⛰️Chapter 59
ဟယ်ပေါ်
ကောင်းမင်၏ အဆူအငေါက်ကို ခံလိုက်ရသောအခါ မာရှောင်းလီမှာ မျက်ရည်ပင် မကျဝံ့တော့ဘဲ မည်သည့်စကားမှလည်း ထပ်မပြောဝံ့တော့ချေ။ သူနှင့် တွဲရရန် သူမ အလွန်ကြိုးစားခဲ့ရကာ သူမထပ်၍ပြောပါက ကောင်းမင် သူမအား လမ်းခွဲမည်ကို စိုးရိမ်လေသည်။ သူမရှေ့ရှိ အမျိုးသား၏စကားကို နားထောင်ရုံသာရှိလေသည်။
ကောင်းမင်မှာ မာရှောင်းလီမည်သို့တွေးနေမည်ကို စိတ်မဝင်စားချေ။ တိုက်ရိုက်ထုတ်လွှင်ံ့ရန်အတွင် ပြင်ဆင်ချက် သူ၏ ဖုန်းနှင့်သာ အလုပ်များနေလေသည်။ ကောင်းမင် တိုက်ရိုက်ထုတ်လွှင့်ခြင်း စလုပ်လာသည်မှာ သုံးလကြာပြီဖြစ်သည်။ အခြားတိုက်ရိုက်ထုတ်လွှင့်သူများက အစားအသောက်စားခြင်းနှင့် မိတ်ကပ်လိမ်းခြင်းများကို လွှင့်ကြသော်လည်း သူကမူ ကြောက်စရာလန့်စရာကိစ္စများအား ထုတ်လွှင့်တတ်သူဖြစ်သည်။
ကောင်းမင်၏ သတ္တိကောင်းမှုကြောင့် သရဲခြောက်သည်ဟူသော နေရာများတွင်သာ ထုတ်လွှင့်လေ့ရှိသည်။ သူက ညသန်းခေါင်တွင်လည်း ထုတ်လွှင့်တတ်လေသည်။ ထို့ကြောင့် လပိုင်းအတွင်းမှာပင် သူ၏ အင်တာနက်ပေ့်ချ်မှာ လူဝင်ကြည့်မှုအများဆုံးဖြစ်လာသည်။ ပရိတ်သတ်အတော်များများပင် ရရှိနေပြီဖြစ်သည်။
သို့သော်လည်း ဟိုင်းရှီမြို့ မည်မျှမင် ကြီးလင့်ကစား တိုက်ရိုက်ထုတ်လွှင့်သည့် သုံးလအတွင်း သဘာဝလွန်ဖြစ်ရပ်များနှင့် ခြောက်ခြားဖွယ်နေရာများအား စုံနေအောင် ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကောင်းမင်တစ်ယောက် စိုးရိမ်စပြုနေစဉ်မှာပင် လူငယ်မိန်းကလေး ယောက်ျားလေးများ ပျောက်နေသည့် ဖြစ်စဉ်အစပြုလာသည်။ ဖြစ်ရသည့်အကြောင်းရင်းအား ဥပဒေဘောင်အတွင်းမှ အဖြေမထုတ်နိုင်သည့်အခါ အင်တာနက်ပေါ်တွင် လူအများက ကိုယ့်အထင်နှင့်ကိုယ် အဖြေထုတ်လာကြသည်။ ထိုအထဲတွင်မှ အချို့က အောက်လမ်းနည်းလမ်းများပင် ပါဝင်နိုင်သည်ဟု ပြောကြသည်။
