Chapter 56
Viewers 3k

⛰️Chapter 56

 လိပ်



 “အမေက အဲဒါကို ဘယ်က ကြားလာတာလဲ…”


လုဟယ်နျန်က ရေခဲရေတစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။ ထို့နောက် လည်စီးကို လျှော့ကာ ဆက်ပြောလိုက်သည်။


 “ကျန်းယန် ပြောလိုက်တာမလား… မား… ဒီနေ့ ကျန်းယန် ရုံးကိုလာပြီး ယွင်ရုန်ကို လာရှာတာ အမေတို့ စီစဉ်ပေးလိုက်လို့မလား…”


သားဖြစ်သူ၏ တိုက်ရိုက်မေးခြင်းကို ခံလိုက်ရသောအခါ ကျန်းရှုဟွားမှာ ဟန်မဆောင်တော့ဘဲ ပြုံးလျက်ပြန်ဖြေလိုက်သည်။

 “အမေက မင်းအတွက်လုပ်ပေးနေတာကို… ပြောပါဦး မင်း ကောင်မလေးကိုကြိုက်နေပြီမလား… ယွင်ရုန်ကိုလေ…”


လုဟယ်နျန်က သူ့အမေအား အကူညီမဲ့စွာကြည့်လိုက်သည်။ မေးသူမှာ အခြားသူတစ်ယောက်သာဖြစ်ပါက လုဟယ်နျန် ဒေါသထွက်နေပြီးဖြစ်နေမည် ဖြစ်သည်။ သို့သော် ကျန်းရှုဟွားမှာ သူ့အားမွေးပေးခဲ့သည့် မာတာမိခင်ဖြစ်လေရာ ဒေါသကို လျှော့၍ ပြောလိုက်သည်။

 “မား…အဲဒီလိုမလုပ်ပါနဲ့လား…”


 “ဘာကို မလုပ်ပါနဲ့လဲ…မင်းက မားရဲ့ သားလေ…”

ကျန်းရှုဟွားမှာ မရည်ရွယ်ပါပဲလျက် ဆိုဖာဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။

 “မင်းက အသက်ပဲ ၃၀ ရှိနေပြီကို ခုထိ အိမ်ထောင်မပြုရသေးတော့ မားက စိတ်မညစ်ဘဲ နေပါတော့မလား…”


လုဟယ်နျန်က သူမနောက်ကျောကို ကြည့်နေသည်။ သူမ၏ အသံမှာ အတန်ငယ်တုန်သွားကာ ရှိုက်သံကိုပင် ကြားလိုက်ရသည်။


ဤကိစ္စမှာ ကျန်းရှုဟွားအား အကယ်ပင် စိတ်ဒုက္ခပေးနေလေသည်။ လုဟယ်နျန်မှာ မိခင်ဖြစ်သူ သူ့အား မွေးဖွားခဲ့စဉ်က အသက်လု၍ မွေးခဲ့ရသည်ကို သိထားသည်။ နှစ်ပေါင်းများစွာကြာသည်အထိ မိခင်မှာ သူ့ဘဝ၏ ဇာတာနှင့်ပတ်သက်၍ စိတ်ပူပန်ခဲ့ရသည်။ လုဟယ်နျန်ကိုယ်တိုင်မှာလည်း အမှန်တကယ်ပင် သူ့အမေအပေါ် အပြစ်မကင်းစိတ် ခံစားခဲ့ရသည်။


လုဟယ်နျန်က ကျန်းရှုဟွား၏ ဘေးသို့သွားကာ ဝင်ထိုင်လိုက်သည်။ 

 “မား… သား သေချာတာတစ်ခုတော့ရှိပါတယ်… အခုဆို သားရဲ့ ဇာတာ ပြဿနာက ဖြေရှင်းလို့မပြီးသေးတော့ အဲဒီကိစ္စတွေကို ဘယ်လိုလုပ်ပြောနိုင်ဦးမှာလဲ… သားရဲ့ဇာတာကို ရှင်းပြီးတဲ့အထိစောင့်ပါဦး… အဲဒါပြီးရင်တော့ သား ယွင်ရုန်နဲ့ စကားပြောပါမယ်…”


