစ္ဆာဖြစ်သော သူမအား အနိုင်ယူနိုင်သူ မရှိသေးချေ။ ထို့ကြောင့်ပင် သူမမှာ အလွန်ပင် ယုံကြည်ချက်ရှိနေ၏။


ဝမ်းပေါ်က လက်နှစ်ဖက်လုံးကို သုံးကာ မန္တာတစ်ခုအား အသုံးပြုလိုက်သည်တွင် ဘူးကို ဝန်းရံထားသည့် အစီအရင်မှာ ချက်ချင်းပင် ပျက်ပြယ်သွားသည်။


အားလုံး၏ အမြင်အာရုံတွင် အဖြူရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားသည်။ ကြေးမှုန်မှန်မိစ္ဆာမှာ လေးကိုင်းမှ လွှတ်လိုက်သော မြှားပမာ လျင်မြန်သော အဟုန်ဖြင့် ကျန်းယန်ဆီသို့ ဦးတည်သွားလေသည်။


 “သောက်ကျိုးနည်း…”


ကျန်းယန်မှာ အလိုအလျောက်ပြောလိုက်မိသည်။ သို့သော် သူ့စကားမဆုံမီမှာပင် အမြင်အာရုံက အမှောင်ကျသွားသည်ကို ခံစားလိုက်ရသည်။ ကြီးမားသော အင်အားတစ်ခုက သူ့အား သက်ရောက်လိုက်သည်တွင် လူတစ်ကိုယ်လုံး ပစ်လဲသွားလေသည်။


သူ၏နောက်ကျောမှာ ရက်စက်စွာပင် ကြမ်းပြင်ပေါ်သို့ ပစ်ချခံလိုက်ရသော်လည်း ထိုအရာမှာ ဤမျှလောက် မနာကျင်ရသေးပေ။ အနာကျင်ရဆုံးအရာမှာ လက်စွပ်ဝတ်ထားသော သူ၏ လက်အား ယွင်ရုန်က ဆွဲဖြုတ်သကဲ့သို့ ခံစားလိုက်ရခြင်းပင်ဖြစ်လေသည်။


 “ထွက်ပြေးချင်တယ်ပေါ့လေ…”

ယွင်ရုန်မှာ ကြေးမှုန်မှန်မိစ္ဆာ ထွက်ပြေးမည်ကို သိသဖြင့် ကျန်းယန်၏ လက်ချောင်းအား ဆွဲလိုက်ခြင်းဖြစ်သည်။ နောက်လက်တစ်ဖက်မှာ လက်စွပ်ကို ဆွဲဖြုတ်လိုက်သည်။ သူမ၏လက်ထဲမှာ မြူခိုးငွေ့များ ပေါ်လာကြသည်။

 “နင်က သေရင်တောင် ပြောင်းလဲမှာမဟုတ်ဘူးပဲ…. ထပ်ပြီး အသက်မရှင်ချင်တော့ဘူးထင်တယ်…”


 “အား…”

ယွင်ရုန်က လက်ငါးချောင်းကို ကျစ်နေအောင် စုလိုက်သည်တွင် ကြေးမှုန်မိစ္ဆာက နာကျင်စွာ အော်လေသည်။


 “အား… နာတယ်လို့… အား…”

ကျန်းယန်၏ မျက်နှာမှာ နာကျင်လွန်း၍ ရုတ်တရက် ဖြူဆုတ်သွားသည်။ ကြေးမှုန်မိစ္ဆာမှာ မမျှော်လင့်ထားဘဲ သူ့လက်အား ရုတ်တရက် ထကိုက်ခြင်းဖြစ်သည်။


ကြေးမှုန်မှန်မိစ္ဆာက လူကိုကိုက်နေသည်ကို မြင်ရသောအခါ ယွင်ရုန်က တုံ့ဆိုင်းမနေတာ့ဘဲ လက်ကို ပို၍အားထည့်လိုက်သည်။ ခဏအတွင်းမှာပင် ကြေးမှုန်မှန်မိစ္ဆာမှာ ကျန်းယန်ထံမှ ဆွဲခွါခံလိုက်ရပြီး အဝေးတစ်နေရာသို့ ပစ်လွှတ်ခံလိုက်ရသည်။


