ဤနေ့က ပုံမှန်အတိုင်း ပူပြင်းလှသော နွေရာသီနေ့ရက်တစ်ရက်ဖြစ်လေသည်။
လမ်းဘေးတစ်ဖက်တစ်ချက်စီမှ အစိမ်းရောင်အပင်များကလည်း နွဲ့နှောင်းစွာဖြင့် လေယူရာယိမ်းနေကြသည်။ အင်းဆက်များ၏အော်သံကလည်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပင်။
ခြစ်ခြစ်တောက်ပူနေသည့် လမ်းမထက်တွင် ကားအကောင်းစားကြီးတစ်စီးက မော်တော်ဆိုင်ကယ်လေးဖြင့် တိုက်မိချိန်တွင် ထိုသို့သောအဖြစ်အပျက်ကို စိတ်ဝင်တစားစောင့်ကြည့်လိုသူအချို့က သစ်ပင်ရိပ်များနောက်တွင် ကွယ်နေကြသည်။ သူတို့က ထိုသစ်ပင်များအောက်မှ လုံးဝ မထွက်သွားကြပေ။ အကယ်၍ သူတို့၏ ဇနီး သို့မဟုတ် ခင်ပွန်းက ထွက်ပြေးသွားလျှင်ပင် အပြင်ဘက်ထွက်ပြီး လိုက်ခေါ်ကြမည် မဟုတ်ပေ။
မော်တော်ဆိုင်ကယ်မောင်းလာသူက ကားရှေ့မီးသီးကို ဝင်ဆောင့်မိပြီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရသည်။ ဆိုင်ကယ်နောက်ခုံပေါ်တင်လာသည့် အိတ်က ဇစ်ကွဲထွက်သွား၍ အထဲမှပစ္စည်းများ အပြင်ထွက်ကုန်ပြီး လမ်းပေါ်တွင် ပြန့်ကျဲကုန်သည်။
ကားပေါ်မှ အသံစွာစွာဖြင့် လူငယ်လေး ထွက်လာကာ လက်ပိုက်ထားပြီး မြေကြီးပေါ်မှ ပစ္စည်းများကို တစ်ခုချင်းလိုက်ကောက်နေသည့် လူငယ်လေးကို ငုံ့ကြည့်နေသည်။
" ဘရို... မင်း ငါ့ဆီက ငွေလိမ်ယူမလို့လား..."
သူက အေးအေးလူလူ ကားမောင်းနေစဉ်တွင် မော်တော်ဆိုင်ကယ်က အကြောင်းအရင်းမရှိပဲ လမ်းထောင့်မှ ရုတ်ချည်းထွက်ချလာပြီး သူ့ကားကို တည့်တိုး လာတိုက်ခြင်းဖြစ်သည်။
သူ့ စိတ်ထဲ တစ်ခုခု မှားနေတယ်လို့ မထင်ပဲ နေတော့မလား...
ကံကောင်းသည်မှာ သူက ပုံမှန်အတိုင်းကားမောင်းနေခြင်းဖြစ်ပြီး ကားပေါ်တွင်လည်း မှတ်တမ်းတင်သည့်ကိရိယာ တပ်ဆင်ထားသောကြောင့်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူ ထပ်မံအလိမ်ခံရနိုင်သည်။
" တောင်းပန်ပါတယ် ကျွန်တော် ဆိုင်ကယ်မောင်းနေရင်း အာရုံမစိုက်လိုက်မိလို့ပါ..."
လူငယ်လေးက ပြုတ်ကျသွားသည့်ပစ္စည်းများကိုပင် မကောက်နိုင်တော့ပဲ မတ်တပ်ပြန်ရပ်ပြီး ကားပေါ်မှလူကို တောင်းပန်နေသည်။
" ကျွန်တော် လုပ်ခဲ့မိတဲ့ကိစ္စအတွက် တာဝန်ပြန်ယူပါ့မယ်..."
ကားမောင်းလာသူက ထိုလူငယ်လေးကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
သူက နုနုနယ်နယ်လေးပါ ဒါပေမဲ့ ဒီအသက်အရွယ်ရောက်နေပြီကို အပေါက်တွေနဲ့ တီရှပ် ဝတ်နေတုန်းလား... ပြီးတော့ မြေကြီးပေါ်ပြုတ်ကျသွားတဲ့ဟာတွေက သစ်ပင်ပေါက်စလေးတွေနဲ့ ကျောက်ခဲတွေပါလား ရွှံ့တွေတောင် မြင်လိုက်သလိုပဲ...
