Chapter 66
Viewers 5k

⛰️Chapter 66

အတူတူအိပ်ကြတယ်။



ထိုသို့တွေးမိသွားသောအခါ ရှယ်ယာရှင်များအားလုံးကတုန်လှုပ်သွားသည်။လူတိုင်းက ဒါရိုက်တာ၏အချစ်ရေးကိစ္စကို တစ်ချိန်လုံးအာရုံစိုက်နေခဲ့ကြသည်ဟုဆိုနိုင်၏။ဒါရိုက်တာက မည်သည့်မှတ်တမ်းဆိုးမှမရှိသလို မကြာခင်တွင်အသက်သုံးဆယ်ပြည့်တော့မည်ဖြစ်သော်လည်း အခုချိန်ထိကောင်မလေးမရှိသေးပေ။၎င်းကလူတိုင်းကို အနည်းငယ်ပူပန်မိစေ၏။


အရင်တုန်းကဆိုလျှင် အိမ်တွင်သင့်တော်သည့်အသက်အရွယ်သမီးမိန်းကလေးရှိသည့် ရှယ်ယာရှင်တစ်ချို့က လုဟယ်နျန်နှင့်မိတ်ဆက်ပေးချင်ခဲ့ကြသည်။သို့သော်သူတို့ကတိုက်ရိုက်ပင်ငြင်းဆန်ခံခဲ့ရလေသည်။ဤသို့ဖြင့်အချိန်တစ်ခုကြာ‌လာသောအခါ လူတိုင်းက ဒါရိုက်တာ၏လိင်စိတ်ကိုင်းညွှတ်မှုတွင်ပြသနာတစ်ခုခုရှိနေနိုင်ကြောင်း တွေးလာမိခဲ့ကြသည်။

မမျှော်လင့်ထားစွာဖြင့် ယခုတွင်ဒါရိုက်တာက မိန်းကလေးတစ်ယောက်ကိုအိမ်၌ခေါ်ထားလေသည်။


ချက်ချင်းပင် ရှယ်ယာရှင်များ၏အကြည့်က စခရင်ကြီးပေါ်တွင်သာကပ်‌တွယ်နေပြီး သဲလွန်စတစ်ခုခုရနိုင်ရန် ဆုတောင်းနေကြ၏။သို့သော်သိပ်မကြာခင်မှာဘဲ လုဟယ်နျန်ကကွန်ပျူတာရှေ့၌ပြန်ထိုင်လာသည်။


လုဟယ်နျန်၏အကြည့်များက ရှယ်ယာရှင်တိုင်းကိုဖြတ်သွားသည်။ဒါဇင်ကျော်သည့်သူများက အလိုလိုလည်ပင်းကိုပုကာ စပ်စုလိုသည့်အမူအရာများကိုထိန်းသိမ်းလိုက်ကြသည်။သို့သော်သူတို့စိတ်ထဲတွင် တိတ်တဆိတ်ဆက်တွေးနေလေသည်။


ကျစ် ကျစ် ကျစ်။လက်စသတ်တော့ ဒါရိုက်တာက သာမာန်ယောက်ျားပါဘဲ။အပြင်ပန်းမှာအရမ်းလေးနက်နေပေမယ့် မိန်းမပျိုလေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ထားတယ်။


ဘေးတွင်ယွင်ရုန်ထိုင်နေသဖြင့် လုဟယ်နျန်၏မျက်နှာကပုံမှန်လိုလေးနက်‌ခက်ထန်နေတာမျိုးမရှိတော့ပေ။ထို့ကြောင့် ရှယ်ယာရှင်များက ပထမဆုံးအကြိမ်အဖြစ်‘လေပြေညှင်းနှင့်မိုးဖွဲလေးများ’ဟူသည့်ဆက်ဆံမှုကိုခံစားမိသွားကြလေသည်။အစည်းအဝေးတစ်လျှောက်လုံးတွင် စခရင်ပေါ်၌လုဟယ်နျန်၏မျက်နှာကိုပြထားလို့သာ၊ မဟုတ်ပါကလုအုပ်စု၏ခေါင်းဆောင်ကအစားထိုးခံလိုက်ရသည်ဟုသံသယဝင်မိမှာဖြစ်သည်။


