Chapter 54
Viewers 3k

⛰️Chapter 54

ကြောင်သူတော်




ဝမ်းပေါ်၏ လူများမှာ သေချာနားထောင်နေကြသော်လည်း ယွင်ရုန်က လူသားများအပေါ် ပြောသွားသည်ကိုတော့ စိတ်ထဲ သိပ်မရှိကြပေ။ သို့သော် အနောက်ဘက်တွင် ရပ်နေသည့် လုဟယ်နျန်၏ မျက်လုံးများမှာမူ တောက်ပသွားကြသည်။ 

သူပြောလိုက်တာက ‘လူသားမျိုးနွယ်တွေ’ ဆိုတော့ သူက လူသားမဟုတ်တာများလား…


လုဟယ်နျန်မှာ ထိုအကြောင်းရင်းကို အမြဲ သံသယရှိနေသော်လည်း အကြောင်းတစ်ခုခုကြောင့် ယွင်ရုန်အား သူကြောက်စိတ် မဖြစ်လာပေ။ ယွင်ရုန်မှာ မည်သည့်မျိုးနွယ်ဝင်ပင်ဖြစ်စေ သူ့အား မည်သည့်အခါမျှ အန္တာရယ်ပေးမည်မဟုတ်ကြောင့် လုဟယ်နျန်အလိုလိုသိနေ၏။ သူတင်မကဘဲ အခြားလူများကိုလည်း ထိခိုက်စေမည်မဟုတ်ကြောင်းပါ သိလေသည်။ ယွင်ရုန်မှာ အလွန်ပင် ကြင်နာတတ်သော ကောင်မလေးပင် ဖြစ်သည်။


လုဟယ်နျန်မှာ ထိုကဲ့သို့ အတွေးလွန်နေဆဲမှာပင် ယွင်ရုန်က ထပ်ပြောလိုက်သည်။


 “သူက မြစ်မိစ္ဆာ ဟယ်ပေါ် ပဲ… ဒီနာမည်ကိုတော့ ရင်းနှီးကြတယ်မလား…”


အမှန်မှာ ဟယ်ပေါ်အား မိစ္ဆာတစ်ကောင်အဖြစ် ယူဆ၍မရပေ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူသားများမှာ ဤကမ္ဘာပေါ်တွင် အားအနည်းဆုံး ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် လူသားများက အသက်ရှင်သန်နိုင်ရန်အတွက် ယုံကြည်ချက်ထားကာ နတ်ဘုရားများစွာကို ဖန်တီးခဲ့ကြသည်။ ဟယ်ပေါ်မှာ လူသားများ၏ ယုံကြည်မှုကြောင့် ဖြစ်တည်လာသော နတ်ဘုရားတစ်ပါးပင်ဖြစ်သည်။


ထို့ကြောင့်ပင် သူ့ကိုယ်သူ တမင်ရည်ရွယ်၍ ဖုံးကွယ်ထားသောအခါ မည်သူမျှမမြင်နိုင်တော့ခြင်းဖြစ်လေသည်။


 “ဟယ်ပေါ်လား… အဲဒါက ဒဏ္ဍာရီမဟုတ်လား…”

ငှက်မွှေးနက်ယပ်တောင်အား သိမ်းလိုက်သောအခါ ဖုရှောင်မှာ လူပုံစံသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူမကို ကြည့်ရသည်မှာ ဖြူဖက်ဖြူရော် ဖြစ်နေသေးသော်လည်း သူမက နံရံကို မှီရပ်ကာ အံ့ဩစွာမေးလိုက်သည်။


 “မိစ္ဆာတွေဆိုတာလည်း လူသားတွေရဲ့ ဒဏ္ဍာရီပဲ မဟုတ်ဘူးလား… ဒါပေမဲ့ သူတို့လည်း တကယ်ရှိတယ်လေ…” 

ယွင်ရုန်က ပြန်ဖြေသည်။


ယွင်ရုန်က ထိုကဲ့သို့ ပြောလိုက်သောအခါ အထူးရုံးတော်မှာ လူများမှာ မျက်နှာပျက်သွားကြသည်။ ဟယ်ပေါ်မှာ သာမန် အသေးစားမိစ္ဆာလေးမဟုတ်ပေ။ ရှေးခေတ် မိစ္ဆာဖြစ်သည်။ ဤမျှလောက်သော လူအနည်းငယ်နှင့် သူ့အား မည်ကဲ့သို့ ကိုင်တွယ်နိုင်မည်နည်း။


