Chapter 57
Viewers 3k

⛰️Chapter 57

ဒါဆို ငါကရော




ယွင်ရုန်မှာ အံ့ဩသွားသည်။ သူမ၏ စိတ်ထဲတွင် တွေးလိုက်မိသည်။


 ဒီအမွှေးအိတ်မိစ္ဆာက ဘာမှတော့ မမြင်နိုင်ဘူးမလား…

အမှန်တွင် သူမကိုယ်သူမ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ရမည်ကို မကြောက်သော်လည်း လုဟယ်နျန်မှာ သူမဘေးတွင် ရောက်နေ၍သာ ဖြစ်သည်။ သူက လူသားဖြစ်သည့်အလျောက် သူမ လူသား မဟုတ်မှန်း သိပါက အလုပ်ဆက်လုပ်ခွင့်ပေးမည် မဟုတ်ချေ။


ယွင်ရုန်က လုဟယ်နျန်အား စိတ်ပူပန်စွာကြည့်၍ ပြောလိုက်သည်။


 “အစ်မက နောက်နေတာပဲ… ကျွန်မက သာမန် ရွှမ်းမန် သင်ယူနေတဲ့သူပါပဲ…”


ယွင်ရုန်၏ အဖြေကို ကြားရသောအခါ ရန်ရှန်းက ထပ်မပြောတော့ဘဲ အေးစက်စွာသာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ဆူးလီမြစ်ဘေးသို့သွားရန်အချိန်နှင့် ဟယ်ပေါ်အား အချိန်မှီ မည်ကဲသို့ဆွဲခေါ်ရမည့် ကိစ္စအား ဆက်၍ ဆွေးနွေးကြလေသည်။


အချိန်မှာ စောနေသေးကာ ညမရောက်ခင် အချိန်အနည်းငယ် ရသေးလေသည်။ ယွင်ရုန်နှင့် လုဟယ်နျန်က တစ်ခုခုစားရန် ဦးစွာထွက်သွားကြသည်။ ပထမတွင် ယွင်ရုန်က ဟော့ပေါ့ထပ်စားချင်သော်လည်း လုဟယ်နျန်က သဘောမတူပေ။ ထိုကဲ့သို့ အဆီများသည့် အစားအစာများအား သူမနေ့စဉ်မစားသင့်ဟု ပြောလေသည်။


ယွင်ရုန်မှာ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။ သူမက လူသားမိန်းကလေး မဟုတ်သည့်အတွက် အဆီများသည်ဖြစ်စေ မများသည်ဖြစ်စေ အရသာရှိနေလျှင်ပင် သူမအတွက် အဆင်ပြေနေပြီဖြစ်သည်။


ကောင်မလေး၏မျက်နှာ စိတ်ညစ်စွာနှင့် မဲဲ့သွားသည်ကို မြင်ရသောအခါ လုဟယ်နျန်က ရယ်လျက် ပြောလိုက်သည်။

 “မနက်ဖြန်မှ တို့တွေ သွားစားကြမယ် ဟုတ်ပြီလား… နေ့တိုင်း ဟော့ပေါ့စားနေလို့ ဘယ်ဖြစ်မှာလဲ… ဟော့ပေါ့မဟုတ်ဘဲ တခြားဘာစားချင်သေးတာလဲ…”


သို့သော်လည်း ယွင်ရုန်မှာ ဗိုက်ဝအောင် စားရန် မလိုအပ်ချေ။ ထို့ကြောင့် သူမ စားဖို့မလိုကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် ကားအပြင်ဘက်သို့ ကြည့်လိုက်မိလေသည်။ ထိုနေရာတွင် လမ်းကြားလေးတစ်ခုအတွင်းရှိ အဝါရောင်မီးလင်းနေသော နေရာတစ်ခုအား မြင်လိုက်ရသည်။

 “အဲဒီမှာ သွားစားကြရအောင် အိုကေ… ချိုးမိန် ဖက်ထုပ်… ဖက်ထုပ် စားကြမယ်နော်…”