ရေငတ်တုန်း ရေတွင်းထဲကျသည့် လူလိုပင် ကောင်းမင်မှာ အလွန်ပျော်ရွှင်သွားကာ ထိုနေရာတွင် တိုက်ရိုက်ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်လေသည်။ အောက်လမ်းနည်း ဖြစ်စေ အထက်လမ်းနည်းဖြစ်စေ သူက မယုံကြည်ပေ။ သူတိုက်ရိုက်ထုတ်လွှင့်မှုစကတည်းကပင် ထိုကဲ့သို့ ဆန်းပြားသည့်နေရာများအား ဆယ်ချီ၍ သွားလာခဲ့ဖူးသော်လည်း ယခုအချိန်ထိ မည်သည့်ကြီးကြီးမားမားမှ မဖြစ်ဖူးချေ။
ထို့ကြောင့် ယခုတစ်ကြိမ် သူဆူးလီမြစ်ကမ်းပါးသို့ လာသောအခါတွင်လည်း ကြောက်စိတ်စိုးရိမ်စိတ် စိုးစဉ်မျှမရှိချေ။
“အားလုံးပဲ မင်္ဂလာပါ… အခု ည ၁၁ ခွဲရှိပါပြီ… လောလောဆယ်တော့ ကျွန်တော် ဟိုင်းရှီရဲ့ ဆူးလီမြစ်ကမ်းပါးပေါ် ရောက်နေပါတယ်…”
ကောင်မင်းက ခြုံပုတ်ထဲတွင် ပုန်းနေလျက် သူ၏ အသံအား ရည်ရွယ်ချက်ရှိရှိနှိမ့်ကာ ကြောက်လန့်စရာ အနေအထားအား ဖန်တီးလိုက်သည်။
—အယ် အဲဒီကို သွားရဲတယ်လား… ဆူးလီမြစ်ကမ်းပါးမှာ လူဆယ်ချီ ပျောက်ထားတာနော်…. တစ်ခုခုဖြစ်မှာ မကြောက်ဘူးလား….
—-အထက်ကလူက လူသစ်ထင်တယ်… ငါတို့ လူက မသွားရဲတဲ့ နေရာရယ်လို့ ရှိသေးလို့လား… အနောက်ပိုင်းက သရဲခြောက်တဲ့ ဗီလာသိတယ်မလား… ငါဖြင့် အဖြူရောင်အရိပ်ကြီးဖြတ်သွားတာကို သေချာမြင်လိုက်တာပဲ ဒါပေမဲ့ သူက မျက်နှာတောင် တစ်ချက်မပျက်သွားဘူး…
— ပြီးတော့လည်း အရင်က လေအိတ်ကားပေါ်ကဟာလေ…. ငါဖြင့် ကြည့်ပြီး အိပ်လို့တောင် မပျော်ဘူး…
……
ကောင်းမင်က ဖုန်းမျက်နှာပြင်တွင် တက်လာသော မှတ်ချက်များအား ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။ သူစကားပြောမည် ပြုစဉ်မှာပင် မာရှောင်းလီက ဖြတ်၍ပြောလိုက်သည်။
“ကောင်းမင် ငါအခုပဲ မက်ဆ်ေ့ချ်တစ်ခုရတယ်…. ဒီနေရာမှာ တိုင်ဖွန်းတိုက်မယ်တဲ့ ငါတို့ပြန်ကြရအောင်နော်…”
ကောင်းမင်က စိတ်ရှုပ်စွာဖြင့် မျက်နှာကို မဲ့လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၌ ဒေါသထွက်နေ၍မဖြစ်ပေ။ သူက မာရှောင်းလီ၏ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။
“အချစ်ရယ်… ဟိုမှာ လမင်းကြီးက ထိန်ထိန်သာပြီး ကြယ်တွေတောင် မြင်နေရတာကို…. တိုင်ဖွန်းက ဘယ်လိုလုပ်တိုက်မှာလဲ…. မကြောက်စမ်းပါနဲ့….”
—-အင်းလေ အခု ဟိုင်းရှီမှာမလား…. ဟိုင်းရှီက တိုင်ဖွန်းဧရိယာထဲမှ မပါဘဲကို….