အကယ်၍ ဆရာကျန်း ပြန်လာမည်ဆိုပါကလည်း သူနှင့်ယှဉ်၍ မရနိုင်သေးပေ။ သို့သော် ထိုအချိန်လောက်ဆိုလျှင် ဟယ်ပေါ်သည်လည်း လူပေါင်း ဒါဇင်နှင့်ချီကာ သတ်ပြီးလောက်ပြီ ဖြစ်သည်။ သူ့ကိုသာ မတားဆီးနိုင်ပါက နောက်ထပ် မိသားစုများမှာ ဤပူဆွေးမှုကြီးကို ဆက်လက် ခံစားရဦးမည် ဖြစ်ပေသည်။


အခန်းမှာ ခေတ္တမျှ တိတ်ဆိတ်သွား၏။


ဤတစ်ကြိမ်တွင်မူ ဝမ်းပေါ်၏ ဆဲလ်ဖုန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူက ဖုန်းကိုကိုင်လိုက်တာ ချက်ချင်းပင် သုန်မှုန်သွားသည်။ ထို့နောက် ဖုန်းကို မြန်မြန်ချလိုက်ကာ အားလုံးကို ပြောလိုက်သည်။

 “ရဲစခန်းက ခုပဲဖုန်းဆက်တယ်… ဆူးလီမြစ်ကမ်းပါးမှာ ၁၅ နှစ်အရွယ် ကောင်မလေးတစ်ယောက် ပျောက်သွားပြန်ပြီတဲ့….”


 “ဘာလို့များ ထပ်ဖြစ်ရပြန်တာလဲ…”

ဖုရှောင်က ရေရွတ်လိုက်သည်။ မူလက သူတို့တွေးထားသည်မှာ ဤကိစ္စနောက်ကွယ်မှ လက်သည်ကို ဖော်ကာ ပြစ်မှုစီရင်မည် ဟုပင်။ ယခုမူ တစ်ဖက်က ရန်သူမှာ ဆရာကြီးဖြစ်နေကာ ထိပ်တိုက်မရင်ဆိုင်မီ နာမည်ကြားရုံနှင့်ပင် သူတို့ ကြောက်ရွံ့နေကြပြီဖြစ်သည်။ 

သူက ဘယ်နှယ့်လုပ်ပြီး ဖမ်းကြမှာလဲ…


ချိုးတုန်းမင်၏ မျက်နှာတွင် ဒေါသရိပ်များလွှမ်းလာသည်။ သူက ဒေါသနှင့် သူ့ဆံပင်သူ ဆွဲကာပြောလိုက်သည်။

 “အခု ဘယ်လိုလုပ်ကြမလဲ… မဟုတ်ဘူး ကျွန်တော်အခု ဟယ်ပေါ်ဆီကို သွားမယ်… သူ့ကို လူထပ်သတ်ခိုင်းနေလို့မရတော့ဘူး…”


ထိုသို့ပြောပြီးနောက် သူက မက်မွန်သား ဓားရှည်ကို ဆွဲကာ အပြင်သို့ ထွက်ရန် ဦးတည်လိုက်သည်။


ဝမ်းပေါ်က သူ့အား စိတ်ဓာတ်ကျစွာဖြင့် တားလိုက်ကာ ဒေါသဖြင့် ဟောက်လိုက်သည်။

 “စိတ်လေးဘာလေးလျှော့ဦး… ကိုယ့်ကိုယ်ကိုယ် အသေခံတော့မလို့လား… ဆရာကျန်းက မကြာခင် ပြန်လာတော့မှာ… သူပြန်လာတဲ့အထိစောင့်ပြီး ဒီကိစ္စကို ဆွေးနွေးကြတာပေါ့…”


 “ဆရာကျန်း ပြန်လာတဲ့အထိစောင့်မယ်ဆိုရင်… လူတွေ ဘယ်လောက်ထပ်သေရဦးမလဲ မသိဘူးလေ…”