ကြေးမှုန်းမှန်မိစ္ဆာမှာ အစိုင်အခဲမဟုတ်သောကြောင့် ထိုသို့ပစ်လွှတ်ခံရသော်လည်း နာကျင်မှုရှိမည်မဟုတ်ပေ။ သို့သော်လည်း သူမမှာ ‘ဗုန်း’ ဆိုသည့် အသံကျယ်ကြီးဖြင့် ပစ်ပေါက်ခံလိုက်ရခြင်းဖြစ်ပေသည်။ နံရံသို့ အရှိန်ပြင်းစွာတိုက်မိပြီးနောက် သူမမှာ အငွေ့ပျံခြင်းပင် မလုပ်နိုင်တော့ပေ။


 “မိစ္ဆာအကိုက်ခံလိုက်ရတယ်ဆိုတော့ သေတော့မှာလားဟင်…”


ကျန်းယန်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ထရပ်ဖို့ အကြိမ်ကြိမ်ကြိုးစားသော်လည်း အရာမရောက်ဘဲရှိလေ၏။ အဆုံးတွင် လုဟယ်နျန်က သူ့ကို ကူညီ၍ ထူပေးလိုက်ရသည်။ သူ၏ လက်တစ်ဖက်လုံးမှာ တုန်ရီနေဆဲဖြစ်ကာ လက်စွပ်မှာ ကျွတ်ကျသွားလေသည်။ လက်စွပ်ရှိနေခဲ့သည့်နေရာတွင် ကြေးပြားတစ်ပြားစာ ဒဏ်ရာရှိနေပြီး အသားပျောက်နေသည်ကို တွေ့ရလေသည်။


 “မိစ္ဆာတစ်ချက်လောက် ကိုက်ခံရတာနဲ့တော့ မသေပါဘူး…”


ယွင်ရုန်မှာ အကြောက်မပြေသေးသော ကျန်းယန်အား ကြည့်၍ ပြောစရာ ပျောက်ဆုံးနေ၏။ သူမက ဒဏ်ရာရှိရာကို ကိုင်ကြည့်ပြီး မိစ္ဆာအကြွင်းအကျန်များနှင့် မကောင်းသော နိမိတ်များအားလုံးကို ဖယ်ရှားပေးလိုက်သည်။

 “ဒဏ်ရာက အဆင်ပြေသွားပြီ… ကောင်းသွားမှာပါ…”


 “တကယ်လား… ဒါပေမဲ့ ဒါက မိစ္ဆာကိုက်တာလေ…”

ကျန်းယန်မှာ ယွင်ရုန်ပြောသည်ကို မယုံနိုင်ပေ။ သူ၏ မက်မွန်ပွင့်မျက်လုံးများက ယွင်ရုန်အား မယုံနိုင်စွာ ကြည့်နေသည်။


ကျန်းယန်မှာ သန်မာသော ကောင်ကလေးတစ်ဦးဖြစ်သော်လည်း သူ၏ အသက် ၂၀ မှာ ယွင်ရုန်အတွက်မူ ကလေးငယ်တစ်ဦးသာဖြစ်သည်။ ကျန်းယန်မှာ အရွယ်ရောက်ပြီး ကျန်းမာသော သူတစ်ဦးဖြစ်သော်လည်း ထိုခဏအတွင်း တုန်လှုပ်နေသော သူ့အားမြင်ရသည်မှာ အားလုံးကို စိတ်ထိခိုက်စေလေသည်။


ဘာပဲဖြစ်နေပါစေ ကျန်းယန်မှာ သူဌေး၏ တူဖြစ်သည်။ ယွင်ရုန်က သူ့လက်မောင်းအား ပုတ်၍ နှစ်သိမ့်ပေးလေသည်။

 “တကယ်ပါ ဘာမှမဖြစ်ဘူးနော်… မိစ္ဆာစွမ်းအင်တွေကို ထုတ်ပြီးပြီ… ကြေးမှုန်မှန်မိစ္ဆာတွေက အဆင့်နိမ့်တဲ့ မိစ္ဆာတွေမို့လို့ လူကို အန္တရာယ်ပေးနိုင်တဲ့ မှော်အစွမ်းမရှိဘူး…”


