Chapter 58
Viewers 3k

⛰️Chapter 58

ဒါဆို ငါကရော?



ပြောပြီးသည်နှင့် ယွင်ရုန်က စကားထပ်မပြောတော့ချေ။ သူမ၏ နှလုံးအိမ်ထဲတွင် ထူးဆန်းသော ခံစားချက်အမြဲရှိနေသည်ဟု ခံစားရလေသည်။ လုဟယ်နျန်မှာလည်း မည်သည့်မေးခွန်းမှ ထပ်မမေးတော့သဖြင့် ကျေးဇူးတင်ရသည်။ မေးလာလျှင်လည်း သူမမည်သို့ ပြန်ဖြေရမည်မသိပေ။


နှစ်ယောက်မှာ ဖက်ထုပ်ပြုတ်နှင့် ဖက်ထုပ်ကြော်အား ပန်းကန်များ ကုန်စင်သည်အထိ မြန်မြန်စားလိုက်ကြသည်။ ထို့နောက် ပိုက်ဆံရှင်းရန် ထရပ်လိုက်သည်။ ထိုအချိန်တွင် မှောင်နေပြီဖြစ်သည့် လမ်းကြားအတွင်းမှ ခြေသံများထွက်လာသည်။ သံချိန်းကြိုးတစ်ခုကို ကိုင်ထားသည့် လူငယ်တစ်ဦးမှာ သူတို့ရှိရာသို့ တစ်လှမ်းချင်းစီ လမ်းလျှောက်လာနေသည်။


သူက ယွင်ရုန်ကို မြင်သောအခါ အံ့ဩသွားသည်။ ထို့နောက် ပြုံးလျက်ပြောလိုက်သည်။

 “စီနီယာယွင်… နိုးလာပြီပဲ… ဒီနေရာမှာ တွေ့မယ်လို့ မမျှော်လင့်ထားဘူး…”


 “ရှင်က…” 

ယွင်ရုန်မှာ ရင်းနှီးသည်ဟု ခံစားနေရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို စဉ်းစားရခက်နေ၏။


“ကျွန်တော်က ရှီးနျန်ပါ လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ တုန်းက ကျွန်တော် တန့်ချိုးတောင်ကို ဖြတ်သွားဖူးတယ်လေ… စီနီယာနဲ့ တောင်ခြေမှာ တွေ့ကြတာ…”


ရှီးနျန်က ရယ်လျက် ပါးချိုင့်လေးပေါ်အောင် ပြုံးကာ ဆက်ပြောသည်။


 “အဲဒီတုန်းက ကျွန်တော်က သာမန်ဝိညာဉ်လေးပေမဲ့ အခုတော့ ငရဲပြည်ရဲ့ သေမင်းဖြစ်နေပြီ…”


 “အာ ရှီးနျန်… မှတ်မိပြီ… အလုပ်ကြိုးစားလို့ ရာထူးတိုးသွားတာပေါ့လေ…”

ယွင်ရုန်က ခေါင်းကို ညိတ်ကာ ခွေးခြေပေါ်တွင် ထိုင်နေသော အဘွားအား တစ်ချက်လှမ်းကြည့်လိုက်သည်။


 “သူ့ကို ခေါ်ဖို့ လာတာမလား…”


 “ဒါပေါ့ စီနီယာ… တင်းရှီ သေတာ လွန်ခဲ့တဲ့ ၇ ရက်ကလေ…. သက်ရှိလောကကို စွန့်ခွါပြီး အောက်လောကကို သွားဖို့ အချိန်တန်ပြီ…”

ရှီးနျန်က ပြန်ဖြေပြီးနောက် ယွင်ရုန်အား ပြန်မေးသည်။


 “ဒီလူသားက စီနီယာနဲ့များ ပတ်သက်နေသေးသလား…”


ယွင်ရုန်ပြန်မဖြေနိုင်မီမှာပင် ငြိမ်ငြိမ်လေးထိုင်နေသော အဘွားမှာ ရုတ်တရက်ထရပ်ကာ လှုပ်ကုလားထိုင်ပေါ်ရှိ အဘိုးထံသို့ ပြေးသွား၏။ သူမက အဘိုးအား ကိုင်ကာ ပြောလိုက်သည်။

 “မသွားချင်ဘူး… ငါ့မိသားစုနဲ့ နေချင်တယ်… ငါမသွားချင်ဘူး….”


