Chapter 64
Viewers 5k

⛰️Chapter 64

 တောင်မိစ္ဆာ




ယွင်ရုန်မှာ လုဟယ်နျန်က အန္တာရာယ်ရှိသည့်အပြုံးဖြင့် ပြုံးနေသည်ကို မြင်ရသောအခါ အလိုလျောက် လည်ပင်းလေးပုသွားသည်။ ပြီးမှာသာ သူမစကားပြောနိုင်လေသည်။


 ငါတော့ အကုန်ပြောမိကုန်ပြီဟေ့….


 “အဲဒါအရင်တုန်းကပါ ဒုတိယအစ်ကို…. ပြီးတော့ မက်မွန်ပန်းတွေ ထပ်မပေးဖို့ အစ်ကိုပြောတာနဲ့ မပေးတော့ဘူးလေ…. တကယ်တော့ ဒုတိယအစ်ကို ကျွန်မက အစ်ကို့ကောင်းကျိုးအတွက် လုပ်ပေးတာပါ… ကျန်းချောင်မင်ဆို ၂၇ နှစ်ပဲရှိသေးပေမဲ့ ကောင်မလေးရနေပြီ…. အစ်ကိုက အသက် ၃၀ ပြည့်တော့မှာပေမဲ့ ခုထိကောင်မလေးမရသေးဘူးလေ… အကုန်လုံးစိတ်ပူနေကြတာ…”


သူမ အကယ်ပင်စေတနာနှင့် လုပ်ပေးခြင်းဖြစ်သည်။ လူသားများမှာ ပုံမှန် ဤအသက်အရွယ်ရောက်လျှင် လက်ထပ်လေ့ရှိကြောင်း သူမသိထားသည်။ စောစောလက်ထပ်ပါက ကလေးမြန်မြန်ရနိုင်လေသည်။ သူမမှာ လစာအများကြီး ယူထားမိသောကြောင့် အပြစ်ရှိသလို ခံစားရကာ ပို၍လုပ်ပေးချင်စိတ်ဖြစ်ပေါ်နေ၏။


 “မင်းရော ကိုယ့်ကို စိတ်ပူနေတာလား…”

လုဟယ်နျန်မှာ ကောင်မလေးက သူ့အတွက်လုပ်ပေးနေသည် ဟူသော အတွေးအား တွေးမိပြီး နှလုံးသားတွင် အနည်းငယ် မွန်းကျပ်သွား၏။ သူက နှုတ်ခမ်းကိုကိုက််၍ အေးစက်စွာမေးလိုက်သည်။


သူမက နှလုံးသားတစ်ခုလုံးနှင့်ရင်းကာ ဂရုစိုက်တတ်သည့် အလုပ်သမားဖြစ်ကြောင်း ပြသလိုသည့်အနေဖြင့် ယွင်ရုန်က ချက်ချင်းပင် သူ့ရင်ဘက်ကို ပုတ်၍ ပြောလိုက်သည်။

 “ဒါပေါ့… ဒုတိယအစ်ကိုသာ လက်တွဲဖော်ကောင်းရခဲ့ရင် ကျွန်မက အရင်ဆုံးကောင်းချီးပေးပေးမှာ… ဒုတိယအစ်ကို စိတ်မပူနဲ့… ကျွန်မလို တောင်စောင့်နတ်ရဲ့ ကောင်းချီးဆိုတာက ၁၀၀ ရာခိုင်နှုန်း အကျိုးရှိတယ်… အစ်ကိုက သေချာပေါက် အဲဒီသူနဲ့အတူတူ အကြာကြီး ပျော်ပျော်ရွှင်ရွှင်နေသွားရမှာ…”


ကောင်မလေး၏ လေးနက်သော အမူအရာကို မြင်သောအခါ လုဟယ်နျန်မှာ သူမ၏ မျက်နှာအား မဖျစ်ဘဲ မနေနိုင်တော့ချေ။ ထို့နောက်သူက အံကိုကြိတ်ကာ ပြောလိုက်သည်။

 “ဒါဆို မင်းကို ကျေးဇူးတင်ရဦးမှာပေါ့လေ ဟမ်….”


