⛰️Chapter 65
အတူတူအိပ်ကြတယ်။
ဝိဉာဉ်စွမ်းအင်အများအပြားသုံးစွဲမှုကြောင့် ယွင်ရုန်ကထမင်းစားပြီးသောအခါစတင်အိပ်ငိုက်လာသည်။လုဟယ်နျန်က သူမခေါင်းငိုက်စိုက်ကျနေသည်ကိုမြင်သောအခါ အိပ်ရာပေါ်တွင်တစ်ရေးအိပ်ရန်ခေါ်လိုက်သည်။
ယွင်ရုန်က အိပ်ငိုက်ပြေသွားပြီး လုဟယ်နျန်ကိုကြည့်လာသည်။သူ၏သွေးရောင်တောက်နေသည့်မျက်ဝန်းများကိုမြင်သောအခါ သူမကခေါင်းခါပြလိုက်သည်။
“ဒုတိယအစ်ကိုက အိပ်ရာပေါ်သွားအိပ်လိုက်ပါလား ကျွန်မကဆိုဖာပေါ်မှာဘဲအိပ်လိုက်မယ် မနေ့ညတုန်းကလည်းမအိပ်ထားဘူးမလား”
ထိုသို့ပြောရင်း ယွင်ရုန်ကအနည်းငယ်အားနာသွားသည်။သူမကဒါရိုက်တာ၏အိပ်ရာကိုလုထားသောကြောင့်သာ လုဟယ်နျန်ကတစ်ညလုံးမအိပ်ခဲ့ရခြင်းဖြစ်လိမ့်မည်။အခုလည်းအိပ်ရာပေါ်မှာဘယ်လိုများထပ်အိပ်ရဲဦးမှာလဲ။တကယ်တမ်းတွင်သူမလိုတောင်စောင့်နတ်တစ်ယောက်အတွက် ဘယ်နေရာမဆိုအဆင်ပြေ၏။
လုဟယ်နျန်က အဟုတ်ပင်တစ်ညလုံးမအိပ်ရသေးပေ။သူက ယွင်ရုန်၏အခြေအနေကိုစိတ်ပူသောကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင် သူမကသူ့လက်မောင်းကိုဆွဲယူလာ၏။အိပ်ဖို့မပြောနှင့် သူကလှုပ်တောင်မလှုပ်ရဲပေ။အခုထမင်းစားပြီးသောအခါ အိပ်ချင်စိတ်များဝင်လာပြီး တကယ်ကိုပင်ပန်းနေပေသည်။
သို့သော်သူကယွင်ရုန်၏နဖူးကိုတို့ကာ ပြောလိုက်သည်။
“အိပ်ရာကပိုပြီးသက်တောင့်သက်သာရှိတယ် ကိုယ်ဆိုဖာပေါ်မှာအိပ်လိုက်မယ် မင်းကကုတင်ပေါ်မှာသွားအိပ်”
လုဟယ်နျန်က ယွင်ရုန်အခန်းထဲဝင်သွားသည်ကိုကြည့်နေလိုက်သည်။သူကဆိုဖာပေါ်တွင်လှဲဖို့လုပ်လိုက်သည့်အချိန်တွင် ယွင်ရုန်ကအခန်းထဲမှပျော်ရွှင်စွာထွက်လာပြီးပြောလာ၏။
“ဒုတိယအစ်ကိုရဲ့ကုတင်ကအရမ်းကြီးတာဘဲ ကျွန်မအလယ်မှာစောင်ကိုထားလိုက်မယ်လေ ကုတင်ပေါ်မှာပဲတူတူအိပ်ကြရအောင်”
သူမကကုတင်ပေါ်၌အိပ်နေချိန်တွင် အိမ်ရှင်ကဆိုဖာပေါ်၌အိပ်နေရမည်ဖြစ်ရာ ယွင်ရုန်ကထိုသို့မလုပ်နိုင်ပေ။ထို့ကြောင့်ဤကိစ္စကိုဖြေရှင်းရန်အတွက် ဒီနည်းလမ်းကိုတွေးမိသွားခြင်းဖြစ်သည်။သူမမျက်လုံးထဲတွင် လူသားအမျိုးသားနှင့်အမျိုးသမီးကဘာကွာခြားချက်မှမရှိသဖြင့် ရှက်စရာအကြောင်းမရှိပေ။
“မင်းကကိုယ်နဲ့အတူအိပ်ချင်တာလား”
လုဟယ်နျန်က အံ့ဩသွားပြီးမယုံနိုင်စွာမေးလိုက်သည်။
“ဟုတ်တယ်လေ ဒုတိယအစ်ကိုစိတ်မပူပါနဲ့ ကျွန်မကအိပ်တာအရမ်းငြိမ်တယ် သေချာပေါက်ဒုတိယအစ်ကိုဆီတိုးမိမှာမဟုတ်ဘူး”
