⛰️Chapter 63
တောင်မိစ္ဆာ
ယွင်ရုန်နိုးလာသောအခါ နေ့ခင်းပင်ရှိနေပြီဖြစ်သည်။ တောက်ပနေသော နေရောင်ခြည်မှာ ပြတင်းမှန်များကို ဖြတ်၍ကျရောက်နေပြီး နူးညံ့နွေးထွေးနေ၏။ သူမက ထထိုင်၍ အကြောများကိုဆန့်လိုက်ပြီး မျက်လုံးများကိုပွတ်ကာ ပတ်ဝန်းကျင်ကိုကြည့်သောအခါ မရင်းနှီးသော နေရာသို့ ရောက်နေကြောင်းသိရလေသည်။
ယွင်ရုန်က အခန်းပတ်ပတ်လည်အား ငေးကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ ပြီးခဲ့သည့်ညက ကားထဲမဝင်မီ အိပ်ပျော်သွားသည့်အကြောင်း အမှတ်ရသွားလေသည်။ သူမ သတိမရသည့်အခြေနေတွင် ဒါရိုက်တာက သူ့အား ကားအတွင်းသို့ ပွေ့ချီခေါ်လာသည့်အကြောင်းအားလည်း တွေးမိသွားပြီး သူမ အနည်းငယ်ပင် ရှက်သွား၏။
ဒါက ဒုတိယအစ်ကိုရဲ့ အခန်းလား…
ယွင်ရုန်က သူ့ကိုယ်ပေါ်မှ စောင်အားဖယ်၍ အိပ်ရာပေါ်မှ ထလာသည်။ သူမ ခြေလှမ်းနှစ်လှမ်းပင် ပြည့်အောင်မလှမ်းရသေးမီ လုဟယ်နျန်၏ အသံအား တံခါးအပြင်ဘက်မှ ကြားလိုက်ရလေသည်။ သူမ နှုတ်ဆက်မည့် ဟန်ပြုနေစဉ်မှာပင် လုဟယ်နျန်မှာ ဖုန်းပြောနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ပါးစပ်လေးပြန်စေ့သွား၏။
လုဟယ်နျန်မှာ ယွင်ရုန်သူ၏ လက်မောင်းအား မလွှတ်မချင်း ဒူးထောက်လျက် သုံးနာရီကျော်နေခဲ့ရသည်။ ထိုကဲ့သို့ အကျပ်အတည်းကြားတွင် သူ အိပ်လည်းမအိပ်နိုင်ခဲ့ချေ။ သူ ရေသာ ချိုး၍ ပစ်ထားခဲ့သော အလုပ်များနှင့် ပြန်လုံးပန်းနေရသည်။
လုဟယ်နျန် နေ့လည်စာပြင်မည်ပြုနေဆဲမှာပင် ဝမ်ကျင်းထံမှ ဖုန်းခေါ်လာသည်။ ဝမ်ကျင်းမှ သူ့ထံမှ မက်ဆေ့ချ်အား လက်ခံရပြီးပြီးချင်းပင် ကောင်းမင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား စစ်ဆေးခဲ့သည်။ သို့သော်လည်း သူက ခြေတစ်လှမ်းနောက်ကျလေရာ ထိုထုတ်လွှင့်မှုအား ကြည့်ရှူသူများမှာ အလွန်များနေ၏။ နာရီအနည်းငယ်သာ ကြာသေးသော်လည်း ထိုထုတ်လွှင့်မှုအား ပြန်ကူးယူ၍ အွန်လိုင်းပေါ်တင်သူ အများအပြားရှိနေသည်။
“ဒါရိုက်ကာ… အခုအင်တာနက်ပေါ်မှာ လူတွေအများကြီးက မစ္စယွင်ကို လိုက်ရှာကြပါတယ်…. ကျွန်တော် ဗီဒီယိုကို သေချာကြည့်ပြီးသွားပြီ…. အဲဒီမှာ မစ္စယွင်ရဲ့ မျက်နှာကို ကောင်းကောင်းမြင်ရတာမျိုးတော့ မရှိဘူး… သူ့ရဲ့ နာမည်နဲ့ အသံကိုပဲ သိကြရတာ….”
