စိတ်ထားကောင်းသော မိစ္ဆာလေး
အလုပ်သမားခေါင်းဆောင် ကျောက်စန်းရှန့်ကို ဖူလီ တွေ့သည့်အခါ ထိုလူနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခန္ဓာကိုယ်တောင့်တောင့်လူအချို့က စားပွဲလေးတစ်လုံးတွင် ဘီယာသောက်နေကြလေသည်။ စားပွဲပေါ်တွင်လည်း ပဲသွေးနှပ်၊ ဝက်သား၊ မြေပဲတို့ထည့်ထားသည့် ပလတ်စတစ်အိတ်များစွာ ရှိနေသည်။
သူရောက်လာသည်ကို မြင်သည့်အခါ ကျောက်စန်းရှန့်က တူကိုချထားလိုက်ပြီး အခန်းထောင့်မှ အလွန်မသန့်ရှင်းသော ခုံတစ်လုံးကို ဆွဲလာသည်။ သူက ဖူလီကို အားတက်သရောဖြင့် လက်ယပ်ခေါ်လိုက်သည်။
" လာလာ ငါတို့နဲ့လာထိုင်ပြီး စားဦး..."
လူအနည်းငယ်က ဖူလီ၏ ဖြူဖြူဖွေးဖွေးနှင့် ပိန်ပိန်ပါးပါးပုံစံကိုမြင်၍ မစနောက်ပဲ မနေနိုင်ကြတော့ပေ။
" ကျောက်ကော ဒီလူငယ်လေးက ဘယ်သူလဲ လူချောလေးပဲ..."
ကျောက်စန်းရှန့်က ဖူလီကို ခုံနားဆွဲခေါ်ပြီး ထိုလူများကို ပြောလိုက်သည်။
" ငါတို့က ဇာတိတူတူပဲ... သူက ဒီကို ငါနဲ့တူတူ အလုပ်လုပ်ဖို့ရောက်လာတာ..."
" သူ ငါတို့လိုအလုပ်မျိုး လုပ်နိုင်ပါ့မလား... "
ထိုလူများက ဟားတိုက်ရယ်မောလိုက်ကြသည်။ သူတို့ စနောက်ကျီစယ်နေကြသည်မှာ သိသာပေသည်။ သူတို့က စကားကြမ်းကြမ်းအချို့ကိုပါပြောရန် တွေးထားလိုက်မိသော်လည်း ဖူလီက ပလတ်စတစ်ခုံပုလေးတွင် ငြိမ်ငြိမ်လေးထိုင်နေသည်ကိုမြင်၍ ဆက်ပြောရန် ရှက်သွားကြသည်။
" သူ့ပိန်ပိန်ပါးပါး ပုံစံလေးကြောင့် အရူးလုပ်မခံနဲ့... သူ့အားက နည်းတာမဟုတ်ဘူး..."
ကျောက်စန်းရှန့်က ဖူလီ၏ပခုံးကိုပုတ်ပြီး ဘေးနားမှကျောက်တုံးကို ညွှန်ပြလိုက်သည်။
" အဲ့ဦးလေးတွေကို ပြလိုက်ပါဦး..."
ဖူလီက ကျောက်စန်းရှန့်ကိုကြည့်ပြီး တစ်ခုခုပြောလိုသော်လည်း တွန့်ဆုတ်နေခဲ့သည်။
ဒီလူတွေက သူ့လောက်တောင် ကြာကြာနေလာတာမဟုတ်ပဲ သူတို့ကို ဦးလေးလို့ခေါ်ဖို့က နည်းနည်းမသင့်တော်ဘူးလားလို့...
" ငါတို့ကိုပဲ စိုက်ကြည့်မနေနဲ့ သူတို့ကိုအမြင်ကျယ်သွားအောင် ပြလိုက်ပါဦး..."