__ မိုးလေဝသဌာနက အဲဒီလိုပဲ ကြုံရာပို့နေကြ အာရုံစိုက်မနေနဲ့… သူတို့ပြောရင်တော့ မိုးကြိုးမုန်တိုင်းတို့ မိုးသည်းထန်စွာ ရွာမယ်တို့…. ပြီးရင် မိုးက မိုးဖွဲလေးပဲကျတာ…. တစ်ခါတစ်လေဆို မိုးတောင်မကျဘဲ မိုးလေးပဲ တစ်ခါနှစ်ခါခြိမ်းတာ… သူတို့က လူတွေကို သပ်သပ်လှန့်ချင်ကြတာ…
__ ကဲပါ မြန်မြန်စပါတော့… မစောင့်နိုင်တော့ဘူး
“ကျွန်တော် စတော့မှာပါ… တိုင်ဖွန်းလာရင်တော့ တိုက်ရိုက်လွှင့်တာကို မရပ်ပါဘူး…”
ကောင်းမင်က ပရိတ်သက်ကို ပြုံးပြလျက် ပြောလိုက်သည်။ ထို့နောက်သူက ရှောင်းလီဘက်သို့ လှည့်ကာ နားထင်ကို နမ်းဟန်ဖြင့် နားသို့ကပ်ကာ တိုးတိုးလေး စကားပြောလိုက်သည်။
“နင်ထပ်ပြောနေမယ်ဆိုရင်… ပြန်ရောက်တာနဲ့ ပြတ်ပြီသာမှတ်…”
မာရှောင်းလီမှာ တုန်လှုပ်သွားကာ ခေါင်းညိတ်ရုံသာ တတ်န်ိုင်လေသည်။ သူမ ကောင်းမင်အား မဆုံးရှုံးလိုပေ။
ကောင်းမင်နှင့် မာရှောင်းလီတို့နေရာနှင့် မလှမ်းမကမ်းတွင် ယွင်ရုန် လုဟယ်နျန်နှင့် အထူးရုံးတော်မှ လူများလည်း ရောက်ရှိနေပြီဖြစ်သည်။ ယနေ့ညသည် လအသစ်ထွက်သောကြောင့် ကောင်းကင်တွင် လခြမ်းကွေးလေး မြင်နေရသော်လည်း လရောင်ကား မရှိချေ။ ဘေးပတ်ပတ်လည်ဝန်းကျင်မှာ ပိန်းပိန်းမှောင်နေ၏။
ဝမ်းပေါ်က ဖုန်းကိုချ၍ ပြောလိုက်သည်။
“ဟိုင်းရှီရဲ့ မိုးလေဝသဌာနကို ဆက်သွယ်ပြီး ပြောထားတယ်…. ဒီည လိမ္မော်ရောင်အဆင့်ရှိတဲ့ တိုင်ဖွန်းတိုက်မှာလို့ သူတို့က ကြေငြာပေးထားတော့ လူတွေ ဒီညအပြင်သိပ်ထွက်ကြမှာမဟုတ်ဘူး… ငါတို့ အချိန်များများစားစားမရတာမို့ အကုန်လုံးသတိထားပေးကြပါ…”
“အဲဒါက အခုထိ မှာနေရတုန်းလား…”
ဝူရွှမ်းကန်က အေးစက်စွာဖြင့် ရေရွတ်သည်။ နေ့လည်က ကိစ္စအား သူပြေလည်သေးပုံမရပေ။
ဝမ်းပေါ်မှာ စိတ်ထဲတွင် မထားဘဲ သူ၏ နှာခေါင်းကိုသာ အနေရခက်စွာ ပွတ်လိုက်သည်။ သူက ထပ်၍ပြောသည်။
“ဒါဆို ဒီညနေအစီအစဉ်အရ စီနီယာ ရန်ရှန်းက ဟယ်ပေါ်ထွက်လာအောင် လုပ်လိမ့်မယ်…. သူထွက်လာတာနဲ့ အချိန်ကို အကျိုးရှိရှိအသုံးချပြီး သူဘာမှမလုပ်နိုင်ခင် အကုန် ပူးပေါင်းပြီး သူ့ကိုချုပ်ထားကြမယ်…”
သို့သော်လည်း ယွင်ရုန်မှာ အားမရနိုင်ဖြစ်နေသည်။