သူ့ဇာတာအား မဖြေရှင်းနိုင်လျှင် သူလည်း အသက်ရှည်တော့မည်မဟုတ်ပေ။ 

ဘာများထပ်ပြောရဦးမလဲ… ခံစားချက်တွေကို ဖွင့်ပြောပြီးတာနဲ့ ထွက်သွားမယ်လို့လား… ဘာလို့များ သူ့ကို ခံစားရအောင်လုပ်နေတော့မလဲ…

သို့သော် လုဟယ်နျန်က ဤစကားများကို ထုတ်မပြောချေ။


 “ဒါပေမဲ့ မင်းရဲ့ ဇာတာ….”

ကျန်းရှုဟွားမှာ ပြောစရာများကျန်နေသေးသည်။


လုဟယ်နျန်က စကားဖြတ်ပြောလိုက်သည်။ 

 “ဇာတာက ပိုကောင်းလာပါပြီ… ပြီးတော့ ယွင်ရုန်ကလည်း မကောင်းနဲ့ နိမိတ်တွေ ပျောက်အောင်ဆိုပြီး အဆောင်ပေးထားသေးတယ်… ဆရာကျန်းရဲ့ ကျောက်စိမ်းဆွဲသီးထက်တောင် ပိုကောင်းသေးတယ်… ကျွန်တော့်ကိုယ်ထဲက အဲဒီမကောင်းတဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ မထွက်တော့သလောက်ပဲ… နည်းနည်းထပ်စောင့်လိုက်ရင် ဒီဇာတာကိုလည်း ဖြေရှင်းပြီးသွားမှာပါ…”


 “မား… သားကို စိတ်မပူပါနဲ့…”


 “တကယ်လား…”

ကျန်းရှုဟွားမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ သူမ၏သားအား သေချာအကဲခတ်နေလေသည်။ မကောင်းသော ကိုယ်ရောင်ကိုယ်ဝါများမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း လုဟယ်နျန် အရင်ကနှင့် မတူတော့သည်ကို ခံစားနိုင်လေသည်။ မကောင်းသောနိမိတ်များ မထွက်စေရန် ကျောက်စိမ်းဆွဲသီးကို သုံးသည့်အချိန်က သူမ၏ သားအနီးသို့ ကပ်လိုက်တိုင်း အသက်ရှူရခက်ခဲခြင်းကို ခံစားရလေသည်။ ယခုမူ သူ့သားနှင့် နီးကပ်စွာနေနေပါသော်လည်း မည်သည့်အခြင်းအရာကိုမျှ မခံစားရပေ။


လုဟယ်နျန်ပြန်မဖြေခင်မှာပင် သူမ ယုံကြည်စိတ်ချသွားလေသည်။


ကျန်းရှုဟွားမှာ ချက်ချင်းပင် ပျော်ရွှင်သွားကာ လုဟယ်နျန်၏ မျက်နှာကို ကိုင်လိုက်သည်။

 “ကောင်းလိုက်တာ သိပ်ကောင်းတာပဲ… မားပြောပြမယ်… နောက်ဆို ကောင်မလေးအပေါ်ကို ကောင်းပေးရမယ်နော်… မင်းကသဘောကျနေတာဆိုတော့… သစ္စာလည်းရှိရမယ်… ယွင်ရုန်က အခုမှ ငယ်ငယ်လေးရှိသေးတာ… သူကလေးဆန်တာကိုလည်း မင်းက သည်းခံပေးရမယ်… မင်းသူ့ကို ချစ်တယ်ဆိုတာက ထုတ်ပြောရမယ် သူ့ကို သိအောင် လုပ်ရမယ်နော်….”


