⛰️Chapter 55
လိပ်
ယွင်ရုန်နှင့် လုဟယ်နျန်တို့ စားသောက်ပြီးသောအခါ အတော်ပင်နောက်ကျနေပြီဖြစ်သောကြောင့် ဟိုတယ်သို့ ပြန်ခဲ့ကြသည်။ ထိုညမှာ ဝိညာဉ်စွမ်းအင်များ ပြည့်ပြည့်ဝဝရရှိနိုင်သည့် လပြည့်ညဖြစ်သောကြောင့် ယွင်ရုန်မှာ မအိပ်တော့ချေ။ လမင်းကြီးမှာ ထိန်ထိန်သာလျက် ကြယ်အနည်းငယ်သာရှိပြီး တိမ်များလည်းကင်းစင်နေသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များပြည့်ဝနေရုံသာမကဘဲ ကံကောင်းပါက အဆင့်တက်ရန် အကူညီပေးနိုင်သော လမင်း၏ စွမ်းအင်ကိုပါ ရနိုင်လေသည်။
ယွင်ရုန်မှာ ခြိုးခြံသောအကျင့်သီလကို စောင့်ထိန်းနေသည်မှာ အချိန်တစ်ခုရှိပြီဖြစ်ကာ ညတိုင်းအိပ်ရာဝင်နောက်ကျလေ၏။ သူမက တန့်ချိုးတောင်ဘက်သို့ မျက်နှာမူကာ သူမ၏ စိတ်စွမ်းအင်အား တောင်ဆီသို့ ပို့လွှတ်သည်။ သူမ တောင်မှ ထွက်ခွါလာသည်မှာ လတစ်ဝက်ရှိပြီဖြစ်သော်လည်း ရှေးဟောင်းသုတေသနအဖွဲ့မှာ မည်သည့်လုပ်ငန်းတိုးတက်မှုမှ မရှိသေးပေ။
လူ ဆယ်ယောက် အယောက်နှစ်ဆယ်က အတူတကွကြိုးစားလုပ်ဆောင်နေသော်လည်း မြေကြီး၏ ထိပ်ဆုံးအလွှာလေးကိုသာ ဆွဲခွါနိုင်သေး၏။ ယွင်ရုန်စဉ်းစားနေသည်မှာ လူအများက သူမအား ကောင်းချီးပေးရန် ဆုတောင်းသည့်အနေဖြင့်ပေးထားသော ကျောက်မျက်ရတနာများအကြောင်းဖြစ်သည်။ ထိုရတနာများမှာ လူသားများက နှစ်ပေါင်းများစွာ သူမအား လှူဒါန်းသည့်အနေဖြင့် မြှပ်နှံခဲ့သည့်အတွက် ထောင်ချီမရှိလျှင် ရာချီတော့ ရှိမည်ဟု သူမက ခန့်မှန်းသည်။ သို့သော် ဤတူးဖော်သည့် လုပ်ငန်းစဉ်၏ အလုပ်လုပ်သည့်နှုန်းမှာ တစ်နှစ်ကြာသည်အထိ ပြီးမည်မဟုတ်ချေ။
ထိုသို့စဉ်းစားမိသည့်နောက်တွင် ယွင်ရုန်မှာ စိတ်သက်သာရာရသွားသည်။ ထိုသုတေသနအသင်း ပို၍ နှေးကွေးပါစေဟု ကြိတ်ဆုတောင်းမိသည်။ သူတို့၏ တူးဖော်ရေးလုပ်ငန်း မပြီးလျှင် တန့်ချိုးတောင်အား ဖြိုချလိုသည့် သူဌေးမှာလည်း အခွင့်အရေးရမည်မဟုတ်ချေ။ သူမသည်လည်း ယခုအချိန်ထိ လိုအပ်သောငွေပမာဏမရရှိသေးပေး။