လုဟယ်နျန်က ကောင်မလေးကြည့်ရာသို့ လိုက်ကြည့်ကာ လမ်း၏တစ်ဖက်ရှိ ဖက်ထုပ်ဆိုင်သေးသေးလေးအား မြင်လိုက်သည်။ တံခါးရှေ့တွင် စားပွဲနှစ်လုံး ခင်းထားကာ ဆိုင်အတွင်းတွင် အဘိုးအိုတစ်ဦး ဂျုံနှယ်နေသည်ကို မြင်ရလေသည်။


ယွင်ရုန်က စားချင်သည်ဆိုသောကြောင့် လုဟယ်နျန်လည်း ခေါင်းညိတ်လိုက်ကာ ကားရပ်ရန်နေရာရှာလိုသည်။ ထို့နောက် ယွင်ရုန်နှင့်အတူ လမ်းကြားဆီသို့ လမ်းလျှောက်သွားလိုက်သည်။ ဖက်ထုပ်ဆိုင်တံခါးဝသို့ ရောက်သောအခါ ဆိုင်အတွင်းရှိ ပိန်သေးသေးအဘိုးအိုအား မြင်လိုက်ကြသည်။


လုဟယ်နျန်မှာ ဤကဲ့သို့ လမ်းဘေးဆိုင်များတွင် တစ်ခါမှ မစားခဲ့ဖူးပေ။ သူက သူ့ထုံးစံအတိုင်းပင် သူ့လက်ကိုင်ပုဝါကို ထုတ်ကာ ထိုင်ခုံများကို သုတ်လေသည်။


ခုံတစ်ခုံပေါ်တွင် ထိုင်နေသော အဘွားတစ်ဦးက မက်တပ်ထရပ်ကာ ယွင်ရုန်ဆီသို့ ကပ်လာလေသည်။ အဘွားအိုက သဘောကောင်းစွာပင် ရယ်ပြကာ ပြောလိုက်သည်။

 “သမီးလေး… ဒီလူက သမီးကောင်လေးလား… သုတ်ဖို့မလိုဘူးလို့… အဘိုးကြီးက အရမ်းအသန့်ကြိုက်တာ… သူက တစ်နေ့ကို သုံးလေးငါးခါကို သုတ်တာ…”


 “သူက သမီးရဲ့ ကောင်လေးမဟုတ်ပါဘူး… သူဌေးပါ…”

ယွင်ရုန်က ပြုံးလျက် ပြန်ပြောသည်။ ထို့နောက် လုဟယ်နျန်အား ပြောလိုက်သည်။

 “သုတ်ဖို့မလိုပါဘူး… အရမ်းသန့်တယ်တဲ့…”


လုဟယ်နျန်က လက်ထဲမှာ ပုဝါအား ကိုင်၍ ပတ်ပတ်လည်သို့ ကြည့်လိုက်သည်။ သူက အသံကိုနှိမ့်၍ မေးလိုက်သည်။

 “အခု ဘယ်သူနဲ့ စကားပြောလိုက်တာလဲ…”


 “ဝိညဉ်နဲ့ပါ…”

ယွင်ရုန်က အဘွားအား တစ်ချက်ကြည့်ကာ မကြားစေလိုသဖြင့် လုဟယ်နျန်၏ အနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်သည်။


 “ဆုံးသွားတာမကြာသေးတဲ့ ဝိညာဉ်နဲ့ပါ… မသိသလိုပဲ ဟန်ဆောင်နေလိုက်နော်…”


ကောင်မလေး၏ အသံမှာ နူးညံ့ပြီး ငြင်သာလွန်းလှကာ လုဟယ်နျန်၏ နားထဲတွင် နွေးထွေးသော လေညင်းများ တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ အနားတွင် နီးကပ်စွာရှိနေသောကြော်င့်လည်း မွှေးပျံ့သော ပန်းရနံ့များက လုဟယ်နျန်၏ နှာခေါင်းအတွင်းသို့ တိုးဝင်နေကြသည်။ လုဟယ်နျန်မှာ အလွန်လန့်သွားသော်လည်း ခန္ဓာကိုယ်တောင့်သွားကာ အန် ဟူသော အသံသေးသေးလေးပင် ထွက်လာနိုင်လေ၏။