ထိုအထိပြောပြီးသည်တွင် ဝမ်ကျင်းက ခေတ္တရပ်လိုက်သည်။ ယမန်နေ့ညက ဒါရိုက်တာနှင့် မစ္စယွင်တို့ ဘာလုပ်ခဲ့ပြီး ထိုကဲ့သို့ ဗီဒီယိုထဲ ပါလာရသည်ကို သူတကယ် မတွေးးတတ်ချေ။
“အခု အင်တာနက်ပေါ်မှာ နှစ်ဖွဲ့ကွဲနေတယ်… တစ်ဖွဲ့က မစ္စယွင်က တကယ့်ဆရာမကြီးလို့ပြောနေတာ… နောက်တစ်ဖွဲ့ကတော့ မစ္စယွင်က မိစ္ဆာဖမ်းတဲ့သူတဲ့… ပြောသမျှကတော့ ကောင်းတာမရှိဘူး ဆရာ….”
ပြောပြီးသည့်အခါ ဝမ်ကျင်းက သတိကြီးစွာနှင့် မေးလိုက်သည်။
“ဒါရိုက်တာ… ဒီကိစ္စကို ဘယ်လိုကိုင်တွယ်စေချင်လဲ….”
ရုံးပိုင်းဆိုင်ရာ ကိစ္စများတွင်မူ ဝမ်ကျင်းမှာ သူ့လက်သူ့ခြေဖြင့် ကိစ္စများအား ကိုင်တွယ်နိုင်သည်။ သို့သော် ယခုမူ ဒါရိုက်တာမှ ဤကိစ္စအား မည်သို့ဖြစ်စေချင်သည်ကို သူမခန့်မှန်းနိုင်ချေ။
လုဟယ်နျန်က နားထောင်နေလျက် လက်တစ်ဖက်ဖြင့် ကွန်ပျူတာအား ဖွင့်ကာ တစ်ချက်ရှာကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အင်တာနက်ပေါ်၌ အတော်လေးပွထနေသည်။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းများအကြောင်းဖြစ်ရာ ပရိသတ်အများစုမှာလည်း ထိုအရာများကို စိတ်ဝင်စားသူများဖြစ်ကြသည်။ ထိုလူများမှာ ကမ္ဘာပေါ်တွင် ထိုကဲ့သို့ ထူးဆန်းသော်ဖြစ်တည်မှုများ ရှိသေးသည်ဟုလည်း ယုံကြည်ကြလေသည်။ ရလဒ်အနေနှင့် တိုက်ရိုက်ထုတ်လွှင့်မှုပျံ့သွားသည်နှင့် လူအများ၏ အာရုံစိုက်မှုများရလာခြင်း ဖြစ်ပေသည်။
သို့သော်လည်း အင်တာနက်ပေါ်တွင် ယုံကြည်သူများနှင့်အတူ မယုံကြည်သူများလည်းရှိပေသည်။ ကောင်းမင်မှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သာမန်ပစ္စည်းဖြစ်သော မိုဘိုင်းလ်ဖုန်းကိုသာ အသုံးပြုလေသည်။ ယွင်ရုန်နှင့် ဟယ်ပေါ်တိုက်ခိုက်သော နေရာမှာလည်း သူနှင့် အတန်ငယ်လှမ်းနေရာ သူတို့၏ မှုန်ဝါးဝါးပုံရိပ်ကိုသာ အသံအနည်းငယ်နှင့် ရိုက်မိသွားခြင်းဖြစ်လေသည်။ ထိုပုံစံမှာ အပျော်တမ်းအဆင့် စပယ်ရှယ် effect ထည့်ထားသကဲ့သို့ ထင်ရသဖြင့် လူအများက မယုံကြခြင်းဖြစ်လေသည်။
— အသံကိုကြားရုံနဲ့တင် တော်တော်လှမဲ့ ကောင်မလေးပဲ… သူက နတ်သမီးများလား…. တကယ်ကြီး ကောင်းကင်မှာ ပျံနေတာလေ….
— အမေရေ… သူက တကယ် မသေမျိုးပဲ….
— ဘာကို နတ်သမီးလဲ… လူသိများအောင်လုပ်ဖို့ အားထုတ်ရတာတောင် တော်တော်ပျင်းသလား…. စပယ်ရှယ် effect လေး နည်းနည်းထည့်ပြီး မျက်နှာတောင် မပြတာကို နတ်သမီးတဲ့လား… ရုပ်ဆိုးလွန်းလို့ ပြလိုတောင်မရတာများလား….
