Chapter 62
Viewers 5k

⛰️Chapter 62




တိုက်ရိုက်ထုတ်လွှင့်မှုမှာ ထုတ်လွှင့်နေဆဲဖြစ်သည်။ မြက်ပင်များကြောင့် မည်သည့်အရာကိုမှ မမြင်ရသော်လည်း အသံများအား ကြားနေရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူများမှာ လူ တစ်သိန်းကျော်နေပြီဖြစ်ကာ ဖုန်းမျက်နှာပြင်တွင် ‘ဆရာမကြီး’ ‘နတ်သမီး’ ‘မကြိုက်ဘူး’ ‘လုပ်ဇာတ်ကြီး’ စသည့်မှတ်ချက်များမှာ ပလူပျံနေ၏။


လုဟယ်နျန်က ဖုန်းမျက်နှာပြင်ရှိ တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်အားတစ်ချက်ကြည့်ကာ ဖုန်းအား ဆူးလီမြစ်အတွင်းသို့ ပစ်လိုက်လေသည်။


ကျန်ရှိသည့်ကိစ္စများမှာ ဝမ်းပေါ်တာဝန်ယူလုပ်ကိုင်ပေးမည် ဖြစ်သောကြောင့် လုဟယ်နျန်နှင့် ယွင်ရုန်တို့မှာ ဟော်တယ်သို့ ဦးတည်ပြန်လာခဲ့ကြသည်။ ကားရပ်ရာနေရာသို့ ရောက်သောအခါ လုဟယ်နျန်က ကားတံခါးဖွင့်ကာ မေးလိုက်သည်။


 “ဗိုက်ဆာနေလား… ဟိုတယ်ကိုမပြန်ခင် တစ်ခုခုစားချင်သေးလား….”


နှစ်ဦးသား တစ်ခုခုစားတိုင်းပင် ကောင်မလေးမှာ အထူးပျော်ရွှင်နေကြဖြစ်သည်။ ယနေ့ညတွင်မူ ယွင်ရုန်မှာ ထိုကဲ့သို့ ကိစ္စကြီးအား လုပ်ထားပြီးဖြစ်သည့်အပြင် ခွန်အားအများကြီး သုံးလိုက်ရသေးသည်။ ထို့ပြင် ညနေက ဖက်ထုတ်အနည်းငယ်သာ စားရသေးသောကြောင့် သူမမှာ အစောကြီးကတည်းက ဆာလောင်နေပြီဖြစ်လေသည်။


သို့သော်လည်း ပုံမှန် တက်ကြွနေလေ့ရှိသော အဖြေအား မကြားရချေ။ လုဟယ်နျန်က အံ့ဩသွားကာ ခေါင်းကိုလှည့်၍ ကြည့်လိုက်သောအခါ ယွင်ရုန်မှာ ၃ မီတာအကွာတွင် ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံပေါက်နေပြီး လက်များက မျက်လုံးများးကို ပွတ်၍ ပါးစပ်ဟကာ သမ်းနေလေသည်။


လုဟယ်နျန်ကြည့်နေသည်ကို သတိထားမိသွားသောအခါ သူမက ခေတ္တမျှ ကြောင်ကြည့်လိုက်သည်။

 “ကျွန်မဗိုက်မဆာဘူး ဒုတိယအစ်ကို… အိပ်ပဲအိပ်ချင်နေတာ… ဟိုတယ်ကိုပြန်ပြီး အိပ်ချင်တယ်…”


လုဟယ်နျန်က ခေတ္တစိုက်ကြည့်ပြီးနောက် ယွင်ရုန်ထံသို့ လျှောက်သွားကာ မေးလိုက်သည်။

 “ဘာဖြစ်လို့လဲ… နေလို့မကောင်းဘူးလား…”


 “နေမကောင်းတာမဟုတ်ဘူး… ကျွန်မ စွမ်းအားကို မြှင့်ဖို့အတွက် ဝိညာဉ်စွမ်းအားကို အများကြီး သုံးလိုက်မိတယ်…”


ယွင်ရုန်က ခေါင်းယမ်းကာ ပြောလျက် လုဟယ်နျန်အား မော့ကြည့်လိုက်သည်။ သူမက ပြုံးပြကာ ဆက်ပြောသည်။