ယွင်ရုန်ကခေါင်းငြိမ့်ပြပြီး လုဟယ်နျန်ကိုဆွဲခေါ်လိုက်သည်။သူမကသန်းရင်းဆက်ပြောလာသည်။
“မြန်မြန်လာ ကျွန်မအရမ်းအိပ်ငိုက်နေပြီ”
သို့သော်လုဟယ်နျန်ကတော့ သူမဆီတိုးသွားမိမှာကိုကြောက်လေသည်။
လုဟယ်နျန်က အခန်းထဲသို့စိတ်လွင့်စွာဖြင့်ဆွဲခေါ်ခံသွားရသည်။သူ၏ကိုယ်ပိုင်အခန်းဖြစ်သော်လည်း အထဲတွင်ကြောက်စရာတစ်ခုခုရှိနေသလို သတိတကြီးဖြင့်ဝင်လာလေသည်။
ကုတင်နားသို့ရောက်သောအခါ သူကသေချာအောင်ထပ်မေးလိုက်သည်။
“မင်းတကယ်ဘဲ ကိုယ်နဲ့အတူအိပ်ချင်တာလား”
“တကယ်ပါဆို”
ယွင်ရုန်ကအိပ်ငိုက်လွန်းသဖြင့် မျက်လုံးတောင်မဖွင့်နိုင်တော့ပေ။သူမကအင်အားရှိသမျှဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး ချက်ချင်းပင်အိပ်ရာတစ်ဖက်ခြမ်းပေါ်သို့လှဲချလိုက်ကာ အခြားတစ်ဖက်ကိုပုတ်ပြလာသည်။
“ဒုတိယအစ်ကို လာအိပ်ဝောာ့လေ 。。。。”
ထိုသို့ပြောကာသူမကချက်ချင်းအိပ်ပျော်သွားသည်။ တစ်စက္ကန့်အတွင်းအိပ်ပျော်သည်ဟုဆိုသည့်စကားကို အပြည့်အဝဖော်ပြသွားခြင်းပင်။
ဒီလိုအနှောင့်အယှက်ပေးမှုကိုကြုံလိုက်ရသဖြင့် လုဟယ်နျန်၏အိပ်ချင်စိတ်များက လုံးဝပျောက်ကွယ်သွားလေသည်။အိပ်ရာတစ်ဖက်တွင်ကွေးနေသည့်ယွင်ရုန်ကိုကြည့်ကာ အဆုံးတွင်သူမက သူ့ကိုတစ်အိပ်ရာထဲတွင်အတူအိပ်ခိုင်းနေသည်ကိုတုံ့ပြန်နိုင်သွားသည်။
အိပ်ရာကတကယ်ပင်ကြီးမားကာ လူလေးငါးယောက်အထိဆန့်သော်လည်း ချစ်ရသောမိန်းကလေးနှင့်တစ်အိပ်ရာထဲတွင်အိပ်နေရသည့်အတွေးက မနက်ခင်းတုန်းကလည်ပင်းခြောက်ခြင်းကို တစ်ဖန်ပြန်မြင့်တက်လာစေသည်။
မိစ္ဆာရောနတ်ဘုရားပါအလုပ်လုပ်ကြပါ*
(Tn:鬼使神差guǐshǐshénchāi: မမျှော်လင့်ထားတဲ့သဘာဝလွန်ကိစ္စအတွက် အကူအညီတောင်းတာမျိုးပါ၊ ဒီမှာဆို အားတဲ့ဘုရားဆင်းကယ်ပါ ဆိုသလိုမျိုးပေါ့)
သူကသူမဘေးသို့ဖြေးဖြေးချင်းလျှောက်သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။သူမက သူ့ကိုအပြည့်အဝယုံကြည်ထားကာ သူမအိပ်နေသည့်ပုံစံက နည်းနည်းလေးတောင်စိုးရိမ်ပူပန်မှုရှိမနေပေ။သူက သူမနဖူးပေါ်မှဆံပင်စကိုဘေးသို့သပ်ပေးလိုက်သည်။သူမ၏မျက်လုံးလှလှလေးများကိုပါထိချင်မိသော်လည်း နယ်ကျော်နေသောသူ့လက်ကိုပြန်ထိန်းလိုက်သည်။