— အစိုးရက ဒီဗီဒီယိုကို ဘာမှ မလုပ်တော့ဘူးလား… ဒါက မြေရှင် ပဒေသရာဇ်စနစ်ကို ကြေငြာနေတာမဟုတ်ဘူးလား… နောက်ကျရင် ဟောကိန်းတွေပါထုတ်ပြီး ယတြာတွေ ရောင်းစားတော့မှာမဟုတ်ဘူးလား…
လုဟယ်နျန်က မှတ်ချက်အနည်းငယ်အား ဖတ်လိုက်ပြီး စိိတ်ရှုပ်လာသဖြင့် နှုတ်ခမ်းအား ကိုက်လိုက်လေသည်။ သူက အေးစက်စွာ ပြောလိုက်သည်။
“ဒီဗီဒီယိုနဲ့ မက်ဆေ့ချ်တွေ အကုန်လုံးကို ဖျက်လိုက်…. ပြီးတော့ အဲဒီ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက BM entertainment ရဲ့ မြေအောက်ခန်းမှာရှိတာလား….”
“ဟုတ်ကဲ့ အဲဒါက BM entertainment ရဲ့ အသစ်ခွဲဖွင့်လိုက်တဲ့ ကုမ္ပဏီအခွဲတစ်ခုပါ… အရင်က သူတို့က ကျွန်တော်တို့ လု လုပ်ငန်းစုနဲ့ တွဲလုပ်ချင်လို့ ကမ်းလှမ်းထားပေမဲ့… ဒါရိုက်တာက အကြောင်းမပြန်ရသေးလို့ပါ….”
ဝမ်ကျင်းက ပြန်ဖြေသည်။
“သူတို့ရဲ့ သူဌေးကို ဆက်သွယ်ပြီး ဒီဗီဒီယိုက ပိတ်ခိုင်းလိုက် ပြီးတော့ ဆုကြေးငွေတွေကိုလည်း ပေးတဲ့သူတွေဆီ ပြန်ပေးလိုက်လို့…. နောက်ကျရင် ကောင်းမင်ကိုလည်း စာရင်းကနေ ပယ််ဖျက်လိုက်ပါလို့…”
စကားပြောနေလျက်က အနောက်ဘက်တွင် တစ်စုံတစ်ခုရှိနေသည်ကို လုဟယ်နျန်သတိထားမိသွားသည်။ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ကောင်မလေးမှာ တံခါးပေါက်အနားတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။သူ၏ တင်းမာ အေးစက်နေသော မျက်နှာမှာ ခဏချင်း ပြေလျော့သွားသည်။ ထို့နောက် ဘာမှ ထပ်မတွေးတော့ဘဲ ပြောလိုက်သည်။
“ချက်ချင်း အဲဒါကို လုပ်လိုက်နော်… ပြောစရာရှိသေးရင် နောက်မှပြောတော့….”
လုဟယ်နျန်မှာ ဝမ်ကျင်း၏ အဖြေကိုပင် မစောင့်တော့ဘဲ ဖုန်းကို ချက်ချင်းချလိုက်လေသည်။ သူကကောင်မလေး၏ အရှေ့သို့ လျှောက်သွားကာ သူမ၏ ဆံပင်အား သပ်ပေးလိုက်သည်။
“နေလို့ကောင်းသွားပြီလား…”
သူက ခေါင်းကို ငုံ့ကြည့်လိုက်ရာ ကောင်မလေး၏ ခြေဗလာကို မြင်သွားသဖြင့် မဲ့သွားကာ ပြောလိုက်သည်။
“ဘာလို့ ဖိနပ်မစီးဘဲ ထွက်လာရတာလဲ…”
“အခုတော့ တော်တော်နေလို့ကောင်းပါတယ်…. အားမရှိနေတာပဲဖြစ်တာ…. ဒါပေမဲ့ အဆင်ပြေပါတယ် ကျွန်မ ဝိညာဉ်စွမ်းအားတွေ ပြန်ရရင် နေကောင်းသွားမှာ…”
ယွင်ရုန်က ချစ်ဖို့ကောင်းစွာ ပြန်ဖြေသည်။ လုဟယ်နျန်က သူ့အား ဖိနပ်မစီးသဖြင့် ဆူနေသည်ကို ကြားရသောအခါ ဖြူဖြူသေးသေးခြေထောက်လေးများမှာ အနည်းငယ် နောက်ဆုတ်သွား၏။
“မအေးပါဘူး…”
“မအေးရင်တောင်မှ ခြေဗလာနဲ့ လျှောက်နေလို့မရဘူးလေ…”
ပုံမှန်တွင် ဤအိမ်၌ လူတစ်ဦးသာနေပြီး သူ၏ အတွင်းရေးမှူးများမှာလည်း သိပ်၍ လာလေ့မရှိပေ။ လုဟယ်နျန်မှာ စကားပြောပြီးသည်နှင့် အိမ်တွင် ဖိနပ်အပို ပြင်မထားသည်ကို သတိရသွားသည်။ ခေတ္တစဉ်းစားပြီးနောက် သူက ဖိနပ်ကို ချွတ်၍ မြေပေါ်တွင် ချကာ ပြောလိုက်သည်။
“လောလောဆယ် ဒါစီးထား….”
