⛰️Chapter 61
သတိလစ်ခြင်း
လျှပ်စီးတစ်ခုတွင် ထင်ထားတာထက်ပိုသည့် စွမ်းအင်များ ပါဝင်ပေသည်…
ဟယ်ပေါ်မှာ ယွင်ရုန်၏စကားကို ကြားသောအခါ ဒေါသထွက်လာ၍ သွေးစက်များအား ထွေးထုတ်လိုက်လေသည်။ ထိုသွေးများမှာ မြင်သူတိုင်းအား သွေးပျက်စေသည်အထိ များပြားလှသည်။ ပါးစပ်အပြည့်နှင့် သွေးများမှာ ပါးစပ်ပေါက်မှ အဆက်မပြတ်စီးကျနေကာ သူ၏ ရင်ဘတ်မှာ သွေးညစ်များဖြင့် စိုရွှဲနေသည်။ အဆုံးတွင် သူက မျက်လုံးများ လှန်သွားကာ လေထဲတွင် ဝဲနေရာမှ ကမ်းစပ်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ပြုတ်ကျရာနေရာတွင် အသံအကျယ်ကြီးကြားလိုက်ရတာ မြေကြီးနှင့် ကျောက်ခဲများပါ လွှင့်စင်သွားကြသည်။
လုဟယ်နျန် ကောင်မလေး၏ ပုံရိပ်ကို တစ်ဖန်ပြန်မြင်ရပြီး သူမ၏ သာယာနာပျော်ဖွယ်အသံလေးအား နောက်ထပ်ကြားလိုက်ရသောကြောင့် သက်ပြင်းတစ်ခု အလိုအလျောက်ချလိုက်သည်။
သူက အခုထိနောက်နေနိုင်သေးတယ်… ကြည့်ရတာ အဆင်ပြေတဲ့ပုံပါပဲ…
သူက နှုတ်ခမ်းထောင့်များကို ကွေး၍ စိတ်သက်သာရာရစွာဖြင့် ပြုံးလိုက်သည်။
ကောင်မလေး မြိုချခံလိုက်ရသည်ကို မြင်လိုက်သည်တွင် သူ၏ နှလုံးသားမှာ ခေတ္တမျှရပ်သွားခဲ့သော်လည်း သူမသည် ကံကောင်းထောက်မစွာဖြင့် ဘေးကင်းနေသည်။
ဝမ်းပေါ် ဝူရွှမ်းကန် ရွန်ရှန်း: ……..
ဒီနည်းလမ်းက အလုပ်ဖြစ်လို့လား…
သူတို့သုံးယောက်မှာ တိုက်ခိုက်ရန်အတွက် အသင့်အနေအထားပြင်နေပြီးသားဖြစ်သော်လည်း တစ်ဖက်ရန်သူမှာ အနိုင်ပိုင်းခံရပြီးဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
ချိုးတုန်းမင်က အံ့ဩလေးစားစွာနှင့် ငေးကြည့်ကာ ရေရွတ်လိုက်သည်။
“ဆရာမကြီးကတော့ ဆရာမကြီးပဲ…. ဟယ်ပေါ်ကို သွေးအန်တဲ့အထိတောင် ကျိန်စာတိုက်နိုင်တယ်… ဒီအဆင့်တိုးတက်မှုက ဘယ်လောက်တောင်လဲဟေ…”
“ဘယ်လို ကျိန်စာတိုက်တာကို ပြောနေတာလဲ…. စီနီယာယွင်က ဟယ်ပေါ်ရဲ့ နိုင်းသန် (အတွင်းအားစုစည်းရာနေရာ) ကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်ခဲ့လို့လေ… အဲဒီ နိုင်းသန် သာမရှိရင် မိစ္ဆာတွေမှာက အသက်တစ်ဝက်ပဲကျန်တော့တာလေ… အဲဒီတော့ အဓိပ္ပာယ်က ငါတို့ဒီတစ်ခေါက်ကို နိုင်မယ်ဆိုတာပဲ….”
ဖုရှောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“နိုင်းသန်က ပျက်အောင်လုပ်ဖို့ခက်တာလား…”
ဘေးနားရှိ လုဟယ်နျန်မှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဖုရှောင်၏ စကားကို ကြားသောအခါ သူမမေးဘဲ မနေနိုင်တော့ချေ။
ရုတ်ချည်းပင် ဖုရှောင်မှာ စိတ်ဓာတ်များတက်ကြွလာကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“ဒါပေါ့… နိုင်းသန်က လွယ်လွယ်ဖျက်လို့ရတဲ့ အရာမဟုတ်ဘူးလေ… လက်လွတ်စပယ် နိုင်းသန်ကို ထိခိုက်အောင်လုပ်တာက ကိုယ့်သေတွင်းကိုယ်တူးတာပဲ… ဒီရှေးဟောင်းမိစ္ဆာကြီး ဟယ်ပေါ်ကို ခဏထားလိုက်ဦး… နိုင်းသန်က သူကိုယ်တိုင်သက်ရှိတစ်ယောက်လို ပြုမူတတ်တယ်…. သူ့ကို ထိခိုက်အောင်လုပ်ဖို့ဆိုတာ ဘယ်လိုမှမလွယ်တဲ့ ကိစ္စလေ…”
တစ်ဖက်တွင်မူ ဟယ်ပေါ်မှာ မြစ်ကမ်းပါးပေါ်သို့ ပြင်းထန်စွာပြုတ်ကျလာသည်။ အားလုံးမှာ ကြောင်ကြည့်နေမိကာ မည်သူကမျှ ထိုအနီးအနား နီးကပ်စွာမရပ်ရဲကြပေ။
သူက ဒီတိုင်းဟန်ဆောင်နေတာဆိုရင် ဘယ်လိုလုပ်ကြမလဲလို့…
ထို့နောက် သူက ထပ်မံ၍ များပြားသော သွေးများကို အန်ထုတ်ပြန်သည်။ မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ဟယ်ပေါ်မှာ အလွန်တုန်ရီနေသောကြောင့် တစ်ဖန်ပြန်လဲကျသွားလေသည်။
သူရဲ့ နိုင်းသန်က ပျက်စီးသွားပြီ… အခုသူ့ကို ပြန်အားဖြည့်ပေးနိုင်တဲ့ ဝိညာဉ်စွမ်းအင်မကျန်တော့ဘူး…. သူ့ကို မပြောနဲ့ဦး… ဒီနေ့သူ တကယ်သေတော့မယ်ထင်တယ်….”
ဟယ်ပေါ်မှာ ကြောက်ရွံ့ခြင်းအလျင်းမရှိပေ။ နတ်ဘုရားများနှင့် မိစ္ဆာများအကြား စစ်မက်ဖြစ်ပွါးခဲ့သည်မှာ နှစ်ပေါင်း ၃၀၀၀ ကြာခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း စွမ်းအားကြီးလှသော ရှေးဟောင်းမိစ္ဆာများစွာ သေဆုံးခဲ့ပြီး ဟယ်ပေါ်မှာ နောက်ဆုံးကျန်သော မိစ္ဆာဖြစ်သည်။ ယနေ့ခေတ်ကမ္ဘာကြီးမှာ နေချင်စဖွယ်ကောင်းလှပေရာ သူ မသေလိုသေးပေ။
ရုတ်တရက် ဟယ်ပေါ်၏ရှေ့တွင် ခြေထောက်နှစ်ချောင်းပေါ်လာသည်။
ကောင်းမင်မှာ အလွန်ကြောက်ရွံ့တုန်ရီနေသောကြောင့် လက်ထဲမှ ဖုန်းမှာ အဝေးသို့ရောက်နေပြီဖြစ်သည်။ ယွင်ရုန်တို့နှင့် ဝေးရာတစ်နေရာတွင် ပုန်းကာ တိုက်ရိုက်ထုတ်လွှင့်နေသော ကောင်းမင်မှာ သူ့ဘေးနားသို့ လူတစ်ကောင်လုံးကြီး ကျလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် ကောင်းကင်ပေါ်ကကျလာသော ထိုသူမှာ လူသားဟုတ်ဟု မထင်လှပေ။