“ဒုတိယအစ်ကို… လျှောက်မပြောနဲ့နော်… ကျွန်မ ခုနက ဟန်ဆောင်နေတာ…. တကယ်တော့ ဟယ်ပေါ်က တော်တော်စွမ်းတာ…”


သူမမှာ တောင်စောင့်နတ်ဖြစ်သော်လည်း နတ်ဘုရားကားမဟုတ်ချေ။ သူမ၏ ကိုယ်ပိုင်စွမ်းအားကို သုံး၍ ကောင်းကင်ဘုံမိုးကြိုးကို ဆွဲခေါ်ခြင်းမှာ စိတ်ဝိညာဉ်စွမ်းအင်အား အလွန်ပင် ပင်ပန်းစေလေသည်။ လူအများ၏ရှေ့တွင်မူ သူမ အားနည်းနေကြောင်း မပြသလိုပေ။ လူသားအဖြစ်ဖြင့် နှစ်ပေါင်းများစွာ နေပြီးသောအခါ ထုတ်ဖော်၍မပြောသော်လည်း သူမစိတ်ထဲတွင် အမြဲသတိထားနေဆဲဖြစ်သည်။ ဝူရွှမ်းကန်နှင့် ရွမ်ရှန်းတို့မှာ နှစ်တစ်ထောင်သက်တမ်းရှိ ရှေးဟောင်းမိစ္ဆာများဖြစ်ကြသည်။ သူတို့သာ ပူးပေါင်းပြီး သူမအား တိုက်ခိုက်ပါက လက်ရှိသူမအခြေအနေနှင့် မည်သို့မှ ပြန်တွန်းလှန်နိုင်မည် မဟုတ်ပေ။


ယခု လုဟယ်နျန်တစ်ဦးတည်းကျန်သောအခါမှသာ သူမ၏ သန်မာယောင်ဆောင်သော မျက်နှာဖုံးလည်း ကွာကျသွားသည်။ စိတ်ဝိညာဉ်စွမ်းအင် လျော့နည်းသွားသည်နှင့် မကောင်းသော အကျိုးဆက်များလည်း ရောက်ရှိလာကြသည်။


သူမမှာ စကားပြောနေလျက်က မောနေကာ သူမ၏ ခန္ဓာကိုယ်မှာလည်း လဲကျမယောင်ဖြစ်လာသည်။


လုဟယ်နျန်မှာ ချက်ချင်းပင် ပြေး၍ သူ့ကိုယ်ပေါ်တွင် သူမအား မှီစေလိုက်သည်။ ထိုအခါမှသာ ကောင်မလေး၏ မျက်နှာမှာ ဖြူလျော်နေကာ နှုတ်ခမ်းများမှာလည်း အရောင်မရှိဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ လုဟယ်နျန်မှာ ထိတ်ပျာသွားကာ မေးလိုက်မိသည်။


 “ကိုယ် မင်းကို…. ဆေးရုံကို ခေါ်သွားမယ်….”


ပြောပြီးသောအခါ သူပြန်စဉ်းစားမိသည်။

သူက လူသားမှမဟုတ်တာ… ဆေးရုံခေါ်သွားလည်း ဘာထူးမှာလဲ….


 “ဆေးရုံသွားဖို့မလိုပါဘူး… ဒုတိယအစ်ကို… ကျွန်မ အိပ်ပဲအိပ်ချင်တာ…”


ယွင်ရုန်မှာ အလွန်အိပ်ချင်နေသည်မို့ မျက်လုံးပင် မဖွင့်နိုင်တော့ချေ။ စကားပြော၍ မဆုံးမီမှာပင် ဦးခေါင်းငိုက်စိုက်ကျတာ သူမ၏ ခန္ဓာကိုယ်သည်လည်း လျောကျသွားသည်။


 “ယွင်ရုန်….”