သူမ၏ အမြင်အာရုံအား သုတေသနအဖွဲ့ရှိရာသို့ ဦးတည်လိုက်သည်။ အတန်ငယ်ညဉ့်နက်နေပြီဖြစ်သောကြောင့် အဖွဲ့ဝင်များမှာ အိပ်မောကျနေကြသည်။ ထိုစဉ်ရုတ်တရက် ယွင်ရုန်၏ အာရုံထဲတွင်အဖိုးအိုတစ်ဦး တွင်းတစ်ခုထဲသို့ ခြေချော်ကျသွားသည်ကို မြင်လိုက်ရသည်။ အဖိုးအိုမှာ ဖြူဖျော့နေသော အသားအရေရှိပြီး မျက်လုံးများကို မှိတ်ထားလျက် အသံယဲ့ယဲ့ဖြင့် ငြီးငြူလိုက်သည်။
သူ၏ လက်များက တစ်စုံတစ်ခုကို လှမ်းဆွဲရန်ကြိုးစားလျက် အရှေ့သို့ လက်ကိုလှမ်းလိုက်သည်။ သို့သော် အလွန်စိတ်ပူပန်နေသောကြောင့် သူလှမ်းဆွဲနေသော အဖြူရောင်ပစ္စည်းမှာ ပို၍ဝေးရာသို့ပင် လိိမ့်သွား၏။ တဖြည်းဖြည်းလိမ့်သွားသော ထိုအရာမှာ သူနှင့် သုံးလေးမီတာအကွာသို့ပင် ရောက်သွားကာ ကျောက်တုံးတစ်တုံးနှင့် တိုက်မိမှသာ ရပ်သွား၏။
ဒီအဖိုးက သေရတော့မှာပဲ…
ယွင်ရုန်က အဖိုးအို၏ ကိုယ်မှ ထွက်ပေါ်နေသော ရောင်ဝါများအား မြင်နေရသည်။
ကျိုးကျားတုက နာကျင်မှု ခံစားနေရသော နှလုံးအား ခံနိုင်ရည်ရှိစေရန် သူ့ရင်ဘတ်အား ပွတ်သပ်နေသည်။ သူက နှလုံးရောပါ ပြန်ထနေကြောင်း သိလိုက်သည်။ ဆရာဝန်က သူ့အား တတ်နိုင်သလောက်အနားယူရန် ညွှန်ကြားထားသော်လည်း သူက မနားနေနိုင်ချေ။ သူ့စိတ်ထဲတွင် တန်ချိုးတောင်အား ရှာဖွေနေသည့်အတောအတွင်း ရှေးခေတ်လူနေမှုများ၏ အထောက်အထားအသစ်များ တွေ့ရှိနိုင်သည်ဟု ယုံကြည်နေသည်။
ညအချိန်တွင် အိပ်ရာထက်၌ လူးလှိမ့်နေကာ အိပ်မပျော်နိုင်သည့်အတွက် ဓာတ်မီးတစ်လက်ယူကာ ထလာခြင်းဖြစ်သည်။ အသုံးဝင်မည့်အရာ တစ်ခုတစ်လေများ ရှာတွေ့နိုင်မည်လားဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။ နာရီအနည်းမျှ ထိုင်လိုက်ထလိုက်ဖြင့် အလုပ်လုပ်နေရာ ရုတ်တရပ်ထရပ််လိုက်ရာတွင် အောက်ဆီဂျင်မလုံလောက်မှုကြောင့် ဦးခေါင်းတွင် မိုက်ခနဲ ဖြစ်သွားကာ နှလုံးတွင်လည်း ဆစ်ခနဲ နာကျင်သွားသည်။
အိတ်ကပ်အတွင်းမှာ ဆေးကိုထုတ်ယူနေစဉ် လက်မှာ တုန်ယင်နေသောကြောင့် ဆေးဘူးမှာ မြေပြင်ပေါ်သို့ ကျသွားလေသည်။ ကျိုးကျားတုမှာ အားအင်ကုန်ခန်းနေပြီဖြစ်ပြီး အော်ဟစ်အကူညီတောင်းသော်လည်း အသံထွက်မလာဘဲ နောက်ပြန်လဲကျသွားလေ၏။
ရုတ်တရက်ပင် မွေးပျံ့သောပန်းများကို သယ်ဆောင်လာသည့် လေက သူ့မျက်စိရှေ့တွင် တိုက်ခတ်လာသည်။ ထို့အတူ အနားတွင်ရှိသော ဆေးဘူးသည်လည်း သူ့လက်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာ၏။
