⛰️Chapter 60
ဟယ်ပေါ်
ဟယ်ပေါ်၏ ခန္ဓာကိုယ်တစ်ဝက်မှာ ဆူးလီမြစ်အတွင်းမှ ထွက်ပေါ်လာလေသည်။
ရန်ရှန်းက သူမလက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ရာ သူ၏ လက်ထဲတွင် ငွေရောင်ကြာပွတ်တစ်ခု ထွက်ပေါ်လာသည်။ ကြာပွတ်မှာ ညအမှောင်ထဲတွင် ဝင်းလက်နေသည်။ သေချာစွာ အနီးကပ်ကြည့်ပါက ထိုအရာမှာ ငွေသားအစစ်ဖြင့် ပြုလုပ်ထားသော ချိန်းကြိုးတစ်ခုသာဖြစ်လေသည်။
ရန်ရှန်းက ကြာပွတ်ကို ဝှေ့ယမ်းလိုက်ကာ အနီးပတ်လည်ရှိလေများကိုစု၍ ဟယ်ပေါ်ဆီသို့ လေအားဖြင့် ရိုက်ချလိုက်သည်။ သူမက ၁၁၀ ရာခိုင်နှုန်းသောအားကို သုံးလိုက်ခြင်းကြောင့် မြစ်ရေများမှာ နှစ်ပိုင်းပင်ကွဲသွားသည်။
အချင်းချင်းတွန်းကန်လိုက်သကဲ့သို့ဖြစ်သည်။
ဟယ်ပေါ်မှာ စိုးစဉ်မျှကြောက်သည့်ဟန်မပြဘဲ လက်တစ်ဖက်တည်းနှင့် ကြာပွတ်အား ဖမ်းဆုပ်လိုက်သည်။ သူက အားရပါးရလှောင်ရယ်ပြီးနောက် ပြောလိုက်သည်။
“နေပါဦး ဘယ်သူကများ ဒီလောက်ကောင်းတဲ့ ဝိညာဉ်စွမ်းအားနဲ့ ရောက်လာတာလဲ… ငါ့အတွက် အစာကျွေးဖို့ရောက်လာတာလား…”
ပြောပြီးသည်နှင့် ဟယ်ပေါ်က သူကိုင်ထားသော ကြာပွတ်အား ယမ်းလိုက်သည်။ ရန်ရှန်းမှာ ခုခံနိုင်စွမ်း ကင်းမဲ့စွာဖြင့် မြစ်ကမ်းဘေးသို့ ပစ်ပေါက်ခံရသကဲ့သို့ ဖြစ်သွားကာ မြေပြင်တွင်လည်း ပြင်းအားကြောင့် ကွဲအက်သွားသည်။
ရန်ရှန်းမှာ မြေပြင်ပေါ်တွင်လဲနေရာမှ ပြန်ထရန် ကြိုးစားသော်လည်း မထနိုင်ပေ။ သူမက ခေါင်းကို လှည့်၍ သွေးများစွာ အန်ထုတ်လိုက်သည်။ သူမသည် အသက်ကို လုရှူလျက် ပြောလိုက်သည်။
“ပြန်သွားကြတော့… အကုန်လုံး ပြန်သွားကြ… ငါတို့က သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး…”
“အခုမှ ထွက်သွားချင်တယ်ပေါ့လေ… ဒါပေမဲ့ မရဘူးနော်… တံခါးဝရှေ့ထိ ဝိညာဉ်စွမ်းအင်တွေ ရောက်လာမှတော့ ငါက ဧည့်ဝတ်ကျေပွန်ရမှာပေါ့…”
ဟယ်ပေါ်မှာ မည်သူ့ကိုမျှ အလွတ်ပေးမည့်ပုံမပေါ်ပေ။ သူ၏ မျက်လုံးများက အတားစီးအစီအရင်အား ကြိုးစားထိန်းပေးနေသည့် ဝူရွှမ်းကန်ထံ ရောက်သွားသည်။ သူ၏ မျက်လုံးများမှာ လောဘအရိပ်အယောင်ပြလာပြီးနောက် နှုတ်ခမ်းပါးနား သပ်လိုက်သည်။
“နှစ်တစ်ထောင်သက်တမ်းရှိတဲ့ လိပ်တဲ့လား… ဒီနေ့ကဘာနေ့လဲ…. ငါ့ကို အဝကျွေးဖို့ လာကြတာလား…”
“မင်းအမေကိုပဲ အဝကျွေးပါလား….”