 “မလိုပါဘူး မလိုပါဘူး… ဒါက ကျွန်မလုပ်ရမဲ့ကိစ္စပါပဲ…”

ယွင်ရုန်မှာ လုဟယ်နျန်၏ လက်အားဖယ်ရန် အားကုန်သုံးကာ ကြိုးစားနေလျက် စိတ်မချမ်းမြှေ့စွာပြောလိုက်သည်။

 “ဒုတိယအစ်ကို ကျွန်မက အဲဒီလို အလုပ်ကို ကျေပွန်အောင် လုပ်ပေးမှာမို့… ခုနကထိ အမှန်တိုင်းမပြောခဲ့ရင်တောင် အလုပ်မထုတ်ရဘူးနော်…”


လုဟယ်နျန်မှာ ဤကောင်မလေးအား ဒေါသထွက်မိသော်လည်း အဆုံးတွင် သူ၏လက်အား မကျေမနပ်ဖြင့် ပြန်ရုတ်လိုက်သည်။ အဲဒီအစား ကောင်မလေး၏ လက်အား ဆွဲ၍ ဆိုဖာပေါ်သို့ ဆွဲကာ ထိုင်စေလေသည်။ 

 “မင်းကို အလုပ်တော့မထုတ်ပါဘူး ဒါပေမဲ့ ကိုယ့်အတွက် မက်မွန်ပန်းဘာညာတွေ မရှာပါနဲ့လား….”


ယွင်ရုန်မှာ လုဟယ်နျန်၏ လေးနက်သော စကားအား ကြားကြားချင်းအံ့ဩသွားကာ ခေါင်းကိုညိတ်လိုက်လေသည်။

 “ဟုတ် နားလည်ပြီ…. ဒါဆို ချမ်းသာရေးပဲ လုပ်တော့မယ်လေ… အဲဒါလည်း သိပ်တော့မဆိုးပါဘူး…”


ယွင်ရုန်အလုပ်စဝင်သည့် အချိန်ကတည်းက ကုမ္ပဏီ၏ လုပ်ဆောင်မှုများမှာ အကယ်ပင် တိုးတက်လာသည်ကို လုဟယ်နျန်အမှတ်ရသွားသည်။ သူက ခေါင်းကိုညိတ်လျက် ပြန်ရောက်လျှင် သူမအား လစာတိုးပေးရမည်ဟု တွေးနေ၏။


သူမ၏ လစာကို တိုးပေးရန်တွေးလျက် လုဟယ်နျန် တစ်စုံတစ်ခုအား သတိရကာမေးလိုက်သည်။

 “မင်းက တောင်စောင့်နတ်ဆိုပြီး တောင်ပေါ်မှာမနေဘဲ အလုပ်ထွက်လုပ်နေတာ…. ဘာလို့လဲ… ဟိုတစ်ခါမေးတုန်းက ပိုက်ဆံလိုလို့ပဲ ဖြေတာရော…”


 “ကျွန်မတကယ်ပိုက်ဆံလိုနေတာပါ… ဒုတိယအစ်ကို ကျွန်မ လျှောက်ပြောတာမဟုတ်ဘူး…”


ယွင်ရုန်က သက်ပြင်းချလျက် ဆက်ပြောလေသည်။ 


 “ကျွန်မတောင်အောက်ကို ဆင်းလာတာ ပိုက်ဆံရှာဖို့ပါ… အစ်ကိုမသိဘူး… တန့်ချိုးတောင်ကို ခေါင်းဆောင်လုဆိုတဲ့ လူတစ်ယောက်က စာချုပ်ချုပ်ထားတယ်တဲ့… အဲဒီလူက လူဆိုးကြီး… သူက ဆောက်လုပ်ရေးနယ်မြေကိုလည်း အကျယ်ကြီးယူပြီးတော့… တောင်ပေါ်က သက်ရှိတွေအကုန်လုံးလည်း ပျက်စီးကုန်တယ်…. တော်သေးလို့ သုတေသနအဖွဲ့တစ်ဖွဲ့ရောက်လာပြီး ဆောက်လုပ်ရေးကို စစ်ဆေးနေတာ…. သူတို့ရှိနေတုန်းကျွန်မက တောင်အောက်ကို လာပြီး ပိုက်ဆံရှာနေတာ… အဲဒါမှ တန့်ချိုးတောင်စာချုပ်ကို ခေါင်းဆောင်လုဆီက ပြန်လုယူလို့ရမှာလေ….”