ကျိုးကျားတုမှာ သူ့လက်ထဲမှ ဆေးဘူးအား အံ့အားသင့်စွာနှင့် ငေးကြည့်နေသည်။ ထို့နောက် စဉ်းစားခြင်းမပြုတော့ဘဲ တုန်ရီနေသောလက်များဖြင့် ဆေးဘူးအဖုံးကို ဖွင့်ကာ ဆေးလုံးလေးငါးလုံးခန့် ထုတ်ယူပြီး ပါးစပ်အတွင်းသို့ ထည့်လိုက်လေသည်။ ထို့နောက် လည်ချောင်းအတွင်းတွင် ထိုဆေးလုံးများအား ခက်ခက်ခဲခဲမျိုချလိုက်သည်။
ငါးမိနစ်ကြာပြီးနောက် နှုတ်ခမ်းလေးကွေးတက်သွားကာ အသက်ဝဝရှူနိုင်သွား၏။
“အစ်ကိုကျိုး အစ်ကိုကျိုး ဘယ်ရောက်နေတာလဲ…”
မလှမ်းမကမ်းမှ သုတေသနအဖွဲ့ဝင် အဖိုးလီ၏ အသံထွက်ပေါ်လာသည်။
ကျိုးကျားတုက အားအနည်းငယ်စိုက်၍ ဖြေလိုက်သည်။
“ကျွန်တော်… ပထမကျင်းထဲမှာ…”
“ကဲ ညဘက်ကြီး ဘာတွေထွက်လုပ်နေတာတုန်းဗျာ… မရီးက ကျွန်တော့်ကို အစ်ကို့ကို သေချာစောင့်ရှောက်ဖို့မှာထားတာ… ဒီလိုလျှောက်သွားရင်းတစ်ခုခုဖြစ်သွားမှဖြင့်…”
လီကွမ်းမင်က ပထမကျင်းဆီသို့ လျှောက်သွားရင်း သရဲမြင်ခဲ့ရသကဲ့သို့ ဖြူဖျော့ပြီး ချွေးစီးပြန်နေသော ကျိုးကျားတု၏ မျက်နှာကို ဓာတ်မီးရောင်နှင့် မြင်လိုက်ရသည်။
“အစ်ကိုကျိုး…. လန့်အောင် မလုပ်ပါနဲ့…. ဘာဖြစ်ခဲ့လိုလဲ…”
လီကွမ်းမင်က ထပ်မေးမြန်ခြင်းမပြုတော့ဘဲ ကျင်းထဲသို့ ခုန်ချလိုက်သည်။
ကျိုးကျားတုမှာ အတန်ငယ်ပင် သက်သာနေပြီဖြစ်၍ ခပ်ယဲ့ယဲ့သာ ပြောလိုက်သည်။
“ငါ့နှလုံးက ပြန်ဖောက်ချင်လာလို့လေ… ရပါတယ်… ဆေးသောက်ပြီးပြီ… ပြန်ရောက်ရင်သာ မင်းမရီးကို မပြောပါနဲ့ကွာ…”
“အစ်ကိုက လူကို လန့်သေအောင် လုပ်နေတာပဲ… ပြောပါဦး တစ်ယောက်တည်းထွက်လာပြီး ဆေးသောက်ဖို့မမှီတော့ရင် ဘယ်လိုလုပ်ကြမလဲ ဟင်….”
ကျိုးကျားတုက အခြေနေကို ရှင်းပြသော်လည် လီကွမ်းမင်မှာ လန့်နေဆဲဖြစ်သည်။ သူက ကျိုးကျားတုအား ကူညီထူပေးကာ ထိုင်စရာနေရာရှာလိုက်သည်။
သူတစ်ယောက်တည်းရှိနေစဉ် နှလုံးထဖောက်၍ ဆေးသောက်ရန်မမှီမည့်အကြောင်းအား လီကွမ်းမင်ပြောသည်ကို ကျိုးကျားတုကြားသောအခါ အလိုလိုပင် ပါးစပ်ကထွက်သွားသည်။
“ခုလေးတင် အဲဒီလို မမှီတာမျိုးဖြစ်တော့မလို့…..”