 “ဒီလို ချစ်ကြည်နူးနေကြတာတောင် မင်းတို့က ချစ်သူတွေ မဟုတ်ကြဘူးပေါ့လေ… သမီးလေး… မျက်လုံးတွေက ညာလို့မရဘူးနော်… အဲဒီနှစ်တုန်းကလည်း အဘိုးကြီးဝမ်က အဘွားကို အဲဒီလိုပဲ ကြည့်ခဲ့တာပဲ…”

အဘွားအိုက ပြုံးလျက်ပြောလိုက်ကာ ခုံတွင် ပြန်ထိုင်နေ၏။


လူသားများသည် သူများအကြောင်းပြောရခြင်းကို အလွန်နှစ်ခြိုက်ကြသည်။ ယွင်ရုန်မှာ ပြန်လည်ချေပချင်သော်လည်း လျစ်လျူရှုရန်သာဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမက ခုံတွင် ဝင်ထိုင်၍ အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

 “ကျွန်မတို့ ဖက်ထုပ်နှစ်ပွဲစားချင်လို့ပါ…”


အဘိုးအိုက အသံကြားသောအခါ ကိုယ်ကိုလှည့်၍ ကြည့်လိုက်သည်။ ဤကဲ့သို့ လူငယ်စုံတွဲနှစ်ဦးက လာစားမည်ဟု မမျှော်လင့်ထားသောကြောင့်လည်း အံ့ဩသွားသည်။ တစ်ဦးမှာ သပ်ရပ်သောဝတ်စုံပြည့်နှင့်ဖြစ်၍ ကျန်တစ်ဦးမှာ ဝတ်စုံအကြောင်း ချီးမွန်း၍ မရသော်လည်း အတော်ပင် လှပလေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် နှစ်ဦးစလုံးမှာ လမ်းဘေးဆိုင်များတွင် ထိုင်စားလေ့မရှိကြောင်း သိသာလှသည်။ သို့သော်သူက လျင်မြန်စွာပင် ပြုံးပြ၍ ပြောလိုက်သည်။

 “ဟုတ်ပြီ အခုပဲ ပြင်ပေးမယ်နော်…”


အဘိုးအိုက ဖက်ထုပ်များ ပြင်ဆင်ရန် ဆိုင်အတွင်းသို့ လျင်မြန်စွာ ဝင်သွားသည်။ ယွင်ရုန်က လုဟယ်နျန်အား လှည့်ကြည့်သောအခါ စားပွဲပေါ်တွင် လက်နှစ်ဖက်ယှက်လျက် တင်ထားသည်ကို တွေ့လိုက်ရသည်။ ဦးခေါင်းမှာ ငုံ့၍နေလေရာ သူ၏ မျက်နှာအား မမြင်ရချေ။ နားနှစ်ဖက်မှာ နီရဲနေပြီး မီးအဝါရောင်အောက်တွင် တောက်ပနေကြသည်။


 “ဒုတိယအစ်ကို နေမကောင်းဘူးလား…”


လုဟယ်နျန်မှာ တွေဝေနေရာမှ သတိပြန်ဝင်လာရာ သူ့မျက်နှာပေါ်မှ ထူးဆန်းသောအကြည့်မှာလည်း ပျောက်ကွယ်သွားသည်။ သူ၏အသံမှာ အနည်းငယ် ခြောက်ကပ်ကပ်နိုင်နေသည်။

 “ဟင့်အင်း… နေမကောင်းမဖြစ်ပါဘူး…”


ယွင်ရုန်မှာ မူမမှန်ခြင်းကို ခံစားမိသဖြင့် သူမလက်ဖြင့် လုဟယ်နျန်၏နားကို ထိကြည့်ကာ ပြောလိုက်သည်။

 “နားတွေက ပူနေတာပဲ… တကယ်အဆင်ပြေရဲ့လား..”