 “အွန်း…”

လုဟယ်နျန်က တစ်ခွန်းတည်းနှင့် ပြန်ဖြေလိုက်သည်။ 

 “အိုကေ မား… အချိန်က မစောတော့ဘူး… စောစောအိပ်ပါနော်…”


ကျန်းရှုဟွားမှာ စိတ်ပူစရာများရှင်းသွားသဖြင့် အိပ်ချင်လာသည်။ ပုံမှန်အားဖြင့် ဤအချိန်တွင် သူမအိပ်နေပြီဖြစ်သည်။ လုဟယ်နျန်၏ စကားကို ကြားသောအခါ သူမက ခေါင်းကိုညိတ်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။


သူမ အပေါ်သို့ရောက်သောအခါ လုဟယ်နျန်က လှမ်းမေးလိုက်သည်။

 “မား… မား ကျန်းယန်ကို ဘာပေးမယ်လို့ ပြောထားတာလဲ… သူအဲဒီလိုလုပ်အောင်…”


ငါ့သားကို ငါတောင် နားမလည်နိုင်ပါလား…

ကျန်းရှုဟွားမှာ ထိုမေးခွန်းကို ကြားသောအခါ သူမသား စိတ်တိုနေသည်ကို သိသည့်အလျောက် ချက်ချင်းပြန်ဖြေလိုက်သည်။

 “ဘာမှ မဟုတ်ပါဘူး… ကျန်းယန်နဲ့ အမေတို့ကိစ္စကို စိတ်ထဲထားမနေနဲ့… သားလည်း ပင်ပန်းနေမှာကို သွားနားတော့လေ…”


 “အဲဒီတော့ အဲဒါကလည်း ကျွန်တော်နဲ့ ဆိုင်နေတာပေါ့လေ… ကျွန်တော် ပြောပါရစေဦး…” 

လုဟယ်နျန်က သွားမနားဘဲ ဆက်ပြောလိုက်သည်။


ထိုစကားကို ကြားသောအခါ ကျန်းရှုဟွားက မှန်သည်ဟု တွေးမိသည်။ သူမက ခေတ္တမျှစဉ်းစားကာ ပြောလိုက်သည်။


 “မားက သူရုံးမှာ စောစောအလုပ်မဆင်းရအောင် မင်းကို သွားစည်းရုံးချေလို့ ပြောလိုက်တာပဲ… သူက အပြင်မှာ အလေလိုက်ချင်သေးတာတဲ့လေ…”


ကျန်းရှုဟွားက ပြောပြီးသွားသောအခါ သူမ သားအား အကဲခတ်လိုက်သည်။ သူ့အမူအရာက ပေါ့ပေါ့ပါးပါပင်ဖြစ်သည်။ သူ့စိတ်ကို ခန့်မှန်း၍ မရပေ။ သူမအတန်ငယ်စိတ်ပူသွားကာ ပြောလိုက်သည်။

 “ဟယ်နျန်ရယ်… ကျန်းယန်ကို အဲဒီလို ကူညီခိုင်းတာက မားပါ… သူ့ကို အပြစ်မတင်ပါနဲ့…”


 “မား… မပူပါနဲ့… ပုံမှန်ဆို ကျွန်တော်က သူ့ကို တင်းတင်းကြပ်ကြပ်လုပ်ပေမဲ့လည်း သူ့အကျိုးအတွက်ပါပဲ…”

လုဟယ်နျန်က ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။


ကျန်းရှုဟွား မြင်ကွင်းမှ ပျောက်သွားသည်နှင့် လုဟယ်နျန်က နှုတ်ခမ်းထောင့်ကို ကွေးကာ လှောင်ပြုံး ပြုံးလိုက်သည်။ 


ကျန်းယန်… ခွေးသားလေး… မင်းတော့ သေပြီပဲ…


ဤနေ့လည်တွင် ကျန်းယန်ပြောခဲ့သည့် အဓိပ္ပာယ်မရှိသောစကားများအရ သူ့အား ပညာမပေးခြင်းသည် လက်မခံနိုင်သောကိစ္စပင်ဖြစ်သည်။ 


ကျန်း အိမ်တော်တွင်မူ


ကျန်းယန်မှာ ရေချိုးပြီးစ ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် ရုတ်တရက် ကြက်သီးမွှေးညင်းများ ထသွားလေသည်။ သူ့ဂုတ်နားဆီမှ လေအေးများ တိုက်ခတ်သွားသည်ကို ခံစားလိုက်ရရုံသာမက ကြေးမှုန်မှန်မိစ္ဆာ၏ ကိုက်ရာမှလည်း နာကျင်မှုကို ခံစားလိုက်ရလေသည်။ သူက မဲ့ရွဲ့ရင်း ပြောလိုက်သည်။