ဝူရွှမ်းကန်မှာ သူ အမုန်းဆုံးစကားဖြစ်သည့် ‘အဝကျွေး’ ဆိုသည့် စကားကို ကြားသောအခါ စိတ်ဆိုးမာန်ဆိုး ထဆဲတော့သည်။
သူ့အသံ ပျောက်သွားသည်နှင့် ဟယ်ပေါ်မှာ မျက်နှာကို မဲ့ကာ အနည်းငယ်စိတ်တိုနေပုံပြပြိနောက် ဝူရွှမ်းကန်အား လှမ်းဆွဲလိုက်သည်။ သူ၏လှုပ်ရှားမှုများ မြန်ဆန်လွန်းလှသောကြောင့် ရှောင်ရှားရန် မဖြစ်န်ိုင်လှပေ။
ဟယ်ပေါ်မှာ ဝူရွှမ်းကန်အား ဆွဲချမည့်ဟန်ပြုနေစဥ်မှာပင် အနက်ရောင် ငှက်မွေးယပ်တောင်တစ်ခုပေါ်လာကာ သူ့လက်ကို ရိုက်ချလိုက်လေသည်။
“ဖန်းရီ… တကယ်ပဲ… နင်က အသက်ကြီးလာလေလေ အရှက်မရှိဖြစ်လေလေပဲနော်… ဘာလို့ နှစ်တစ်ထောင်ပဲ သက်တမ်းရှိသေးတဲ့ ဂျူနီယာက်ို နှိပ်စက်ချင်နေရတာလဲ...”
ဟယ်ပေါ်မှာ အလွန် အံ့ဩသွားသည်။ ဖန်းရီဟူသော နာမည်အား သူ မကြားရသည်မှာ နှစ်တစ်ထောင်ပင်ရှိပြီဖြစ်သည်။ ထိုနာမည်အား သိကြသူများမှာလည်း သေဆုံးပျောက်ကွယ်ကုန်ပြီဖြစ်သည်။
သူက အသံရှင်ကို လိုက်ရှာရာ ယွင်ရုန်အား မြင်လိုက်လေသည်။ သူက မျက်မှောင်ကိုကြုတ်၍ ပြောလိုက်သည်။
“တောင်မိစ္ဆာ… နင်က မသေသေးဘူးလား….”
ငှက်မွှေးနက်ယပ်တောင်မှာ ကောင်းကင်တွင် စက်ဝိုင်းခြမ်းပုံစံပျံသန်းပြီးနောက် ယွင်ရုန်၏ လက်အတွင်းသို့ ပြန်ကျလာသည်။ သူမက ယပ်တောင်အား ငြင်သာစွာခတ်ကာ ပြောလိုက်သည်။
“ငါအရှင််လတ်လတ်ကြီးရှိနေပါသေးတယ် ဖန်းရီ…. နင်က အခြေနေတော်တော်မဟန်တဲ့ပုံပဲ… လူတွေကို တွေ့နေကျမဟုတ်ပေမဲ့လည်း နင့်ကိုယ်နင်တော့ သပ်သပ်ရပ်ရပ်နေဖို့ လိုနေတယ်နော်… အဲဒီငါးညှီနံ့နဲ့ စုတ်ပြတ်သပ်နေတဲ့ပုံက မိစ္ဆာမျိုးနွယ်တွေကို သိက္ခာချနေသလိုပဲ…”
ယွင်ရုန်မှာ အတော်ပင် ရွံရှာနေလေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ တွင် ဖန်းရီမှာ မိစ္ဆာမျိုးနွယ်များအနက် အချောဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပြီး များစွာသော မိစ္ဆာမလေးများက အသည်းစွဲဖြစ်ခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ရှည်ရှည်မျောမျော ငါးညှီနံ့နှင့် ဖြစ်လာသော သူ့အား မယုံနိုင်စရာဖြစ်နေသည်။ ထိုလူချောလေးမှာ သက်လက်ပိုင်းအရွယ် ဖက်တီးဦးလေးကြီးဖြစ်လာလေ၏။