လူသားများမှာ ဖျားသည်ဟုခေါ်သော နေမကောင်းဖြစ်ခြင်းတစ်မျိုးဖြစ်တတ်လေသည်။ 

ဒါရိုက်တာတော့ ဖျားလို့မဖြစ်ဘူးနော်…


ယွင်ရုန်က အေးမြသော လက်ချောင်းထိပ်လေးများက သူ၏နားသို့ လာထိသောအခါ လျှပ်ကူးသကဲ့သို့ ဖြစ်သွားလေသည်။ လုဟယ်နျန်၏ တစ်ကိုယ်လုံးမှာ တောင့်တင်းသွားကာ ယွင်ရုန်အားကြည့်လိုက်သည်။ သူက အသံအက်အက်ဖြင့်ပြောသည်။

 “တကယ်ဘာမှမဖြစ်ပါဘူ… ဒီညအရမ်းပူနေလို့ပါ…”


ယခုအချိန်သည် နွေရာသီရောက်နေပြီဖြစ်ရာ ယခုနေရာသည်လည်း တောင်ပိုင်းဖြစ်လေသည်။ ညနေစောင်းဖြစ်နေသော်လည်း အပူချိန်မှာ ၃၀ ဒီဂရီနှင့်အထက်ဖြစ်နေလေ၏။ အခြေနေမှာ အကယ်ပင် ပူနေလေရာ ယွင်ရုန်လည်း ထပ်၍မတွေးတော့ချေ။ ခေတ္တမျှစဉ်းစားပြီးသောအခါ သူက လုဟယ်နျန်အနားကပ်ထိုင်၍ မေးလိုက်သည်။

 “ဒီလိုဆို နည်းနည်းပိုအေးသွားလား…”


ယွင်ရုန်မှာ တောင်မိစ္ဆာဖြစ်သောကြောင့် အပူချိန်မည်သို့ဖြစ််နေပါစေ သူမအား သက်ရောက်မှုမရှိပေ။ ထို့အပြင် သူမကိုယ်တွင်းရှိ သက်သက်လွတ်စားသော ဝိညာဉ်စွမ်းအင်ကြောင့် နွေရာသီပင်ဖြစ်သော်လည်း သူမခန္ဓာကိုယ်မှာ အေးမြနေသည်။ သူမ အနားသို့ ကပ်၍ဖြစ်စေ သူမကိုယ်ပေါ်သို့ မှီ၍ဖြစ်စေ ထိုအေးမြမှုနှင့် လန်းဆန်းမှုအားရရှိနိုင်လေသည်။


ကောင်မလေးအနားသို့ကပ်လာသည်ကို ခံစားမိသည်နှင့် လုဟယ်နျန်မှာ ပို၍ပင် ပူအိုက်လာသည်။ နှလုံးသားမှလည်း ပြောပြ၍မရနိုင်သော ယားယံမှုတစ်ခု ဖြစ်ပေါ်လာသည်။ သူက နှုတ်ခမ်းများကို သပ်၍ ပြောလိုက်သည်။

 “ကောင်းသွားပြီ… ခဏနေ ဖက်ထုပ်တွေရတော့မယ်… ကိုယ့်နေရာကိုယ်ပြန်ပြီး သေချာထိုင်တော့…”


ယွင်ရုန်မှာ လုဟယ်နျန်၏ ကိုယ်အပူချိန်မြင့်တက်နေမှုအား အမှန်တကယ်ခံစားနေရသော်လည်း သူက ငြင်းဆိုနေလေ၏။ ထို့ကြောင့် သူမလည်း ထပ်၍မပြောဘဲ သူမထိုင်ခုံသို့သာ ပြန်ထိုင်လိုက်သည်။


အဘိုး၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်ပြီး မြန်ဆန်လှလေရာ မကြာမီပင် ဖက်ထုတ်အပြည့်နှင့် ပန်းကန်နှစ်လုံး စားပွဲပေါ်သို့ ရောက်လာလေသည်။ ဖက်ထုတ်ပန်းကန်များနှင့်အတူ ဖက်ထုတ်ကြော်တစ်ပွဲပင် အပိုပါသေး၏။ အဘိုးက ခါးစီးနှင့် လက်သုတ်လျက်က ပြုံးကာပြောလိုက်သည်။ 

 “ဒီဖက်ထုပ်ကြော်တွေက မင်းတို့ကို ကျွေးတာ… မြန်မြန်စားကြည့်… အဘိုးနာမည်က ဝမ်းတုန်လို့ခေါ်တယ်… ဖက်ထုပ်လုပ်တာက အဘိုးအကျွမ်းကျင်ဆုံးပဲ…”