ဒီနှစ်နှစ်ဆယ်လောက်အဆင့်နဲ့ လူငယ်လေးတွေက မနိုင်ဝန်ထမ်းနေရတာပဲ… သူတို့ ဟယ်ပေါ် ဘယ်လောက်အစွမ်းရှိလဲ မသိကြဘူး…. ရန်ရှန်းသာ သူ့ကို ခေါ်ထုတ်နိုင်တယ်ထားဦး… သူတကယ်ထွက်လာရင် သူတို့တွေ ချုပ်ထားနိုင်မှာ မဟုတ်ဘူး…
ထို့ကဲ့သို့ တွေးကာ ယွင်ရုန်က လုဟယ်နျန်ဘက်သို့လှည့်၍ ပြောလိုက်သည်။
“ဒုတိယအစ်ကို အရင်ပြန်နှင့်လိုက်ပါ… ကျွန်မ ဟိုတယ်ကို ကိုယ့်ဘာသာ ပြန်လိုက်ပါမယ်…”
ဒါရိုက်တာက သာမန်လူဆိုတော့ ဒီနေရာမှာ ဒဏ်ရာတွေဘာတွေ ရသွားရင် အဆင်ပြေမှာမဟုတ်ဘူး…
“အန္တရာယ်များတယ်မလား…”
လုဟယ်နျန်က သူမအား ပြန်မဖြေဘဲ မေးခွန်းမေးလိုက်သည်။
“အန္တရာယ်များတာမဟုတ်ပါဘူး… ဒီမှာ လူတွေအများကြီးဟာ… ဘယ်လိုလုပ် အန္တရာယ်များမလဲ…”
ယွင်ရုန်က စိတ်သက်သာရဟန်ဖြင့် လက်များကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဘယ်ချိန်ပြီးမလဲ မသိနိုင်လို့ပါ… ဒုတိယအစ်ကို ဒီမှာစောင့်နေပေးဖို့ မလိုဘူးလေ…”
ကောင်မလေးမှာ အမြဲတစေ အပူအပင်ကင်းကာ လွတ်လွတ််လပ်လပ်နေသူဖြစ်သည်။ သို့သော်လည်း သူမ၏မျက်နှာပေါ်တွင် စိတ်ထဲရှိသည်များအား အကုန်မြင်ရလေသည်။ ဤကိစ္စများ၏နောက်ကွယ်တွင် ဟယ်ပေါ်ရှိသည်ဟု သူမ သိရကတည်းက သူမ၏ မျက်နှာမှာ အမြဲလိုလိုပင် စိတ်ရှုပ်ထွေးနေလေ့ရှိသည်။
ဟယ်ပေါ်က တကယ်ကို ကိုင်တွယ်ရခက်မဲ့ပုံပဲ…
လုဟယ်နျန်က သူမအတွေးအား ရိပ်မိပုံမပြဘဲ ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ကိုယ်ဒီမှာပဲ စောင့်မှာ… ညဘက်ကြီး မိန်းကလေးတစ်ယောက်တည်း ပြန်လို့ မသင့်တော်ဘူး…”
ယွင်ရုန်မှာ လုဟယ်နျန်အား ဆက်လက်ဖျောင်းဖျချင်သော်လည်း အနားတွင်ရှိသော ဝူရွှမ်းကန်က သည်းမခံနိုင်တော့ဘဲ ထပြောလေသည်။
“ဒါအခု ညသန်းခေါင်ကြီးနော်… ဒီကို မိစ္ဆာဖမ်းဖို့လာတာလား အီဖို့လာကြတာလား… ဒိတ်ဖို့ဆိုရင် နှစ်ယောက်လုံး ပြန်သွားကြ… ကွိစိကွစပြောပြီး အချိန်ဖြုန်းမနေကြနဲ့…”
ထိုကဲသို့ လူမျိုးများမှာ လောကတွင် စိတ်ရှုပ်စရာအကောင်းဆုံးဖြစ်သည်။
နှစ်ထောင််ပေါင်းများစွာ တစ်ကိုယ်တည်းအထီးကျန်ဖြစ်နေတဲ့ မိစ္ဆာတွေဘယ်လောက်များလဲ မသိဘူးလား…