  “လူတစ်ယောက်သေတဲ့အခါ… မီးငြိမ်းသွားတာနဲ့ တူတယ်… သေပြီးသား ဝိညာဉ်က သက်ရှိလောကမှာ ဘယ်လို အသက်ရှင် နေထိုင်မှာလဲ…” 


ရှီးနျန်၏ အကြည့်မှာ ရုတ်တရက်အေးစက်သွားပြီး ကျယ်လောင်စာ အော်ဟစ်လိုက်သည်။ ပြောပြီးသောအခါ အဘွားထံသို့ သံချိန်းကြိုးနှင့် ချက်ချင်းလျှောက်သွားလေသည်။


ဝိညာဉ်ချည်သော ချိန်းကြိုးမှာ နှစ်ထောင်ပေါင်းများစွာ ဝိညာဉ်များအား ချည်နှောင်ခဲ့သည့်အလျောက် ထိုဝိညာဉ်များ၏ သွေးနှင့် မျက်ရည်များ ပြည့်နေလေသည်။ အဘွားမှာ ရှိုက်သံပင် ထွက်မလာနိုင်ဘဲ ချိန်းကြိုးမှာ သူမ၏ လည်ပင်းတွင် စွပ်လျက်သားဖြစ်နေ၏။ ရှီးနျန်က သူမအား ဆွဲခေါ်သွားသည်မှာ ငါးမီတာအကွာသို့ပင် ရောက်ရှိနေပြီဖြစ်သည်။



 “ချိုးမိန် ချိုးမိန်….”

မူလက လှုပ်ကုလားထိုင်တွင် ထိုင်၍ အတွေးထဲမျောနေသော အဘိုးမှာ ရုတ်တရက် ထအော်လိုက်သ်ည။ သူ့မျက်လုံးများ၏ အရောင်မမှိန်သွားမီ နှစ်စက္ကန့်မျှ အဝေးသို့ငေးကာ ငြိမ်သွား၏။ သူကခေါင်းကို ကိုင်ကာ စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

 “ငါတော့ ရူးနေပြီ…”


 “အဘိုးကြီး… အဘိုးကြီး…”

ဝိညာဉ်ချည်ချိန်းကြိုးဖြင့် ဆွဲခေါ်ခံသွားရသော အဘွားမှာလည်း ရုတ်တရက်ထအော်လိုက်သည်။ သူ၏ လက်များမှာ မြေပြင်ကို အသည်းအသန် ကုတ်ဆွဲနေပြီး ဘိလပ်မြေခင်းထားသော လမ်းတစ်လျှောက်တွင် သူမ၏ လက်ထိပ်မှ သွေးစများ ကျကျန်ရစ်ခဲ့လေသည်။ သူမက မျက်ရည်များစိုစွတ်လျက် ယွင်ရုန်ကို လှည့်ကြည့်ကာ အကူညီတောင်းလိုက်သည်။


 “မိန်းကလေး… မင်းက သာမန်လူမဟုတ်တာ အဘွားသိပါတယ်…. အဘွားကို ကူညီပါကွယ်… အဘွားခဏပဲ နေပါရစေ… တကယ်ခဏပါပဲ….”


 “ရှီးနျန်… ဒီတင်းရှီက သူ့တစ်ဘဝလုံး ကောင်းတာတွေပဲ လုပ်လာတဲ့ သူတစ်ယောက်ပါ… သူ့ကို အချိန်နည်းနည်းလောက်ပေးလို့မရဘူးလား…”

ယွင်ရုန်မှာ ဝင်မပါဘဲ မနေနိုင်တော့သောကြောင့် သူ့အား စည်းရုံးလိုက်သည်။ အမှန်တွင် သူမ ဤနေရာသို့ ဖက်ထုတ်လာစားရန် ဆုံးဖြတ်ရခြင်းမှာလည်း အဘွား၏ ခန္ဓာကိုယ်မှ ကောင်းမှုကုသိုလ်ရွှေရောင်အလင်းတန်းများကို မြင်လိုက်မိသောကြောင့် ဖြစ်သည်။


ကောင်းမှုကုသိုလ်လုပ်သူများမှာ သူတို့၏ ဘဝတစ်လျှောက်လုံး ကောင်းမှုများစွာလုပ်ခဲ့ကြသည်။ ဤကဲ့သို့သော သူများမှာ ၎င်းတို့၏ နောက်ဆုံး ဆန္ဒကို ပြည့်ဝအောင် လုပ်ရန် ထိုက်တန်ကြသည်။