အဘိုး၏ ဖက်ထုပ်များမှာ အကယ်ပင် အရသာရှိလှပေရာ သူ့စကားမှာ ချဲ့ကားပြောနေခြင်း မဟုတ်ကြောင်း သိနိုင်လေသည်။ ကြည်လင်နေသော စွတ်ပြုတ်ရည်အတွင်းတွင် ဖက်ထုပ်လေးများ ဒါဇင်နှင့်ချီကာ ရှိနေကြသည်။ ဖက်ထုပ်များမှာလည်း ဂျုံသားထူထူနှင့် အသားများစွာကို အစာသွတ်ထား၏။ ဖက်ထုပ်တစ််ခုစီတိုင်းမှာ ပန်းနုရောင်လေဟာနယ်အတွင်း လွင့်မြောနေသော တိမ်တိုက်လေးများနှင့်ပင် တူနေသည်။ ကြက်ဥဖက်ထုတ်များ၏ အရောင်နှင့်လည်း လိုက်ဖက်လှပေရာ မြင်လိုက်သည်နှင့်ပင် သရေကျချင်စရာကောင်းလှပေသည်။


ယွင်ရုန်မှာ တစ်ကိုက်မျှကိုက်ရသေးရုံဖြင့်ပင် မျက်လုံးလေးများက တောက်ပသွားကြသည်။ သူမက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

 “အရမ်းစားလို့ကောင်းတာပဲ…”


 “စားလို့ကောင်းရင် နည်းနည်းထပ်စားကြည့်လိုက်လေ သမီးလေး…”


အဘိုးက သူမပြောသည်ကို ကြားသောအခါ ပို၍ပင် ပြုံးသွား၏။ ထို့နောက် သူက လှုပ်ကုလားထိုင်ဆီသို့ ဖြေးညှင်းစွာလျှောက်သွားပြီး ထိုင်လိုက်သည်။ သူ၏မျက်နှာမှာ ဝမ်းနည်းပုံပေါက်နေ၏။


 “နောက်တစ်ခါဆိုရင် စားရတော့မှာမဟုတ်ဘူးကွဲ့… မနက်ဖြန်ဆိုရင် အဘိုးက ဆိုင်ပိတ်ပြီ… ဒီနေ့က ဆိုင်ဖွင့်တဲ့နောက်ဆုံးနေ့ပဲ…”


လှုပ်ကုလားထိုင်ပေါ်တွင် မူလက ထိုင်နေသော အဘွားမှာ ရုတ်တရက် ထ၍ခုန်ကာ အဘိုးအား မာန်မဲလေတော့သည်။


 “အဘိုးကြီး ရှင်မျက်စိကန်းနေပြီလား… အာ… ဒီထိုင်ခုံပေါ် ကျွန်မထိုင်နေတာကို မမြင်ဘူးလား… ရှင့်ကိုယ်ကြီးက ကျွန်မပေါ်ကို ပိတော့မလို့…” 


သူမက ပွစိပွစိပြောကာ ဘေးနားရှိ ခွေးခြေပုလေးတွင် ဝင်ထိုင်လိုက်သည်။


 “ဒီလောက်စားလို့ကောင်းတာကို ဘာလို့ပိတ်မှာလဲဟင်…”


ကောင်မလေး၏ မျက်လုံးက ခွေးခြေအလွတ်ပေါ်သို့ ရောက်သွားသည်ကို မြင်ရုံနဲ့တင် တစ်စုံတစ်ခုရှိနေကြောင်း လုဟယ်နျန်သိလိုက်သည်။ သူသည်လည်း ကလေးဘဝမှ ယခုအရွယ်ရောက်သည်အထိ အတွေ့အကြုံများစွာရရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကြောက်စိတ်မပေါ်မိဘဲ ရိုးရှင်းစွာသာ မေးလိုက်သည်။


 “အဘိုးက အိုပါပြီကွယ်… ကိုယ့်ဘာသာဆိုင်ဖွင့်စားနေတာက ကြာတော့ သိပ်အလုပ်မဖြစ်ဘူးလေ…” 