ယွင်ရုန်က ခဏလောက်နားထောင်ပြီးနောက် ပျင်းလာသည်။သူမကစာကြည့်ခန်းတစ်ခုလုံးကိုဝေ့ကြည့်လိုက်ကာ အဆုံးတွင်လုဟယ်နျန်၏မျက်လုံးများအပေါ်အကြည့်ရောက်သွားသည်။လုဟယ်နျန်ဆီတွင် ဆွဲမက်ဖွယ်ကောင်းသည့်ဖီးနစ်မျက်ဝန်းအစုံရှိကာ ထိုမျက်ဝန်းများဖြင့်လူတစ်ယောက်ကိုစိတ်မဝင်စားသလိုကြည့်လိုက်ပါက အလွန်ပင်ခန့်ညားထည်ဝါလှသည်။သို့သော်သူပြုံးလိုက်သောအခါတွင်မူ ထိုမျက်ဝန်းများက အထူးတလည်ပင်နူးညံ့ညင်သာသွား၏။အောက်ခြေမရှိသည့်ရေကန်ကြီးတစ်ခုကိုကြည့်နေရသကဲ့သို့ပင်ဖြစ်သည်။


ယွင်ရုန်က လုဟယ်နျန်မျက်လုံးများကိုကြည့်ကာ ကြက်သေသေသွားပြီး ထိုမျက်ဝန်းများကိုသူမအရင်တုန်းကမြင်ဖူးခဲ့သလိုရင်းနှီးသည့်ခံစားချက်များဝင်လာသည်။သူမက မနေ့ညကအိပ်မက်ကိုပြန်တွေးကြည့်လိုက်ရာ လုဟယ်နျန်၏မျက်ဝန်းများကအိပ်မက်ထဲမှယောက်ျား၏မျက်ဝန်းနှင့်တူနေသည့်ပုံပေါ်နေပေသည်။


ယွင်ရုန်ကရင်ဘတ်ကိုဖိလိုက်ကာ မွန်းကြပ်သလိုခံစားမိလာသည်။သူမကတောင်မိစ္ဆာတစ်ယောက်ဖြစ်ကာ သူမမက်သောအိပ်မက်တိုင်းတွင် အကြောင်းအရာတစ်ခုခုရှိ၏။သို့သော်ဒီအိပ်မက်တွင်မူ ဘာအကြောင်းအရာကိုပြောပြချင်တာလဲသူမမသိပေ။


“ဘာဖြစ်လို့လဲ”

လုဟယ်နျန်က အစည်းအဝေးကိုအဆုံးသတ်တော့မည့်အချိန်တွင် ယွင်ရုန်ကမျက်မှောင်ကြုတ်ကာ ရင်ဘတ်ကိုဖိပြီးစိတ်လွင့်နေသည်ကိုမြင်သွားသည်။


ယွင်ရုန်က သတိပြန်ဝင်လာကာ အလိုလိုပြုံးပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ဒုတိယအစ်ကိုအစည်းအဝေးပြီးသွားပြီလား”


လုဟယ်နျန်ကလည်းသိပ်မတွေးနေတော့ဘဲ ယွင်ရုန်ပျင်းနေသောကြောင့်သာဖြစ်မည်ဟုယူဆလိုက်သည်။

ကံကောင်းစွာဖြင့် အစည်းအဝေးကလည်းပြီးနေပြီဖြစ်သည်။သူက အနှစ်ချုပ်လိုက်ပြီးနောက် စကားတစ်ခွန်းနှစ်ခွန်းပြောပြီးနောက် အဆုံးသတ်လိုက်ကာချက်ချင်းကင်မရာကိုပိတ်လိုက်သည်။


အစည်းအဝေးခန်းထဲတွင် လုဟယ်နျန်၏ပုံရိပ်မရှိတော့သောအခါ ဒါဇင်ကျော်သည့်ရှယ်ယာရှင်များကအချင်းချင်းကြည့်လိုက်မိကြသည်။သူတို့ကချက်ချင်းပင် ဗီဒီယိုထဲမှအသံပိုင်ရှင်မိန်းကလေးအကြောင်းသိနိုင်ရန်အတွက် ဝမ်ကျင်းနားကပ်သွားကြလေသည်။