ဒါတွေကို ရတနာလို သဘောထားတဲ့သူက စိတ်မှန်မယ်မထင်ဘူး...
" ငါ့ ကားရှေ့မီးသီးက ဘယ်လောက်တန်လဲရော သိရဲ့လား..."
သူ့ဘေးနားက ကျောက်ခဲလေးကို ကန်ကျောက်ပြီး ပြောလိုက်လေသည်။ ၎င်းက ထိုအိတ်ထဲမှ ထွက်လာပုံရသည်။
" ကျွန်တော်... ကျွန်တော် မသိဘူး..."
လူငယ်လေးက ကားရှေ့မီးသီးကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးမှ တွန့်ဆုတ်စွာပြောလိုက်သည်။
ကားမောင်းလာသူက သက်ပြင်းရှည်ကြီးချလိုက်ပြီး ဆင်းရဲသောသရဲလေးနှင့် တွက်ကပ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ စိတ်မရှည်လက်မရှည်ဖြင့် လက်ခါပြလိုက်သည်။
" သွားတော့ သွားတော့ သွားတော့... လျော်ကြေးပေးဖို့တောင် ငွေမရှိပဲနဲ့ အမြန်ထွက်မပြေးသေးပဲ ဘာလုပ်နေတာလဲ..."
" ကျွန်တော့်ကို လျော်ကြေးမပေးခိုင်းတော့ဘူးလား..."
လူငယ်လေးက ခေါင်းကုတ်နေသည်။ သူ့ကိုယ်ကိုငုံ့ပြီး လဲကျနေသည့်ဆိုင်ကယ်ကို ပြန်ထောင်လိုက်သည်။ ထို့နောက် ကွေးသွားသည့် ဆိုင်ကယ်ထိပ်ပိုင်းကို လက်ဖြင့် နှစ်ချက်ပုတ်လိုက်ရာ ချက်ချင်းပြန်တည့်သွားပေသည်။
ကားမောင်းလာသူက သူ၏ လက်မောင်းများနှင့် ခြေထောက်ကိုကြည့်ပြီးမှ တစ်ဖက်လူ၏ လက်မောင်းကိုကြည့်လိုက်သည်။ ခြေတံလက်တံများက တောင့်တောင့်တင်းတင်းမဟုတ်သော်လည်း အားရှိမည့်ပုံပေါ်၍ တံတွေးမျိုချပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ ကားလက်ကိုင်ကို အမှတ်တမဲ့ ပြန်ကိုင်ထားလိုက်မိသည်။
ဖာ့ခ်... ဒါက သူ့ကို အင်အားသုံးပြီး ခြိမ်းခြောက်နေတာမလား...
" မလိုဘူး... ဘာလျော်ကြေးမှ မပေးနဲ့ သွားတော့ သွားတော့..."
သူက ဉာဏ်ပညာရှိသူဖြစ်၍ မတိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
" အဲ့လိုဆိုရင်တော့ မကောင်းဘူးထင်တယ်..."
လူငယ်လေးက ဆိုင်ကယ်ကို တစ်ချက်ခါလိုက်သည်။ ဘန်းခနဲအသံဖြင့် ဆိုင်ကယ်အစိတ်အပိုင်းအချို့က ပြုတ်ထွက်ကုန်သည်။ သူ ဆိုင်ကယ်ကို ဘေးနားကပ်ပြီး ဒေါက်ထောက်ထားလိုက်ကာ သူ့အိတ်အဟောင်းလေးထဲတွင် ခဏတာ ရှာဖွေနေပြီးမှ တစ်ဖက်လူကို အမဲရောင်အရာတစ်ခု ပေးလိုက်သည်။
" တစ်ခုခုကို ဖျက်ဆီးမိသွားရင် လျော်ကြေးပေးသင့်တာပေါ့... ဒီရန်ယီအသားကိုစားရင် မကောင်းဆိုးဝါးဝိညာဉ်တွေက အနားမကပ်နိုင်ဘူး ညဘက်လည်း အေးအေးချမ်းချမ်းအိပ်လို့ရမယ်... ဒါကို လျော်ကြေးအဖြစ် ယူထားလိုက်နော်..."