ဝူရွှမ်းကန်က သူ့မျက်လုံးကို အကြည့်လွှဲလိုက်သည်။ မူလက ဘုရားကျောင်းရှိ ရေကန်ထဲမှ လိပ်ကလေးဖြစ်သော သူသည် နေ့စဉ်နေ့တိုင်း ဗုဒ္ဓတရားစာရွတ်သံများကိုသာ ရင်းနှီးခဲ့ရသည်။ ထို့ကြောင့်လည်း ဉာဏ်ပညာကြီးမားလာခဲ့ကာ ဝိညာဉ်အစွမ်းတိုးတက်စေရန် လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းထဲတွင်မူ အသက်ကြီးနေပြီဖြစ်သည့် ဘုန်းတော်ကြီးများသာရှိသောကြောင့် မည်သည့် ဣိတ္ထိယကိုမှ တွေ့ခွင့်မသာခဲ့ပေ။ နောက်ပိုင်းတွင် ဘုရားကျောင်းမှ သူထွက်လာသော်လည်း ကမ္ဘာကြီးမှာ ပြောင်းလဲနေပြီဖြစ်ရာ သူ့အတွက် အခွင့်အရေးမှာ နောက်ကျပြီးရင်း နောက်ကျခဲ့ရသည်။ ထို့ကြောင့် မမျှော်လင့်ထားပါလျက် ဝူရွှမ်းကန်တစ်ယောက် တစ်ကိုယ်တည်းဖြစ်နေသည်မှာ နှစ်တစ်ထောင်ခန့်ပင်ရှိပြီဖြစ်သည်။
ယခုကဲ့သို့ အပြုအမှုမျိုး သူ့ရှေ့တွင် လုပ်နေကြခြင်းမှာ သူ့နှလုံးသားအား ခြေမွနေသကဲ့သို့ပင် ဖြစ်နေသည်။
“နာမ်ဝိညာဉ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်ဖို့ လုပ်နေတဲ့သူတွေက လွယ်လွယ်နဲ့ ဒေါသမထွက်သလို စိတ်မရှည်တာမျိုးလည်း မရှိကြဘူး…. အဆင့်တက်ပြီးတာ နှစ်တစ်ထောင်ရှိတာတောင် အခုထိ မိစ္ဆာတွေက မချုပ်နိုင်သေးတာကို မအံ့ဩတော့ပါဘူး….”
ယွင်ရုန်က ထိုစကားများကို အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း ဝူရွှမ်းကန်မှာ သူမအား အကြိမ်အကြိမ်တိုက်ခိုက်နေ၏။ သူမမှာ ထိုကဲ့သို့ အထင်အမြင်သေးခံရမည့် ပုဂ္ဂိုလ်မျိုး မဟုတ်ပေ။
“ရန်ဖြစ်ချင်နေတာလား…”
ဝူရွှမ်းကန်မှာ အနာပေါ်တုတ်ကျသကဲ့သို့ ဖြစ်သွားခြင်းကြောင့် ချက်ချင်းပင် ပေါက်ကွဲတော့မည်ဟန် ပြလာလေသည်။
“ကျွန်မ ဒီကို ဟယ်ပေါ်ကို ဖမ်းဖို့လာခဲ့တာ… ရှင့်လို ကလေးတစ်ယောက်နဲ့ ရန်ဖြစ်ဖို့ လာတာမဟုတ်ဘူး…”
ယွင်ရုန်က အေးစက်စွာနှင့် ပြန်ပြောသည်။
ဒီလို ကလေးနဲ့ရန်ဖြစ်ရင်လည်း နိုင်သွားရင်တောင် သိက္ခာကကျဦးမှာပဲ…
အငယ်များအား ကြီးနိုင်ငယ်ညှင်းလုပ်သည့် မိစ္ဆာများတွင် သူမ မပါဝင်လိုပေ။
“မင်း မလုပ်ရဲတာပါ…”
ယွင်ရုန်၏စကားများကို ကြားသောအခါ ဝူရွှမ်းကန်မှာ သူမက သူ့အား အကယ်ပင်ကြောက်သည်ဟု တွေးမိကာ ထို့ကြောင့်ပင် သူနှင့် ဖက်ပြီး မပြိုင်လိုကြောင်း ထင်လိုက်လေသည်။ သူ၏မျက်နှာတွင်ပင် ဂုဏ်ယူသည့် အကြည့်မျိုး ပေါ်လာ၏။
သူစကားမဆုံးမီမှာပင် ယွင်ရုန်က အသံကျယ်ကျယ်နှင့် အော်လိုက်သည်။
“တိတ်စမ်း…”