လုဟယ်နျန်၏ မျိုးရိုးအမည်မှာလည်း လု ဖြစ်သော်လည်း ယွင်ရုန်မှာ သူ့အား စိုးစဉ်းမျှပင် သံသယမဝင်ချေ။ အကြောင်းမှာ ဒါရိုက်တာက သူမအား အမြဲတစေ ကောင်းမွန်စွာ ပြောဆိုဆက်ဆံခြင်းကြောင့်ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လုဟယ်နျန်မှာ စိတ်ထားကောင်းသူဖြစ်ကြောင်း သိနိုင်လေသည်။ တန့်ချိုးတောင်အား စာချုပ်ချုပ်ထားသော ခေါင်းဆောင်လုမှာကား တောင်ပေါ်ရှိ သက်ရှိများ၏ သေရေးရှင်ရေးကိုပင် အနည်းငယ်မျှ ထည့်တွက်သူမဟုတ်ချေ။ ၎င်းမှာ လူကောင်း သေချာပေါက်မဟုတ်ပေ။ သူတို့နှစ်ယောက်မှာ မည်သို့မှ တစ်ယောက်တည်းမဟုတ်နိုင်ပေ။


ထိုအထိစဉ်းစားပြီးသောအခါ ယွင်ရုန်က ဆက်ပြောလိုက်သည်။


 “ဒုတိယအစ်ကို… အဲဒီလိုပြောမှ ခေါင်းဆောင်လုက အစ်ကိုနဲ့ မျိုးရိုးနာမည်တူတယ်ရော… သူ့ကို တစ်ချက်ရှာပေးနိုင်မလား…”


တန့်ချိုးတောင်အား စာချုပ်ချုပ်ထားသော ခေါင်းဆောင်လု ဟု ကြားကတည်းက လုဟယ်နျန်မှာ ရင်ထဲတင်းကျပ်သွား၏။ သူက မဲ့လိုက်သည်။ တန့်ချိုးတောင်တွင် လုပ်ငန်းများစသည့်အချိန်တုန်းက ချင်းဝမ်ထောင်အား တောင်ပေါ်ရှိအပင်များနှင့် သတ္တဝါလေးများအား မထိခိုက်ဘဲ လုပ်ရန်အထပ်ထပ်မှာခဲ့၏။ ယခုမူ ချင်းဝမ်ထောင်မှာ သူရှေ့တွင် သဘောတူခဲ့ပါသော်လည်း အလုပ်မြန်မြန်ပြီးချင်၍ နောက်ကွယ်တွင် တလွဲလုပ်နေကြောင်း သိလိုက်၏။


လုဟယ်နျန်မျက်လုံးကိုမှေးကာ ခန္ဓာကိုယ်မှ အေးစက်မှုများ ထွက်ပေါ်လာ၏။ သူအလုပ်အများကြီးစီစဉ်ပြီးနောက် သေချာမစီစစ်နိုင်သောအခါ ထိုကဲ့သို့ ကိစ္စများဖြစ်ပွါးလာသည်။ ယွင်ရုန်၏ စကားအရလည်း သူမမှာ ထိုခေါင်းဆောင်လုအား အနည်းငယ်မျှ ကျေနပ်ပုံမပေါ်ချေ။ သူသာ ခေါင်းဆောင်လုမှန်းသိသွားပါက နောက်ပိုင်း သူမအား မည်ကဲ့သို့ ပြန်ချော့ရမည်ကို သူမသိပေ။


ဒါ ချင်းဝမ်ထောင်ရဲ့ အပြစ်တွေပဲ…


 “ဒုတိယအစ်ကို ဘာဖြစ်လို့လဲ…”

လုဟယ်နျန်ထံမှ အချိန်အတော်ကြာသည်အထိ ပြန်ပြောသံမကြားရ၍ သူမအော်ခေါ်လိုက်သည်။


လုဟယ်နျန်မှာ တွေးနေရာမှ အသိဝင်လာပြီး သူ့စိတ်ထဲတွင် ချင်းဝမ်ထောင်အား အတေးအမှတ််ပြုလိုက်လေသည်။ သူက လျင်မြန်စွာပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ 