တစ်ဖက်လူက စိတ်ထဲတွင် ဒေါသအမျက်ချောင်းချောင်းထွက်နေသော်လည်း ကျယ်ကျယ်မပြောရဲပေ။ ညှီစော်နံနေသည့်အရာကိုယူပြီး မနည်းဖျစ်ညှစ်ကာ ပြုံးပြလိုက်သည်။
အဲ့တော့ ဒီကောင်ကသူ့ကို အင်အားသုံးပြီး ခြိမ်းခြောက်ရုံတင် မကဘူး ဆေးအတုနဲ့ပါ လာလိမ်သေးတယ်ပေါ့... ဒီကောင် လူရောဟုတ်ရဲ့လား...
မဟုတ်ဘူး ဒီလိုဆေးအတုရောင်းတဲ့သူတွေက အစတည်းက လူစိတ်ရှိကြတာမှ မဟုတ်တာ... အသိစိတ်ရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့သူတွေက ဒီလိုမျိုးအလုပ် လုံးဝမလုပ်ဘူး...
ဆေးအတုရောင်းသည့်လူငယ်လေးက သူ့ဆိုင်ကယ်ဖြင့် ပြန်ထွက်သွားတော့မည့်အချိန်တွင် တစ်ဖက်လူက မနည်းသတ္တိမွေးပြီး မေးလိုက်သည်။
" မင်းရဲ့ အဲဒီဆိုင်ကယ်က မောင်းလို့ရောရရဲ့လား..."
အစုတ်ကြီးကိုမောင်းပြီး တမင်ဝင်တိုက်ပြီးရင် တခြားလူတွေကို လိုက်လိမ်နေလားမသိ...
ထိုစကားကိုမူ သူ့စိတ်ထဲတွင် ပြောလိုက်ခြင်းသာဖြစ်သည်။
" အဲ့လိုထပ်မဖြစ်တော့ပါဘူး... ကျွန်တော် ခုနတုန်းကဆိုင်ကယ်နဲ့ အသားမကျသေးလို့ဖြစ်တာ... ကိုယ့်အားကိုယ် သေချာမထိန်းလိုက်နိုင်ဘူးလေ..."
လူငယ်လေးက ပြောပြောဆိုဆိုဖြင့် သူ့ဆိုင်ကယ်ကို ဒယိမ်းဒယိုင်မောင်းပြီး ပြန်ထွက်သွားသည်။ မနီးမဝေးသို့ရောက်ချိန်တွင် ဆိုင်ကယ်ပေါ်မှ သတ္တု အပိုင်းအစတစ်ခု ထပ်မံပြုတ်ကျလာပြန်သည်။
ကားဘေးနားတွင်ရပ်နေသူမှာ ထိုဆိုင်ကယ် ခပ်လှမ်းလှမ်းသို့ရောက်သည်အထိ တအံ့တဩဖြင့် ကြည့်နေမိသည်။ ထို့နောက် ကားထဲတွင် ပြန်ဝင်ထိုင်လိုက်ပြီးနောက် အချိန်အတန်ကြာမှ အသိစိတ် ပြန်ဝင်လာသည်။
ယနေ့က သူ့အတွက် ပထမဆုံးအကြိမ် ပင်မလမ်းပေါ်တွင် ကားမောင်းဖူးခြင်းဖြစ်ပြီး ထိုဆိုင်ကယ်နှင့်တိုက်မိခြင်းဖြစ်သည်။
ဖူလီက စုတ်ပြတ်နေသည့် မော်တော်ဆိုင်ကယ်ကို လမ်းကြားလေးတစ်လျှောက် မောင်းလာသည်။ ဆိုင်ကယ်နှင့် စက်ဘီးများကို လမ်းကြားလေးထဲတွင် ရပ်ထား၍ မူလတည်းက မကျယ်ဝန်းသော လမ်းကြားလေးက ပိုကျဉ်းသွားပုံရသည်။ သူက ဆိုင်ကယ်ကို " သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးနှင့် အပန်းဖြေရေးကလပ် " ဟူသော သစ်သားဆိုင်းဘုတ်ရှေ့နားတွင် ရပ်လိုက်သည်။