ချိုးတုန်းမင်က ဝမ်းပေါ်အား သေချာစွာစိုက်ကြည့်၍ စိတ်ပျက်စွာပြောလိုက်သည်။

 “ကျွန်တော် ထပ်မစောင့်နိုင်တော့ဘူ…တာအိုလမ်းစဥ်ကို လေ့ကျင့်ထားတဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော်လုပ်ရမှာက နတ်ဆိုးတွေနဲ့ ရင်ဆိုင်ပြီး မိစ္ဆာတွေကို ရှင်းပစ်ဖို့ပဲ…”


“ဟယ်ပေါ်အတွက်တော့ အဲဒီလိုလေ့ကျင့်ထားတဲ့သူက ပိုလိုတောင် အသုံးဝင်ဦးမယ်… ကိုယ့်ကိုယ်ကိုယ် သူ့အတွက်အားဆေးအဖြစ်ခံချင်ရင် သွားပေါ့…”

ချိုးတုန်းမင် စကားမဆုံးမီမှာပင် ယွင်ရုန်က စကားဖြတ်ပြောလိုက်သည်။


ချိုးတုန်းမင်မှာ မူက ဒေါသထွက်နေသော်လည်း ယခုမူ ရှက်စိတ်ပါဖြစ်ပေါ်လာသည်။ သို့သော် ယွင်ရုန်ပြောသည်မှာလည်း မှန်နေပေရာ သူ၏ ပြန်လည်ချေပချက်မှာ ထွက်မလာနိုင်တော့ပေ။ ဒေါသဖြင့်သာ ခေါင်းငုံ့၍ နေလိုက်တော့သည်။


ဝမ်းပေါ်က ချိုးတုန်းမင်ကို ဆွဲထားသည့် လက်ကို ရုတ်လိုက်သည်။ ချိုးတုန်းမင်၏ ခံစားချက်ကို သူနားလည်နိုင်ပေသည်။ အမှန်မှာ အထူးရုံးတော်မှ လူအားလုံးမှာ တူညီသော ခံစားချက်ဖြစ်ပေါ်နေကြ၏။  သူတို့အကုန်လုံး ဟယ်ပေါ်ကို ဖမ်းကာ ဟိုင်းရှီက လူများ၏ လုံခြုံရေးကို ကာကွယ်ပေးချင်ကြသည်။ သို့သော်လည်း ဟယ်ပေါ်အား သူတို့ဖမ်းနိုင်မဖမ်းနိုင်မည်မှာ မသေချာလှပေ။


ဟယ်ပေါ်က ဘယ်သူလဲ… ကောင်းကောင်းပြောရရင် သူက နတ်ဘုရားတစ်ပါးပဲ… လူသားတွေက နတ်ဘုရားကို အံတုနိုင်ပါ့မလား…


 “စီနီယာယွင်… ဒီကိုလာပြီး ဒုက္ခရောက်စေမိပြီ… နောက်ထပ်ကိစ္စတွေကိုတော့ ကျွန်တော်တို့ပဲ ကိုင်ကွယ်ဖြေရှင်းလိုက်ပါမယ်… အိမ်ကို စောစောပြန်လိုက်ပါနော်…”

ဝမ်းပေါ်က ယွင်ရုန်အားကြည့်၍ ပြောလိုက်သည်။ ဝမ်းပေါ်မှာ ယွင်ရုန်အား လေးစားသော်လည်း အကူညီ မတောင်းပေ။


ဝမ်းပေါ်၏ စိတ်ထဲတွင်မူ ယွင်ရုန်မှာ မည်မျှပင်တော်စေကာမူ ဟယ်ပေါ်ကဲ့သို့ အကောင်ကြီးတစ်ကောင်နှင့် ယှဉ်ပါက သူမလည်း မစွမ်းနိုင်ဟု ယူဆလေသည်။ 

ဘာလို့များ အပြစ်မရှိတဲ့ ကလေးမလေးကို ဆွဲထည့်နေမလဲ… 

ဟယ်ပေါ်ကို ဖမ်းရန်မှာလည်း သူတို့ရုံးတော်၏ မူလတာဝန်သာဖြစ်လေသည်။


ယွင်ရုန်မှာ ဝမ်းပေါ်က သူ့အား အကူညီမတောင်းဘဲ နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမက ခေါင်းကို မော့၍ ပြောလိုက်သည်။

 “ဟယ်ပေါ် ဒီထက်ပိုပြီးဆိုးတာတွေ မလုပ်ခင် တားလို့ရအောင် ကျွန်မလည်း ကူညီမယ်…”