— သောက်ကျိုးနည်း အဲဒါဘာကြီးလဲ… ခုလေးတင် တိုက်နေတဲ့ ဟာကြီးမလား…
— အမေရေ…. ငါတော့ ဒီနေ့ တကယ့်သဘာဝလွန်ဖြစ်ရပ်ကြီးကို မြင်လိုက်ရတာပဲ…
— ကိုယ့်လူရေ နည်းနည်းအနားနားကပ်လိုက်ပါလား…. ဘဝမှာ ပထမဆုံးမြင်ဖူးတာမို့ပါ…
*******
မည်သို့ဆိုစေကာမူ မိုဘိုင်းလ်ဖုန်းတစ်လုံးမှ ကြည့်နေရခြင်းဖြစ်သောကြောင့် မည်သူမှ ကြောက်သည်ဟု မခံစားရချေ။ ၎င်းတို့မှာ ကြောက်ရမည့်အစား သတ္တိပိုကောင်းလာကြကာ ကောင်းမင်အား ပို၍အနားတိုးရိုက်ပေးရန်ပင် တောင်းဆိုကြသေး၏။ ခေတ္တခဏမျှ တိုက်ရိုက်ထုတ်လွှင့်မူလုပ်နေစဉ်ပေးသော ဆုငွေများမှာ ဖုန်းမျက်နှာပြင်ပေါ်တွင် မိုးရွာသကဲ့သို့ တက်လာလေသည်။
သို့သော်လည်း ကောင်းမင်မှာ ထိုဆုငွေများအား ဂရုမစိုက်နိုင်အားပေ။ သူက အောက်ဘက်ရှိ အနီရောင်မျက်လုံးတစ်စုံအား ကြည့်ရန် ငုံ့လိုက်သည်။
“လူသားသေးသေးလေး….မင်းက ငါ ဟယ်ပေါ်ရဲ့ မျက်လုံးကို ကြည့်ဝံ့တယ်ပေါ့လေ…”
ဟယပေါ်၏ ဒေါသမှာ ရုတ်တရက် ပလုံစီကာ ပျောက်သွားသည်။ သူက ယခုလေးတင် ပြင်းပြင်းထန်ထန်ဒဏ်ရာရကာ အားဖြည့်ရန်အတွက် ဝိညာဉ်စွမ်းအင်လိုနေလေသည်။ သူ့ထံရောက်လာသော ဤအခွင့်အရေးအား လက်လွှတ်ခံ၍မဖြစ်ပေ။
ပြောပြီးသည်နှင့် ဟယ်ပေါ်မှာ ချက်ချင်းပင် မြေပေါ်ခုန်ရပ်ကာ ကောင်းမင်၏ ရင်ဘက်ဆီသို့ လက်ကို ဦးတည်လိုက်သည်။
ဤအရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်းဖြစ်သွားသည်ဖြစ်ရာ မည်သူမှ ချုံပုတ်များထဲတွင် လူနှစ်ယောက်ရှိနေမည်ဟုတ် မတွေးထားသောကြောင့်လည်း သူ့ကို တားဆီးရန် အလွန်နောက်ကျသွားသည်။
ကောင်းမင်မှာ ကြောက်လွန်း၍ တုံးအစွာဖြင့် ဘေးနားရှိ မာရှောင်းလီအား သူ့ရင်ဘတ်အားကာကွယ်ရန် အသုံးပြုလိုက်သည်။
“အား…..”
မာရှောင်းလီမှာ အလန့်တကြားအော်လိုက်ကာ ချက်ချင်းပင် မေ့မျောသွားလေသည်။
မလှမ်းမကမ်းတွင် လျှက်တစ်ပြတ်မီးရောင်တစ်ခု ယွင်ရုန်၏မျက်လုံးကို ဖြတ်ကာ လက်သွားသည်။ သူမက လက်ကိုမြှောက်လိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခုမှာ ဟယ်ပေါ်၏ လက်ကောက်ဝတ်သို့ သွားထိလေသည်။ ဟယ်ပေါ်မှာ တစ်ကိုယ်လုံးဓာတ်လိုက်သကဲ့သို့ဖြစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ဖန်းရီ… နင်ကလေ ထပ်ထပ်ပြီး လူသားတွေကို ဒုက္ခပေးချင်နေတာ… ဒီအပြစ်က သေချာပေါက်အပြစ်ပေးရမှာပဲ…”