ပျက်စီးနေသည့် သစ်သားတံခါးချပ်ပေါ်တွင် အနီရောင်ဆေးများက အစက်အပြောက်များပင် စွန်းထင်းနေသည်။ တံခါးပေါက်ရှိ မီးခိုးရောင်အုတ်ခုံလှေကားထစ်ကိုလည်း တံမြက်စည်းမလှည့်ထားသည်မှာ ကြာပြီဖြစ်၍ ဖုန်အလွှာကြီးတစ်ခု စုပုံနေသည်။
ဖူလီက ဆိုင်ကယ်ကို ဒေါက်ထောက်ထားလိုက်ပြီးနောက်တွင် သူ့ကိုယ်ပေါ်မှ ဖုန်များကိုပါ ခါလိုက်ပြီး အိတ်ကလေးကို ကျောပေါ်လွယ်ကာ ရှေ့တိုးလာပြီး တစ်ဝက်တစ်ပျက်ဖွင့်ထသည့် တံခါးကိုခေါက်လိုက်သည်။
တံခါးကိုသုံးကြိမ်ခေါက်ပြီး ခဏစောင့်နေသော်လည်း မတုံ့ပြန်သည့်အတွက် နောက်ထပ်သုံးခါ ထပ်ခေါက်လိုက်သည်။
အတော်အတန်ကြာမှသာ အရပ်ပုပု ဝဝဖိုင့်ဖိုင့်နှင့် လူအိုကြီးတစ်ယောက်က တံခါးလာဖွင့်သည်။ သူ ဝတ်ဆင်ထားသော အဖြူရောင်စွပ်ကျယ်က အကြိမ်ပေါင်းများစွာ လျှော်ဖွတ်ထားခြင်းကြောင့် ဝါကျင်ကျင်ဖြစ်နေပြီး သူ့လက်ထဲတွင်လည်း ယပ်တောင်ကြီးတစ်ချောင်း ကိုင်ထားသည်။ သူက ဖူလီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တဖြည်းဖြည်းပြောလိုက်သည်။
" မင်္ဂလာပါ စီနီယာ...ကျွန်တော့်နာမည် ဖူလီလို့ခေါ်ပါတယ်.."
လူအိုကြီးက သူကိုင်ထားသော ယပ်တောင်ကြီးကို စိုက်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" မင်းနာမည်ပါတယ်... အထဲဝင်လာပြီး မှတ်ပုံတင်လေ..."
သူ ခြံဝင်းငယ်လေးထဲ ဝင်လာသည်။ အထဲတွင် မာကျောက်စားပွဲနှစ်လုံး ထားထားသည်။ သက်ကြီးပိုင်းအရွယ် အမျိုးသား အမျိုးသမီးကြီးများက ယခုချိန်၌ မာကျောက်ကစားနေကြသည်။ ဖူလီဝင်လာသည်ကို တစ်ယောက်မှ မော့မကြည့်ကြပေ။ ဖူလီသည် ဝဝဖိုင့်ဖိုင့် လူအိုကြီးနောက်မှ လိုက်သွားစဉ်တွင် အမျိုးသမီးကြီးနှစ်ယောက်က စကားအချေအတင်ဖြစ်နေကြသည်။ ဘေးကွဲကိုယ်ကျပ်အင်္ကျီဝတ်ထားသည့် အမျိုးသမီးအိုကြီးကစားပွဲကို သူမလက်ဖြင့်ရိုက်လိုက်သည်။
တံခါးလာဖွင့်စဉ်တည်းက နှေးကွေးနေသော လူအိုကြီး၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်သွားပြီး ဘေးကွဲကိုယ်ကျပ်အင်္ကျီဝတ်ထားသော အမျိုးသမီးကြီးကို အော်ပြောလိုက်သည်။
" စားပွဲကို ဖျက်ဆီးပြန်ပြီ... လျော်ကြေးပေးဖို့ မမေ့နဲ့.."
အစောပိုင်းက ဒေါသထွက်ပြီး တရှူးရှူးတရှဲရှဲဖြစ်နေသော အမျိုးသမီးကြီးက တစ်ခဏတွင်းချင်း ငြိမ်သွားသည်။
ဖူလီက မှင်သက်ငေးငိုင်နေဆဲဖြစ်၍ ထိုလူအိုကြီးက ခေါင်းခါလိုက်သည်။
" လူငယ်တွေက လောကကြီးကို မမြင်ဖူးကြဘူး..."