အမှန်တွင် ယွင်ရုန်မှာ ပြန်နိုးထလာကတည်းက သူမ၏ အဆင့်တက်မှုမှာ မပြီးမြောက်သေးပေ။ နှစ် သုံးထောင်နှင့် ယှဉ်ပါက သူမက တစ်ဝက်သာ အဆင့်တက်ပြီးသေးသည်။ ဟယ်ပေါ်မှာ အနှစ်သုံးထောင်လုံး တည်ရှိနေခဲ့သည် မိစ္ဆာဖြစ်သည်။ ပြောရလျှင် သူက ဆက်တိုက်တည်ရှိနေသည့် ရှေးဟောင်းမိစ္ဆာတစ်ဦးဖြစ်သည့်အတွက် ယွင်ရုန်အတွက်ပင် ကိုင်ကွယ်ရခက်ခဲနိုင်လေသည်။


ယွင်ရုန်သည်လည်း မည်ကဲ့သို့ဖြစ်မည်ဟု တပ်အပ်မသိပေ။ သို့သော် သူမသည်လည်း လူသားများ၏ ယုံကြည်မှုမှ မွေးဖွားလာကာ လူသားများအား ကာကွယ်ရမည့် တာဝန်ရှိလေ၏။ ဟယ်ပေါ်က လူသားများ၏ အသက်ကို အသုံးပြုကာ အဆင့်တိုးတက်ရန် လုပ်ဆောင်နေပြီး ဤသည်မှာ ကောင်းကင်ဘုံဥပဒေအား ဆန့်ကျင်နေသည်။ သူမ အနေဖြင့် ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ပေ။


ယွင်ရုန်က အကူညီမတောင်းရပါပဲ သူမကိုယ်တိုင် ကူညီမည်ဟု ကမ်းလှမ်းလာသောအခါ ဝမ်းပေါ်မှာ အံ့ဩသွားသည်။

 “စီနီယာယွင်… ဟယ်ပေါ်က သာမန်မိစ္ဆာမဟုတ်ဘူးနော်…”


 “ကျွန်မသိပါတယ်… ဒါပေမဲ့ သူက အခု ဟိုင်းရှီကို ဖျက်ဆီးနေတာလေ… ကျွန်မမှာလည်း သူ့ကို တားရမယ့် တာဝန်ရှိတယ်….”

ယွင်ရုန်က ဝမ်းပေါ်ပြောချင်သည်ကို နားလည်သဖြင့် စကားကိုဖြတ်ကာ လေးနက်စွာပြောလိုက်သည်။


ယွင်ရုန်၏ တည်ငြိမ်သောအမူအရာမှာ အလွန်ပင် အားကိုးချင်စရာကောင်းလှသည်။ သူမမှာ မိန်းမငယ်လေးသာဖြစ်သော်လည်း အနားရှိလူများမှာ စိတ်အေးချမ်းမှုကို ခံစားလိုက်ရကာ စိတ်ပူပန်ခြင်းများ ပျောက်ကုန်ကြ၏။


ယွင်ရုန်က ကူညီဖို့သဘောတူလိုက်သော်လည်း ဤအမှုကို လျင်မြန်စွာ မဖြေရှင်းနိုင်သေးပေ။ အချို့သော စည်းကမ်းချက်များကို လိုက်နာရန်လိုနေသေးသည်။ ဝမ်းပေါ်က မြို့တော်ရှိ အထူးရုံးတော်အား ဖုန်းခေါ်လိုက်သည်။ အထူးရုံးတော်မှာ အရည်အချင်းရှိသော လူများနှင့်ဖွဲ့စည်းထားသည်ဖြစ်လေရာ အတော်ဆုံးရွှမ်းမန် အများစုမှာ မြို့တော်တွင် ရှိနေသည်။ မြို့တော်ရှိ အထူးရုံးတော်မှာ မိစ္ဆာအချို့ကိုပင် အလုပ်ခန့်ထား၏။ 