ထိုစကားကို ကြားရမှသာလျှင် ကျန်းယန်မှာ အသက်ဝဝရှူနိုင်လေသည်။ သူ့အား နှစ်သိမ့်ပေးနေသည့် ယွင်ရုန်ကိုကြည့်ကာ အဘွားဖြစ်သူပေးလိုက်သော တာဝန်ကိုသတိရသွားသည့် ကျန်းယန်မှာ ရုတ်တရက် အကြံတစ်ခုရလိုက်လေသည်။ 

အခုက အကောင်းဆုံးအချိန်ပဲ မလား…


ထိုကဲ့သို့ စဉ်းစားလိုက်ပြီးသည့်နောက် ဒဏ်ရာမှာ အရင်ကလောက် မနာကျင်တော့သည်ကို ခံစားလိုက်ရသည်။ ထို့နောက်သူက ယွင်ရုန်၏လက်ကို ကိုင်ကာပြောလိုက်သည်။

 “ကျေးဇူးတင်ပါတယ် ယွင်ရုန်… မင်းကြောင့်သာမဟုတ်ရင် ကိုယ်ဒီမှာ ထပ်ပြီး ဒုက္ခရောက်သွားနိုင်တယ်… မင်းက ကိုယ့်အသက်ကို ထပ်ကယ်လိုက်တာပဲ…”


ယွင်ရုန်မှာ ကြောင်ကြည့်နေမိသည်။


ဒီလူက ရုတ်တရက်ကြီး ဘာထကြောင်တာလဲ…


 “မင်းအသက်ကို ထပ်ကယ်လိုက်တယ်ဆိုတော့ ကျေးဇူးဆပ်ဖို့ သန်း ၂၀ က မလုံလောက်သေးဘူဆိုတဲ့ သဘောပေါ့… ပြန်ရောက်လို့ရှိရင် သန်း ၄၀ လုပ်လိုက် ဟုတ်ပြီလား…”

လုဟယ်နျန်က ကျန်းယန်၏ လုပ်ရပ်ကို မြင်ပြီးနောက် သူ့စကားကို ကြားလိုက်သည်တွင် အေးစက်စွာပြောလိုက်သည်။


ကျန်းယန်မှာ ပြောစရာစကား မဲ့ သွားသည်။


သူက ဘေးနားရှိ လုဟယ်နျန်အား အသည်းအသန် လှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် လုဟယ်နျန်ကလည်း သူ့အား လှည့်ကြည့်လေသည်။ သူ၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများက ရေခဲတမျှအေးစက်နေကြကာ ခံစားချက်ကင်းမဲ့နေကြသည်။


ကျန်းယန်က တုန်လှုပ်သွားကာ တံခါးဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ရယ်လျက်ပြောလိုက်သည်။

 “ကျွန်တော်… အပြင်ကပဲ စောင့်တာ ပိုကောင်းမယ်နော်… မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး… ကျွန်တော့်မှာ ကိစ္စတစ်ခုရှိသေးတယ်… ကျွန်တော် အရင်ပြန်လိုက်တော့မယ်နော်…”

ပြောပြီးသည်နှင့် သူ့ဒဏ်ရာအား ဖုံးလိုက်ကာ အလင်းကဲ့သို့ လျင်မြန်စွာ ပြေးသွားလေသည်။ 

ခုဏက မလှုပ်နိုင်ဖြစ်နေတာတွေက ဘယ်ရောက်သွားတာလဲ…


ပွဲကြည့်ပရိသတ်များဖြစ်ကြသော ဝမ်းပေါ် ဖုရှောင်နှင့် ချိုးတုန်းမင်တို့မှာ ပြောစရာစကား ပျောက်ဆုံးနေကြ၏။


ယွင်ရုန်က ကျန်းယန်၏ နောက်ကျောကို ကြည့်ကာ အသံကို နှိမ့်လျက် ပြောလိုက်သည်။

 “ကျန်းယန်ကိုကြည့်ရတာ ဒီနေရာ သိပ်မူမမှန်သလိုပဲ… ပြန်သွားရင် သူ့ကို စစ်ကြည့်ဖို့ ဆေးရုံကို ခေါ်မသွားချင်ဘူးလား…”