လီကွမ်းမင်က ကြားသောအခါ ကျိုးကျားတု လက်ထဲမှ ဆေးဘူးကို ငုံ့ကြည့်လိုက်သည်။ ဆေးဘူးပေါ်တွင် တကယ်ရှိနေသည့် ဖုန်မှုန့်များကို တွေ့သောအခါ အဖိုးအိုကျိုးတစ်ယောက် ဆေးဘူးကိုပင် မကိုင်နိုင်ဘဲ လွှတ်ကျသွားသည်ကို တွေးမိပြီး ခြောက်ခြားသွား၏။
ထိုဆေးဘူးမှာ သူ့နှလုံးရောဂါအတွက်ဖြစ်ကာ ပြုတ်ကျ၍ စက္ကန့်ပိုင်းအချိန်အတွင်း ပြန်ကောက်ပြီး မသောက်နိုင်ပါက အသက်ပျောက်ပေလိမ့်မည်။
ထိုသို့တွေးမိသောအခါ လီကွမ်းမင်၏ မျက်နှာမှာ ခြောက်ခြားမှုဖြင့် ဖြူဆုတ်သွား၏။ သူက ကျိုးကျားတုဘေးတွင် ဝင်ထိုင်လျက် ပြောလိုက်သည်။
“ဒီမှာ အစ်ကိုကြီး… ညဆို တစ်ယောက်တည်းသွားလို့ မရတော့ဘူးနော်… အခုပဲ ဆေးဘူးတောင် ပြန်မကောက်နိုင်တာဆိုတော့….”
အစ်ကို အသက်တောင်ရှိချင်မှ ရှိတော့မှာ…
“အခုလေးတင်ပဲ ဒီဆေးဘူးကလည်း ငါကောက်လိုက်တာ မဟုတ်ဘူး…”
ကျိုးကျားတု၏ တိုးတိတ်သောအသံအား ကြားရသောအခါ လီကွမ်းမင်မှာ ပြောလက်စ စကားပင်ရပ်လိုက်ရသည်။
“ဒီနေရာမှာ အစ်ကိုပဲရှိနေတာကို… ဘယ်သူက ဆေးဘူးလာကောက်ပေးတာလဲ…”
လီကွမ်းမင်က အံ့အားသင့်စွာ မေးခွန်းပြန်ထုတ်လိုက်သည်။ သို့သော် သူလှည့်ကြည်သောအခါ ကျိုးကျားတုမှာလည်း လေးနက်စွာစဉ်းစားနေသည်ကို မြင်လိုက်ရသဖြင့် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။
“အစ်ကိုကျိုး…. ညနက်နေပြီနော် လန့်အောင် မလုပ်ပါနဲ့ဗျာ…”
“ငါတို့တွေ သူငယ်ချင်းဖြစ်လာတာလဲ ကြာနေပြီကို… မင်းကို ဘယ်တုန်းက အလကားနေရင်း ခြောက်လှန့်ဖူးလို့လဲ…”
ကျိုးကျားတုမှာ ကြောက်နေသည့်ပုံစံ မဖြစ်နေချေ။ သူက လက်ထဲမှ ဆေးဘူးအားကြည့်ကာ ပြောလိုက်သည်။
“ငါအဲဒီတုန်းက လေတွေတိုက်လာတာကိုပဲ ခံစားလိုက်မိတာ… ပြီးတော့ ဒီဆေးဘူးက သူ့ဘာသာထပျံပြီး ငါ့လက်ထဲကို ရောက်လာတာပဲ… အဲဒီတုန်းက ဆေးဘူးက ငါနဲ့ လေးငါးမီတာ အကွာမှာ ရောက်နေတာ… ငါဘယ်လိုမှ လက်လှမ်းလို့မမီတာတော့ သေချာတယ်…”
ထိုအခြေနေမှာ မည်သို့မျှ စိတ်ကူးယဉ်ကြည့်၍မရသော အခြေနေဖြစ်သည်။ လီကွမ်းမင်မှာ ထိုအကြောင်းရာအား ကြားလိုက်ရသော ခဏတွင် လန့်ပြီး ထခုန်မတက်ဖြစ်သွားသည်။ သူက ကျိုးကျားတု၏ လက်မောင်းအား ဖမ်းဆွဲကာ ပြောလိုက်သည်။
“ကျွန်တော်တို့နှစ်ယောက်လုံးက အလုပ်သမားတွေနော်… ပြီးတော့ ဘာမှလည်း အယုံအကြည်မရှိတဲ့ လေ့ကျင့်ပြီးသား တိုက်ခိုက်ရေးသမားတွေနော်… အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့….”