လုဟယ်နျန်၏ နှလုံးမှာ တင်းကျပ်သွားကာ အလိုအလျောက် ခေါ်လိုက်မိသည်။ လက်တစ်ဖက်က ကောင်မလေးအား ရင်ခွင်ထဲပွေ့ထားလျက် နောက်လက်တစ်ဖက်က ကောင်မလေး၏ လည်ပင်းရှိ သွေးလွှတ်ကြောအား ထိတ်လန့်စွာဖြင့် လိုက်စမ်းလေသည်။ အနည်းငယ်တုန်ခါမှုကို ခံစားရမှ သူစိတ်သက်သာရာရသွားသည်။ ထို့နောက် သူမအား အလျားလိုက်ပွေ့ချီကာ ကားထဲသို့ ထည့်လိုက်လေသည်။


ယွင်ရုန်၏ ဤအခြေနေဖြင့် သူ သူမအား ဟိုတယ်သို့ ခေါ်သွား၍ မဖြစ်ပေ။ သူသာ သူမအား ထိုသို့ ချီလျက် ဟိုတယ်အတွင်းသို့ ဝင်သွားပါက လူတိုင်းက သူမအား အာရုံစိုက်ကာ နောက်နေ့ နံနက်ခင်း သတင်းခေါင်းစဉ်မှာ အောက်ပါအတိုင်းထွက်လာမည် ဖြစ်သည်။

 ‘လု လုပ်ငန်းစုရဲ့ ဒါရိုက်တာက အမည်မသိကောင်မလေးတစ်ယောက်နဲ့အတူ ဟိုတယ်ထဲဝင်သွား’


သူ့ကိုယ်သူ ဂရုစိုက်လှသည်မဟုတ်သော်လည်း ကောင်မလေး၏ ဂုဏ်သတင်းအား ထိုကဲ့သို့ အညှီအဟောက်များဖြင့် စွန်းထင်းစေ၍ မဖြစ်ပေ။


အဆုံးတွင် လုဟယ်နျန် ကားစက်နှိုးကာ သူခေတ္တနေဖူးသည့် ဗီလာတစ်ခုသို့ ဦးတည်မောင်းလိုက်လေသည်။ အရင်က သူ၏ နိမိတ်မကောင်းသည့် ကိုယ်ရှိန်ကိုယ်ဝါများကြောင့် ထိုနေရာတွင် လအတန်ကြာ နေထိုင်ခဲ့ရသည်။ သို့သော် ယွင်ရုန်ရောက်လာပြီးချိန်မှစ၍ သူထိုနေရာသို့ လာနေရန် မလိုအပ်တော့ပေ။


ထိုနေရာတွင် သန့်ရှင်းရေးလုပ်ပေးသော အဒေါ်တစ်ယောက်ရှိပြီး ဘေးပတ်လည်တွင် နေထိုင်သောသူများမှာလည်း ဟိုင်းရှီ၏ အရေးကြီး ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်များသာ ဖြစ်သည့်အလျောက် ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်လှသည်။ လုံခြုံရေးမှာလည်း ထိပ်တန်းအဆင့်ဖြစ်ရာ ထိုနေရာမှာ ကောင်မလေးအတွက် ပြန်၍ အားဖြည့်နိုင်ရန် အသင့်တော်ဆုံးနေရာပင် ဖြစ်လေသည်။


လုဟယ်နျန် ဗီလာသို့ရောက်သောအခါ တစ်နာကျော်ပင် ကြာပြီဖြစ်သည်။ ယွင်ရုန်မှာ လမ်းတစ်လျှောက်လုံး အိပ်စက်၍လိုက်ပါလာပြီး အနည်းငယ်မျှပင် မလှုပ်ချေ။ သူမသာ အသက်မရှူနေပါက တစ်ခုခုဖြစ်ပြီအထင်နှင့် လုဟယ်နျန် ကြောက်နေရမည်သာ ဖြစ်သည်။


ယွင်ရုန်အား သတိကြီးစွာပွေ့ချီပြီး လုဟယ်နျန် ကားဂိုဒေါင်မှ ထွက်လာလေသည်။ ဗီလာအား ကင်းလှည့်နေသော အစောင့် ရှောင်လောက သူ့ထံသို့ အမြန်ပြေးလာသည်။ အဝင်ဂိတ်ကို ဖြတ်ပြီးသွားသောအခါ ဂိတ်စောင့်က ချက်ချင်းပင် သူ့အား သတင်းပေးလိုက်သည်။ ဒါရိုက်တာလု ဒီနေရာသို့ လာနေခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်သည်။ သူ့ကို တွေ့ရခြင်းဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သောကိစ္စပင်ဖြစ်သည်။ ထိုကဲ့သို့သော သူဌေးမျိုးနှင့်ဆိုလျှင် ရနိုင်သမျှ အချိန်အားအကျိုးရှိအောင် အသုံးချနိုင်မှ ဖြစ်မည့်အားလျော်စွာ လုဟယ်နျန်ထံသို့ အမြန်လာပြီး မျက်နှာလုပ်ခြင်းဖြစ်လေသည်။


 “ဒါရိုက်တာ… ကျွန်တော်ဘာကူညီပေးရဦးမလဲ….”