ကောင်မလေး၏ ခြေထောက်များမှာ သေးသော်လည်း ပြည့်ပြည့်တင်းတင်းဖြစ်သည်။ ခြေချောင်းတစ်ချောင်းချင်းစီမှာ အရောင်စိုစို ပုလဲလုံးလေးများနှင့် တူလေသည်။ လုဟယ်နျန်မှာ ခေတ္တရပ်လိုက်သည်။ မနက်ပိုင်းတွင် သူ့ကိုယ်တွင်းမှ မီိးတောက်အား ခက်ခက်ခဲခဲ ဖိနှိပ်ထားခဲ့ပြီး ယခုမူထပ်၍ တက်လာပြန်ပြီဖြစ်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ယွင်ရုန်၏ ခြေထောက်များမှာ ဖိနပ်စီးပြီးဖြစ်နေပြီဖြစ်သည်။
“ဟီးဟီး…”
ယွင််ရုန်မှာ အနည်းငယ် ယားယံသလိုဖြစ်၍ အလိုအလျောက် ရယ်လိုက်မိသည်။ သူမက ရယ်ကာ ပြောလိုက်သည်။
“ဒုတိယအစ်ကို… ကျွန်မကို ဖိနပ်ပေးလိုက်တော့… အစ်ကို့ခြေထောက်တွေက…”
“ကိုယ်က ယောက်ျားပါ… ခြေဗလာနဲ့ဆိုလည်း ကိစ္စမရှိဘူး….”
လုဟယ်နျန်က ပြောလိုက်သည်။
ဒါဆို ဖိနပ်စီးတာတောင် ယောက်ျားနဲ့ မိန်းမခွဲခြားထားသေးတာလား….
ယွင်ရုန်မှာ အံ့ဩသွားသည်။ သို့သော်လည်း လုဟယ်နျန်ပြောသည့် ကိစ္စဖြစ်၍ သူမ ပြန်မငြင်းပေ။
ဒုတိယအစ်ကိုကတော့ ငါ့ကို မလိမ်လောက်ပါဘူး…
ဖိနပ်စီးပြီးသောအခါ ယွင်ရုန်မှာ လုဟယ်နျန် ဖုန်းပြောနေသည့် ကိစ္စအား အမှတ်ရသွားသဖြင့် မေးလိုက်သည်။
“ဒုတိယအစ်ကို ခုနကဖုန်းက ကျွန်မအကြောင်းပြောနေတာလားဟင်…”
ဤကိစ္စမှာ ထိန်ချန်ထားရန်မလိုပေ။ လုဟယ်နျန်က သူမအား အကြောင်းစုံရှင်းပြပြီးနောက် အရေးကြီးသောအချက်များအားလည်း ပြောပြလေသည်။
“တွေ့တယ်နော်… ဒီလောကမှာ လူတိုင်းးကကောင်းပြီး ရိုးသားနေတာမဟုတ်ဘူး… ဟိုင်းရှီကလူတွေအတွက် မင်းက ဟယ်ပေါ်နဲ့တောင် တိုက်ခဲ့ပေးပေမဲ့ မသိတဲ့သူတွေကတော့ မင်းကို အပုတ်ချကြမှာပဲ… နောက်တစ်ခါ မင်းကောင်းတဲ့ကိစ္စလုပ်ချင်ပြီဆိုရင် ကိုယ့်ဘာသာသေချာစဉ်းစားပြီးတော့ နိုင်သလောက်ပဲလုပ်နော် ဟုတ်ပြီလား….”