 “ရေချိုးမိတာနဲ့တော့ အအေးမမိဘူးမဟုတ်လား… ဘာလို့ ဒီလောက်ကြီး အေးလာရတာလဲ…”


ပြောပြီးသည်နှင့် အိပ်ရာပေါ်သို့ အမြန်တက်ကာ ငြိမ်းချမ်းရေးအဆောင်တစ်ခု ထုတ်၍ ခေါင်းအုံးအောက်သို့ ထားလိုက်လေသည်။ ထိုမှသာ အနည်းငယ် စိတ်သက်သာရာရသွား၏။


အစကမူ ရုံးချုပ်ကလူ ရောက်လာရန် ရက်အတော်ကြာမည်ဟု သူတို့ခန့်မှန်းခဲ့ကြသည်။ သို့သော် နောက်တစ်ရက် နေ့လည်တွင် ချက်ချင်းရောက်လာမည်ဟု မထင်မှတ်ထားကြပေ။ ရုံးချုပ်မှ တပ်ကူအနေဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး စေလွှတ်လိုက်သည်။ အမျိုးသားမှာ ဝူရွှမ်းကန် ဖြစ်ပြီး အမျိုးသမီးမှာ ရန်ရှန်း ဖြစ်သည်။ ဝမ်းပေါ်က ယွင်ရုန်အား ချက်ချင်းအကြောင်းကြားလိုက်သည်။


ယွင်ရုန်နှင့် လုဟယ်နျန်တို့ အထူးရုံးတော်ကို ရောက်သောအခါ အားလုံးက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။ သူတို့အားလုံး ဤကိစ္စအား တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့လိုအပ်ကြောင်း သိကြသည်။ ဟယ်ပေါ်မှာ လူသားများကို အသုံးချပြီး အဆင့်တက်စေရန် လုပ်ထားသောကြောင့် နတ်ဆိုးအဆင့်ပင်ဖြစ်နေပြီ ဖြစ်သည်။ သူသာ ယခုထက်ပို၍ လူသားများကို ပိုစားသုံးပါက ပို၍ပင် ရင်ဆိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။


ယွင်ရုန်ဝင်လာသည်ကို မြင်ရသောအခါ ဝမ်းပေါ်က လေးစားစွာနှင့် ပြောလိုက်သည်။ 

 “စီနီယာယွင်… သူတို့နှစ်ယောက်က မြို့တော်က လုပ်ဖော်ကိုင်ဖက်တွေပါ… ခုလေးတင် ကျွန်တော်တို့ ဆွေးနွေးကြည့်နေတာ… ဒီည ဆူးလီမြစ်ကိုသွားပြီးတော့ ချက်ချင်းစကြမလားလို့ပါ… စီနီယာရော ဘယ်လိုထင်ပါသလဲ…”


 “ကျွန်မလည်းသိပ်တော့ ပြောစရာမရှိပါဘူး… ဒီညဆိုရင် ဘယ်အချိန်လောက် စကြမလဲ…”

ယွင်ရုန်က ခေါင်းညိတ်ပြကာ မေးလိုက်သည်။


ဝမ်းပေါ်က ပြန်ဖြေသည်။

 “ဆူးလီမြစ်နားက နေထိုင်သူတွေ မထိခိုက်အောင်လို့ ညသန်းခေါင်မှာ စမယ်လို့ စီစဉ်ထားပါတယ်… ဒီညက လအသစ်ထွက်မှာဆိုတော့ လရောင်တော့ မရှိလောက်ဘူး… စိတ်ဝိညာဉ်စွမ်းအင်ကလည်း အဲဒီအချိန်မှာ အနည်းဆုံးဆိုတော့လေ… အချိန်ကျလာရင် အစီအရင်ကို ဖွင့်လိုက်မယ်… အနှောင့်အယှက် နည်းနိုင်သမျှနည်းအောင်…”