သို့သော် ကျိုးကျားတု၏ အမူအရာမှာ နောက်ပြောင်ကာပြောနေသည့် ပုံမပေါက်နေပေ။
“အဖိုးကြီးလီ… ဒီနားကရွာကိုသွားတုန်းက ရွာလူကြီးတွေ ပြောလိုက်တာကို မှတ်မိသေးလား… တန့်ချိုးတောင်မှာ တောင်စောင့်နတ်ရှိတာမို့ ငါတို့ ဘယ်တော့မှ တောင်ကို တူးဖော်လို့ရမှာမဟုတ်ဘူးဆိုတာကိုလေ… ငါတို့တွေ့ခဲ့တဲ့ ကျောက်စိမ်းအသုံးအဆောင်တွေကလည်း ဘာအတွက်သုံးကြတာဖြစ်မလဲ… ငါထင်တာတော့ သူတို့က တောင်စောင့်နတ်ကို ပူဇော်ပသတာပဲ…”
ကျိုးကျားတုက အပြုံးအရယ်မရှိ ပြောလိုက်သည်။
“ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ ယဇ်ပူဇော်တဲ့ နေရာဘာညာမှ မတွေ့ရတာကို… အဲဒီတောင်စောင့်နတ်ဆိုတာကရော တကယ်ရှိတာ ဟုတ်လို့လား…”
ညလယ်ခေါင်တွင် ထိုကဲ့သို့သော ထူးဆန်းသည့်စိတ်ဝိညာဉ်ဆိုင်ရာများ ပြောနေရသည်သဖြင့် လီကွမ်းမင်မှာ ကြက်သီးများပင်ထလာ၏။
“မသိဘူးလေ… ဒါပေမဲ့ ငါတို့မသိတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး….”
ကျိုးကျားတုမှာ အဖိုးအိုတစ်ယောက်၏ စိတ်မရှည်သော ခေါင်းမာသည့် ဒေါသရှိလေသည်။
“မင်းပြောကြည့်လေ… အဲဒီတောင်စောင့်နတ်ကြောင့်သာမဟုတ်ရင်… ဆေးဘူးက ငါ့လက်ထဲကို ဘယ်လိုရောက်လာရတာလဲ…”
“ညနက်နေပြီဆိုတော့… ဖြစ်နိုင်တာက…”
လီကွမ်းမင်မှာ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း ကိုယ်ရှိန်သတ်ကာ ထိန်းလိုက်သည်။ တောင်စောင့်နတ်နှင့် စာလျှင် အခြားအရာများမှာ ပို၍ကြောက်ဖို့ကောင်းသည် ဖြစ်၏။ ထိုကဲ့သို့ နက်နဲသော ကိစ္စများကို သူယုံကြည်ရန်ပင် အလွန်ခက်ခဲလေသည်။
လီကွမ်းမင်က သူ့အား မယုံသည်ကို မြင်ရသောအခါ ကျိုးကျားတုမှာ ဆက်၍မပြောတော့ချေ။ သူ့အသက်မှာ ၈၀ နားကပ်နေပြီကာ အသက်၏အဆုံးနားကပ်နေသူပီပီ ကိစ္စများမှာ မိမိထင်သလိုဖြစ်မလာတတ်ကြောင်း နားလည်ထားပြီးဖြစ်သည်။ လူသားများမှာ အမြဲတစေ အမြင်ကျဉ်းမြောင်းတတ်ကြပေသည်။
“သွားမယ်… တဲဆီကို ပြန်ရအောင်… “
ကျိုးကျားတုက ဆေးဘူးအား အိတ်ကပ်ထဲသို့ ပြန်ထည့်ကာ ရှေ့မှ ဦးဆောင်ကာ လျှောက်သွားလိုက်သည်။ ဤကဲ့သို့ ကိစ္စမျိုးမှာ ကိုယ်တိုင်ကြုံဖူးမှသာ လက်ခံနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ဤအကြောင်းအား နောက်ထပ် မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