ကောင်မလေးမတ်တပ်ရပ်လျက် ရုတ်တရက်အိပ်ပျော်သွားစဉ်က သူအရမ်းလန့်သွားခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း သူက ပို၍စကားကို ပြင်းပြင်းထန်ထန်ပြောနေခြင်းဖြစ်လေသည်။ ကောင်မလေးကို ပို၍သတိထားစေချင်သော စေတနာနှင့်ဖြစ်သည်။
သို့သော် ကောင်မလေးက မျက်လုံးလေးများပြူးကာ သူ့အား မယုံနိုင်သည့်အကြည့်ဖြင့် ကြည့်သောအခါ သူ မပျော့ပြောင်းဘဲ မနေနိုင်ချေ။
“မပူပါနဲ့… ကိုယ် ဝမ်ကျင်းကို ကြည့်လုပ်ခိုင်းထားပါတယ်… အဲဒီကောမန့်တွေက မကြာခင်ပျောက်သွားမှာပါ…
ယွင်ရုန်မှာ လုဟယ်နျန်အား မယုံနိုင်ဘဲ စိတ်မချနိုင်ဖြစ်သေးလေသည်။ ရုတ်တရက် အရပ်မျက်နှာပေါင်းစုံမှ မနာလိုသည့် အရိပ်အယောင်များအား သူမ ခံစားလိုက်ရသည်။ သူမက ထိုအရာကို မသိနားမလည်မှုဟု မမြင်နိုင်ပေ။ အသိဉာဏ်မရှိမှုဟုသာ မြင်လေသည်။ ဤလူသားများမှာ အကယ်ပင် မနာလိုဝန်တိုစိတ်ရှိကြလေသည်။
လုဟယ်နျန်၏ သူမအား နှစ်သိမ့်ပေးနေသော စကားများအား ကြားရသောအခါ သူမက ရယ်ကာ စိတ်အားထက်သန်စွာနှင့် ပြောလိုက်သည်။
“အရေးမကြီးပါဘူး… သူတို့က မလိုမုန်းထားစိတ်နဲ့ ပြောမှတော့လည်း… သူတို့ပဲ ကံဆိုးကြမှာလေ…”
တောင်စောင့်နတ်တစ်ဦးအား မရိုမသေပြုမှုခြင်းမှာ အပြစ်ပေးခံထိုက်သည့်အမှုသာဖြစ်သည်။ ယွင်ရုန်မှာ လူသားများအား ကောင်းချီးပေးလေ့ရှိသော်လည်း အင်တာနက်ပေါ်မှာ ထိုကဲ့သို့ မလိုတမာ မှတ်ချက်ပေးသူများအား အတန်ငယ် စိတ်ဆိုးမိလေသည်။
ပြောပြီးသည်နှင့် သူမက စိတ်ကို အာရုံလွှင့်လိုက်လေသည်။ မရေတွက်နိုင်သော ကံဆိုးမှုလေးများမှာ ကြိုးနက်တစ်ချောင်းအဖြစ် အသွင်ပြောင်းသွားသည်။ ချက်ချင်းပင် ထိုကြိုးက ကီးဘုတ်များပေါ်တွင် အားပါးတရရေးနေကြသူများထံ ပျံသန်းရောက်ရှိသွားလေသည်။
ထိုခဏလေးမှာပင် ယွင်ရုန်အား အပုတ်ချပြောဆိုနေကြသူများမှာ ရုတ်တရက် ချမ်းစိမ့်စိမ့်ဖြစ်သွားကြသည်။ နွေလယ်ကောင် ပူအိုက်သည့် ရာသီပင်ဖြစ်နေသော်လည်း သူတို့အားလုံး ပြောမပြတတ်အောင် ချမ်းတုန်လာကြသည်။
ယွင်ရုန်၏အဖြေအားကြားရသောအခါ လုဟယ်နျန်မှာ ဦးစွာလန့်သွားသော်လည်း တစ်စုံတစ်ခုအား ပြန်အမှတ်ရသွားသည်။
ဟုတ်သား ဒီကလေးမလေးက တောင်စောင့်နတ်ပဲဟာ… ပြီးတော့ ဒေါသလည်းကြီးတတ်သေးတယ်… နည်းနည်းလေးပြောမိရင်တောင် စိတ်ဆိုးမှာလားမသိဘူး…