အစီအရင်လုပ်ရာတွင် သူမအကူညီလိုသေးသလားဟု ယွင်ရုန်မေးရန် ဟန်ပြင်လိုက်စဉ်မှာပင် တီရှပ်အဟောင်းနှင့် ဂျင်းဘောင်းဘီဝတ်ထားသော ဆံပင်အစိမ်းရောင်နှင့် ပိန်ပိန်ရှည်ရှည် လူငယ်တစ်ယောက်အာ မြင်လိုက်ရသည်။ သူက ပြောလေသည်။


 “အစီအရင်လုပ်ဖို့ ကျွန်တော် တာဝန်ယူပါမယ်… မပူကြပါနဲ့… ကျွန်တော် ဝူရွှမ်းကန်ရဲ့ အကာကွယ်အစီအရင်တွေက ကောင်းလွန်းလို့ သာမန်လူသားတွေ အထဲမှာ ဘာဖြစ်နေလဲဆိုတာ မြင်တောင်မြင်ရမှာမဟုတ်ဘူး…”


မြို့တော်မှလာသည့် လူဖြစ်သော်လည်း တစ်ချက်ကြည့်ရုံနှင့်တင် သူက အင်အားကြီး မိစ္ဆာဖြစ်သည်ဆိုသောအချက်မှာ ထင်ရှားနေသည်။ ဝမ်းပေါ်က ချက်ချင်းပင်ပြောလိုက်သည်။

 “ဒါဆို စီနီယာဝူကို အကူညီတောင်းပါတယ်… စီနီယာဝူရှိလို့သာ ကျွန်တော်တို့ ဒီညတိုက်ပွဲအတွက် ပိုပြီးအားတက်လာရပါတယ်…”


ဝမ်းပေါ်၏ စကားမှာ လုပ်ပြောသည့်စကားမှန်း သိသာလှသော်လည်း ဤဝူရွှမ်းကန်မှာ မကြွားရမနေနိုင်သော လူတစ်ဦးဖြစ်လေသည်။ ဝမ်းပေါ်၏ စကားကို ကြားသောအခါ သူ့မျက်နှာတွင် ဂုဏ်ယူသည့် အရိပ်အယောင်များပေါ်လာပြီး ပြောလိုကသည်။


 “ခင်ဗျားက စကားပြောတတ်သားပဲ… အစတုန်းက ကျွန်တော်က ဥရောပမှာ အားလပ်ရက်ခရီးထွက်နေတာလေ… ဒါပေမဲ့ ဟိုင်းရှီကကိစ္စကို ကြားကြားချင်း ချက်ချင်းပြန်လာခဲ့တာပဲ… ခင်ဗျားတို့ ဟိုင်းရှီရုံးတော်က နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းတယ်… ဒီလို မဖြစ်စလောက် စွမ်းအင်နဲ့ လူတွေနဲ့ ဟယ်ပေါ်ကို တိုက်ဖို့လုပ်နေကြသေးတယ်… ရန်ရှန်းနဲ့ ကျွန်တော်သာမရှိရင် ခင်ဗျားတို့ကတော့ ဟယ်ပေါ်ရဲ့ အချိုတည်းစရာတွေ ဖြစ်ကုန်တော့မှာ…”


ဝူရွှမ်းကန် က ထိုကဲ့သို့ ပြောလိုက်သောအခါ ချိုးတုန်းမင်၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားသည်။ ဖုရှောင်သည်လည်း လွန်စွာအရှက်ရသွားသည်။ သို့သော် သူမက ချိုးတုန်းမင်အား သေချာဆွဲထားလိုက်နိုင်သည်။ ဝမ်းပေါ်က သူ့အား စိုက်ကြည့်ကာ စကားကို လိုက်ပြောပေးလိုက်သည်။

 “အဲဒါက တကယ်ကို ပြဿနာပေးနေတာပါပဲ… စီနီယာဝူ…”