ယွင်ရုန်က မျက်နှာပျက်နေကာ ဤတစ်ကြိမ်တွင်မူ သူမ အမှန်တကယ် ဒေါသထွက်နေကြောင်း သိရလေသည်။ ဟယ်ပေါ်မှာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်အား ပြန်လည်ဖြည့်တင်းလိုသောကြောင့် လူသားကို စားရန်လုပ်ခြင်းဖြစ်သည်။ ဤအမှုမှာ ခွင့်လွှတ်ဖွယ်ရာမရှိပေ။
ဟယ်ပေါ်မှာ ထပ်၍ မထနိုင်တော့ချေ။ ဤတစ်ကြိမ်တွင်မူ သူအမှန်တကယ် ကြောက်စပြုလာသည်။ သူ၏ မျက်နှာတွင် ဒေါသရိပ်များခေတ္တလွှမ်းသွားသော်လည်း ချက်ချင်းပင်ပျောက်ကွယ်သွားသည်။
“တောင်မိစ္ဆာ… ငါတို့သိလာတာလည်း ကြာပြီဆိုတော့ ငါ့ကို လွှတ်ပေးပါ…”
“နင့်ကိုတော့ ငါလွှတ်ပေးလို့ရပေမဲ့ သေသွားတဲ့ အဲဒီအပြစ်မရှိတဲ့ လူသားတွေကိုရော ဘယ်သူကလွှတ်ပေးမှာလဲ…”
ယွင်ရုန်က ဟယ်ပေါ်အား အလေးမထားစွာဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် စိတ်အားထက်သန်မှု အနည်းငယ်အား မြင်နေရသည်။
“အပြစ်မရှိတာ… သူတို့ထဲက တစ်ယောက်မှ အပြစ်မရှိတာ မဟုတ်နေဘူး… ငယ်သေးပေမဲ့ ဆိုးသွမ်းတာတွေ လုပ်နေကြတဲ့ သူတွေချည်းပဲ…. သူတို့ရဲ့ နှလုံးသားနဲ့ အဆုတ်တွေက မည်းနေကြပြီ… ငါက ကောင်းကင်ဘုံကို ဥပဒေတွေ ချမှတ်ဖို့ နမူနာလုပ်ပြနေရုံပဲ…”
ဟယ်ပေါ်မှာ သူ၏ အပြစ်ကို လျော့ပေါ့စေခြင်းအလို့ငှါ ကတ်သီးကပ်ဖဲ့ပြောနေလေ၏။
“ဟုတ်တယ်… အဲဒါက ကောင်းကင်ဘုံကို စည်းမျဉ်းဥပဒေတွေ ပိုချမှတ်ပေးဖို့ ဥပမာတွေ ပြနေတာ… ငါက လူသားတွေ မြှောက်စားလို့ ဖြစ်လာတဲ့ နတ်ဘုရားပဲ… သူတို့တွေ ငါ့အတွက် အသက်တွေ စတေးတာက ဖြစ်သင့်တာပဲလေ… ငါဘာအမှားများလုပ်မိလို့လဲ…”
“နင်က သေမှပဲ ပြောင်းလဲမဲ့ကောင်ပဲ….”
ယွင်ရုန်မှာ ဟယ်ပေါ်နှင့် အဓိပ္ပာယ်မရှိသည့် ကိစ္စများကို ထပ်၍ပြောရမည်ကိုပင် ပျင်း၍နေသည်။ သူမက အနီးနားရှိ တိမ်မည်းများကို ငေးကြည့်လိုက်သည်။ ကြီးမားသော တိမ်မည်းများမှာ ခရမ်းရောင်လျှပ်စီးများ အထဲတွင် ရောထွေးနေကာ မိုးခြိမ်းသံနှင့်အတူ ကောင်းကင်တွင် စုဝေးနေကြသည်။
“ဒီနေ့တော့ နင့်ကို ငါ ကောင်းကင်ဘုံအစား အပြစ်ပေးမယ်…”