ဟယ်ပေါ် ရေထဲမှ တစ်ကိုယ်လုံးထွက်လာသောအခါ သူ၏ အားကောင်းသော မိစ္ဆာစွမ်းအင်မှာ ဝမ်းပေါ် ချိုးတုန်းမင် နှင့် ဖုရှောင်တို့အား ခြေတစ်လှမ်းမျှပင် မရွှေ့နိုင်ဖြစ်နေရလေသည်။ ချိုးတုန်းမင်မှာ ကြိတ်စက်ကဲ့သို့ပင် သိသိသာသာတုန်လှုပ်နေကာ လေထဲတွင် လွင့်နေသော ဟယ်ပေါ်နှင့် ယွင်ရုန်အား မမှိတ်မသုန်စိုက်ကြည့်နေ၏။ သူက သက်ပြင်းချကာ ပြောလိုက်သည်။
“စီနီယာက စီနီယာပဲ… သေခြင်းတရားနဲ့ ကြုံချိန်တဲ့အချိန်မှာတောင် မကြောက်ဘဲ သေချာစီမံနိုင်တယ်… ဟယ်ပေါ်ကို တွေ့တယ်မလား… သူဒေါသတွေ ထွက်နေတာကို ကြည့်ရတာနဲ့တင် တန်နေပြီ…”
“နင်ပဲ အစက မယုံဘူးဆို…”
ဖုရှောင်က မျက်လုံးကို လှန်ပြကာ မေးလိုက်သည်။
“ငါ အဲဒီတုန်းက မျက်ကန်းဖြစ်ပြီး ဘာမှမသိလိုက်လို့လေ… အချိန်ကို ပြန်လှည့်လို့ရရင် စီနီယာ ယွင်ရုန်နောက်ကို သေချာပေါက်လိုက်မှာပဲ… သူအရှေ့ကို သွားခိုင်းရင်တောင် ငါအနောက်ကိုမသွားဘူး… စီနီယာ ယွင်ရုန်က ငါ့အိုင်ဒေါပဲ….”
ချိုးတုန်းမင်မှာ အတော်ပင် မျက်နှာပြောင်လှပါ၏။
“အေး အခုက အဲဒါ ပြောရမယ့် အချိန်လား…”
ဝမ်းပေါ်မှာ စိတ်မရှည်နိုင်တော့ချေ။
ဖုရှောင်က အားမရှိစွာ ပြောလိုက်သည်။
“စီနီယာအစ်ကိုဝမ်… ကျွန်မတို့ စကားမပြောလည်း… ကျွန်မတို့ လုပ်ပေးနိုင်တာမရှိဘူးလေ…”
ဝမ်းပေါ်: …. စိတ်တိုလိုက်တာကွာ… အထူးရုံးတော်ကလူတွေက ဒီလောက်တောင်အဖြစ်မရှိရတယ်လို့…
ဟယ်ပေါ်မှာ ယွင်ရုန်ထံမှာ ပြက်ရယ်ပြုခံရသောကြောင့် ဒေါသအလွန်ထွက်ကာ မျက်နှာမှာ စိမ်းနေလေ၏။ သူက စိတ်ဆိုးစွာဖြင့် အော်လိုက်သည်။
“ဒီကိစ္စတွေကို ပြောပြီး ဘာလုပ်မလို့လဲ…. အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့… ဒီနေ့ နင်ဒီကို ရောက်လာမှာတော့ ပြန်သွားဖို့ စဉ်းစားမနေနဲ့တော့… နင် တခြားလူတွေရဲ့ ကိစ္စမှာ ဝင်ကိုမရှုပ်သင့်တာ…”
“ဒါဆို ငါကတော့ ဝင်ကိုရှုပ်မှာပဲ…”
ယွင်ရုန်၏ အပြုံးမှာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားကာ သူမ၏ မျက်နှာမှာ အေးစက်၍ လေးနက်လာသည်။
“တောင်မိစ္ဆာ… နင့်ရဲ့ တန့်ချိုးတောင်ဆီကို ပြန်လိုက်တော့… ဆူးလီမြစ်က ငါ့ပိုင်နက်ပဲ… ဒီနေ့တော့ အကြာကြီး ခင်မင်လာတာကို ထောက်တဲ့ အနေနဲ့ ငါနင့်ကို လွှတ်ပေးလိုက်မယ်… နင်မသွားရင်တော့ နင်ယုံချင်ယုံမယုံချင်နေ နင့်ကို စားပြီပဲ…”