ကျောက်စန်းရှန့်က ကြက်ခြေထောက်တစ်ချောင်းကို ကိုက်နေပြီး သူ့မျက်နှာက ပြုံးရွှင်နေသည်။
ဖူလီက ထရပ်လိုက်ပြီး သူ ညွှန်ပြသည့် ကျောက်တုံးကိုကြည့်လိုက်သည်။ ၎င်းက အနည်းငယ်သေးငယ်ပုံရသည်။ သူ ညာဘက်လှည့်ပြီး ထိုကျောက်တုံးထက် အရွယ်အစားကြီးသည့်ကျောက်တုံးကိုကြည့်ပြီးနောက် ကျောက်စန်းရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အားပေးသောအကြည့်ကြောင့် ဖူလီက ညာဘက်မှ ကျောက်တုံးကို မြေပြင်ပေါ်မှ မ'လိုက်သည်။
အနားမှ လူအနည်းငယ်က အံ့ဩပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။ အချိန်အတန်ကြာသည်အထိ သူတို့မြင်လိုက်ရသည်ကို မယုံနိုင်သေးပေ။
" ကျောက်ကော... မင်းရဲ့ဇာတိကကောင်လေးက အလေးမအဖွဲ့မှာသာပါရင် နိုင်ငံကို ဂုဏ်ဆောင်ပေးနိုင်လောက်တယ်..."
ထိုကျောက်တုံးက ကတ်တီရာပေါင်းများစွာ အလေူချိန်စီးပေသည်။
ကျောက်စန်းရှန့်လည်း ထိတ်လန့်သွားသည်။ သူက အပျော်သဘောဖြင့် ဖူလီကို ဘေးနားမှ ကျောက်တုံးလေးကိုသာ မ'ခိုင်းခဲ့ရုံဖြစ်ပြီး ကမ္ဘာ့စံချိန်ကို ချိုးခိုင်းခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ ယောင်လောက( မိစ္ဆာလောက ) တွင် စည်းမျဉ်းများရှိသည်။ ယောင်(မိစ္ဘာ)များက လူသားများ၏ အားကစားပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသည့်အပြင် ယောင်လောကစီမံခန့်ခွဲမှုဗျူရိုက သိရှိသွားပါက အကျဉ်းချခံရနိုင်ပေသည်။
ကျောက်စန်းရှန့်က အသက်မပါသကဲ့သို့ရယ်ပြီး ခေါင်းစဉ်ပြောင်းလိုက်ပေသည်။
" ဒီကလေးက ငယ်ငယ်တည်းက အရမ်းအားရှိတာ... ဒါပေမဲ့ ပညာရေးမှာတော့ စာမေးပွဲမှာ အမြဲ အဆင့်တစ်ကနေ ငါးအတွင်းဝင်တဲ့ မင်းတို့ကလေးတွေလို မတော်ဘူးပေါ့လေ..."
တစ်စုံတစ်ယောက်က သူတို့ကလေးများကို ချီးကျူးလာ၍ လူအချို့က ကြွားဝါသည့်လေသံဖြစ်သွားပြီး စကားလမ်းကြောင်းပါ ပြောင်းသွားတော့သည်။
ဖူလီ ဧရာမကျောက်တုံးကြီးကို ပြန်ချထားလိုက်ပြီး ကျောက်စန်းရှန့်၏ဘေးနား ဝင်ထိုင်လိုက်စဉ်တွင် သူက ဘဲခြေထောက်တစ်ချောင်းကို ကိုက်နေပြီဖြစ်သည်။
အကယ်၍ သူအမှတ်မမှားပါက ကျောက်စန်းရှန့်၏ မူလအသွင်က ဘဲခေါင်းစိမ်းတစ်ကောင်ဖြစ်သည်။
ကျောက်စန်းရှန့်က ဘဲခြေထောက်ကို လျင်မြန်သပ်ရပ်စွာ စားလိုက်သည်။ ထွေးထုတ်လိုက်သည့်အရိုးတိုင်းတွင် အသားများ ကျန်ရှိမနေပေ။ ဖူလီမှာ သူက ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ကောင်သာဖြစ်ပြီး အပြင်လောက်ကြီးကို မမြင်တွေ့ဖူးသည်မှာ အမှန်ဖြစ်သည်ဟုသာ တွေးလိုက်မိသည်။ ဘဲများက သူတို့အမျိုးကိုပါ ပြန်စားနေရုံမက ဝက်၊ အမဲသား၊ သိုး၊ ယုန် စသည်တို့ကိုလည်း အလွတ်ပေးပုံမရပေ။