ဝမ်ကျင်းက ယွင်ရုန်မှန်းသိပေသည်။သို့သော်သူရိုက်သတ်ခံလျှင်တောင်မှ ထုတ်ပြောမှာမဟုတ်ပေ။သူက‘ကျွန်တော်မသိပါဘူး’နှင့် ‘သိပ်မရှင်းဘူး’ဟူသောစကားများကိုသာပြောလိုက်သည်။


လုဟယ်နျန်အစည်းအဝေးလုပ်ပြီးသိပ်မကြာခင်မှာဘဲ ဝမ်ကျင်းမှာထားပေးသည့်စားစရာနှင့်ကိတ်မုန့်များရောက်လာသည်။ဆောင်းဦးမေပယ်ဗီလာက လုံခြုံရေးအလွန်တင်းကြပ်ကာ စားစရာပို့သူတောင်မှဝင်ခွင့်မရှိပေ။ထို့ကြောင့် ‌လုံ‌ခြုံရေး‌အစောင့်နှစ်ယောက်ဖြစ်သည့် ရှောင်လော့နှင့်ရှောင်ကျင်းကသာ စားစရာကိုလာပို့ကြသည်။


နောက်ဆုံးတွင်ယွင်ရုန်က သူမတစ်နေ့လုံးတွေးနေသည့်ကိတ်များကိုစားနိုင်တော့မည်ဖြစ်ရာ ချက်ချင်းပင်အိပ်မက်ကိစ္စကိုနောက်ပို့လိုက်ပြီး တံခါးဖွင့်ပေးရန်ပြေးထွက်သွားလိုက်သည်။


ရှောင်လော့က မနေ့ညကတည်းဒါရိုက်တာ မိန်းကလေးတစ်ယောက်ခေါ်လာသည်ကိုသိပြီးသားပင်။သို့သော်ရှောင်ကျင်းကမူ ဘာမှမသိသေးပေ။သူကတံခါးပွင့်လာပြီးနောက် ယွင်ရုန်ကိုမြင်လိုက်ရသောအခါအံ့ဩသွားသည်။ထို့နောက်ချက်ချင်းပင်သတိပြန်ကပ်ကာနှုတ်ဆက်လိုက်သည်။


“မင်္ဂလာပါ မဒမ် ကျွန်တော်စားစရာတွေလာပို့တာပါ”


ဒါရိုက်တာကမိန်းကလေးတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ဖို့မပြောနှင့် သူ့အနားတွင်မိန်းမအရိပ်အယောင်တောင်မှမတွေ့ရပေ။ဒီတစ်ခေါက်အိမ်ခေါ်လာသောသူမှာ သေချာပေါက်မဒမ်ဖြစ်လိမ့်မည်။ရှောင်ကျင်းက သူ့ကိုယ်သူလက်တွေ့ကျကျတွေးနိုင်သွားသည့်အတွက်ဂုဏ်ယူလိုက်မိသည်။


လုဟယ်နျန်က ရေသောက်နေတာဖြစ်သည်။ရှောင်ကျင်း၏စကားကိုကြားလိုက်ရသောအခါ သူ့ပါးစပ်ထဲမှရေကိုမှုတ်ထုတ်လုနီးပါးဖြစ်သွားပြီး သူ့နှုတ်ခမ်းများအလိုလိုကွေးညွှတ်သွားလေသည်။


“ကျွန်မက မဟုတ်。。。”


ယွင်ရုန်ကငြင်းရန်လုပ်လိုက်သည်။


“စားစရာတွေကို ဒီမှာဘဲထားခဲ့လိုက်ပါ”

သူ‌မမပြောရသေးခင်မှာဘဲ လုဟယ်နျန်က အရင်ပြောလာ၏။


“ဟုတ်ကဲ့ပါ ဒါရိုက်တာ”


ရှောင်လော့နှင့်ရှောင်ကျင်းက ‌ပြန်ဖြေကာ သယ်လာသည်များကိုချလိုက်ပြီး ချက်ချင်းထွက်သွားကြသည်။သူတို့ထွက်သွားသည်ကအလွန်မြန်သဖြင့် ယွင်ရုန်ကရှင်းပြချိန်တောင်မရလိုက်ပေ။


“ဒုတိယအစ်ကို အခုလေးတင် သူတို့က。。。”