ဟယ်ပေါ်မှာ ဒေါသအလွန်ထွက်နေပြီဖြစ်ရာ ဆူးလီမြစ်ရေမှာ ၁၀ မီတာကျော်အထိ ချက်ချင်းပင် မြင့်တက်သွားပြီး မြစ်ကမ်းဘေးရှိ အဆောက်အအုံနှစ်ခုကိုပင် ရေဖုံးမတတ်ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ဝူရွှမ်းကန်မှာ အတားအဆီးအစီအရင်ကို ကြိုတင်လုပ်ထားလေရာ ရေများကို အတားအဆီးကို ရိုက်ခတ်ပြီးနောက် ပြန်ကျသွား၏။
ပွက်ထနေသောရေပြင်မှာ ယွင်ရုန်အား စိုးစဉ်မျှ မကြောက်ရွံံ့စေပေ။ သူမက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“နင်က လူသားတွေကို သတ်တယ် အစားအစာအနေနဲ့ စားတယ်… နင့်ရဲ့ အဆင့်တက်တာက မမှန်တဲ့အတွက် ကောင်းကင်ဘုံဥပဒေအရ နင့်ကို ချမ်းသာပေးလို့မရဘူး…”
“ကောင်းကင်ဘုံ ဥပဒေ… အဲဒီကောင်းကင်ဘုံ ဥပဒေက အဓိပ္ပာယ်မရှိတဲ့ ဟာကြီး… သက်ရှိတွေအကုန်လုံးကို အိမ်မွေးတိရစ္ဆာန်လို ဆက်ဆံနေတာ… ငါ့ကို အဲဒီ ဥပဒေအကြောင်း လာမပြောနဲ့…”
ဟယ်ပေါ်က မျက်လုံးများကို ပြူးကျယ်အောင် ဖွင့်လိုက်သောကြောင့် ညအမှောင်ထဲတွင် ကြီးမားသောမီးအိမ်ကြီး နှစ်လုံးကဲ့သို့ ရှိလေ၏။ သူက ယွင်ရုန်အား အထင်မြင်သေးဟန်ကြည့်လိုက်ကာ "မင်းက ငါ့ကို တရားလာမပြနဲ့ မင်းအခု ကောင်းကောင်းနေနိုင်နေတာကရော တခြားသူတွေရဲ့ သူတို့ဘဝတွေကိုယဇ်ပူဇော်မှုအပေါ်မှာ မှီခိုနေတာပဲ မဟုတ်ဘူးလား...မင်းကလည်း ငါ့ထက် ပို မြင့်မြတ်မနေပါဘူး ..."
'တခြားလူသားတွေရဲ့ ယဇ်ပူဇော်မှု ' ယွင်ရုန်သည် ဟယ်ပေါ်၏ စကားများ၏နောက်ကွယ်မှအဓိပ္ပါယ်ကို နားမလည်နိုင်စွာဖြင့် ကြောင်အသွားမိသည်။
ဟယ်ပေါ်က သူမ အာရုံလွင့်သွားသည်ကို အခွင့်ကောင်းယူ၍ ချက်ချင်းပင် ၁၀မီတာအကွာသို့ လက်ဆန့်ထုတ်လိုက်သည်။
ဝူရွှမ်းကန်မှာ ထိုးတက်လာသော ရေအားကို ခံနိုင်ရန် သူ၏ အစွမ်းအများစုကို သုံးလိုက်ပြီဖြစ်ရာ အတားအစီးအား ဆက်လက်ထိန်းသိမ်းနိုင်ရန် ခက်ခဲနေလေသည်။
ဟယ်ပေါ်က သူ့ဆီသို့ လက်လှမ်းလာချိန်တွင် မရှောင်နိုင်တော့ဘဲ လက်သည်းရာ ငါးခု သူ့ဗိုက်ပေါ်တွင် ပေါ်လာ၏။
အင့်ခနဲ အသံတစ်ချက်ထွက်ပြီးနောက် သွေးများစွာ ပါးစပ်မှထွက်လာပြီး ဝူရွှမ်းကန်၏ အတားအစီးမှာ ကျိုးပေါက်သွားလေတော့သည်။
“ငါတို့ တော့ သွားပြီ အတားအစီးပျက်သွားပြီ….”
ဝမ်းပေါ်၏ မျက်နှာမှာ ဖြူဆုတ်သွားသည်။ အတားအဆီးသာမရှိပါက ပတ်ဝန်းကျင်ရှိလူများမှာ ဟယ်ပေါ်ကို မြင်နိုင်ကြတော့မည်ဖြစ်သည်။
မနက်ဖြန်မနက်ကျရင် ဒီလိုထူးဆန်းတဲ့ သဘာဝလွန်ကိစ္စကြီးကို ဘယ်လိုရှင်းပြရတော့မလဲ….