အိမ်အတွင်းက အနည်းငယ်မှောင်နေသည်။ ဖူလီ အတွင်းသို့ဝင်လာစဉ်တွင် ချော်လဲလုမတတ် ဖြစ်သွားသေးသည်။
" မင်းတို့ရဲ့ မြေခွေးမျိုးနွယ်စုက ညဘက်လည်း မြင်နိုင်တဲ့အစွမ်းရှိတယ် မဟုတ်ဘူးလား..."
လူအိုကြီးက ခေါင်းထပ်ခါလိုက်ပြန်သည်။
" ခုခေတ်မျိုးဆက်သစ်တွေကတော့ တဖြည်းဖြည်း ပိုဆိုးဝါးလာတာပဲ... ကိုယ့်မျိုးနွယ်ရဲ့ ပင်ကိုဗီဇကိုတောင် မေ့နေပြီ... မင်းက မျိုးနွယ်ကို မျက်နှာပျက်စေတာပဲ.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကဆို မင်းတို့အားလုံး တစ်လောကလုံးကို မင်းမူနေတာပဲ ဒါပေမဲ့ ခုတော့ မင်းကိုယ်မင်းကြည့်ပါဦး... လမ်းတောင် သေချာမမြင်ရဘူး..."
" ဒါပေမဲ့ စီနီယာ ကျွန်တော်က မြေခွေးမျိုးနွယ်စုကမှ မဟုတ်တာ..."
ဖူလီ၏မျက်နှာထက်တွင် ရိုးသားဖြူစင်မှုများဖြင့် ပြည့်နေသည်။
" မင်းက မြေ မြေခွေးမျိုးနွယ်က မဟုတ်ရင် နာမည်ကဘာလို့ ဖူလီဖြစ်နေတာလဲ..."
လူအိုကြီးက သူ စကားထစ်သွားသည်ကိုပင် ရှက်မနေတော့ပေ။ အခန်းထဲမှမီးဖွင့်လိုက်ပြီးနောက် ဟောင်းနွမ်းနေသည့် ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။ သူ့မျက်နှာချင်းဆိုင်မှ ခွေးခြေကို လက်ညှိုးထိုးပြလိုက်သည်။
" အဲ့မှာထိုင်... ခါးမတ်မတ်နေ ငါအရင်ဆုံး မင်းကို ဓာတ်ပုံရိုက်ရဦးမယ်..."
လူအိုကြီးက မှတ်ပုံတင်သည့် အချက်အလက်များကို တစ်ခုချင်းဖြည့်နေပြီး ကွက်လပ်နေရာတစ်ခုကို လက်ညှိုးထိုးပြီး ဖူလီ မေးလိုက်သည်။
" မင်းရဲ့ စံနမူနာအဖြစ်ထားတဲ့ အလုပ်အကိုင်ကဘာလဲ..."
" အစိုးရဝန်ထမ်းပါ... ပြည်သူတွေကို အလုပ်အကျွေးပြုချင်တာပါ..."
ဖူလီ၏ မျက်နှာထက်တွင် လိုလားတောင့်တသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။
" ကျွန်တော့်နာမည်က သမိုင်းမှတ်တမ်းတွေထဲ ကျန်ခဲ့ရင်တော့ ပိုကောင်းမယ်..."
ထိုစကားကိုကြားသည့်အခါ လူအိုကြီးက ကီးဘုတ်ပေါ်မှ စာလုံးများပင် မှားနှိပ်မိလုနီးပါးဖြစ်သွားသည်။ သူ့ယပ်တောင်ကြီးကို တဖျတ်ဖျတ်ခတ်နေလျက် ဖူလီကို လူထူဆန်းသဖွယ် ကြည့်နေသည်။
" မင်းက တက္ကသိုလ်ဘွဲ့ရလား..."
" မင်းမှာ ဘွဲ့တစ်ခုမှ မရှိပဲ အစိုးရဝန်ထမ်း ဘယ်လိုလုပ်မလို့လဲ..."