အဘိုးအိုမှ ဆက်လက်၍ စကားပြောလိုစိတ်မရှိသောကြောင့် သူ့ဆိုင်၏ ရှေးလက်ရာ ဆိုင်းဘုတ်ကိုသာ မော့ကြည့်လိုက်သည်။ ထို့နောက သက်ပြင်းချကာ ဆက်ပြောလေသည်။


 “ချိုးမိန်မှ မရှိတော့ဘဲ… ဒီဆိုင်ကို ဆက်ဖွင့်စရာအကြောင်းလည်း မရှိတော့ဘူးလေ…”


 “အဘိုးကြီး… ရှင်ကတော့ လုပ်ပြီ… ကျွန်မ ဒီမှာရှိနေသေးတယ်လေ… ဘာလို့ မဟုတ်တာတွေ ပြောနေရတာလဲ…”


ဘေးနားတွင် ထိုင်နေသော အဘွားထံမှ မကျေနပ်သော အသံနှင့် ဆူသံထွက်လာ၏။ သူမစိတ်ဆိုးနေပုံမှာ ကလေးတစ်ဦးနှင့်ပင် တူလှသည်။


သို့သော် သူမပြောသည်များအား ယွင်ရုန်မှလွဲ၍ မည်သူမျှ မကြားနိုင်ချေ။


 “အဘွားက မထွက်သွားသေးပါဘူး… အဘိုးနားမှာနေပြီး ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်… ပြီးတော့ အဘွားက အဘိုးကို သူ့ဆန္ဒကိုဆက်ပြီးလုပ်စေချင်နေတယ်… နေ့တိုင်းပျော်ပျော်ရွှင်ရွှင်နေပြီး စိတ်ချမ်းချမ်းသာသာနေတာမျိုးပေါ့…”


လုဟယ်နျန်၏ မျက်နှာပေါ်တွင် ခံစားချက်တစ််ချို့ ရေးရေးလေးမြင်နေရသည်။ သူ၏ နှစ်သိမ့်သော စကားများမှာ အကယ်ပင် အားကိုး၍ရလေသည်။


 “ဒါပေါ့ ဒါပေါ့ ဒါပေါ့… ကောင်လေးက စကားပြောတတ်တယ်… ပညာတတ်လူငယ်တွေများ တကယ်ကွာခြားတာပဲ… သူတို့ပြောတဲ့စကားကိုက နားထဲမှာ ချိုနေရော…”

အဘွားအိုမှာ ပျော်ရွှင်သွားသဖြင့် မျက်ခုံးလေးများပင် ချီကာ ယွင်ရုန်အား ပြောပြနေသည်။

 “သမိးကောင်လေးက အေးဆေးပုံပေါက်ပေမဲ့ စိတ်ကလေးက နွေးထွေးသားပဲနော်… အဘိုးကြီးဝမ်းတုန် ငယ်ငယ်ကလိုပဲ လူကောင်းလေး…”


ဤသရဲမှာ ထိုစကားကို ထပ်ခါထပ်ခါပြောနေသည်ဟု ယွင်ရုန်ခံစားလာရသောကြောင့် ပြောလိုက်သည်။ 

 “အဘွားရယ်… သူက သမီးကောင်လေး မဟုတ်ပါဘူးဆိုနေ…”


 “အိုက်ယားယား….


မင်းတို့ကလေးတွေ ထုတ်ပြောဖို့ ရှက်မှန်းသိပါတယ်… ဟုတ်ပါပြီ… ဒီအဘွားထပ်မပြောတော့ဘူးနော် ဟုတ်ပြီလား….”

အဘွားအိုက ပို၍ပင် ပြုံးရွှင်သွားကာ ရယ်လိုက်လေသည်။


 “မဟုတ်ပါဘူးဆိုမှ မဟုတ်ဘူးပေါ့… ဘာကိုရှက်ရမှာလဲ…”


ယွင်ရုန်က ရေရွတ်လိုက်သည်။ 

သူ့ကို ကြိုက်နေမှတော့ ဝန်မခံစရာ အကြောင်းကိုမရှိဘူး… ငါက ဘာမဆိုပြောရဲ လုပ်ရဲတဲ့ တောင်စောင့်နတ်ပဲဟာ…