ရှီးနျန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။


 “ဆယ့်ငါးမိနစ်တော့ စောင့်ပေးလို့ရတယ်…”


ထိုစကားကို အဘွားကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်သွားကာ အဘိုးထံသို့ ချက်ချင်းပြေးသွားလေသည်။


ယွင်ရုန်က လက်ချောင်းထိပ်လေးများကို ဝှေ့ယမ်းလိုက်သောအခါ အစိမ်းရောင် အလင်းတန်းတစ်ချို့ အဘွား၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားသည်။


ဘေးနားတွင် လုဟယ်နျန်မှာ အမျိုးသားတစ်ဦး၏ အသံအား တိုးတိတ်စွာကြားနေရပြီး ကောင်မလေးမှာလည်း ရင်းရင်းနှီးနှီးနှင့် စကားပြောနေသည်ကို ကြားနေရသည်။ သူက စူးစိုက်စွာကြည့်လျက် အသံကို နှိမ့်ကာ မေးလိုက်သည်။

 “ဘယ်သူရောက်နေတာလဲ…”


 “ဒုတိယအစ်ကို… အစ်ကို မမြင်ရတာ ကျွန်မ မေ့သွားတယ်…”

ယွင်ရုန်က လုဟယ်နျန်ရှေ့တွင် ပုံတစ်ခုဆွဲကာ ပြန်ဖြေလိုက်သည်။


 “အောက်ကမ္ဘာလောကက သေမင်းပါ…”


လုဟယ်နျန်မှာ သူ့မျက်လုံးများရှေ့တွင် တောက်ပသော အလင်းရောင်ကိုသာ ခံစားလိုက်ရပြီး ချောမောလှပသည့် စိတ်ရင်းကောင်းပုံရသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦး မြင်ကွင်းထဲတွင် ပေါ်လာသည်။ ထိုလူမေးလိုက်သည်ကိုလည်း ကြားလိုက်ရသည်။


 “စီနီယာ ယွင်… ဒီတစ်ခါရော တောင်ပေါ်က ဘာလို့ဆင်းတာလဲ…”


 “ဘာမှတော့မဟုတ်ပါဘူး… ဒီတိုင်းကစားချင်ရုံပါပဲ…”

သူမ တောင်အား မထိန်းသိမ်းနိုင်တော့သည့်အကြောင်းကိုတော့ သူမ ပြောမထွက်ပေ။


အမလေး အရှက်ကွဲလိမ့်မယ် ဖြစ်ခြင်း…


ရှီးနျန်က လုဟယ်နျန်အား တစ်ချက်ကြည့်ကာ ခေါင်းညိတ်၍ မည်သည်မှ ဆက်မပြောတော့ပေ။ အချိန် ၁၅ မိနစ်မှာ ခဏဖြင့် ကုန်လွန်သွား၏။ မည်သူမျှ သတိမပေးရပါဘဲ အဘွားက သူ့ဆန္ဒနှင့်သူ မတ်တပ်ရပ်လိုက်သည်။ သူမက ယွင်ရုန်၏ရှေ့သို့ ဖြေးညင်းစွာလျှောက်သွားပြီး ဦးညွှတ်လိုက်သည်။

 “သမီးလေး… သမီးက လူကောင်းပါပဲ… ကျေးဇူးတင်ပါတယ်… အဘွား အဘိုးကြီးနဲ့ ခဏထပ်နေရပြီး စကားတွေ ပြောလိုက်ရတာမို့ ဘာနောင်တမှ မရှိတော့ပါဘူး…”


သူမစကားပြောနေစဉ်မှာပင် သူမကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ထွက်လာကာ ယွင်ရုန်၏ ကိုယ်ထဲသို့ လျင်မြန်စွာဝင်သွားကြသည်။


သရဲတစ်ကောင်၏ ကျေးဇူးတင်မှုကို ခံရခြင်းမှာ ယွင်ရုန်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်ရာ သူမ အလွန်အံ့ဩသွားသဖြင့် ရယ်လျက် ပြောလိုက်သည်။

 “အဘွားနဲ့ အဘိုးက ရေစက်ပါတယ်… အမြန်သွားပြီး နောက်ဘဝဝင်စားလိုက်ပါတော့…”


 “စီနီယာ… ကျွန်တော်သူ့ကို ခေါ်သွားပြီး သတင်းပို့ရဦးမှာ… အရင်သွားနှင့်မယ်နော်…”