 “ဗိုက်ဆာပြီလား…. စားဖို့ တစ်ခုခုပြင်ပေးမယ်…”


 “ဒုတိယအစ်ကိုက ဟင်းချက်တတ်တယ်လား…”

ယွင်ရုန်သည်လည်း ချက်ချင်းပင် အာရုံလွှဲသွားကာ အံ့ဩစွာဖြင့် မေးလိုက်သည်။


ကောင်မလေး၏ မျက်လုံးဝိုင်းဝိုင်းအမူအရာလေးမှာ ချစ်ဖို့ကောင်းလွန်းလှသဖြင့် လုဟယ်နျန်မှာ ချက်ချင်းပြုံးသွားပြီး သူမခေါင်းအား ပွတ်ပေးလိုက်သည်။


 “လွယ်တဲ့ဟာလေးတွေပဲ ချက်နိုင်တာပါ… မင်း ၁၀ နာရီကျော်ကြာအောင်တောင် အိပ်ထားတာ ဗိုက်ဆာနေရောပေါ့… အစာကြေလွယ်မယ့်ဟာမျိုးလုပ်ပေးမယ်….”


ယွင်ရုန်မှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ အမှန်တွင် သူမ၏ အစာအိမ်မှာ ထိုမျှလောက် အားမနည်းပေ။ သူမစားချင်သည်က ကိတ်မုန့်တို့ ဟောပေါ့တို့ဖြစ်သည်။ သို့သော်လည်း ဒါရိုက်တာမှာ သူမ၏ ပုံစံအမှန်ကို သိသော်လည်း စိတ်ထဲရှိပုံမပေါ်ချေ။ သူ့အား သဘောမတူပါကလည်း အလုပ်ဖြစ်မည်မဟုတ်သည်ကို တွေးမိကာ ပြောလိုက်သည်။ 


 “အိုကေပါ… ကျွန်မ ကူပေးမယ်…”


 “မင်းက တီဗီပဲ သွားကြည့်နေပါ ဟုတ်ပြီလား…”


လုဟယ်နျန်က မတ်တပ်ရပ်ကာ မီးဖိုအတွင်းသို့ ဝင်သွားသည်။ ပုံမှန်တွင် ချက်ပြုတ်ပေးနေကျ အဒေါ်တစ်ဦးရှိသော်လည်း ယနေ့တွင် ယွင်ရုန်ရှိနေသောကြောင့် သူ့အား ဖုန်းဆက်၍ မလာရန် ပြောလိုက်ခြင်းဖြစ်သည်။


လုဟယ်နျန်မှာ နိုင်ငံခြားတွင် ပညာသင်နေစဉ်ကလည်း သူ၏ အစာကိုကိုယ်တိုင်ချက်စားခဲ့ရသည်။ လုမိသားစုတွင် ကြီးပြင်းရခြင်းမှာ အလွန်တင်းကြပ်လှသည်။ သူ၏ မိသားစုအခြေနေမှာ ဟိုင်းရှီမြို့တွင် အကောင်းဆုံးဟု ယူဆ၍ရသော်လည်း လုမိသားစု၏ ကလေးများမှာ တက္ကသိုလ်မှစ၍ သူတို့ဘာသာ လုပ်ကိုင်ကြရလေသည်။


ထို့အပြင် လုဟယ်နျန်မှာ သူစိမ်းများနှင့် အနီးကပ်နေရသည်ကို မကြိုက်ပေ။ ရလဒ်အနေဖြင့် အပြင်ထွက်မစားဖြစ်လျှင်ပင် ဟင်းချက်ပေးသည့် အဒေါ်အား မခေါ်ဖြစ်တော့ပေ။


ရေခဲသေတ္တာထဲမှ ပစ္စည်းများမှာ အမြဲတစေ လက်ဆက်သော ပစ္စည်းများနှင့် လဲလှယ်ထားလေ့ရှိသည်။ လုဟယ်နျန်က ခရမ်းသီးကြက်ဥမွှေကြော်၊ မျှစ်ကြော်၊ ငရုတ်ကောင်းမှုန့်အမဲသားနှင့် ဘူးသီးဝက်နံရိုးစွပ်ပြုတ်တို့ကို ပြင်ဆင်လိုက်သည်။ ဟင်းပွဲများအားလုံးမှာ စားချင်စဖွယ်ပင်ဖြစ်သည်။ 