ဂိုဒေါင်တံခါးဝကို ရောက်သည်နှင့် ရှောင်လောက အော်၍ပြောလိုက်သည်။


သေးကွေးသော ကောင်မလေးအား ပွေ့ချီ၍ ထွက်လာသော လုဟယ်နျန်အား မြင်လိုက်သောအခါ သူ့အသံမှာ တိမ်ဝင်သွား၏။ ရှောင်လောမှာ ခေတ္တခဏမျှ အံ့ဩသွားကာ နေရာမှာပင် ကြက်သေသေနေ၏။ သူ၏ နှလုံးမှာ ပေါက်ထွက်မတတ်ခံစားလိုက်ရသည်။


 “မလိုပါဘူး ကိုယ့်ဘာသာ ကင်းလှည့်ချေပါ…”

လုဟယ်နျန်က ရှောင်လောအား တစ်ချက်ကြည့်ကာ အလေးမထားသကဲ့သို့ ပြောလိုက်သည်။


 “ဒါရိုက်တာ… ဒါက…”


ကောင်မလေးအား ပွေ့ချီလျက် လမ်းလျှောက်လာသော လုဟယ်နျန်နီးကပ်လာသည်နှင့်အတူ သူက အလိုအလျောက်ပင် မေးလိုက်မိသည်။ သူ၏ မေးခွန်းမဆုံးမီမှာပင် ချက်ချင်း နောင်တရသွားသည်။ 

ဒါက ငါ့လို ကင်းစောင့်လေးက မေးသင့်တဲ့ မေးခွန်းဟုတ်လို့လား… ငါ ထပ်ပြီး အသက်မရှည်ချင်တော့တာများလား….


ရှောင်လောက ခေါင်းကို မော့လိုက်သောအခါ လုဟယ်နျန်နှင့် မျက်လုံးချင်း စုံသွားသည်။ မျက်လုံးအတွင်းတွင် ပျော်ရွှင်မှု စိတ်တိုမှုတို့ မရှိနေချေ။ ရေခဲတမျှ အေးစက်မှုသာရှိနေပြီး ခန့်ညားထည်ဝါပြီး ဂုဏ်ရှိသည့် အသွင်ကိုသာ မြင်နေရလေသည်။ သူ၏ နှလုံးမှာ ရပ်တန့်သွားကာ မေးလိုက်သည်။


 “ဒါရိုက်တာ… ရှောင်ကျင်းက အခုထိ ကင်းလှည့်တာဝန်ကျနေတုန်းပါ… သူ့ကို အခုသွားခေါ်လိုက်ပါမယ်…”


စကားပြောနေလျက်က အလျင်စလို ပြန်လှည့်ပြေးလေသည်။


 “အပြင်မှာ လျှောက်မပြောနဲ့…”

လုဟယ်နျန်က သတိလှမ်းပေးသည်။


 “နားလည်ပါတယ် နားလည်ပါတယ်…. ကျွန်တော် ဘာမှမမြင်လိုက်ပါဘူး… ဘာမှကို မမြင်ဘူး…”


ရှောင်လောက လုဟယ်နျန်၏စကားကို ကြားပြီး ကြောက်သွားကာ သူ့လျှာကိုပင် ကိုက်မိသလိုဖြစ်သွား၏။ သူက မြန်ဆန်စွာပင် ကတိပေးကာ လက်ကိုမြှောက်၍ ကောင်းကင်သို့ ကျိန်ဆိုလိုက်၏။


ပြော၍ပြီးသည်နှင့် သူမည်သည်ကို မသိကြောင်းပြသလိုသည့် အနေဖြင့် ရှောင်လောမှာ ချက်ချင်းလက်ငင်းပင် ပြန်ထွက်သွားလေသည်။ သူလမ်းလျှောက်သွားပုံမှာ ရက်စက်သော အကောင်တစ်ကောင် လိုက်ခံရသည့်ပုံနှင့်ပင် တူနေလေသည်။