ရှီးနျန်မှာ အဘွားအား ထပ်၍ ချိန်းကြိုးနှင့် ချည်စရာမလိုသောကြောင့် ယွင်ရုန်အား ခေါင်းညိတ်နှုတ်ဆက်၍ ချက်ခြင်းပင် ထွက်ခွါသွားသည်။


လမ်းကြားအဝင်ဝသို့ရောက်သောအခါ ရှီးနျန်က တစ်ဖန်ပြန်လှည့်ကြည့်ကာ လုဟယ်နျန်အား အဓိပ္ပာယ်ပါသော အကြည့်နှင့် ကြည့်လိုက်၏။ 


 “စီနီယာယွင်… သူငယ်ချင်းဟောင်းနဲ့ ပြန်တွေ့ရလို့ ကျွန်တော် ဂုဏ်မပြုပေးရသေးဘူး…”


 “ဘာပြောတယ်…”

ယွင်ရုန်မှ ခေတ္တမျှ ကြောင်အ သွားသည်။ သူမ ထပ်၍မေးမည် ပြုစဉ်မှာပင် ရှီးနျန်မှာ အမှောင်ထုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီးဖြစ်လေသည်။


 “သေမင်းဖြစ်တာဖြင့် ကြာလှနေပြီကို ဘာလို့ စကားကို ရှင်းရှင်းမပြောမှန်းမသိဘူး… ဘာကို သူငယ်ချင်းဟောင်းလဲ… ငါ့မှာ ဘယ်က သူငယ်ချင်းဟောင်းရှိလို့လဲ…”

ယွင်ရုန်က မကျေမနပ်နှင့် ရေရွတ်လိုက်လေသည်။ ထို့နောက် ဘေးတွင် လုဟယ််နျန်ရှိသည်ကို သတိရသွားကာ ထပ်မပြောတော့ပေ။


သူမမှာ အမြဲတစေ တစ်ယောက်တည်းဖြစ်ခဲ့သည်။ ယွင်ရုန်က ထိုကဲ့သို့ပင် တွေးလေ့ရှိသည်။ သို့သော်လည်း သူမနှလုံးသားတွင် ထူးဆန်းသော ခံစားမှုတစ်ခုခံစားနေရကာ တစ်စုံတစ်ခုအား သူမ မေ့နေသကဲ့သို့ ခံစားရလေသည်။


ဘေးနားရှိ လုဟယ်နျန်မှာ တစ်စုံတစ်ခုအား လေးလေးနက်နက်တွေးနေ၏။ ရှီးနျန်မှာ သူ့အားသိသည်ဟု သူခံစားနေရသည်။ ယခုပြောသွားသော စကားများအရ ကောင်မလေးအား ပြောသည်ထက် သူ့ထံ ရည်ရွယ်၍ ပြောသည်ဟု သူခံစားရလေသည်။ 

ဒါပေမဲ့ ငါက ဘယ်လိုလုပ်ပြီး သေမင်းနဲ့ အဆက်အနွယ်ရှိရမှာလဲ…


ထို့ပြင် ယွင်ရုန်လည်း ရှိနေသေး၏။ 

သေမင်းနဲ့ အဆက်အနွယ်ရှိရလောက်အောင် သူက ဘယ်လောက်တောင် စွမ်းအားရှိတာပါလိမ့်…


လုဟယ်နျန်မှာ ထိုထက်ပို၍လည်း မတွေးဝံ့ချေ။ ကောင်မလေး မည်သူပင်ဖြစ်စေ သူမသည် သူ၏ ကောင်မလေးပင် ဖြစ်နေမည်ဖြစ်သည်။ ထိုထက်ပို၍ တွေးရန်မလိုအပ်ပေ။ ထိုသို့တွေးကာ သူက နှုတ်ခမ်းထောင့်ကို ကွေးလျက် ပြုံးလိုက်သည်။ စိတ်ထဲလည်း ရှင်းသွား၏။


 “အချိန်က မစောတော့ဘူး… ဆူးလီမြစ်ကမ်းပါးဆီ သွားကြစို့…”

လုဟယ်နျန်က နာရီကို ကြည့်၍ ပြောလိုက်သည်။


 “ဒုတိယအစ်ကို… ပိုက်ဆံဘယ်လောက်ပါလာလဲဟင်…”

ယွင်ရုန်က လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသောအဘိုးအား ကြည့်နေရာမှ ရုတ်တရက်လှည့်ကာ မေးလိုက်သည်။