အားလုံးက သောက်စားပြီး အသားများကိုပါ ရှင်းလင်းလိုက်ပြီးချိန်တွင် ကျောက်စန်းရှန့်က ဖူလီကို သူငှားနေသည့်အိမ်သို့ခေါ်သွားပြီး သတိပေးစကားအနည်းငယ်ပြောကာ တခေါခေါနှင့်ဟောက်ပြီး အိပ်ပျော်သွားသည်။
ဖူလီ ထိုညက ကောင်းကောင်းအိပ်ရမပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ညအတွင်းမှာပင် ကျောက်စန်းရှန့်က သန့်စင်ခန်းကို အနည်းဆုံးငါးကြိမ်ခန့် သွားခဲ့သည်။
နေမြင့်လာသောအခါ ဖူလီက ပြတင်းပေါက်နားတွင်ရပ်ပြီး နေလုံးကြီးကို အရိုအသေပြုနေသည်။ တစ်ဖက်ကို လှည့်ကြည့်လိုက်သောအခါ ကျောက်စန်းရှန့်က အိပ်မောကျနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။ သူ ခေါင်းမခါပဲ မနေနိုင်ဖြစ်သွားပြီး သက်ပြင်းချလိုက်မိသည်။ အချိန်များ ကုန်ဆုံးလာလေ လူသားမျိုးနွယ်က တိုးတက်လာလေဖြစ်သော်လည်း မိစ္ဆာလောက ကမူ တဖြည်းဖြည်းဆုတ်ယုတ်လာသည်။ သူ အတိတ်ကသိသော ငှက်မိစ္ဆာများမှာ လုံ့လဝီရိယရှိပြီး အားကိုးအားထားရကာ မအိပ်မီတွင် လမင်းကြီးကို အရိုအသေပြုတတ်ပြီး အာရုဏ်တက်ချိန်တွင် နေမင်းကြီးကို ကြိုဆိုတတ်ကြသည်။ သို့သော် ယခုအခါတွင်မူ...
ဝမ်းနည်းစွာနဲ့ပဲ ယောင်တွေရဲ့ နှလုံးသားတွေက ဆုတ်ယုတ်လာပြီ...
ကြည့်ကောင်းတဲ့လူတစ်ယောက်က ဘယ်နေရာမှာဖြစ်ဖြစ် အားသာချက်ရှိတာပဲ... ဆောက်လုပ်ရေးလုပ်ငန်းခွင်လို နေရာမျိုး ဆိုရင်တောင်ပေါ့...
အချိန်တစ်ပတ်အတောအတွင်းမှာပင် ဖူလီက သူ၏ကြည့်ကောင်းပြီး လုံ့လဝီရိယရှိမှုနှင့်အတူ အလုပ်ပြီးချိန်တွင်လည်း အလုပ်နေရာတွင်သာ စာထိုင်ဖတ်နေတတ်သောကြောင့် လူအများစု၏ နှလုံးသားကို ရယူနိုင်သွားသည်။ သူတို့၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ထမင်းချက်ပေးသော ဝဝဖိုင့်ဖိုင့်အန်တီကြီးပင် သူ ထမင်းလာယူချိန်တိုင်း သူ့ပန်းကန်ထဲကို အသားနှစ်ဖတ် ပိုထည့်ပေးလေ့ရှိသည်။
" ရှောင်ဟူ စာဖတ်နေပြန်တာလား..."
သူ့ကို လာနှုတ်ဆက်သည့် ဦးလေးကျန်းက စီချွမ်မှဖြစ်၍ စကားပြောရာတွင် ဟ နဲ့ ဖ အသံကို မကွဲပေ။ သို့ရာတွင် သူ၏အကျင့်စရိုက်က အတော်အတန်ကောင်းလှသည်။ ဖူလီက အသက်ငယ်ငယ်လေးနှင့် ကျောင်းဆက်တက်ရန် လက်လျှော့လိုက်ပြီး အလုပ်လုပ်နေရ၍ နွေရာသီအားလပ်ရက်ကျောင်းပိတ်သော အိမ်ရှိ သူ့သားထံမှ စာအုပ်အဟောင်းများနှင့် မှတ်စုများ ယူလာပေးလေ့ရှိသည်။
" ဒါ အိမ်ကသားရဲ့စာအုပ်တွေလေ အသုံးဝင်ရဲ့လား ကြည့်ကြည့်ပါဦး..."