လုဟယ်နျန်က ယွင်ရုန်၏ နားမလည်ဖြစ်နေသည့်ပုံစံကိုမြင်သောအခါ သူမပြောမည်ကိုညစ်ပတ်ပြီးကြားဖြတ်ပြောလိုက်သည့်အတွက် သူ့ကိုယ်သူအပြစ်တင်လိုက်မိသည်။သူကပြုံးကာပြောလာ၏။


“လာလေ အထဲဝင်ပြီး မင်းဒါတွေကိုကြိုက်ရဲ့လားကြည့်ပါဦး”


“ကျွန်မကအကုန်ကြိုက်တယ်”

ယွင်ရုန်ကချက်ချင်းပင် စိတ်လွင့်သွားပြီး ‌စားပွဲဆီသို့သွားကာ စားစရာဘူးများအားလုံးကို ဖွင့်ရန်ကူညီလိုက်သည်။


“ကိတ်မုန့်မစားခင် ညစာကိုအရင်စားရမယ်”

လုဟယ်နျန်က ယွင်ရုန်တစ်ယောက်ကိတ်မုန့်တစ်ခုကိုလက်လှမ်းနေသည်ကိုမြင်သောအခါ ကိတ်များကိုလှမ်းယူလိုက်သည်။


ယွင်ရုန်ကသက်ပြင်းချလိုက်ကာ ထိုသို့မလုပ်ချင်သော်လည်း ခေါင်းငြိမ့်ပြလိုက်လေသည်။

“ကောင်းပါပြီ”


ယွင်ရုန်၏ ဆူပုတ်နေသောပုံစံက ကလေးလေးလိုပင်ဖြစ်ကာ လုဟယ်နျန်၏ရင်ထဲတွင်နူးညံ့သွားလေသည်။သူက စားစရာကိုထုတ်ရင်းပြောလိုက်သည်။

“ညစာကိုအရင်စား ပြီးမှအချိုတည်း၊ အချိုပွဲတွေအများကြီးစားလိုက်ရင် ဗိုက်ထဲအဆင်ပြေမှာမဟုတ်ဘူး”


“ဒုတိယအစ်ကိုပုံစံကလေ သမီးဖြစ်သူကိုဆုံးမနေတဲ့အဖေလိုဘဲ ကျွန်မရဲ့အသက်က ဒုတိယအစ်ကိုထက်ကြီးပါတယ်နော် ဟုတ်ပြီလား”


ယွင်ရုန်က စိတ်မကျေမနပ်ဖြစ်သွားသည်။သူ့ကိုဒုတိယအစ်ကိုဟုခေါ်သည်မှာ လေးစားသမှုဖြင့်ဖြစ်သည်။တကယ်တမ်းတွင် လုဟယ်နျန်၏အသက်က သူမအသက်တစ်ပုံစာလောက်တောင်မရှိပေ။


လုဟယ်နျန်က သူမဒီလိုပြန်ပြောလာမည်ဟုမထင်ထားမိသဖြင့် အံ့ဩသွားသည်။သူကနှုတ်ခမ်းကိုစေ့ကာ မေးလိုက်သည်။


“ဒါဆိုရင် မင်းကအသက်ဘယ်လောက်ရှိပြီလဲ”


ယွင်ရုန်ကအဆုံးတွင် သူမဆီ၌လုဟယ်နျန်ထက်သာသည့်နေရာတစ်ခုရှိလာသဖြင့် မျက်နှာပေါ်၌ စိတ်ချမ်းသာ‌သည့်ပုံစံပေါ်လာသည်။သူမကရယ်ကာပြောလာသည်။


“ကျွန်မက အာ ကျွန်မကအသက်လေးထောင်ကျော်နေပြီ လူတစ်ယောက်ရဲ့အသက်နဲ့ရေတွက်ရမယ်ဆိုရင် ကျွန်မက ဒုတိယအစ်ကိုရဲ့ အဘွားရဲ့အမေအရွယ်လောက်ရှိတယ်”


“အဘွား၏အမေ”ဟူသောစကားလုံးကိုကြားလိုက်ရသောအခါ လုဟယ်နျန်၏လှုပ်ရှားနေသောလက်များက တန့်သွားသည်။သူကအံကြိတ်လိုက်ကာ မိန်းမပျိုနားကပ်လာပြီးပြုံးလိုက်သည်။