အစားအစာများအား စားပွဲပေါ်တွင် ပြင်ဆင်ပြီးနောက် လုဟယ်နျန်က ခေါင်းထောင်၍ ရှာကြည့်လိုက်သောအခါ ကောင်မလေးမှာ ဆိုဖာပေါ်တွင် ခွေကာ တီဗီကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ ရှည်လျားနက်မှောင်နေသော ဆံနွယ်များမှာ ဆိုဖာပေါ်တွင် လျော့ရဲကျနေကာ သူမ၏ ပြည့်ဖောင်းနေသော မျက်နှာလေးအား ပိုထင်ရှားအောင်လုပ်ပေးနေသကဲ့သို့ ဖြစ်လေသည်။


ပုံမှန်တွင် ကောင်မလေးမှာ အခန်းအတွင်းတွင် တီဗီကြည့်လျက် ရယ်နေတတ်သည်။ ယနေ့တွင်မူ လုဟယ်နျန်ဟင်းချက်နေသည့် အချိန်အတောအတွင်း မည်သည့်အသံမှမကြားရချေ။ ထို့ကြောင့် သူက သွားကြည့်ရာ ကောင်မလေးမှာ သတင်းကြည့်နေပြီး သတင်းချန်နယ်မှ လူပျောက်မှုများ၏ တရားခံအား ဖမ်းဆီးရမိပြီးဖြစ်ကြောင်း ကြေညာနေသည်။


တရားခံကို ဘယ်မှာဖမ်းမိတာလဲ… တရားခံက မိုးကြိုးပစ်လို့သေသွားပြီဟာကို…


 “အဲဒါကြည့်မနေပါနဲ့… လာပြီးထမင်းစားတော့….”

လုဟယ်နျန်က တိုးတိတ်စွာပြောပြီး ကောင်မလေး၏ခေါင်းအား ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။


 “ဒုတိယအစ်ကို သူတို့ကလေးတွေ ပျောက်သွားကြတဲ့ မိသားစုတွေကို မြင်ရတာ ကျွန်မအရမ်းသနားတာပဲ…”


ယွင်ရုန်က မတ်တပ်ရပ်၍ သူမရင်ဘတ်ကိုထိကာ ထူးဆန်းသော ခံစားမှုအား ခံစားနေသည်။ ထိုကဲ့သို့သော ခံစားချက်မျိုး သူမမခံစားဖူးပေ။ သူကမ တောင်စောင့်နတ်ဖြစ်လေရာ ခံစားမှု ခုနှစ်မျိုးနှင့် လိုအင်ဆန္ဒ ခြောက်မျိုးလည်း မရှိပါချေ။


ကောင်မလေးမှာ အမြဲတစေ ကြင်နာတတ်သူသာ ဖြစ်ခဲ့သည်။


သူမအား ထမင်းပန်းကန်း ကမ်းပေးနေစဉ် လုဟယ်နျန်က ပြောလိုက်သည်။

 “မင်းစိတ်မကောင်းဘူးဆိုရင် သူတို့အတွက် တစ်ခုခုလုပ်ပေးလိုက်လေ… ရွှမ်းမန်အရဆိုရင် ဘာသာရေးဆိုင်ရာ ပွဲလိုမျိုးရှိတယ်မလား… အဲဒီလို သေသွားတဲ့ ဝိညဉ်တွေအတွက် နေစရာရှာပေးတာမျိုးလေ…”

ဤသည်မှာ သူ့အနေဖြင့် ပထမဆုံးအကြိမ် သိပ္ပံနည်းမကျစွာပြောခြင်းဖြစ်ပြီး အတော်ထူးဆန်းနေ၏။


 “သူတို့ကို ဟယ်ပေါ်စားလိုက်ပြီလေ.. ဝိညာဉ်တွေကိုတောင် အစားခံလိုက်ရတာ… အဲဒီအခမ်းအနားလုပ်ပေးဖို့က မဖြစ်နိုင်တော့ဘူး…”