ဝူရွှမ်းကန်မှာ ကျေနပ်ခြင်းမရှိသေးပဲ တိတ်ဆိတ်နေသည့် ယွင်ရုန်ဘက်သို့လှည့်ကြည့်လိုက်လေသည်။ သူက ယွင်ရုန်အား အထင်သေးသည့်အကြည့်ဖြင် အကဲခတ်လိုက်ကာ ပြောလိုက်သည်။

 “အားနည်းတာက အဆင်ပြေပါသေးတယ်… ဒါပေမဲ့ ဆံပင်ဝါဝါနဲ့ ကောင်မလေးကို အကူညီတောင်းတာကတော့ (ငယ်ရွယ်ပြီး အတွေ့အကြုံနုနယ်ကာ မိုက်မဲပြီး ထင်ရာစိုင်းသည့် သဘောဖြင့် ဆံပင်ဝါဝါဟု သုံးခြင်းဖြစ်သည်။)… ပြီးတော့ သူ့ကို စီနီယာဆိုပြီး ခေါ်တာအထိဆိုတော့… ဒီကလေးမက အဲဒီလိုခေါ်ခံထိုက်သလားတော့ မပြောတတ်ဘူး… စကားကြီးစကားကျယ်ပြောနေသလိုတော့ ခံစားရတယ်…”


ယွင်ရုန်ဝင်လာကတည်းက သူမကိုယ်မှ မည်သည့်မိစ္ဆာရောင်ဝါမျှမခံစားရဟု သူက မှတ်ချက်ပြုထားပြီးဖြစ်သည်။ သူမ၏ အဆင့်တက်မှုကိုလည်း မမြင်ရသောကြောင့် တံခါးမှ ဝင်လာသော သာမန်ကလေးမတစ်ဦးအဖြစ်မြင်ကာ ထိုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။


ဝူရွှမ်းကန်၏ စကားကို ကြားသောအခါ ယွင်ရုန်ပြန်၍ မပြောနိုင်ခင်ပင် လုဟယ်နျန် မျက်နှာပျက်သွားသည်။ သူက ယွင်ရုန်ရှေ့သို့ သွားကာ ကောင်မလေးကို နောက်ပို့၍ အေးစက်စွာပြောလိုက်သည်။                  


 “နည်းနည်းပါးပါး လေးစားမှုလေးနဲ့ ပြောပေးပါ…”


 “ငါပြောတဲ့အထဲ ဘယ်ဟာကများ မလေးမစားဖြစ်သွားလို့လဲ….” 


လုဟယ်နျန်ကိုကြည့်လျက် ဝူရွှမ်းကန်၏ အပြုံးမှာ ပို၍ပင် ဝံ့ကြွားလာသည်။ 

 “မင်း… လူသား… သူများအတွက်တော့ ရပ်တည်ပေးပြီး ကိုယ့်ကိုယ်ကိုယ်တော့ မကြည့်ဘူးလား….

လူတစ်ယောက်ရဲ့ ဇာတာက ဒီလောက်ဆိုးရွားနေတာမျိုး ငါတော့ မကြုံဖူးဘူး… ကိုယ့်ဘာသာနေဖို့ အချိန်ဘယ်လောက်မှမရှိတော့ဘူးဆိုတာကိုရော သိလား….”


မူလတွင် ယွင်ရုန်မှာ ထိုလိပ်ကြီးအား ပြန်ချေပလိုစိတ်မရှိသော်လည်း သူမ တောင်ပေါ်မှ ဆင်းလာကတည်းက ထိုကဲ့သို့သော ဆောင့်ကြွားကြွားနိုင်လှသည့် မိစ္ဆာမျိုး မမြင်ဖူးခဲ့ချေ။ မိစ္ဆာများ လူအဖြစ်အသွင်ပြောင်းနိုင်ရန်မှာ နှစ်ဆယ်ချီ၍ လိုအပ်သည်။ ဤ တစ်ကြိမ်တွင် သူမ၏ ပိုင်နက်ဖြစ်သော ဟိုင်းရှီတွင်မှ လာ၍ ဆုံရသည်။ ဤလိပ်မှာ ကူညီရန်လာရောက်သည်ဟု ဆိုသော်လည်း သူ့အပြုအမူနှင့် အပြောအဆိုများမှာ ကြီးကြီးကျယ်ကျယ်နိုင်လွန်းလှသည်။ အကူညီပေးရန် လာရောက်သည့်အချက်ကို ထောက်ထား၍သာ သူမ လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