ယွင်ရုန်၏ အသံပျောက်သွားသည်နှင့် မူလက ငြိမ်သက်နေသော ဆူးလီမြစ်၏ ရေပြင်တွင် ရေပွက်များထလာလေသည်။ မိစ္ဆာအငွေ့အသက်များမှာ အပြင်ဘက်ထိပင် ပျံ့နှံ့လာသည်။
မျှားခေါ်စရာတောင်မလိုဘဲ ဟယ်ပေါ်က သူ့ဘာသာ ထွက်လာတာလား…
“တော်တော်ကြီးတဲ့ မိစ္ဆာအငွေ့အသက်ပဲ… ဟယ်ပေါ်ပဲ ဖြစ်မယ်…”
ဘေးနားတွင် တောက်လျှောက်တိတ်ဆိတ်နေသော ရန်ရှန်းမှာ ရုတ်တရက်အကြည့်ပြောင်းသွားသည်။ သူမ၏ ခြေထောက်နှစ်ဖက်မှာ တဖြည်းဖြည်း မြေပြင်ကခွါလာကာ လေပေါ်တွင် ပျံနေ၏။ သူမက အလောတကြီး အောလိုက်သည်။
“ဝူရွှမ်းကန် ဘာတွေ ငေးနေတာလဲ… အတားအစီးအစီအရင်ကို မြန်မြန်လာလုပ်လေ…”
“အေးပါ…”
ဝူရွှမ်းကန်မှာ ငေးနေရာက အသိဝင်လာကာ သူ၏ အမြင်ကတ်စရာ မျက်နှာပေးမှာ တည်ငြိမ်လေးနက်သော အသွင်သို့ ပြောင်းသွား၏။ ချက်ချင်းပင် သူက ကြီးမားသော အစိမ်းရောင်လိပ်ကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းကာ သူ့ကိုယ်သူ လေထဲသို့ မျောလွင့်စေလိုက်၏။ ဝူရွှမ်းကန် ထိုကဲ့သို့ လုပ်လိုက်သည်တွင် ထိုနေရာမှ တစ်ကီလိုမီတာအတွင်း ပတ်ပတ်လည်တွင် အစိမ်းရောင်အလင်းတန်းများဖြင့် ဖုံးအုပ်သွားသည်။
မြစ်အတွင်းရှိရေများမှာ ပို၍ အားပြင်းကာ လှုပ်ခတ်လာပြီး ကြီးမားသော လှိုင်းလုံးကြီးများဖြစ်ပေါ်လာသည်။ လှိုင်းလုံးတစ်ခုစီမှာ ၅ မီတာ ၆ မီတာအထိမြင့်ကာ ရေထိန်းနံရံထိပါ ရိုက်ခတ်လာသည်။ ဆူနာမီဖြစ်တော့မည့် အသံကဲ့သို့ပင် ဆူညံသော အသံများဖြစ်ပေါ်လာသည်။
ဝူရွှမ်းကန် စည်းတားပြီးသည်နှင့် ယွင်ရုန်က လှည့်ကာ မြစ်ကမ်းပါးဆီသို့ ပြေးလေသည်။
“ယွင်ရုန်…”
လုဟယ်နျန်က အလိုအလျောက် ခေါ်လိုက်မိသည်။
ယွင်ရုန်က ရပ်ပြီး ပြန်လှည့်ကာ ပြောလိုက်သည်။
“ဒုတိယအစ်ကို… ဝေးဝေးမှာသွားနေနော်… အဆင်ပြေပါတယ် ကျွန်မ မြန်မြန်ပြန်လာခဲ့မယ်…”
ဝမ်းပေါ်နှင့် အခြားသူများကိုလည်း သူမက တစ်ချက်လှမ်းကြည့်လိုက်သည်။ ကြီးမားလှသော မိစ္ဆာစွမ်းအင်ကြောင့် သူတို့မှာ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်သော်လည်း မြစ်ကမ်းပါးဆီသို့ ပြေးနေကြလေသည်။ သူမက ချက်ချင်းပင် အော်ပြောလိုက်သည်။
“အားလုံးပဲ လှည့်ပြန်ကြပါ… ရှင်တို့က သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး…”