ရှောင်လောက ပန်းခြံရဲ့ အကွေ့ရောက်သည်အထိ ဆက်ပြေးခဲ့ပြီး ခဏရပ်ကာ အသက်ဝအောင် ရှူလိုက်သည်။ ယခုထိကြောက်နေဆဲ ဖြစ်သည့်အတွက် သူ့ရင်ဘတ်ကိုသူ လက်နဲ့ ပုတ်ကာ နေ၏။ ဒါရိုက်တာမှာ ဒါရိုက်တာပင်ဖြစ်သည်။ ယခုလေးတွင် တွေ့ခဲ့ရသော အမူအရာမှာ သူ့ဆံပင်များပင် ထောင်လာစေ၏။


ပြန်လည်၍ စဉ်းစားမိသောအခါ ဒါရိုက်တာ၏ အမှုကိစ္စအား သူဝင်မရှုပ်ခဲ့သင့်ဟု တွေးမိလာသည်။ ပုံမှန်လည်း ပြုံးလေ့ပြုံးထမရှိသော ဒါရိုက်တာ၏ ထိုပုံရိပ်မှာ လူများအား အကယ်ပင် ကြောက်လန့်စေလေသည်။


 “ဒီမှာ ဘာရပ်လုပ်ပြီး ပျင်းနေတာတုန်း…”

သူ၏ အတွေးစမှာ ကင်းလှည့်နေသော ရှောင်ကျင်းက သူ့ကျောအား ပုတ်ပြီးမေးမှသာ ပြတ်သွား၏။


 “ဘာကို ပျင်းနေတာလဲ… ငါအခုလေးတင်…”

ရှောင်လောမှာ ပြောတော့မည် ပြုစဉ်မှာပင် ရုတ်တရက် လုဟယ်နျန်၏ အေးစက်သော သတိပေးမှုအား သတိရသွားကာ လည်ပင်းတွင် တစ်ဆို့သွားသကဲ့သို့ ခံစားလိုက်ရပြီး မည်သည့်စကားမျှ ထွက်မလာတော့ချေ။


 “ဘာမြင်ခဲ့လို့လဲ…” 

ရှောင်းကျင်က မေးလိုက်သည်။


 “မမြင်ပါဘူး မမြင်ပါဘူး…ကြွက်တစ်ကောင် ဖြတ်ပြေးသွားလို့ပါ…”

ရှောင်လောက မစဉ်းစားဘဲ ပြောလိုက်သည်။ သူသာ ထိုကိစ္စအား ဖွမိပါက အနာဂတ်တွင် အလုပ်မြဲရန် လမ်းမမြင်ပေ။


လုမိသားစုအတွင်း သူ၏ အလုပ်အား မဆုံးရှုံးလိုသေးပေ။ တစ်လအတွင်း ဒါရိုက်တာမှာ ဤနေရာအတွင်း ရက်အနည်းငယ်သာ နေသေးသည်။ အလုပ်မှာ လွယ်ကူပြီး လခမှာ များသဖြင့် ထိုကဲ့သို့သော အလုပ်မှာ ရရန်မလွယ်ကူပေ။ ဒါရိုက်တာမှာတော့ ထိုကဲ့သို့ မိန်းကလေးတစ်ဦးအား ခေါ်လာတတ်သည့် လူမျိုးမှန်း သူမထင်ထားခဲ့ပေ။


အမှန်တွင် ထိုကဲ့သို့သော ကိစ္စမှာ လွန်သည်ဟုမဆိုသာပေ။ ပုံမှန်အမျိုးသားများမှာလည်း သူတို့၏ မိန်းကလေးများအား ညအိပ်ရန်ခေါ်လာလေ့ရှိသည်ပင်။ အဓိကအချက်မှာ သူခိုးကြည့်မိသည့်အချိန်တွင်မှ ဒါရိုက်တာ၏ ရင်ခွင်ထဲရှိ အရာမှာ ကောင်မလေးဖြစ်နေခြင်းပင် ဖြစ်သည်။