ဟယ်ပေါ်၏ အကြောင်းအား မြို့တော်ရှိ အထူးရုံးတော်သို့ တင်ပြလိုက်သောအခါ သူတို့ဘက်မှလည်း ဤကိစ္စအား ဦးစားပေးအနေနှင့် ဆောင်ရွက်ပေးမည်ဖြစ်ကာ လူအချို့ကို ရွေးကာ ဟိုင်းရှီသို့ တတ်နိုင်သလာက် အမြန်ဆုံးပို့ပေးမည်ဖြစ်ကြောင်း ပြောကြားလာ၏။ မည်သူ့ကို ပို့လွှတ်မည်ကိုမူ မသိရသေးကြောင်းလည်း အကြောင်းပြန်လိုက်သည်။ အမှန်တွင် တစ်စုံတစ်ယောက်အား ထိုသို့စေလွှတ်ရသည်မှာ လွယ်ကူသည်မဟုတ်ပေ။ အဆင့်နိမ့်သော လူတစ်ယောက်အား ပို့လိုက်မိပါက သူ့အသက်အား ဖြုန်းတီးရာပင် ရောက်ပေလိမ့်မည်။ သို့သော်လည်း အဆင့်မြင့်အမှုထမ်းများ ပို့ပေးလိုပါက ထိုသူတို့၏ ဆန္ဒပါမှသာ စေလွှတ်နိုင်လေသည်။


လူတစ်ယောက်၏ အသက်ကို စွန့်စားသောကိစ္စမှာ သူတို့၏ ကံကြမ္မာပေါ်တွင်သာ မူတည်လေသည်။ ဝမ်းပေါ်က ဖုန်းကို ချလိုက်ပြီး ဌာနချုပ်မှ တစ်ယောက်ယောက်ကို လွှတ်ပေးမည့်အကြောင်း ပြောလိုက်သောအခါ အားလုံးမှာ အနည်းငယ် အသက်ရှူချောင်သွား၏။


ဤရုံးတော်တွင်လည်း ဝမ်းပေါ်မှာ ပြင်ဆင်မှုများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ယွင်ရုန်ရှိနေလျှင်မူ ပို၍လွယ်ကူမည့် ကိစ္စဖြစ်သည်။ မြို့တော်မှ ရောက်ရှိလာမည့် အကူညီကို စောင့်ရမည်ဖြစ်ပြီး အကူအညီရသည်နှင့် တစ်ပြိုင်နက် ဆူးလီမြစ်ကမ်းပါးသို့သွားကာ ဟယ်ပေါ်ကို ဖမ်းနိုင်မည်ဖြစ်သည်။


အခြားမိစ္ဆာတစ်မျိုးမျိုးဖြစ်ခဲ့ပါက ယွင်ရုန်မှာ တစ်ယောက်တည်းသွားရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် ယခုမူ သူမရင်ဆိုင်ရမည့်သူမှာ ဟယ်ပေါ်ဖြစ်နေလေရာ သူမ သဘောမတူခင် အချိန်ယူစဉ်စားလိုက်ရသေး၏။ သို့သော်လည်း လူများလေ အင်အားပိုများလေဖြစ်သည်။ ထို့ပြင် သူမ၏ စွမ်းအင်ကို ဤနှစ်ရက်အတွင်း ပိုတိုးတက်စေရန်ပင် လုပ်ဆောင်နိုင်သေးပေ၏။


သူတို့ အထူးရုံးတော်မှ ထွက်လာသောအခါ ကောင်းကင်ပင် မှောင်နေပြီဖြစ်သည်။ လုဟယ်နျန်က ကားမောင်းလျက် ပုံမှန်အတိုင်းပင် ယွင်ရုန် ဘာစားချင်သည်ကို မေးလိုက်သည်။


 “ဟော့ပေါ့ စားကြမယ်…”


လူသားများတွင် အရသာရှိသောစားစရာများစွာရှိသော်လည်း ဟော့ပေါ့မှာ ယွင်ရုန်အကြိုက်ဆုံးဖြစ်သည်။ အစားအသောက်အကြောင်း ပြောရသောကြောင့် သူမ၏ မျက်နှာမှာ ပြုံးရွှင်လာသည်။


ကောင်မလေး၏အပြုံးကို မြင်သောအခါ လုဟယ်နျန်မှာလည်း အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဤကိစ္စများ၏ နောက်ကွယ်မှ တရားခံမှာ မိစ္ဆာ ဟယ်ပေါ်ဖြစ်သည်ဟု သူမကိုယ်တိုင် ပြောပြီးကတည်းက ယွင်ရုန်မှာ မျက်နှာမကောင်းတော့ပေ။ လုဟယ်နျန်က နှုတ်ခမ်းထောင့်ကွေးရုံ ပြုံးလျက် ပြောလိုက်သည်။