လုဟယ်နျန်က သူ့ပိုက်ဆံအိတ်အား ထုတ်ကြည့်၍ ယွမ် ၁၀၀၀  ထုတ်ကာ ယွင်ရုန်အား ပေးလိုက်သည်။ 

 “ဘာလုပ်မလို့လဲ…”

ယွင်ရုန်က အဘိုးမောင် ကို အဆောင်တစ်ခု ဆွဲခိုင်းသည့်အချိန်မှစ၍ လုဟယ်နျန်သည်လည်း အိတ်ထဲတွင် ငွေသားဆောင်သည့် အလေ့အထလုပ်ထား၏။


 “ကျွန်မ အစ်ကို့ဆီကချေးတယ်လို့ မှတ်လိုက််နော်… ပြန်ပေးတဲ့အခါ လစာထဲကလျှော့လိုက်လို့ ရတယ် သိလား…”

ယွင်ရုန်က ပိုက်ဆံကို ယူကာ ဆိုင်အတွင်းသို့ ပြေးဝင်သွားသည်။ ထို့်နောက် ပန်းကန်လုံးဖြင့် ပိုက်ဆံကို ခုကာ ပြောလိုက်သည်။

 “သူ့အတွက် ပိုက်ဆံပေးခဲ့ချင်လို့ပါ…”


လုဟယ်နျန်မှာ ယခုပင် အဘွားကို မြင်လိုက်ရသဖြင့် ယွင်ရုန်၏ စေတနာကို ချက်ချင်း နားလည်သွား၏။  သူက ခေါင်းညိတ်လျက် ပြောလိုက်သည်။

 “ပြန်ပေးဖို့မလိုပါဘူး… ဒါ ကိုယ်ပေးတာလို့ သတ်မှတ်လိုက်…”

ကောင်မလေးမှာ အလွန်ကပ်စီးနည်းသည်။ သူမ အပြင်ထွက်လျှင်ပင် တက္ကစီငှါးမစီးလိုပေ။ ယခု ရုတ်တရက် ယွမ် ၁၀၀၀ လျော့သွားပါက သူမ အသည်းကွဲပေလိမ့်မည်။


 “မဟုတ်တာ ဒါက ကျွန်မပေးတာပါဆို… အစ်ကို့ကိုလည်း ကျွန်မကျွေးတာ… သေချာပေါက်ပြန်ပေးမယ်…”


ဤတစ်ကြိမ်တွင်မူ ယွင်ရုန်က သူ့အားပြန်ငြင်းကာ အမှန်အကန်ပင်ပြောနေလေသည်။ အဘွားထံမှာ ကောင်းမှုအလင်းတန်းအား လက်ခံရရှိပြီး အကျိုးရလဒ်ထူးနေ၏။ အဘွားချစ်ရသော အဘိုးအား ပိုက်ဆံအနည်းငယ်ပေးကမ်းခြင်းမှာ သူမ၏ ကျေးဇူးတရားပင် ဖြစ်လေသည်။


ယွင်ရုန်က ပြောပြီးသည်နှင့် လုဟယ်နျန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

 “သွားကြမယ်….”


ပုံမှန်အားဖြင့် ကောင်မလေးမှာ သူမ လုပ်သည့်ကိစ္စများတွင် အကြောင်းရင်းရှိသည်ချည်းဖြစ်သည်။ ထို့ကြောင့် လုဟယ်နျန်လည်း မေးခွန်းထပ်မမေးတော့ဘဲ သူမနောက်သို့လိုက်ကာ လမ်းအကြားအတွင်းမှ ထွက်လာခဲ့သည်။


နာရီဝက်မျှကြာသောအခါ အဘိုးဝမ် အိပ််ပျော်နေရာမှ နိုးလာသည်။ ဘေးကိုကြည့်လိုက်သောအခါ မည်သူမျှ ရှိမနေချေ။ သူက ခေါင်းကို ကုတ်ကာ မတ်တပ်ရပ်၍ သက်ပြင်းချလိုက်သည်။


 “အသက်ကြီးပြီ… အသက်ကြီးပြီ… ဧည့်သည်တွေ ဘယ်ချိန်ပြန်သွားမှန်းတောင် မသိလိုက်ဘူး… ငါ ခုလေးတင် ချိုးမိန်ကို အိပ်မက်မက်လိုက်တာပဲ…. ချိုးမိန် အာ ငါအခု အဆင်ပြေပါပြီ… ငါဆိုင်ကို ဆက်မဖွင့်တော့ဘူး… ပြီးတော့ အိမ်ပြန်ပြီ ကောင်းကောင်းအနားယူတော့မယ်…”