“သတိထားပါ…”
သူကူညီနိုင်သည့်အရာ မရှိသည်ကို သိသည့်အလျောက် လုဟယ်နျန်မှာ နောက်သို့ဆုတ်လျက် သတိသာပေးနိုင်လေသည်။
ယွင်ရုန်က ခေါင်းညိတ်ပြကာ ချက်ချင်းပင် ပြန်လှည့်၍ ပြေးလေသည်။ တဖြည်းဖြည်းဝေး၍သွားသော ကောင်မလေး၏ ကျောပြင်ကို ငေးကြည့်လျက် လုဟယ်နျန်၏ ခေါင်းထဲတွင် လေးလေးနက်နက်တွေးမိလာသည်။ သူနှင့်ကောင်မလေးကြားရှိ မတူညီမှုအား သူပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်လေသည်။ သူတို့နှစ်ယောက်မှာ မတူညီသော ကမ္ဘာနှစ်ခုက လူများဖြစ်နေသကဲ့သို့ပင် ဖြစ်သည်။ ပြီးခဲ့သော ရှော့ပင်းမောလ်အဖြစ်နှင့် ယှဉ်လျှင် ဤအရာက မည်မျှပင် အင်အားကြီးပါစေကာမူ သူ့အနေနှင့် သူမအား ကူညီနိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင်မူ ကောင်းမင်မှာ တိုက်ရိုက်ထုတ်လွှင့်နေဆဲဖြစ်သည်။ စောစောပိုင်းတွင်မူ သူက ခြုံပုတ်များကြား လျှောက်သွားလျက် ခြောက်လှန့်လိုသော သဘောနှင့် စနောက်ကာ ကြောက်စရာအနေအထားဖြစ်အောင် ဖန်တီးနေခဲ့သည်။ ဤညတွင် လရောင်ပင် မမြင်ရသောကြောင့် မည်သည့်အချိန်ကတည်းက တိမ်မည်းများတက်လာကာ ကြယ်များအား အုပ်သွားသည်ကို မသိလိုက်ရပေ။ ဖုန်းမျက်နှာပြင်၏ တောက်ပနေသော အလင်းရောင်ကိုသာ အားပြု၍ ပတ်ဝန်းကျင်ရှိ သစ်ပင်များ၏ အရိပ်များနှင့် သူ၏ ဖြေးဖြေးနှေးနှေး အပြုအမူများက ကြည့်ရသူတိုင်းအား ငြိမ်သက်သွားစေသည်။
“ဟုတ်ပြီ အခု မြစ်ဘေးကို တစ်ချက်သွားကြည့်ရအောင်…”
ကောင်းမင်မှာ ဂုဏ်ယူစွာကြည့်လိုက်ပြီး ယခုညအတွက် လိုချင်သောအနေအထားရပြီိဖြစ်ကြောင်း သိသည့်အားလျော်စွာ အဓိကနေရာအားသွားရန် ဆုံးဖြတ်လိုက်သည်။ မြစ်ကမ်းဘေးနေရာတွင် တိုက်ရိုက်ထုတ်လွှင့်ရန်ပင်ဖြစ်သည်။
သူက မိုဘိုင်းလ်ဖုန်းအား အာရုံစိုက်နေသဖြင့် ဘေးပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို အနည်းငယ်မျှပင် သတိမပြုမိပေ။ ရုတ်တရက်ပင် ဖုန်းစခရင်တွင် မှတ်ချက်များပြုံတိုးကာ တက်လာသည်။
— WTH အဲဒါဘာကြီးတုန်း အဲဒီလောက်ကြီးတဲ့ လိပ်ကြီးက ရှိသေးတာလား
— အချစ်အတွက် လုပ်ပေးထားတာတော့ မဟုတ်ဘူးမလား အစိမ်းရောင် စိတ်လှုပ်ရှားနေလို့များလား