လုဟယ်နျန်က သူ့လက်ချောင်းများကိုဖယ်လိုက်ပြီး နူးညံ့စွာရယ်လိုက်မိသည်။သူ့မျက်နှာပေါ်တွင်ညင်သာသောအမူအရာတစ်ခုဖြစ်ပေါ်လာ၏။
“ဘာကိုမှနားမလည်သေးတဲ့ မိန်းမငယ်လေး”
ထိုသို့လုပ်ပြီးနောက် သူကအိပ်ရာတစ်ဖက်ခြမ်းသို့ထသွားကာ ဝင်လှဲလိုက်သည်။သူ့ကိုယ်သူအိပ်မပျော်နိုင်ဟုထင်ထားသော်လည်း ယွင်ရုန်၏အိပ်စက်မှုများကကူးစက်သွားလို့လားမသိ၊ ခနလောက်မျက်လုံးမှိတ်လိုက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားသည်။
လုဟယ်နျန်က ဖုန်းတုန်ခါသံကြားမှသာ အိပ်ရာနိုးသွားလေသည်။သူကမျက်လုံးဖွင့်ကာ ထတော့မည့်အချိန်တွင် သူ့ရင်ခွင်ထဲမှနူးညံ့သောအရာတစ်ခုကိုခံစားလိုက်ရသည်။
လုဟယ်နျန်ကချက်ချင်းပင် အိပ်ချင်ပြေသွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။သူငုံ့ကြည့်လိုက်သောအခါ ဘယ်အချိန်ကမှန်းမသိသူ့ဘက်သို့တိုးလာသည့်မိန်းကလေးကိုမြင်လိုက်ရသည်။သူမ၏လက်တစ်ဖက်က သူ့ခါးကိုဖက်ထားကာ ခြေထောက်တစ်ဖက်က သူ့တင်ပါးပေါ်ခွထားပြီး သူမပုံစံက ခြေကားယားလက်ကားယားဖြစ်နေလေသည်။
ကောင်းကောင်းအိပ်တတ်တယ်ဆိုတာက ဒီလိုမျိုးကိုပြောတာလား။
လုဟယ်နျန်က လက်ဆန့်ကာ ဖုန်းကိုလှမ်းယူရန်လုပ်လိုက်သည်။ဖုန်း၏တဒီးဒီးမြည်သံက သူ့ရင်ခွင်ထဲမှမိန်းကလေးအား မကျေမနပ်ဖြင့်လှုပ်ရှားသွားစေကာ သူမလက်က သူ့အင်္ကျီကြယ်သီးကိုအလိုလိုဆွဲလာလေသည်။
လုဟယ်နျန်က ထပ်မလှုပ်ရဲတော့ပေ။
တိတ်ဆိတ်နေသောအခန်းထဲတွင် အာရုံငါးပါးကသိသာထင်ရှားစွာမြင့်တက်လာ၏။ဖုန်းမြည်သံမှလွဲလျှင် မိန်းမငယ်လေး၏နူးညံ့နွေးထွေးသည့်အထိအတွေ့က ငါးမြှားချိတ်တစ်ချောင်းလိုပင် လုဟယ်နျန်၏နှလုံးသားကိုချိတ်ဆွဲကာအပြင်ထွက်လာအောင်ပြုလုပ်နေ၏။
လုဟယ်နျန်ကအသက်ပြင်းပြင်းရှူလိုက်သည်။သူ့တစ်ကိုယ်လုံးပြေလျော့သွားသည့်အထိစောင့်ပြီးမှ ဖုန်းကိုလှမ်းယူကာ ပြတ်ပြတ်သားသားပင်ငြင်းဆိုသည့်ခလုတ်ကိုနှိပ်လိုက်သည်။
ချက်ချင်းပင်အခန်းထဲ၌တိတ်ဆိတ်သွားသည်။လုဟယ်နျန်ကဖြေးဖြေးချင်းပြန်လှဲလိုက်ကာ ယွင်ရုန်၏ကျောကိုပုတ်ရန်လုပ်လိုက်သည်။ထို့နောက်တွင်မှ သူကလက်ပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းထောင့်များကွေးတက်လာကာ နူးညံ့သောအပြုံးတစ်ခုကိုဖော်ပြလာလေသည်။