ဖြစ်နိုင်သည်မှာ မနက်ဖြန်ဆိုတာပင် မရှိနိုင်လောက်တော့ပေ။ ဟယ်ပေါ်မှာ စိတ်အတော်ဆိုးနေပြီဖြစ်ရာ သူသာ စတင်သတ်ဖြတ်ပါက ဘေးနားရှိ နေထိုင်သူများအားလုံး အသက်အန္တရာယ်စိုးရိမ်ရလေသည်။
အားလုံး စိတ်ပူစပြုနေသည့် အချိန်မှာပင် ယွင်ရုန်က သူ့ထံမှာ အစိမ်းရောင်အတားဆီးတစ်ခုအား ဖြေးဖြေးချင်းထုတ်လွှတ်လိုက်သည်။ အစိမ်းနုရောင် ပုံရိပ်တစ်ခုမှာ ဖြတ်ခနဲမြင်လိုက်ရပြီး ချက်ချင်းပင် ဝူရွှမ်းကန်၏ ရှေ့သို့ရောက်လာလေသည်။
“အငယ်လေး… သွားပြီး နားလို့ရပြီ…”
ယွင်ရုန်က ဝူရွှမ်းကန်၏ အဝတ်များကို လက်တစ်ဖက်ဖြင့် ဆွဲကာ ကမ်းနားဆီသို့ ပစ်တင်ပေးလိုက်သည်။ ထို့နောက် ဒေါသအနည်းငယ်ထွက်နေသော မျက်နှာဖြင့် ဟယ်ပေါ်အား ကြည့်ကာ ပြောလိုက်သည်။
“ဖန်းရီ… ငါနင့်ကို အရမ်းယဉ်ယဉ်ကျေးကျေးဆက်ဆံမိပြီ ထင်တယ်…”
ယွင်ရုန်၏ မျက်လုံးများမှ ဒေါသမှာ ထင်ရှားလွန်းလှ၍ ဟယ်ပေါ်မှာ ခေတ္တမျှ ထိတ်လန့်သွားသော်လည်း အေးစက်စွာပြုံး၍ ပြောလိုက်သည်။
“ဒါဆိုလည်း စမ်းကြည့်ကြမယ်လေ… ဒီနေ့တော့ ဟိုလူသားတွေကို မစားခင် ငါနင့်ကို အရင်မျိုမယ်…”
သူ၏ အသံပျောက်သွားသည်နှင့် ဟယ်ပေါ်က လက်ကို မြှောက်လိုက်ရာ မီတာအနည်းငယ်မြင့်သော ရေလှိုင်းကြီးများက ယွင်ရုန်၏ မျက်နှာကို လာရိုက်လေသည်။ ယွင်ရုန်က လျင်မြန်စွာပင် ငှက်မွှေးနက်ယပ်တောင်ဖြင့် ရိုက်ချလိုက်ရာ ရေလှိုင်းများမှာ နှစ်ပိုင်းကွဲထွက်သွားသည်။ ထို့နောက် သူမက ဟယ်ပေါ်၏ နှလုံးသားအား ဦးတည်၍ ဆွဲထုတ်ယူရန် ကြိုးစားတော့သည်။
ဟယ်ပေါ်မှာ သူမအား ရှောင်နိုင်ရန် ကြိုးစားလိုက်သော်လည်း သူ၏ အဆင့်မှာ နှစ်ပေါင်းများစွာအတွင်း ကျဆင်းနေခဲ့ပြီး ခန္ဓာကိုယ်မှာလည်း နဂိုအနေအထားပြန်မရနိုင်သေးပေ။ ထို့ကြောင့် ယွင်ရုန်၏ ရုတ်တရက်တိုက်ခိုက်မှုအား ခက်ခဲစွာရှောင်လိုက်သော်လည်း သူ၏ ရင်ဘက်တွင် ဒဏ်ရာအကြီးကြီးတစ်ခုရသွားလေသည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်၌ မိစ္ဆာစွမ်းအင်များ ပျံ့နှံ့သွားကာ သွေးစက်များမှာ ဆူးလီမြစ်ထဲသို့ ကျသွားလေ၏။ မြစ်ရေပြင်မှာလည်း ဆူပွက်နေကာ မြစ်ကမ်းပါးဆီသို့ လှိုင်းလုံးများက ဗုန်းကနဲ့ အသံမြည်အောင် ရိုက်ခတ်နေကြသည်။ အပင်များမှာ ရေလှိုင်းနှင့်အတူ မျောပါသွားကြသည်။
“တောင်မိစ္ဆာ… နင်က ငါ့ကိုတကယ်သေစေချင်နေတာလား…”