ယွင်ရုန်မှာ သူမ၏ စိတ်ဝိညာဉ်အား မသိမ်းမီ အဖိုးအိုနှစ်ယောက် ရွက်ဖျင်တဲအတွင်းဝင်သွားသည်အထိ စောင့်လိုက်သည်။ သူမ၏ ဟိုတယ်အခန်းရှိရာသို့ ပြန်ရန် ဟန်ပြင်နေဆဲမှာပင် တန့်ချိုးတောင်မှ ရွှေရောင်အလင်းတန်းတစ်ခုထွက်လာကာ သူမ၏ ဝမ်းဗိုက်အတွင်း ဝင်သွားသည်ကို ခံစားလိုက်ရသည်။
ထိုခဏအတွင်းမှာပင် နွေးထွေးသောခံစားချက်တစ်ခုသည် ယွင်ရုန်၏ အရိုးနှင့် အသားသို့ပင် စီးဆင်းသွားသည်။ သူမ၏ ပျောက်ဆုံးနေသော အဆင့်ဖွံ့ဖြိုးမှုသည် အတန်ငယ်မျှ ပြန်လည်ရရှိလာပြီဟု ခံစားလိုက်ရသဖြင့် ယွင်ရုန်မှာ အံ့ဩဝမ်းသာသွားသည်။
ချက်ချင်းဆိုသလိုပင် ယွင်ရုန်၏ စိတ်အခြေနေမှာ အလွန်ကောင်းမွန်သွား၏။ သူမက တန့်ချိုးတောင်အား ဂုဏ်ယူစွာဖြင့် ကြည့်လိုက်ကာ နှလုံးအိမ်တွင် ခံစားချက်များ ပြည့်နှက်လာသည်။ လူသားများမှာ သူမအား မမေ့မပျောက်ရှိနေကြဆဲဖြစ်ကာ လူသားမျိုးနွယ်အတွက် သူမ လုပ်ပေးသည်များမှာ အချည်းနှီးမဖြစ်တော့ပေ။
ရွှင်လန်းသောစိတ်ဖြင့် ယွင်ရုန်တွေးလိုက်မိသည်မှာ ဤသုတေသနအဖွဲ့မှာ အဖိုးအိုပါ ပါသည်ဖြစ်၍ နွေရာသီပူအိုက်သောအချိန်တွင် တူးဖော်ရေးလုပ်ငန်းအား သူတို့ဆက်မလုပ်နိုင်ကြမည့်အကြောင်းဖြစ်သည်။ ထိုကဲ့သို့ဖြစ်မလာစေရန် သူတို့အား သူမ ပို၍ဂရုစိုက်ပေးရတော့မည်ဖြစ်သည်။ တောင်အား လုံးဝ ဖြိုချလိုက်သည်ထက် တူးဖော်ရေးလုပ်ငန်းအား တစ်နှစ်ခန့်အထိ လုပ်နိုင်စေရန် သူမ ကူညီပေးသင့်သည်ဟု တွေးမိလိုက်သည်။
တောထဲတွင် သစ်ပင်များများစွာရှိနေသေးသောကြောင့် မြို့ပေါ်ထက်စာလျှင် ပို၍ နေထိုင်ကောင်းကာ ပို၍ အေးမြလေသည်။ သို့သော်လည်း အချိန်နှင့်အမျှ ယုန်နှင့် ရှဉ့်ကဲ့သို့ အခြားအကောင်ငယ်လေးများက လူများဆီသို့ လိမ္မော်သီး နှင့် ဘယ်ရီသီးများကို ပစ်ပေါက်လေ့ရှိကြသည်။ ထိုသို့ပစ်ပေါက်ပြီးသည်နှင့် တစ်ပြိုင်နက် ထွက်ပြေးသွားတတ်ကြ၏။ ဤအခြင်းအရာမှာ အတော်ပင် ထူးဆန်းသည်။
အစပိုင်းတွင် သုတေသနအဖွဲ့က ထိုအသီးများကို ရွှေ့ပင်မရွှေ့ရဲကြသော်လည်း နောက်ပိုင်းတွင် အသီးများကို အပုံလေးတစ်ခုလုပ်ကာ စုထားလိုက်ကြသည်။ အဖွဲ့သားတစ်ယောက်ကမူ ထိုသို့ပုံထားလျှင် အလေအလွင့်ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
တစ်ကိုက်ကိုက်ပြီးသောအခါ အရသာမှာ အလွန်အံ့ဩဖို့ကောင်းကာ ဆိုင်များတွင် ဝယ်ရသည်ထက် ပိုလတ်ဆတ်ကာ အရသာရှိနေသည်ကို တွေ့လိုက်ရလေသည်။ သို့သော် အခြားသူများမှာ မစမ်းကြည့်ရဲကြပေ။ သူတို့ဘဝတစ်လျှောက်တွင် တောင် ပေါင်းများစွာ၌ တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ မကြုံခဲ့ဖူးကြပေ။ သူတို့သိထားသည်မှာ သုတေသနလုပ်ငန်းသည် ခက်ခဲကြမ်းတမ်း၍ မည်သည်မှ ပြန်မရရှိနိုင်ခြင်းပင်ဖြစ်သည်။ ယခုမူ ဤအလုပ်မှာ ပျော်ရွှင်ဖွယ်ကောင်းသည့်အလုပ်အဖြစ် ပြောင်းသွား၏။ အကယ်ပင် တောင်စောင့်နတ်ရှိနေတာလား…