သို့သော်ဤနွေးထွေးသည့်မြင်ကွင်းက နှစ်စက္ကန့်လောက်သာခံလိုက်ကာ ဖုန်းထပ်မြည်လာသည်။လုဟယ်နျန်ကမျက်မှောင်ကြုတ်ပြီး ဖုန်းကိုကြည့်လိုက်ရာ ဝမ်ကျင်းခေါ်လာခြင်းဖြစ်၏။သူကစိတ်ရှုပ်သွားပြီး ခနလောက်တွေးလိုက်သော်လည်း အဆုံးတွင်ဖုန်းကိုင်လိုက်ဆဲဖြစ်သည်။
“ဘာဖြစ်လို့လဲ”
ဝမ်ကျင်းကစကားပြောတော့မည့်အချိန်တွင် လုဟယ်နျန်၏အသံကိုကြားလိုက်ရသောအခါ အလိုလိုရပ်လိုက်မိသည်။ဒါရိုက်တာရဲ့အသံကဘာလို့ထူးဆန်းနေတာလဲ။
သူကတမင်အသံတိုးပြီးပြောနေသလိုဘဲ။ပြီးတော့သူ့အသံထဲမှာဒေါသရိပ်နည်းနည်းလည်းပါနေတယ်။
သူကအချိန်မှားပြီး ခေါ်မိသွားတာလား။
“ဒါရိုက်တာ လိုက်လွင့်တဲ့ကိစ္စကိုကျွန်တော်ဖြေရှင်းပြီးပါပြီ မစ်ယွင်နဲ့ပတ်သတ်တဲ့ ဗီဒီယိုနဲ့မှတ်ချက်တွေအားလုံးကိုဖျက်လိုက်ပါတယ် အခုချိန်မှာအဲ့ဒီကိစ္စကကျွန်တော်တို့ထိန်းချုပ်မှုအောက်ရောက်နေပါပြီ”
ဝမ်ကျင်းကလည်း အလိုလိုအသံတိုးပြီးဖြေလိုက်သည်။
“ဒါရိုက်တာ လေးနာရီကျရင်အစည်းအဝေးတစ်ခုရှိပါတယ် အစည်းအဝေးတက်ရမယ့် ရှယ်ယာရှင်တွေအားလုံးရောက်နေပါပြီဗျ ဒါရိုက်တာကရုံးကိုဘယ်အချိန်ပြန်လာမှာလဲမသိဘူး”
လုဟယ်နျန်က ဝမ်ကျင်းသတိပေးလာမှသာ နေ့လယ်ခင်တွင်အတော်လေးအရေးကြီးသည့်အစည်းအဝေးတစ်ခုရှိကြောင်းသတိရလာသည်။သူကနှုတ်ခမ်းကိုစေ့လိုက်သည်။
“အစည်းအဝေးကို မနက်ဖြန်ရွှေ့လိုက်”
သူကယွင်ရုန်ကိုအိမ်တွင်တစ်ယောက်တည်းထားခဲ့ရန်စိတ်မချပေ။
ဝမ်ကျင်းကအခက်တွေ့သွားသည်။
“ဒါရိုက်တာ ရှယ်ယာရှင်တစ်ချို့ကအစည်းအဝေးတက်ဖို့ နိုင်ငံခြားကနေအလျင်စလိုလာခဲ့ကြတာပါ အစည်းအဝေးကိုရွှေ့လိုက်ရင် မကျေနပ်မှုတစ်ချို့ရှိလာနိုင်ပါတယ်”
သူကဆက်မေးလိုက်သည်။
“ဒါရိုက်တာက လုပ်စရာတစ်ခုခုရှိသေးလို့လားဗျ”
“ဒုတိယအစ်ကို。。 အရမ်းဆူညံတာဘဲ。。。。”
လုဟယ်နျန်ကပြန်ဖြေတော့မည့်အချိန်တွင် သူ့ဘေးမှမိန်းကလေး၏အိပ်ချင်မူးတူးအသံထွက်လာ၏။ချက်ချင်းပင်လုဟယ်နျန်၏ကိုယ်ကတောင့်တင်းသွားကာ ယွင်ရုန်၏မျက်လုံးကိုအုပ်ပေးပြီး နူးညံ့စွာချော့လိုက်သည်။
“ဘာမှမဟုတ်ပါဘူး ဆက်အိပ်နော်。。。。。”
မစ်ယွင်နဲ့ဒါရိုက်တာက အတူတူရှိနေတာလား။
ဖုန်းတစ်ဖက်မှဝမ်ကျင်းက ရုတ်ချည်းပင်မျက်လုံးပြူးလာကာ သူ့ကိုယ်သူနားကြားမှားသည်ဟုထင်သွားသည့်အချိန်တွင် ဒါရိုက်တာကတစ်စုံတစ်ခုအားဆက်အိပ်ဖို့ပြောနေသည့်အသံကိုကြားလိုက်ရသည်။
ဆက်အိပ်ရမှာလား။
ဒါရိုက်တာနဲ့မစ်ယွင်ကအတူတူအိပ်နေကြတာလား။
ဝမ်ကျင်းကသူ၏အတွေးကြောင့်အံ့ဩသွားကာ ဖုန်းပြုတ်ကျလုမတတ်ဖြစ်သွားသည်။