လုဟယ်နျန်က ယွင်ရုန်ရေရွတ်နေသည်ကို ကြားသောအခါ ငြင်သာစွာ မေးလိုက်သည်။

 “ဘာတွေ ပြောနေတာလဲ…”


ယွင်ရုန်က အဘွား၏ ဝိညာဉ်အားတစ်ချက်ကြည့်ကာ အသံကို နှိမ့်၍ပြောလိုက်သည်။ 


 “အဲဒီဝိညာဉ်က အစ်ကို့ကို ကျွန်မရဲ့ ကောင်လေးလို့ ဆက်တိုက်ပြောနေတာလေ… မဟုတ်ပါဘူးလို့ ပြောနေတာ လက်ကိုမခံဘူး… အစ်ကိုပဲ ပြောကြည့်… ဝန်ထမ်းလက်စွဲစာအုပ်ထဲမှာ ပထမဆုံး ဥပဒေက ရုံးအတွင်းသမီးရည်းစားထားတာကို တားမြစ်တယ်ဆိုတာပဲလေ… ကျွန်မက စည်းကမ်းချက်တွေသိနေတာကို ဘယ်လို စည်းကမ်းဖောက်ရမလဲ…”

ဤကိစ္စမှာ အလုပ်ပြင်ပ အရေးကြီးသော ကိစ္စပင်ဖြစ်လေသည်။


လုဟယ်နျန်မှာ ဖက်ထုပ်စားနေခြင်းကို ရပ်ကာ အံသွားများကို ကြိတ်လိုက်သည်။ သူ၏ခေါင်းထဲတွင်မူ အတွေးများ ပြေးလွှားနေသည်။

မနက်ဖြန်ကျရင် ငါဝမ်ကျင်းဆီ ချက်ချင်းသွားပြီး အဲဒီစာအုပ်ကို ပြင်ခိုင်းရမယ်… ဘာလို့ ရုံးတွင်း ရည်းစားထားတာကို တားမြစ်နေမလဲ… ဒီနေ့ခေတ်မှာ လူတိုင်း စင်ဂယ်ဖြစ်နေကြတာ… အဲဒါကို တားမြစ်လိုက်ရင် သူတို့ဖူးစာရှင်ကို ဘယ်နားမှာ သွားရှာကြမလဲ…


ယွင်ရုန်မှာ လုဟယ်နျန်ထံမှ ပြန်ပြောသည်ကို မကြားရသဖြင့် စိတ်ပူသွားကာ မေးလိုက်သည်။

“ဒုတိယအစ်ကို… ရုံးတွင်း ရည်းစားထားတဲ့အကြောင်း ထပ်မပြောတော့ဘူးနော်… ကျန်းချုံးမင်ကလည်း ရည်းစားရှိနေတော့… ဝမ်ကျင်းနဲ့ လီမင်းဟိုင်ကိုပါ…”


 “ဒါဆို ကိုယ်ကရော…”

လုဟယ်နျန်က ရုတ်တရက် ခေါင်းထောင်၍ မေးလိုက်သည်။ သူ့နှလုံးခုန်သံ ပုံမှန်ထက်ပိုမြန်လာသည်ကို သူခံစားနေရသည်။ အရင်က ဤမျှလောက် မမြန်ဖူးခဲ့ပေ။


ယွင်ရုန်မှ ခေတ္တမျှကြောင်သွားကာ မည်သို့ ပြန်ပြောရမည်မသိဖြစ်သွားသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ သူမက ပြောလိုက်သည်။

 “အစ်ကိုက ကျွန်မရဲ့ ဒုတိယအစ်ကိုပဲဟာ… မောင်နှမချင်း တွဲလို့မရဘူးမလား…”


သူမအား ထိုအချိန်က ညီမလေးတစ်ဦးအဖြ

စ် အသိအမှတ်ပြုခဲ့မိသည်ကို လုဟယ်နျန် ချက်ချင်းးပင် နောင်တရသွားသည်။ ယခုမူ နောက်ကျချေပြီ။ လုဟယ်နျန်မှာ ခဲတစ်လုံးသာ ကောက်၍ သူ့ခြေထာက်သာ သူထုလိုက်ချင်တော့သည်။




⛰️