ကျစ် ကျစ် ကျစ် ချမ်းသာတဲ့ကောင်တွေအကုန်လုံးက အတူတူပါပဲ… အဲဒီလို ကောင်မလေးငယ်ငယ်လေးကိုမရှောင်နိုင်ဘူး…


******


လုဟယ်နျန်က ကောင်မလေးအား အိပ်ရာပေါ်သို့ ဂရုတစိုက်တင်လိုက်ကာ စောင်ပါလေးတစ်ထည် ခြုံပေးလိုက်သည်။ ခေါင်းအုံးပေါ်တွင် လူးလွန့်လိုက်သော ယွင်ရုန်အားကြည့်ပြီး သူ သက်ပြင်းအနည်းငယ်ချလိုက်သည်။ ဤခရီးတိုလေးမှာ သုံးနာရီကြာ မီတင်ထက်ပင် ပို၍ပင်ပန်းလှပေ၏။


အချိန်မှာ မနက် ၂ နာရီပင်ရှိပြီဖြစ်သည်။ လုဟယ်နျန်က နှစ်ခြိုက်စွာအိပ််မောကျနေသော ယွင်ရုန်အား စိတ်ထဲတွင် မေးခွန်းများစွာဖြင့် စိတ်လေးစွာ ကြည့်လိုက်သည်။ သို့သော် ထိုမေးခွန်းများအား စိတ်ထဲတွင်သာ သိမ်းထားနိုင်လေသည်။ သူ၏လက်မှာ ယွင်ရုန်၏ နဖူးအားသပ်ပေးနေပြီး သူ့မျက်လုံးများမှာ နူးညံ့နေ၏။


ငါ့ရဲ့ ကောင်မလေး… တကယ်ပဲ မင်းက ဘာလဲ…


အိပ်ရာမှာ ယွင်ရုန်အိပ်နေပြီးဖြစ်၍ လုဟယ်နျန်မှာ ဆိုဖာပေါ်တွင်သာ အိပ်ရလေသည်။ သို့သော် သူက မပင်ပန်းချေ။ ထို့ကြောင့် ရေချိုးခန်းသို့ ဝင်ကာ ရေချိုးပြီးနောက် မိုဘိုင်းလ်ဖုန်းကို ထုတ်ကာ ဝမ်ကျင်းအား စာပို့လိုက်သည်။ အကြောင်းမှာ ယမန်နေ့ညက တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းအား စုံစမ်းခိုင်းရန်ဖြစ်သည်။ ယနေ့ညအဖြစ်အပျက်များမှာ အပြင်သို့ ပျံ့သွား၍မဖြစ်ပေ။ ထိုအချိန်က မည်မျှလောက်အထိ ထုတ်လွှင့်မှုအတွင်း ပါသွားသည်ကို မသိရသော်လည်း ထိုထုတ်လွှင့်မှုအား ပိတ်သိမ်း၍ ကောင်မလေးနှင့် ပတ်သက်သမျှအား ပယ်ဖျက်ထားခြင်းက ပို၍ အဆင်ပြေမည်ဖြစ်သည်။


ယွင်ရုန်၏ အစွမ်းအား တစ်စုံတစ်ယောက်သာ သိပါက ကောင်းသော ကိစ္စဖြစ်မည်လား ဆိုးသောကိစ္စဖြစ်မည်လား မသိနိုင်ချေ။


ထိုသို့ လုပ်ဆောင်ပြီးသောအခါ လုဟယ်နျန်မှာ ဆိုဖာပေါ်တွင် ထိုင်လျက် ကွန်ပျူတာအား ဖွင့်လိုက်လေသည်။ ‘တောင်စောင့်နတ်’ ဟူသော စကားလုံးအား ရှာဖွေရန်နေရာတွင် ရိုက်ပြီးနောက် ခေတ္တမျှ တွေဝေနေသေးသော်လည်း အဆုံးတွင် ခလုပ်ကိုနှိပ်လိုက်သည်။ ထိုအချိန်က ဟယ်ပေါ်က ယွင်ရုန်အား ‘တောင်စောင့်နတ်’ ဟု ခေါ်သည်ကို သူကြားခဲ့ရသည်။


ထိုရှာဖွေမှု၏ ရလဒ်အား သူဂရုမစိုက်ပေ။ သိချင်စိတ်ပြင်းပြနေမှုပင် မရှိချေ။ 

ငါကြိုက်နေတဲ့ ကောင်မလေးက တကယ်ပဲ ဘာလဲ….