ခုနလေးတင် ဒါရိုက်တာကသူဖုန်းခေါ်တာကိုမကိုင်တာ မထူးဆန်းတော့ဘူး။ဒုတိယတစ်ခေါက်ခေါ်လိုက်တော့ သူ့လေသံထဲမှာ ဒေါသရိပ်တွေသန်းနေတယ်။ယောက်ျားတစ်ယောက်ကသူ့ကောင်မလေးနဲ့ အိပ်ရာပေါ်ရှိနေတဲ့အချိန်မှာ တစ်ဝက်တစ်ပျက်နဲ့ဖုန်းဖြေချင်ပါ့မလား။
ဒါရိုက်တာနေရာမှာသူဆိုရင်လည်း ဒေါသထွက်မိမှာဘဲ။
သွားပြီ သွားပြီ။
ဝမ်ကျင်းက သူ့ရာထူးကိုဆက်မထိန်းထားနိုင်တော့သလိုခံစားမိလာသည်။
ဝမ်ကျင်းက အံ့ဩမှုကြောင့်ဆွံ့အနေသည့်အချိန်တွင် ဖုန်းတစ်ဖက်မှလုဟယ်နျန်ကပြောလာသည်။
“အခုလေးနာရီရှိပြီ ရှယ်ယာရှင်တွေကို လေးနာရီဆယ်မိနစ်လောက်ကျရင် အွန်လိုင်းကနေအစည်းအဝေးတက်ဖို့အသိပေးလိုက်ပါ”
လုဟယ်နျန်က ခနလောက်ရပ်လိုက်ပြီးမှဆက်ပြောလာသည်။
“မင်းဟိုတယ်ကိုဖုန်းခေါ်ပြီး စားစရာတစ်ဝိုင်းစာကို ဆောင်းဦးမေပယ်ဗီလာကိုပို့ခိုင်းလိုက်。。。。”
ယွင်ရုန်က လုဟယ်နျန်စားစရာအကြောင်းပြောသည်ကို ဝေဝေဝါးဝါးဖြင့်ကြားသွားသောအခါ မျက်စိကိုမှေးပြီးပြောလာ၏။
“ကိတ်မုန့်လည်းစားချင်သေးတယ်。。。。”
“ဟုတ်ပါပြီ”
လုဟယ်နျန်ကအလိုလိုက်စွာပြန်ဖြေလိုက်ပြီးနောက် ဝမ်ကျင်းကိုဆက်ပြောလာသည်။
“အရင်တစ်ခါကိတ်ဆိုင်ကပဲ အရသာမတူတဲ့ကိတ်တွေကိုပြင်ထားခိုင်းလိုက်”
“ဟုတ် 。。。。ဟုတ်ကဲ့ပါ”
ဝမ်ကျင်းက အံ့ဩသွားပြီး ထစ်အစွာဖြင့်ပြန်ဖြေလိုက်ကာ နေ့တစ်ဝက်ကျော်သွားသည်အထိ အတွေးထဲကမထွက်နိုင်သေးပေ။
“မင်းဘာဖြစ်နေတာလဲ”
ကျန်းချုံမင်က ရုံးတွင်မရှိပေ။လီမင်းဟိုင်က စိတ်ညစ်စရာကောင်းလောက်အောင်အလုပ်များနေခဲ့ပြီး ရုံးခန်းထဲသို့ဝင်လာလာချင်းပင် ဖုန်းကိုကိုင်ကာ ကျောက်ရုပ်တစ်ရုပ်လိုရပ်နေသည့်ဝမ်ကျင်းကိုမြင်လိုက်ရသည်။
“ဒါရိုက်တာကဘာပြောလို့လဲ အဲ့လိုဆိုမှ ဒါရိုက်တာကဒီနေ့ဘာလို့အလုပ်မလာတာလဲ ပုံမှန်ဆိုသူကဘော့စ်ဆိုပေမယ့် ငါတို့ဝန်ထမ်းတွေနဲ့ယှဉ်ရင် အလုပ်မှာပိုပြီးအသေးစိတ်ကျသေးတယ် ဝန်ထမ်းတွေပြန်သွားရင်တောင်မှ သူကအချိန်ပိုဆင်းနေတုန်းဘဲလေ ”
“ဒါရိုက်တာ。。。ဒါရိုက်တာက လေးနာရီဆယ်မိနစ်ကြရင် အွန်လိုင်းကနေအစည်းအဝေးလုပ်မယ်တဲ့”
ဝမ်ကျင်းက လီမင်းဟိုင်အမေးကိုကြားမှ အတွေးနွံထဲမှထွက်လာသည်။
“အွန်လိုင်းအစည်းအဝေးဆိုလည်း အစည်းအဝေးပေါ့ မင်းကဘာလို့အရမ်းလန့်ဖျပ်နေတဲ့ပုံဖြစ်နေတာလဲ ဒါရိုက်တာကစိတ်အခြေအနေမကောင်းလို့လား”