ပြောပြီးသည်နှင့် ယွင်ရုန်က သူမ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူမ၏ မျက်နှာမှာ တည်ကြည်လေးနက်ကာ အလွန်ခံ့ညားနေသည်။ ထို့နောက် သူမက လက်များအား တစ်စုံတစ်ခုကို တောင်းဆိုနေဟန် ပြုလုပ်လိုက်သည်။ အနားတွင် စုဝေး၍လာနေသော တိမ်မည်းများမှာ ပို၍အသံကျယ်လာကာ အတွင်းရှိ လျှပ်စီးများမှာလည်း ပို၍လင်းလက်လာကာ မိုးခြိမ်းသံများမှာလည်း ပို၍ပြင်းထန်လာသည်။
နောက်ဆုံးတွင် စက္ကန့်အနည်းငယ်ကြာသောအခါ ကြီးမားလှသော လျှပ်စီးတစ်ခု ဖြစ်ပေါ်လာကာ ဟယ်ပေါ်အား တည့်မတ်စွာပင် ထိသွားလေသည်။
“ကောင်းကင်ဘုံလျှပ်စီး… နင်က ကောင်းကင်ဘုံလျှပ်စီးကိုတောင် ခေါ်နိုင်တယ်…”
ဟယ်ပေါ်မှာ အလွန်ပင်အံ့ဩသွားသည်။ ကောင်းကင်ဘုံလျှပ်စီးနှင့်သာ ပစ်ခံရပါက အသက်အချောင်း ၁၀၀ ပင်ရှိနေစေကာမူ အသက်ရှင်နိုင်မည်မဟုတ်ချေ။ သို့သော် သူ၏ အဆင့်တိုးတက်မှုမှာလည်း ကုန်သွားပြီဖြစ်ရာ နောက်ထပ်ပြန်တွန်းလှန်ရန် အားအင်မရှိတော့ပေ။
လျှပ်စီးမှာ ဟယ်ပေါ်၏ ခန္ဓာကိုယ်အား ဖြတ်သွားပြီးနောက် သူက ခြောက်ကပ်စွာရယ်လိုက်သည်။
“ယွင်ရုန်… နင့်ကို ဘယ်သူနာမည်ပေးခဲ့တယ်ဆိုတာ နင်မှတ်မိသေးလား… အမှန်တရားအပေါ်ထားတဲ့ နင်ရဲ့ ဘာမဟုတ်တဲ့ စွဲလမ်းမှုလေးက လောကမှာ သနားစရာအကောင်းဆုံးအရာပဲ…”
စကားမဆုံးမီမှာပင် ကောင်းကင်ဘုံလျှပ်စီးမှာ ဟယ်ပေါ်၏ ခန္ဓာကိုယ်အား လုံးဝဥသုံပစ်ချလိုက်လေသည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ မီးသွေးမှုန်များအဖြစ်သို့ ပြောင်းသွားပြီး လေတစ်ချက်အဝှေ့တွင် ထိုအမှုန်များမှာ လွင့်စင်ပျောက်ကွယ်သွားလေသည်။
ငါ့နာမည်ကို ဘယ်သူပေးတာလဲ…
ယွင်ရုန်က မျက်မှောင်ကြုံ့လိုက်သည်။ ထိုမေးခွန်းမှာ သူမဦးနှောက်တွင် ဖျက်ခနဲ ပေါ်လာပြီးနောက် ချက်ချင်းပင် သူမ ပြန်မေ့ပစ်လိုက်သည်။ လူဆိုးများမှာ သူတို့မသေမီ ခေါင်းခြောက်စရာကိစ္စများကို ပြောတတ်ကြပေသည်။ ယွင်ရုန်မှာ ဒရာမာဇာတ်လမ်းတွဲများစွာကို ကြည့်ထားပြီးသည့်အားလျော် ဤနည်းလမ်းအား သိရှိပြီးသားဖြစ်လေသည်။
ဟယ်ပေါ်ရှိခဲ့သည့်နေရာကို စစ်ဆေးရန်သူမလျှောက်သွားစဉ် လက်ခုပ်တီး၍ ငှက်မွှေးနက်ယပ်တောင်အား ဖျောက်လိုက်သည်။ ဟယ်ပေါ်အမှန်တကယ် သေဆုံးသွားပြီဆိုတာကို သိရသောအခါ သူမစိတ်သက်သာရာရသွားသည်။