ယွင်ရုန်က ပြန်ပြောလေသည်။ လုဟယ်နျန်က အားစိုက်ထုတ်၍ သူမအား နှစ်သိမ့်ပေးနေသည်ကို သိသည့်အခါ ယွင်ရုန်မှာ မပြုံးဘဲမနေနိုင်တော့ဘဲ ပြောလိုက်သည်။


 “ဒုတိယအစ်ကို… မပူပါနဲံ… တကယ်တော့ ကျွန်မ သူတို့ကို သနားတာမဟုတ်ဘူး… သူတို့ရဲ့ ဘဝကံကြမ္မာကို ကျွန်မကြည့်ပြီးပြီ… သူတို့အကုန်လုံး အသက်ရှည်ရှည်မနေကြရဘူး… ဒါကြောင့်မဟုတ်ရင်လည်း တစ်ခုခုသူတို့ဆီမှာ ဖြစ်လာမှာပဲ… သူတို့မိဘတွေက အရမ်းရိုးသားကြတယ်လို့ တွေးမိရုံပါပဲ…”


 “မင်းအဲဒီလိုတွေးတာကောင်းပါတယ်… မင်းလည်း အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီပဲ…”

လုဟယ်နျန်က ကောင်မလေး သူ့ဘာသာသဘောပေါက်နားလည်သည်ကို မြင်သောအခါ နှုတ်ခမ်းထောင့်လေးများ ကွေးရုံပြုံးလိုက်လေသည်။


ယွင်ရုန်မှာ လုဟယ်နျန်၏အပြုံးအား မြင်သောအခါ အံ့ဩသွားကာ ပြောလိုက်လေသည်။

 “ဒုတိယအစ်ကို…. ကျွန်မ အစ်ကို့ကို အိပ်မက်မက်တယ်….”


 “ကိုယ့်ကိုအိပ်မက်မက်တာ…”

လုဟယ်နျန်မှာ မနက်က ကောင်မလေး သူ၏ လက်မောင်းအား ဆွဲထားပြီး ပါးစပ်မှလည်း ‘အားဟယ်’ ဟုခေါ်ကာ ရှိုက်နေသည်ကို အမှတ်ရသွားသည်။ သူ၏ ရင်ဘတ်ထဲတွင် တင်းကြပ်သွားကာ မေးလိုက်သည်။

 “ကိုယ်က အိပ်မက်ထဲ ဘာလုပ်နေလို့လဲ…”


ယွင်ရုန်မှာ အနည်းငယ် ရှက်သွားကာ ခေါင်းလေးကိုပု၍ ပြောလိုက်သည်။

 “တကယ်တော့ ကျွန်မ ကောင်းကောင်းမမြင်ရဘူး… အရမ်းဝိုးတိုးဝါးတားဖြစ်နေတာ… ဒါပေမဲ့ အဲဒါက အစ်ကိုဆိုတာကို ကျွန်မ သိနေတယ်…”


ပြောပြီးသောအခါ သူမက ခိုင်မာစွာပြောလိုက်သည်။

 “ဒုတိယအစ်ကို… ကျွန်မအရင်က အိပ်မက်မမက်ဖူးဘူး… နောက်ဆို အိမ်ပြင်ထွက်ရင် သတိထားပြီးသွားနော်… ကောင်းတဲ့ အတိတ်နိမိတ်မဟုတ်သလိုခံစားနေရတာ…”


လုဟယ်နျန်မှာ ကောင်မလေးက လေးနက်စွာပြောနေသည်ကို မြင်ရသဖြင့် ရင်ထဲနွေးသွားသည်။

 “ဟုတ်ပြီ…”


တစ်နာရီကြာ ထမင်းစားပြီးသောအခါ ယွင်ရုန်မှာ ထမင်းသုံးပန်ကန်းပင် စားပြီးပြီဖြစ်လေသည်။ သူမကနှုတ်ခမ်းကို စေ့၍ စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်လေသည်။

 “ဒုတိယအစ်ကို… ဟင်းချက်တာအရမ်းတော်တာပဲ… ဆိုင်ကချက်တဲ့အရသာအတိုင်းပဲ…”