“ငါမပြောတတ်ဘူး”
ဝမ်ကျင်းက တုန့်ဆိုင်းမှုကိုဖော်ပြလာသည်။နေ့တစ်ဝက်လောက်နီးပါးထိန်းချုပ်ထားပြီးနောက် အဆုံးတွင်သူကဘာမှထုတ်မပြောလိုက်ပေ။ဤအကြောင်းသာထွက်လာပါက ဒါရိုက်တာရုံးပြန်ရောက်သည်နှင့် သူ့ကိုအရင်ဆုံးအရေခွံနွှာမှာဖြစ်သည်။
မည်သို့ပင်ဆိုရလျှင် တကယ်ကိုမပြောနိုင်ပေ။ဒါရိုက်တာက ပုံမှန်ဆိုလျှင် ဘုန်းကြီးတစ်ပါးလိုကိုယ့်ကိုကိုစောင့်ထိန်းတတ်၏။မစ်ယွင်လိုမိန်းမငယ်လေးအပေါ်သို့လှုပ်ရှားလာသည်မှာ ရှင်းရှင်းဆိုရလျှင်。。。အံ့ဩစရာကောင်းလှသည်။
နှစ်သောင်းချီတစ်ကိုယ်တော်ခွေးဖြစ်နေသည့် ဝမ်ကျင်းကအနည်းငယ်မနာလိုဖြစ်လာလေသည်။
တစ်ဖက်တွင်ယွင်ရုန်က ကိတ်မုန့်စားချင်ကြောင်းပြောလိုက်ပြီးနောက် ရုတ်တရက်ပင်အိပ်မက်ထဲမှနိုးလာသည်။သူမကဆတ်ခနဲမျက်စိဖွင့်လိုက်သည်။
“ဒုတိယအစ်ကို အခုလေးတင်ဖုန်းပြောနေတာလား”
လုဟယ်နျန်က မိန်းမငယ်လေး၏ကြောင်တောင်တောင်ပုံစံလေးကိုကြည့်ပြီး အမ်းခနဲသာအသံပြုလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မတမင်လုပ်တာမဟုတ်ပါဘူး ကျွန်မက ဒုတိယအစ်ကို ကျွန်မကိုစကားပြောနေတယ်ထင်လို့ပါ”
ယွင်ရုန်ကချက်ချင်းအိပ်ချင်ပြေသွားကာ အိပ်ရာပေါ်မှဆတ်ခနဲကုန်းထလိုက်သည်။ထိုအချိန်မှသာ သူမခြေထောက်က လုဟယ်နျန်ကိုဖိခွထားသည်ကိုသိသွား၏။ယွင်ရုန်ကရုတ်တရက်ပင်စိတ်လှုပ်ရှားလာပြီး သူမမျက်နှာကနီရဲလာလေသည်။
သူမက အိပ်ရာတစ်ဖက်ရောက်သည်ထိ နောက်သို့ဆုတ်သွားလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မပြောတာကိုယုံရမယ်နော် ကျွန်မကတမင်ခွတာမဟုတ်ပါဘူး”
သူမက သူ့ကိုဒုတိယအကိုဟုခေါ်သော်လည်း အဆုံးတွင်သူကသူမ၏ဘော့စ်ဖြစ်နေဆဲပင်။ယွင်ရုန်က လုဟယ်နျန်ကိုအလွန်လေးစား၏။အခုတွင်သူမကဘော့စ်ပေါ်ကိုခွထားမိရာ ဘယ်လိုတောင်ရိုင်းစိုင်းလိုက်သလဲ။
လုဟယ်နျန်က သူ့ရင်ခွင်ထဲတွင်ရုတ်တရက်လစ်လှပ်သွားသဖြင့် မှင်သက်သွားသည်။သူကအိပ်ရာဘေးမှမျက်မှန်ကိုယူပြီး ပေါ့ပါးစွာပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး ဖုန်းခေါ်တဲ့သူကဝမ်ကျင်းလေ。。。。ပြီးတော့ မင်းလည်းကိုယ့်ကိုမဖိထားမိပါဘူး”
လုဟယ်နျန်ကသူမကိုအပြစ်မတင်သဖြင့် ယွင်ရုန်ကစိတ်အေးသွားသည်။သူမကဆက်မေးလိုက်သည်။
“ဒုတိယအစ်ကို အွန်လိုင်းအစည်းအဝေးလုပ်မလို့လား”