ထိုထက်ပိုသည်မှာ သူမက အသက် ၄၀၀၀ ကျော်ရှိပြီဖြစ်သည့် တောင်စောင့်နတ်တစ်ဦးဖြစ်သည်။ အနှစ်တစ်ထောင်သာ သက်တမ်းရှိသည့် ကလေးတစ်ဦးနှင့် ဖက်ပြီး ရန်ဖြစ်ရန်လည်း မသင့်တော်လှပေ။


သို့သော်လည်း ဝူရွှမ်းကန်မှာ လုဟယ်နျန်ကိုပင် အလွတ်မပေးပေ။ ဟယ်နျန်၏ ဇာတာကိုပင် အပြစ်ဆိုလိုက်သေး၏။ လူတစ်ယောက်၏ ဇာတာဟူသည် ထိုလူမွေးကတည်းက ပါလာသည့်အရာ ဖြစ်လေရာ ထိုအရာအား ပုတ်ခတ်ပြောဆိုခြင်းသည် မလျော်ကန်သည့် အလုပ်ပင်ဖြစ်သည်။ ထို့အပြင် လုဟယ်နျန်မှာလည်း သူမ၏ သူဌေးပင်ဖြစ်သည်။


မည်သည့်အကြောင်းကြောင့် မသိရသော်လည်း ဖော်ပြ၍ မရနိုင်သော ဒေါသတစ်ခုသည် ယွင်ရုန်၏ ကိုယ်တွင်းမှ ထွက်ပေါ်လာသည်။ သူမက လုဟယ်နျန်အား လက်မှ ဖမ်းဆွဲ၍ သူမနောက်သို့ ပို့လိုက်သည်။ ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။


 “ဒဏ္ဍာရီလာ လိပ်နက်ကြီးက တောင်ပိုင်းကို တိုက်ခိုက်ခဲ့တာ အရမ်းသတ္တိရှိပြီး ထူးချွန်ပြောင်မြောက်ခဲ့တာနော်… ဒါပေမဲ့ နှစ်နှစ်ထောင်လောက်ရှိတဲ့အခါ သူ့မျိုးဆက်က မြောက်ကြွားကြွားဖြစ်နေတဲ့ မိစ္ဆာလေးတစ်ကောင်ပဲ ဖြစ်နေတာပဲ… သူသာသိရင်တော့ စိတ်တိုလွန်းလို့ သူ့ဝိညာဉ်တောင် အေးဆေးမနားနေနိုင်လောက်ဘူးပဲ…”


လုဟယ်နျန်က အံ့ဩသွားကာ ကောင်မလေး၏ နောက်ကျောကို ကြည့်လိုက်သည်။ သူ့နားထဲတွင် သူမ၏ ပြန်လည်ချေပချက်များကိုသာ ကြားယောင်နေ၏။ ရုတ်တရက် သူ့နှလုံးသားသည်လည်း နွေးထွေးသွား၏။ 

ဒီလို လိမ္မာတဲ့ ကောင်မလေးကို ငါဘယ်လို လက်လွှတ်ရက်ပါ့မလဲ…


“မင်း…. ဘယ်လိုသိတာလဲ… ငါက…”


သူမ၏စကားကို ကြားလိုက်ရသော ခဏတွင် ဝူရွှမ်းကန်၏ မျက်နှာမှာ ချက်ချင်းပင် သတိအနေအထားဖြစ်သွားသည်။ ကောင်းကင်ဘုံ၏ ဥပဒေမှာ မိစ္ဆာများအပေါ်တွင် ရက်စက်လွန်းလှသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ရှေးဦးအဆင့်မိစ္ဆာများမှာ တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားခဲ့ကြသည်။ နိုင်ငံအတွင်း သူကဲ့သို့ အဆင့်နှင့် မိစ္ဆာများမှ အနည်းငယ်သာ ကျန်ခဲ့လေသည်။ သူ့ထက်ပိုအဆင့်နိမ့်သော မိစ္ဆာများမှာ သူ့မူလပုံစံကို မမြင်နိုင်ကြပေ။