တောင်စောင့်နတ်နှင့် ပတ်သက်၍ ရလဒ်များ အများအပြားကျလာသည်။ လုဟယ်နျန်မှာ တစ်ခုချင်းစီအား စိတ်ဝင်တစားလိုက်ဖတ်နေရာ မနက် ၅ နာရီပင် ရှိသွားသည်။ နွေရာသီဖြစ်သောကြောင့် နေမင်းမှာ စောစောထွက်လာပြီး ပြတင်းပေါက်လိုက်ကာများဆီမှ နေရောင်က ဖောက်၍ဝင်လာသည်။ 


လုဟယ်နျန်က မျက်မှန်အား ချွတ်ပြီး ထရပ်လိုက်သည်။ အခန်းတံခါးကို ဖွင့်၍ ဝင်လာသောအခါ ခုတင််ပေါ်ရှိ ယွင်ရုန်မှာ စောင်ကို ကန်၍ ခြေကားယားလက်ကားယားအိပ်နေသည်ကို မြင်လိုက်ရလေသည်။ သူကြည့်၍ မပြုံးဘဲ မနေနိုင်ချေ။


 “တောင်စောင့်နတ်… ဟုတ်လား…”

ခုတင်းဘေးသို့ လျှောက်သွားကာ ယွင်ရုန်၏ နဖူးအား လက်နှင့် လှမ်းသပ်ပေးကာ ညင်သာစွာမေးလိုက်လေသည်။


အိပ်ရသည်မှာ မသက်သာ၍လား လုဟယ်နျန်၏ အသံကြောင့်လား အကြောင်းရင်းကို မသိရသော်လည်း ကောင်မလေးမှာ အိပ်နေလျက်က လူးလွန့်ကာ ဘေးစောင်းအိပ်လိုက်ပြီ လုဟယ်နျန်၏လက်အား ဖိလိုက်လေသည်။ ယွင်ရုန်မှာ သက်တောင့်သက်သာမရှိသည့်အားလျော်စွာ မျက်မှောင်ကြုံ့၍ အိပ်နေလျက်က ပါးစပ်ကို လှုပ်လိုက်သည်။


လုဟယ်နျန်မှာ အလန့်တကြားဖြစ်သွားကာ လက်အား ပြန်မရုတ်နိုင်မီမှာပင် ကောင်မလေးက ဖိအိပ်လိုက်လေသည်။ ချောမွေ့နူးညံ့သော ကောင်မလေး၏ ပါးပြင်မှာ သူ့လက်ပါး ဖိထားလျက်ရှိပြီး ထူးဆန်းသော ခံစားချက်ရရှိနေ၏။ လုဟယ်နျန်မှာ ချက်ချင်းပင် တစ်ကိုယ်လုံးတောင့်တင်းသွား၏။


သူက စက္ကန့်အနည်းငယ်မျှ ကြက်သေသေသွားသည်။ ကောင်မလေး ထပ်၍မလှုပ်တော့သည်ကို သေချာမှသာ လုဟယ်နျန် သူ့လက်အား ဆွဲထုတ်ရန် အနည်းငယ် ကြိုးစားလိုက်သည်။ သို့သော်လည်း သူအနည်းငယ်မျှ လှုပ်လိုက်ရုံဖြင့် အိပ်ပျော်နေသာ ယွင်ရုန်က သူ့လက်မောင်းအား ရုတ်တရက် ဖက်လိုက်လေသည်။


ကောင်မလေးမှာ အားသန်လှကာ လုဟယ်နျန်မှာ မူလက ခါးကိုင်းကာနေနေသော်လည်း ရုတ်တရက်အဆွဲခံရသဖြင့် တိုက်မိမလိုဖြစ်ကာ အိပ်ရာပေါ်သို့ လဲကျမတတ်ဖြစ်သွားသည်။ ချက်ချင်းပင် အိပ်ရာဘေးတွင် ကပ်၍ သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။