“ကိုယ့်ရဲ့အဘွားရဲ့အမေလား”


ယွင်ရုန်က အလိုလိုသိစိတ်ဖြင့် အန္တရာယ်တစ်ခုချဉ်းကပ်လာသည်ကိုခံစားမိသွားကာ သူမ‌လည်ပင်းနောက်ဘက်တွင်အေးစက်လာ၏။သူမကအလိုလိုပင်လည်ပင်းကိုကျုံ့ပြီး စိတ်လှုပ်ရှားစွာရယ်ပြလိုက်သည်။

“ဒုတိယအစ်ကို ကျွန်မကဒီအတိုင်းနောက်နေတာပါ အဲ့လို‌ဆိုလိုချင်တာမျိုးမဟုတ်ပါဘူး。。。”


လုဟယ်နျန်က သူမကြောက်နေသည့်ပုံစံကိုမြင်သောအခါ သူ၏အပြုံးကိုမထိန်းနိုင်တော့ဘဲ ချစ်လွန်းသည့်အပြုံးကိုပြုံးလိုက်မိသည်။သူက လက်ဆန့်ကာ သူမမျက်နှာကိုအသာညှစ်လိုက်သည်။

“ဘယ်သူကများ မင်းကိုကလေးမလေးပုံစံနေဖို့ပြောလို့လဲ တကယ်ကိုအများကြီးစားနေတာ”


လုဟယ်နျန်က ယွင်ရုန်နှင့်အလွန်နီးကပ်နေသဖြင့် သူမက သူ၏မျက်တောင်ထူထူများကိုတောင်ရှင်းလင်းစွာမြင်နေရသည်။အလှလေးက ပြုံးနေပြီး မျက်ဝန်းထဲတွင် ကြယ်စင်များနှင့်ပြည့်နေသကဲ့သို့ပင် တောင်တန်းနှင့်မြစ်ချောင်းများ၏အရောင်အသွေးကိုပျောက်ဆုံးသွားစေ၏။


ယွင်ရုန်က ကြောင်အစွာစိုက်ကြည့်နေမိကာ လုဟယ်နျန်၏မျက်နှာဆီကိုလက်ဆန့်ရင်း ရေရွတ်လိုက်သည်။


“ဒုတိယအစ်ကိုက တကယ်ကိုကြည့်ကောင်းတာဘဲ ”


ထိုသို့ပြောပြီးနောက် ထူးခြားသည့်ခံစားချက်တစ်ခုက သူမရင်ထဲတွင်ဖြစ်ပေါ်လာလေသည်။


ယွင်ရုန်ကျီစယ်သည်ကိုခံလိုက်ရသောအခါ လုဟယ်နျန်၏ကိုယ်ကချက်ချင်းတောင့်တင်းသွားလေသည်။သူကခနလောက်တိတ်သွားပြီးမှ အရေးမစိုက်သလိုပြောလိုက်သည်။


“ကိုယ့်ကိုဖားနေလို့အသုံးမဝင်ဘူး စားကြမယ်”


ယွင်ရုန်၏မျက်နှာတွင် အရေးနိမ့်‌သွားသောအမူအရာပေါ်လာသော်လည်း လိမ်လိမ်မာမာဖြင့်ပင် ညစာစားရန်ထိုင်လိုက်သည်။သူတို့နှစ်ယောက်လုံးကကိုယ့်အတွေးနှင့်ကိုယ်ဖြစ်နေကြသဖြင့် ညစာစားသောအခါအနည်းငယ်တိတ်ဆိတ်နေ၏။ညစာစားပြီးသောအခါ ယွင်ရုန်ကစိတ်မရှည်တော့ဘဲ ကိတ်မုန့်ဘူးကိုဖွင့်လိုက်သည်။


ယွင်ရုန်က ကိတ်မုန့်ကိုအရသာခံရင်းပြောလာသည်။

“ဒုတိယအစ်ကို စားပြီးရင်ကျွန်မပြန်တော့မယ် မဟုတ်ရင်ဒီနေ့ညလည်း ဒုတိယအစ်ကို ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူး”