ဦးလေးကျန်က စာအုပ်များကို ဖူလီ၏ရှေ့တွင် ချပေးလိုက်သည်။
ဖူလီ ထိုစာအုပ်များကိုကြည့်လိုက်သည်။ သူတို့က အနည်းငယ်ဟောင်းနွမ်းနေသော်လည်း အတွင်းမှလက်ရေးက သပ်သပ်ရပ်ရပ်ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူက စာအုပ်များကို တန်ဖိုးထားကြောင်း သိနိုင်ပေသည်။
" ကျေးဇူးတင်ပါတယ် ဦးလေးကျန်း..."
ဖူလီက စာအုပ်များကို ဂရုတစိုက်ဖြင့် ယူထာူလိုက်သည်။
" ကျွန်တော်ဖတ်ပြီးရင် ပြန်ပေးပါ့မယ်..."
"မပေးလည်းရပါတယ်... ဦးလေးရဲ့သားက ဒီနှစ် တက္ကသိုလ်ဝင်စားမေးပွဲဖြေပြီးသွားပြီဆိုတော့ ဒါတွေ မလိုတော့ဘူး..."
ဦးလေးကျန်း၏မျက်နှာတွင် ပျော်ရွှင်ဝမ်းမြောက်မှုများဖြင့် ပြည့်နေသည်။
" လွန်ခဲ့တဲ့ ရက်နည်းနည်းတုန်းက မြို့တော်က သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကနေ ကျောင်းဝင်ခွင့်စာ ရလာတယ်... ဦးလေးနဲ့ သူ့အမေက သူ့ကို ဒီနှစ်ရက်အတွင်း မြို့ကိုခေါ်သွားပြီး ဟိုက ပတ်ဝန်းကျင်နဲ့ အသားကျအောင် နေခိုင်းမလို့လေ..."
တက္ကသိုလ်သို့ ဝင်ခွင့်ရသည်နှင့် ထိုလူမှာ တက္ကသိုလ်တက်ပြီး စာမေးပွဲအောင်မြင်ကာ ဘွဲ့ရပါက အစိုးရဝန်ထမ်း ဖြစ်လာနိုင်ပေမည်။
ထိုအကြောင်းကို တွေးမိသောအခါ ဖူလီ၏မျက်ဝန်းထဲတွင် လေးစားအားကျမှုတို့ပြည့်လာသည်။
" ဦးလေးကျန်းရဲ့သားက အရမ်းတော်တာပဲ..."
လူသားတွေက တကယ်ကို အံ့ဩစရာမျိုးနွယ်တွေပဲ... သူတို့ ဆယ်စုနှစ်နည်းနည်းလောက်ပဲ အသက်ရှင်နိုင်တာတောင်မှ ဒီလောက် အသိပညာတွေအများကြီးကို မှတ်ထားပြီး တက္ကသိုလ်တက်နိုင်ကြတယ်... လွန်ခဲ့တဲ့နှစ်တွေကို အလကားဖြုန်းတီးခဲ့တဲ့ သူ့လိုလူနဲ့တော့ တခြားစီပဲ...
" မဟုတ်ပါဘူး မဟုတ်ပါဘူး..."
ဦးလေးကျန်းက ဖူလီ၏ ယဉ်ကျေးသောအပြုအမူကို သဘောကျသွားပြီး သူ့အိမ်တွင် ထမင်းတစ်နပ်လာစားရန် ဖိတ်လိုက်သည်။ ဖူလီက ငြင်းစရာအကြောင်းပြချက်ရှာမရ၍ သူ့နောက်ကို လိုက်သွားရသည်။
ဦးလေးကျန်း၏ ဇနီးက မိသားစုနာမည်ဝမ်ဖြစ်ပြီး သူတို့လင်မယားနှစ်ယောက်လုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကြသည်။ ထိုနေရာမှ အလုပ်က ပင်ပန်းပြီး ခါးသက်လှသော်လည်း ဆောက်လုပ်ရေးကုမ္ပဏီက သူတို့၏ လုပ်အားခများပေးရန် မနှောင့်နှေးသရွေ့ နှစ်တိုင်းတွင် ငွေအနည်းငယ် စုဆောင်းထားနိုင်ပေသည်။ ထိုစုံတွဲက သူတို့ထမင်းတစ်နပ်စီတိုင်းတွင် ခြိုးခြံစီစစ်တတ်သူဖြစ်ပြီး အပိုကုန်မခံကြပေ။ ဖူလီ လိုက်ကာကိုမ'၍ ဝင်သွားချိန်တွင် စားပွဲပေါ်၌ ဘဲကင်တစ်ကောင်အပါအဝင် ဟင်းပွဲပေါင်းများစွာကို တင်ထားသည်အား တွေ့လိုက်ရသည်။