 “ဒါဆို တို့ ဟိုတစ်ခါသွားတဲ့ အရင်ဆိုင်ကိုပဲ သွားကြမလား…”


 “အိုကေ…”

ယွင်ရုန်က လက်ချောင်းလေးများကို ထောင်ကာပြောလိုက်သည်။

 “ကျွန်မ ပုစွန်ငါးပွဲစားမယ်နော်…”


အစားသောက်ကောင်းများသည် လူကို ပျော်အောင် လုပ်ပေးနိုင်သည်။ ဟော့ပေါ့အနည်းငယ်မျှ စားရသေးရုံဖြင့်ပင် ယွင်ရုန်မှ ဟယ်ပေါ်အား စိတ်ထဲမှ ဖျောက်ပစ်လိုက်ပြီဖြစ်သည်။ လုဟယ်နျန်က အနည်းငယ်သာစားပြီး ဆက်မစားတော့ချေ။ ထိုအစား ကျက်ပြီးသား စားစရာများအား တူတစ်ချောင်းဖြင့် ယွင်ရုန်၏ ပန်းကန်ထဲသို့ ထည့်ပေးသည့် အလုပ်ကိုသာ လုပ်နေလေသည်။


ယွင်ရုန်မှာ သူမ၏တူဖြင့် ပါးစပ်အပြည့်ထည့်ကာ ပါးလေးများဖောင်းလာသည်အထိ စားလျက် ပြုံးနေသည်။

 “ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို…”


 “ဖြေးဖြေးစားပါ… ဘယ်သူမှ လုမစားဘူး…”


လုဟယ်နျန်မှာ ရှဉ့်လေးတစ်ကောင်နှင့်တူသည့် သူမပုံကို ကြည့်ကာ မပြုံးပဲ မနေနိုင်ချေ။ သူက ဘေးနားရှိ တစ်သျှူးကို ယူကာ ကောင်မလေး၏ ပါးစပ်ကိုပင် သုတ်ပေးလိုက်သေးသည်။


ယွင်ရုန်က တစ်သျှူးကိုယူကာ ကိုယ်တိုင်ပင် ပါးစပ်ကို သုတ်လိုက်သည်။ ထို့နောက် ပါးစပ်ထဲတွင်ရှိသမျှအား မျိုချကာ ပြောလိုက်သည်။

 “ဒီနေ့ ဟော့ပေါ့က တော်တော်စားလို့ကောင်းနေသလိုပဲ…”


သူမ ခေါင်းထောင်ကာ ဆိုင်ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤမိသားစု၏ စီးပွါးရေးလုပ်ငန်းမှာ အတော်အလုပ်ဖြစ်သည်။ ဆိုင်ထဲတွင် ခုံနေရာလွတ်ပင်မရှိချေ။ ဧည့်သည်အားလုံးမှာ စားရင်းသောက်ရင်း ပျော်ရွှင်စွာ စကားပြောနေကြသည်။ ယွင်ရုန်လည်း ပြုံးလျက် ပြောလိုက်သည်။


 “ဒုတိယအစ်ကို ကျွန်မကတော့လေ တစ်ယောက်တည်းစားရတာထက် အများနဲ့ စားရတာ ပိုပျော်တယ် သိလား… ပြီးတော့လည်း အတူတူစားတဲ့အခါ အစားအသောက်က ပိုပြီး အရသာရှိသလိုပဲ…”


ကောင်မလေးက မစဉ်းစားပဲ ပြောလိုက်ခြင်းဖြစ်သော်လည်း လုဟယ်နျန်၏ နှလုံးသားမှာမူ နူးညံ့သော ဝါဂွမ်းနှင့်ထိသကဲ့သို့ နူးညံ့သွားကာ စိတ်ကျေနပ်သွားသည်။ ရှင်းပြရခက်သော ခံစားချက်တစ်မျိုးမှာလည်း ခန္ဓာကိုယ်အတွင်း လှည့်လည်စီးဆင်းသွားသည်။