“အင်း ကိုယ်စာကြည့်ခန်းထဲမှာ အစည်းအဝေးသွားလုပ်လိုက်ဦးမယ် မင်းအိပ်ချင်သေးရင် နည်းနည်းလောက်ဆက်အိပ်လိုက်လေ”
နှစ်ယောက်လုံးအိပ်ရာနိုးနေပြီဖြစ်သဖြင့် လုဟယ်နျန်က ယွင်ရုန်နှင့်အိပ်ရာပေါ်တွင်အတူတူနေရန် ဆင်ခြေမရှိတော့ပေ။သူကမျက်မှန်တပ်ကာ သူ၏အမူအရာကိုဖုံးကွယ်လိုက်သည်။
“ကိုယ် ကိတ်မုန့်နဲ့ညစာမှာပြီးသွားပြီ မကြာဘူးရောက်လာတော့မှာ”
လုဟယ်နျန်က ထွက်သွားသည်ကိုကြည့်ပြီးနောက် ချက်ချင်းပင်ယွင်ရုန်ကပစ်လှဲလိုက်သည်။ဒါရိုက်တာ၏မျက်လုံးများကနီရဲနေသည်ကို သူမမြင်လိုက်သည်။သူမကသူ့အပေါ်တွင်ဖိထားသဖြင့် ကောင်းကောင်းမအိပ်နိုင်ခြင်းဖြစ်လောက်သည်။ယွင်ရုန်က အပြစ်ရှိစိတ်ဝင်လာလေသည်။သူမသာစောစောကတည်းကသိထားပါက ဆိုဖာပေါ်တွင်သာအိပ်လိုက်မိမှာဖြစ်သည်။
ဤအပြစ်ရှိစိတ်က ယွင်ရုန်က အလွန်အာရုံစူးစိုက်သွားစေ၏။သူမကဗီလာအတွင်းအပြင်ကိုသန့်ရှင်းရေးလုပ်ရုံသာမက ဥယျာဉ်ထဲမှပန်းပင်နှင့်သစ်ပင်များကိုလည်း ဝိဉာဉ်စွမ်းအင်အနည်းငယ်ပေးလိုက်သည်။ချက်ချင်းပင် ပတ်ဝန်းကျင်မှအပင်များက စိမ်းစိုလာပြီး အရွက်များက ဖယောင်းသားများလိုဖြစ်လာသည်။
လုဟယ်နျန်က စာကြည့်ခန်းထဲသို့ဝင်လာကာ သက်ပြင်းချလိုက်သည်။သူကကွန်ပျူတာကိုဖွင့်ကာ အစည်းအဝေးကိုစလိုက်၏။ဤအစည်းအဝေးက လုအုပ်စုမှအထွေထွေရှယ်ယာရှင်များ၏ပုံမှန်အစည်းအဝေးဖြစ်ကာ တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပသည်။ထို့ကြောင့်လုအုပ်စုမှရှယ်ယာရှင်အားလုံးတက်ရောက်ကြလေသည်။အစည်းအဝေးစသည်နှင့် လုဟယ်နျန်ကချက်ချင်းအာရုံစိုက်လိုက်ပြီး နည်းနည်းလေးတောင်ဖြစ်ကတတ်ဆန်းဖြစ်မနေပေ။
ရှယ်ယာရှင်များ၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားသည်။ဒီနေ့ဒါရိုက်တာရဲ့ပုံစံက သိပ်မဟုတ်သလိုဘဲ။ကုမ္ပဏီအခြေအနေမကောင်းလို့များလား။
ဘေးဘက်မှအစည်းအဝေးကိုမှတ်တမ်းယူနေသော ဝမ်ကျင်းက ရှယ်ယာရှင်များ၏သံသယကိုသတိပြုမိသွား၏။သူလည်း ရှူပ်ထွေးသည့်အမူအရာပြလာသည်။
ဒါရိုက်တာက ခင်ဗျားတို့ကိုမျက်နှာသာပေးနိုင်ပါ့မလား ခင်ဗျားတို့နဲ့တွေ့ရဖို့ ဒါရိုက်တာနဲ့မစ်ယွင်ကြားကဆက်ဆံရေးကနှောင့်ယှက်ခံလိုက်ရတယ်လေ။
နူးနူးညံ့ညံ့မွှေးကြိုင်တဲ့မိန်းကလေးတစ်ယောက်ကိုလွှတ်ပြီး လူအိုကြီးတစ်သိုက်နဲ့အစည်းအဝေးလုပ်နေရတယ်လို့။