သူမသာ လုဟယ်နျန်ကိုဆိုဖာပေါ်တွင်ထပ်အိပ်ခိုင်းရပါက တကယ်ကိုအားနာစရာဖြစ်တော့မှာပင်။သူတို့နှစ်ယောက်လုံးကုတင်ပေါ်တွင်အိပ်ရန်အတွက်ကိုမူ ယွင်ရုန်ကစိတ်မရှိပေ။သူမက သတိမထားမိဘဲ ဒါရိုက်တာအားထပ်ဖိထားမိမည်ကိုသာစိုးရိမ်နေခြင်းဖြစ်သည်။


လုဟယ်နျန်က ခနရပ်သွားကာပြန်ပြောလိုက်သည်။

“ဒီကနေဟိုတယ်ထိဆို တစ်နာရီလောက်သွားရမှာ မင်းကိုလိုက်ပို့ပြီး ဒီကိုပြန်လာဖို့ဆို သုံးနာရီလောက်ကြာလိမ့်မယ် ဒီမှာဘဲနောက်တစ်ညနေလိုက်တော့လေ ဟုတ်ပြီလား မနက်ဖြန်ကျမှ ကိုယ်မင်းကိုလိုက်ပို့ပေးမယ်”


ယွင်ရုန်က ထိုမျှလောက်ထိဝေးဝေးမတွေးမိကာ ဒါရိုက်တာကသူမကိုလိုက်ပို့ရန်အကြာကြီးကားမောင်းရပါက တကယ်ပင်အားနာမိမှာဖြစ်သည်။သူပြောသည်ကိုနားထောင်ပြီးသောအခါ သူမကခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီလေ ဒါဆိုလည်းဒီညတော့ ဆိုဖာပေါ်မှာကျွန်မအိပ်လိုက်မယ်。。。。”


“မင်းက စိတ်ဝိဉာဉ်စွမ်းအင်ကုန်နေတာမဟုတ်ဘူးလား ကောင်းကောင်းနားဖို့ကပိုအရေးကြီးတယ် ဆိုဖာပေါ်မှာအိပ်ရင်ကောင်းကောင်းနားနိုင်မယ်တဲ့လား”

လုဟယ်နျန်က ယွင်ရုန်ပြော၍မပြီးခင်မှာဘဲ ဖြတ်ပြောလိုက်သည်။


ဤစကားကမှန်တော့မှန်သည်။အိပ်ရာပေါ်တွင်အိပ်ရသည်က ပိုသက်တောင့်သက်သာရှိ၏။သူမကခေါင်းကုတ်ကာ မေးလိုက်သည်။

“ဒါဆို ဒုတိယအစ်ကိုကဘယ်မှာသွားအိပ်မှာလဲ”


“ကိုယ်ကမနက်ဖြန်ကျအလုပ်သွားရဦးမှာ အဲ့ဒါကြောင့်ကိုယ်လည်းကောင်းကောင်းနားဖို့လိုတယ်”

လုဟယ်နျန်က ယွင်ရုန်ဘေးတွင်ဝင်ထိုင်ပြီးအလွန်စိတ်အားထက်သန်စွာပြောလာသည်။

“ကိုယ်လည်း အိပ်ရာပေါ်မှာအိပ်မယ်”


ဒီ‌ဆွေးနွေးတာက ဘယ်လိုဖြစ်လို့အစကိုပြန်ရောက်သွားတာလဲ။ယွင်ရုန်က နားမလည်နိုင်စွာမေးလိုက်သည်။


“ကျွန်မအိပ်နေတုန်း ဒုတိယအစ်ကိုကိုထပ်ဖိမိရင်ဘယ်လိုလုပ်မလဲ”


“တကယ်တော့ ကိုယ်အိပ်တာကလည်းသိပ်မကောင်းဘူး ကိုယ်ကအိပ်ရင်ဟိုဟိုဒီဒီလိုက်ရွှေ့နေရော。。。”

လုဟယ်နျန်ကပြောနေရင်းဖြင့် သူ့မျက်ဝန်းများကလည်းပိုပိုနက်ရှိုင်းလာလေသည်။


“ဒီလိုဆို ကိုယ်‌တို့တွေ ဘယ်သူကဘယ်သူ့ကိုဖိမိတာလဲဆိုတာကို ‌ခွဲ‌စရာမလိုတော့ဘူးပေါ့ အဆင်ပြေလား”