မျက်မှန်တပ်ထားသောလူငယ်လေးက ပန်းကန်လုံးများနှင့် တူများကို စီပေးနေသည်။ သူစိမ်းဖြစ်သောဖူလီကို မြင်သည့်အခါ သူက ခဏတာစိုက်ကြည့်နေပြီးမှ အနည်းငယ်ရှက်သွားဟန်ဖြင့် ပြုံးပြလိုက်ပြီး နောက်သို့လှည်ကာ အန်တီဝမ်ကို ကူညီပြီး မီးဖိုချောင်ကောင်တာကို သန့်ရှင်းပေးနေသည်။
သူတို့ငှားနေသောအိမ်က သေးငယ်လှပြီး အိပ်ရာနှစ်လုံး စားပွဲခုံတစ်လုံးသာရှိသည်။ မီးဖိုချောင်ကောင်တာက လသာဆောင်၏အပြင်ဘက်တွင်ရှိပြီး သစ်သားပျဉ်ချပ်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထောင့်နားမှ ဂတ်စ်အိုးလေးတွင်လည်း ဖုန်များပေကျံနေသည်။
" ရှောင်ဟူရောက်လာပြီလား မြန်မြန်ဝင်ထိုင်လေ..."
အန်တီဝမ်က ဖူလီရောက်လာသည်ကို သတိပြုမိ၍ ပလတ်စတစ်ခုံတစ်ခုံကိုသုတ်ပြီး သူ့ရှေ့တွင် ချပေးလိုက်သည်။
" ဟင်းတစ်ပွဲပဲကျန်တော့တာ ခဏနေရင် အဆင်သင့်ဖြစ်ပြီ..."
ဖူလီက သူမကို ကျေးဇူးတင်လိုက်ပြီးနောက် ခုံတွင် ဝင်ထိုင်သည်။
ဘေးနားတွင်ချထားသည့် လျှပ်စစ်ပန်ကာက ချောက် ချောက် ဟူသောအသံများမြည်နေသော်လည်း ငှားရမ်းထားသောအိမ်လေးကို ကြက်သီးထစရာကောင်းသည်အထိ မဆိုးဝါးပေ။ သူတို့ မစားရသေးမီအချိန်မှပက် ဦးလေးကျန်းက နှဖူးနှင့် ကျောပြင်၌ ချွေးများစိုရွှဲနေသည်။ ဖူလီ၏ ခန္ဓာကိုယ်က ခြောက်သွေ့သန့်ရှင်းနေ၍ သူတို့နှင့် ကွဲပြားနေပုံရသည်။
ဖူလီက ထိုအကြောင်းကို သတိပြုမိပြီး သူ့မျက်နှာကို နီရဲအောင် ကြိုးစားလိုက်ပြီး နှဖူးပြင်တွင် ချွေးထွက်အောင် လုပ်လိုက်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးများက အရက်သောက်ပြီးချိန်တွင် စကားအမျှင်မပြတ်ပြောတတ်ကြ၍ လေးကျန်းသည်လည်း ချွင်းချက် မဟုတ်ပေ။
ဦးလေးကျန်း၏သားက စကားများများပြောရသည်ကို ကြိုက်နှစ်သက်ပုံမရပဲ တိတ်ဆိတ်စွာစားနေသည်။ ဖူလီ သူ့ကို တိတ်တဆိတ် စူးစမ်းနေပြီးသည့်နောက်တွင် ယခုက သုံးပန်းကန်မြောက်စားနေခြင်းဖြစ်ကြောင်း သိလိုက်သည်။
ထမင်းစားပြီးသောအခါ ဦးလေးကျန်းနှင့် အန်တီဝမ်က ဖရဲသီးဝယ်ရန်ထွက်သွားပြီး လူငယ်နှစ်ယောက် အေးဆေးစကားပြောရန် ချန်ထားခဲ့သည်။
ကျန်းဖမ်က ဖူလီကို ခဏခဏခိုးကြည့်နေသည်။ တစ်ဖက်လူက သူ့ကိုပြန်ကြည့်နေ၍ သူ့မျက်နှာက နီရဲသွားပြီး စကားမပြောနိုင်မီ အနည်းငယ်သီးသွားသည်။
" အဖေပြောတာတော့ မင်းက တက္ကသိုလ်တက်ဖို့ ကိုယ့်ဘာသာ စာလေ့လာနေတယ်ဆို..."