ထိုကိစ္စများပြီးသောအခါ ယွင်ရုန်၏ မျက်လုံးများမှာ အနားရှိ လူသားနှစ်ဦးအား သတိထားမိသွားသည်။ ကောင်းမင်မှာ ဖြစ်စဉ်အစအဆုံး သတိရှိနေသည်။ သူ၏ နှလုံးအား လက်သည်းကြီးတစ်ခုနှင့် ဆွဲထုတ်ခံရတော့မည့် အဖြစ်အားလည်းကောင်း သူ့ကောင်မလေးအား အကာအကွယ်အဖြစ် သူ့ရှေ့တွင် ထားမိခြင်းကြောင့်လည်းကောင်း ကြီးမားလှသော မိုးကြိုးလျှပ်စီးကြီးတစ်ခုအား မြင်လိုက်ရခြင်းကြောင့် လည်းကောင်း ကောင်းမင်မှာ ဖြူဖတ်ဖြူရော်နှင့် စကားပင် မဆိုနိုင်တော့ချေ။
သူက လက်နှစ်ဖက်နှင့် ခေါင်းကိုကိုင်ကာ ဒူးထောက်၍ ထိုင်ချလိုက်သည်။ ထို့နောက် တစ်ကိုယ်လုံး တုန်ရီလျက် မနားတမ်းရွတ််ဆိုတော့သည်။
“ဗုဒ္ဓဘုရားသခင်၊ ကျောက်စိမ်းဘုရင်၊ အနောက်ပိုင်းဘုရင့်မိခင်တို့…. ကျွန်တော့်ကိုကယ်တင်ပါ… ကျွန်တော်ဘာမှမမြင်လိုက်ပါဘူး…. ထူးဆန်းတာဘာညာရော… နောက်ထပ် ထူးဆန်းတာ၊ ဝိညာဉ်တွေ၊ ပြီးတော့ မိစ္ဆာတွေရော ဘာမှမမြင်ချင်တော့ပါဘူး…”
“ရှင့်ရဲ့ အကျင့်စရိုက်နဲ့တော့ ကောင်းကင်ဘုံက ဘယ်နတ်ဘုရားမှ ကယ်တင်မယ်မထင်ဘူး…”
ယွင်ရုန်မှာ မနေနိုင်ဘဲ ကောင်းမင်အား ခနဲ့ကာ ပြောလိုက်သည်။ ထိုကဲ့သို့ ကိစ္စကြီးကြီးမားမားကြုံတွေ့ရချိန်တွင် ကောင်မလေးဖြစ်သူအား သူ့ကိုယ်သူ ကာကွယ်ရန် အသုံးပြုသောသူမှာ လူသားမျိုးနွယ်အတွင်း ဆန်ကုန်မြေလေးသာဖြစ်ပေမည်။
ကောင်းမင်မှာ အလွန်အမင်းကြောက်ရွံ့သွားသောကြောင့် သတ္တိခွန်အားလည်း မရှိတော့ပြီဖြစ်ရာ ယွင်ရုန်အား စိုးစဉ်းမျှပင် ပြန်မငြင်းနိုင်တော့ချေ။ ခြုံပုတ်အတွင်း အနည်းငယ်မျှပင် နောက်ဆုတ်သွားသေး၏။
ဒီလိုလူက ဘယ်လိုလုပ်ပြီ ကောင်မလေးရထားတာပါလိမ့်….
ယွင်ရုန်မှာ ကောင်းမင်အားကြည့်၍ သက်ပြင်းမချဘဲ မနေနိုင်ဖြစ်နေသည်။ သို့သော်လည်း လူသားတို့၏ အမှုကိစ္စများမှာ သူမစိတ်ပူစရာမလိုအပ်ပေ။ ကောင်းမင်အား သည်းမခံနိုင်သော်လည်း သူ့အား မည်သို့မှ လုပ်၍မရပေ။
ယွင်ရုန်က ဘေးနားရှိ သတိမေ့နေသော မာရှောင်းလီထံသို့ လျှောက်သွားကာ သူမ၏လက်အား မာရှောင်းလီ၏ နဖူးသို့ ဦးတည်လိုက်သည်။ အစိမ်းရောင်အလင်းမျှင်တန်းလေးတစ်ခုမှာ မာရှောင်းလီ၏ နဖူးအတွင်းသို့ ဝင်သွားလေသည်။
မာရှောင်းလီမှာ ဖြေးညင်းစွာ နိုးထလာသည်။ သူမ၏ မျက်လုးများကို ဖွင့်၍ ဘေးနားတွင် ကုပ်ကုပ်လေးထိုင်နေသော ယွင်ရုန်အား ကြည့်လိုက်သည်။
“နတ်သမီးကို တွေ့နေရတာပဲ… ကောင်းကင်ဘုံရောက်သွားပြီထင်တယ်….”