 “မင်းမရှိမှတော့… ငါ ဒီဆိုင်ကို ဆက်ဖွင့်စရာ မကြောင်းမရှိတော့ဘူး…”


အဘိုးဝမ််မှာ စကားပြောလျက် မီးဖိုချောင်ရှေ့ရှိ ပစ္စည်းများကို သိမ်းဆည်းရန် လမ်းလျှောက်သွားလေသည်။ မီးလင်းဖိုဘေးရှိ ပန်းကန်လုံးကို ကောက်လိုက်သောအခါ ခေါက်ထားသော အနီရောင် အဘိုးမောင် တစ်ရွက် ( ) ထွက်ကျလာသည်။

 “အိုက်ယား… ဘယ်သူက ပိုက်ဆံကို ဒီမှာ ထားခဲ့တာလဲ….”


ဟို လူငယ်စုံတွဲပဲနေမယ်…

ရုတ်တရက် အဘိုး၏ မျက်လုံးများမှာ နီသွားသည်။ အဘိုး၏ ဘဝတွင် သားသမီးမရှိချေ။ တစ်ဦးတည်းသော ဇနီးသည်မှာလည်း လွန်ခဲ့သော ရက်အနည်းငယ်က ဆုံးပါးသွားပြီ ဖြစ်သည်။ မူလက ဤဖက်ထုပ်ဆိုင်အား ပိတ်သိမ်း၍ သူ့ဇနီးအား အဖော်ပြုရန် စီစဉ်ထားသော်လည်း ယခုမူ မမျှော်လင့်ဘဲ ယခုကဲ့သို့ တိတ်တဆိတ် ဂရုစိုက်မှုနှင့် စိတ်ပူမှုတို့ကို လက်ခံရရှိခဲ့လေသည်။


ယွင်ရုန်မှာ ကားပေါ်တက်သည်အထိ မည်သည့်စကားမျှ မပြောတော့ချေ။ လုဟယ်နျန်က သူမအား တစ်ချက်ကြည့်ကာ မေးလိုက်သည်။

 “ဘာဖြစ်လို့လဲ…”


 “ဒုတိယအစ်ကို… အဘွားကလေ အဘိုးနားမှာ ခဏပဲနေချင်ရုံနဲ့ ဘာလို့ အနာခံရတာလဲဟင်… ကျွန်မသာ ဒီနေ့ အဲဒီမှာမရှိခဲ့ဘူးဆိုရင်… အဲဒီလို သေမင်းနောက်လိုက်ဖို့် ငြင်းဆန်တဲ့ ဝိညာဉ်တွေက မြေအောက်လောကကို ရောက်ရင် အပြစ်ပေးခံရပြီး လူအဖြစ်ပြန်ဝင်စားဖို့ပါ တားမြစ်ခံရတာ…”

အဘိုးအာ အနည်းငယ်မျှထပ်ကြည့်ရရုံသာ အခွင့်အရေးကိုတောင်းစေရန် အဘွားတွင် မည်သည့်လှုံ့ဆော်မှုမျိုးရှိနေသည်ကို ယွင်ရုန်စဉ်းစား၍မရချေ။


အဘိုးနား ခဏပဲ ပိုနေရလို့ ဘာများထူးသွားလို့လဲ… ကမ္ဘာခြားနေပြီပဲကို သူတို့က ဘာလို့အတူရှိချင်ရသေးတာလဲ…


  “လူတွေရဲ့ကြားက ခံစားချက်တွေက ရှင်းပြရ အခက်ဆုံးပဲ… ဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဆယ့်ငါးမိနစ်ဆိုတဲ့အချိန်က လုံလောက်ရင် လုံလောက်မှာပေါ့…”

လုဟယ်နျန်က သူ့အတွေးအား ပြောလိုက်သည်။


ယွင်ရုန်၏ လေးလေးနက်နက် စဉ်းစားနေပုံကို ကြည့်ကာ သူက သဘောကျစွာပြုံးလိုက်သည်။

 “ဒီကလေးမကလည်း ဘာတွေ တွေးနေတာတုန်း… နောက်ကျရင် အလိုလို နားလည်လာလိမ့်မယ်…”