 “အဲဒီလိုဆိုရင်တောင် ဒီလောက်အများကြီး မစားသင့်ဘူးလေ… အများကြီးစားမိလို့ ဗိုက်နာသွားရင်ဘယ်လိုလုပ်မလဲ…”

လုဟယ်နျန်က ပြောလိုက်သည်။


ယွင်ရုန်က နားထောင်လျက် သူမဗိုက်အား ကိုင်ကြည့်လိုက်မိသည်။ သူမက ခေါင်းယမ်း၍ ပြန်ပြောသည်။

 “မနာပါဘူး… ထမင်းနောက်တစ်အိုးထပ်စားရင်တောင် ဘာမှမဖြစ်ဘူးရယ်…”


သူမ၏ ပုံစံအမှန်ကို လုဟယ်နျန်အား ချပြပြီးဖြစ်သဖြင့် အတော်ပင်ပေါ့ပါးနေသည်။ သူမက ရှက်ရွံ့စွာပြောလိုက်သည်။


 “အရင်တုန်းက အစ်ကိုနဲ့ အပြင်သွားတိုင်း ကျွန်မအများကြီးစားတတ်တာကို သိမှာစိုးလို့ အမြဲ ထိန်းပြီးစားခဲ့ရတာ ဒါပေမဲ့ အခုလည်း မ ဝ သေးဘူး…”


ဒါဆိုရင်တော့ မင်းကတော့ ဒုက္ခပဲ…


လုဟယ်နျန်မှာ အလိုလိုပြုံးမိသွားသည်။ သူမအား စတွေ့ကတည်းက အတော်စားနိုင်သည်ကို သတိပြုမိခဲ့သည်။ သူကြုံဖူးသော အမျိုးသမီးများမှာ သူစိမ်းမဆိုထားနှင့် ကျန်းရှုဟွားနှင့် လုဟွားနျန်ပင်လျှင် သူတို့၏ အစားအစာများအား တင်းကြပ်စွာစီမံထားကြသည်။ အချိန်နှင့် ပမာဏမှာ သေချာစီမံထားပြီး ဗိုက်ပြည့်သည်အထိစားတာမျိုး မရှိဖူးချေ။


လုဟယ်နျန်မှာ အစားစားခြင်းသည် ပျော်စရာတစ်မျိုးဖြစ်သည်ဟု သူ့ကိုယ်သူ နှစ်သိမ့်ရုံသာတတ်နိုင်လေသည်။ သူ၏ ကလေးမမှာ သာမန်ကလေးမလေး မဟုတ်ချေ။


ထိုသို့စဉ်းစားမိသောအခါ လုဟယ်နျန်ကပြောလိုက်သည်။


 “နောက်တစ်ခါကျရင် ကိုယ်တို့နှစ်ယောက်တည်း စားတိုင်း… မင်းစားချင်သလောက်စားနော်… ထိန်းစားဖို့မလိုဘူး… ဘာဖြစ်ဖြစ် မင်းဘာဆိုတာကို ကိုယ်သိနေပြီပဲ…”


 “ပိုက်ဆံတွေအများကြီးကုန်မှာပေါ့…”


ယွင်ရုန်မှာ သူမဝမ်းအား ပြည့်စေရုံဖြင့် ဒါရိုက်တာ ပိုက်ဆံအများကြီး သုံးရခြင်းမှာ မလိုအပ်သောအရာဟုတွေးမိလေသည်။


လုဟယ်နျန်က ကောင်မလေး၏ နဖူးအား ပုတ်လျက်ပြောလိုက်သည်။

 “မင်းက ကိုယ့်အလုပ်သမားပဲဟာ… ဒီလောက်ကတော့ သုံးနိုင်တာပေါ့…”


 “ဒုတိယအစ်ကို…. အရမ်းကောင်းတာပဲ…”

ယွင်ရုန်မှာ ချက်ချင်းပင်ပျော်ရွှင်သွားကာ ချိုချဉ်ရသွားသည့် ကလေးတစ်ဦးနှယ် လုဟယ်နျန်၏ လက်မောင်းအား ဆွဲကိုင်၍လှုပ်လိုက်လေသည်။




⛰️