ထိုသို့ပြောကာ သူမ၏ခေါင်းအား ညွှန်ပြလိုက်သည်။


အမှန်မှာ သူတို့ ကုမ္ပဏီတွင်ရှိနေကတည်းက ယွင်ရုန်က ထိုကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။ သူမ၏ အမြင်တွင် ကျန်းယန်၏ ပါးစပ်မှာ အမြဲ ဂနာမငြိမ်ဖြစ်နေကာ သူ၏ အပြုံးမှာလည်း ဟန်လုပ်နေသည်ဟု ထင်လေသည်။ ထို့အပြင် သူမအား ကြည့်သည့် သူ၏ မျက်လုံးမှာလည်း အငြိိမ်မနေဘဲ ထူးဆန်းနေလေသည်။ 


ယွင်ရုန်မှာ ပုံမှန်အားဖြင့် စကားအများကြီးပြောလေ့ရှိသူမဟုတ်ပေ။ သို့သော်လည်း ကျန်းယန်မှာ လုဟယ်နျန်၏ တူဖြစ်လေသည်။ ဒါရိုက်တာမှာ သူမအား ကောင်းမွန်စွာ ဆက်ဆံပေးခဲ့ပြီး အကယ်၍ ကျန်းယန်သာ တကယ်နေမကောင်းဖြစ်နေပါက စောစောကုသနိုင်သည်ဟု သူမတွေးမိခြင်းဖြစ်သည်။ ထို့ကြောင့်လည်း လုဟယ်နျန်အား သတိပေးစကားပြောခဲ့ခြင်းဖြစ်သည်။


ကောင်မလေးက လေးနက်စွာပြောလာသောအခါ လုဟယ်နျန်မှာ စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်သွား၏။ သူက ထုတ်တော့ မပြပေ။ သူက နှုတ်ခမ်းတွန့်ရုံမျှ အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

 “သူ့ကို ဂရုစိုက်စရာမလိုပါဘူး… အဲဒါက သူဖြစ်နေကြပဲ…”


ပြန်ရောက်ရင် နည်းနည်းလောက် ဆူပေးလိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်…

လုဟယ်နျန်က ထုတ်မပြောဘဲ တွေးလိုက်သည်။


ယွင်ရုန်မှာ ထိုစကားကို ကြားသောအခါ သိပ်အာရုံမထားတော့ပေ။ သူမက ကြေးမှုန်မှန်မိစ္ဆာဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။

 “လူသားကို တမင်သက်သက် အန္တာရာယ်ပေးတယ်… လုံးဝထိပ်တန်းပြစ်မှုပဲ… ငါက အထူးရုံးတော်ကတော့ မဟုတ်ဘူး ဒါပေမဲ့ မိစ္ဆာလည်း မဟုတ်ဘူး… မိစ္ဆာလောက ဥပဒေက ငါ့အတွက်မဟုတ်ဘူးနော်… ထွက်ပြေးဖို့ စဉ်းစားနေသေးရင်လည်း ပြေးလို့ရတယ်… နောက်တစ်ခေါက်ထပ်မိရင်တော့ ငါ့ရဲ့  ကိုယ်ပိုင် အပြစ်ပေးစနစ်ကို သုံးမှာပဲ…”


ကြေးမှုန်မှန်မိစ္ဆာမှာ နံရံသို့ ပစ်ပေါက်ခံရပြီးနောက် ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားလေသည်။ မိစ္ဆာမှာ ကြမ်းပြင်ပေါ်တွင် ဗွက်အိုင်တစ်ခုကဲ့သို့ပင်် တစ်ကိုယ်လုံး ပျော့ခွေနေ၏။ သူမမှာ အချိန်အများစုတွင် အငွေ့ကဲ့သို့ မျောလွင့်၍သာနေခဲ့ရ၍ ဤကဲ့သို့ တစ်ခါမှ မဆက်ဆံခံရဘူးပေ။ ယခုမူ နံရံတစ်ခုဆီသို့ ပစ်ပေါက်ခံလိုက်ရကာ သူမ၏ ဝိညာဉ်တစ်ခုလုံးပင် ပစ််ခံရ၍ ကွဲကြေသွားသကဲ့သို့ ခံစားနေရ၏။ ဤသည်မှာ သူမ လင်းရှောင်မန်၏ ခန္ဓာကိုယ်မှ ဆွဲထုတ််ခံရတုန်းကထက်ပင် အဆပေါင်းများစွာ ပိုနာလေသည်။


သူမမှာ အလွန်ပင် ကြောက်လန့်နေသောကြောင့် စကားပြောသောအခါ တုန်ရီ၍နေလေသည်။

 “ငါ သခင်ကြီးကို တစ်ခါမှ မမြင်ဖူးဘူး….”