ဖူလီ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်ပါတယ်... အခုစာအုပ်တွေက ခက်လွန်းတယ်... တော်တော်များများကို နားမလည်ဘူး..."
" ငယ်ငယ်က အခြေခံမကောင်းခဲ့ရင်တော့ အထက်တန်းစာတွေက နည်းနည်းခက်လိမ့်မယ်..."
စာလေ့လာခြင်းအကြောင်းနှင့် ပတ်သက်လာမှသာ ကျန်းဖမ်က စကားများများပြောလာသည်။
" အထက်တန်းစာတွေ မလေ့လာခင် အလယ်တန်းစာတွေ အရင်လေ့လာကြည့်ပါလား ဒါဆိုရင် အများကြီး ပိုလွယ်သွားမှာ..."
" ဒါဆိုရင် ငါက အလယ်တန်းစာတွေတော်တော်လေး မကျေညက်လာတယ်လို့ မင်းပြောချင်တာပေါ့..."
ဖူလီက မျက်လုံးအပြူးသားဖြင့် ကျန်းဖမ်ကိုစိုက်ကြည့်နေသည်။
သူ့စကားလုံးများက ဖူလီ၏ မိမိကိုယ်ကိုယုံကြည်မှုကို ပျက်စီးသွားစေသည်ဟု ထင်လိုက်၍ ကျန်းဖမ်က သူ၏ မျက်လုံးဝိုင်းကြီးများကိုကြည့်ပြီး နောင်တရသွားသည်။
" မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုပြောချင်တာမဟုတ်ဘူး... အဲ့စာတွေကို မလေ့လာတာကြာတော့ မေ့သွားနိုင်တယ်လို့ ပြောချင်တာပါ... မင်းက စာညံ့တယ်လို့ ငါမပြောပါဘူး..."
လိမ်ညာခဲလှသောကျန်းဖမ်က အချိန်တိုအတွင်းတွင် ဆင်ခြေတစ်ခုကိုရှာပြီး အမြန်ပြောလိုက်ရပေသည်။
" မဟုတ်ဘူး ငါက မင်းပြောတာ ဖြစ်နိုင်တယ်လို့ တွေးလိုက်မိတာ..."
ဖူလီက သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
" ငါအခုပဲ စာအုပ်ဆိုင်သွားပြီး အလယ်တန်းဖတ်စာအုပ်တွေ ဝယ်ရမယ်..."
" နေဦး..."
ကျန်းဖမ် သူ့ကို တားလိုက်သည်။
" ရာသီဥတုက ဒီလောက်ပူနေတာ ပြီးတော့ စာအုပ်ဆိုင်မှာလဲ ဖတ်စာအုပ်တွေ မရှိလောက်ဘူး အွန်လိုင်းပေါ်က ဝယ်ကြည့်ပါလား..."
ဖူလီက သူ့ကိုစိုက်ကြည့်နေသည်။
" ပစ္စည်းတွေရောင်းတဲ့ အင်တာနက်ကဖေးလိုဟာမျိုးကို ပြောချင်တာလား..."
သူ၏ လောကကြီးအပေါ် အသိအမြင်က ဆိုးရွားလွန်းသည်ဟု ကျန်းဖမ်ထင်လိုက်မိသည်။ မမျှော်လင့်ထားသည်မှာ သူ့ ထက်ပို၍ လောကကြီးကို မသိသူနှင့် online shoppingအကြောင်း မကြားဖူးသူ ရှိနေခြင်းကိုပင်။ သူ့အဖေ အပြောအရဆိုလျှင် ဖူလီက မိဘမရှိသည့်အပြင် ခေါင်ဖျားသော တောင်ပေါ်တွင် နေခဲ့ရသူဖြစ်သည်။ သူ ပညာသင်ကြားလိုသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သာ ကာယလုပ်သား လုပ်နေရသည်။ သူ့ဘဝက အလွန်ခက်ခဲခဲ့ပုံရသည်။
" မဝယ်ပါနဲ့တော့ ငါ့သူငယ်ချင်းကို ဖုန်းဆက်ပြီးတော့ အရင်နှစ်က ဖတ်စာအုပ်တွေကို ပို့ခိုင်းလိုက်မယ်..."