 “နားမလည်ချင်ပါဘူး…”

ယွင်ရုန်က မျက်မှောင်ကြုံ့လိုက်သည်။ သူမမှာ တန့်ချိုးတောင်၏ အနှောင်အဖွဲ့ကင်းသော တောင်စောင့်နတ်ဖြစ်သည်။ လူသားများ၏ ချစ်ရေးချစ်ရာမှာ အလွန်ပင်ရှုပ်ထွေးလှသည်။ ထိုကဲ့သို့ အတွေ့အကြုံအား သူမ မလိုချင် မတွေ့ကြုံချင်ပေ။


ဒီကောင်မလေးပဲ ဒီလောက်ကလေးဆန်တာကို ပြောနိုင်တယ်…

လုဟယ်နျန်က ကျေနပ်စွာပြုံးလိုက်သည်။

 “ဒါက မင်းထိန်းချုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး… အချိန်တန်ရင် လွန်ဆန်လို့မရတဲ့ အရာပဲ…”


 “မလိုပါဘူး ကျွန်မက မက်မွန်ပန်းတွေ ဆွဲနိုင်တယ်လေ အဲဒီတော့ မက်မွန်းပန်းတွေကိုလည်း ရှောင်နိုင်တယ်…”

ယွင်ရုန်က သူ့စကားသူ သဘောကျကာ ရယ်လိုက်သည်။


လုဟယ်နျန်မှာ အံ့အားသင့်သွားကာ အလောတကြီး လှည့်၍မေးလိုက်သည်။

 “မင်း မင်းရဲ့ မက်မွန်ပန်းတွေကို ကိုယ့်ဘာသာပိတ်ထားတာလား…”

မဟုတ်ရင် သူသတိမထားမိစရာ အကြောင်းမရှိဘူး…


ယွင်ရုန်က ခေါင်းကို ခါပြသည်။

အဲဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စမျိုးကို ဘာလို့လုပ်ရမှာလဲ…


ထိုမှသာ လုဟယ်နျန်အသက်ရှူနိုင်လေသည်။ ထို့နောက် သူက လေးနက်စွာ ပြောလိုက်သည်။

 “ကံကြမ္မာကို သူ့အလုပ်သူ လုပ်ပါစေ… မင်း အခုချိန်မှာ မလိုချင်တာနဲ့ပဲ မက်မွန်ပန်းတွေကိုတော့ ပိတ်မထားနဲ့နော်…. နောင်တစ်ချိန်လိုချင်လာလို့ မရှိတော့ရင် ဘယ့်နှယ်လုပ်ကြမလဲ…”


 “ဒုတိယအစ်ကို… အရင်က ဒီလိုမပြောဖူးပါဘူး… ပြီးခဲ့တဲ့ ရက်ကတောင် ယောက်ျားတွေက လှည့်စားတတ်ပြီး မာယာများတယ် သတိထားလို့ ပြောခဲ့ပြီးတော့…”

ယွင်ရုန်က လျင်မြန်စွာပင် ပြန်ပြောသည်။


လုဟယ်နျန်: ……ငါတော့ ကိုယ့်သေတွင်း ကိုယ်တူးမိတာပဲ


********


ညဘက် ၁၁ နာရီဝန်းကျင်လောက်တွင် ဆူးလီမြစ်ကမ်းပါး၌ အားကစားဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ချုံပုတ်တစ်ခုအတွင်း ပုန်းအောင်းနေကြသည်။ နှစ်ဦးစလုံးမှာ အသက် ၂၀ ဝန်းကျင်ခန့်များ ဖြစ်ကြသည်။ အမျိုးသားမှာ လက်ထဲတွင် ဆယ်လ်ဖီတုတ်တံကို ကိုင်ထားပြီး အမျိုးသမီးမှာ အမျိုးသား၏ နောက်တွင် သူ၏ ဂျက်ကတ်ကိုဆွဲကာ ပုန်းနေသည်။ သူမက တုန်ရီစွာနှင့် ပြောလိုက်သည်။

 “ကောင်းမင်… ကျောင်းကို ပြန်ကြရအောင်… ငါကြောက်တယ်နော်….”