ခုထိ မပြောသေးဘူးပေါ့လေ…

ချိုးတုန်းမင်မှာ ဘေးကရပ်ကြည့်လျက်ကပင် ဒေါသထွက်လာ၏။ 


 “သူ့ကို တစ်ခါမှမမြင်ဖူးရင် ဘာလို့ သူ့အကြောင်းပဲ ပြောနေရတာလဲ… သူက တစ်ပါးတည်းသော နတ်ဘရားဆို… မင်းတို့ မိစ္ဆာတွေ ကြီးစိုးတဲ့ကာလကို ပြန်ရောက်အောင် လုပ်ပေးမှာဆို… ဘယ်သူ့ကို လာလိမ်နေတာလဲ…”


 “နင်တို့တွေ ယုံချင်ယုံ မယုံချင်နေကြ… မယုံရင်လည်း မမေးကြနဲ့လေ…”

ကြေးမှုန်မှန်မိစ္ဆာသည်လည်း ချိုးတုန်းမင်အပေါ်တွင် စိတ်ရှည်ပုံမရပေ။


 “နင်က တကယ်မပြောဘူးပေါ့လေ…”

ယွင်ရုန်က မျက်နှာပျက်သွားကာ သူမကလက်အတွင်းမှ နူးညံ့သော အမည်းရောင် ငှက်မွှေးယပ်တောင်တစ်ခု ပေါ်လာသည်။


 “ငါ နင့်ကို အပြစ်ပေးမယ်ဆိုရင် နင့်ဝိညာဉ်က လုံးဝတစ်စစီဖြစ်သွားမှာနော်…”


ယွင်ရုန်က သူမ၏ စွမ်းအင်အား ထိန်းချုပ်လိုက်သောကြောင့် လွန်ကဲသော စွမ်းအားမရှိသော်လည်း ယပ်တောင်မှာမူ ထိန်းချုပ်မထားပေ။ ထို့ကြောင့် ရှေးခေတ်မိစ္ဆာစွမ်းအင်များမှာ ပြန်ရုန်းထနေသော ကြေးမှုန်မှန်မိစ္ဆာအား တစ်ချက်တည်းနှင့် ရိုက်ချလိုက်လေသည်။


မိစ္ဆာမှာ ပျောက်ကွယ်သွားမည့်အရေးကို မြင်မိ၍ တုန်ယင်၍နေလေသည်။


ဖုရှောင်မှာလည်း သူမ၏ လူသားပုံစံအား ထိန်းမထားနိုင်တော့ပဲ မြင်းမြှီးကြာပွတ်ပြန်ဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ 

 

 “ငါတကယ် မတွေ့ဖူး…”

ကြေးမှုန်မှန်မိစ္ဆာက အလောတကြီး ပြောလိုက်သည်။

စွမ်းအာကြီး ရှေးဟောင်းမိစ္ဆာတွေက သေကုန်ကြပြီဆို… ဘာလို့ ဒီစွမ်းအင်က အရမ်းအားကြီးနေရတာလဲ…

မိစ္ဆာမျိုးနွယ်မှာ ရောင်ဝါလက္ခဏာများအား မခံနိုင်သည့်အလျောက် သူမသည်လည်း ပျက်စီးလုနီးပါး ခံစားနေရ၏။


 “မသေမျိုးသခင်ကြီး ပေါ်လာတိုင်း သူ့ခန္ဓာကိုယ်က မြူခိုးတစ်ချို့နဲ့ အမြဲဖုံးထားတာ… ကျွန်မက သူ့မျက်နှာကို မြင်ဖို့ မော့ကြည့်ရလောက်အောင် သတ္တိမရှိဘူးလေ… သူ့အသံကို နားထောင်ရတာတော့… သူက အမျိုးသမီးပဲ…”


ယွင်ရုန်၏ ယပ်တောင် သူမအား နောက်တစ်ခေါက်ရိုက်မိမည်ကို သူမ အမှန်တကယ်ကြောက်ရွံ့သောကြောင့် ကြေးမှုန်မှန်မိစ္ဆာမှာ ပဲစေ့မျှအရွယ်ထိပင် ကျုံ့သွားကာ သူမသိထားသမျှ ထုတ်ပြောလေတော့သည်။