လူအိုကြီးက သူ့ကို အချိန်အတန်ကြာအထိ စိုက်ကြည့်နေပြီးမှ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
" မင်းကို မြို့ထဲလာဖို့ ဘယ်သူပြောတာလဲ..."
" ဦးလေးစွန်းပါ... ကျွန်တော့်ရဲ့ ဦးလေးခုနစ်... သူ ဒီနေ့ ဘယ်သွားလဲတော့မသိဘူး... တစ်နေကုန် ရှာလို့ကိုမတွေ့ဘူး..."
" ခွေးကောင်စွန်းလား... သူက လွန်ခဲ့တဲ့သုံးလေးရက်ကပဲ မှတ်ပုံတင်အတုတွေလုပ်ရောင်းလို့ အဖမ်းခံလိုက်ရတယ်လေ..."
ဤနှစ်မကုန်မီ တောင်ပေါ်မှ စိတ်သစ်လူသစ်ဖြင့်ပြန်လာသော ဦးလေးစွန်းက ဥပဒေကို ချိုးဖောက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ဝမ်းနည်းစွာပြောလိုက်သည်။
" ကျွန်တော်ထွက်လာတုန်းက မြို့ကြီးပြကြီးမှာနေရတာ မလွယ်ဘူးလို့ အားလုံးက ပြောကြတယ် ကြည့်ရတာ အမှန်ပဲထင်ပါတယ်..."
" မင်းမှာ တက္ကသိုလ်ဘွဲ့မရှိဘူးဆိုတော့ အထက်တန်းအောင်လက်မှတ်ရောရှိလား..."
ဖူလီက ထပ်မံခေါင်းခါပြလိုက်သည်။
လူအိုကြီးက အံဆွဲထဲမှ စာအုပ်လေးတစ်အုပ်ထုတ်ပြီး စာလုံး အနည်းငယ်ရေးခြစ်ပြီးမှ ဖူလီကိုပြောလိုက်သည်။
" မင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကာယလုပ်သားလုပ်တာ ပိုကောင်းမယ်ထင်တယ်တယ်... အလုပ်သမားခေါင်ဆောင် ကန်ထရိုက်တာက ငါတို့ထဲကတစ်ယောက်ပဲ... ကောင်းတယ်ဆိုးတယ် သဘောမထားပဲ သွားတွေ့လိုက်ပါ..."
ဖူလီက လူအိုကြီး၏လက်ထဲမှစာရွက်ကို ယူလိုက်သည်။ ဤနေရာနှင့် သိပ်မဝေးသော လိပ်စာတစ်ခုကို စာရွက်ပေါ် ရေးခြစ်ထားပေသည်။ လူအိုကြီးကို ကျေးဇူးတင်ပြီးနောက် ဖူလီ ထိုအိမ်ထဲမှ ထွက်လာခဲ့သည်။
လူအိုကြီးက သူ့ယပ်တောင်ကြီးကို တဖျတ်ဖျတ်ခတ်နေသည်။ ဖူလီထွက်သွားပြီးမှသာ ဖူလီ၏ ကိုယ်ရေးအချက်အလက်များကိုထုတ်ပြီး အချိန်အတန်ကြာသည်အထိ ကြည့်နေလိုက်သည်။
ကလပ်၏ ဝင်ပေါက်တွင် ရပ်ထားခဲ့သော ပျက်စီးနေသည့် ဆိုင်ကယ်လေးက ခြေရာလက်ရာမရှိပဲ ပျောက်ကွယ်သွားသည်။ မြေကြီးပေါ်တွင် ကျန်ရှိနေခဲ့သည်များမှာ သစ်ရွက်ခြောက်တစ်ရွက်သာဖြစ်သည်။
ကျို့ချန်မှာ သူ၏ချစ်လှစွာသောကားလေး၏ ရှေ့မီးသီးကို ပြင်ထားရသောကြောင့် အိမ်တွင် နှစ်ရက်တိတိ နေနေရသည်။ သူ အပြင်ထွက်ချင်စိတ်လည်း မရှိပေ။ပုံမှန်အတိုင်း မနက်ဆယ်နာရီအထိအိပ်ပြီးမှ ထလာသည်။ အောက်ထပ်ကိုဆင်းလာသည့်အခါ သူ့အမေကို အဖော်ပြုပြီး တီဗီကြည့်ပေးနေသည့် သူ့အဖေကိုမြင်၍ ထိတ်လန့်သွားသည်။
သူ့အဖေက အိပ်မပျော်သည့်ရောဂါဖြစ်နေ၍ ကျို့ချန် အိပ်ရာနောက်ကျမှထသည်ကိုတွေ့တိုင်း ဆူပူတတ်သူဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ့အဖေက ယခုအချိန် ကုမ္ပဏီသို့ ထွက်သွားပြီဖြစ်သည်။
ဒီနေ့ကျမှ ဘာဖြစ်လို့ အမေနဲ့တူတူ တီဗီကြည့်ပေးနေပါလိမ့်... ဒီနေ့က သူတို့မွေးနေ့လည်းမဟုတ် မင်္ဂလာနှစ်ပတ်လည်နေ့လည်း မဟုတ်ပါဘူး...