မာရှောင်းလီမှာ ညဘက်တွင် သန့်စင်ခန်းပင် သွားရဲသူမဟုတ်ပေ။ သူမသာ ကောင်းမင်အား သဘောကျမနေပါက ညလယ်ခေါင်တွင် ဤကဲ့သို့ ကြောက်စရာနေရာအား လိုက်လာမည်မဟုတ်ချေ။ 


 “ဘာတွေကြောက်နေတာလဲ… ရှောင်းလီ ငါဒီမှာရှိတယ်လေ… တစ်ခုခုဖြစ်ခဲ့ရင် ငါနင့်ကို ကာကွယ်မှာပေါ့…. ပြီးတော့ ဘာများ ဖြစ်နိုင်မှာမို့လဲ….”

ကောင်းမင်က သူ့ကောင်မလေးအား တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။ အမှန်တွင် မာရှောင်းလီအား သူတကယ်မကြိုက်ပေ။ ကျောင်းတွင် ရှောင်းလီမှ သူ့အား အကြိမ်ကြိမ်ဖွင့်ပြောလွန်း၍ ရေလိုက်ငါးလိုက်နေလျက်မှ တွဲလိုက်ခြင်းဖြစ်သည်။


ကောင်းမင်မှာ သတ္တိကောင်းသူဖြစ်ပြီး စိတ်လှုပ်ရှားရသည်ကို သဘောကျသော်လည်း မာရှောင်းလီမှာ သတ္တိကောင်းသူ မဟုတ်ပေ။ သူမအပြင်သွားသည့်အခါတိုင်း အမြဲစိတ်ရှုပ်ရကာ ကောင်းမင်မှာ သူမအား လုပ်ကိုင်ပေးရန် စိတ်မဝင်စားချေ။ သူက နှုတ်ခမ်းများကို သပ်ကာ ပြောလိုက်သည်။ 

 “ငါတို့တွေ တက္ကသိုလ်တောင်တက်လို့ အဆင့်မြင့်ပညာတွေတောင် သင်နေပြီ… ဒီကမ္ဘာမှာ ဝိညာဉ်တို့ သရဲတို့ဆိုတာ မရှိဘူးဟ… ရုပ်ရှင်တွေဆိုတာ လူတွေကြည့်အောင် လျှောက်ရိုက်တာပဲ… ငါ့ကို မျက်နှာပျက်အောင် မလုပ်စမ်းနဲ့…”


 “ငါလည်း မလုပ်ချင်ပါဘူး… ဒါပေမဲ့ ကောင်းမင် ဒီဆူးလီမြစ်ကြီးက တကယ်ထူးဆန်းနေတာနော်… ဟိုင်းရှီက လူတွေပျောက်တာ ဒါဇင်ကျော်နေပြီ…. သူတို့ ပျောက်သွားတိုင်းလည်း ဒီဆူးလီမြစ်ကမ်းပါးမှာချည်ပဲ… အဲဒါကြောင့် ငါတို့ ပြန်ကြရအောင်ပါနော်….”


မာရှောင်းလီမှာ ငိုမဲ့မဲ့ဖြစ်လာကာ ကောင်းမင်၏ လက်ကို ဆွဲလေသည်။


 “ပြန်သွားရမယ်… ဒီအထိရောက်လာပြီးမှ ပြန်သွားရမယ်တဲ့လား… ပြန်သွားရင် ငါက ဘာကို သွားထုတ်လွှင့်ရမှာလဲ…”

ကောင်းမင်က ရှောင်းလီ၏လက်ကို ခါချကာ စိတ်မရှည်စွာနှင့် ပြောလိုက်သည်။ 

 “နင်ကြောက်ရင် နင့်ဘာသာပြန်တော့… ငါကတော့ မကြောက်ဘူး… ရဲတွေကလည်း အဖြေကို ရေရေရာရာမထုတ်နိုင်လို့သာ လူတွေ လျှောက်ပြောနေတဲ့ ပါးစပ်ပြော ပုံပြင်တွေက ဖြစ်လာတာ… ငါက အဲဒါကိုကြောက်နေစရာလား…”


မာရှောင်းလီမှာ ထပ်၍ပြောလိုသော်လည်း ကောင်းမင်မှဦ အရှေ့သို့ ပြန်လှည့်ကာ သူ့အား အမိန့်ပေးလိုက်သည်။


 “နင် ပြန်မသွားဘူးဆိုရင်လည်း ငါ့ကို စိတ်တိုအောင် လာမလုပ်နဲ့… live  လွှင့်ဖို့ မြန်မြန်လုပ်… နင်ဘာပဲပြောချင်ပြောချင် ငါတို့ ပြန်တဲ့အထိ စောင့်…”



⛰️