ဟယ်ပေါ်မှာ လက်ရှိအချိန်တွင် ယွင်ရုန်ထိုမျှလောက် စွမ်းအားကြီးနေဆဲဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အော်ဟစ်ပြီးနောက် သတိထား၍ အနောက်သို့ အနည်းငယ် ပြန်ဆုတ်သွားသည်။
ယွင်ရုန်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
“ငါ နင့်ကို ပြောပြီးသားပဲ… နင်လုပ်ထားတဲ့ အမှားတွေအတွက် နင်ပြစ်ဒဏ်ခံသင့်တယ်…”
ဟယ်ပေါ် အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့သည်ကို ယွင်ရုန် သိနေသည်။ သူမက ပြန်ဖြေလျက် လက်ထဲရှိ ငှက်မွှေးနက်ယပ်တောင်အား အဆက်မပြတ် ဆက်တိုက်ခတ်လိုက်သည်။
ဟယ်ပေါ်မှာ ရှောင်နိုင်ရန်အတွက် ခက်ခဲစွာ ကြိုးပမ်းလျက် ရက်စက်သည့် အသွင်ဖြင့် ပြောလိုက်သည်။
“ငါက အသက်ရှင်ဖို့လုပ်ရတာ…. အခုလောကကြီးရဲ့ ပုံစံနဲ့ဆိုရင်… ငါသာ လူတွေကို မစားခဲ့ရင် စိတ်ဝိညာဉ်စွမ်းအင် မလုံလောက်တာနဲ့ ငါတဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်…. ပြီးတော့ ငါသူတို့ကို အဓမ္မဖိအားပေးခဲ့တာမှ မဟုတ်ဘဲ…. သူတို့ကိုက မတင်းတိမ်မရောင့်ရဲနိုင်တဲ့ မြွေတွေလိုဖြစ်နေကြတာ… သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်တင်းဖို့အတွက် ဆူးလီမြစ်ကမ်းပါးကို သူတို့ခြေထောက်နဲ့သူတို့ လျှောက်လာကြတာပဲ….”
“အဲဒီလိုဆုံးဖြတ်ရမှာက နင့်အလုပ်မှမဟုတ်တာ…”
ယွင်ရုန်မှာ ဟယ်ပေါ်ပြောသည့် အဓိပ္ပာယ်မရှိသည့် စကားများကို နားမထောင်နိုင်တော့ပေ။ သူမ၏ လက်ထဲမှ ယပ်တောင်မှာ ဓားသွားထက်ထက်များကဲ့သို့ အလုပ်လုပ်ကာ မျက်စိတစ်မှိိတ်အတွင်း ဟယ်ပေါ်၏ ကိုယ်ပေါ်သို့ ၄ ၅ ချက် ထိသွားလေသည်။
သူမအား ရှင်းပြနေသော်လည်း အကျိုးမထူးကြောင်းသိရသောအခါ ဟယ်ပေါ်က ဝမ်းခေါင်းသံဖြင့် အော်ပြောလိုကသ်ည်။
“တောင်မိစ္ဆာမ ဒီနေ့တော့ ငါနင့်ကို သတ်မယ်…”
သူ၏ အသံပျောက်သွားသည်နှင့် တစ်ပြိုင်နက် ဟယ်ပေါ်မှာ ကြီးမားလှသော ရွှေရောင်ငါးကြီးအသွင်သို့ ပြောင်းသွားကာ ယွင်ရုန်အား မျိုချရန်အတွက် ပါးစပ်ပေါက်အကျယ်ကြီး ဟထားလိုက်သည်။
ရွှေရောင်ငါးကြီးမှာ ၁၀ မီတာအထက်အရှည်ရှိကာ သူ၏ ပါးစပ်ပေါက်အစွန်းမှ နှုတ်ခမ်းမွှေးရှည်များသည်လည်း တွဲလောင်းကျနေ၏။ ငါးကိုယ်ပေါ်မှာ အကြေးခွံများမှာ ပန်းကန်လုံးတစ်လုံးစာခန့် ကြီးမားလှကာ သူ၏ ဖွင့်ထားသော ပါးစပ်ကြီးသည်လည်း အချင်း ၁၀ မီတာခန့်ရှိလေသည်။ ငါးကြီးက ယွင်ရုန်အား ချက်ချင်းပင် မျိုချလိုက်သည်။