ထိုအထိစဉ်းစားပြီးသောအခ လုဟယ်နျန်၏ မျက်လုံးများမှာ မည်းနက်သွားသည်။ သူက မနေနိုင်တော့ဘဲ မေးလိုက်သည်။
“မနေ့ညက ဟယ်ပေါ်က မင်းကို တောင်မိစ္ဆာလို့ခေါ်တယ်နော်… အဲဒါဘာပြောတာလဲ…”
ယွင်ရုန်က သူ့ဘာသာ အားရကျေနပ်နေသော်လည်း ထိုမေးခွန်းအား ကြားလိုက်ရသောအခါ လန့်သွားကာ စကားများပင် ထစ်သွားသည်။
“ဒုတိယအစ်ကို… အကုန်ကြားလိုက်တာလား…”
တစ်ခုခုတော့မှားနေပြီ…
သူမနှင့် ဟယ်ပေါ်မှာ လေပေါ်တွင် ဆယ်မီတာအမြင့်၌ ပြောဆိုတိုက်ခိုက်နေကြခြင်းဖြစ်သည်။ လုဟယ်နျန် မည်သည်ကိုမှ မကြားလိုက်ရခြင်းက ပိုမှန်ပေမည်။ ရုတ်ချည်းပင် ယွင်ရုန်က ဟယ်ပေါ်မြေပေါ်ပြန်ကျလာပြီး သူမအား အကျယ်ကြီးအော်ပြောသည့် အချိန်အား ပြန်သတိရသွားသည်။
သူအဲဒီတုန်းက ကြားလိုက်တာနေမယ်….
ထိုကဲ့သို့ စဉ်းစားနေစဉ် ယွင်ရုန်မှာ ချက်ချင်းပင် စိတ်တိုလာ၏။
ငါ ဟယ်ပေါ်ကို တတ်နိုင်သလောက် မြန်မြန်လက်စသတ်ခဲ့ရမှာ…
ရလဒ်အနေနှင့် သူမက အကြာကြီးခင်မင်လာမှုအား ထောက်ထား၍ သူ့အား အစတွင် ကြမ်းကြမ်းတမ်းတမ်း မကိုင်တွယ်ခဲ့ပေ။ ထိုအရာက မမျှော်လင့်စွာဘဲ လုဟယ်နျန်အား မကြားစေလိုသည့် စကားများ ကြားအောင် လုပ်ပေးသလိုဖြစ်သွားသည်။
ငါ ဘာလုပ်ရမလဲ…
ယွင်ရုန်က လုဟယ်နျန်အား ရတက်မအေးစွာဖြင့် ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကို ကိုက်၍ သတိကြီးစွာထားကာ ပြောလိုက်သည်။
“ဒုတိယအစ်ကို… ကျွန်မ တမင်သက်သက် မပြောဘဲထားတာမဟုတ်ပါဘူး… အစ်ကိုလန့်သွားမှာစိုးလို့ပါ…”
စိတ်ရှုပ်နေသည့် ကောင်မလေးအား ကြည့်ကာ လုဟယ်နျန်မှာ ရုတ်တရက် သူမကို စနောက်ချင်လာသည်။ သူက မျက်နှာကို တည်၍ ပြောလိုက်သည်။
“ကိုယ့်ကို သဘောထားကြီးတယ်လို့် ထင်နေတာလား…. ဟိုတစ်ခေါက် ရုံးက လူတစ်ယောက်က အမှန်တိုင်းမပြောလို့ အလုပ်ထုတ်ခံလိုက်ရတာ မှတ်မိလား…”
ယွင်ရုန်မှာ သူမအလုပ်ထုတ်ခံနိုင်ရသည်ဟု ကြားသောအခါ သွေးပျက်သွားသည်။ ကျန်းယန် သူမအားပေးသည့် သန်း ၂၀ ကို ထည့်ပေါင်းပါက လက်ရှိ သူမတွင် သန်း ၄၀ ကျော်ရှိနေပြီဖြစ်သည်။ တန့်ချိုးတောင်အား ပြန်ဝယ်နိုင်ရန် သူမ၏ ပန်းတိုင်အားရောက်ရန် အနည်းငယ်လိုနေသေးသည့် အချိန်တွင် သူမအလုပ်ပြုတ်၍ မဖြစ်ချေ။
ထို့အပြင် သူမဆုံးရှုံးရမည်မှာ လစာ ယွမ် ၃၀၀၀၀၀ တင်မကချေ။ ဒါရိုက်တာအတွက် တစ်လတစ်ခါ ဆွဲပေးရမည့် လက်ဖွဲ့အတွက် ယွမ် ၃၀၀၀၀၀ ပင်ပါသေးသည်။ တစ်နှစ်ဆိုလျှင် သူမ ယွမ် ၄ သန်းနီးပါးရနိုင်သည်ဖြစ်ရာ ဤအလုပ်သာမရှိလျှင် သူမ တစ်နှစ်လျှင် ယွမ် ၄ သန်း မည်သည့်နေရာမှ ရှာနိုင်မည်နည်း။