" သားလေး ဒီနားမှာလာထိုင်ဦး..."
သူ့အဖေက ပြုံးရယ်လျက် သူ့သားကို လာထိုင်ခိုင်းသည်။
" သား အဖေ့အတွက် ဝယ်လာပေးတဲ့ဆေးက အနံ့တော့သိပ်မကောင်းပေမယ့် တော်တော်လေးကောင်းပါတယ်... လွန်ခဲ့တဲ့ နှစ်ရက်လုံး အဖေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ အိမ်မက်တောင် မမက်ဘူး..."
ကျို့ချန်က အချိန်အတန်ကြာအောင်စဉ်းစားလိုက်ပြီးမှ သူ့အဖေကို ကပ်ဖားလျက်ဖားလုပ်ရန် လွန်ခဲ့သည့်နှစ်ရက်က ဆေးဆိုင်မှ ဆေးများဝယ်ခဲ့သည်ကို သတိရသွားသည်။
အဲဒါတွေသောက်လိုက်တာ တကယ်ကြီး အိပ်ပျော်တာလား...
" အဲဒီ ညှီစော်နံတဲ့ ဆေးအနက်ရောင်တွေက ဘယ်လိုခေါ်လဲတော့မသိဘူး... နည်းနည်းထပ်ဝယ်ခဲ့ပါဦး မင်းရဲ့အဖိုးအဖွားတွေကိုလည်း ပို့ရတာပေါ့..."
ညှီစော်နံတယ်တဲ့လား... ပြီးတော့ အနက်ရောင်တဲ့...
သူ ဝယ်လာတာ ဂျင်ဆင်းနဲ့ လင်ဇီးတွေ မဟုတ်ဘူးလား...
ထိုဆေးများဝယ်လာစဉ်က ထိုဆေးများမှာ သု့အဖေအတွက်ကောင်းသောကြောင့် စွပ်ပြုတ်ကြိုတိုက်ရန် အိမ်အကူအန်တီကို သူ အထူးတလည်ပြောပြခဲ့သည်။
အဲ့လောက်ကောင်းတဲ့ဂျင်ဆင်းက ဘာလို့ ညှီစော်နံနေတာလဲ...
မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေပြီ...
အဲ့ညှီစော်နံတယ်ဆိုတာ သူ့ကားကိုဝင်တိုက်တဲ့ ဟိုဆေးအတုရောင်းတဲ့သူက ပေးလိုက်တဲ့ ဆေးတွေလား... သူက ဆေးအတုမဟုတ်ပဲ အစစ်တွေရောင်းတာမလား...
ကျို့ချန်က သူ့အဖေ၏ ဖျတ်လတ်တက်ကြွပြီး သွေးရောင်သန်းနေသည့်မျက်နှာကိုကြည့်လိုက်သည်။ ထိုဆေး၏ ဇစ်မြစ်က သံသယဝင်စရာကောင်းပြီး ဆေးပေါင်းစုံဖြင့် ရောနှောထားပုံရသည်ကို သူ မပြောရဲပေ။
ထပ်ဝယ်ခိုင်းနေတယ်ဆိုတော့ အဲ့ဒါကြီးကို ဘယ်နားသွားဝယ်ရမှာလဲ...
ကံကောင်းသည်မှာ သူက ထိုဆေး၏နာမည်ကို မှတ်မိနေခြင်းပင်။
အဲဒါကို ဒီလိုခေါ်တာထင်တယ်...