ကျန်းဖမ်က ဖူလီကို စာနာသနားနေမိသည်။
" ပြီးတော့ ဒီစာအုပ်အဟောင်းတွေ သိမ်းထားရတာလည်း အသုံးမဝင်ပါဘူး..."
" အဲ့လိုကြီးယူတာ ကောင်းပါ့မလား..."
ဖူလီက ထိုသို့ပြောလိုက်သော်လည်း ကျန်းဖမ်၏စေတနာကို မငြင်းလိုက်ပေ။
ဘာလို့လဲဆိုတော့ သူ့မှာ ပိုက်ဆံမရှိလို့လေ...
သူတို့ စကားပြောနေစဉ်မှာပင် ဖူလီက လသာဆောင်ရှိ ဂတ်စ်အိုးနားမှ အသံတစ်သံကြားလိုက်ရ၍ ကျန်းဖမ်ကို စူးစမ်းစွာမေးလိုက်သည်။
" ဂတ်စ်အိုးထဲ ဘာရှိလို့လဲ အသံတွေထွက်နေတယ်နော်..."
ကျန်းဖမ်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ မတ်တပ်ရပ်ပြီး ဖူလီ့ကို လက်မောင်းမှဆွဲခေါ်သွားသည်။
ဦးလေးကျန်းနှင့် အန်တီဝမ်တို့ ဖရဲသီးဝယ်ပြီး ပြန်လာချိန်တွင် သူတို့ငှားနေသောအိမ်ရှေ့၌ လူအုပ်စုကြီးရောက်နေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်လုံး ထိတ်လန့်သွားပြီး လူအုပ်ထဲ တိုးဝှေ့ဝင်လာကြသည်။
အနီးနားမှလူများကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများသာဖြစ်သည်။ လင်မယားနှစ်ယောက် ပြန်ရောက်လာသည်ကိုမြင်မှ သူတို့အားလုံး ဆူဆူညံညံဖြစ်ကုန်သည်။
ရာသီဥတုက ပူလွန်း၍ ဂတ်စ်အိုးပေါက်ခြင်းဖြစ်နိုင်သည်ဟု ပြောကြပေသည်။ အန်တီဝမ်က ထိတ်လန့်လွန်း၍ အသံကုန်ခြစ်အော်လိုက်သည်။
ကျန်းဖမ်၏ မျက်မှန်က ကျိုးကြေသွား၍ လူအုပ်ထဲမှ ထွက်လာချိန်တွင် သူ့မျက်ဝန်းများက အသက်မဲ့နေပုံရသည်။
ဂတ်စ်အိုး ပေါက်ကွဲသွားချင်း ဖူလီက သူ့ရှေ့မှ ကာပေးလိုက်၍ သူက ဒူးခေါင်းတွင် အရေပြားများ ဆုတ်ပြဲသွားရုံမှလွဲ၍ အဆင်ပြေခဲ့ခြင်းဖြစ်သည်။ ကျန်းဖမ်၏မျက်လုံးများက နီရဲနေပြီး စာလေ့လာရန် စိတ်အားတက်ကြွနေသည့် မိဘမဲ့ကောင်လေးက ဆေးရုံကားပေါ်တွင် သွေးများစိုရွှဲလျက် ပါသွားသည်ကို ကြည့်နေမိသည်။
တစ်ဖက်လူကို သူ့အသက်တစ်ချောင်း အကြွေးတင်သွားတာပဲ...
ယောင်လောက စီမံခန့်ခွဲရေးဗျူရိုက စိတ်နှလုံးကောင်းသည့် မိစ္ဆာလေးတစ်ယောက်အကြောင်း သတင်းပို့ချက်ကို လက်ခံရရှိခဲ့ပေသည်။
" မြို့အနောက်ပိုင်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တော့ စိတ်ထားကောင်းတဲ့ မိစ္ဆာလေးက လူတစ်ယောက်ကို ကယ်ပေးခဲ့ပါတယ်... အဲ့နေရာမှာ မိစ္ဆာဓာတ်တွေ လျှံနေတာတွေ့ခဲ့ရလို့ မိစ္ဆာတစ်ကောင်ကောင်က ပြဿနာရှာနေတယ်လို့ သံသယရှိပါတယ်..."