ထိုသို့စဉ်းစားမိသောအခါ ယွင်ရုန်က စိတ်ပူစွာနှင့် လုဟယ်နျန်၏ လက်မောင်းအား ဆွဲ၍ပြောလိုက်သည်။
“ဒုတိယအစ်ကို… ကျွန်မအခုအကုန်လုံးရှင်းပြပါ့မယ်… အဲဒီလိုဆို ရမလားဟင်…”
ကောင်မလေးအနားကို ကပ်လာသည်နှင့် ပန်းရနံ့သင်းသင်းက သူ့အား ချက်ချင်းပင် တိုက်ခိုက်လေသည်။ လုဟယ်နျန်မှာ နေရာမှ မလှုပ်ရဲချေ။ သူက သူ့လက်မောင်းအားဆွဲထားသည့် ယွင်ရုန်၏ လက်သေးသေးလေးများကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ မည်းနက်သွားပြီး သဘောတူသည့်အနေနှင့် အင့် ကနဲ့ အသံတစ်ချက်ထွက်လာ၏။
ဒုတိယအစ်ကိုကတော့ စိတ်တိုပြီး ငါ့ကို စကားတောင် မပြောချင်တော့ဘူးနဲ့ တူတယ်….
အခြားလူသားများ စိတ်ဆိုးပါက ယွင်ရုန်မှာ စိုးစဉ်မျှပင် ဂရုစိုက်မည်မဟုတ်ပေ။ သူမက တောင်စောင့်နတ်ဖြစ်ကာ သေးငယ်သော လူသားများကြောင့် သူမ ခေါင်းမစားလိုပေ။ သို့သော်လည်း လုဟယ်နျန်စိတ်ဆိုးသည်ကို မြင်သည့်အခါတိုင်း သူမ စိတ်ပူပန်ကာ သူ့အား စိတ်မဆိုးစေလိုပေ။
“တကယ်တော့ ကျွန်မက လူသားမဟုတ်ဘူး…”
နှလုံးသားက တင်းကြပ်စွာဖြင့် ယွင်ရုန်မှာ သူ့လက်မောင်းအား ပို၍တင်းကြပ်စွာပင် ဆုပ်ကိုင်မိလေသည်။
“ကျွန်မက တောင်မိစ္ဆာပါ… အစ်ကိုတို့ လူသားတွေကတော့ တခြားနာမည်နဲ့ ခေါ်ကြတယ်လေ… တောင်စောင့်နတ်ဆိုတာ…. ဟယ်ပေါ်လိုပဲ… ကျွန်မကလည်း လူသားတွေရဲ့ ပူဇော်ပသမှုကြောင့် ဖြစ်လာတာပါ…”
ကောင်မလေးက တကယ်ပဲ နတ်ဘုရားမလေးပဲ….
လုဟယ်နျန်က မေးလိုက်သည်။
“ဘာလို့ လူသားတွေရဲ့ နတ်ဘုရားလဲ… ဟိုလို နတ်ဘုရားမျိုးမဟုတ်ဘူးလား….”
“လူသားမျက်လုံးနဲ့တော့ ကျွန်မက နတ်ဘုရားပဲပေါ့… ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး…. အခု ကောင်ကင်းဘုံဥပဒေက ပြိုလဲသွားပြီမို့… လောကမှာ တကယ့်နတ်ဘုရားဆိုတာ မရှိတော့ဘူး…”
လုဟယ်နျန် ဘာမေးမည်ကို သိနေသည့်အလျောက် သူမသည်လည်း အကုန်ပြောပြပြီးဖြစ်နေရာ ထိမ်ချန်ထားစရာမလိုတော့ပေ။ သူမက ခေါင်းကို ညိတ်ကာ ဆက်ပြောသည်။
“ကျွန်မရဲ့ အဆင့်တက်မှုက လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကြောင့် ဖြစ်လာတာ… အဲဒါကြောင့် ကျွန်မက တကယ့်နတ်ဘုရားမဟုတ်ဘူး….”