ဝမ်းပေါ်မှာ အနားတွင် နားထောင်နေသော်လည်း မယုံကြည်နိုင်ဘဲ ရှိလေသည်။ သူက ကြေးမှုန်မှန်မိစ္ဆာအား ကြည့်၍ မေးလိုက်သည်။

 “မင်း ပါးစပ်ပိတ်နေတာက ဒီဟာလောက်လေးအတွက်နဲ့လား… အစတည်းက ပြောလိုက်ရင် ပိုမလွယ်ဘူးလား…. မင်းမပြောဘဲ ချန်ထားတာရှိသေးတယ်မလား… ဟမ်…”

သူပြောသလောက်မှာ ဘာမှ မပြောသလောက်ပင်ဖြစ်သည်။ သူတို့မှာ ယခုထိ မသေမျိုးသခင်ကြီးက မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။ ရေမိစ္ဆာတစ်ကောင်ဖြစ်သည်ဟူ၍သာ ခန့်မှန်းနိုင်လေသည်။


 “အဲဒါ ကျွန်မရဲ့ အဓိကခန္ဓာကိုယ်က သခင်ကြီးဆီမှာ ရောက်နေလို့ပါ… မြန်မြန်ပြောလိုက်ရင် သခင်ကြီးက ကျွန်မ ပြန်ရောက်တာနဲ့ အလွတ်ပေးတော့မှာမဟုတ်ဘူး…”

သို့သော်လည်း ကြေးမှုန်မိစ္ဆာမှာ သိသမျှ အကုန်ပြောပြနေခြင်းသာဖြစ်လေသည်။ 

 “ပြီးတော့ သူ့မျိုးရိုးနာမည်က ဖုန်း ဆိုတာက ကြားလိုက်သေးတယ်… တခြားတော့ ဘာမှ ထပ်မသိတော့ပါဘူး တကယ်ပါ…”


မိစ္ဆာအများစုမှာ မျိုးရိုးနာမည် ဖုန်း ကို အသုံးမများကြသောကြောင့် ရှာဖွေရလွယ်ကူပေလိမ့်မည်။ ဝမ်းပေါ်က ချိုးတုန်းမင်အား ပြောလိုက်သည်။

 “သွားပြီး မိစ္ဆာမှတ်ပုံတင်စာရင်းထဲ စစ်ကြည့်လိုက်… မျိုးရိုးနာမည် ဖုန်း နဲ့ မိစ္ဆာရှိသလားဆိုတာ…”


ချိုးတုန်းမင် ပြန်မဖြေမီမှာပင် ယွင်ရုန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

 “သွားစစ်နေရာမလိုတော့ဘူး… ဘယ်သူလဲဆိုတာ ကျွန်မသိတယ်… အဲဒါ ဖုန်းယီပဲ… အစတည်းက သူမှန်း သိခဲ့သင့်တာ…”


 “စီနီယာယွင်… ဖုန်းယီက ဘယ်သူများလဲ…”

ဝမ်းပေါ်က ချက်ချင်းပင်မေးလိုက်သည်။


ယွင်ရုန်က တစ်ကိုယ်လုံးကို လှည့်လိုက်သည်။ သူမမျက်နှာမှာ အရင်ကထက် ပိုတည်ငြိမ်နေသည်။ သူမ၏ ယပ်တောင် ကြောင့် ဖုရှောင်ဖြစ်သွားသည်ကို မြင်သောအခါ လျင်မြန်စွာ ပြန်သိမ်းလိုက်သည်။ ထို့နောက် ဆက်ပြောသည်။


 “ဒိီနာမည်ကို သူငယ်ငယ်တုန်းက သုံးတာမို့ လူတွေ သိပ်မသိလောက်ဘူး… သူ့ကိုယ်သူတော့ မသေမျိုးသခင်ကြီးလို့ ခေါ်မှာပေါ့… သူမှားတာတော့မမှားပါဘူး… လူသားမျိုးနွယ်တွေကလည်း သူ့ကို အဲဒီလို ခေါ်ခဲ့ကြတာကိုး….”



⛰️