ယွင်ရုန်က ထိုတာဝန်များကိုလုပ်ပြီးသောအခါ ဆယ်မိနစ်သာကုန်သေးသည်။သူမကတီဗီခနကြည့်လိုက်သော်လည်း ပျင်းလာ၏။သူမကဒါရိုက်တာ၏အိမ်တွင်ရောက်နေသဖြင့် ဟိုဟိုဒီဒီလျှောက်သွားလို့လည်းမကောင်းပေ။သူမကဖန်ခွက်တစ်ခွက်စီအကြည့်ရောက်သွားသည်။
ဒါရိုက်တာကအချိန်အကြာကြီးစကားပြောနေရတာ ရေဆာနေလောက်ပြီ။
ပုံမှန်ဆိုလျှင် ဝမ်ကျင်းတို့က ရုံးခန်းထဲသို့လက်ဖက်ရည်ပို့ပေးသည်ကို သူမမြင်ဖူး၏။အခုဝမ်ကျင်းမရှိရာ သူမကဒါရိုက်တာ၏အတွင်းရေးမှူးတစ်ယောက်အနေဖြင့် ဒီအတိုင်းလျစ်လျူမရှုလိုက်နိုင်ပေ။ထိုသို့တွေးပြီးနောက် ယွင်ရုန်ကလက်ဖက်ရည်တစ်ခွက်ထည့်လိုက်ကာ စာကြည့်ခန်းဆီသို့ဦးတည်သွားသည်။
ယွင်ရုန်က တံခါးခေါက်လိုက်ပြီးနောက် အထဲမှလုဟယ်နျန်၏ဝင်ခဲ့ပါဟူသောအသံကိုကြားလိုက်ရသည်။သူမက လက်ဖက်ရည်ခွက်ကိုကိုင်ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။
စာကြည့်ခန်းထဲတွင် လုဟယ်နျန်ကကွန်ပျူတာစခရင်ကိုကြည့်ပြီး အေးစက်စွာပြောလိုက်သည်။
“ခနလောက်စောင့်ပေးပါ”
ထို့နောက်သူက တံခါးဖွင့်ကာကုပ်ကုပ်ကုပ်ကုပ်ဖြင့်ဝင်လာသည့်မိန်းကလေးကိုလှည့်ကြည့်လိုက်သည်။
ယွင်ရုန်က စားပွဲအစွန်းတွင်လက်ဖက်ရည်ခွက်ကိုဂရုတစိုက်ချလိုက်ပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်။
“ဒုတိယအစ်ကို ကျွန်မကူညီပေးစရာရှိလား”
ပုံမှန်ဆိုလျှင်အစည်းအဝေးလုပ်ပါက ဝမ်ကျင်းမဟုတ်လျှင်ကျန်းချုံမင်က ဘေးတွင်ထိုင်ပြီးမှတ်တမ်းယူလေ့ရှိသည်ကို သူမမြင်ဖူး၏။ဒီနေ့တွင်သူမတစ်ယောက်သာရှိသဖြင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။
လုဟယ်နျန်က ကွန်ပျူတာကိုတစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် နူးညံ့စွာပြောလာသည်။
“မလိုပါဘူး ခနနေပြီးတော့မှာ ခနလောက်ထိုင်စောင့်နေနော်”
ယွင်ရုန်ကခေါင်းငြိမ့်ကာ ဘေးတွင်ထိုင်လိုက်ပြီး အချိန်မရွေးအလုပ်လုပ်ရန်အသင့်ဖြစ်နေသည့်ပုံပေါ်နေ၏။
ဒါရိုက်တာက သူမကိုတစ်ခုခုခိုင်းစရာရှိကောင်းရှိလာနိုင်တယ်၊လိုရမယ်ရပေါ့။
သူတို့နှစ်ယောက်ကအသံတိုးတိုးဖြင့်ပြောနေကြသော်လည်း အသံဖမ်းကိရိယာက အလွန်ကောင်းမွန်လေသည်။ထိုစကားဝိုင်းတိုလေးက ရှယ်ယာရှင်များ၏နားထဲသို့ ကြည်လင်စွာရောက်ရှိသွားလေသည်။
အခုလေးတင်မိန်းကလေးအသံကိုကြားလိုက်ရတာလား။
ဒါရိုက်တာရဲ့အိမ်မှာမိန်းမတစ်ယောက်ရှိနေတယ်။
⛰️