ဤအရာမှာ အင်တာနက်ပေါ်ရှိ အချက်အလက်အားလုံး စုစည်ထားသည်ထက် ပို၍ အသေးစိတ်ကျပေသည်။ အင်တာနက်ပေါ်ရှိ အချက်အလက်များမှာ အများဆုံးအနေဖြင့် တောင်မိစ္ဆာအား တောင်ပေါ်ရှိ ထူးဆန်းသော ဖြစ်တည်မှုအဖြစ်သာ ဖော်ပြထားလေသည်။ တကယ်တမ်းမူ တောင်စောင့်နတ်ဟု လူသားများ ခေါ်သည်နှင့် အတူတူပင်ဖြစ်လေသည်။ ကောင်မလေးမှာ အခြား မကောင်းဆိုးဝါးမျိုးနွယ်ဝင်မဟုတ်သည့်အတွက် လုဟယ်နျန်မှာ စိတ်ချလက်ချဖြင့် သက်ပြင်းချလိုက်လေသည်။
ခေတ္တမျှစဉ်းစားပြီးသောအခါ လုဟယ်နျန်က ထပ်၍ပြောလိုက်သည်။
“မင်းက တောင်စောင့်နတ်ဆိုတော့ ဘယ်တောင်ကို ပိုင်တာလဲ….”
“ကျွန်မက တန့်ချိုးတောင်က တောင်စောင့်နတ်ပါ….”
ယွင်ရုန်အမှန်တိုင်းပြောလိုက်သည်။
“ဒုတိယအစ်ကို… ကျွန်မပြောသမျှက အမှန်တွေပါ…”
တန့်ချိုးတောင်….
ထိုနာမည်ကိုကြားသောအခါ လုဟယ်နျန်မှာ အံ့အားသင့်သွားသည်။
အဲဒီတောင်က ဟိုတလောကမှ ငါ ခရီးသွားလုပ်ငန်းဖွင့်ဖို့ အတွက် ဖြိုချဖို့ စာချုပ်ချုပ်လိုက်တဲ့ တောင်မဟုတ်ဘူးလား…. ဒီလို တိုက်ဆိုင်မှုမျိုးလည်း ရှိသေးတယ်လား….
လုဟယ်နျန်စကားဆက်မပြောသည်ကို မြင်ရသောအခါ ပျောက်သွားသော ယွင်ရုန်၏ စိတ်ပူမှုမှာ တစ်ဖန်ပြန်ရောက်လာ၏။ သူမက ချက်ချင်းပြောလိုက်သည်။
“ဒုတိယအစ်ကို …. ကျွန်မပြောလို့ရသမျှ အကုန်ပြောပြီးပြီနော်… အလုပ်မဖြုတ်ပါနဲ့နော်… ကျွန်မနေ့တိုင်း အလုပ်ကြိုးစားပြီး အစ်ကို့အတွက် ချမ်းသာမှုနဲ့ မက်မွန်ပန်းတွေလည်း ဖမ်းပေးပါမယ်… အစ်ကို့ရုံးမှာက အဆင်ပြေတဲ့ မိန်းကလေးဝန်ထမ်းမရှိနေလို့ပါ…. အာ့ကြောင့် လောလောဆယ် ဘာရလဒ်မှ မမြင်ရသေးတာပါ….”
ယွင်ရုန်က ဤစကားများအား ရှေ့နောက်မစဉ်းစားဘဲ သူမ စိတ်ထဲရှိရာအားလုံးကို ပြောချလိုက်ခြင်းဖြစ်သည်။
“မက်မွန်ပန်းတွေ ဖမ်းမယ်…”
လုဟယ်နျန်က မျက်ခုံးများကို ပင့်ကာ စိတ်ဆိုးရမည်လား ရယ်ရမည်လား ဝေခွဲမရတော့ချေ။ ကောင်မလေးမှာ ယခုအချိန်ထိ သူမလက်များနှင့် သူ့အတွက် မက်မွန်ပန်းများအား လက်ခံနေဆဲဖြစ်သည်။ မဒမ်ကျန်းရှုဟွား ဒီရက်ပိုင်း သူ့အတွက် ဘလိုင်းဒိတ်များ ဆက်တိုက်စီစဉ်နေခြင်းအား သူ မအံ့ဩတော့ပေ။
ဒီတော့ အဲဒါ မင်းလေးရဲ့ လက်ချက်ပေါ့လေ….
⛰️