အဲဒါက ငါးမှမဟုတ်တော့တာ နဂါးအဆင့်ဖြစ်နေပြီ…
“ယွင်ရုန်…”
လုဟယ်နျန်မှာ ကောင်မလေး၏ ပုံရိပ်ပျောက်သွားသည်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသောကြောင့် နှလုံးပေါက်ထွက်မတတ်ခံစားလိုက်ရပြီး အော်လိုက်လေသည်။
သို့သော်လည်း အစိမ်းနုရောင် ပုံရိပ်၏ အသံမှာ မရှိတော့ချေ။ လုဟယ်နျန်က မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ လိုက်ရှာသော်လည်း မည်သည်ကိုမှ မတွေ့ရချေ။ ထိုခေတ္တအတွင်း သူ၏ နှလုံးသားမှာ ကွက်လပ်တစ်ခုအား ခံစားလိုက်ရလေသည်။
ဟယ်ပေါ်မှာ လုဟယ်နျန်၏အသံကို ကြားသောအခါ ချက်ချင်းပင် အောက်ကို ငုံ့ကြည့်လိုက်ပြီး လုဟယ်နျန်၏ မျက်နှာအားမြင်သွား၏။ ငါး၏ နှုတ်ခမ်းများမှာ လှုပ်သွားကာ လူသားသာဖြစ်ခဲ့ပါက လှောင်ပြုံး ပြုံးလိုက်သည်ကို မြင်ရမည်ဖြစ်သည်။
တစ်စက္ကန့်အတွင်းမှာပင် ထိုအပြုံးမှာ သူ့မျက်နှာတွင် ရပ်တန့်သွားလေသည်…
ယွင်ရုန်မှာ ဟယ်ပေါ်၏ ဝမ်းဗိုက်အတွင်း မည်သည်ကိုမှ မမြင်ရဖြစ်နေသည်။ သူမက မျက်လုံးများကို မှိတ်ကာ သူမ၏ နေရာအား ခံစားလိုက်သည်။ ထို့နောက် လက်များကို သုံး၍ ဦးတည်ချက်တစ်ခုဖြင့် ဆွဲယူလိုက်သည်။
တစ်စက္ကန့်မျှကြာသောအခါ ယွင်ရုန်၏လက်များမှာ လုံးဝိုင်းသောအရာတစ်ခုအား ထိိမိသွားသည်။
ဒါပဲ…
ယွင်ရုန်မှာ ပျော်ရွှင်သွားကာ ဟယ်ပေါ်မျိုချလိုက်ခြင်းမှာ အလဟဿဖြစ်မသွားဟု စဉ်းစားကာ ဝမ်းဗိုက်ထဲမှ ဆိုးရွားသော အနံ့ဆိုးအား သည်းခံနေရလေသည်။ ဟယ်ပေါ်မှာ သုံးနှစ်မျှ ဂရုမပြုဘဲ နံသော ဆိုးရွားသော အရာများအား သူ၏ ဝမ်းဗိုက်အတွင်း ထည့်နေခဲ့သည်။ သူ၏ ဝမ်းဗိုက်မှာ အမှိုက်ပုံနှင့် မခြားပေ။
တစ်ချက်ပြင်းပြင်းလေး…
တစ်စက္ကန့်မျှကြာသောအခါ ယွင်ရုန်က သူမလက်ထဲမှာ အားကို ဖြေလျော့လိုက်ရာ တစ်စုံတစ်ခုကျိုးပဲ့သွားသည့် အသံကျယ်ကြီးတစ်ခုအား ကြားလိုက်ရသည်။ သူမ၏လက်အတွင်းတွင် ထိုသေးငယ် လုံးဝန်းသောအရာမှာ ဖုန်မှုန့်များအသွင်သို့ ပြောင်းသွားသည်။
တစ်ဖက်တွင်မူ ယွင်ရုန်မျိုချခံလိုက်ရသည်ကို မြင်ရသောကြောင့် အားလုံးမှာ လန့်ဖြန့်ကာ ထခုန်မတတ်ဖြစ်သွားကြသည်။ ဝူရွှမ်းကန်နှင့် ရွမ်ရှန်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ သူတို့၏ မူလပုံစံများသို့ ပြောင်းလိုက်ကြသည်။ ထို့နောက် ဟယ်ပေါ်အား တိုက်ခိုက်ရန် နှစ်ယောက်လုံး ဦးတည်လိုက်ကြသည်။