လုဟယ်နျန်က ကောင်မလေးအားကြည့်ကာ လေးနက်စွာဖြင့် နူးနူးညံ့ညံ့ပြောလိုက်သည်။

 “ဒါဆိုလည်း နောက်ကျရင် မင်းထမင်းစားတိုင်း အမြဲအတူတူစားပေးမယ်လေ…”


ယွင်ရုန်မှာ သဘောတူသည်ဟု ပြောတော့မည့်ဆဲဆဲတွင် သူမစိတ်ထဲ အတွေးတစ်ခုပေါ်လာ၏။ သူမက ခေါင်းကို ယမ်းကာ ပြောလိုက်သည်။

 “အဲဒါ မဖြစ်ဘူး… နောက်ကျရင် ဒုတိယအစ်ကို မိန်းမယူပြီး ကလေးလည်း မွေးရဦးမှာ… အဲဒီအချိန်ကျရင် ကိုယ့်မိန်းမနဲ့ ကိုယ့်ကလေးနဲ့ပဲ ထမင်းအတူစားရမှာပေါ့… ကျွန်မနဲ့စားလို့ ဘယ်ရမလဲ… သူတို့ကပဲ အစ်ကိုနဲ့အတူစားပေးကြမှာ…”

ပြီးတော့ သူတို့နဲ့ပဲ ဘဝကို ကုန်ဆုံးရမှာလေ…


ယွင်ရုန်က ပြော၍မပြီးမီမှာပင် ခေါင်းမော့လိုက်သောအခါ လုဟယ်နျန်မျက်နှာ ပျက်သွားသည်ကို တွေ့လိုက်ရသည်။ သူမက ခေတ္တမျှ ကြောင်အမ်းအမ်းစိုက်ကြည့်ကာ သတိထားပြီး မေးလိုက်သည်။


 “ဒုတိယအစ်ကို ဘာဖြစ်လို့လဲဟင်…”


 “နောက်ကျရင် ငါက အိမ်ထောင်ပြုပြီး ကလေးမွေးလို့ရတယ်ပေါ့…”


လုဟယ်နျန်က သူမ၏မေးခွန်းအား စိတ်မပါလက်မပါစွာဖြင့် မေးခွန်းပြန်ထုတ်လိုက်သည်။ တစ်ပြိုင်နက်ထဲမှာလည်း ဤကောင်မလေးအား စိတ်လည်းတို ရယ်လည်းရယ်ချင်ဖြစ်နေ၏။


ယွင်ရုန်မှာ လုဟယ်နျန်က အိမ်ထောင်ပြုပြီး ကလေးယူမည့် အကြောင်းကို ကြားသောအခါ သူ့ဘဝ၏ ကံကြမ္မာအား စိတ်ပူပြီး စိတ်မကောင်းဖြစ်သွားသည်ဟု ထင်မှတ်ကာ နှစ်သိမ့်ပေးလေသည်။


 “ဒုတိယအစ်ကို… ဘာမှစိတ်ပူစရာမလိုဘူး…. ကျွန်မက မကောင်းတဲ့နိမိတ်တွေအကုန်လုံးကို ဖယ်ထားပေးပြီးပြီပဲ… အစ်ကို အိမ်ထောင်ပြုပြီး ကလေးယူတဲ့ကိစ္စက အနှေးနဲ့အမြန်ဖြစ်လာမှာပဲ… သူ့အချိန်မရောက်သေးလို့ပါ… ကျွန်မတို့ပြန်ရောက်ရင် မက်မွန်ပန်းတွေအတွက် အဆောင်တစ်ခုဆွဲပေးမယ်… အစ်ကို့ရဲ့ မက်မွန်ပန်းတွေ မကြာခင်ပွင့်လာစေရမယ်လို့ အာမခံတယ်…”


ယွင်ရုန်မှာ လုဟယ်နျန်၏ ခံစားချက်ကို နားလည်နိုင်လေသည်။ မကြာခင် အသက် ၃၀ ပြည့်တော့မည်ဖြစ်သော လုဟယ်နျန်မှာ လူသားအသက်နှင့်စာလျှင် မငယ်တော့ပေ။ စိတ်မပူဘဲ နေ၍မရတော့။ သူနှင့် သက်တူရွယ်တူများ၏ ကလေးများပင် အတော်လေး အရွယ်ရောက်နေပြီ ဖြစ်သည်။


 “မက်မွန်ပန်းတွေ မကြာခင်ပွင့်လာမယ်…”