“မင်းသေရင် ကောင်းကင်ဘုံ သွားရမှာမဟုတ်ဘူး… မြေအောက်လောကကို သွားရမှာ…”
ယွင်ရုန်က ပြန်ဖြေသည်။ ကောင်မလေးက သူ့ကို ငေးကြည့်နေဆဲဖြစ်သောကြာင့် ယွင်ရုန်မှာ မပြောဘဲ မနေနိုင်ဖြစ်နေသည်။
“နောက်တစ်ခါကျ ကောင်လေးရှာရင် အမှိုက်ပုံးထဲက မရှာနဲ့ ကြားလား… ဒီလူက မင်းရဲ့ဖူးစာရှင်မဟုတ်ဘူး… မြန်မြန်အဆက်ဖြတ် ကိုယ့်ဘဝကိုယ် ကယ်တင်ဖို့ အရေးကြီးတယ်…”
သူမ၏ အသံပျောက်သွားသည်နှင့် အနောက်နားဆီမှ လက်ခုတ်သံများကြားလိုက်ရသည်။
ယွင်ရုန်မှာ အနောက်သို့ လှည့်ကြည့်လိုက်ရာ အားလုံးမှာ မည်သည့်အချိန်တည်းကမသိသော်လည်း သူမ အနောက်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ လုဟယ်နျန်မှာ သူမနှင့် မနီးမဝေးတွင် ရပ်နေပြီး သူမအား ကြည့်နေသည်။
“စီနီယာယွင်… ပြောသွားတာက အရမ်းကောင်းတာပဲ… နောက်တစ်ခါကျ စီနီယာဘာပြောပြော ကျွန်တော့်ဘဝရဲ့ ဆောင်ပုဒ်ဖြစ်လာတော့မယ်…”
ချိုးတုန်းမင်မှာ စိတ်အား အတက်ကြွဆုံးဖြစ်နေသည်။ ယွင်ရုန် သူတို့အား လှည့်ကြည့်သည်ကို မြင်သည်နှင့် သူက ပြောလိုက်သည်။
ဖုရှောင်က သူ့ခြေထောက်အား ကန်၍ မာန်လိုက်သည်။
“သာရာစားကောင်….”
ထို့နောက် သူမက ယွင်ရုန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“စီနီယာယွင်… ဒီနေ့ကစပြီး ကျွန်မက စီနီယာရဲ့ နံပါတ်တစ်ဖန်ပါ…”
ချိုးတုန်းမင် : …နင်လည်း အတူတူပဲကိုများ
ရွမ်ရှန်းနှင့် ဝူရွှမ်းကန်တို့မှာ မြေကြီးပေါ်တွင် ဒူးတုပ်ထိုင်၍ ဟယ်ပေါ်အား မိုးကြိုးပစ်ချသွားသော နေရာအား စစ်ဆေးနေကြသည်။ သူတို့က အချင်းချင်း အဓိပ္ပာယ်ပါပါနှင့် တစ်ချက်ကြည့်လိုက်ကြသည်။ ထိုကဲ့သို့ ရှေးဟောင်းမိစ္ဆာတစ်ကောင်အား တစ်ချက်တည်းနှင့်သေစေနိုင်သည့် ကောင်းကင်ဘုံမိုးကြိုးအား ဆင့်ခေါ်နိုင်သည်ကို ထောက်ခြင်းဖြင့် ယွင်ရုန်မှာ သာမန်လူသား မည်သို့မှ မဖြစ်နိုင်ချေ။
သူက လူသားမဟုတ်ဘူးဆိုတော့ မိစ္ဆာများလား… ဒါပေမဲ့ သူကမိစ္ဆာဆိုရင် သူ့ကိုယ်က မိစ္ဆာအငွေ့အသက်ကို ဘာလို့ မခံစားရတာလဲ…
ရွမ်ရှန်းနှင့် ဝူရွှမ်းကန်တို့မှာ နှစ်တစ်ထောင်ကျော်ကြာ အသက်ရှည်ခဲ့ကာ အထူးရုံးတော်တွင် အလုပ်လုပ်ခဲ့သောကြောင့် ထူးဆန်းသော အရာမျိုးစုံကို မြင်ဖူးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ယွင်ရုန်ကဲ့သို့ စွမ်းအားကြီးမားသောသူတစ်ဦးနှင့် ဆုံရသည်မှာ ပထမဦးဆုံးဖြစ်သည်။ ယနေ့တွင် ဟယ်ပေါ်အား သေသည်အထိ အနိုင်တိုက်လိုက်နိုင်ခြင်းမှာ ယွင်ရုန်တစ်ဦးတည်း၏ အစွမ်းအစသာဖြစ်ပေ၏။
ဟယ်ပေါ်ကိုယ်တိုင်မှာ ရှေးဟောင်းမိစ္ဆာတစ်ကောင်ဖြစ်သည်။ သူဒေါသထွက်ပါက ဟိုင်းရှီတစ်မြို့လုံးအား ရေအောက်ရောက်သည်အထိ လုပ်နိုင်စွမ်းရှိသည်။ လက်ရှိတွင်မူ သူ၏ နိုင်းသျန် အား ဖျက်စီးခံလိုက်ရရုံသာမက ကောင်းကင်ဘုံမိုးကြိုးဖြင့်ပင် သေသည်အထိ ပစ်ချခံလိုက်ရသည်။ သူ့အတွက် လူးသာလွန့်သာ အခြေအနေတစ်ရက်မျှပင် မရှိနေပေ။
ရှေးဟောင်းမိစ္ဆာထက်ပင် ပို၍စွမ်းအားကြီးသော ယွင်ရုန်မှာ မည်ကဲ့သို့သော ကြောက်စရာတည်ရှိမှုမျိုးပါလဲ….