— ဟိုမှာ ကြည့်ကြဦး မြစ်ရေပြင်မှာ တစ်ယောက်ယောက်ရှိနေတယ် အရိပ်ကို ကြည့်ရတာတော့ အမျိုးသမီးပဲ သရဲမတော့ မဟုတ်ဘူးမလား
(ရန်ရှန်း : နင်ကသာ သရဲမလေ… နင့်မိသားစုကလည်း သရဲမတွေပဲ… နင်ကဘာမို့လို့ ငါ့ကို လာဘလိမ်းနေတာလဲ…)
— မြစ်ကမ်းပါးမှာ လူတွေ ထပ်ရှိနေသေးပုံပဲ… သူတို့လည်း တိုက်ရိုက်လွှင့်နေတာ မဟုတ်ပါဘူးနော်…
—- ဘာကို တိုက်ရိုက်လွှင့်မှာလဲ… အဲဒီလိုလွှင့်ဖို့ လူအများကြီးလိုမလားဟ… အဲဒါ သေသွားတဲ့ သရဲတွေလေ…
ကောင်းမင်၏ ဦးစွာပေါ်လာတွေ အတွေးမှာ သူကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်သူများ ထပ်ရှိနေသေးလားဟူသည့် အတွေးဖြစ်သည်။ ထိုကဲ့သို့ သဘာလွန်အရာများအား တိုက်ရိုက်ထုတ်လွှင့်သူ နည်းပါးသော်လည်း လုံးဝမရှိသည်ကား မဟုတ်။ ယခုမူ သတင်းများပျံ့နေပြီဖြစ်ရာ သူ၏နေရာအား လိုချင်အားကျသူများ ရှိနေနိုင်ပေသည်။
မည်သူမည်ဝါဆိုသည်အား ကြည့်ရှုရန် ခေါင်းထောင်လိုက်စဉ်မှာပင် သူ၏ ဘေးရှိ အလွန်ကြောက်လန့်နေသော မာရှောင်းလီအား တွေ့လိုက်ရလေသည်။
“ကောင်း…. ကောင်းမင် မြစ်ကို ကြည့်ပါဦး… တစ်ခုခုက မြစ်ထဲက ထွက်လာနေတယ်…”
ကောင်းမင်က မာရှောင်းလီပြောသည့် နေရာသို့ လိုက်ကြည့်လိုက်သည်တွင် ဆူးလီမြစ်ရေပြင်၌ ဖြစ်ပေါ်နေသော ခပ်ပါးပါးလှိုင်းလုံးများကို မြင်လိုက်ရသည်။ ကြီးမားသောအရိပ်ကြီးတစ်ခုမှာ မြစ်ထဲမှ ဖြေးညင်းစွာ တက်လာနေသည်။ ခေတ္တမျှ ပြင်းထန်သောလေကြမ်းတစ်ချို့ တိုက်ခတ်သွားရာ ထိုအခြေနေမှ အလွန်အနံ့ပြင်းသော ငါးညှီနံ့က လေထုထဲ ပြည့်နှက်သွားသည်။
ကောင်းမင်မှာ နေရာမှ လှုပ်မရဘဲ ဖြစ်နေရာ သူ၏ခြေထောက်များမှာလည်း ကြောက်လွန်း၍ တုန်နေကြသည်။
မြစ်နားမှာ လမ်းလာလျှောက်မှတော့ ခြေထောက်ရေမစိုချင်လို့ ဘယ်ရမလဲ… (ဒီအလုပ်ကို လုပ်နေမှတော့ ဒီလိုကိစ္စတွေကို ရှောင်လို့မရ ဟုဆိုလိုခြင်းဖြစ်သည်။)
ဒီတစ်ခါတော့ နဖူးတွေ့ဒူးတွေ့ တကယ်ကြုံရတော့မှာလား…
သူက မြင်ကွင်းထဲရှိ ဖုန်းစခရင်အား အလိုအလျောက် တစ်ချက်ကြည့်လိုက်သည်။ မှတ်ချက်များနှင့် ဘောက်ဆူးများမှာ သောက်သောက်လဲတက်လာနေကြကာ အံ့ဩဖို့ကောင်းလောက်အောင်ပင် များပြားလေသည်။ ကောင်းမင်၏ မဟားတရားခုန်နေသော နှလုံးမှာ ငြိမ်ကျသွားသည်။
ဒါကိုသာ ရိုက်နိုင်မယ်ဆိုရင် ငါတော့ ချမ်းသာပြီပဲ…
⛰️