လုဟယ်နျန်က မျက်ခုံးများကို ပင့်လိုက်သည်။ ဤကောင်မလေး၏ ခေါင်းထဲတွင် ဘာများစဉ်းစားနေသည်ကို သူဝင်သာ ကြည့်လိုက်ချင်သည်။


ယွင်ရုန်၏ အပြုအမှုမှာ နှေးကွေးသော်လည်း လုဟယ်နျန်၏ အသံတွင် ဒေါသသံပါနေသည်ကို သတိပြုမိသွားသည်။ ချက်ချင်းပင် သူမ နောင်တရသွားသည်။ သို့သော် သူမ မည်သည်ကို မှားပြောမိမှန်း သဘောမပေါက်ချေ။ 


ငါတော့ သူ့ကို အရမ်းစိတ်ထဲထည့်နေမိတာပဲ… အာ…


ကောင်မလေး၏ စိတ်မကောင်းဖြစ်နေသော မျက်နှာလေးကို မြင်လိုက်သောအခါ ပေါက်ထွက်တော့မည့် ဘောလုံးကဲ့သို့ ဖြစ်နေသော လုဟယ်နျန်၏ ဒေါသမှာ ချက်ချင်းပျောက်ကွယ်သွား၏။ သူက ယွင်ရုန်၏ ခေါင်းကို ပွတ်ပေးကာ ပြုံးလျက် ပြောလိုက်သည်။


 “အလုပ်ရှုပ်မခံပါနဲ့… ကိုယ့်အတွက် ဘာမက်မွန်ပန်းမှ မလိုဘူး…”


ကြောင်သူတော်…


ယွင်ရုန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ၏ ငှက်နီကြယ်ရွှေ့လျားနေသည်ကို ယွင်ရုန်မြင်ပြီးဖြစ်သည်။ (ငှက်နီမှာ ကြယ်စုများတွင် တောင်ဘက်ကို ရည်ညွှန်းသည်။ လ မှာ ကြယ်စင်စုများ၏ သတ်မှတ်ထားသော ရက်များတွင် ရွေ့လျားပါက ကောင်းသော နိမိတ်နှင့် ဆိုးသော နိမိတ်များ ဖြစ်လာနိုင်သည်ဟု ယုံကြည်ကြသည်။ ထိုကဲ့သို့ အခြင်းအရာများကို တရုတ်စာအုပ်များတွင် ဖော်ပြထားကာ လူသားများ၏ လက်ထပ်ခြင်း၊ သေဆုံးခြင်း၊ ကောက်ပဲသီးနှံစိုက်ပျိုးခြင်း နှင့် အိမ်ဆောင်ခြင်း စသည့်ကိစ္စများကို လုပ်ဆောင်ရန် အကောင်းဆုံး အချိန်ကို ပြောပြနိုင်လေသည်။) ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ လက်ထပ်ချင်နေသည်ကို အတိုင်းသာမြင်နေရသည်။


သူ မက်မွန်ပန်း မလိုချင်ဘူးဆိုတာ မဖြစ်နိုင်တာပဲ…


တကယ်ကို လူသားတွေက အတွေးတခြား အပြောတစ်ခြား လုပ်နိုင်ကြတာပဲ…


လုဟယ်နျန်က ယွင်ရုန်အား အကဲခတ်လိုက်တာ သူမ နားမထောင်နေမှန်း သိလိုက်သည်။ သူက အေးစက်စွာဖြင့် ပြောလိုက်သည်။


 “ကိုယ့်ကို အဲဒီလောက်တောင် မက်မွန်ပန်းပေးချင်ရင်လည်း မင်းကို လစာလျှော့ရုံရှိတာပဲ…


ဘာလို့လဲ…

ယွင်ရုန်က မျက်လုံးလေးများ ပြူးသွားက လုဟယ်နျန်အား မယုံကြည်နိုင်စွာကြည့်လိုက်သည်။ အတန်ကြာမှသာ သူမက ပြန်ဖြေလေသည်။

 “အိုကေ လေ…”


 “ဟုတ်ပြီ…”

လုဟယ်နျန်က သူမ၏ နှဖူးအား တစ်ချက်ပုတ်လိုက်သည်။


င့ါကလေးမကတော့ ဘယ်တော့များမှ ဒီကိစ္စတွေကို နားလည်မှာလဲ…



⛰️