ခေတ္တခဏမျှ ရွမ်ရှန်းနှင့် ဝူရွှမ်းကန်မှာ ယွင်ရုန်အား ကြည်ညိုလေးစားသော အကြည့်နှင့် ကြည့်လိုက်ကြသည်။ ဝူရွှမ်းကန်မှာ ပို၍ပင် လောကဝတ်ကျေလိုသော သဘောဖြင့် လိုလိုလားလားပင်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာယွင် ကျွန်တော်တို့ အသက်တွေကို ကယ်ပေးတဲ့အတွက်ပါ…”
ယွင်ရုန်သာ သူ့အား မတွန်းခဲ့ပါက ဟယ်ပေါ်၏ လက်များက သူ၏ အသက်အား နှုတ်ယူပြီး ဖြစ်ပေလိမ့်မည်။
“ကျေးဇူးတင်စရာမလိုပါဘူး… ကျွန်မဒီမှာရှိနေမှတော့ လူငယ်တွေကို စွန့်စားခိုင်းလို့ ဘယ်ဖြစ်မလဲ….”
ယွင်ရုန်က လက်ကိုယမ်းပြ၍ ပြောလိုက်သည်။
ရွမ်ရှန်းနှင့် ဝူရွှမ်းကန်တို့မှာ ပို၍လန့်သွားကြသည်။ သူတို့နှစ်ဦးစလုံးမှာ နှစ်တစ်ထောင်သက်တမ်းရှိ မိစ္ဆာနှစ်ကောင်ဖြစ်ကြသော်လည်း ယွင်ရုန်က သူတို့အား လူငယ်များဟု သုံးနှုန်းလိုက်သည်။
တကယ်ပဲ သူက ဘယ်လိုဆရာမကြီးလဲ….
လုဟယ်နျန်မှာ ဘေးနားတွင် ငြိမ်၍နားထောင်နေပြီး ယွင်ရုန်၏ စကားများကို ကြားသောအခါ သူ၏ မျက်လုံးများ ပို၍နက်နဲသွား၏။
“ဒုတိယအစ်ကို… ကိစ္စတွေတော့ ပြီးပြီ…. အိမ်ပြန်ကြရအောင်…”
ယွင်ရုန်က လုဟယ်နျန်ရှေ့သို့ လျှောက်သွားကာ ပြုံးပြလိုက်သည်။
လုဟယ်နျန်မှာ ငေးကြည့်နေရာမှ အသိဝင်လာပြီး သူမအား လျင်မြန်စွာ ပြန်ပြုံးပြလိုက်သည်။
“ကောင်းပြီ အိမ်ပြန်ကြမယ်…”
ပြောပြီးသည်နှင့် သူက ကောင်မလေး၏ လက်ကို လှမ်းဆွဲ၍ မြဲမြံစွာကိုင်ထားလိုက်သည်။
ယွင်ရုန်က ဘာကြီးဖြစ်နေနေ ဘာအရေးလဲ… သူက ငါ့ရဲ့ ကလေးမလေးပဲ…
လုဟယ်နျန်မှာ ယွင်ရုန်အား လက်ဆွဲခေါ်သွားမည့် ဟန်ပြင်လိုက်
စဉ်မှာပင် ခြုံပုတ်များထဲမှ လက်နေသည့် အရာတစ်ခုကို မြင်လိုက်ရလေသည်။ သူက မျက်မှောင်ကြုံ့၍ အနားသို့ တိုးကြည့်လိုက်သည်။ ထိုအရာမှာ ကောင်းမင်လွှင့်ပစ်လိုက်သော သူ၏ မိုဘိုင်းဖုန်းပင်ဖြစ်လေသည်။
⛰️