ဒီကောင်မလေးက ငါ့မူလပုံစံကို ဘယ်လိုများသိသွားတာလဲ…


“ရှင်က နှစ်ထောင်ချီသက်တမ်းရှိတဲ့ လိပ်ဆိုတာကို ဘယ်လိုသိတာလဲလား…”

သူ့မေးခွန်းအား ယွင်ရုန်က ဖြည့်ပေးလိုက်သည်။ သူမက အလေးမထားသလိုပင် ပြောလိုက်သည်။


“ဘယ်မိစ္ဆာအုပ်စုကများ ရှင့်လို အစိမ်းရောင် ဆံပင်ထားလို့လဲ… အခြားလူတွေမြင်ရင် ပြောခံရမှာ ကြောက်ကြလွန်းလို့…”


ယွင်ရုန်၏ အသံပျောက်သွားသောအခါ ဘေးနားတွင်ရပ်နေသော အဝါတောက်တောက် ဂျက်ကတ်နှင့် စကပ်ဝတ်ထားသော လှပသည့် အမျိုးသမီးထံမှ ရယ်သံထွက်လာ၏။ သူမက အနားရှိ ဝူရွှမ်းကန်ကို လှည့်ကြည့်ကာ နှုတ်ခမ်းကို ရွှဲ့ပြလိုက်သည်။


“တောင်ရဲ့ အပြင်ဘက်မှာ တခြားတောင်တွေနဲ့ တခြားလူတွေ ရှိသေးတာကို မသိတာလား… အခြေနေကို သေချာမသိပဲနဲ့ အမြီးက ကောင်းကင်တက်ချိတ်ချင်နေသေးတယ်…သိတဲ့သူတွေကတော့ ရှင့်ကို လိပ်လို့ သိပြီး မသိတဲ့သူတွေကတော့ ခွေးလို့ထင်ကြမှာပဲ…”


“ခင်ဗျား…”


ဝူရွှမ်းကန်မှာ ထိုစကားကို ကြားသောအခါ စိတ်ဆိုးလွန်း၍ မျက်နှာပင် နီရဲသွား၏။ သူက အံကိုကြိတ်လျက် အမျိုးသမီးကိုကြည့်ကာ ပြောလိုက်သည်။


 “ရန်ရှန်း… ခင်ဗျားက ရန်ဖြစ်ချင်နေတာလား… ကျုပ်တို့က တွဲဖက်တွေလေ… အဲဒါကို ခင်ဗျားက သူစိမ်းကို ကူညီနေတယ်ပေါ့လေ…”


“ကျွန်မတို့ အလုပ်လုပ်ဖို့လာတာ… ရှင်နဲ့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး… ပြီးတော့ ရှင်က ကျွန်မကို နိုင်မှာမို့လို့လား…”


ရန်ရှန်းက သူမမျက်ခုံးမျာကို ချီ၍ ပြောလိုက်သည်။ ဝူရွှမ်းကန်အား အနည်းငယ်မျှ အာရုံရှိသည့်ပုံမပေါက်ပေ။ သူမက ယွင်ရုန်ဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။


“ဟယ်လို ကျွန်မက ရန်ရှန်းပါ…”


“ဟယ်လို… ကျွန်မက ယွင်ရုန်ပါ…”


ယွင်ရုန်မှ ယဉ်ကျေးသိမ်မွေ့သော တောင်စောင့်နတ်လေးဖြစ်ရာ လူတိုင်းအား ယဉ်ကျေးစွာပင် နှုတ်ဆက်လေသည်။


ရန်ရှန်းက ယွင်ရုန်အား အေးစက်စွာကြည့်ကာ ပြောလိုက်သည်။


“ရှင်က တော်တော် အစွမ်းကြီးတဲ့သူလို့ ခံစားနေရတယ်…”



⛰️