ဤတစ်ကြိမ်တွင်မူ လုဟယ်နျန်မှာ ထပ်မလှုပ်ရဲတော့ပဲ မြေပြင်ပေါ်တွင် ဖြေးညင်းစွာ ဒူးထောက်ထိုင်လိုက်လေသည်။ အနားကပ်လာသည်တွင် ကောင်မလေးကိုယ်မှ စူးရှသော ပန်းရနံ့မှာ လုဟယ်နျန်၏ နှာခေါငးအတွင်း ပြင်းထန်စွာ ဝင်လာလေသည်။ ထိုရနံ့မှာ ရင့်မှည့်သော စျေးကြီးသည့် ဝိုင်အကောင်းစားနှင့်တူကာ သူ့အား စက္ကန့်ပိုင်းအတွင်ပင် အာရုံပျံ့လွှင့်သွားစေလေသည်။


ယွင်ရုန်က သူ့အား တစ်စုံတစ်ယောက်ဖမ်းခေါ်မည်ကို အိပ်မက်မက်နေသည့်အလား တင်းကျပ်စွာ ဖက်ထားလေသည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ထိုအထိအတွေ့မှာ အလွန်ပင် ထိထွေ့အားကောင်းနေ၏။ လုဟယ်နျန်မှာ သူ့လက်ဖဝါးပေါ်ရှိ နူးညံ့သော နွေးထွေးသော အထိအတွေ့အား ရှင်းရှင်းလင်းလင်းခံစားနေရပြီး သေးငယ်သော လျှပ်စီးကြောင်းလေးများ တစ်ကိုယ်လုံးစီးဆင်းနေသကဲ့သို့ ခံစားနေရလေသည်။ ထိုအထိအတွေ့မှာ သူ့အား ပျော့ခွေသွားစေကာ တစ်ကြိမ်တည်းမှာပင် တောင့်တင်းစေသော ခံစားမှုအား ပေးလေသည်။


လုဟယ်နျန်မှာ ဖော်ပြ၍မရနိုင်သော ခြောက်သွေ့မှုတစ်ခု လည်ပင်းဆီမှ တက်လာသည်ကို ခံစားလိုက်ရသည်။ သူသည်လည်း ယောက်ျားသားပင် ဖြစ်လေရာ ဤခံစားမှုများမှာ မည်သည်ကို ကိုယ်စားပြုသည်ကို ချက်ချင်းသိလိုက်လေသည်။


လုဟယ်နျန်၏ မျက်ဆံများမှာ ပို၍နက်နဲသွားသည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်ကာ သူ့လက်အား ဖြေးညင်းစွာ ဆွဲထုတ်လိုက်သည်။ သို့သော် သူဆွဲထုတ်လေ ကောင်မလေးက သူ့လက်မောင်းအား ပိုတင်းကြပ်စွာ ဖက်ထားလေဖြစ်နေ၏။ သူမ၏ မျက်နှာတွင် စိတ်ပူသည့်အမူအရာပင် ပေါ်နေသည်။


ယွင်ရုန်မှာ လူတစ်ယောက်အား အိပ်မက်မက်နေသည်။ ထိုသူမှာ တောင်ထိပ်တွင် မတ်တပ်ရပ်နေပြီး သူ့ရုပ်သွင်အား ကောင်းစွာမမြင်ရချေ။ လေတိုက်လျှင်ပင် ထိုသူမှာ လွင့်သွားတော့မည်ဟန် ပေါက်နေသည်။


 “အားဟယ် အားဟယ် မသွားနဲ့….”


ရှိုက်သံသဲ့သဲ့ဖြင့် ကောင်မလေး၏ ခေါ်သံကို ကြားရသည်တွင် လုဟန်နျန်လန့်သွား၏။ သူ့နှလုံးသားဆီမှလည်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ စက္ကန့်အနည်းငယ်ကြာသောအခါ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လက်တစ်ဖက်ဖြင့် ယွင်ရုန်၏ ဆံပင်အားသပ်ပေးကာ နွေးထွေးစွာပြောလိုက်သည်။


 “ရပါတယ်… ကိုယ် မသွားဘူးနော်…”


ထိုစကားကို ကြားသောအခါ ကြုံ့ထားသော ယွင်ရုန်၏ မျက်ခုံးများမှာ ဖြေးညင်းစွာ လျော့သွားပြီး ပိုလှပသော အိပ်မက်အတွင်း နှစ်မျောသွားလေတော့သည်။



⛰️