ဝမ်းပေါ်မှာ မက်မွန်သစ်နက်သား ဓားအား လက်တစ်ဖက်တွင်ကိုင်၍ မြစ်ကမ်းဘေးသို့ အမြန်ပြေးလာခဲ့လေသည်။ သူ၏ လက်နောက်တစ်ဖက်မှာ ခါးထဲမှ အဆောင်အား ထုတ်လိုက်လေသည်။ သူက လက်ချောင်းအား ကိုက်ဖြတ်ကာ လေထဲတွင် သွေးနီအဆောင်တစ်ခုအား ရေးဆွဲလိုက်လေသည်။
“စီနီယာအစ်ကိုဝမ်း… မလုပ်နဲ့…”
ဖုရှောင်က မြင်သည်နှင့် စိတ်ပူပန်စွာ အော်လိုက်လေသည်။
ထိုအဆောင်မှာ မိုးကြိုးခေါ်သည့် အဆောင်ဖြစ်သည်။ ထိုအရာမှာ ဝမ်းမိသားစုမှ ဘိုးဘွားများ ချန်ထားခဲ့သည့် အမွေဖြစ်သည်။ ဤကမ္ဘာကြီးမှာ အလွန်ကျယ်ပြောလှပေရာ ခန္ဓာကိုယ်တစ်ခုအား သုံး၍ မိုးကြိုးအားဆင့်ခေါ်ခြင်းမှာ သာမန်မိုးကြိုးမဟုတ်ပေ။ ကောင်းကင်ဘုံ၏ မိုးကြိုးသာဖြစ်လေသည်။
ဝမ်းပေါ်မှာ သူကိုယ်တိုင်ပင် အောင်မြင်နိုင်မည်လား မသေချာပေ။ သူသည် သာမန်မိုးကြိုးတစ်ခုကိုပင် မခေါ်နိုင်ပေ။ သို့သော်လည်း သူ၏ အဆောင်အား ဆွဲပြီးသွားသောအခါ ထိုအဝါရောင်လက်ဖွဲ့မှာ ရုတ်တရက် လင်းလာ၏။ မိုးကုတ်စက်ဝိုင်းဆီမှ ကြီးမားသော ကြီးမားသော တ်ိမ်မည်းကြီးတစ်ခု ဝိုးတားဝါးတား ပေါ်လာသည်။ ထိုအရာမှာ မိုးကြိုးတစ်ခု၏ အလင်းရောင်ပင်ဖြစ်လေသည်။
အောင်မြင်ပြီ…
သို့သော်လည်း တစ်စက္ကန့်ကြာသောအခါ ကောင်းကင်တွင် ပျံနေသော ဟယ်ပေါ်မှာ ပြင်းထန်စွာ တုန်လှုပ်လာလေသည်။ ထို့နောက် သူ၏ ပါးစပ်ကို ဟ၍ များစွာသော သွေးများကို အန်ထုတ်လိုက်လေသည်။ ထိုအရာနှင့်အတူ အစိမ်းရောင်ဖျော့ဖျော့ပုံရိပ်တစ်ခု မျောလွင့်လာသည်။
“နင်ငါ့ရဲ့ အတွင်းစွမ်းအားကို ချိုးဖျက်လိုက်တာပဲ…”
ဟယ်ပေါ်က ဒေါသတကြီး ပျံလျက် ကြောက်ရွံ့သံအနည်းငယ်ဖြင့် ပြောလိုက်သည်။ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ မျက်စိတမှိတ်အတွင်း ပြန့်ကျဲသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးနှင့်အတူ ဖြူဖျော့နေသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးပြန်ဖြစ်သွားသည်။
“နင်စကားမပြောဘဲနေပေးပါလား…အဲဒီအနံ့ကြီးက တော်တော်ဆိုးဆိုးပဲ…”
ယွင်ရုန်က ထွက်လာနိုင်သည်နှင့် သူမ၏ ကိုယ်အား သန့်ရှင်းရေးဂါထာတစ်ခုဖြင့် သန့်စင်လိုက်လေသည်။ သူမက ဟယ်ပေါ်အား ရွံရှာစွာ လှမ်းကြည့်သည်။ သူတို့ နှစ်ယောက်လုံးမှာ နှစ်ပေါင်း ၄ ထောင်မှ ငါးထောင်အထိ နေထိုင်ခဲ့ကြသော စီနီယာများဖြစ်ကြသည်။
သူကဘာလို့များ သိက္ခာရှိတဲ့ မိစ္ဆာဖြစ်မလာရတာလဲ….
⛰️