ဤအတွေးပေါ်လာသည်နှင့် တစ်ပြိုက်နက် အလုပ်သမားအားလုံးမှာ ခေါင်းထဲစွဲသွားကြသည်။ အချို့အလုပ်သမားများပင်လျှင် အလုပ်မသွားမီ တောင်ပိုင်သခင်မအား ပူဇော်ပသကာ စောင့်ရှောက်ပေးရန် ဆုတောင်းတတ်လာ၏။
********
လုဟယ်နျန်မှာ ယွင်ရုန်အား ပို့ပေးပြီးသည်နှင့် အိမ်သို့ တန်းပြန်လာခဲ့သည်။ ယွင်ရုန်က နတ်ဆိုးစွမ်းအင်အား လျော့နည်းစေရန် သူ့လက်ပေါ်တွင် အဆောင်တစ်ခု ဆွဲပေးပြီးသည့်အချိန်မှစကာ သူ၏မကောင်းသော ကံကြမ္မာများ ထပ်ထွက်မလာကြတော့ပေ။ အိမ်ရှိ မိသားစုဝင်များကိုပင် မထိခိုက်တော့ပေ။
အရင်ကမူ အိမ်ရှိ လူများ၏ ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် လုဟယ်နျန်မှာ အခြားအိမ်တွင်သာ အနေများလေသည်။ ယခုမူ သူ့တွင် အခွင့်အရေးတစ်ခု ရလာပြီဖြစ်သည့်အတွက် အိမ်ရှိ မိသားစုဝင်များနှင့် ပို၍အတူရှိချင်နေလေသည်။
လုဟယ်နျန်ဧည့်ခန်းထဲသို့ ဝင်သွားသောအခါ ကျန်းရှုဟွားတစ်ယောက် မီးဖိုခန်းအတွင်းမှ ရေခွက်တစ်ခုကိုင်ကာ ထွက်လာသည်နှင့် တိုးလေသည်။ သူ့ကိုမြင်သည်နှင့် ကျန်းရှုဟွား၏မျက်လုံးများမှာ တောက်ပသွားကြသည်။
“ဟယ်နျန်ပြန်လာပြီလား…”
ကျန်းရှုဟွားက ရှေ့သို့တိုးကာ ပြုံးရွှင်စွာပြောလိုက်သည်။
“အမေဗိုက်ဆာတာနဲ့ တစ်ခုခုစားဖို့ ထရှာတာ… ဘာလို့ ဒီလောက်နောက်ကျနေရတာလဲ…”
အခြားအရာကို ပြောမိပါက လုဟယ်နျန်မှာ သူမပြောသည်ကို ယုံမိမည်ဖြစ်သော်လည်း တစ်ခုခုစားဖို့ ထွက်လာသည်ဆိုသည်မှာ လိမ်ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ကျန်းရှုဟွားမှာ ညစာပြီးသည့်နောက် မည်သည့်အခါမှ ထပ်မစားတတ်ပေ။ သူမမှာ သူပြန်လာသည်အထိ စောင့်နေခြင်းသာဖြစ်လေသည်။
လုဟယ်နျန်က သူမအား မရှောင်တော့ဘဲ ပြန်ဖြေလိုက်သည်။
“ရုံးမှာ အရမ်းအလုပ်များနေလို့ပါ…”
“ရုံးအလုပ်တွေလား…”
ကျန်းရှုဟွားက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ ကျန်းယန်ဆိုသည့် ကောင်ကလေးမှာလည်း သူပြန်လာသည်ကို အကြောင်းမကြားပေ။ သူမက သတိမထားမိဘဲ ပြောလိုက်မိလေသည်။
“မင်း ယွင်ရုန်နဲ့ တစ်ခုခုလုပ်ကြဖို့ သွားတာမဟုတ်ဘူးလား…”
⛰️