ယွင်ရုန်က ထိုစကားသည်တစ်ခုခုထူးဆန်းနေသည်ဟုခံစားမိသော်လည်း ငြင်းရန်အကြောင်းရင်းရှာမတွေ့ပေ။ခနလောက်နေပြီးနောက် သူမကခေါင်းငြိမ့်ပြလိုက်သည်။


“အိုခေလေ”


ယွင်ရုန်မသိလိုက်သည်မှာ သူမမမြင်လိုက်သည့်နေရာတွင် လုဟယ်နျန်၏နားရွက်ဖျားများ လျို့ဝှက်စွာနီရဲလာခဲ့လေသည်။。。。


****


ကောင်းမင်က မနေ့ညတွင်အလွန်ကြောက်ခဲ့ရသဖြင့် နေမကောင်းဖြစ်လုနီးပါးဖြစ်သွားသည်။ပြန်ရောက်လာပြီးနောက် အိပ်ရာပေါ်တွင်နေ့တစ်ဝက်လောက်လှဲနေပြီးမှသာ နည်းနည်းစိတ်သက်သာလာလေသည်။သူတို့ပြန်လာပြီးနောက်တွင် မာရှောင်လီက ရုတ်တရက်ပင်အမှန်တရားဆီနိုးထလာသလိုမျိုး ချက်ချင်းပင်သူနှင့်လမ်းခွဲသွားသည်။


သူက မာရှောင်လီကိုမကြိုက်သော်လည်း ထိုမိန်းကလေး၏ချစ်ခင်ကြင်နာမှုများကိုမူနှစ်ခြိုက်မိသည်။ရုတ်တရက်ပင် သူ့ကောင်မလေးဆီမှအပစ်ခံလိုက်ရသဖြင့် သူပျော်နေမှသာထူးဆန်းလိမ့်မည်။သို့သော်ဒီတစ်ကြိမ်တွင် မာရှောင်လီကလုံးဝစိတ်ပိုင်းဖြတ်ထားကာ သူမကိုလမ်းမခွဲပေးပါက သူလုပ်‌ခဲ့သောအရာများကို ဖော်ထုတ်ပစ်မည်ဟုခြိမ်းခြောက်လာလေသည်။ကောင်းမင်လည်း မတတ်နိုင်ဘဲလမ်းခွဲရန်သဘောတူလိုက်ရသည်။


ကောင်းမင်က မာရှောင်လီစွန့်ပစ်ခြင်းခံရသည့်အပြင် ခြိမ်းခြောက်ခံလိုက်ရ၏။သူက အခန်းထဲသို့ပြန်လာခဲ့ကာ ရင်ထဲတွင်မီးတောက်သလိုခံစားနေရသည်။ထို့နောက်တွင်မှာ ဖုန်းပြန်ယူလာဖို့မေ့သွားသဖြင့် ပိုလို့တောင်သုန်မှုန်သွားလေသည်။၎င်းကနောက်ဆုံးထွက်မော်ဒယ်ဖြစ်ကာ တစ်လပြည့်အောင်တောင်မသုံးရသေးပေ။


သို့သော်ကောင်းမင်က မနေ့ညမှတိုက်ရိုက်ထုတ်လွင့်မှုနှင့် ရခဲ့သောလက်ဆောင်(liveမှ)များကိုတွေးမိသွားသောအခါ တစ်ဖန်ပျော်ရွှင်လာပြန်သည်။


ဖုန်းကဘာအရေးလဲ၊ ရည်းစားကရောဘာမလို့လဲ။မနေ့ညကတိုက်ရိုက်ထုတ်လွင့်မှုနဲ့တင်သူက အနည်းဆုံးယွမ်တစ်သိန်းလောက်ရလောက်တယ်။


ထိုသို့တွေးမိသွားသောအခါ ကောင်းမင်ကဆတ်ခနဲထပြီး ပျော်ရွှင်မှုအပြည့်၊မျှော်လင့်ချက်အပြည့်ဖြင့် ကွန်ပျူတာကိုဖွင့်ကာ သူ၏တိုက်ရိုက်ထုတ်လွင့်ခန်းထဲဝင်ကြည့်လိုက်လေသည်။




⛰️